Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label Party. Show all posts
Showing posts with label Party. Show all posts

Sunday, May 19, 2019

စစ်ဗိုလ်ချုပ်ဟောင်းတွေ ပါဝင်တဲ့ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ မှတ်ပုံတင်ရရှိ


လွှတ်တော်တွင်းက တပ်မတော်သားကိုယ်စားလှယ်များ
အငြိမ်းစား စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားသော အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မေလ ၁၇ ရက်က တရားဝင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ချပေးလိုက်ပြီ ဖြစ်ပါတယ်။

အဲဒီပါတီမှာ ဗိုလ်ချုပ်ဟောင်း ဦးစိုးမောင်က ပါတီခေါင်းဆောင် အဖြစ် ပါဝင်ပြီး ပြည်ထောင်စု ရာထူးဝန် ဥက္ကဋ္ဌ ဟောင်းလည်းဖြစ် ဗိုလ်ချုပ်ဟောင်းလည်းဖြစ်သူ ဦးကျော်သူက ဒုတိယခေါင်းဆောင် အဖြစ် ပါဝင်ပြီး၊ စာရင်းစစ်ချုပ် တာဝန်ယူခဲ့တဲ့ အငြိမ်းစားဗိုလ်ချုပ် လွန်းမောင် ပါဝင်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောပါတယ်။

ဗိုလ်ချုပ်ဟောင်း ဦးစိုးမောင်ဟာ သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် သမ္မတ ရုံးဝန်ကြီးဟောင်း ဦးစိုးမောင်ဖြစ်ပြီး ပါတီဌာနချုပ်ကိုတော့ နေပြည်တော်မှာ ထားရှိမယ်လို့ သိရပါတယ်။

အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီကို ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ လမ်းညွှန်မှုနဲ့ ဖွဲ့စည်းခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ပါတီတည်ထောင်သူ အများစုဟာ တပ်မတော်က ဗိုလ်ချုပ် အငြိမ်းစားတွေ ဖြစ်တဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲ ဝင်တဲ့ အခါမှာလည်း တပ်မတော်က အငြိမ်းစားတွေ ပါဝင်လာသလို လက်ရှိမှာလည်း နိုင်ငံရေး စိတ်ဝင်စားတဲ့ လူငယ်တွေကို ပါတီဝင်အဖြစ် ကမ်းလှမ်းဖို့ ဆောင်ရွက်နေတာတွေ ရှိနေပါတယ်။

BBC Burmese
https://www.bbc.com

Thursday, May 16, 2019

အရက်သေစာသောက်စားပြီး ဘုန်းကြီးကျောင်းသို့သွား၍ NLD စည်းမှူးအောင်ကိုလတ်မှ ဝါးလုံးဖြင့် ရိုက်နက်


ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့နယ်
ကမကိုင်အုပ်စု တံခွန်တိုင်ကျေးရွာတွင် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော (ကျောင်းလုပ်သား)ပညာရေးဝန်ထမ်းဖြစ်သူ မန်းစိန်သောင်းရွှေအား (ပုံပါဒဏ်ရာများနှင့်သူ) ကမကိုင်အုပ်စု တံခွန်တိုင်ကျေးရွာ NLD စည်းမှူးအောင်ကိုလတ်မှ ဝါးလုံးဖြင့် ရိုက်နက်ခြင်းဖြစ်ပါသည်။မန်းစိန်သောင်းရွှေ မှာ အရက်သေစာသောက်စားပြီး ဘုန်းကြီးကျောင်းသို့သွား၍ ရိုက်နှက်ခြင်းဖြစ်သည်ဟုသိရပါသည်။မည်သည့်အကြောင်းနှင့်ဖြစ်စေ ပစ်မှူ ရှိပါက တရားဥပဒေအတိုင်းအရေးယူဆောင်ရွက်နိုင်ပါလျက်နှင့် ယခုကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်ပြီး
အနိုင်ကျင့်ရိုက်နက်ခြင်းပြုသည်မှာ လုံးဝ တရားမှတမှူမရှိပါ။ NLD ပါတီအရှိန်အဝါကိုတလွဲအသုံးချပြီး ပါဝါပြလိုသည်မှာထင်ရှားစေပြီး ပါတီဂုဏ်သိက္ခာငြိုးနွမ်းထိခိုက်စေပါသည်။ ထို့ကြောင့် အမှန်တရား ချစ်မြတ်နိုးသူများနှင့် အမှန်အတိုင်းတရားမျှတစွာဖြစ်ပေါ်စေရေးအတွက် ဝိုင်းဝန်းကူညီ
ရှယ်ပေးနိုင်ပါရန် တောင်းဆိုအပ်ပါသည်။သတင်းမီဒီယာများကိုလည်း ဖိတ်ခေါ်အပ်ပါသည်။
တည်ဆဲဥပဒေများနှင့်အညီသက်ဆိုင်ရာတာဝန်ရှိသူများကူညီစေချင်ပါတယ် လူ့အခွင့်အရေးကူညီပေးသူများသတင်းမီဒီယာသမားများလည်းလာရောက်စေချင်ပါတယ်
ပညာရေးမိသားစုများကလည်းဝိုင်းဝန်းကူညီစောင့်ရှောက်ပေးစေချင်ပါတယ်။
.....................
ဒီအောက်ကစာက ရိုက်သူရေးတဲ့စာ
Online ပေါ်ကနေဖွချင်တယ်ဆိုရင်လည်း ဂုဏ်သိက္ခာရှိရှိလေးတော့ လုပ်စေချင်ပါတယ်။ ငါနဲ့ ပါတီမတူလို့ဆိုပြီး လုပ်ရင်တော့ ကိုယ့်ရဲ့ စိတ်ဓာတ်ကိုဖော်ပြနေတယ်လို့ပဲမှတ်ပါတယ်..
ဒီဖြစ်စဉ်ကို သေသေချာချာကောစုံစမ်းပြီးပီလား မေးပါရစေ...
တံခွန်တိုင်ဆရာတော်သက်သေရှိတယ်၊ အုပ်ချုပ်ရေးမှူးသက်သေရှိတယ်၊ ဘုရားရင်ပြင်လုပ်နေတဲ့ ပန်းရံအဖွဲ့သက်သေရှိတယ်၊ ကပ်ပိယမန်းမိချောင်းသက်သေရှိတယ်.. ဖြစ်စဉ်က ၁၄.၅.၂၀၁၉ ရက်နေ့ ညနေမိုးချုပ်ခါနီး.. ကျောင်းလုပ်သား စိန်သောင်းရွှေ ဟာ အရက်မူးပြီးတော့ ဘုန်းကြီးကျောင်း စေတီဘုရားရင်ပြင်ပြုပြင်နေတဲ့နေရာကိုရောက်လာတယ် ရင်ပြင်မှာ ကွန်ကရစ်လောင်းပြီးခါစအပေါ်ကို ခြေထောက်နဲ့လိုက်နင်းတယ်.. ဆရာတော်ကဒေါသဖြစ်ပြီးဆူတယ် ပြန်ခိုင်းတယ် အုပ်ချုပ်ရေးမှူးက စိန်သောင်းရွှေ လက်ကိုဆွဲပြီး ဆွဲခေါ်ထုတ်တယ် မရဘူး ဟိုသွားဒီသွားလုပ်တယ် အုပ်ချုပ်ရေးမှူးက မင်းက ဗုဒ္ဓဘာသာမဟုတ်ဘူးလား၊ မင်းလူလိုနားလည်လေလို့ပြောပြီးဆူတယ်၊ သူက အုပ်ချုပ်ရေးမှူးကို မင်းကကော ငါးပါးသီလနားလည်လို့လားပြန်ပြောတယ်၊ အုပ်မှူးက မင်းဘာလာလုပ်တာလဲ ပြန်တော့လို့ပြောတော့ မပြန်နိုင်ဘူး ငါပြန်ချင်မှပြန်မယ်တဲ့ မင်းကို ဘုန်းကြီးရိုက်လိမ့်မယ်ပြောတော့ ဘုန်းကြီးတွေဘာတွေနားမလည်ဘူးကွတဲ့.. ဒါနဲ့ အုပ်ချုပ်ရေးမှူးက သူ့ကျောကုန်းကို လက်ဝါးနဲ့ရိုက်တော့ အုပ်ချုပ်ရေးမှူးကို လက်သီးနဲ့ပြန်ထိုးဖို့လုပ်တယ်..ပတ်ဝန်းကျင်မှာ ဟိုဆွဲဒီဆွဲလိုက်ဆွဲတယ် ပြန်ပြီးတော့ကြိမ်းဝါးတယ်၊.. ဒီကောင်တော်တော်လွန်လာလို့ ကျွန်တော်က အနားမှာရှိတဲ့ ဓနိထိုးတံအပိုင်းနဲ့ ခလေးကိုရိုက်သလိုရိုက်တယ် သူကပြန်လုပ်ဖို့ကြိုးစားသေးတယ် ဒါနဲ့ အချက်ရေများများလေးရိုက်ပလိုက်တယ် အင်္ကျီမပါ ဘောင်းဘီတိုနဲ့ ဆိုတော့ အရှိုးရာထင်တယ်.. ဒီလိုရမ်းကားနေတဲ့လူတယောက်ကို ဒီလိုဆုံးမမိတာ လွန်တယ်ထင်ရင်တော့.. မတက်နိုင်ဘူးလေ..ဒီအပြင်ဘုန်းကြီးကျောင်းတက်မလာခင်မှာလည်း ရွာလမ်းပေါ်မှာတုံးလုံးလှဲပြီးတော့ ဒိန်းဒေါင်းတွေ၊ ဆိုင်ကယ်တွေ ငါ့ကိုဝင်တိုက်ကြဆိုပီး ရမ်းနေတယ် ဒါက ရွာကလူတွေပြန်ပြောပြလို့ နောက်မှသိရတာ..
လူ့အခွင့်အရေးအကြောင်းလာမပြောနဲ့ ကျွန်တော်က လူ့အခွင့်အရေးနဲ့ပြည်သူကောင်းကျိုးအတွက် နေ့စဉ်တိုင်းလုပ်နေတဲ့သူ.. ကျွန်တော်အကြောင်းကို ဒေသကပြည်သူအများသိတယ်.. အခုလည်း နေပူထဲမှာပဲ အများအကျိုးအတွက်အလုပ်လုပ်နေပါတယ်။

