Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 31, 2015

မသိသေးတဲ့သူများ သိရှိနိုင်အောင်




ဒီနေ့ မနက် ဆိုင်ကို လူတစ်ယောက်ရောက်လာတယ်။ ဖုန်းလေးကြည့်ပေးပါဦးတဲ့ ပါဝါ မလာတော့လို့တဲ့။ အဲ့ဒါနဲ့ ဟုတ်၊ ခဏ ဆိုပြီး ပါဝါခလုတ်ကို နှိပ်ကြည့်တယ်၊ အားသွင်းခေါင်းကလည်း ချောင်နေတယ်တဲ့ ထိုးမရဘူးတဲ့၊ အဲ့ဒါနဲ့ ကိုကသဘောပေါက်လိုက်ပီ၊ ဒါ ခလေးဆော့တဲ့ ဖုန်းဆိုပီး
အဲ့ဒါနဲ့ အကို ဘယ်က၀ယ်တာလဲဆိုတော့၊ ညကတဲ့ လူတစ်ယောက် ထမင်းမစားရသေးလို့၊ မနက်ပြန်ရမှာ လေယာဉ်ခမရှိလို့ ဘာညာနဲ့ ၂ သိန်းနဲ့ရောင်းတာတဲ့၊ အဲ့ဒါ ၈ သောင်းနဲ့ရလို့ ၀ယ်လိုက်တာတဲ့။ အဲ့ဒါ သူပြတုန်းက အကောင်းကြီးတဲ့၊ ခု ပါဝါဖွင့်မရလို့တဲ့ ကလုန်းဆိုလည်း သုံးလို့ရသလောက် ရအောင်လုပ်ပေးကြည့်ပါတဲ့ပြောတယ်။
အဲ့ဒါနဲ့ ဦးလေးဖုန်းက အထဲမှာ ဆားကစ်ပြားတောင်မပါဘူးလို့၊ ပါဝါဖွင့်ရမှာမဟုတ်ဘူးလို့။ အဲ့ဒါနဲ့ ဟင် ဆိုပီး ဖြစ်သွားတယ် သူ။
ခဏနော်ဦးလေးလို့ ဦးလေးရှင်းသွားအောင် ကျွန်တော်ပြမယ်ဆိုပီး။ ခပ်မြန်မြန်ပဲ ဖုန်းကို ချက်ခြင်း လက်နဲ့ အသာလေးခွာပြလိုက်တယ်။
ပုံကတော့ အောက်မှာမြင်ရတဲ့ ပုံတွေပါပဲ။
အဲ့ဒီ ဦးလေးလည်း မျက်လုံးပြူးသွားလေရဲ့...
ကျွန်တော်ပြောပြလိုက်ပါသေးတယ်။ ဦးလေးလို့ အဲ့ဒီ ရောင်းတဲ့လူက တရုတ်လိုလို နိုင်ငံခြားသားလို ရုပ်နဲ့ အရပ်ရှည်ရှည်နဲ့မလားဆိုတော့၊ အေးအေး ဟုတ်တယ်တဲ့။ ဟုတ်ကဲ့ဦးလေးလို့ အဲ့လူ မြန်မာပြည်မှာ ခုလို လာလိမ်စားနေတာ အတော်ကြာပီဖြစ်သလို၊ လူအတော်များများလည်း အတော်ခံရပီးပီလို့၊ နှစ်တွေတောင်ကြာလာပေမယ့်၊ သူ့ကိုလက်မိလက်ရ ဖမ်းနိုင်တဲ့သူ လုံးဝမရှိသေးကြောင်း ပြောပြလိုက်ပါတယ်။
(သူကတော့ပြောသွားလေရဲ့၊ နေဦးကွာတဲ့ ညကနေရာကို ပြန်သွားပီး အနီးတ၀ိုက်ရှာကြည့်ဦးမယ်တဲ့၊ တွေ့ရင် နောက်ကနေ ၂ တစ်လက်မ နဲ့ တစ်ချက်တည်း ဆော်ချင်လို့တဲ့။ ဦးလေး အချိန်ကုန်မခံပါနဲ့ဗျာလို့၊ သူမရှိလောက်တော့ပါဘူးလို့)
(Than Dana)

သမီးအရင်းအား ပထွေး နှင့် တနှစ်ကြာ လိင်ဆက်ဆံခိုင်းခဲ့သည့် မိခင်


ထိုင်းနိုင်ငံ စူရာတ်ဌာနီ ကောစမွေ မြို့ မှ ၁၂နှစ်အ၇ွယ် ထိုင်းနိုင်ငံသူ မိန်းခလေးအား တနှစ်ခန့်  အလိုမတူဘဲ အတင်းအကြပ်လိမ်ဆက်ဆံနေသည့် ထိုင်းနိုင်ငံသား ပထွေးနှင့် အားပေးကူညီနေသည့် ထိုင်းနိုင်ငံသူ မိခင်အရင်း အား ဖမ်းဆီးပေးပါရန် မိန်းခလေး၏ ဖခင် အရင်းက ရဲစခန်းတွင် ၂၉ရက်မေလက လာရောက် အမှုဖွင့် တိုင်ကြားခဲ့သည်။

ဖခင်ဖြစ်သူမှာ အမှုခင်းတခုကြောင့် ထောင်ကျနေစဉ် ဇနီးက နောက် အိမ်ထောင်ပြုသွားခဲ့ရာ အတူပါသွားသည့် သမီးဖြစ်သူအား လင်မယားနှစ်ဦး အရက်မူးလာသည့်အခါတိုင်း ပထွေးဖြစ်သူနှင့် လိင်ဆက်ဆံပေးရန် အတင်းကြပ် ခိုင်းစေခြင်းခံရသည်။

လိင်ဆက်ဆံရန် ငြင်းဆိုသည့်အခါတိုင်း မိခင်ဖြစ်သူက ရိုက်နှက်ခြင်း သာမက ရေနွေးပူနှင့်လောင်းသည်အထိ လုပ်ခဲ့ပြီး တခြားသူအား ဖွင့်ပြောမည်ဆိုပါက သတ်ပြစ်မ ည်ဟု ပထွေးဖြစ်သူ က ခြိမ်းခြောက်ခဲ့သည်။

ဖခင် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာချိန်မှာ သမီးဖြစ်သူ စိတ်ရောဂါ ခံစားနေရသည်ကို ဆေးရုံသို့  သွားရောက်ပြသခဲ့ရာမှ မိန်းခလေးက ဆရာဝန်များ အားဖွင့်ပြောခဲ့ခြင်းဖြစ်သည်။
အဆိုပါလင်မယားမှာ ရဲများသွားရောက်မဖမ်းဆီးခင်အချိန် နေအိမ်မှ ထွက်ပြေးသွားခဲ့သည်။

ကိုးကား။ ။ KA0SOD
Social Action for Women - SAW


Lwin Pyin

ဂျေလိုရဲ့နေရာကို ဆက်ခံဖို့ ရှိနေတဲ့ ပလေးဘွိုင်းမော်ဒယ် ဂျက်စီကာဘာစီယာဂါ


 ဟောလိဝုဒ်မင်းသမီး ဂျေလို လို့ဆိုလိုက်ရင် လှပဖွံ့ထွားလွန်းတဲ့ သူမရဲ့တင်ပါးတွေကြောင့် နာမည်ကြီးသလို သူမရဲ့နောက်ပိုင်းအလှကို ပျက်စီးသွားမှာ စိုးရိမ်တဲ့အတွက် တင်ပါးကို ထူးထူးဆန်းဆန်း အာမခံထားသူတစ် ယောက်အဖြစ် လူသိများသူ ဖြစ်ပါတယ်။

ခုချိန်မှာတော့ အမေရိကန်က အသက် ၃၂ နှစ်အရွယ် ပလေးဘွိုင်းမော်ဒယ် ဂျက်စီကာဘာစီယာဂါဟာ ဂျေလို လိုပဲ တင်သားအလှကြောင့် ထပ်မံနာမည်ကြီးလာမယ့်သူလို့ မီဒီယာတွေက ဟောကိန်းထုတ်လာကြပါတယ်။ ဂျက်စီကာကို မင်းသမီးဂျနီဖာလိုပက်ဇ်ရဲ့ကိုယ်ပွားလို့တောင် ပြောလာကြတာက သူမမှလည်း လှပတဲ့တင်သား အစုံကို ပိုင်ဆိုင်ထားလို့ ဖြစ်ပါတယ်။ ဂျက်စီကာဟာ အင်စတာဂရမ်ဝက်ဆိုက်မှာလည်း ပရိသတ် ၁.၂ သန်း ပိုင်ဆိုင်ထားတာမို့ မီဒီယာတွေ ဒီလိုပြောတာ မလွန်ဘူးလို့လည်း ဆိုနိုင်ပါတယ်။ သူမဟာ မော်ဒယ် တစ်ယောက်အဖြစ် ပလေးဘွိုင်း၊မစ်ဇင်စတဲ့ မဂ္ဂဇင်းတွေအတွက် ဓါတ်ပုံမော်ဒယ်လုပ်ခဲ့သလို စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမ အကြောင်းကို အသေးစိတ် သိချင်တယ်ဆိုရင်တော့ http://jessicaburciaga.me/about-me/ နဲ့ https://www.facebook.com/JessicaBurciagaFans တွေမှာ ရှာဖွေနိုင်ပါတယ်။ ဂျက်စီကာ မက္ကဆီကန်၊ ပြင်သစ်နဲ့ အိုင်းရစ်သွေးနှောတဲ့ မိန်းမလှတစ်ဦးလည်း ဖြစ်ပါတယ်။
http://www.planet.com.mm/

ရန်ကုန်တွင် ကျပ်သိန်း ၁၀၀ မှ ၆၀၀ အတွင်း မြေကွက်များ အရောင်းအ၀ယ်ပြန်ဖြစ်


 ပြည်တွင်းအိမ်ခြံမြေ ဈေးကွက်အတွင်း ယခုရက်ပိုင်း၌ ကျပ်သိန်း ၁၀၀ မှ ၆၀၀ တန်မြေကွက်များ ပြန်လည်အရောင်း အ၀ယ်ဖြစ်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သတင်း ရရှိသည်။

အထူးသဖြင့် သန်လျင်၊ ဒဂုံ အရှေ့၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်း နှင့် တောင်ဒဂုံမြို့နယ်များရှိ တန် ဖိုးသင့်တင့်မြေကွက်များ အရောင်းအ၀ယ်ဖြစ်နေပြီး အများစုက ဈေးလျှော့၍ ရောင်းချနေကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှ ရွှေအိမ် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင် ဦးမြတ်မိုး က ပြောသည်။

ပါမစ်မြေနှင့် ဂရန်မြေ အများစု အရောင်းအ၀ယ်ဖြစ်နေပြီး ပေ ၄၀ × ၆၀ မြေကွက်များမှာ ကျပ်သိန်း ၁၂၀ မှ ၆၀၀ အထိ မြို့နယ်ပေါ်မူတည်၍ အရောင်းအ၀ယ်ဖြစ်နေသည်။ အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်ခဲ့စဉ်က ဈေးနှုန်းထက်ကျပ် ၁၀ သိန်းမှ သိန်း ၂၀ အထိ လျှော့ ချရောင်းချလာသဖြင့် ယခုကဲ့သို့ အရောင်းအ၀ယ်ပြန်ဖြစ်နေခြင်းဖြစ်သည်ဟု ဦးမြတ်မိုးက ဆိုသည်။

‘‘လနမြေတွေကတော့ အ ရောင်းအ၀ယ်မရှိသလောက်ပဲ။ ပါ မစ်မြေနဲ့ ဂရန်မြေတွေ တကယ် အရောင်းအ၀ယ်ဖြစ်တယ်။ ဈေး ကစားတဲ့သူတွေ ၀ယ်ကြတာ မဟုတ်ဘူး။ တကယ်နေမယ့် ထိုင်မယ့်သူတွေ၊ ပြန်ငှားတဲ့သူတွေ ၀ယ်နေကြတာ’’ ဟု သန်လျင်အောင်ချမ်းသာရပ်ကွက်မှ အကျိုးဆောင်တစ်ဦးက ပြောသည်။

‘‘သန်လျင်အောင်ချမ်းသာ (၂) ရပ်ကွက်မှာ ပေ ၄၀ × ၆၀ ကို သိန်း ၆၀၀ နဲ့ မနေ့က အရောင်း အ၀ယ်ဖြစ်သွားတယ်။ အရင် အဲဒီနေရာက ၈၀၀ နဲ့ ၉၀၀ ကြား တင်းခံနေတဲ့ နေရာတွေ’’ဟု ၎င်းက ဆိုသည်။

မြို့စွန်ရှိ မြို့နယ်အချို့တွင် တန်ဖိုးနည်းမြေကွက်များ အဓိက အရောင်းအ၀ယ် ဖြစ်နေသော် လည်း မြို့တွင်းပိုင်းရှိ ကြိုပွိုင့်ကန် ထရိုက်တိုက်ခန်းဈေးကွက်မှာ အ ရောင်းအ၀ယ်သိသိသာသာကျ ဆင်းလျက်ရှိသည်။

ထို့ပြင် တန်ဖိုးကြီးမြေကွက် နှင့် အိမ်ကြီးအိမ်ကောင်းများ၏ အရောင်းအ၀ယ်ဈေးကွက်မှာ လည်း ယခင်ကလောက် အလုပ် မဖြစ်ဘဲ ငြိမ်နေကြောင်း စိုင်းခွန် နောင်အိမ်ခြံမြေအကျိုးဆောင် ပိုင်ရှင် စိုင်းခွန်နောင်က ပြော သည်။ ရောင်းချသူများသည် ဈေးကွက်အခြေအနေကို ထပ်မံ မစောင့်နိုင်တော့သဖြင့် ရောင်းချ ခြင်းဖြစ်သည်ဟု အကျိုးဆောင်များက သုံးသပ်ကြသည်။

မြန်မာနိုင်ငံတွင် ယခုနှစ်၌ ရွေးကောက်ပွဲရှိသဖြင့် လာမည့် နှစ်တွင် စီးပွားရေးအခြေအနေ ကောင်းလာပြီး အိမ်ခြံမြေမှာလည်း အရောင်းအ၀ယ်ပြန်ကောင်းလာ နိုင်သည်ဟု အကျိုးဆောင်အချို့ က မျှော်လင့်နေကြသည်။

7daydaily

နိုင်ငံတောင်ပိုင်းတွင် အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် အစိုးရတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံး


ဗန်ကောက် ၊ ၁-၆-၂၀၁၅

ထိုင်းနိုင်ငံ တောင်ပိုင်း ပတ္တနီ ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ချုံခိုတိုက်ခိုက်မှု တစ်ခုတွင် အမည်မသိ သေနတ်သမား များ၏ ပစ်ခတ် တိုက်ခိုက်မှု ကြောင့် အစိုးရ တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့က ယမန်နေ့တွင် ထုတ်ပြန် ခဲ့သည်ကို ဗန်ကောက်ပို့စ် သတင်းတစ်ရပ် အရ သိရသည်။

တိုက်ခိုက်မှုတွင် အရပ်သား အသွင် ဝတ်ဆင်ထားသော ထိုင်း လုံခြုံရေး တပ်ဖွဲ့ဝင် များသည် ပတ္တနီပြည်နယ် ကာပေါ်ခရိုင် တွင် မေ ၃ဝ ရက်က မော်တော်ဆိုင်ကယ် မောင်းနှင်လာစဉ် သေနတ်သမား များ၏ တိုက်ခိုက်မှုကို ခံခဲ့ရခြင်း ဖြစ်ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး ပရက်ဘ်ပါမင် မုန်ကော က ပြောကြား ခဲ့သည်။

ထို့နောက် အမည်မသိ သေနတ်သမား များသည် လုံခြုံရေး တပ်ဖွဲ့ဝင် များကို ပစ်ခတ် တိုက်ခိုက်ပြီး ၄င်းတို့၏ သေနတ်များကို ယူဆောင်၍ အခင်း ဖြစ်ပွားရာ နေရာမှ ထွက်ပြေး သွားခဲ့ကြောင်း၊ ထို ပစ်ခတ်မှုနှင့် စပ်လျဉ်း၍ အာဏာပိုင် များက စုံစမ်းလျက် ရှိသည်။

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ၂ဝဝ၄ ခုနှစ်မှစ၍ မတည်ငြိမ် မှုများ ဖြစ်ပွား ခဲ့ခြင်းကြောင့် အရပ်သား ဦးရေ ၆၅ဝဝ ကျော် သေဆုံးခဲ့ ရပြီး ဖြစ်ကြောင်း သိရသည်။

#PyiChitThar

တရုတ်တို့၏ လူလုပ်ကျွန်းများကြောင့် ငါးများ ရှားပါးလာဖွယ်ရှိ


နယူးယောက် ၊ ၁-၆-၂၀၁၅

ဖိလစ်ပိုင်နိုင်ငံနှင့် ဗီယက်နမ် နိုင်ငံကြားရှိ စပရက်တလီ ကျွန်းစုများ အနီးတွင် တရုတ်နိုင်ငံက လူလုပ်ကျွန်းများ တည်ဆောက် နေခြင်းသည် ၄င်းဒေသ၏ ဂေဟစနစ်နှင့် ငါးများ ရှားပါးလာဖွယ် ရှိကြောင်း သိပ္ပံပညာ ရှင်များက သတိပေး စကား ပြောဆိုကြသည်။

အာရှနိုင်ငံ များက လာရောက် ငါးဖမ်းလေ့ ရှိကြသော စပရက်တလီ ကျွန်းစုများတွင် ယခင်က ငါးလွန်စွာ ပေါများသော်လည်း ပြီးခဲ့သော ဆယ်စုနှစ်များ ကစ၍ ၄င်းကျွန်းစု များတွင် ငါး အရေအတွက် လျော့ပါး လာခဲ့ကြောင်း သြစတြေးလျ နိုင်ငံနှင့် ထိုင်ဝမ်နိုင်ငံ တို့မှ သိပ္ပံ ပညာရှင် များက ၂ဝ၁၃ ခုနှစ် ကတည်းက စစ်တမ်းပြုစု ခဲ့ကြရာမှ သိရှိလာခဲ့ ရသည်။

စပရက်တလီ ကျွန်းစုများ အနီး သန္တာ ကျောက်တန်းများ ပေါက်ရောက် ရှင်သန်မှု တွင်လည်း ၁ဝ နှစ်မှ ၁၅ နှစ်အတွင်း ၂ဝ ရာခိုင်နှုန်းခန့် လျော့နည်း လာကြောင်း၊ ကမ္ဘာ့ ရာသီဥတု ဖောက်ပြန်မှု ဒဏ်ကို ထို သန္တာတောင်က အပြင်းအထန် ခံခဲ့ရကြောင်း သုတေသီ များက ရှင်းပြသည်။