ကျွန်တော် အပေါ်မှာတင်ပြထားတာတွေကို ဟုတ်မဟုတ်သိချင်တယ်ဆိုရင်တော့ တံခွန်တိုင်ရွာ အောင်တံခွန်ဆရာတော်ထံ ဖုန်းဆက်မေးကြည့်လိုက်ပါ။

ဆရာတော်အရှင်နာရဒ ph 09,783663670
ကမကိုင်အုပ်ချုပ်ရေးမှူး ph 09,783828794

လုပ်ကြံခံရခြင်းဘေးမှကင်းဝေးရပါလို၏
AungKoLatt
ph 09,791400361





Monday, May 6, 2019

တိုင်းဒေသကြီး ခုနှစ်ခုမှာ UBP ပါတီ ရုံးဖွင့်သွားမည်

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ခေါင်းဆောင် သူရဦးရွှေမန်း ကို တွေ့ရစဉ် /Photo: Aung Thain Kha/ RFA
သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP ပါတီဟာ လာမယ့် နှစ်လအတွင်း တိုင်းဒေသကြီး ခုနှစ်ခုမှာ ပါတီရုံးတွေ ဖွင့်သွားမယ်လို့ သိရပါတယ်။

နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီရုံးချုပ်မှာ မနေ့ကနဲ့ ဒီကနေ့ ပြုလုပ်တဲ့အစည်းအဝေးမှာ တိုင်းဒေသကြီးတွေမှာ နှစ်လအတွင်း ပါတီရုံးခန်း ဖွင့်လှစ်ဖို့၊ ပါတီတွင်း အရည်အသွေးမြှင့်သင်တန်းတွေပြုလုပ်ဖို့ ဆွေးနွေးခဲ့တယ်လို့ ပါတီထူထောင်ရာမှာ ပါဝင်တဲ့ ဦးဝင်းဦးက ပြောပါတယ်။ ပြည်နယ်တွေမှာ ရုံးခန်းဖွင့်လှစ်မလားဆိုတာကိုတော့ ပြောဆိုခြင်းမရှိပါဘူး။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ရွေးကောက်ပွဲကော်မရှင်ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ပါတီတည်ထောင်ခွင့်ပြုလိုက်တာဖြစ်ပြီး ပထမဆုံးအကြိမ် အစည်းအဝေး လုပ်တာလည်းဖြစ်ပါတယ်။

လက်ရှိမှာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှာ ပါတီဥက္ကဋ္ဌတွေ၊ အလုပ်အမှုတွေ မရွေးချယ်ရသေးဘဲ သူရဦးရွှေမန်းနဲ့ ပြီးခဲ့တဲ့ ပထမအကြိမ်လွှတ်တော်မှာ ပါဝင်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်းတွေ ပါဝင်မှာဖြစ်ပါတယ်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဟာ လာမယ့် ၂၀၂၀ အထွေထွေရေးကောက်ပွဲမှာ တိုင်းဒေသကြီးတွေမှာ အဓိကထား ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

RFA Burmese
https://www.rfa.org

Friday, April 26, 2019

NLD ကိုပြိုင်ဖို့ဖွဲ့တဲ့ ၉၀ အမတ်တွေရဲ့ပါတီက ဘယ်သူတွေပါမှာလဲ


၁၉၉၀လွှတ်တော်အမတ်ဟောင်းများအစည်းအဝေးပြုလုပ်စဉ်
လာမဲ့၂၀၂၀ ရွေးကောက်ပွဲ မှာ လက်ရှိ အာဏာရ ပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ယှဉ်ပြိုင်မယ် ဆိုပြီး ၁၉၉၀ လွှတ်တော် ကိုယ်စားလှယ် အမတ်ဟောင်းတွေနဲ့ ဖွဲစည်းထားတဲ့ နိုင်ငံရေးပါတီ အသစ် အမည် ပေးလိုက်ပါ ပြီ။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ United Nationalities Democracy Party- UNDP လို့ အမည်ပေးထားတယ်လို့ ပါတီ တည်ထောင်ရေးခေါင်းဆောင်လည်းဖြစ်၊ ၁၉၉၀ အမတ်ဟောင်းလည်းဖြစ်သူ ဦးဒေးဗစ်လှမြင့်က ဘီဘီစီကို ပြောပါတယ်။

ပါတီတစ်ခုတည်ထောင်ခွင့်ကို မတ်လ ၂၂ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို လျှောက်ထားခဲ့တာ လို့ လည်းသူက ပြောပါတယ်။

ပါတီတည်ထောင်ခွင့်ပြုဖို့ ရွေးကောက်ပွဲကော်မရှင်ကိုတင်တဲ့နေရာမှာတော့ ၁၉၉၀အမတ်ဟောင်း ၂ ဦး၊ တိုင်းရင်းသားအချို့နဲ့ စာရေးဆရာအချို့ စုစုပေါင်း ၁၇ ဦး ပါဝင်ပါတယ်။

ပါတီရဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ကို ၁၈ ဦးနဲ့ဖွဲ့စည်းမှာဖြစ်ပြီး ၁၉၉၀ အမတ်ဟောင်းတွေက ၆ ဦး၊ တိုင်းရင်းသားတွေဖက်က ၆ ဦးနဲ့ အခြားအရပ်ဖက်အဖွဲ့နဲ့ပညာရှင်တွေ ၆ဦးစတဲ့သူတွေကို ပါဝင်ဖွဲ့စည်းမှာလို့ သူကပြောပါတယ်။

ပါတီဥက္ကဋ္ဌ ဘယ်သူလဲ

၁၉၉၀ အမတ်ဟောင်း ဦးနိုင်းနိုင်းကို ပါတီ ဥက္ကဋ္ဌ အဖြစ် ၁၉၉၀ လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ရဲ့ဆုံးဖြတ်ချက်အရ လျာထားတယ်လို့ ဦးဒေးဗစ်လှမြင့်က ပြောပါတယ်။

၁၉၉၀ လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့မှာ အရင် ၁၉၉၀ ရွေးကောက်ပွဲတုန်းက အနိုင်ရရှိခဲ့တဲ့ အမတ်ဟောင်း ၆၀ နီးပါးပါဝင်ပါတယ် ။

ဒါပေမယ့် ဦးနိုင်းနိုင်းကတော့ ဥက္ကဋ္ဌ တာဝန်ကို ယူဖို့ မရှိဘဲ အဲဒီပါတီသစ်မှာလည်း ပါတီဝင်အဖြစ်ပါဝင်တာထက် အပြင်ကနေပဲကူညီပေးဖို့နဲ့ ပြင်ဆင်ထားတယ်လို့ ဦးနိုင်းနိုင်းက ဘီဘီစီကို ပြောပါတယ်။

တိုင်းရင်းသားဘက်က ပါမယ့်သူတွေက အရင် NLD ပါတီကိုထောက်ခံကြတဲ့ တိုင်းရင်းသားတွေ၊ NLD ပါတီဝင် တိုင်းရင်းသားတွေ၊ အရပ်ဘက်အဖွဲ့ကတော့ စာရေးဆရာနဲ့ ပညာရှင်တွေစတာတွေ ပါမှာဖြစ် တယ်လို့ ဦးဒေးဗစ်လှမြင့်က ဆိုပါတယ်။

တရားဝင်ပါတီမှတ်ပုံတင် ပြီးရင်တော့ ပါတီကိုဦးဆောင်မယ့်သူနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွေကို ပြန်ရွေးဖို့ရှိပေမယ့် ၁၉၉၀ အမတ်ဟောင်း ၂ ဦးဖြစ်တဲ့ ဦးဒေးဗစ်လှမြင့်နဲ့ ဦးသန်းဝင်းတို့ အပြင် အခြား ၁၉၉၀ အမတ် ဟောင်း ၄ ဦးတို့က တော့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ ပါဝင်ဖို့ ရှိပါတယ်။

"NLD ကိုပြိုင်ရမှာမို့ ပါတီရဲ့ဥက္ကဋ္ဌမလုပ်တာမဟုတ်ပါဘူး။ ကျွန်တော် NLD ထဲကထွက်လာတာကိုက မကြိုက်တော့ လို့ထွက်လာတာ" လို့သူကဆိုပါတယ်။ ဦးနိုင်းနိုင်းက NLD ပါတီမှာဖွဲ့စည်းတဲ့အချိန်ကစပြီး ပါလာခဲ့တာဖြစ်ပြီး ပါတီကမထွက်ခင် ၂၀၁၃ ခုနှစ် ဧပြီလ ၃၀ ရက်နေ့မတိုင်ခင်အထိ ရန်ကုန်တိုင်း ပါတီအောင်နိုင်ရေး ဥက္ကဋ္ဌ၊ ပါတီဗဟိုဦးစီးအဖွဲ့ဝင်စတဲ့ တာဝန်တွေကိုထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

အဲဒီ ၁၉၉၀ အမတ်ဟောင်းတွေအဖွဲ့ ကိုလက်ရှိ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ဦးဆောင်နေပါတယ်။ / DAVID HLA MYINT

ဘယ်တုံးကစီစဉ်တာလဲ

အခုလိုပါတီတစ်ခုထောင်ဖို့နဲ့ ပါတီကိုဘယ်သူဦးဆောင်မယ်ဆိုတာကို ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့က ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ကတည်းက ဆုံးဖြတ်ခဲ့ကြတာပါ။ ဒါကလွှတ်တော်တွင်း နိုင်ငံရေးမှာ ၉၀လွှတ်တော် ကိုယ်စားလှယ်တွေပါဝင်လုပ်ဆောင်နိုင်ဖို့ပြင်ဆင်တာဖြစ်ပါတယ်။

ဒါအပြင် လွှတ်တော်ပြင်ပနေနိုင်ငံရေးလုပ်ဖို့အတွက်ကိုတော့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရက်တစ် အဖွဲ့အစည်း UNDO ကိုဖွဲ့စည်းပြီး ဆောင်ရွက်ကြမယ်လို့ ဦးဒေးဗစ်လှမြင့်ကပြောပါတယ်။

ဦးနိုင်းနိုင်းကတော့ အဲဒီပါတီသစ်မှာလည်း ပါတီဝင်အဖြစ်ပါဝင်တာထက် အပြင်ကနေပဲကူညီပေးဖို့နဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဒီမိုကရက်တစ် အဖွဲ့ UNDO အနေနဲ့ ပါဝင်ကူညီပေးဖို့ ပြင်ဆင်ထားတယ်လို့ ဦးနိုင်းနိုင်းက ဘီဘီစီကို ပြောပါတယ်။

 UNDPနဲ့ အဖွဲ့အစည်းဖြစ်တဲ့ UNDO နှစ်ခုလုံးကို ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့က ဦးဆောင်လမ်းကျောင်းမှာဖြစ်ပါတယ်။
ဦးခွန်ထွန်းဦးက ပဲ့ကိုင်မှာလား

အခု ပါတီသစ် UNDPနဲ့ အဖွဲ့အစည်းဖြစ်တဲ့ UNDO နှစ်ခုလုံးကို ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့က ဦးဆောင်မှာဖြစ်ပြီး အဲဒီ ၁၉၉၀လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ ကိုလက်ရှိ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ဦးဆောင်နေပါတယ်။

ဒါအပြင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် UNA မှာ လည်း အဖွဲ့ဖွဲ့စည်းပုံအရ ဦးခွန်ထွန်းဦး က သဘာပတိအဖွဲ့ဝင်ထဲက တစ်ဦးလည်းဖြစ်ပါတယ်။

အမတ်ဟောင်းတွေဖွဲ့ခွင့်ရထားတဲ့ UNDP ပါတီကလည်း UNA နဲ့ မဟာမိတ်အဖြစ် ပူးပေါင်းသွားဖို့ ပြင်ဆင် ထားပြီးလည်းဖြစ်ပါတယ်။ UNA ကို ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ ကယား၊ မွန်၊ ရခိုင်စတဲ့ တိုင်းရင်းသားနိုင်ငံ ရေးပါတီ ၁၅ ခုနဲ့ စုပေါင်းဖွဲ့စည်းထားတာဖြစ်ပါတယ်။

"ကျွန်တော်တို့ NLD ယှဉ်နိုင်တယ်လို့ယုံလို့နိုင်ငံရေးပါတီတည်ထောင်တာပါ။ ရိုးရိုးပါတီထောင်ပြီးရော မဟုတ်ဘူး။ NLD ကျော်ဖြတ်သွားနိုင်ဖို့အခင်းအကျင်းတွေပြင်ဆင်ထားပါတယ်" ၁၉၉၀ အမတ်ဟောင်း ဖြစ်သူ ဦးဒေးဗစ်လှမြင့်က ဆိုပါတယ်။

သူတို့ ပါတီက လွှတ်တော်တွင်းမှာ တပ်မတော်သား လွှတ်တော်အမတ်တွေ ပါရှိနေတာကို ဖယ်ထုတ်ဖို့ ရည်မှန်းထားပြီး ဒါကို အကောင်အထည် ဖော်နိုင်ဖို့ အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည် ရေးဆွဲနိုင်အောင် ကြိုးစားမယ်လို့တော့ ပါတီရဲ့ ရည်ရွယ်ချက်ကို ချမှတ်ထားတဲ့အပေါ် သူက ပြောပါတယ်။

BBC Burmese
https://www.bbc.com

Tuesday, April 9, 2019

၉၀ အမတ်များ တည်ထောင်မည့်ပါတီတွင် NLD ပါတီဝင်ဟောင်း ဦးနိုင်းနိုင်းကို ဥက္ကဋ္ဌအဖြစ်ခန့်အပ်၊ NLD အား ပြိုင်ဖက်အနေဖြင့် သဘောထားမည်ဟု ဆို

၁၉၉၀ ရွေးကောက်ခံအမတ်များ ဦးစီးတည်ထောင်မည့် ပါတီတွင် ဥက္ကဋ္ဌအဖြစ် NLD ပါတီဝင်ဟောင်း ဦးနိုင်းနိုင်းအား ခန့်အပ်ခဲ့ပြီး NLD ကိုလည်း ပြိုင်ဖက် အ နေဖြင့် သဘောထားသွားမည် ဖြစ်ကြောင်း ၉၀ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည့် NLD ပါတီဝင်ဟာင်းဖြစ်သူ ဦးဒေးဗစ်လှမြင့်က The Ladies News သို့ပြောကြားသည်။

ပါတီအမည်ကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) ဟု သတ်မှတ်ထားပြီး၊ ပါတီဥက္ကဋ္ဌအဖြစ် ၁၉၉၀ ရွေးကောက်ပွဲ၌ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည့် ဦးနိုင်းနိုင်းကို ရွေးချယ်ခဲ့သည်ဟု ဆိုသည်။

၉၀ ရွေးကောက်ခံအမတ်များ တည်ထောက်မည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုရေးစီပါတီ (UNDP) တွင် ပါဝင်ကြမည့် ပါတီဝင်များသည် NLD ပါတီဝင်ဟောင်းများဖြစ်ပြီး NLD ကိုလည်း ပြိုင်ဖက် အ နေဖြင့် သဘောထားသွားမည် ဟုဆိုသည်။

`NLD ပါတီက ကျွန်တော်တို့ရဲ့ ပြိုင်ဖက်ပဲ။ လက်ရှိသွားနေတဲ့ ဒီမိုကရေစီ process အရ သူက ကျွန်တော်တို့ရဲ့ ပြိုင်ဖက်ပဲ။ ကျွန်တော်တို့ရဲ့ မိတ်ဖက်မဟုတ်ဘူးဗျ` ဟု ၄င်းက ပြောကြားသည်။

NLD သည် လက်ရှိတွင် အာဏာရပါတီဖြစ်သလို၊ လူထုထောက်ခံမှုလည်း ရှိနေသော ပါတီဖြစ်သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ကို ယှဉ်နိုင်မည်ဟု ဦးဒေးဗစ်လှမြင့်က ယုံကြည်သည်။

`ကျွန်တော်တို့ ယှဉ်နိုင်ပါတယ် NLD ပါတီကို။ ယှဉ်နိုင်တယ်လို့ ယုံကြည်လို့ နိုင်ငံရေးပါတီတစ်ရပ် တည်ထောင်တာဗျ။ ကျွန်တော်တို့က ပါတီထောင်ရယုံ သက်သက်နဲ့တော့ ပါတီထောင်မှာ မဟုတ်ပါဘူး။ ပါတီထောင်တယ် ဆိုတာက နိုင်ငံရဲ့ အရေးကြီးတဲ့ လုပ်ငန်းတာဝန်တွေရဲ့ လိုအပ်တဲ့ နေရာတွေမှာ ဆောင်ရွက်နိုင်ဖို့ အတွက် ပါတီထောင်တာပါ။ ကျွန်တော်တို့က NLD ကို တိုက်တာခိုက်တာ မဟုတ်ဘူးဗျ။ ဒီမိုကရေစီ Process အရ သူနဲ့ ကျွန်တော်တို့ ပြိုင်ရမှာပဲလေ။ သူ့ကို ကျွန်တော်တို့ ယှဉ်ပြိုင်နိုင်မယ်လို့ ယုံကြည်ပါတယ်` ဟု ၄င်းက ပြောကြားသည်။

တိုင်းရင်းသား ခေါင်းဆောင်ရှစ်ဦးကိုလည်း ပါတီ၏ နာယကအဖြစ် ထားရှိမည်ဖြစ်ပြီး နာယက ရွေးချယ်ရေးနှင့် ပတ်သက်ပြီး မိတ်ဖက် အဖွဲ့အစည်းဖြစ်သည့် စည်းလုံးညီညွှတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဟု ဆိုသည်။

၉၀ အမတ်များ တည်ထောင်မည့် ပါတီတွင် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများကို ရွေးချယ်ထားသော်လည်း ၉၀ ရွေးကောက်ခံ အမတ်တစ်ဦးလည်းဖြစ်၊ ထင်းရှားသည့် တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင် တစ်ဦးလည်းဖြစ်သည့် ဦးခွန်ထွန်းဦးအား ခေါင်းဆောင်အဖြစ် သတ်မှတ်ထားသည် ဟုလည်း ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၌ ပါတီမှတ်ပုံတင်ခြင်း လုပ်ငန်းများကို သင်္ကြန်ပြီးနောက်ပိုင်းတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

အောင်ရဲနောင်
The Ladies News

Tuesday, April 2, 2019

NLD အစိုးရ သုံးနှစ်ပြည့်နဲ့ စွမ်းဆောင်မှုများ



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရသက်တမ်း ၃နှစ်အတွင်းမှာ အဓိက အခြေခံအဆောက်အဦးတွေ ဦးစားပေး ဆောင်ရွက်ခဲ့ပြီးကျန်းမာရေး၊ ပညာရေးနဲ့ သိမ်းဆည်းခံ လယ်ယာမြေပြန်လည် ရရှိရေးစတာတွေကို ဆောင်ရွက်နိုင်ခဲ့ကြောင်းနဲ့ ရွေးကောက်ပွဲကတိတွေ အကောင်အထည်ဖော်ရေးကိုလည်း ဆက်လက် ဆောင် ရွက်နေကြောင်း NLDပါတီ ပြောခွင့်ရသူက ပြောပါတယ်။ နိုင်ငံရေးသုံးသပ်သူတွေကတော့ လူထုစီးပွားရေး ပိုမိုကျဆင်းနေသလို တိုင်းရင်းသားအရေးကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်တာ မရှိကြောင်းထောက်ပြကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ တခဲနက်အနိုင်ရပြီး ဖွဲ့စည်းခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ တာဝန်ယူခဲ့တာဟာ ဒီနေ့ ဧပြီလ ၁ ရက်နေ့မှာ ၃နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