ဆယ်စုနှစ် နှစ်စုကြာ ဖိလစ်ပိုင် နိုင်ငံတွင် နေထိုင်၍ ၄င်းကျွန်းစု များနှင့် ပင်လယ်ပျော် ရေနေ သတ္တဝါများ အကြောင်း လေ့လာနေသူ အမေရိကန် နိုင်ငံ မိန်း တက္ကသိုလ် မှ သုတေသီ ဂျွန်မက်မာနက်စ် က ယနေ့ တရုတ်အစိုးရ လုပ်ကိုင် နေသော စပရက်တလီ ကျွန်းစုများတွင် ကွန်ကရစ် လေယာဉ် ပြေးလမ်းများ အပါအဝင် အခြား ဆောက်လုပ်ရေး လုပ်ငန်း များကြောင့် သန္တာတောင်များ ပျက်စီးဖွယ် ရှိကြောင်း ရှင်းပြသည်။

အမေရိကန် အစိုးရက လွှတ်တင် ထားသော ထောက်လှမ်းရေး ဂြိုဟ်တုများမှ တစ်ဆင့် တရုတ် အစိုးရ၏ စပရက်တလီ ကျွန်းစုတွင် ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင် နေကြောင်း တွေ့ရှိခဲ့ရပြီး သဲတန်ချိန်ပေါင်း များစွာကို ပင်လယ် ကြမ်းပြင်မှ တူးဖော် အသုံးချ နေခြင်း နှင့် ဧရာမ သဲပုံကြီး များကို ကျောက်တုံးကြီး များနှင့် သန္တာ ကျောက်တန်းများ အပေါ် တင်ထားကြောင်း တွေ့ရှိ လာခဲ့ရသည်။

ကွန်ကရစ် လေယာဉ် ပြေးလမ်းများ၊ ဆိပ်ခံများမှာ အမှန်တကယ် ပင် ပင်လယ်ပျော် သတ္တဝါများ၏ ဂေဟစနစ်ကို ပျက်စီး စေကြောင်း အမေရိကန် ပင်လယ် သမုဒ္ဒရာ ဂေဟစနစ် ဆိုင်ရာ ပါမောက္ခ ဂရက်မစ်ရှဲလ် က ရှင်းလင်း ပြောပြသည်။

ဖိလစ်ပိုင် အစိုးရ နိုင်ငံခြားရေး ဝန်ကြီးက ပြီးခဲ့သော လက တရုတ် အစိုးရသည် ဧက ၃ဝဝ ကျော် ကျယ်ဝန်းသော သန္တာ ကျောက်တန်း များကို လုံးဝ ဖျက်ဆီးပစ် လိုက်ကြောင်း ဝေဖန် ပြောဆိုသည်။

#PyiChitThar

တရုတ်နိုင်ငံက ပင်လယ်ရေကြောင်း စောင့်ကြည့် ထောက်လှမ်းရေး သင်္ဘောများကို ဟာဝိုင်အီကမ်းလွန် တွင် တပ်ဖြန့်ချထား


တိုကျို ၊ ၁-၆-၂၀၁၅

အငြင်းပွားလျက် ရှိသော စပရက်တလီ ကျွန်းစုရေပြင် ပိုင်နက်နှင့် ပတ်သက်၍ အမေရိကန် ရေတပ်နှင့် တရုတ်ရေတပ် တို့အကြား တင်းမာမှုများ ဖြစ်ပေါ်နေစဉ် တရုတ်နိုင်ငံ သည် တောင်တရုတ် ပင်လယ်အတွင်း အမေရိကန် နိုင်ငံ၏ လှုပ်ရှား ဆောင်ရွက်မှုများ အပေါ် တုံ့ပြန်မှု တစ်ရပ်အဖြစ် ပင်လယ် ရေကြောင်းဆိုင်ရာ စောင့်ကြည့် ထောက်လှမ်းရေး သင်္ဘောများကို ဟာဝိုင်အီ ကမ်းလွန်သို့ စတင် စေလွှတ် ခဲ့ကြောင်း ဂျပန်နိုင်ငံ အခြေစိုက် Nihon Keizai Shimbun သတင်းစာက ထုတ်ပြန် ကြေညာခဲ့သည်။

ပိုမို ဝေးကွာသော အကွာအဝေး အထိ ရောက်ရှိ ပစ်ခတ်နိုင်သည့် အဆင့်မြင့် လက်နက် စနစ်များ ဖွံ့ဖြိုးတိုးတက် လာခြင်းကြောင့် တရုတ်နိုင်ငံ၏ ကမ်းရိုးတန်း ကာကွယ်ရေး မဟာဗျူဟာ သည် နိုင်ငံ၏ အမျိုးသား အကျိုးစီးပွား များကို ရေရှည်တွင် ကာကွယ် ပေးနိုင်လိမ့်မည် မဟုတ်ကြောင်း တရုတ် တပ်မတော် မဟာဗျူဟာ စီမံကိန်း ရေးဆွဲရေး ဌာနမှ ဗိုလ်မှူးကြီး ဝန်းဂျင်က တရုတ်နိုင်ငံ ၏ (၉) ကြိမ်မြောက် ကာကွယ်ရေး ဆိုင်ရာ စက္ကူဖြူ စာတမ်း ထုတ်ပြန်မှုနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် အနေဖြင့် မြေပြင်တပ်ဖွဲ့ များအစား ရေပြင်တပ်ဖွဲ့ များအား အရှိန်အဟုန်မြှင့် တည်ဆောက်ရေး အတွက် ပိုမိုရင်းနှီး မြှုပ်နှံသင့်ကြောင်း နှင့် တောင်တရုတ် ပင်လယ်အတွင်း အမေရိကန် နိုင်ငံနှင့် ဖြစ်လာနိုင်ဖွယ် ရှိသော ပဋိပက္ခ အတွက် ကြိုတင်ပြင်ဆင် ထားရမည် ဖြစ်ကြောင်း စက္ကူဖြူစာတမ်း တွင် အကြံပြု ထားသည်။

ထို့အပြင် တရုတ်နိုင်ငံ အနေဖြင့် ပင်လယ် ရေကြောင်း ဆိုင်ရာ စောင့်ကြည့် ထောက်လှမ်းရေး သင်္ဘောများကို ဟာဝိုင်အီ ကမ်းလွန်တွင် တပ်ဖြန့်ချထား စဉ်အတွင်း စပရက်တလီ ကျွန်းစု၌ မီးပြတိုက် နှစ်ခု တည်ဆောက်မှု များကိုလည်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

#PyiChitThar

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ အမှုဆောင် ကော်မတီဝင်များ အသစ် ပြန်ရွေးချယ်


Sunday, May 31, 2015
နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS) ၏ အမှုဆောင် ကော်မတီဝင်အားလုံးကို အသစ်ပြန် လည် ရွေးချယ်ပြီးဖြစ်သည်ဟု ယင်းအဖွဲ့မှ ကိုသက်ဦးက မဇ္ဈိမကို ပြောသည်။ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၏ တတိယအကြိမ်မြောက် အမှုဆောင်သစ် ရွေးချယ် ပွဲကို မေလ ၃၀ ရက်က ရန်ကုန်မြို့ ဇဝနလမ်းဆုံရှိ စမ္မပီရ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
အမှုဆောင်သစ် ရွေးချယ်ပွဲတွင် ကော်မတီဝင် အဟောင်းများနေရာတွင် အားလုံးအသစ်ပြန်လည် ဖွဲ့စည်းလိုက်သည်ဟုလည်း ကိုသက်ဦးက မဇ္ဈိမကိုပြောသည်။ "လူက အကုန်အသစ် ပြန်လဲလိုက်တာ။ လူသစ်ရွေးတာ အဆိုပြုတင်တာ ၁၆ ယောက်ကို တစ်ယောက်က မလာတော့ ၁၅ ဦးနဲ့ ကော်မတီ ပြန်ဖွဲ့မယ်" ဟု ၎င်းက ပြောသည်။
အဆိုပါ ၁၅ ဦးကို မေ ၃၁ ရက်တွင် ကော်မတီ၏ အမှုဆောင် ကဏ္ဍအသီးသီးအတွက် ပြန်လည်ဖွဲ့စည်းသွားမည် ဖြစ်သည်။ နိုင်ငံရေး အကျဉ်းသားဟောင်းများ ကွန်ရက်မှ ဦးထွန်း ကြည်က "အမှန်တော့ ညီလာခံကို ပုံမှန်လေး ပြန်လုပ်ဖြစ်တာပေါ့။ နိုင်ငံရေးအဖွဲ့လေးကို ကျစ်ကျစ်လျစ်လျစ် လေးနဲ့ ပြန်ဖွဲ့ဖြစ်လိုက်တာပေါ့" ဟု မဇ္ဈိမကို ပြောသည်။
အမှုဆောင်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်သူများ က မေလ ၂၇ ရက်နောက်ဆုံးထား၍ အဆိုပြုလွှာ တင်သွင်းခြင်းဖြစ်ပြီး အဖွဲ့ဝင် ၁၆ ဦးက တင်သွင်းခဲ့သည်။ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာမှ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ခုနှစ် သြဂုတ်လတွင် ဒုတိယအကြိမ်မြောက် အမှုဆောင်ရွေးချယ်ပွဲကို ပြုလုပ်ခဲ့သည်။
မေ ၃၁ ရက် အမှုဆောင်သစ် ရွေးချယ်ပွဲ အပြီးတွင် လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေနှင့် နိုင်ငံရေးအကျဉ်းသားများ ရင်ဆိုင်နေရသည့် အခြေအနေများ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပေါ် ပြန်လည်သုံးသပ်ချက်များကို သဘောထားထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်သွား မည်ဟုလည်း ဦးထွန်းကြည်က ပြောသည်။
ဧပြီလကုန်အထိတွင် မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်း ဆက်လက်ထိန်းသိမ်းခံထားရ သည့် နိုင်ငံရေး အကျဉ်းသား ၁၅၇ ဦးနှင့် တရားရင်ဆိုင်နေရသူ ၄၅၃ ဦးအထိ ရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မေလ ၁၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
မဇ္ဈိမ

တက္ကသိုလ်ဝင်တန်း အောင်စာရင်း ဇွန်လ ၆ရက် ထုတ်ပြန်မည်


Sunday, May 31, 2015
၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို ဇွန်လ ၆ ရက် နံနက် ၆ နာရီတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှတစ်ဆင့် မေလ ၃၁ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်သည်။
အောင်စာရင်းများကို တိုင်းနှင့် ပြည်နယ်အလိုက် မြို့နယ် ပညာရေးမှူးရုံးများ၊ စာစစ်ဌာန ကျောင်းများတွင် တစ်ပြိုင်တည်း ထုတ်ပြန်မည်ပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ဝက်ဘ်ဆိုဒ် moemyanmar.net
 
တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ တိုင်းနှင့် ပြည်နယ်များ၏ အောင်စာရင်းကို ရန်ကုန်မြို့ အင်းစိန်၊ ရန်ကင်း၊ လမ်းမတော်၊ သင်္ဃန်းကျွန်း မြို့နယ်များရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းများ၊ ကမာရွတ်မြို့နယ် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းနှင့် ဒဂုံမြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းများတွင် ထုတ်ပြန်ထားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။
၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၁၁ ရက်တွင် စတင်ကျင်းပခဲ့ပြီး ပြည်တွင်း၊ ပြည်ပ စာဖြေဌာန ၁၃၇၆ ခုတွင် ဖြေဆိုသူ ၅၉၀,၀၀၀ ကျော် ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။
The Voice Weekly

၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးမိုးသီးဇွန်နှင့် တွေ့ဆုံမေးမြန်းခြင်း – အောင်ထွန်းလင်း


“ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတတင်မြှောက်လိုက်ခြင်းဟာ စစ်တပ် အတွက် ထွက်ပေါက်ရနိုင်တယ် …”

ဒီစွပ်စွဲမှုတွေက သူတို့လို လူငယ်လေးတွေရဲ့ ထက်မြက်မှု၊ ထူးချွန်မှုတွေ ကို မှေးမှိန်အောင်လုပ်တဲ့ လုပ်ရပ်လို့ မြင်ပါတယ်။ ကျွန်တော် ငယ်ငယ် တုန်းကလည်း ဗကပတွေက ကျွန်တော့်ကို ကြိုးကိုင်နေတယ်လို့ စွပ်စွဲခဲ့ကြပါတယ် …

ဒီချုပ်က အမတ်နေရာအများစု ရတဲ့အတွက် ၄၃၆ နဲ့ ၅၉(စ) ကို ပြင်လာတဲ့အခါမှာ စစ်တပ်က ဘယ်လို တုံ့ပြန်မလဲ ဒီအချိန်ကျမှ စစ်တပ်က ဟန့်တားလာရင် တကယ့် Battle Ground ဖြစ် လာမယ်။ ထောက်ခံ လာရင်တော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ဟာ အောင်မြင်သွားမှာပဲ။ ဒီအခြေအနေကို ဒေါ်စု၊ စစ်တပ်နဲ့ လူထုဟာ မလွဲမသွေ ဖြတ်သန်းရ . . .


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အခြေခံဥပဒေ ပြင်ဆင်ရေး၌ အဓိကကျသည့် ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉(စ) တို့အား ပြင်ဆင်ဖွယ် မရှိကြောင်းနှင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ)အနေဖြင့် နေရာအများစု အနိုင်ရအောင် လုပ်နိုင်မှသာ ယင်းဥပဒေများကို ပြင်ဆင်နိုင်ရန်အတွက် ဖိအားပေး လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ၈၈ ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သည့် အမေရိကန် ပြည်ထောင်စုတွင် နေထိုင်သူ ဦးမိုးသီးဇွန်က တိုက်တွန်း ပြောဆိုလိုက်သည်။

ဦးမိုးသီးဇွန်မှာ ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးအတွက် လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့သူတစ်ဦး ဖြစ်ပြီး ယခုအစိုးရသစ် လက်ထက် ကျမှသာ မြန်မာနိုင်ငံသို့ ခေတ္တပြန်လာခွင့် ရရှိခဲ့ပြီး မြန်မာနိုင်ငံ သို့ ခေတ္တ ပြန်လာခွင့် ရရှိစဉ်ကလည်း မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)မှ ၀န်ကြီးဦးအောင်မင်း၊ ဦးစိုးသိန်းတို့နှင့်လည်း တွေ့ဆုံခွင့် ရရှိခဲ့ကာ ဒီမိုကရေစီ လုပ်ငန်းစဉ်အတွင်း ပါဝင်ခွင့် ရရှိရေးအတွက် လုပ်ဆောင်ခဲ့သော်လည်း နောက်ပိုင်း တွင် ပြည်ဝင်ခွင့် ပိတ်ပင်ခံထားရသူလည်း ဖြစ်သည်။

ထို့ပြင် ဒီမိုကရေစီပညာရေး အကောင်အထည်ဖော်ရန်အတွက် ဗကသ ကျောင်းသား ခေါင်းဆောင် များအား နောက်ကွယ်မှ ကြိုးကိုင်နေသူအဖြစ် စွပ်စွဲခံခဲ့ရသူ တစ်ဦးဖြစ်သည်။ လက်ရှိဖြစ်ပျက်နေသည့် နိုင်ငံရေး အခြေအနေများနှင့် ပတ်သက်၍ မြန်မာသံတော်ဆင့်၏ မေးမြန်းမှုကို မေလ ၂၄ ရက်တွင် အွန်လိုင်းမှတစ်ဆင့် ပြန်လည် ဖြေကြားခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး – အခုလက်ရှိ အမျိုးသားပညာရေးနဲ့ ပတ်သက်ပြီး သပိတ်မှောက် ကျောင်းသားတွေကို ဖမ်းဆီးချုပ်နှောင်ပြီး အမှုဖွင့် စစ်ဆေးနေပါတယ်။ ကျောင်းသားတွေဘက်က ဒါဟာ အစိုးရရဲ့ကတိပျက်မှုလို့ ဆိုထားပါတယ်။ အစ်ကို့အနေနဲ့ ဒီကိစ္စအပေါ် ဘယ်လိုများ သဘောထား ပေးချင်ပါသလဲ။

ဖြေ – အစိုးရအနေနဲ့က ကျောင်းသားတွေကို အမြန်ဆုံးအမှုကနေ တရားသေ ပြန်လွှတ်လိုက်ဖို့ သင့်ပါတယ်။ သူတို့ဟာ ရာဇ၀တ်သားတွေ မဟုတ်ဘူး။ သူတို့ဟာ ပညာရေး ပြုပြင်ပြောင်းလဲဖို့အတွက် တောင်းဆိုတဲ့ သူတွေပါပဲ။ ဦးသိန်းစိန်အစိုးရဟာ ဒီမိုကရေစီအသွင် ကူးပြောင်းဖို့ ဆုံးဖြတ်ထားပြီးပြီ။ အာဏာရှင်စနစ်ကို စွန့်လွှတ်ပြီး ပါလီမန်စနစ်ကိုသွားဖို့ ဦးတည်နေပြီလို့ ဆိုထားပါတယ်။ ပါလီမန် ဒီမိုကရေစီစနစ်မှာ အတိုက် အခံတွေ၊ ဆန္ဒပြတောင်းဆိုတာတွေ၊ ဝေဖန်တာတွေဟာ မလွဲမသွေ ရှိရမယ့် အရာတွေ (ingredients) ဖြစ်ပါ တယ်။ အစိုးရ၊ ပါလီမန်၊ ကျောင်းသား၊ ပညာရေးသုတေသီတွေ ၄ ပွင့်ဆိုင် ဆွေးနွေးကြ၊ အမြင်တွေ ဖလှယ်ကြတာတွေလည်း လုပ်ထားပြီးပြီဆိုတော့ ဆန္ဒပြတာလောက်ကို သဘောထား ကြီးသင့်တယ်။ ကျောင်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးပါလို့ပဲ တိုက်တွန်းချင်ပါတယ်။

မေး – ဖမ်းဆီးခံ ကျောင်းသားတွေကို အစိုးရက ဗကသ ကျောင်းသားတွေ ဆိုတာထက် နောက်ကွယ်ကနေ ဗကပတွေက သွေးထိုးလို့လုပ်တာလို့ စွပ်စွဲချက်တွေ ရှိပါတယ်။ ဒီအပေါ်မှာကော အစ်ကို့အနေနဲ့ ဘာများ ပြောချင်သလဲ။