ဒီကာလအတွင်း အစိုးရအနေနဲ့ အလေးထားဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေကို NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က အခုလို သုံးသပ်ပြောဆိုပါတယ်။

“အဓိကကတော့ အခြေခံအဆောက်အဦတွေကို ဦးစားပေးပြီး ဆောင်ရွက်ခဲ့ပါတယ်။ လမ်း၊ တံတား၊ လျှပ်စစ်မီးရရှိရေးဒါကို အဓိက ထားလုပ်ခဲ့ပါတယ်။ နောက်တခါ ကျနော်တို့ ဒီ ဌာနတွေဆိုရင် ကျန်းမာရေးနဲ့ ပညာရေးဌာန ကို အဓိက ဦးစားပေးဆောင်ရွက်ခဲ့ပါတယ်။ နောက် လယ်သမားတွေနဲ့ ပတ်သက်ရင် သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည် ရရှိရေးအတွက် ကျနော်တို့ အစွမ်းကုန် အချိန်အများကြီး ပေးပြီး ဆောင်ရွက် ခဲ့ပါတယ်။ နောက် တစ်ဦးချင်းရဲ့ ၀င်ငွေ တိုးတက်ဖို့ အတွက် GDP ၂ဆတိုးတက်လာအောင် ကျနော်တို့ လုပ်ခဲ့ ပါတယ်။ ”

ရွေးကောက်ပွဲ ကတိက၀တ်တွေဖြစ်တဲ့ တရားဥပဒေစိုးမိုးရေး ကဏ္ဍမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ မူးယစ် ဆေးဝါးနှိမ်နင်းရေး စတာတွေလုပ်ဆောင်နေကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးကဏ္ဍမှာတော့ ထင်ရှားတဲ့ ရလဒ် တွေ မရှိပေမဲ့ အမျိုးသားရင်ကြားစေ့ရေးကို အစဉ်တစိုက်ဆောင်ရွက်နေလို့ တချိန်မှာ တိုးတက်မှု ရှိလာနိုင်မှာ ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံပြင်ဆင်ရေးကိုလည်း ပြည်သူတွေဆန္ဒအရ ဆောင်ရွက် နေကြောင်းဒေါက်တာမျိုးညွှန့်က ပြောပါတယ်။

“ကျနော်တို့ ပါတီက တာဝန်ပေးအပ်လိုက်တဲ့ အစိုးရနဲ့ လွှတ်တော်ဟာ လာမယ့် ရွေးကောက်ပွဲကိုသာ အဓိက မဟုတ်ဘဲ တိုင်းပြည်နဲ့ လူမျိုးအတွက် ရေရှည်အကျိုးရှိမယ့် အချက်တွေကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးစတဲ့ ရှုထောင့်ပေါင်းစုံကနေကြည့်ပြီး ရေရှည်အမြင်နဲ့ ဆောင်ရွက် နေပါတယ်။”

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ကို အရေးယူတာ အပါအ၀င် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်တာ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ကနေ ပြည်ထောင်စုအစိုးရ၀န်ကြီးဌာနရုံးလက်အောက်ကို ပြောင်းရွှေ့တာ၊ အပစ်ရပ် စာချုပ်ကို လက်နက်ကိုင် ၂ဖွဲ့ ပါဝင် လက်မှတ်ထိုးတာ၊ ပြည်ထောင်စု သဘောတူညီချက်အပိုင်း ၁နဲ့ ၂ ရရှိတွေဟာ တိုးတက်မှုအဖြစ် သုံးသပ်ထားပါတယ်။

စီးပွားရေးပိုင်းမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ၀င်ရောက်လာမယ့် အနေအထားမျိုး မရှိကြောင်းသုံးသပ်ပြီး လူထုစီးပွားရေး အခြေအနေ မြင့်တက်ရေးအတွက် အခုလို အကြံပြုထားပါတယ်။

“စီးပွားရေးမှာ သာမန် လမ်းပေါ်မှာ ကားမောင်းနေတဲ့ လူပဲဖြစ်ဖြစ်၊ ဈေးရောင်းနေတဲ့ လူပဲဖြစ်ဖြစ် မေးလိုက်ရင် လွန်ခဲ့တဲ့ ၃နှစ်ထက် နှိုင်းစာရင် ပိုပြီး ကျပ်တည်း လာတာကတော့ ငြင်းမရတဲ့အချက်ပဲ။ အဲဒီလို ကျပ်တည်းလာတဲ့ အခြေအနေပေါ်မှာ လက်ရှိ NLD အစိုးရအနေနဲ့ ဗျူဟာမြောက် ဆောင်ရွက်နိုင်မှု အားနည်းတယ်လို့ မြင်တယ်။ အဲဒီအခါကျတော့ စီးပွားရေးပိုင်းကိုလာမယ့် လက်ကျန်၂နှစ်မှာ ဒီထက်ပိုပြီး ဆောင်ရွက်နိုင်ဖို့ လိုအပ်တယ်လို့မြင်တယ်။ တစ်နည်းအားဖြင့် ပြည်သူလူထု ထမ်းပိုးထားရတဲ့ ဆင်းရဲမွဲတေမှု ၀န်ထုပ်ဝန်ပိုးကို တတ်နိုင်သမျှ လျော့ချနိုင်မယ့် ရေတို ဖြေရှင်းချက်မျိုးတွေကို လာမယ့် ၂နှစ်အတွင်းမှာ ဖော်ဆောင် နိုင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ”

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က NLD အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးမူဝါဒဟာ တိုင်းရင်းသားလူမျိုးတွေထက် တပ်မတော်အပေါ် အလေးသာ နေကြောင်း၊ အကျိုးဆက်အဖြစ် ရခိုင်ပြည်နယ်အရေးမှာ နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံမှုကျဆင်းလာနေကြောင်း သုံးသပ်ထားပါတယ်။

“ကျနော်တို့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဒီမိုကရေစီရေးကို တောက်လျောက် တောင်းဆို တိုက်ပွဲဝင်နေတဲ့ ဘက်ချင်းတူတဲ့သူတွေနဲ့ ရင်ကြားစေ့ရမယ့်အစားကို အစိုးရ တပ်မတော်နဲ့ပဲ ပိုပြီးတော့မှ နီးစပ်သွားတာ မျိုးကတော့ မလိုလားအပ်တဲ့ အနေအထားတစ်ခုကို တွန်းပို့သလို ဖြစ်သွားတယ်။ ရခိုင်အရေးအခင်း ပေါ်ပေါက်လာတဲ့အခါ ပိုပြီး ထင်ရှားလာပါတယ်။ NLD အစိုးရရဲ့ ၃နှစ်ပြည့် အထိမ်းအမှတ်နေ့ အထိတော့ ကျနော်တို့ တိုင်းရင်းသားတွေ အတွက်က သိပ်ပြီးမျှော်လင့်စရာ၊ သိပ်ပြီး အားရစရာ တစ်ခုမှ သူ ဖန်တီးဖော်ဆောင်ပေးနိုင်ခြင်း မရှိသေးဘူးလို့ပဲ သုံးသပ်လိုပါတယ်။”

နိုင်ငံရေးလေ့လာ သုံးသပ်သူတွေကတော့ NLD အစိုးရ တာဝန်ယူမယ့် လက်ကျန်သက်တမ်းကာလ ၂နှစ် အတွင်းမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ အစိုးရ၊ လွှတ်တော်နဲ့ ပါတီအတွက်ပါ ကြီးမားတဲ့ စိန်ခေါ်မှုအဖြစ် ရှိနေတယ်လို့ ဝေဖန်ထောက်ပြကြပါတယ်။

ကိုမိုးဇော်/ ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

Wednesday, March 27, 2019

ဖွဲ့စည်းပုံပြင်ဆင်ရေး တပ်မတော်ပါဝင်ဖို့ NLD တိုက်တွန်း


၇၄ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကျင်းပ
၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ တပ်မတော်အနေနဲ့ ပြည်သူနဲ့အတူ လက်တွဲပါဝင်ပြီး အောင်မြင်အောင် ဆောင်ရွက်ဖို့ ဒီကနေ့ကျရောက်တဲ့ ၇၄ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က နှိုးဆော်လိုက်ပါတယ်။ ဒီကနေ့ ရန်ကုန်မှာ ပြုလုပ်တဲ့ အခမ်းအနားကို ကိုယ်တိုင် သွားရောက်သတင်းယူတဲ့ ကိုထက်အောင်ခန့်က ပြောပြမှာပါ။

၇၄ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ကို ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့၂၁ ရာစု ပင်လုံညီလာခံနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ တပ်မတော်အနေနဲ့ ပြည်သူနဲ့အတူ လက်တွဲပါဝင် ကြိုးပမ်းသွားဖို့ NLD ပါတီရဲ့ တိုက်တွန်းချက်ကို ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ဖတ်ပြပါတယ်။