ဖြေ – အစိုးရရဲ မှားယွင်းတဲ့ ပေါ်လစီတွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ၊ ဝေဖန်မှုတွေ ဖြစ်လာတိုင်း ဗကပတွေ နောက်က သွေးထိုးတယ် ဆိုတာကတော့ ရယ်စရာကောင်းတဲ့ ဟာသတစ်ခုလို ဖြစ်လာနေပါတယ်။ ဒီလို စွပ်စွဲချက်တွေကို သတိထားဖို့လိုပါတယ်။ အစိုးရအနေနဲ့ သိက္ခာကျစရာ ဖြစ်မှာပဲ။ ကျောင်းသားတွေရဲ့ ပညာရေး ပြောင်းလဲတောင်းဆိုတဲ့ လှုပ်ရှားမှုကို ဗကပရော၊ နိုင်ငံတကာ သံတမန်တွေရော၊ သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်ရော အားပေး ထောက်ခံကြတာပဲ။ မှန်ကန်တဲ့ လှုပ်ရှားမှုမို့ သူတို့ကိုထောက်ခံ အားပေးတိုင်း စွပ်စွဲနေလို့ မရဘူးလေ။

မေး – ဖမ်းဆီးခံထားရတဲ့ကျောင်းသား ခေါင်းဆောင် မဖြိုးဖြိုးအောင်နဲ့ တရားခံပြေးဖြစ်နေတဲ့ ဗကသဥက္ကဋ္ဌ ကိုကျော်ကိုကို တို့ကို အစ်ကိုက နောက်ကွယ်ကနေ ကြိုးကိုင်နေတယ် ဆိုတဲ့ပုံစံမျိုးဖြစ်အောင် ဓာတ်ပုံတွေ၊ စာတွေနဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ဖြန့်ဝေမှုတွေ ရှိလာပါတယ်။ ဒါနဲ့ပတ်သက်ပြီးကော အစ်ကို့အနေနဲ့ ဘယ်လိုများ မှတ်ချက်ပေးချင်သလဲ။

ဖြေ – ကိုကျော်ကိုတို့၊ မဖြိုးဖြိုးတို့ကို ကျွန်တော်သိပါတယ်။ ခင်မင်ပါတယ်။ သူတို့ကို မြန်မာပြည် ပြန်ရောက် တုန်းက သိခွင့်ရတယ်။ အမြင်တွေ ဖလှယ်ခွင့်ရတယ်။ သူတို့ဟာ အလွန်ထက်မြက်တဲ့ လူငယ်လေးတွေ ဖြစ်တာတွေ့ရတော့ အားရတယ်။ သူတို့ကို ကျွန်တော်က ကြိုးကိုင်တယ်ဆိုတာ မမှန်ပါဘူး။ ဒီ စွပ်စွဲမှုတွေက သူတို့လို လူငယ်လေးတွေရဲ့ ထက်မြက်မှု၊ ထူးချွန်မှုတွေကို မှေးမှိန်အောင်လုပ်တဲ့ လုပ်ရပ်လို့ မြင်ပါတယ်။ ကျွန်တော် ငယ်ငယ်တုန်းကလည်း ဗကပတွေက ကျွန်တော့်ကို ကြိုးကိုင်နေတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။

မေး – ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်ဟောင်း အနေနဲ့ပေါ့။ ပြည်တွင်းမှာရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသား တွေရဲ့ နိုင်ငံရေးလှုပ်ရှားမှု အခြေအနေနဲ့ လူထုထောက်ခံမှု ကျဆင်းလာတဲ့ အပေါ်မှာကော ဘယ်လိုများ မြင်မိသလဲ။ ဘယ်လိုမျိုး တိုက်တွန်းချင်သလဲ။

ဖြေ – ၈၈ မျိုးဆက်တွေအနေနဲ့ ရွေးကောက်ပွဲဝင်သင့်တယ်။ ပါလီမန်ထဲကို သွားသင့်တယ်လို့ မြင်တယ်။ သူတို့ အတိတ်က စွန့်လွှတ် ပေးဆပ်ခဲ့ပြီးပြီ။ ဒီအချိန်က တိုင်းပြည်ပြန်လည် တည်ဆောက်ရေးအတွက် သူတို့ ပါဝင် ရတော့မယ့် အချိန်ပါ။ လူတွေက သူတို့ရှိရမယ့်နေရာမှာ မြင်ချင်ကြပါတယ်။ သူတို့ကို အောင်မြင်စေချင်တယ်။

မေး – ၂၀၁၅ ရွေးကောက်ပွဲက နိုဝင်ဘာလဆန်းမှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ဆိုထားပါတယ်။ လာမယ့် ရွေးကောက်ပွဲဟာ တရားမျှတရမယ်လို့လည်း ကတိက၀တ်တွေ ပေးထားပြန်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ လာမယ့် ရွေးကောက်ပွဲကကော တကယ့်ကို တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်ပါ့မလား ဆိုတာ သုံးသပ်ပေးပါဦး။

ဖြေ – ရွေးကောက်ပွဲကတော့ တရားမျှတတယ်၊ မမျှတဘူး မပြောနိုင်သေးဘူး။ မမြင်ရသေးဘူး။ ဒါပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲကတော့ အရင်တုန်းက ရွေးကောက်ပွဲတွေထက် နိုင်ငံတကာက ပိုပြီးကြည့်ကြမယ်၊ လေ့လာ ကြမယ်၊ ပိုစိတ်ဝင်စားကြမယ် ဆိုတာတော့ မြင်နေရပါတယ်။ နောက်တစ်ခုက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၁၉၉၀၊ ၂၀၁၂ တွေကလိုပဲ ပြတ်ပြတ်သားသား နိုင်ဦးမယ့် အနေအထားမှာ ရှိနေပါတယ်။

မေး – နောက်တစ်ခုကတော့ နိုင်ငံရေးကိစ္စပါပဲ။ အစ်ကို့ကို ဦးအောင်မင်း၊ ဦးစိုးသိန်းတို့ကတောင် အစ်ကိုကြီးလို့ ခေါ်ခဲ့သလို နိုင်ငံရေးနဲ့ပတ်သက်ပြီး တွဲလုပ်ခဲ့တာမျိုး ရှိပေမယ့် အခုကျတော့ ဘာလို့များ လိုင်းကွဲသွားတာလဲ။

ဖြေ – ဦးအောင်မင်း၊ ဦးစိုးသိန်းတို့နဲ့က ကျွန်တော် ပြဿနာ မရှိပါဘူး။ ကျွန်တော့်ကို ပြည်ထဲရေးက ဗီဇာ ထပ်မပေးသေးတာပါပဲ။ ဗီဇာထုတ်ပေးဖို့ကိုတော့ သူတို့က ပြောဖို့လိုမယ်ထင်တယ်။ ကျွန်တော် ဦးအောင်မင်းနဲ့ စတင်ဆွေး နွေးစဉ်ကတည်းကပဲ ဦးအောင်မင်းက သူတို့ပြောင်းလဲဖို့ ကြိုးစားနေပြီ။ ပြန်လာကြည့်ပါလို့ ဖိတ်ခေါ် တယ်။ ကျွန်တော်တို့ဘက်ကလည်း ဒီလိုကြားတော့ မယုံသေးဘူး။ လာကြည့်မယ်။ တွေ့ချင်တဲ့သူတွေနဲ့ တွေ့ခွင့်ရှိ မလား။ ကျွန်တော်တို့ မြင်တာတွေကို ပြောခွင့်ရှိ မလားလို့ မေးခဲ့တယ်။ ရှိပါတယ်လို့ သူတို့ ပြောတယ်။ ဒါကြောင့် ကျွန်တော် ပြန်လာတယ်။ တွေ့သင့်တဲ့သူတွေကို တွေ့တယ်။ ကျွန်တော် မြင်တာတွေကို ပြောခဲ့တာပဲ။ ကျွန်တော် မြင်တဲ့ ဟာတွေက တခြားသူတွေ မြင်သလိုပါပဲ။ ကျွန်တော်ပြောတဲ့ ဟာတွေကလည်း တခြားသူတွေ ပြောနေသလိုပါပဲ။

အစိုးရကို ချီးကျူးတာရော၊ ဝေဖန်တာရော ရှိခဲ့ပါတယ်။ ဘာမှ အထူးအဆန်းမပါဘူး။ နောက်တော့ ဦးလှမောင်ရွှေက ကျွန်တော့်ကို အစိုးရက ဗီဇာသက်တမ်း ထပ်မတိုးပေးဘူး၊ ဗီဇာကို အပြင်ထွက်ပြီး ပြန်လျှောက်ပါလို့ ပြောလာတယ်။ ကျွန်တော် ထိုင်းကိုထွက်ပြီး ပြန်လျှောက်တယ်။ ဗီဇာမပေးဘဲ နေနေပါတယ်။

သူတို့လည်း ဒီမိုကရေစီအသွင် ကူးပြောင်းချင်တယ်။ ငြိမ်းချမ်းရေး တည်ဆောက်ချင်တယ်။ ကျွန်တော်လည်း ဒီမိုကရေစီ အသွင်ကူးပြောင်းချင်တယ်။ ငြိမ်းချမ်းရေးကို တည်ဆောက်ချင်တယ်၊ ဘာလိုင်းကွဲစရာရှိသလဲ။ တူတာ တွဲလုပ်လို့ရသလို မတူတာ ခွဲလုပ်လို့ရတာပဲ။ ဒီမိုကရေစီမှာ သူတို့နဲ့ ကျွန်တော်တို့ဟာ မိတ်ဖက်တွေ အဖြစ် ရှိနိုင်ကြတာပဲ။ ပိုမကောင်းဘူးလား။

မေး – ဦးအောင်မင်း၊ ဦးစိုးသိန်းတို့နဲ့ လုပ်နေတဲ့ နိုင်ငံရေးစနစ် ပုံစံကိုကော ဘယ်လို သိထားသလဲအစ်ကို။ နောက်ပြီး ဘယ်အရာတွေကတော့ မှားယွင်းတယ်၊ ဘယ်အရာတော့ မှန်ကန်တယ်ဆိုတာကိုကော သုံးသပ် ပေးပါဦး။

ဖြေ – သူတို့လုပ်တဲ့ နိုင်ငံရေးပုံစံနဲ့ ဦးနေ၀င်း၊ ဦးခင်ညွန့် လက်ထက်က လုပ်တဲ့ပုံစံက အခြေခံအားဖြင့် သိပ်မကွာဘူး။ ဒါကတော့ အာဏာကို စစ်တပ် သို့မဟုတ် စစ်တပ်က အနားယူလာတဲ့ စစ်ဗိုလ်ဟောင်း ဆိုသူတွေက ကိုင်ထားမယ်။ ဆုံးဖြတ်ခွင့်တွေကို ယူထားမယ်။ Decision Making Process မှာ သူတို့ပဲ ယူထားမယ်။ သူတို့ ဆုံးဖြတ်ထားတာတွေကို အကောင်ထည်ဖော်တဲ့ နေရာတွေ (Implementation Process) မှာတော့ အရပ်သားတွေ၊ နိုင်ငံရေးသမားတွေက အကောင်ထည်ဖော်ပေးကြ ဆိုတာမျိုးပေါ့။ ပြဿနာက ဆုံးဖြတ်ချက်တွေက မမှန်ကန်လာတဲ့ အခါမှာတော့ အကောင်အထည် ဖော်ရတဲ့နေရာတွေမှာ မအောင်မြင် တော့ဘူးပေါ့။ ဒီနည်းကို ဦးနေ၀င်း၊ ဦးခင်ညွန်တို့ လုပ်ခဲ့ကြပါတယ်။ မအောင်မြင်ဘဲ ဖြစ်ခဲ့တာ လူတိုင်း အသိပါပဲ။

ဥပမာ အခု ဦးအောင်မင်းလုပ်နေတဲ့ ငြိမ်းချမ်းရေးအစီအစဉ်မှာ စစ်ပွဲတွေကို ရပ်ဆိုင်းပစ်ဖို့အတွက် ဆုံးဖြတ်ချက် ပေးမယ့်သူတွေဟာ ယခင်အစိုးရက ဗိုလ်ချုပ်ဟောင်းတွေ၊ လက်ရှိ စစ်ဗိုလ်ချုပ်တွေနဲ့ လက်ရှိအစိုးရက တာဝန်ရှိတဲ့ ၀န်ကြီးတွေ ဖြစ်နေတယ်။ စစ်ပွဲတွေကို ရပ်ဆိုင်းဖို့လိုကို လိုအပ်နေပြီဆိုတဲ့ ဆုံးဖြတ်ချက် ချမှတ်ဖို့ အရေးမှာ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားတွေက ဆုံးဖြတ်ချက်ချတဲ့ နေရာမှာမပါဘူး။

ဥပမာ ကိုးကန့်နဲ့ ဖြစ်တဲ့စစ်ပွဲ။ ဒါက မတိုက်သင့်တဲ့စစ်ပွဲ (Not Necessary War)။ ကိုးကန့်က နယ်ခြားစောင့် တပ် မလုပ်ချင်ဘူး။ ဒါက အဓိကပဲ။ ဒါကို မြန်မာဘက်က တုံ့ပြန်တာက ကိုးကန့်က ဘိန်းထုတ်တယ်၊ တရုတ် တွေ၊ ခွဲထွက်ဖို့ ကြိုးစားတယ် ဆိုတာတွေ လုပ်ကြတယ်။ ကိုးကန့် ခေါင်းဆောင်က သူတို့ခွဲမထွက်ဘူး၊ ပြည်ထောင်စုထဲမှာ နေမယ်လို့ အကြိမ်ကြိမ် ကတိပေးနေတာကို မကြားချင်ယောင်ဆောင်ပြီး ပြဿနာ ဖြစ်စေမယ့် မမှန်တဲ့ အခြမ်းကိုပဲ ယူတယ်။ မြင်တယ်။ ဒီတော့ ပြဿနာက ပိုကြီးဖို့ပဲရှိတယ်။ မေးစရာက စစ်တပ်က ပြဿနာကို ကြီးစေချင်တာလားလို့ မေးစရာရှိလာတယ်။

ပြဿနာဟောင်းကို ပြဿနာသစ်နဲ့ အစားထိုးတဲ့ နည်းစနစ်ပဲ အသုံးပြုလာတာကို ကြည့်ရင် မြင်နိုင်ပါတယ်။ နယ်ခြားစောင့်တပ်အဖြစ် မလုပ်ချင်တာက တိုင်းရင်းသားအဖွဲ့တိုင်းပဲ မလုပ်ချင်တာပါ။ ကိုးကန့်ကိုမှ ရွေးပြီး ပြဿနာရှာတာဟာ မှန်ကန်တဲ့ ဖြေရှင်းမှု မဟုတ်ဘူးလို့ ပြောချင်တယ်။

မေး – အခု အစ်ကိုက ပုဒ်မ ၄၃၆ ပြင်ဆင်ရေးထက် ပုဒ်မ ၅၉(စ)ကို ပြင်ဖို့အတွက် တိုက်တွန်းလာတာ တွေ့ရတယ်။ အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာနိုင်ရေးအတွက်ပေါ့။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်စေရေးအတွက် အစ်ကို့ရဲ့ သဘောထားအမြင်နဲ့ ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ထိုက်တာလဲ ဆိုတာလေး ရှင်းပြပါဦး။

ဖြေ – ကျွန်တော့် သုံးသပ်ချက်က အများပြောနေတဲ့ သီအိုရီဖြစ်တဲ့ ၄၃၆ ကို အရင်ပြင်၊ ပြင်လိုက်တော့ ဒီမိုကရေစီ အခြေခံဥပဒေဖြစ်၊ နောက် ၅၉(စ)ကို ပြင်ပေး၊ ဒါက လမ်းကြောင်းမှန် (Rational) နည်းလမ်းပေါ့။ ဒီလို Rational ဖြစ်တဲ့ နည်းလမ်းတွေက တစ်ခုမှ မြန်မာပြည်မှာ ဖြစ်မလာခဲ့ဘူး။ ဥပမာ၄၃၆ ပြင်ဆင်ဖို့အတွက် စတင်ဆွေးနွေး ကြပြီဆိုတာနဲ့ အခြေခံဥပဒေပြင်နိုင်ဖို့ ၄၃၆ ကို ပြင်ကြမယ်ဆိုရင် ၇၆ ရာခိုင်နှုန်းတော့ မပေးနိုင်ဘူး။ ၇၃ ရာခိုင်နှုန်းလုပ်မယ်။ တစ်ဖက်ကလည်း ရာခိုင်နှုန်း ၈၀ လုပ်မယ် စသဖြင့်၊ ဒါနဲ့တင် အချိန်က ၃ နှစ်၊ ၄ နှစ် ကြာသွားမယ်။

လက်ရှိဖြစ်နေတဲ့ ဘ၀အခြေအနေက ဒေါ်စုက အသက် ၇၀ ရှိလာပြီ။ နိုင်ငံတကာကရော၊ လူထုကပါ သူ့ကို သမ္မတအဖြစ်နဲ့ မြင်ချင်တယ်။ လူထုက သူ့ကိုတစ်ခဲနက် အားပေးနေတာ ထောက်ခံနေတာ အမြင်ပါပဲ။ ဒီမိုကရေစီ စနစ်ဆိုတာ လူထုရဲ့မဲ များများရတဲ့သူက အစိုးရဖွဲ့ရတာပါပဲ။

နောက်တစ်ခုက ကျွန်တော်တို့က ၈၈ ဒီမိုကရေစီ ဇာတ်လမ်းကို Happy Ending ဖြစ်ချင်နေပါတယ်။ ဒါကတော့ ဒေါ်စုသမ္မတဖြစ်သွား ရင် နောက်ဇာတ်လမ်းတွေကို စတင်လို့ရမယ်လို့ မြင်မိပါတယ်။ ဒီတစ်ပိုင်းကို ဖြတ်လိုက်ဖို့ လိုပါပြီ။ တစ်နည်းအားဖြင့် ဒေါ်စုကို သမ္မတ တင်မြှောက်လိုက်ခြင်းဟာ စစ်တပ်အတွက် ထွက်ပေါက်(Exit Strategy) ရနိုင်တယ်။ ကျွန်တော်တို့အတွက်လည်း Exit Strategy ရနိုင်ပါတယ်။