" ကျွန်ုပ် တို့ဟာ နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်တော်လှန်ရေးနဲ့အတူ အစဉ်အလာ ကြီးမားလာခဲ့တဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို ဂုဏ်ယူကြရသလို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမှူးပြုတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံကိုလည်းကောင်း ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုကိုလည်းကောင်း ၊ တပ်မတော်ဟာ ပြည်သူနဲ့အတူ တိုင်းရင်းသားများနဲ့အတူ တစ်စိတ်တည်း တစ်ဝမ်းတည်း စုပေါင်းအင်အားအဖြစ် လက်တွဲပါဝင် အောင်ပွဲဆင်နိုင်ပါစေကြောင်း ဆုတောင်း နှိုးဆော်လိုက်ရပါတယ်။"

၂၁ ရာစု ပင်လုံညီလာခံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပါအ၀င် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အဖွဲ့အစည်း ပုဂ္ဂိုလ်ရေးအကျိုးထက် နိုင်ငံရဲ့ အကျိုးကို ဦးစားပေးမှ အောင်မြင်မှုရမယ်လို့ ပြောလာသူက ပါတီ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်ပါ။

"အရေးကြီးတာတော့ မိမိတို့ပန်းတိုင်ကို မပြတ်ဘဲနဲ့ ကျွန်တော်တို့အမြဲတမ်းရှေ့ကို ဆက်လက်ပြီး ချီတက်နေဖို့ ပါပဲ။ ဒါဆိုရင်တော့ တချိန်မှာကျွန်တော်တို့ ပန်းတိုင်ကို ရောက်မှာပါ။ ကျွန်တော်တို့အခက်အခဲတွေရှိပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသား အချင်းချင်းကြားထဲမှာလည်း နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ မကျေနပ်ချက်တွေ မယုံကြည်မှုတွေ ဒါတွေကလည်းရှိပါတယ်။ နောက်တပ်မတော် နဲ့ပြည်သူကြား ထဲမှာလည်း တဖက်က တဖက်ကို မယုံကြည်မှုတွေ ရှိနေပါတယ်။ အဲ့ဒါတွေကို နိုင်ငံနဲ့တိုင်းပြည်အကျိုးအတွက် ဘာအရေးအကြီးဆုံးလည်း ကိုယ့်အဖွဲ့အစည်းအကျိုး ကိုယ်ပုဂ္ဂလိကအကျိုးထက် နိုင်ငံနဲ့လူမျိုးရဲ့အကျိုးကို ဦးစားပေးတဲ့နေ့မှ ကျွန်တော်တို့ အောင်မြင်မှုတွေ အကုန်ရလာမယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။"

လူတန်းစားအလွှာအသီးသီးက ပြည်သူလူထုတွေ ပါဝင်ပြီး ဖက်ဆစ်စနစ်ကို တညီတညွတ်တည်း တော်လှန်ခဲ့ကြတဲ့ မတ်လ ၂၇ ရက်နေ့ကို “ဖက်ဆစ်တော်လှန်ရေးနေ့” အဖြစ် သမိုင်းအစဉ်အဆက် သတ်မှတ်လာခဲ့ကြပေမဲ့၊ အာဏာရှင် ဗိုလ်ချုပ်နေ၀င်း လက်ထက်မှာတော့ တပ်မတော်က “တပ်မတော်နေ့” အဖြစ် ခေါ်ဝေါ်လာခဲ့ပါတယ်။ တပ်မတော် အနေနဲ့ ဒီလိုနေ့မျိုးမှာ စစ်ရေပြအခမ်းအနားတွေ နဲ့ တပ်မတော်နေ့ကို နှစ်စဉ် ခမ်းခမ်းနားနား ကျင်းပကြပေမဲ့၊ NLD ပါတီကတော့ ဖက်ဆစ်တော်လှန်ရေးနေ့ အဖြစ် သတ်မှတ်ကျင်းပနေဆဲပါ။

ဒါနဲ့ပတ်သက်လို့ ဒေါက်တာမျိုးညွှန့်က ခုလိုပြောပါတယ်။

"ကျွန်တော်တို့ပါတီကတော့ ဒီနေ့ကို ဖက်ဆစ်တော်လှန်ရေးနေ့လို့ သတ်မှတ်ပါတယ်။ တပ်မတော်ကတော့ တပ်မတော်နေ့လို့ သတ်မှတ်တာပေါ့။ ကျွန်တော်တို့ဘာဖြစ်လို့ ဖက်ဆစ်တော်လှန်ရေးနေ့ သတ်မှတ်လည်း ဆိုရင် ဒီနေ့ဟာ နိုင်ငံအတွက် ဖိနှိပ်ချုပ်ချယ်တဲ့ စနစ်တခုကို ပြည်သူတွေ တိုင်းရင်းသားတွေ နောက် လူတန်းစားပေါင်းစုံ စုပေါင်းပြီးတော့ စတင်ခဲ့တဲ့နေ့ဖြစ်တဲ့အတွက် ဒီသရုပ်အဓိပ္ပါယ်ကို ပေါ်လွင်ဖို့ အတွက် ဖက်ဆစ်တော်လှန်ရေးနေ့လို့ သတ်မှတ်ခြင်းဖြစ်ပါတယ်။ ဒီနေ့အနေနဲ့ လည်း ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲမှာဖြစ်နေတဲ့ အခက်အခဲတွေကို ပြည်သူတိုင်းရင်းသား ပေါင်းစုံ အလွှာပေါင်းစုံ ပူးပေါင်း ဆောင်ရွက်ဖို့ လိုတယ်ဆိုတာကို ထပ်မံပြီးတော့ ကျွန်တော်တို့ သတိပေး နှိုးဆော်ချင်တဲ့အတွက် ဒီနေ့ဟာ တမျိုးတဖုံပေါ့ အဓိပ္ပါယ်ထူးခြားပါတယ်လို့ ပြောချင်ပါတယ်။"

ဒီကနေ့အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကကျင်းပတဲ့ ၇၄ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနား ကိုတော့ ပါတီနာယက ဦးတင်ဦးအပါအ၀င် ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြသလို၊ နိုင်ငံခြား သံတမန် တချို့လည်း တက်ရောက်ခဲ့ကြပါတယ်။

ထက်အောင်ခန့် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

Monday, February 25, 2019

၂ဝ၂ဝ ရွေးကောက်ပွဲအတွက် NLD ပြင်ဆင်


၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအတွက် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက စည်းရုံးရေးဆင်းနေစဉ်
လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက လာမယ့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အတွက် ပါတီဗဟိုကနေ ရန်ပုံငွေ ကျပ်သန်း ၂ ထောင် ထောက်ပံ့ဖို့ ရှိနေပါတယ်။ လာမယ့် ၂၀၂၀ ပြည့်နှစ် ဇန်န၀ါရီလက စလို့ စည်းရုံးရေး လုပ်ငန်းတွေ အတွက် ခရီးစာရိတ်နဲ့ နေ့တွက် စာရိတ်တွေ ပေးမှာ ဖြစ်တယ်လို့ ၂ ရက်ကြာ အစည်းအဝေး အပြီး ထုတ်ပြန်တဲ့ ပါတီ ကြေညာချက်မှာ ပြောဆိုထားပါတယ်။

NLD အဖွဲ့ဝင် အစိုးရ အဖွဲ့ဝင်တွေ၊ လွှတ်တော် အမတ်တွေထံက အချိုးကျ ကောက်ယူထားတဲ့ ငွေတွေနဲ့ စည်းရုံးရေးကို ထောက်ပံ့ဖို့ စီစဉ်ထားတာပါ။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ တုန်းက ရှုံးနိမ့်ခဲ့တဲ့ တိုင်းရင်းသားဒေသတွေ အရေး ဆောင်ရွက်နိုင်ဖို့ အတွက်လည်း တိုင်းရင်းသား ရေးရာ လုပ်ငန်း အဖွဲ့ကိုလည်း NLD က ဖွဲ့စည်းပါတယ်။

ဒါ့အပြင် လယ်ယာမြေ သိမ်းဆည်းခံရမှုတွေကို အမြန် ဆောင်ရွက်နိုင်ရေး အတွက် တိုင်းနဲ့ ပြည်နယ် အစိုးရ အဖွဲ့တွေ၊ မြေသိမ်း၊ ယာသိမ်းမှုတွေနဲ့ သက်ဆိုင်တဲ့ လွှတ်တော် ကော်မတီတွေမှာ ပါဝင်ကြတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ကိုလည်း တိုက်တွန်းဆောင်ရွက်မယ်လို့ ဒုတိယ ဗဟိုကော်မတီ အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အာဏာရ NLD ပါတီက ပါတီရှေ့လုပ်ငန်းစဉ်တွေ ချမှတ်တဲ့ အထဲမှာတော့ ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေး၊ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းစစ် ချုပ်ငြိမ်းရေး၊ ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးတို့လည်း ပါဝင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဒုတိယ ဗဟိုကော်မတီ ဒုတိယ အကြိမ် အစည်းအဝေးကို ရန်ကုန်မြို့မှာ ဖေဖော်ဝါရီလ ၂၃ ရက်နဲ့ ၂၄ ရက် နေ့ အထိ နှစ်ရက်ကြာကျင်းပခဲ့တာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

Sunday, February 24, 2019

အသားမဲလို့ အချုပ်ထဲ ထည့်တယ်...




အသားမဲလို့ အချုပ်ထဲ ထည့်တယ်...