ဒီနေ့ မြန်မာပြည် အကျပ်အတည်းမှာ ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ဦးမင်းအောင်လှိုင် ဘယ်သူ့ကိုမှ သမ္မတ တင်လို့ မရနိုင်တော့ဘူး။ တင်ချင်လည်းတင်ကြည့်ပါ၊ ပြဿနာက ပိုဆိုးဖို့ပဲရှိလာနိုင်တယ်။ ဒီအခါမှ လူထုရော၊ တပ်ရောပါ နာရုံပဲရှိမယ်။ ထိုင်းနိုင်ငံမှာက ၁၉၃၀ ခုနစ်ကတည်းက အခြေခံဥပဒေ ရှိခဲ့ပေမယ့် သူတို့ဟာ ၄၃၆ လို ပုဒ်မတစ်ခုကို တိုက်နေကြတာ အခုထိ မပြီးနိုင်သေးဘူး ဖြစ်နေတာကိုလည်း သတိပြုသင့်ပါတယ်။ ၄၃၆ ရော၊ ၅၉(စ) ကိုရောကို ၂၀၁၅မှာ အစိုးရက မပြင်ပါဘူး။ မပြင်ရင်လည်း ဒေါ်စုဦးဆောင်တဲ့ ပါတီအနေနဲ့ ရွေးကောက်ပွဲကိုဝင်ဖို့ တိုက်တွန်းချင်တယ်။ ရွေးကောက်ပွဲမှာ အများစုနိုင်အောင် လုပ်ရမယ်။ အများစုနိုင်တဲ့ အခါမှာ အနိုင်ရတဲ့ ပါတီအနေနဲ့က ပြင်ဆင်နိုင်ဖို့ လုပ်ပိုင်ခွင့် ရှိလာမှာ ဖြစ်တယ်။

ဒီအခါမှာ ဒီချုပ်က အမတ်နေရာ အများစုရတဲ့အတွက် ၄၃၆နဲ့ ၅၉(စ)ကို ပြင်လာတဲ့အခါမှာ စစ်တပ်က ဘယ်လို တုံ့ပြန်မလဲ။ ဒီအချိန်ကျမှ စစ်တပ်က ဟန့်တားလာရင် တကယ့် Battle Ground ဖြစ်လာမယ်။ ထောက်ခံလာရင်တော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုဟာ အောင်မြင်သွားမှာပဲ။ ဒီအခြေအနေကို ဒေါ်စု၊ စစ်တပ်နဲ့ လူထုဟာ မလွဲမသွေ ဖြတ်သန်းရမယ်။

မေး – နောက်တစ်ခုက အစ်ကိုက အစ်ကို့အမေအတွက် တံခါးကျည်းပေါင်ခွေပေးတဲ့ ဓာတ်ပုံမှတ်တမ်းကိုလည်း တွေ့ရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးကော ပြောပြပါဦး။

ဖြေ – အမေ့အိမ်ကနေ ထွက်လာတာ၂၆ နှစ်ကျော်ရှိခဲ့တယ်။ အိမ်မှာ အမေနဲ့ညီမ အမျိုးသမီး နှစ်ယောက်ပဲ ရှိတယ်။ အိမ်ကို မပြင်နိုင်ကြဘူးပေါ့။ ရေချိုးခန်း၊ ဧည့်ခန်း၊ မီးဖိုချောင်တွေ၊ ကြမ်းခင်းတွေ ပြင်ဖို့လိုနေတယ်။ ကျွန်တော် ရောက်တုန်း တတ်နိုင်တာတွေ လုပ်ပေးခဲ့တယ်။ ၀ယ်ဖို့ကလည်း ဈေးကြီးလွန်းတယ်။ အခြေခံ လိုအပ်ချက် ပရိဘောဂတွေက အမေရိကန်ထက်ကို ဈေးကြီးနေတယ်။ စားပွဲကို ပြင်ပေးခဲ့တယ်။ စာအုပ်စင်၊ အမေ့ဆေးတွေထည့်တဲ့ စင်နဲ့ ရေချိုးခန်းကတံခါးကို ကျည်းပေါင် ပြန်ခွေပေးခဲ့တယ်။ ပျဉ်းကတိုးသား အဟောင်းကို သင်္ဃန်းကျွန်း သစ်ဆိုင်က၀ယ်ပြီး ပြန်လုပ်ပေးခဲ့တယ်။ မူလက သစ်ရိုင်းနဲ့ လုပ်ထားပုံပဲ၊ ဆွေးပြီးပျက်နေတယ်။ မီးဖိုချောင်ကို မပြင်ပေးလိုက်နိုင်ဘူး။ ပန်းကန်တွေထားဖို့ စင်နဲ့ ဓားတွေ ထည့်ဖို့ ဓားအိမ်တွေ လုပ်ပေးရဦးမယ်။ ဒီတစ်ခေါက် ပြန်ခွင့်ကြုံရင် လုပ်ပေးမယ်။ အမေ့အတွက် ပန်းချီကား ၃ ချပ်လည်း ဆွဲပေးခဲ့တယ်။ သူက ဇီးကွက်ပုံ လိုချင်တယ်ဆိုလို့ ဇီးကွက်ပုံတစ်ကား၊ လက်ပံပင်ပုံ တစ်ကားပေါ့။ ကြမ်းတွေလည်း တိုက်ပေးခဲ့ပါတယ်။

မေး – အစ်ကို့အနေနဲ့ လက်ရှိမြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ပြီး သီးခြားဖြည့်စွက် ပြောလိုတာ ရှိရင်လည်း ပြောပေးပါဦး။

ကျွန်တော့်အနေနဲ့ သီးခြားဖြေချင်တာကတော့ ကျွန်တော်အပါအ၀င် ၈၈ ပြည်ပတွေဟာ ၂၀၁၅ ရွေးကောက်ပွဲကို ၀င်ချင်တယ်။ နိုင်ငံတည်ဆောက်ရေးတွေမှာ ကျွန်တော်တို့ တတ်ထားတဲ့ ပညာတွေနဲ့ အလုပ် အကျွေး ပြုချင်တယ်။ ကျွန်တော်တို့ကို ဗီဇာထုတ်မပေးဘဲ ဘာကြောင့် လုပ်ထားတာလဲလို့ မေးချင်တယ်။

အောင်ထွန်းလင်း

××××× ကိုယ်ရေးအကျဉ်း ××××××

ဦးမိုးသီးဇွန်၏ အမည်ရင်းမှာ ဦးမျိုးသန်းထွဋ်ဖြစ်ပြီး ၁၉၈၈ ခုနှစ် မတ်လကတည်းက ကျောင်းသား လှုပ်ရှားမှု များတွင် ပါဝင်ခဲ့သူဖြစ်သည်။ ၁၉၈၈ ခုနှစ် ဇွန်လ ၂၁ ရက်က ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းပေါ်တွင် မျက်နှာ အ၀တ်မစည်းဘဲ ဟောပြောရာမှ နာမည်ရလာသူ တစ်ဦးလည်း ဖြစ်ပြီး ၎င်းရေးသားသော ““မိုးသီးဇွန်”” ဟူသည့် ကဗျာခေါင်းစဉ်ကို အမည်ဝှက်အဖြစ် အသုံးပြုခဲ့ရာမှ ““မိုးသီးဇွန်””အဖြစ် လူသိများလာခဲ့သည်။

ထို့ပြင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်- ဗကသတွင် ကျောင်းသား ခေါင်းဆောင် (ဦး)မင်းကိုနိုင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့စဉ် (ဦး)မိုးသီးဇွန်မှာ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲဝင်ရန်အတွက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို တည်ထောင်ခဲ့သူဖြစ်ကာ ယင်းနောက်ပိုင်းတွင် အစိုးရအား လက်နက်စွဲကိုင် တော်လှန်ရန်အတွက် တောခိုခဲ့ရာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင် ခဲ့ဖူးသူလည်း ဖြစ်သည်။

ယင်းနောက် ထိုင်းနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတို့တွင် နေထိုင်ခဲ့ကာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၏ ကမ်းလှမ်းမှုဖြင့် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁ ရက်တွင် မြန်မာပြည်သို့ ပြန်လည်ခြေချခွင့် ရခဲ့သူဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆက်လက် နေထိုင်ရန်အတွက် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးတွင် ဗီဇာထပ်မံ လျှောက်ထား ခဲ့သော်လည်း ယခုအချိန်အထိ ပြည်ဝင်ခွင့်ဗီဇာ မရရှိခဲ့သူ ဖြစ်သည်။

အောင်ထွန်းလင်း
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald



အစိုးရဖျက်ဆီးခဲ့သော ကားအတွက် ဗကသများအဖွဲ့ချုပ်က ပိုင်ရှင်များထံ လတ်တလော ၃၅ သိန်း ပေးချေရမည်


ရန်ကုန်၊ မေ ၂၅

အစိုးရရဲတပ်ဖွဲ့ဝင်များ အကြမ်းဖက် ဖြိုခွဲခဲ့မှုကြောင့် ပျက်စီးခဲ့သော ဒီမိုကရေစီပညာရေး ပင်မသပိတ် စစ်ကြောင်းတွင် အသုံးပြုခဲ့ သည့် မော်တော်ကားမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က တာဝန်ယူ ငှားရမ်းထားသော ကားဖြစ်ပြီး ယခုအခါ အဆိုပါကားကို ရဲတပ်ဖွဲ့က သိမ်းဆည်း ထားသည့်အတွက် အသုံးပြုခွင့်မရဘဲ ကားဖိုးငွေ ငွေကျပ် ၃၅ သိန်း လတ်တလော ပေးချေရမည် ဖြစ်ကြောင်း ဗကသများ အဖွဲ့ချုပ်မှ ကိုရှိန်းရာဇာထွန်းက မေလ ၂၅ ရက်တွင် မြန်မာ သံတော်ဆင့်သို့ ပြောသည်။

အဆိုပါကားကို ဗကသများအဖွဲ့ချုပ်က တစ်ရက် ၅ သောင်းနှုန်းဖြင့် ငှားရမ်းထားခြင်းဖြစ်ပြီး ကားပိုင်ရှင်များ သည်လည်း အဆိုပါကားကို အရစ်ကျ ငွေပေးချေမှုဖြင့် ၀ယ်ယူထားခြင်းဖြစ်ရာ ယခုအခါ အဆိုပါကားမှာ သက်သေခံ ပစ္စည်းအဖြစ် ရဲတပ်ဖွဲ့က ထိန်းသိမ်း ထားသောကြောင့် ကားဖိုးငွေ ပေးချေရမည့် ၃၅ သိန်းကို ဗကသများအဖွဲ့ချုပ်က တာဝန်ယူရခြင်းဖြစ်သည်။

““ကျွန်တော်တို့က အဲဒီကားကို ပိုက်ဆံပေးပြီးတော့ ငှားထားတာပေါ့နော်။ အဲဒီကားက အရိုက်ခံရတဲ့အချိန်မှာ အဲဒီကားကို ကားပိုင်ရှင်တွေက အရစ်ကျစနစ်နဲ့ ၀ယ်ထားတာ။ သူတို့က အခုကလည်း ကားက သိမ်းထား ခံရတာ ဆိုတော့ အလုပ်မရှိတော့ အရစ်ကျကို မပေးနိုင်ဘူးပေါ့ဗျာ။ မပေးနိုင်တော့ ကျွန်တော်တို့ကို ပေးပေး ပါပေါ့။ ကျန်တဲ့ကိစ္စ ကတော့ နောက်မှ ဆက်ပြီးတော့ ရှင်းမယ်ပေါ့။ အမှုပြီးမှပဲ ရှင်းလို့ရမှာကိုး။ ၃၅ သိန်းပါ။ အဆင်ပြေသွားပြီလားဆိုတော့ အမှန်အတိုင်း ပြောရင်တော့ မပြေသေးဘူးပေါ့။ အားလုံးဝိုင်းပြီးတော့ စဉ်းစား ကြတော့ ကျွန်တော်တို့ထဲက တချို့က စိုက်ပေးထားတာ ၁၅ သိန်း၊ သိန်း ၂၀ လောက်တော့ရပြီ””ဟု ဗကသများအဖွဲ့ချုပ်မှ ကိုရှိန်းရာဇာထွန်းက ပြောသည်။

အစိုးရက လက်ပံတန်းရှိ ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းကို အကြမ်းဖက် ဖြိုခွင်းခဲ့ရာ၌ ကျောင်းသားများ အသုံးပြုသော ကားများကို ဖျက်ဆီးရုံသာမက နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူနာတင် ယာဉ်များကိုပါ ခဲလုံးများဖြင့် ပစ်ခြင်း၊ ရိုက်နှက်ခြင်းတို့ ပြုလုပ်ခဲ့သည်။

““ငှားထားတာဆိုတော့ ငှားထားတဲ့ လူအပေါ်မှာတော့ တာဝန်ရှိတာပေါ့။ ဒါကတော့ ပြေပြေလည်လည် လုပ်ရမှာပဲ။ နှစ်ဦးနှစ်ဖက် အဆင်ပြေအောင်တော့ လုပ်ရမယ်။ ငှားထားတဲ့ ကားဖြစ်တဲ့အတွက် အစိုးရဘက်က ဘယ်လို စဉ်းစားပေးမလဲ။ ကားကတော့ မော်တော်ကားပဲ၊ သက်မဲ့ကို ဘာကြောင့် အဲဒီလောက် ဖျက်ဆီး တာလဲ။ ဒါတော့ အစိုးရဘက်က မှားတာပေါ့””ဟု နာရေး ကူညီမှုအသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

ပြည်ခိုင်ဖြိုးပါတီ ညီလာခံ ပြီးဆုံး

ပြည်ခိုင်ဖြိုး ပါတီ အောင်နိုင်ရေး ကော်မီတီ ဥက္ကဋ္ဌဌအဖြစ် သူရဦးရွှေမန်းကို ခန့်အပ်
လေးကြိမ်မြောက် ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ဗဟိုကော်မီတီ အစည်းအဝေး ကျင်းပ ပြီးစီးသွားခဲ့ပြီ ဖြစ်ပြီး ဒီအစည်းအဝေးမှာ ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ဆုံးဖြတ်ချက် လေးရပ်ကို ချမှတ်ခဲ့ပါတယ်။

လက်ရှိ ပါတီဥက္ကဋ္ဌဌ သူရဦးရွှေမန်းရဲ့ လမ်းညွှန်ချက်တွေကို ပါတီ အဆင့်ဆင့်က လိုက်နာဖို့နဲ့ ပါတီ အောင်နိုင်ရေး ကော်မိတီ ဥက္ကဋ္ဌဌ အဖြစ် သူရဦးရွှေမန်းကို ခန့်အပ်လိုက်တဲ့ အကြောင်း ဗဟို ကော်မီတီဝင် ဦးသိန်းဆွေက ပြောပါတယ်။

သူရ ဦးရွှေမန်း အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပတဲ့ အချိန်ထိ ပါတီကို ဦးဆောင်သွားမှာ ဖြစ်ပါတယ်။

အများ စိတ်ဝင်စားနေတဲ့ သမ္မတလောင်း အမည်စာရင်းနဲ့ ပတ်သက်လို့တော့ ထုတ်ပြန် ကြေညာဖို့ မရှိဘူးလို သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ ပြည်ထောင်စု ဝန်ကြီးတွေအနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်မယ် ဆိုရင်တော့ ဥပဒေအတိုင်းသာ ဆောင်ရွက်ရမယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ဖြေကြားခဲ့ပါတယ်။

တပ်မတော်ကနေ ထွက်ပြီး ရွေးကောက်ပွဲမှာ ဝင်ရောက် အရွေးခံမယ့် ကိုယ်စားလှယ်တွေနဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းတဲ့အခါမှာတော့ ဦးသိန်းဆွေက ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးနဲ့ ပတ်သက်လို့ ဒီအစည်းအဝေးမှာ အခြေခံမူတွေ အတည်ပြုနိုင်ခဲ့ပြီးနောက် နှစ်ပတ်လောက်မှာတော့ ကိုယ်စားလှယ်လောင်း စာရင်းတွေ ထုတ်ပြန်နိုင်အောင် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒီအစည်းအဝေးမှာ ပါတီ ဗဟို အတွင်းရေးမှူး ဖြစ်တဲ့ လက်ရှိ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်ကို ဗဟို အတိုင်ပင်ခံ အဖြစ် ရာထူး တိုးပေးခဲ့ပါတယ်။

ဒါ့အပြင် ပါတီ ဗဟို အကြံပေးတွေ ဖြစ်တဲ့ ဦးဇော်မင်း၊ ဦးခင်မောင်မြင့်နဲ့ ဦးသိန်းထွန်းတို့ကို ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မီတီဝင်များ အဖြစ် ပြောင်းလဲ ခန့်အပ် ခဲ့တယ်လို့ သိရပါတယ်။

ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီအနေနဲ ၂၀၁၀ ရွေးကောက်ပွဲမှာ အငြင်းပွားစရာ အများစု နိုင်ခဲ့ပေမဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲမှာတော့ ၄၃ နေရာ ရှုံးနိမ့်ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

အလွန်လှပတဲ့ ကျွန်းစွယ်နိုင်ငံ Fiji အကြောင်း သိကောင်းစရာများ

ဘ၀မှာ လူရယ်လို့ ဖြစ်လာပြီးမှာတော့ ဒီမြို့မှာနေ ၊ ဒီမြို့မှာ ကြီးပြင်းပြီး ဒီ မြို့မှာ ပဲ သေသွားရတာ ဟာ ပျင်းစရာကောင်းလှပါတယ်။ ကမ္ဘာကြီးက ကြီးမားလွန်းတဲ့အလျောက် မိမိ မသိနိုင်တဲ့ ကမ္ဘာကြီးရဲ့ အခြားတစ်ဖက် မှာ အလွန် ဆန်းကြယ်တဲ့ နေရာ ဒေသ တွေရှိနေပါတယ်။

Fiji ဆိုတဲ့ နိုင်ငံလေးအကြောင်း ကို Jim Carrey ရဲ့ Truman Show ဇာတ်ကားထဲမှာ တစ်စွန်းတစ်စ ပြောတာတော့ ကြားဖူးကြမှာပါ။ Fiji နိုင်ငံဟာ သမ္မတ နိုင်ငံ တစ်နိုင်ငံ ပဲဖြစ်ပါတယ်။ Fiji နိုင်ငံဟာ တောင် ပစိဖိတ် သမုဒ္ဒရာ ထဲမှာ တည်ရှိတဲ့ ကျွန်းစွယ် နိုင်ငံ တစ်နိုင်ငံ ပဲ ဖြစ်ပါတယ်။ Fiji ရဲက အရှေ့မြောက် အရပ်မှာတော့ New Zealand နိုင်ငံ တည်ရှိပြီး အရှေ့ဘက်မှာတော့ Tonga နိုင်ငံ တည်ရှိပါတယ်။ အနောက်ဘက်မှာတော့ Vanuatu နိုင်ငံ တည်ရှိနေပါတယ်။

Fiji နိုင်ငံဟာ ကျွန်းစု နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး ကျွန်းစွယ်ပေါင်း ၃၃၂ ခုရှိကာ ကျွန်းစွယ်ပေါင်း ၁၁၀ ကတော့ အခြေခြ နေထိုင်သူတွေ ရှိနေခဲ့တာ ကြာခဲ့ပါပြီ။ Fiji နိုင်ငံ ရဲ့ ကုန်းမြေ ဧရိယာဟာ ၁၈၃၀၀ စတုန်း ကီလိုမီတာ ကျယ်ဝန်းပါတယ်။ နေထိုင်သူ လူဦးရေ စုစုပေါင်း ၈၆၀၀၀၀ ယောက် ရှိပြီး ထိုလူဦးရေ ရဲ့ ၈၇ ရာခိုင်နှုန်းကတော့ Viti Levu နဲ့ Vanua Levu လို့ခေါ်တဲ့ ကျွန်းစွယ်မြို့တော် တွေမှာ နေထိုင်ကြပါတယ်။



Fiji နိုင်ငံဟာ ပစိဖိတ်ဒေသ မှာ စီးပွားရေး အဖွံ့ဖြိုးဆုံး နိုင်ငံ ဖြစ်ပြီး Fiji ရဲ့ အဓိက စီးပွားရေးကတော့ သစ်တောလုပ်ငန်း ၊ တွင်းထွက် သယံဇာတ နဲ့ ရေလုပ်ငန်း တို့ပဲဖြစ်ပါတယ်။ အဓိက နိုင်ငံခြား ၀င်ငွေကတော့ နယ်လှည့် ခရီးသွား လုပ်ငန်း နဲ့ သကြားတင်ပို့ရောင်းချခြင်းကနေ ရရှိပါတယ်။ Fiji နိုင်ငံရဲ့ ငွေကြေးကတော့ Fijian ဒေါ်လာပဲဖြစ်ပါတယ်။ မြို့တော် ကောင်စီ ကတစ်ဆင့် ဖွဲ့စည်းထားတဲ့ ပြည်တွင်း အစိုးရ ကို တော့ ပြည်တွင်းအစိုးရ နဲ့ မြို့ပြ ဖွံဖြိုးရေး ၀န်ကြီး ဌာန က ကိုင်တွယ် အုပ်ချုပ်တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၅၀ ခန့်ကတည်းက မီးတောင်ပေါက်ကွဲမှုကနေ စတင်ပြီး Fiji ရဲ့ ကျွန်းစွယ် အချို့ဖြစ်ပေါ်လာခဲ့တယ်လို့ သမိုင်းတွေကဆိုပါတယ်။ ဥရောပ တိုက်သားတွေဟာ ၁၇ ရာစုလောက်မှာ Fiji ကို စတင်လည်ပတ်ခဲ့ကြပြီး ၁၈၇၄ ခုနှစ်မှာ ဗြိတိသျှ ကိုလိုနီ နယ်ချဲ့ရဲ့ လက်အောက်ကိုကျရောက်ခဲ့ပါတယ်။ ၁၉၇၀ ခုနှစ်မှာ လွတ်လပ်ရေး ရခဲ့ပြီး ၁၉၈၇ ခုနှစ်မှာ တော့ သမ္မတ နိုင်ငံ တစ်နိုင်ငံ အဖြစ်သို့ ပြောင်းလဲခဲ့ပါတယ်။Fiji နိုင်ငံရဲ့ ဒီမိုကရေစီ မဲပေး ရွေးကောက်ပွဲ စနစ်ကိုတော့ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၇ ရက်မှာ စတင် ကျင်းပခဲ့တယ်လို့ သိရပါတယ်။

( Mario )

Ref : wiki
http://knowledge.thithtoolwin.com/2015/05/fiji.html

လှေစီး ဒုက္ခသည်များကို ဥပဒေ အရ ဖြေရှင်းသွားမည်

လှေစီးဒုက္ခသည်တွေအရေး သတင်းစာရှင်းလင်းပွဲကို မေလ ၃၁ ရက်နေ့က ရန်ကုန်မြို့ Orchid Hotel တွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်း ရှင်းလင်းနေစဉ်။ Photo: Thiha Tun/ RFA
ရခိုင်ပြည်နယ်မှာ ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လှေစီးဒုက္ခသည်တွေကို ဥပဒေကြောင်းအရ ဖြေရှင်းသွား မှာဖြစ်ပြီး လှေစီးဒုက္ခသည်အရေး ဟာ မြန်မာနိုင်ငံနဲ့ ရခိုင်ပြည်နယ်ရဲ့ ပုံရိပ်အတွက် အရေးကြီးကြောင်း ရခိုင်ပြည် နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း က ပြောပါတယ်။

ရန်ကုန်မြို့ Orchid Hotel မှာ ဒီကနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်း က လှေစီးဒုက္ခသည်တွေအရေးကို အဲဒီလို ပြောကြားခဲ့တာဖြစ်ပါတယ်။

"အနာဂတ်ကိုသွားတဲ့အခါမှာ ကျနော်ယနေ့ တည်ငြိမ်မှုရှိအောင်လုပ်မယ်၊ ပြီးရင်လှေစီး ဒုက္ခသည်တွေကို ရသင့်ရထိုက်တဲ့အခွင့်အရေးရအောင် ကျနော်လုပ်ပေးမယ်၊ အားလုံး သည်ဥပဒေအရဖြစ်ရမယ်၊ ဒီလိုကျနော် ရဲရဲတင်းတင်းပြောရဲတယ်၊ ဒီပြဿနာတွေ အားလုံး နောင်ထိအောင်ဆိုရင် လှေစီးဒုက္ခသည်ကိစ္စသည် မြန်မာနိုင်ငံ ရဲ့ဂုဏ်သိက္ခာ၊ ရခိုင်ပြည်နယ်ရဲ့ဂုဏ်သိက္ခာအထူးသဖြင့် ရခိုင်တိုင်းရင်းသားတွေရဲ့ဂုဏ်သိက္ခာ အရေးကြီး တယ်၊ ဒါတွေဟာ ကျနော်တို့က အမှန်တရားကိုဖော်ထုတ်ပေးပါလို့ ပြောချင်တယ်"

ပြီးခဲ့တဲ့လအတွင်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာမှာ လှေစီးဒုက္ခသည် ၂၀၀ ကျော် ကို ကယ်တင်ထားခဲ့ပြီး သူတို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဆက်သွယ်ပြီး ပြန်လည်ပေးပို့သွားမှာ ဖြစ်တဲ့ အကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်ထဲကို ရောက်ရှိလာတဲ့ လှေစီး ဒုက္ခသည် ၇၀၀ ကျော်နဲ့ ပတ်သက်ပြီး  မေးမြန်းရာမှာ ရခိုင်ပြည်နယ်နဲ့ သက်ဆိုင်မှု မရှိတဲ့အတွက် ဖြေကြားခြင်းမရှိခဲ့ပါဘူး။

အဲဒီလှေစီးဒုက္ခသည် ၇၀၀ ကျော်ကို ဟိုင်းကြီးကျွန်းမှာ ယာယီထားရှိတယ်လို့  သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese/

မိုဘိုင်းလ်အင်တာနက် တွေထဲမှာ Ooreedoo ဟာ မြန်နှုန်း အမြင့်ဆုံး ဖြစ်နေတာကိုတွေ့ရှိ




မြန်မာနိုင်ငံရဲ့ မိုဘိုင်းလ် အင်တာနက် စနစ် အတွက် MPT ၊ Telenor နဲ့ Ooredoo ၀န်ဆောင်မှု ကုမ္မဏီကြီး ၃ ခု ရှိရာမှ လက်ရှိ စစ်ဆေး လေ့လာမှုတွေအရ Ooredoo ကုမ္မဏီ ရဲ့ မိုဘိုင်းလ် အင်တာနက် ၀န်ဆောင်မှု ဟာ မြန်နှုန်း အမြင့်ဆုံးဖြစ်နေတာကို တွေ့ရှိရပါတယ်။

လက်ရှိ ထို ကုမ္မဏီ ကြီး ၃ခု ရဲ့ ထုတ်လွှင့်ပေးနေတဲ့ မြန်နှုန်း ပမာဏတွေအရ Telenor ရဲ့ My Internet ဟာ 500 Kbps အထိ သာ မြန်နှုန်းရှိနေပြီး Smart Internet ၀န်ဆောင်မှုကတော့ 2 Mbps အထိ မြန်နှုန်းရှိနေပါတယ်။

MPT ရဲ့ ဆွေသဟာ အစီအစဉ်ကတော့ မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုတစ်မျိုးဖြစ်ပြီး Ooredoo ရဲ့ အင်တာနက် ၀န်ဆောင်မှု ပမာဏ ကဲ့သို့ပင် မြန်နှုန်း ပမာဏ ကို ဖော်ပြထားခြင်းမရှိပါဘူး။ ဒါကြောင့် Telenor ရဲ့ အင်တာနက် ၀န်ဆောင်မှု မြန်နှုန်းကို အမြင့်ဆုံး 2Mbps အဖြစ် သိရှိခဲ့ရပြီး MPT နဲ့ Ooredoo ရဲ့ မြန်နှုန်းပမာဏ ကို တော့ မသိရှိရသေးပါဘူး။
Google Play Store က ရရှိထားပြီး အင်တာနက် မြန်နှုန်း ပမာဏ တိုင်းတာ တဲ့ SPEEDTEST ဆိုတဲ့ App တစ်ခု ကို အသုံးပြုပြီး စမ်းသပ်ကြည့်လိုက်တဲ့အခါမှာတော့ MPT ရဲ့ မြန်နှုန်း ပမာဏ ဟာ 4Mbps အထိ ရရှိတာကိုတွေ့ခဲ့ရပြီး Ooredoo ကတော့ 6.67Mbps အထိ မြန်နှုန်း ပမာဏ ရရှိနေတာကိုတွေ့ရပါတယ်။ 
ဒီလို မြန်နှုန်းပမာဏ ဟာ ကွန်ရက် ထုတ်လွှတ်ပေးနေတဲ့ တာဝါတိုင် အကွာ အဝေးနဲ့တော့ သက်ဆိုင်ပါတယ်။ သို့သော်လည်း Telenor ရဲ့ အင်တာနက် မြန်နှုန်း ပမာဏ ဟာ 2Mbps အထိ ကန့်သတ်ထားတာ ဖြစ်တဲ့အတွက် တာဝါတိုင်နဲ့ အနီးဆုံးမှာ သုံးနေပေမယ့်လည်း 2Mbps အထိပဲ ရရှိမှာဖြစ်ပါတယ်။ MPT နဲ့ Ooredoo ရဲ့ မြန်နှုန်းပမာဏကတော့ ကန့်သတ်ထားခြင်းမရှိတဲ့အတွက် မတူညီတဲ့ ပမာဏ တွေကို ရရှိနိုင်တာဖြစ်ပါတယ်။
ဒါဟာ သစ်ထူးလွင်(နည်းပညာ) ဘလော့ဂ် စာမျက်နှာ ရဲ့ SPEEDTEST ဆိုတဲ့ app ကို အသုံးပြုပြီး တိုင်းတာ ရေးသားထားခြင်းသာဖြစ်ပါတယ်။ 

အရေးကြီးတဲ့ သမိုင်းအချိုး အကွေ့ရောက်နေပြီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို မေလ ၁၇ ရက်နေ့က မွန်ပြည်နယ်၊ သံဖြူဇရပ်ခရီးစဉ်တွင် တွေ့ရစဉ်။ Photo: Kyaw Zaw Win/ RFA

မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အရေးကြီးတဲ့သမိုင်းအချိုးအကွေ့တစ်ခုကို ရောက်ရှိနေပြီ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု မြောက်ပိုင်းရှိ အင်ဒီးယားနားတက္ကသိုလ်မှာ သောကြာနေ့ ညက ကျင်းပတဲ့ “ မြန်မာ နိုင်ငံရဲ့ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု” ဆိုတဲ့ ခေါင်းစဉ်နဲ့ဆွေးနွေးပွဲကို ပေးပို့တဲ့ ဗီဒီယိုမိန့်ခွန်းမှာ မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းကိုရောက်မလား၊ စစ်မှန်တဲ့ ဖွံ့ဖြိုးတိုးတက်မှု ရနိုင်မလား ဒါမှမဟုတ် အာဏာရှင်အစိုးရထက်ဘာမှပိုမထူးခြားတဲ့ အတုအယောင်ဒီမိုကရေစီနဲ့ဘဲ ဆက်လက် ရင်ဆိုင်နေရဦးမှာလားဆိုတာ လာမယ့် လအနည်းအငယ်က အဆုံးအဖြတ်ပေးပါလိမ့်မယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီအခမ်းအနားမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်တင့်ကလည်း မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးတွေ နဲ့ပတ်သက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ပြုပြင်ပြောင်းလဲရေးတွေ အရှိန်အဟုန် နှေးကွေးနေတယ်ဆိုတာ မဟုတ်မှန်ကြောင်း၊ နောက်ပြန်လှည့်သွားမှာ မဟုတ်ကြောင်း သူက ပြောသွားပါတယ်။

ဒီအစီအစဉ်ကို အင်ဒီယာနာတက္ကသိုလ် နိုင်ငံတကာစီးပွားရေးပညာနဲ့ သုတေသနဌာန၊ BACI - မြန်မာ-အမေရိကန် ကွန်မြူနတီ အင်စတီကျုနဲ့  အင်ဒီယာနာ တက္ကသိုလ် Kelly နိုင်ငံတကာစီးပွားရေးပညာသိပ္ပံ တို့က ပူးပေါင်းစီစဉ် တာဖြစ်ပြီး၊  အင်ဒီယားနား ပြည်နယ်ရောက် မြန်မာနိုင်ငံသားတွေအပါအဝင် ပရိသတ် စုစုပေါင်း ၁၅၀ လောက် တက်ရောက်ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ကန်ထောက်လှမ်းရေး ဥပဒေကိစ္စ အထက်လွှတ်တော်မှာ အခြေအတင် ဆွေးနွေးနေ

CIA အကြီးအကဲ John Brennan
အမျိုးသား လုံခြုံရေး အတွက် စောင့်ကြည့် ထောက်လှမ်းတဲ့ အစီအစဉ်ကို သက်တမ်း ထပ်တိုးသင့်သလား၊ ဒါမှမဟုတ် ဒေသစံတော်ချိန် မေလ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးတော့မယ့် အဲဒီ အစီအစဉ်ကို သူ့အလိုလို သက်တမ်းကုန်သွားအောင် ဘာမှမလုပ်ပဲ ထားလိုက်သင့်သလား ဆိုတဲ့ ကိစ္စအပေါ် အမေရိကန် အထက်လွှတ်တော်မှာ တနင်္ဂနွေနေ့က အရေးပေါ် စည်းဝေးပွဲ စတင်နေပြီ ဖြစ်ပါတယ်။

စောင့်ကြည့် ထောက်လှမ်းတဲ့လုပ်ငန်းတွေ ရပ်တန့်သွားတာကို အခွင့်ကောင်းယူနိုင်ဖို့အတွက် ကမ္ဘာ့တဝှမ်းမှာရှိတဲ့ အကြမ်းဖက်သမားတွေက စောင့်ကြည့် နေကြတယ်လို့ အမေရိကန် ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲက သတိပေးပြောကြားပြီး နာရီပိုင်းအကြာမှာပဲ လွှတ်တော်အမတ်တွေဟာ ဝါရှင်တန် ဒီစီမြို့တော်မှာ တွေ့ဆုံကြတာ ဖြစ်ပါတယ်။

ဒီ စောင့်ကြည့် ထောက်လှမ်းတဲ့အစီအစဉ်ကို အထက်လွှတ်တော်အနေနဲ့ သက်တမ်းတိုးပေးသင့်ကြောင်း တနင်္ဂနွေနေ့က ထုတ်လွှင့်ပြသတဲ့ CBS ရုပ်မြင်ကြားနဲ့ ပြုလုပ်ထားတဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း CIA ဗဟိုထောက်လှမ်းရေးဌာန အကြီးအကဲ John Brennan က ပြောကြားလိုက်တာပါ။

အဲဒီလို သက်တမ်းတိုးလိုက်ခြင်းအားဖြင့် - အမေရိကန်နိုင်ငံအပေါ် ပြုလုပ်လာနိုင်ခြေရှိတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို တွန်းလှန်ရေးမှာ အထောက် အကူ ပြုစေမယ့် အမေရိကန်နိုင်ငံသားတွေနဲ့ အကြမ်းဖက်သမားလို့ မသင်္ကာရသူတွေရဲ့ တယ်ဖုန်း ပြောဆိုမှုတွေကို မှတ်တမ်းတင်ထားနိုင်တဲ့ အမျိုးသား လုံခြုံရေးအေဂျင်စီရဲ့ အစီအစဉ်တွေကို ဆက်လက် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို အထက်လွှတ်တော်အနေနဲ့ သက်တမ်းတိုးမလား၊ ဒါမှမဟုတ် ပြင်ဆင် ဖြည့်စွက်မလားဆိုတာတော့ မသေချာသေးပါဘူး။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com

India အပူလှိုင်းကြောင့် သေဆုံးသူ ၂,၂၀၀ ကျော်

အပူဒဏ်ကြောင့် မျက်နှာကို ရေဖျန်းနေတဲ့ အိန္ဒိယအမျိုးသားတဦး။ (မေ ၂၄၊ ၂၀၁၅)
အိန္ဒိယနိုင်ငံတဝှမ်း ဖြစ်ပေါ်နေတဲ့ အပူလှိုင်းဒဏ်ကြောင့် လူပေါင်း ၂,၂၀၀ ကျော် သေဆုံးခဲ့ပြီးတဲ့နောက် နှစ်စဉ်ကျရောက်တဲ့ မုတ်သုန်မိုး ရောက်လာမယ့် အချိန်ကို အများစုက စောင့်မျှော်နေကြပါတယ်။