(Bullet Journal အတွဲ၃အမှတ် ၃၁)

ကြားဖူးနားဝ ပုံပြင်လေးတစ်ခုပါ။တပ်ရင်းမှုးက အချုပ်ထဲထည့်လိုက် လို့အမိန့်ပေးလိုက်တော့ တပ်ရင်းအရာခံဗိုလ်ကြီးလည်း ဘာကြောင့်မှန်းမသိရဘဲရှေ့ကဖြတ် လျှောက်သွားတဲ့ ရဲဘော်ကိုအချုပ်ထဲ ထည့်လိုက်ရတယ်။
နောက်တနေ့ ကတုံးနဲ့ပြန်ထွက်လာ တဲ့အချုပ်ကျရဲဘော်ကသူ့မှာဘာအပြစ်ရှိလို့ ထည့်တာလဲမေးတော့ ဆရာကြီး လည်း မဖြေနိုင်ဘဲ "အထက်အမိန့်အရ ထည့်တာ "တဲ့။ရဲဘော်လည်း မကျေနပ်လို့ တပ်ရင်းမှုးဆီ ဝင်သတင်းပို့ တော့ "မင်းက ငါ့ထက် အသားမဲလို့ ထည့်တာဟေ့။နောက်တခါ အချုပ်ထဲ မဝင်ချင်ရင် ငါ့ရှေ့ကဘယ်တော့မှဖြတ်မလျှောက်နဲ့" တဲ့။

ဟစ်တလာကရွှမ်းမဲကိုအဆိပ်သောက် ပြီး နိုင်ငံတော်ဈာပနနဲ့ သေမလား၊နိုင်ငံတော်သစ္စာဖောက်မှုနဲ့ အရေး ယူခံမလားကြိုက်ရာရွေးခိုင်းတယ်။အရေးယူခံရင်လည်းသေဒဏ်ပဲဆိုတာသိတော့ ရွှန်းမဲက နိုင်ငံတော်ဈာပနနဲ့ သေတဲ့လမ်းကိုပဲ ရွေးခဲ့တယ်။ ဘာကြောင့်မှန်းမသိရဘဲ နူတ်ထွက် စာတင်ခိုင်းတဲ့ကချင်ဝန်ကြီးသုံးပါး မှာနှစ်ပါး ကနုတ်ထွက်တယ်။မထွက်တဲ့ဝန်ကြီးတစ်ပါး တော့ အထုတ်ခံလိုက်ရတယ်။

အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနူတ်ထွက်တာ ထူးဆန်းတဲ့ကိစ္စမဟုတ်ပေမယ့် ဒီမိုကရေစီခေတ်မှာဘာကြောင့်မှန်းမသိရဘဲဝန်ကြီးတွေနုတ်ထွက်ခိုင်းတာကတော့ ထူးဆန်းနေပါတယ်။ကာယကံရှင်ဝန်ကြီးတွေကို ဘာအကြောင်းပြချက်မှ မပေးဘဲ နုတ်ထွက်ပါ၊ကျန်းမာရေးအကြောင်းပြ ပြီးနူတ်ထွက်ပါ ဆိုတာကတော့ အာဏာရှင် ခေတ်ထက် သာသွားသလို ပါပဲ။အာဏာရှင်ခေတ်မှာလည်း ကျန်းမာရေးအကြောင်းပြ နူတ်ထွက် ခိုင်းတာတွေ ရှိပေမယ့် နူတ်ထွက်ရ တဲ့ကာယကံရှင်ကဘာအကြောင်းကြောင့် ဆိုတာလောက်တော့ သိခွင့် ရကြတယ် မဟုတ်လား။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ် တိုင်းဒေသကြီး ဝန်ကြီးတွေကို သက်ဆိုင်ရာဝန်ကြီးချုပ်ကရွေးချယ်ပြီး သက်ဆိုင်ရာလွှတ်တော်က အတည်ပြု သမ္မတ က ခန့်အပ်ရတာဖြစ်ပါတယ်။ဝန်ကြီးချုပ်ကတာဝန်ခံရွေးချယ်အမည်စာရင်းပေးရတာဖြစ်ပြီး ဝန်ကြီးတွေက ဝန်ကြီးချုပ်ကိုတာဝန်ခံရတာဖြစ်ပါ တယ်။သမ္မတကိုတော့ဝန်ကြီးချုပ်ကမှ တဆင့် ဝန်ကြီးတွေက တာဝန်ခံကြ ရတာဖြစ်လို့တာဝန်ကရပ်စဲစေလိုရင်ဘာအကြောင်းကြောင့်ဆိုတာကိုဝန် ကြီးချုပ်ဆီတော့အသိပေးရမှာဖြစ်ပါ တယ်။

ဘာအကြောင်းကြောင့်ဆိုတာမသိရဘဲ  နူတ်ထွက်ခိုင်းတာ မရဘူးလား ဆို ၂၀၀၈ခြေဥမှာဖော်ပြထားတဲ့စာသား တွေအရတော့မရဘူးလို့ပဲပြောရမှာဖြစ်ပါ တယ်။
အခြေခံဥပဒေအရပြည်နယ်တိုင်းဒေသ ကြီးဝန်ကြီးတွေကိုထုတ်ပယ်နိုင်တဲ့ နည်းလမ်းနှစ်မျိုးရှိပါတယ်။(၁)ပြည်နယ်တိုင်းဒေသကြီးလွှတ်တော်ကဝန်ကြီးကိုစွပ်စွဲပြစ်တင်စုံစမ်းစစ်ဆေးပြီးသမ္မတကဝန်ကြီးကိုတာဝန်ကရပ်စဲနည်းနဲ့(၂)လုပ်ငန်းတာဝန်မကျေပွန်တဲ့အတွက် ဝန်ကြီးကိုသမ္မတက နူတ်ထွက်ရန် ညွှန်ကြားခြင်း၊တာဝန်မှ ရပ်စဲနည်းဆိုတဲ့နည်းလမ်းနှစ်မျိုးသာ ရှိပါတယ်။ဘာအကြောင်းမှ မရှိဘဲမပြဘဲနူတ်ထွက်စေခြင်းတာဝန်မှ ရပ်စဲခြင်းလုပ်နိုင်တယ်လို့မဆိုထားပါဘူး။ဖဆပလခေတ်က ဝန်ကြီးချုပ်ဦးနု လည်းရှမ်းပြည်နယ် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရတဲ့ဦးထွန်းမြင့်(လင်းခေး)ကိုနူတ်ထွက်စေတာပဲလို့ထောက်ပြလို့ရပေမယ့်၄၇အခြေခံဥပဒေမှာက "အစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ဦးအား အချိန်အခာမရွေးရာထူးမှနူတ်ထွက်ရန် တောင်းဆိုနိုင်သောအာဏာဝန်ကြီးချုပ်တွင်ရှိသည်"လို့ ဆိုတဲ့အတွက်ဝန်ကြီး ချုပ်ကအကြောင်းမပြဘဲနူတ်ထွက်ခိုင်းလို့ ရတယ်။၂၀၀၈ခြေဥမှာက လုပ်ငန်း တာဝန်မကျေပွန်မှသမ္မတကနုတ်ထွက်ခိုင်းလို့ရတဲ့သဘောဖြစ်တဲ့အတွက်ဒီနေရာမှာတော့၄၇ခြေဥထက်၂၀၀၈ခြေဥကပိုပြီး ဒီမိုကရေစီနည်းကျတယ် လို့ ပြောလို့ရတယ်။အာဏာရှင်တွေရေး ဆွဲခဲ့တယ်ဆိုတဲ့ ၂၀၀၈ခြေဥပါ ဒီမိုကရေစီအခွင့်အရေး ကိုဒီမိုကရေစီ ရရေးတိုက်ပွဲဝင်ခဲ့ကြသူ တွေက ပြန်ဖျက်သလိုများဖြစ် နေပြီလား လို့ တွေးရမလိုဖြစ်လာပါ တယ်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၆၄(ခ(၁)မှာ"နိုင်ငံတော်သမ္မတသည်လုပ်ငန်းတာဝန်ကိုကျေပွန်စွာမထမ်းဆောင်နိုင်သောတိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်ဝန်ကြီးချုပ်သို့မဟုတ်ဝန်ကြီးအား ရာထူးမှနူတ်ထွက်ရန်ညွှန်ကြားနိုင်သည်။ညွှန်ကြားသည့်အတိုင်းလိုက် နာခြင်းမပြုလျှင်တာဝန်မှရပ်စဲရမည်"လို့ ဆိုထားတဲ့အတွက်"လုပ်ငန်းတာဝန် ကျေပွန်စွာမထမ်းဆောင်နိုင်သောဝန် ကြီး"ကိုသာနူတ်ထွက်/ရပ်စဲစေ နိုင်တာဖြစ်ပါတယ်။"လုပ်ငန်းတာဝန်ကျေပွန်စွာမထမ်းဆောင်နိုင်သောဝန်ကြီးဟုယူဆပါက" လို့ ဆိုထားတာ မဟုတ် တဲ့အတွက် သမ္မတက ယူဆချက်နဲ့ နုတ်ထွက်/ရပ်စဲ လို့ မရတဲ့သဘောပါပဲ။  တာဝန်ပေးထားတဲ့ လုပ်ငန်း တာဝန်တွေ ဘာတွေ မကျေပွန်ဘူး ဆိုတဲ့ အကြောင်းပြချက် ရှိဖို့ လိုပါတယ်။လုပ်ငန်းတာဝန်တွေ ကျေပွန်နေတဲ့ဝန်ကြီးကိုနူတ်ထွက်ခိုင်းလို့မရ၊တာဝန်ကရပ်စဲလို့မရ ဘူးဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