တိုင်းပြည် တောင်ပိုင်းဒေသတချို့မှာ တနင်္ဂနွေနေ့က လိုအပ်နေတဲ့မိုး ရွာပြီး မိုးသက်မုန်တိုင်း ကျရောက်ခဲ့တဲ့အတွက် တချို့ သက်သာရာရခဲ့ပေမယ့် အပူလှိုင်းဒဏ် အဆိုးရွားဆုံး ခံစားနေရတဲ့ Andhra Pradesh နဲ့ Telangana ပြည်နယ်တွေမှာတော့ နောက်ထပ်တရက် အပူလှိုင်း ဆက်ရှိနေဦးမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သီတင်းပတ်ကုန် ရက်ပိုင်းအတွင်း ပြီးသွားတဲ့ အပူလှိုင်းကြောင့် အဲဒီ ပြည်နယ်နှစ်ခုအတွင်းက နေ့အပူချိန်ဟာ ၁၁၃ ကနေ ၁၁၆ အထိနဲ့ ညီမျှတဲ့ ၄၅ နဲ့ ၄၇ ဒီဂရီ Celsius အကြား ရှိခဲ့တယ်လို့ ဆိုပါတယ်။ Andhra Pradesh ပြည်နယ်အတွင်း စနေနေ့က သေဆုံးသူ ၁၄၆ ယောက် ရှိခဲ့တဲ့အတွက် အဲဒီ ပြည်နယ်တခုထဲတင် သေဆုံးသူ အရေအတွက်ဟာ ၁,၆၃၆ ယောက်အထိ ရှိသွားပြီ ဖြစ်ပါတယ်။

အပူချိန် လျော့ကျစေမယ့် မုတ်သုန်မိုးဟာ အိန္ဒိယနိုင်ငံ မြောက်ပိုင်းကို တဖြည်းဖြည်းချင်း ရွေ့မသွားခင် တောင်ပိုင်းဒေသမှာ အခုသီတင်းပတ်အတွင်း ကျရောက်ဖို့ ရှိနေပါတယ်။ မုတ်သုန်မိုးဟာ အခုချိန်ကစပြီး စက်တင်ဘာလအထိ ကြာမှာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com

ဒေါ်လာဈေးမတက်အောင် ထိန်းချုပ်ဖို့ ဗဟိုဘဏ်ကြိုးစား

တခါ ထုတ်ရင် ဒေါ်လာ ၅ ထောင် ပဲ ထုတ် ရမယ်။ 
အမေရိကန် ဒေါ်လာ နဲ့ လဲလှယ် ရာ မှာ မြန်မာ ကျပ် ငွေ တန်ဖိုး ဆက်လက် ကျဆင်း နေတာ ကို ထိန်းချုပ် နိုင်ဖို့ ရည်ရွယ်ပြီး ဗဟိုဘဏ် က ကန့်သတ်ချက် တချို့ ချမှတ် လာပါတယ်။

နိုင်ငံခြား သုံးငွေ ဘဏ်စာရင်း ဖွင့်လှစ် ထားသူတွေ ကို တစ်ပတ် ကို ၂ ကြိမ် သာ ငွေထုတ် ခွင့် ပေးပြီး တခါ ထုတ်ရင် လည်း ဒေါ်လာ ၅ ထောင် ပဲ ထုတ် ရမယ် လို့ ကန့်သတ် လိုက် သလို ပြည်တွင်း လုပ်ငန်း တွေမှာ ငွေပေး ချေ တဲ့ အခါ လည်း နိုင်ငံခြား ငွေမသုံး ရပဲ ကျပ်ငွေ သုံးစွဲ ရမယ် လို့ ဗဟိုဘဏ် က ထုတ်ပြန် ပါတယ်။

ပြည်တွင်း မှာ ဒေါ်လာ လိုအပ်ချက် မြင့်မား လာပြီး ကျပ်ငွေ ရဲ့ အသုံးဝင် မှု ကဏ္ဍ လျော့ကျ နေရင် ငွေလဲနှုန်း မတည်မငြိမ် ဖြစ်ပြီး ဘဏ္ဍာရေး ဆိုင်ရာ ထိခိုက် မှု တွေ ဖြစ်စေ နိုင်တယ် လို့ ဗဟိုဘဏ် က အကြောင်း ပြ ချက် ပေး ပါတယ်။

ဒါပေမယ့် ဒီ လို ဖြေရှင်း ပုံ ဟာ ရေတို အတွက် သာ အလုပ် ဖြစ် နိုင်ပြီး ၊ ဒေါ်လာ ကို အစိုးရ က လိုသလောက် ထုတ်ပေး နိုင်မှသာ မျှော်မှန်း ထား သလို ဈေး ကို ထိန်း နိုင် လိမ့်မယ် လို့ မြန်မာနိုင်ငံ ဘဏ်များ အသင်း ဥက္ကဌ ဦးသိန်းထွန်း က သုံးသပ် ပါတယ်။

အမေရိကန် ဒေါ်လာ နဲ့ ကျပ်ငွေ လဲလှယ်နှုန်းဟာ သင်္ကြန် မတိုင်ခင်တုန်း က တစ်ဒေါ်လာ ကို ၉၀ဝ ကျော် ရှိရာ ကနေ အခုတော့ တစ်ဒေါ်လာ ကို ၁၁၄၀ ဈေး ပေါက်နေတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

Saturday, May 30, 2015

ငှက်ပစ်သူ ကရင်သုံးဦးအမှု ဘာသာစကားခက်ခဲ

မက်ဆာချူးဆက်ပြည်နယ်၊ စပရင်းဖီးလ်မြို့ရှိ အများပြည်သူ ပန်းခြံတစ်ခုအတွင်း လေးခွဖြင့် ငှက်ပစ်သောကြောင့် ဖမ်းဆီးအရေးယူခံထားရသော ကရင်အမျိုးသားသုံးဦးအမှုသည် ဘာသာစကား အခက်အခဲကြောင့် တရားသူကြီးက ကြားနာစစ်ဆေးမှုကို ရက်ရွှေ့ဆိုင်းလိုက်ရပါသည်။
ကျေးငှက်သားကောင်များ ပစ်ခတ်ဖမ်းဆီးမှုဖြင့် ရဲက ဖမ်းဆီးအရေးယူထားသော ကရင်အမျိုးသား သုံးဦး ဖြစ်ပါသည်။ (ဝဲ မှ ယာ) ဆာဝါး (၆၀ နှစ်)၊ ခဲနီ မူး (၃၈ နှစ်) နှင့် ပက်တီ ပူး (၅၄ နှစ်)ကျေးငှက်သားကောင်များ ပစ်ခတ်ဖမ်းဆီးမှုဖြင့် ရဲက ဖမ်းဆီးအရေးယူထားသော ကရင်အမျိုးသား သုံးဦး ဖြစ်ပါသည်။ (ဝဲ မှ ယာ) ဆာဝါး (၆၀ နှစ်)၊ ခဲနီ မူး (၃၈ နှစ်) နှင့် ပက်တီ ပူး (၅၄ နှစ်)အမှုဖြစ်ပွားပုံမှာ မေလ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့က စပရင်းဖီးလ်မြို့၊ ဖောရက်စ်ပတ်ခ် အများပြည်သူပန်းခြံတွင် အမျိုးသားသုံးဦးသည် ကျေးငှက်တိရစ္ဆာန်များကို လောက်လေးခွဖြင့် ပစ်ခတ်သတ်ဖြတ်နေကြောင်း ပန်းခြံသို့ လာသူများက တွေ့ရှိသဖြင့် နေ့လယ် ၂း၁၅ နာရီတွင် ရဲထံ ဖုန်းဆက်တိုင်ကြားခဲ့သည်။
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းမှ အမေရိကန် ပြည်ထောင်စုသို့ ရွှေ့ပြောင်းလာသူများ ဖြစ်သော ပက်တီ ပူး (၅၄ နှစ်)၊ ခဲနီ မူး (၃၈ နှစ်) နှင့် ဆာဝါး (၆၀ နှစ်) တို့ထံမှ လောက်လေးခွ၊ လောက်စာလုံးအဖြစ် အသုံးပြုသော ကျောက်ခဲများ၊ မူလီခေါင်းများကို တွေ့ရှိသဖြင့် ရဲက ဖမ်းဆီးခဲ့ပါသည်။ ၎င်းတို့၏ အိတ်များထဲတွင် လိပ်အသေများ၊ ဖားများနှင့် ငှက်များကို တွေ့ရှိခဲ့သည်။
တိရစ္ဆာန်များကို ညှဉ်းပမ်းမှု၊ ငြိမ်သက်အေးချမ်းမှု ထိခိုက်အောင် လေးခွလက်နက်ကိုင်ဆောင်မှု၊ အမဲပစ်လိုင်စင် ခွင့်ပြုချက်မရှိဘဲ ကျေးငှက်သားကောင် ပစ်ခတ်ဖမ်းဆီးမှုတို့ဖြင့် ကရင်အမျိုးသား သုံးဦးကို ရဲက အချုပ်ချ ဖမ်းဆီးခဲ့သည်။ စပရင်းဖီးလ်မြို့တွင် မည်သည့်နေရာမှာမှ သားကောင် ပစ်ခတ်ဖမ်းဆီးခွင့် မရှိပေ။
နောက်တစ်နေ့တွင် ၎င်းတို့ သုံးယောက်အား တရားရုံးတင်၍ ဖမ်းဆီးချုပ်နှောင်ခွင့်ရရှိရန် ရဲက တင်ပြတောင်းဆိုခဲ့သည်။ သို့ရာတွင် အမှုကို ကြားနာစစ်ဆေးရန် ကရင်စကားပြန် လိုအပ်သောကြောင့် နှောင့်နှေးကြန့်ကြာနေခဲ့ရသည်။
အခြားအရပ်ဒေသမှ ကရင်စကားပြန်ကို တယ်လီဖုန်းဖြင့် ဆက်သွယ်ပြီး အမှုစစ်ဆေးရာမှာလည်း တယ်လီဖုန်းအသံ အလွန်တိုးပြီး မကြားရသောကြောင့် အခက်အခဲ ဖြစ်နေပါသည်။
တရားသူကြီး ဝီလီယမ် ဘွိုင်းလ်က တရားခံများသည် မိမိတို့ဖာသာ ရှေ့နေငှားနိုင်ကြောင်း၊ သို့မဟုတ် တရားရုံးက ခေါ်ယူတာဝန်ပေးမည် ဖြစ်ကြောင်း၊ သို့မဟုတ် မိမိတို့ကိုယ်တိုင် ထုချေလျှောက်လဲနိုင်ကြောင်း ရှင်းလင်းပြောပြပြီး ရွေးချယ်စေရာ ၎င်းတို့သည် တစ်ဦးမျက်နှာ တစ်ဦးကြည့်၍ အဖြေမပေးနိုင်ဘဲ ဖြစ်နေ၏။
ကရင်အမျိုးသားသုံးဦး၏ အမှုကြားနာခြင်းသည် သာမန်အမှုထက် အချိန် ၅ ဆ ပိုမိုကြာမြင့်ကာ အခြား အချုပ်တရားခံ ၁၂ ဦးလည်း စောင့်ဆိုင်းနေရသောကြောင့် တရားသူကြီးက ဇွန်လ ၁၁ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ရသည်။ ထိုနေ့ ရုံးချိန်းတွင် တရားရုံးက ကရင်စကားပြန် ရှားထားရမည် ဖြစ်၏။
အမှုလိုက် ဥပဒေအကျိုးဆောင် ရှေ့နေက အာမခံငွေ တောင်းခံခြင်းမရှိဘဲ နောက်ရုံးချိန်းအထိ လွှတ်ပေးရန် တင်ပြခဲ့သည်။ အမှုအတောအတွင်း တရားခံသုံးဦးသည် စပရင်းဖီးလ်မြို့ရှိ မည်သည့် အများပြည်သူပန်းခြံသို့မှ မသွားရန် တရားရုံးအမိန့်ဖြင့် တားမြစ်ထားသည်။
အခြားနိုင်ငံများသို့ ပြောင်းရွှေ့အခြေချသော မြန်မာများသည် အလားတူအမှုမျိုးဖြင့် မကြာခဏ ဖမ်းဆီး အရေးယူခံကြရပါသည်။ အချို့ပြည်နယ်များတွင် ကျေးငှက်သားကောင်လေး တစ်ကောင် သေဆုံးဒဏ်ရာရရှိပါက တစ်ကောင်လျှင် ဒေါ်လာ ၂,၅၀၀ အထိ ဒဏ်ငွေတပ်ရိုက်နိုင်သည်။
http://kabarthit.com/index.php?option=com_content&view=article&id=666:2015-05-30-01-26-57&catid=8:2013-10-13-17-09-02&Itemid=214

အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေး အချက်အလက်များကို ဟက်ကာများက ခိုးယူ



ဝါရှင်တန် ၊ ၂၉-၅-၂၀၁၅

ဆိုက်ဘာ တိုက်ခိုက်သူ ဟက်ကာ များသည် အမေရိကန် ပြည်တွင်း အခွန်ဦးစီးဌာန (IRS) ၏ အွန်လိုင်း ကွန်ပြူတာ စနစ်များမှ အခွန် ပေးဆောင်သူ ပြည်သူ ၁ဝဝဝဝဝ ခန့်၏ ကိုယ်ရေး အချက်အလက် များကို ခိုးယူ သွားခဲ့ကြောင်း ပြည်ထောင်စု အခွန်ဦးစီးဌာန က ထုတ်ဖော် ပြောကြား ခဲ့ကြောင်း သိရသည်။

ဆိုက်ဘာ တိုက်ခိုက်သူ များသည် အခွန်ထမ်း ပြည်သူ တစ်ဦးချင်း စီ၏ အကောင့်များကို ထိုးဖောက် ဝင်ရောက်ခဲ့ပြီး အခြား အဖွဲ့အစည်း များမှ သတင်း အချက်အလက် များကို အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း အခွန် ပေးဆောင်သူ ပြည်သူများ၏ မွေးသက္ကရာဇ်၊ လိပ်စာနှင့် အခြား လူမှုရေး ဆိုင်ရာ အချက်အလက် များကို ခိုးယူ သွားခဲ့ခြင်း ဖြစ်သည်။

ဟက်ကာ များသည် အခွန်ထမ်း ပြည်သူများ၏ အကောင့်များကို ယခုနှစ် ဖေဖေါ်ဝါရီလ နှင့် မေလလယ် ပိုင်းက ထိုးဖောက် ဝင်ရောက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ ၁ဝဝဝဝဝ ခန့်၏ အသေးစိတ် အချက်အလက် များကို ခိုးယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း IRS အဖွဲ့က အတည်ပြု ပြောကြား ခဲ့သည်။

ယခုအခါ IRS အဖွဲ့ရှိ စုံစမ်းရေးမှူးချုပ် နှင့် ရာဇဝတ်မှု ဆိုင်ရာ စုံစမ်း စစ်ဆေးရေး အဖွဲ့များက စစ်ဆေးလျက် ရှိပြီး အဆိုပါ ဟက်ကာ တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်သူများ ကိုလည်း အသိပေး အကြောင်းကြား ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

Internal Revenue Service

#PyiChitThar

တရုတ်သမ္မတ ၏ရုပ်ပုံကို အွန်လိုင်းပေါ်တွင် ရုပ်ပြောင်ကာတွန်း အဖြစ် ရေးဆွဲခဲ့သည့် ပန်းချီဆရာ တစ်ဦးကို ရဲတပ်ဖွဲ့ဖမ်းဆီး


ပေကျင်း ၊ ၂၉-၅-၂၀၁၅

တရုတ် သမ္မတ ရှီကျင့်ဖျင် ၏ ရုပ်ပုံကို အွန်လိုင်း ပေါ်တွင် ရုပ်ပြောင် ကာတွန်းအဖြစ် ရေးဆွဲခဲ့သည့် ပန်းချီဆရာ တစ်ဦးကို ရဲတပ်ဖွဲ့ က ဖမ်းဆီး သွားခဲ့ကြောင်း ပန်းချီဆရာ ၏ ဇနီးသည် က ယမန်နေ့တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။

တိုင်ကျန်းယုံ အမည်ရှိ အဆိုပါ ပန်းချီဆရာ ကို ရဲတပ်ဖွဲ့က အနှောင့်အယှက် ဖန်တီးမှုဖြင့် မေ ၂၆ ရက်က ရှန်ဟိုင်းမြို့ ရှိ ၄င်း၏ နေအိမ်မှ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တိုင်ကျန်းယုံ သည် အွန်လိုင်းပေါ်ရှိ လူမှုကွန်ရက် များသို့ ရုပ်ပြောင် ဓာတ်ပုံများ တင်လေ့ရှိပြီး သမ္မတ ရှီကျင့်ဖျင် ၏ပုံကို နှုတ်ခမ်းမွေး တပ်၍ ရုပ်ပြောင် အဖြစ် တင်ပြီးနောက် ဖမ်းဆီး မှုကို ခံခဲ့ရခြင်း ဖြစ်သည်။ တရုတ် နိုင်ငံတွင် ပန်းချီဆရာ များသည် ယခင်က ဖမ်းဆီးခြင်း မခံရဘဲ ၄င်းတို့၏ ကာတွန်းရုပ်ပုံ များကို တင်ခွင့်ရှိ သော်လည်း တင်းကြပ်သည့် သမ္မတ ရှီကျင့်ဖျင် ၏ လက်ထက်တွင် ပန်းချီဆရာ များအတွက် နိုင်ငံရေး အရ အထိအခိုက် မခံသည့် ကဏ္ဍများ၌ ကန့်သတ်မှုများ ရှိလာခဲ့သည်။

တိုင်ကျန်းယုံ သည် ဇနီးဖြစ်သူ နှင့်အတူ ယခင် သမ္မတဟောင်း ဟူကျင်ထောင်း ၏ ရုပ်ပုံကိုလည်း ဖြတ်ညှပ်ကပ် လုပ်၍ ဖော်ပြ ခဲ့သော်လည်း အာဏာပိုင် များထံမှ သတိပေးခြင်း ကိုပင် မခံခဲ့ ရဖူးကြောင်း သိရသည်။

#PyiChitThar

ဗြိတိန်နိုင်ငံမှ ထွက်ပြေးလာခဲ့သူ ဆယ်ကျော်သက် မိန်းကလေးငယ်များ စစ်သွေးကြွများ၏ ဖြားယောင်း၍ လက်သပ် မွေးမြူခြင်း ခံခဲ့ရ


လန်ဒန် ၊ ၂၉-၅-၂၀၁၅

ISIS စစ်သွေးကြွ များနှင့် ပူးပေါင်းရန် ဗြိတိန်နိုင်ငံမှ ထွက်ပြေး လာခဲ့သော ဆယ်ကျော်သက် အရွယ် မိန်းကလေး သုံးဦးသည် ISIS စစ်သွေးကြွ အဖွဲ့၏ သွေးဆောင် ဖြားယောင်း၍ လက်သပ် မွေးမြူခြင်း ခံခဲ့ရခြင်း ဖြစ်ကြောင်း ISIS စစ်သွေးကြွ များလက်မှ ထွက်ပြေးလာသူ အမျိုးသမီး တစ်ဦးက ပြောကြား ခဲ့ကြောင်း ဗြိတိန် သတင်းဌာန က ယမန်နေ့တွင် သတင်းထုတ်ပြန် ခဲ့သည်။

ISIS စစ်သွေးကြွ များသည် ရိုးသားလွန်းသည့် အမျိုးသမီး များကို ၄င်းတို့နှင့် ပူးပေါင်းရန် မြူဆွယ် ဖြားယောင်းလျက် ရှိပြီး ၄င်းတို့အဖွဲ့ အတွင်း၌ အခြားသူများ နှင့် ဆက်ဆံရာတွင် မည်သို့ ပေါင်းသင်း ပြောဆိုရမည် ကို နားလည် တတ်ကျွမ်း ထားသူများ ပါဝင်လျက် ရှိကြောင်း စစ်သွေးကြွများ လက်မှ ထွက်ပြေး လာသော အမ်အက်စ်မာ အမည်ရှိ အမျိုးသမီး တစ်ဦးက ပြောကြား ခဲ့သည်ဟု The Mirror သတင်းဌာန က ဖော်ပြခဲ့သည်။

အမ်အက်စ်မာ သည် ISIS စစ်သွေးကြွ အဖွဲ့တွင် အမျိုးသမီး တပ်ဖွဲ့ဝင်သစ် များကို စုဆောင်းပေး ရသူ တစ်ဦးအဖြစ် တာဝန်ယူခဲ့ပြီး ဗြိတိန် အမျိုးသမီး သုံးဦးကို တူရကီ နယ်စပ်သို့ ဖြတ်ကျော်ခဲ့စဉ် ကလည်း ၄င်းတို့နှင့် ပထမဆုံး ဆက်သွယ်ခဲ့သူ ဖြစ်သည်။ သို့ရာတွင် စစ်သွေးကြွ များထံတွင် ဆက်လက် နေထိုင်လိုခြင်း မရှိသောကြောင့် ယခုကဲ့သို့ ထွက်ပြေး လာခဲ့ခြင်း ဖြစ်ကြောင်း သူမက ဆက်လက် ပြောပြခဲ့သည်။

ISIS စစ်သွေးကြွ အဖွဲ့နှင့် ပူးပေါင်းရန် ထွက်ခွာ လာခဲ့သည့် ဗြိတိန်နိုင်ငံမှ အမျိုးသမီးငယ် များ၏ ကံကြမ္မာကို ယခု အချိန်တွင် အတိအကျ မသိရသေးကြောင်း အမ်အက်စ်မာ က သတင်းဌာနသို့ ပြောပြခဲ့သည်။

အဆိုပါ အမျိုးသမီးငယ် များသည် စစ်သွေးကြွ များနှင့် ပူးပေါင်းရန် လန်ဒန်မြို့မှ တူရကီနိုင်ငံ သို့ ယခုလ အစောပိုင်းက ထွက်ခွာ သွားခဲ့ခြင်း ဖြစ်ပြီး ၄င်းတို့သည် တူရကီ နိုင်ငံမှတစ်ဆင့် အီရတ်နိုင်ငံ အတွင်းသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ယင်း အမျိုးသမီးငယ် များသည် အသက် ၁၆ နှစ် အရွယ်ခန့်သာ ရှိသေးသော်လည်း စစ်သွေးကြွ များနှင့် လက်ထပ်ပြီး ဖြစ်သည်ဟု ယူဆရဖွယ် ရှိကြောင်း သတင်း ထုတ်ပြန်ချက်များ အရ သိရသည်။

#PyiChitThar

ပထမဆုံး ဒါရိုက်တာလုပ် ရိုက်ကူးတဲ့ ဓာတ်လှေကားဆိုတဲ့ ကားလေးအတွက် ပရိသတ် အားပေးမှုကို ရင်ခုန်နေတဲ့ ဒါရိုက်တာ မောင်မျိုးမင်းရဲ့ မျိုးဆက်သစ်လေး ထူးနွယ်အိမ်



ဒါရိုက်တာ မောင်မျိုးမင်းရဲ့ သမီးဖြစ်တဲ့ ထူးနွယ်အိမ်က ဇာတ်ကားတော်တော်များများမှာလဲ ဇာတ်ညွှန်းပိုင်းနဲ့ပတ်သက်ပြီး ပိုင်နိုင်သလို လက်ရှိမှာ ဓာတ်လှေကားဆိုတဲ့ ကားလေးကို လဲ ကိုယ်ပိုင်ဇာတ်ညွှန်း ဒါရိုက်တာလုပ်ပြီး ရိုက်ကူးထားတာကြောင့် ယင်းကားလေးနဲ့ပတ်သက်ပြီး သူမရဲ့ ကြိုးစားအားထုတ်မှုတချို့ကို မေးမြန်းကြည့်မိတဲ့အခါ
-ပထမဦးဆုံး ဖန်တီးရိုက်ကူးထားတဲ့ ဓာတ်လှေကားဆိုတဲ့ ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။
အဲ့ဒီဇာတ်ကားကအခု ဆင်တာတင်ထားပြီ။ ဆင်ဆာကျတာနဲ့ထုတ်မယ်ပေါ့။ ပါဝင်တဲ့ သရုပ်ဆောင်တွေက နေမင်း ၊ ကိုသားညီ၊ ဖူးဖူး၊ မခိုင်နှင်းဝေ တို့ပေါ့။ Suspent ပုံစံလေးပါ။
-အဲ့ဒီကားလေးကို စရိုက်တုန်းက ရရှိခဲ့တဲ့ အတွေ့အကြုံတွေကရော ဘာတွေများဖြစ်မလဲ။
ရိုက်တဲ့အခါမှာ အတွေ့အကြုံက ဘာရှိလဲဆိုတော့ ကိုယ်ပထမဆုံး စရိုက်တဲ့ကားက သဘာဝရှိနေပြီးသား နေရာမျိုးတွေမှာ မဟုတ်ပဲ လိုကေးရှင်းကအစ setting နဲ့လုပ်ရတာ၊ setting ပိရိမှု၊ မပိရိမှုနောက်ပြီးတော့ ရိုက်ရတဲ့ ကားက သာမန်သမရိုးကျ ကားမဟုတ်ပဲနဲ့ လိုကေးရှင်း တစ်နေရာတည်းမှာပဲ တည်ပြီး ရိုက်ရတဲ့ကားဖြစ်တဲ့အတွက် အချိတ်အဆက် အရမ်းလိုတယ်။ ပြီးတော့ အလင်းအမှောင်၊ ကင်မရာ အယူအဆတင်ပြပုံတွေကအစ မမှားအောင်တော်တော် ဂရုစိုက်ရတယ်။ ဘာလို့လဲဆိုတော့ တစ်ခန်းနဲ့တစ်ခန်းနဲ့က ဒီနေရာမှာကြီးပဲဆိုတော့ နည်းနည်းလေးမှ လွဲလို့မရဘူး။ သာမာန်သာဆို ဒီဆင်းန်က အိမ်မှာ ရိုက်မယ်။ နောက်တစ်ဆင်းဆို ကန်တော်ကြီး ဖြစ်ရင်ဖြစ်မယ်။ အဲ့ဒါက ပြသနာမရှိဘူး။ အခုဟာက တစ်နေရာထဲမှာပဲ ရိုက်ရတာဆိုတော့ အမှားအယွင်း ဖြစ်လို့မရဘူး။ ချွေးထွက်တာကအစ ၊ အင်္ကျီလေး နဲနဲစောင်းတာက အစ မရဘူး။ ပြီးတော့ mood ကကျတော့ ဒီနေ့ဒီနေရာမှာပဲ နောက်နေ့ရိုက်ရင်လဲ ပထမနေ့က ဟာကို ဒီဖက်ပြန်ခေါ်ရတာမျိုးတွေ ရှိတယ်။
-ဒီဇာတ်ကားလေးနဲ့ပတ်သက်ပြီး စိုးရိမ်မှု၊ စိတ်ပူမှုကရော ဘယ်လိုရှိလဲ။
အဖေ့ကိုတော့ ဘယ်မှီဦးမလဲ။ ဓာတ်လှေကားဆိုတဲ့ ကားလေးက ပထမဦးဆုံး အတွေ့အကြုံဖြစ်တဲ့အတွက် ပထမဦးဆုံး ကားလေး ထွက်မှပဲ ပရိသတ်ရဲ့ တုံ့ပြန်မှုကို တစ်ခုခု သိရမယ်။ ရင်တထိတ်ထိတ်နဲ့ပဲ မျှော်လင့်ရမှာပေါ့။ ရင်အရမ်း ခုန်နေပါတယ်။
-ဓာတ်လှေကားဆိုတဲ့ ကားလေးက အစ်မ အိုင်ဒီယာလား။ ဦးမျိုးမင်းနဲ့တိုင်ပင်ပြီးမှရိုက်ဖြစ်တာလား။
အဲ့ဒီကားလေးကို ရိုက်ဖို့ကတော့ ကိုယ့်ဟာကိုယ် စဉ်းစားတာပေါ့။ ပြီးတော့ ဇာတ်လမ်းက ဘယ်လို သဘောတရားရှိတယ်။ ဘယ်လိုရိုက်ချင်တယ်ဆိုတာ အဖေ့ကို တိုင်ပင်တယ်။ အဖေက ထပ်ဖြည့်သင့်တာလေးတွေ ထပ်ထည့်သင့်တာလေးတွေကို သူနဲ့တိုင်ပင်ရင်းနဲ့သူက အကြံပေးတယ်ပေါ့။
-ဦးမျိုးမင်းကရော အစ်မကို ဘယ်လိုသင်ကြားလေ့ကျင့်ပေးခဲ့လဲ။
တစ်ကူးတစ်က သင်ကြားပေးခဲ့ရတာတော့ မရှိဘူး။ သူနဲ့အနေများတယ်။ ကျောင်းပြီးတဲ့ အချိန်ကတည်းကလဲ သူ့ရိုက်ကွင်းတွေဆို လိုက်သွားတယ်။ ကြည့်ဖြစ်တယ်။ စိတ်လဲ ၀င်စားတယ်။ အဲ့ဒီကနေပြီးတော့မှ ကူးစက်လာပြီး ရုပ်ရှင်ကားတွေ အများကြီးကြည့်ဖြစ်တယ်။ အဲ့ဒီလိုကြည့်ရင်းနဲ့မှ ကိုယ်ကြိုက်တဲ့ အရာတွေဆို ပညာတွေယူဖြစ်တယ်။ နောက်ကိုယ်ဝါသနာ ပါတယ်ဆိုတာ သူသိလာတော့ ဘယ်ဟာမျိုးတွေကို အတုယူသင့်တယ် ဆိုတာကို ပြောပြလာတယ်။ သင်ပေးတယ် နောက်ဇာတ်ညွှန်းပိုင်းကအစ သင်ပေးတယ်။ ဇာတ်ညွှန်းမနိုင်ပဲ ဒါရိုက်တာလုပ်ရင် လုံးဝ အဆင်မပြေနိုင်ဘူး။ ဇာတ်ကြီးက ဟနေလိမ့်မယ်။ ဇာတ်ကိုနိုင်မှ ကားကောင်းမှာ ဖြစ်တဲ့အတွက် ဇာတ်ညွှန်းပိုင်းက စ၀င်တယ်။ ပြီးတော့ မှ ကင်မရာပိုင်းတွေ editing ပိုင်းတွေကို ဆက်စပ်ပြီးလေ့လာတယ်။
http://www.trend.com.mm/2015/05/29/interviews-6733

ISIS စစ်သွေးကြွ တစ်ရာကျော်ကို အီရတ်တပ်ဖွဲ့နှင့် မဟာမိတ်တပ်များ ဖမ်းဆီး


ဘဂ္ဂဒက် ၊ ၂၉-၅-၂၀၁၅

အီရတ် တပ်ဖွဲ့ဝင်များနှင့် ၄င်းတို့၏ မဟာမိတ် တပ်များသည် နိုင်ငံ အနောက်ဘက် အန်ဘာပြည်နယ် အတွင်း၌ ISIS စစ်သွေးကြွ ၁ဝဝ ကျော်ကို ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

အီရတ် လုံခြုံရေး တပ်ဖွဲ့ဝင် များနှင့် မဟာမိတ် တပ်များသည် ISIS စစ်သွေးကြွ အဖွဲ့ကို မြို့တော်ဘဂ္ဂဒက်၏ အနောက်ဘက် ၁၁ဝ ကီလိုမီတာ အကွာရှိ ရာမာဒီမြို့ ဆင်ခြေဖုံး ဒေသ၌ ဝန်းရံ ခဲ့ပြီးနောက် လက်ရ ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဖမ်းဆီးခံ ISIS စစ်သွေးကြွ များအား အီရတ်တပ်ဖွဲ့ဝင် များက အတန်းလိုက် စီထားသည့် ဗီဒီယို ပြကွက်ကို လက်ဘနွန် အခြေစိုက် အာရပ် ဘာသာဖြင့် ထုတ်လွှင့်သော အယ်လ်မာရာဒင် သတင်းဌာနတွင် ဖော်ပြထားသည်။

ထို့ပြင် အီရတ် တပ်ဖွဲ့ဝင် များသည် အယ်လ်တက်ရှ် နှင့် အယ်လ်ဟူမေရပ်ရှ် ပြည်နယ်များရှိ ISIS စစ်သွေးကြွ များကိုလည်း တိုက်ထုတ် နိုင်ခဲ့ကြောင်း သိရသည်။

#PyiChitThar

ပါတီစည်းကမ်းလိုက်နာမည်ဆိုပါက တပ်ချုပ်ကို လက်ခံမည်ဟု ပြည်ခိုင်ဖြိုး အတွင်းရေးမှူးပြော ။


တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်သည် တပ်မ တော်မှ အငြိမ်းစားယူကာ နိုင်ငံရေး
သမားအဖြစ်ခံယူပြီး ပါတီ၏ စည်းကမ်းများကို လိုက်နာနိုင်မည် ဆိုပါက ပါတီက လက်ခံမည် ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးသိန်းဆွေက သတင်းစာရှင်း လင်းပွဲ၌ သတင်းမီဒီယာများအား ပြောကြားလိုက်သည်။

‘‘သူတပ်မတော်က အငြိမ်း စားယူမယ်၊ နိုင်ငံရေးသမားအဖြစ် ခံယူမယ်၊ ပါတီရဲ့
စည်းကမ်းကို လိုက်နာနိုင်မယ်ဆိုရင် ကျွန်တော် တို့ တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်မှ မဟုတ်ပါဘူး။ ရဲဘော်အ ဆင့်လည်း လက်ခံနိုင်ပါတယ်။ အရပ်သားကို
လည်း လက်ခံနိုင်ပါ တယ်’’ဟု ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြောရေး
ဆိုခွင့်ရှိသူ ဦးသိန်းဆွေက မေလ ၂၉ ရက်က နေပြည်တော်ရှိ လွှတ်တော်အဆောက်
အအုံဝင်းအတွင်း ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခြင်း ဖြစ်သည်။

မေလ ၂၉ ရက်က ပြုလုပ် သော အဆိုပါသတင်းစာရှင်းလင်း ပွဲတွင် သတင်းမီဒီယာ
တစ်ခုက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်
ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး
ပါတီက လက်ခံပါမည်လားဆိုသော မေးခွန်းကို ဦးသိန်းဆွေက အထက်ပါအတိုင်း
ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် လာမည့် အထွေထွေ ရွေးကောက်ပွဲတွင် တပ်မတော်အ ရာရှိ ၁၀၀ ခန့်သည်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ရန်
ရှိသည်ဆိုသော သတင်းများထွက်ပေါ်နေမှုသည် မမှန်ကန်ကြောင်း ဦးသိန်းဆွေ
က ပြောသည်။

‘‘အယောက် ၁၀၀ လောက်ဝင်မယ်ဆိုတာတော့ မမှန်ပါဘူး။ အခုအချိန်ထိ ဘယ်သူ
ဝင်မလဲဆိုတာကို တိတိကျကျမသိသေးပါဘူး။ ကျွန်တော်တို့ ပါတီတွင်းမှာလည်း
ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်တွေကို ရွေးချယ်ဆဲပဲ ဖြစ်ပါတယ်’’
ဟု ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအတွင်းရေးမှူး ဦးသိန်းဆွေက
ဆိုသည်။

လက်ရှိတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်သည် ယခုနှစ် အတွင်း ကျင်းပမည့်
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံမည်
ဖြစ်ကြောင်း အတည်မပြုနိုင်သော သတင်းထွက်ပေါ်မှုများရှိခဲ့သည်။

ယခုလအတွင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒုဗိုလ်ချုပ်ကြီး
ဝေလွင်က မိမိအနေဖြင့် ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်ရန်ရှိကြောင်း ထုတ်
ဖော်ပြောကြားခဲ့ပြီး တပ်မ တော် ထိပ်ပိုင်းခေါင်းဆောင်အ ချို့လည်း ယှဉ်ပြိုင်ဖွယ်
ရှိနိုင်သည်ဟု ပြောကြားခဲ့သည်။ အာဏာရပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်
ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပြီးခဲ့သည့် တပ်မတော်အစိုးရလက်ထက်က ဖွဲ့စည်း
ခဲ့သော ပါတီဖြစ်ပြီး ပါတီခေါင်းဆောင်ပိုင်းများသည် ယခင်အစိုးရလက်ထက်
က တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် အရာရှိကြီးများ ဖြစ်ကြသည်။

သတင်းဓါတ်ပုံ-ရန်မျိုးနိုင် ( 7 Day )

သန်းခေါင် စာရင်း ပင်မ အစီရင်ခံစာ ထုတ်ပြန်


ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ နိုင်ငံတော် တည်ဆောက်ရာမှာ တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးမှု အတွက် သန်းခေါင်စာရင်းဟာ အရေးပါတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်ပါတယ်။ ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားမှာ ပြောဆိုလိုက်တာပါ။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ အကြံပေး ပုဂ္ဂိုလ် ကလည်း နှစ်ပေါင်း ၃၀ ကျော်ကြာမှ ပထမဆုံး အကြိမ် ပြန်လည် ကောက်ခံ တဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ထုတ်ပြန်နိုင်ခြင်း အပေါ် ချီးကျူးလိုက်ပါတယ်။ အပြည့်အစုံကိုတော့ VOA သတင်းထောက် မသိင်္ဂီလင်းက ပြောပြပေးပါမယ်။