တကယ်တော့ ပြည်နယ်ဝန်ကြီးချုပ် ကို တိုက်ရိုက်တာဝန်ခံ လုပ်ကြရတဲ့ ဝန်ကြီးတွေ ဖြစ်တဲ့အတွက်ဝန်ကြီးတွေ လုပ်ငန်းတာဝန်ကျေပွန်ခြင်း ရှိမရှိဟာ ဝန်ကြီးချုပ်ကသာ အသိနိုင်ဆုံးကိစ္စပါ။
တာဝန်မကျေပွန်ရင် နုတ်ထွက်စေဖို ဝန်ကြီးချုပ်ကိုယ်တိုင်ကဦးဆောင်အဆိုပြုတင်ပြရမှာ ဖြစ်သလို တာဝန် ကျေပွန်တယ်လို့ ယူဆရင် လည်း ဗဟိုကနူတ်ထွက်ခိုင်းတဲ့ကိစ္စကို ဝန်ကြီးချုပ်ကိုယ်တိုင်ဦးဆောင်တာဝန်ယူဖြေရှင်းပေးသင့်တာ ဖြစ်ပါ တယ်။ဝန်ကြီးချုပ်ကိုယ်တိုင်က မိမိ ရွေးချယ်အမည်စာရင်းပေးတဲ့ဝန်ကြီး၊မိမိလက်အောက်မှာအနီးကပ်တာဝန်ထမ်းဆောင်နေတဲ့ဝန်ကြီး၊တာဝန်ကျေခြင်းမကျေခြင်းဆိုတာကိုထည့်သွင်းမစဉ်းစားတော့ပဲ အထက်က ညွှန်ကြား ချက်အရ နူတ်ထွက်စာတင်ပါ လို့ချည်းပဲပြောနေတယ်ဆိုခြင်းဟာလည်းမိမိကိုတာဝန်ခံရတဲ့ဝန်ကြီးတွေကိုမိမိက တာဝန်မယူပေးတဲ့ သဘောလို ဖြစ်နေပါတယ်။အနည်းဆုံးတော့ "တာဝန်ထမ်းဆောင်မှုမကျေပွန်တဲ့ ဒီအချက်တွေ ရှိတယ် ၊ဒါကြောင့်နူတ်ထွက်ပါ။မထွက်ရင် ရပ်စဲမယ်"ဆိုတာမျိုးသာဖြစ်သင့်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးတွေ တာဝန်မကျေပွန်လို့ နုတ်ထွက်ခိုင်းတယ်လို့ဝန်ကြီးချုပ်ကိုယ်တိုင်အသိအမှတ်ပြုခြင်းမဟုတ်ဘဲဘာကြောင့်မှန်းမသိ၊အထက်အမိန့်အရ ထွက်စာတင်ဆိုလို့ တင်ခိုင်းတယ် ဆိုရင်တော့ "အပြစ်ရှိရှိမရှိရှိ မေးမနေနဲ့၊ငါလည်းမသိဘူး၊အထက်ကထွက် ဆိုရင်ထွက်ကွာ"ဆိုတဲ့အဓိပ္ပါယ်ဖြစ်နေတော့အထက်ကိုသစ္စာခံလွန်းပြီးလက်အောက်ကိုပြန်တာဝန်မခံတာဝန်မယူပေးရာ ရောက်နေပြီလား စဉ်းစား စရာတွေ ဖြစ်လာပါတယ်။

အတိုက်အခံဘဝကတစာစာအော်ခဲ့ကြတာ "ပွင့်လင်းမြင်သာမှု"ဖြစ်သလို ဒီမိုကရေစီ ရဲ့ ရေသောက်မြစ်ကလည်း ပွင့်လင်းမြင်သာမှု ဖြစ်ပါတယ်။ပွင့်လင်းမြင်သာမှု မရှိဘဲ ဒီမိုကရေစီ မရှိနိုင်ပါဘူး။သောင်ပြိုကမ်းပြို ထောက်ခံခဲ့ကြရာကနေ ထောက်ခံမှု တအိအိ ပြိုကျနေရခြင်းဟာ ပွင့်လင်းမြင်သာမှု မရှိခြင်းဆိုတဲ့အချက် ကလည်း အဓိကအချက်တစ်ချက်ထဲမှာ ပါနေပါတယ်။စီမံဘဏ္ဍာဝန်ကြီးအဂတိမှုနဲ့စစ်ဆေးဆဲကာလမှာပဲ နူတ်ထွက်သွားတယ်။အဂတိတိုက်ဖျက်ရေးကော်မရှင်က တိုင်ချက်တွေအားနည်းတဲ့အတွက်အ ရေးယူဖို့အချက်အလက်အပြစ်ရှာမတွေ့တဲ့ သဘောပြောတယ်။အပြစ်မရှိဘူးလို့အပြတ် မပြောဘူး။ခုချိန်ထိလည်းနုတ်ထွက်သွားတဲ့စီမံဘဏ္ဍာဝန်ကြီး အပြစ်ရှာမတွေ့ဘဲနဲ့ ဘာကြောင့် နုတ်ထွက်သွားသလဲ၊အဂတိလိုက်စားမှုရှိမရှိပြည်သူလူထုက ရှင်းရှင်းလင်းလင်း မသိကြရသေးဘူး။
ပွင့်လင်းမြင်သာမှု မရှိခြင်း အားနည်း ချက်ဟာ အခု ပြည်နယ်ဝန်ကြီးတွေ ကို ရာထူး မှနုတ်ထွက် /ထုတ်ပယ်ခြင်း အထိ အခြေအနေရောက်လာပြီ လို့ ပြောရ မှာဖြစ်ပါတယ်။ဘာကြောင့်မှန်းမသိ၊ဘာအကြောင်းပြချက်မှမပေး၊နုတ်ထွက်စာချက်ခြင်းလက်မှတ်ထိုး၊မထိုးရင် ထုတ်မယ် ဆိုတာက တော့ တော်တော်ရုပ်ပျက်ဆင်းပျက် ဖြစ်လွန်း တဲ့ဒီမိုကရေစီလို့သာပြောစရာဖြစ်နေပါတယ်။

ဒိထက်ပိုဆိုးတာကအတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ညွှန်ကြားချက်အရဆိုပြီးဇန္နဝါရီ၂၁ရက်နေ့ ကချင်ပြည်နယ်ဝန်ကြီးသုံးဦး နူတ်ထွက်စာတင်ခိုင်းတဲ့ သတင်းတွေ ပလူပျံတက်လာပါပဲ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ညွှန်ကြားချက်အရ လို့ ဝန်ကြီးချုပ်က ပြောတယ် ဆိုတဲ့သတင်းတွေ စတက်လာတာပါ။ဒါဟာ အခြေခံဥပဒေနဲ့ လွဲချော်နေတဲ့အတွက် သတင်းမှန်ဟုတ်မဟုတ်တာဝန်ရှိသူ တွေကပေါ့ပေါ့ဆဆ သဘောမထားဘဲ ပြန်ရှင်းဖို့သင့်ပါတယ်။အခြေခံဥပဒေက မည်သို့ဆိုစေကာမူလက်တွေ့မြေပြင်မှာ စီမံအုပ်ချုပ်နေတာဘယ်သူလဲဆိုတာက အားလုံး သိနေကြတာပါပဲ။သို့သော် ဒီမိုကရေစီစနစ်ဖြစ်တဲ့အတွက်ဥပဒေနဲ့ ညီအောင်တော့ ဘောင်သွင်းရ မှာ ဖြစ်ပါတယ်။သမ္မတရဲ့အထက်က နေစီမံခန့်ခွဲလို့ရပေမယ့်သမ္မတဆီကတဆင့် တော့သွားရ မှာဖြစ်ပါတယ်။ အတိုင်ပင်ခံကသမ္မတကိုနောက်ကွယ်ကနေညွှန် ကြား၊သမ္မတက ဝန်ကြီး ချုပ် ဆီတရားဝင်ဆက်ညွှန်ကြား ဒီလိုပဲ ဥပဒေနဲ့ ညီအောင် ဘောင်သွင်းရမှာပါ။အကယ်၍ဟုတ်ခဲ့ရင်တောင်ဝန်ကြီးချုပ်က ဖြတ်ထိုးညဏ်သုံးပြီး သမ္မတဆီက ညွှန်ကြားတယ်ဖြတ်ပြောရင်လည်း တပည့်လိမ်မာ ဆရာအာပတ်လွတ် ဥပဒေနဲ့ ညီသွားနိုင် ပေမယ့် Commander က ဒေါ်အောင်ဆန်းစု ကြည်ပဲလို့လက်ခံထားကြတဲ့အတွက်ဝန်ကြီးတွေကိုခေါ်ပြောရာမှာအတိုင်ပင်ခံအမည်သုံးတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။(ဝန်ကြီးတွေကပဲအပြောမှားတာလား၊ဝန်ကြီးချုပ်ကပဲဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါဝါကိုယူသုံးလိုက်တာလား၊ဒေါ်အောင်ဆန်းစုကြည်ဆီကပဲတကယ် တိုက်ရိုက်ညွှန်ကြားခဲ့တာလား ဆိုတာ တော့ ခုချိန်ထိ တော့ အဖြေ အတိအကျ ထွက်မလာသေးပါ)

နောက်တစ်ချက်က ဘာမှ ကြိုတင် စုံစမ်းစစ်ဆေးမှုတွေ မရှိထားဘဲနဲ့ အခုချက်ခြင်း ဗြုန်းစားကြီး နူတ်ထွက်စာတင်၊ဘာအကြောင်း ကြောင့်လဲမမေးနဲ့ ဆိုရလောက်အောင် အရေးတကြီးအမြန်ဆုံးလုပ်ရလောက် အောင် ဘာတွေအရေးကြီးလွန်းလို့လဲ ဆိုတဲ့ မေးခွန်းပါပဲ။ဒီဝန်ကြီးသုံးဦး ကို တစ်ရက်လောက်ဆက်ထားရင်စဉ်းစားချိန်ပေးရင် ဘာတွေ ဖြစ်ကုန်မှာတဲ့လဲ။ကချင်ပြည်နယ်အတွက်ထိခိုက်စရာ တွေ ဆိုးဝါးလွန်းလို့ အချိန်တစ်ရက် တောင်မပေးနိုင်ဘဲချက်ခြင်း အရေးတကြီး ထုတ်ပစ် ရတာလား။ဒါဆို ဒီသုံးဦးက ဘာတွေ လုပ်နေကြ တာလဲဆိုတာတွေပြည်သူလူထုကိုပွင့် ပွင့်လင်းလင်း အသိပေးသင့်ပါတယ်။
အစိုးရတစ်ရပ်ဟာအစိုးရအဖွဲ့ဝင်ဝန် ကြီးတွေကိုဖြုတ်တာထူးဆန်းတဲ့ကိစ္စမဟုတ်ဘူး။ဖြုတ်ဖို့လိုအပ်ရင်ဖြုတ် လို့ရအောင်ဥပဒေပြဋ္ဌာန်းပေးထားပါ တယ်။ဥပဒေနဲ့အညီ ဖြုတ်ဖို့ပဲ လိုတယ်။ငါခန့်တဲ့ဝန်ကြီးငါမကြိုက်လို့ ဖြုတ်တယ်၊ဘာမှ အကြောင်းပြ စရာမ လိုဘူး၊ဘာမှ မမေးနဲ့ဆိုရင်တော့ အာဏာရှင်စနစ်နဲ့အတူတူဖြစ်နေပါလိမ့်မယ်။"ရေဗူးပေါက်တာမလိုချင်၊ရေပါတာပဲလိုချင်တယ် ဆိုခြင်းကို လုံးဝလက်မခံဘူး" ဆို သူတွေက အခု ဘာအကြောင်းပြချက်မှ မပေးဘဲ မထွက်ရင်ထုတ် ဆိုတာမျိုးတော့ မဖြစ်သင့်ဘူး ထင်ပါတယ်။