ဆယ်စုနှစ် ၃ စုကျော် အကြာမှ ပြန်လည်ကောက်ခံနိုင် တဲ့ ပြည်လုံးကျွတ် သန်းခေါင် စာရင်းဟာ တိုင်းရင်သား လူမျိုးစုတွေ တိုးတက်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး တို့အတွက် အရေးကြီးတယ်လို့ သမ္မတဦးသိန်းစိန်က အခုလို ပြောဆို လိုက်ပါတယ်။

" တိုင်းရင်းသား မျိုးနွယ်စု များ၏ ရိုးရာ ယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း လူဦးရေစာရင်းများက အဓိက အထောက် အကူပေးမည်ဖြစ်ပါတယ်။ မကြာမီ ပေါ်ပေါက်လာမည့် နိုင်ငံရေးဆွေးနွေးပွဲများက တဆင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက် ရာတွင် မလွဲမသွေကြုံ တွေ့ရမည့် တိုင်းရင်းသား မျိုးနွယ်စုများ ပြဌာန်းသတ်မှတ်ခြင်းကိစ္စ အတွက် နိုင်ငံရေး သဘော တူညီချက် များကို အခြေခံပြီး ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း အစရှိသည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်ရာတွင် လူဦးရေ စာရင်းများကို အခြေခံ ညှိနှိုင်းကြရမည် ဖြစ်ပါတယ်။"

သန်းခေါင်စာရင်းကောက်ယူရာမှာ မြန်မာအစိုးရနဲ့ပူးတွဲဆောက်ရွက်ခဲ့တဲ့ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ကလည်း လူဦးရေစာရင်းဟာ လူမှုရေး၊ စီးပွားရေး စတဲ့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် အရေးပါတယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် Vijay Nambiar ကတော့ သန်းခေါင် စာရင်းကောက်ယူနိုင်မှု ကို ချီးကျူးပြောဆိုပြီး လိုအပ်ချက်တွေတော့ ရှိနေသေးတယ်လို့ သုံးသပ်ပါတယ်။

"အခုလက်ရှိထွက်လာတဲ့ သန်းခေါင်စာရင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက လူဦးရေစာရင်း မပါဝင်နိုင်သေးတာကတော့ အဓိကပြသနာတစ်ခုဖြစ်နေပါတယ်တဲ့။ ဒါပေမယ့် စာရင်း မကောက်ယူနိုင်ခဲ့သေးပေမယ့် ရခိုင်ပြည်နယ်တွင်း လူဦးရေကောက်ကွက်မြေပုံ ထည့်သွင်းရေးဆွဲနိုင်ခဲ့တာကြောင့် အနာဂတ်မှာတော့ ထပ်မံ ဖြည့်သွင်းနိုင်မယ်လို့ ယုံကြည်ပါတယ်တဲ့။ ဒီ ရခိုင်ပြည်နယ်မြောက်ပိုင်းက လူဦးရေစာရင်း မပါလာတာဟာ အခုထွက်လာတဲ့ သန်းခေါင်စာရင်းရဲ့ အားနည်းချက် တစ်ခုဖြစ်နေပေမယ့် သန်းခေါင်စာရင်းရဲ့ ၉ ၈ ရာခိုင်နှုန်းလောက် ကတော့ နိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီပြီး အောင်မြင်မှု တစ်ရပ်ဖြစ်တယ်လို့ပြောသွားတာပါ။"

ဒီနေ့ထုတ်ပြန်လိုက်တဲ့ ပင်မအစီရင်ခံစာမှာတော့ မြန်မာတစ်နိုင်ငံလုံးရဲ့ လူဦးရေ၊ လူဦးရေတိုးနှုန်း၊ မြို့ပြ နဲ့ကျေးလက်နေ လူဦးရေ၊ ကျား မ ဦးရေ၊ လူဦးရေအချိုးပိရမစ်၊ ကလေးမွေးဖွားနှုန်းနဲ့သေဆုံးသူဦးရေ စတဲ့အချက်အလက်တွေကို အသေးစိတ်ဖော်ပြထားပါတယ်။

လာမယ့် ၂၀၁၆ ခုနှစ်ထဲမှာထပ်မံထုတ်ပြန်မယ့် ဘာသာရေးကိုးကွယ်မှုဆိုင်ရာ အချက်အလက်တွေနဲ့ တိုင်းရင်းသားမျိုးနွယ်စုဆိုင်ရာ အချက်အလက်တွေကိုလည်း စောင့်ကြည့်ဖို့ လိုအပ်ကြောင်း နိုင်ငံခြားရေး ဒုဝန်ကြီး ဦးသန့်ကျော်က အခုလို ပြောပါတယ်။

"ဒီနေ့ ဝန်ကြီးဦးခင်ရီ ရှင်းသွားတဲ့ အထဲမှာ ethnicity ပေါ့နော်။ အဲ့တာနဲ့ ပတ်သက်ပြီးတော့ လာမယ့် ၂၀၁၆ မှာ အသေးစိတ် ထုတ်ပြန်မယ် လို့ ပြောသွားတာရှိပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ အသေးစိတ် စာရင်းကို လာမယ့်နှစ် ၂၀၁၆ ထုတ်တဲ့အထိ စာရင်းဇယားတွေ အားလုံး ပြည့်စုံတဲ့ အထိကို စောင့်ကြည့်ပြီးတော့မှ ထုတ် တာက ပိုကောင်းမယ်လို့ ကျနော်ထင်ပါတယ်။ "

တချိန်တည်းမှာပဲ ဒီမေလ ၃၁ ရက်နေ့နောက်ဆုံး ပြန်လည် အပ်နှံရမယ့် နိုင်ငံခြားသားတွေ ကိုင်ဆောင်တဲ့ ယာယီ သက်သေခံလက်မှတ် White Card တွေရဲ့ နောက်ဆုံး အခြေအနေအကြောင်း VOA ရဲ့ မေးမြန်းချက်ကိုတော့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည့်သူ့အင်အား ဝန်ကြီးဦးခင်ရီက အခုလိုဖြေကြားပါတယ်။

"အခု မေလ ၃၁ရက်နေ့မှာ White Card ကဒ် သက်တမ်း ကုန်တယ်လို့ သတ်မှတ်ပါတယ်။ အပ်နှံကာလကို နှစ်လ ထားပါတယ်။ မေ ၃၁မှာ အပ်နှံလို့ရှိရင် ပြီးပါပြီ။ အခုကျနော်တို့ဆီမှာ လေးသိန်းတစ်သောင်း ငါးထောင်ကျော် မနေ့က ကျနော်တို့ လက်ခံရရှိပြီးဖြစ်ပါတယ်။ တချို့နေရာတွေမှာ ကျန်နေပါသေးတယ်။ တချို့ကလည်း သေသွားတဲ့သူရှိတယ်။ တချို့ကလည်း ကဒ်ပိုရှိတယ်ပေါ့ လာပြီး သတင်းပို့တာတွေရှိပါတယ်။ ဒါတွေက လက်မှတ်ကိုင်ထားလို့ရှိရင် ဆက်ပြီးတော့ နိုင်ငံသားစိစစ်ရေး ခံရမှာပဲ။ နိုင်ငံသား စိစစ်ရေး ခံမယ်ဆို ၈၂ ဥပဒေအတိုင်း ဘယ်သူကဖြင့် နိုင်ငံသားဖြစ်မယ်။ ဘယ်သူကဖြင့် နိုင်ငံသားမဖြစ်ဘူး ဒီလိုဖြစ်မယ်။"

အစိုးရဟောင်းတွေလက်ထက် အဆက်ဆက်မှာတော့ နိုင်ငံခြားသားတွေအတွက် ယာယီသက်သေခံလက်မှတ်ပေါင်း ၇ သိန်းခန့် ထုတ်ပေးထားခဲ့ တာလည်းဖြစ်ပါတယ်။ အရင်က မြန်မာနိုင်ငံမှာ လူဦးရေသန်း ၆၀ ရှိတယ်လို့ခန့်မှန်း ထားခဲ့ပေမယ့် နှစ်ပေါင်း ၃၀ကျော် အကြာမှ ပြန်လည်ကောက်ခံ တဲ့ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ လက်ရှိ လူဦးရေ ၅၁.၈သန်းရှိနေပြီး နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု ပိုမိုထိရောက်စေဖို့အတွက် လူမှုစီးပွားရေးအချက်အလက် အတိအကျကို ဒီကနေ့ ထုတ်ပြန်လိုက် တာဖြစ်ပါတယ်။

သိင်္ဂီလင်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

လူမှောင်ခိုတင် စက်လှေပိုင်ရှင် ရန်ကုန်တွင် ဖမ်းမိ

ဓာတ်ပုံ (အမ်အိုအိုင်)

ရခိုင်ပြည်နယ်၊ မောင်တောမြို့အနီး ပင်လယ်ပြင်မှာ ဖမ်းမိခဲ့တဲ့ လူမှောင်ခိုတင် စက်လှေပိုင်ရှင် ထိုင်းနိုင်ငံ သားကို ရန်ကုန်မြို့မှာ မေ၂၉ရက်က ဖမ်းမိတယ်လို့ ပြည်ထဲရေး ၀န်ကြီး ဌာနက သတင်း ထုတ်ပါတယ်။

စက်လှေပိုင်ရှင်မှာ ထိုင်းနိုင်ငံ သား အမှတ် ၂၄၆ မိုဆောင်လမ်း ဘနွန်းရပ်ကွက် ရနောင်းမြို့ ထိုင်းနိုင်ငံတွင်နေထိုင်သူ အုမင့်(ခ) ဖိမင့်(ခ) စိုးဝင်း(ခ) နိုင်နုတ်ဖထွန်စံတွန်လို့ ဆိုပါတယ်။

သူဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ လူမှောင်ခိုများနှင့် ချိတ်ဆက်ပြီး ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကို လူမှောင်ခို ပို့ဆောင်နေ တာလို့ ဆိုပါတယ်။

သူ့ကို ဖမ်းမိဖို့ မြန်မာနဲ့ ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့တို ချိတ်ဆက်ဖော်ထုတ်ချက်အရ မေ ၂၉ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် မင်္ဂလာဒုံမြို့နယ် လေးထောင့် ကန်ရပ်ကွက် လေးထောင့်ကန် လမ်းဆုံရှိ မဟာနွယ် လက်ဖက်ရည် ဆိုင်မှာ ဖမ်းမိခဲ့တာလို့ သတင်းမှာ ဖော်ပြထားပါတယ်။

မေ ၂၁ ရက်က ရခိုင်ပြည်နယ် မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာ အနောက်ဘက် မြန်မာ့ ရေပိုင်နက်အတွင်း ဘင်္ဂလီလူမျိုး ၂၀၈ ဦးပါ တင်ဆောင်လာတဲ့ လူမှောင်ခိုစက်လှေကို တပ်မတော် ရေယာဉ်က တွေ့ရှိကယ်ဆယ်ခဲ့ပြီး စက်လှေလုပ်သားနဲ့ စကားပြန်တွေကို စစ်ဆေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ကပ္ပလီပင်လယ်ပြင်အတွင်း လူမှောင်ခိုကူးခံရသူ ထောင်နဲ့ချီ မျောပါနေကြတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် ခဲ့ပြီးနောက် ဒေသတွင်း လူမှောင်ခိုကူးသူတွေကို ထိုင်းနဲ့ မလေးရှားနိုင်ငံတို့မှာ ဖော်ထုတ်ဖမ်းဆီး အရေးယူမှုတွေ ဆက်တိုက်ပြုလုပ်နေပြီး မြန်မာနိုင်ငံမှာ ပထမဆုံး တရားခံ ဖော်ထုတ် ဖမ်းဆီးမိတာ ဖြစ်ပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no

အိန္ဒိယ အပူလှိုင်း လူ ၁၈၀၀ကျော် သေဆုံး

အိန္ဒိယ အပူလှိုင်း ကျရောက်။ (မေ ၂၅၊ ၂၀၁၅)
အိန္ဒိယနိုင်ငံမှာ အပူဒဏ်ကြောင့် သေဆုံးသူပေါင်းဟာ လူပေါင်း ၁၈၀၀ ကျော် သွားပြီ ဖြစ်တဲ့အကြောင်း အစိုးရတာဝန်ရှိသူတွေ ဒီကနေ့ပဲ ပြောဆို လိုက်ပါတယ်။ ပြင်းထန်လှတဲ့ အပူဒဏ်ကြောင့် သေဆုံးကြရသူ အများစုကတော့ နိုင်ငံတောင်ပိုင်းက Andhra Pradesh နဲ့ Telangana ပြည်နယ်တွေမှာ ဖြစ်ကြပါတယ်။

အပူလျှပ်တဲ့ဒဏ်ကို ဆင်းရဲသားတွေနဲ့ အိုးမဲ့အိမ်မဲ့တွေ ပိုခံကြရပြီး ဒီလူတွေ ဟာ ဆေးရုံတွေ မှာ သေကြတာမျိုး မဟုတ်တဲ့အတွက်၊ လက်တွေ့မှာ သေဆုံးသူ အရေအတွက်ဟာ ဒီထက်တောင် ပိုများနိုင်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောဆိုနေကြတာပါ။ အိန္ဒိယ အာဏာပိုင်တွေကတော့ လူတွေ အရိပ်ထဲမှာ နေကြဖို့၊ ခေါင်းမှာ တခုခုဆောင်း ထားကြဖို့နဲ့ ရေများများ သောက်ကြ ဖို့လည်း နှိုးဆော်ထားပါတယ်။

အိန္ဒိယနိုင်ငံမှာ အပူချိန်ဟာ ၄၃ degree Celsius ကျော် တ၀ိုက်မှာ ရှိနေတာ သီတင်းတပတ်လောက် ရှိနေပါပြီ။ နေရာတော်တော်များများမှာ အပူချိန်ဟာ စံချိန်ချိုးလောက်အောင် မြင့်တက်ခဲ့တယ်လို့လည်း အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ နိုင်ငံအနှံ့ ရေပြတ်လပ်မှုနဲ့ သီးနှံတွေ အပူလောင်တဲ့ဒဏ် ခံနေရတယ်လို့လည်း လူတွေက ပြောနေကြပါတယ်။ နယူးဒေလီမြို့တော်မှာတော့ လေအေးစက်တွေ ဖွင့်ကြတဲ့အတွက် လျှပ်စစ်မီး သုံးစွဲမှုတွေ ပိုများလာရာက၊ မီးပြတ်လပ်မှုတွေနဲ့ ကြုံနေရပြီး လူပေါင်းထောင်နဲ့ချီ လျှပ်စစ်မီးမရပဲ ဖြစ်နေရပါတယ်။

မကြာခင် ရက်တွေအတွင်းမှာတော့ အပူဒဏ် အပြင်းထန်ဆုံး ခံနေရတဲ့ နိုင်ငံတောင်ပိုင်းမှာ မုတ်သုံရာသီမိုး ၀င်ရောက်လာမယ်လို့ ခန့်မှန်းထားပြီး၊ နောက်ပိုင်း တနိုင်ငံလုံးမှာ ဆက်လက်မိုးရွာသွန်းမယ်လို့လည်း မျှော်လင့်ထားကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မြန်မာနိုင်ငံလူဦးရေ ၅၁ သန်းခွဲနီးပါး ရှိကြောင်း သတင်းထုတ်ပြန်

၂ဝ၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာရှင်းလင်းပွဲကို နေပြည်တော်မှာ မေလ ၂၉ ရက်နေ့က ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်စဉ် Photo: Myo Thant Khaing/ RFA
မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ ဒသမ ၅ သန်းနီးပါးရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

၂ဝ၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာကို နေပြည်တော်မှာရှိတဲ့ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာမှာ ဒီနေ့ ထုတ်ပြန်လိုက်တာပါ။

ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုကနေရရှိလာတဲ့ လူဦးရေစာရင်းဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဆောင်ရွက်ဖို့ အကျိုးရှိမှာဖြစ်တယ်လို့ နိုင်ငံတော် သမ္မတဦးသိန်းစိန်က အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

"လူမှုရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ်မှာ အဓိကထားတယ်၊ ပညာရေးပြောင်းလဲမှု ဆိုင်ရာလုပ်ငန်းစဉ်တွေများ တိုင်းရင်းသားမျိုးနွယ်စုများရဲ့ ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များ ဆောင်ရွက်နေပါတယ်၊ လူဦးရေစာရင်းများ အဓိကအထောက်အကူ ဖြစ်မှာဖြစ်ပါတယ်၊ ဒါကြောင့်မို့လည်း ပေါ်ပေါက်လာမယ့် နိုင်ငံရေးဆွေးနွေးပွဲများမှကနေတဆင့် ဖက်ဒရယ်စနစ်ကို အခြေခံပြီးတော့ ပြည်ထောင်စုကို တည်ဆောက်လို့ရပါတယ်"

ဒီနေ့ထုတ်ပြန်တဲ့အစီရင်ခံစာဟာ ပြီးခဲ့တဲ့နှစ် မတ်လ ၂၉ ရက်နေ့ကနေ ဧပြီလ ၁ဝ ရက်နေ့အထိ ကောက်ယူ ထားတာဖြစ်ပြီး အမျိုးသား ၂၄ သန်းကျော်နဲ့ အမျိုးသမီး ၂၆ သန်းကျော်ရှိပြီး အမျိုးသမီးဦးရေဟာ ၂ သန်းနီးပါး ပိုများပါတယ်။

လက်ရှိထုတ်ပြန်ချက်ဟာ လုံခြုံရေးအခြေအနေအရ စာရင်းမကောက်ယူနိုင်ခဲ့တဲ့ ကချင်၊ ကရင်နဲ့ ရခိုင်ပြည်နယ်ဒေသအချို့က ခန့်မှန်းလူဦးရေ ၁ သန်းကျော်ကို ထည့်သွင်းထားတာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အိမ်ပိုင်ဆိုင်သူဟာ လူဦးရေစုစုပေါင်းရဲ့ ၈၅ ရာခိုင်နှုန်းရှိပြီး လျှပ်စစ်မီးသုံးစွဲနိုင်မှုဟာ ၃၂ ရာခိုင်နှုန်းကျော်ရှိတယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။

RFA Burmese
http://www.rfa.org/burmese