ဝန်ကြီးသုံးပါးကိုကျန်းမာရေးအကြောင်းပြပြီးမိမိသဘောဆန္ဒအလျောက်နူတ်ထွက်ကြောင်းလက်မှတ်ထိုးဖို့အတင်းအကြပ်ဖိအားပေးတယ်။(ဘာအကြောင်းကြောင့်ဒီလိုလုပ်ရ တယ်ဆိုတာကိုမပြောပြဘူး)မိမိသဘောဆန္ဒမပါဘဲအတင်းအကြပ်လက်မှတ်ထိုးခိုင်းလို့ထိုးလိုက်တဲ့ဝန်ကြီးနှစ်ပါးကို ၎င်းတို့၏ဆန္ဒအလျောက် ဥပဒေပုဒ်မဘယ်လောက်ဘယ်လောက်အရ နူတ်ထွက်ခွင့်ပြုလိုက်သည် လို့ နိုင်ငံတော်သမ္မတက လက်မှတ်ထိုး ထုတ်ပြန်လိုက်တော့၎င်းတို့၏ဆန္ဒအရလည်းမဟုတ်၊ဘာကြောင့်မှန်းလည်း မသိ၊အတင်းအကြပ် နုတ်ထွက်ခိုင်းလို့ သာ လက်မှတ်ထိုးပေးလိုက်ရတယ်လို့ နားလည်ထားကြတဲ့ ပြည်သူလူထု က ဘယ်လို မြင်ကြမလဲ။အတင်းအကြပ် နူတ်ထွက်စာတင်ခိုင်းတာကို လက်မှတ်မထိုးတဲ့ ဝန်ကြီးတစ်ပါးကို ပုဒ်မ ဘယ်လောက်အရ တာဝန်မှ ရပ်စဲလိုက်သည် ဆိုတော့ ဒီပုဒ်မအရ ဒီဝန်ကြီးရဲ့လုပ်ငန်းတာဝန်မကျေပွန်မှု တွေဟာ ဘာတွေလဲ ဆိုတာ ကာယကံရှင်နဲ့  ပြည်သူလူထုက သိဖို့ မလိုဘူးလား။

ဘောလုံးပွဲမှာ ခြေမပေါ်လို့ နည်းပြက လူလဲတယ်ဆိုတာလဲချင်တိုင်းလဲလို့မရဘဲ ဥပဒေစည်းကမ်း တွေနဲ့အညီ လဲရတာဖြစ်သလို ဝန်ကြီးတွေကို လူလဲရင်လည်းဥပဒေစည်းကမ်းနဲ့အညီသာ လဲရမှာဖြစ်ပါတယ်။နည်းပြကခြေမပေါ်တဲ့ကစားသမားကိုလဲခွင့်ရှိပေမယ့် အသင်းပိုင်ရှင်က တိုက်ရိုက်ဝင်လဲ လို့ မရပါဘူး။ ဒီမိုကရေစီစနစ်ဖြစ်လို့ အမိန့်အာဏာစနစ်ကနေဥပဒေစည်း ကမ်းစနစ်ဆီပြောင်းနေတာဖြစ်တဲ့အတွက် ဥပဒေနဲ့အညီဖြစ်အောင် အနည်းဆုံးတော့"လုပ်ငန်းတာဝန်မကျေပွန်လို့"ဆိုတဲ့အကြောင်းပြချက်လောက်တော့ ပြဖို့သင့်ပါတယ်။ဘာအကြောင်းပြချက်မှ မရှိဘဲ "ထွက်/မထွက်ရင်ထုတ်"ဆိုရင်တော့လက်ရှိတာဝန်ထမ်းဆောင်ဆဲ အစိုးရ အဖွဲ့ဝင်ဝန်ကြီးတွေ လည်းအကြောက် တရားနဲ့ခြောက်လှန့်ခံရသလို ခံစားမိကြမှာကတော့ အမှန်ပဲ။

ဒီကနေ့လုပ်ဆောင်ချက်တွေဟာ မနက်ဖန်သမိုင်းအဖြစ်ကျန်ရစ်ခဲ့မှာဖြစ်ပါတယ်။ဇာတ်ပေါင်းသော် "ငါလည်းသာသနာပိုင်မဖြစ်၊မယ်သဲလည်း မိဖုရားခေါင်မဖြစ် "လို့့် မင်းတုန်းမင်းရဲ့ငယ်ဆရာတော်ကြီး ပြောခဲ့သလိုပဲအခုကချင်ပြည်နယ်ဝန် ကြီးသုံးပါးနုတ်ထွက်/ထုတ်ပယ်ကိစ္စမှာ လုပ်နည်း လုပ်ဟန်တွေဟာ ဒီမိုကရေစီအစိုးရလည်း ဂုဏ်သိက္ခာ မကြွ၊ကာယကံရှင်တွေလည်း ဂုဏ်သိက္ခာ ကာကွယ်ခွင့်မရ ၊တာဝန်ထမ်း ဆောင်နေဆဲ ဝန်ကြီးတွေ လည်းအကြောက်တရားတွေစိမ့်ဝင်သွားစေ အောင် ပြသလို ဖြစ်နေတဲ့ အတွက်ဒီမိုကရေစီခေတ်အမဲစက်တစ်စက်အဖြစ်ရုပ်ပျက်မကျန်ရစ်ခဲ့ရအောင် "အသားမဲလို့ အချုပ်ထဲထည့်တယ်" ဆိုသလို ပဲဖြစ်ဖြစ် အကြောင်း ပြချက် လေး တစ်ခုခုတော့ ပေးခဲ့ဖို့သင့်ပါ ကြောင်း အပြုသဘောနဲ့ အကြံပြု တင်ပြလိုက် ရပါတယ်။ ။

စစ်ငြိမ်း
၂၇.၁.၂၀၁၉

Friday, February 15, 2019

ဖွဲစည်းပုံ ပြင်ဆင်ရေးကိစ္စ နိုင်ငံရေးပါတီ ၁၆ ခု ပူးပေါင်း ကြေညာချက်ထုတ်

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်ကို တွေ့ရစဉ် / Photo: RFA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့ စည်းဖို့ဆိုတဲ့ အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တာဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကျော်လွန် ရာရောက်တယ်လို့ဆိုပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၆ ခုတို့က ကန့်ကွက်ကြောင်း မနေ့က ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က မကွေးတိုင်းမဲဆန္ဒနယ် အမှတ် ၄ က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် NLD ပါတီဝင် ဦးအောင်ကြည်ညွန့်က အရေးကြီးအဆိုအနေနဲ့ တင်သွင်းခဲ့ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့က ပြည်ထောင်စု လွှတ်တော်ကနေ အတည်ပြုပေးလိုက်တာဖြစ်ပါတယ်။

လွှတ်တော်ထဲမှာရှိတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်တွေဟာ အခြေခံဥပဒေပြင် ဆင်ရေးကို ကန့်ကွက်နေတာမဟုတ်ဘဲ ဥပဒေလုပ်ထုံးလုပ်နည်းကို လေးစားလိုက်နာဖို့ ဦးတည်ဆွေးနွေးခဲ့တာလို့ ပြည်ခိုင်ဖြိုးပါတီ ပြောခွင့်ရသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့က နေပြည်တော် လွှတ်တော်ဝန်းအတွင်းမှာ ကျင်းပတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီဖွဲ့စည်းရေး အစည်းအဝေးမှာ တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေက ကိုယ်စားလှယ်ရရှိမှုနည်းကြောင်း ကန့်ကွက်ခဲ့တာကြောင့် ကော်မတီဖွဲ့စည်းရေး မပြီးဘဲဖြစ်ခဲ့ပါတယ်။

ကော်မတီထဲမှာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေ ပါဝင်မယ် မပါဝင်ဘူးဆိုတာကိုတော့ သူ့အနေနဲ့ ပြောလို့မရသေးကြောင်း ဦးသိန်းထွန်းက ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

RFA Burmese
https://www.rfa.org/burmese

Tuesday, January 29, 2019

ဦးရွှေမန်းပါတီ အန်အယ်လ်ဒီ နဲ့ လက်တွဲမလား၊ တပ်မတော်ကရော ထောက်ခံမှာလား


ဦးရွှေမန်းပါတီ အန်အယ်လ်ဒီ နဲ့ လက်တွဲမလား၊ တပ်မတော်ကရော ထောက်ခံမှာလား
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဟောင်း သူရ ဦးရွှေမန်းဟာ နိုင်ငံနဲ့ နိုင်ငံသားတွေ အတွက် လိုအပ် လာမယ် ထင်လို့ ပါတီသစ် ထောင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း အဖွဲ့ဝင် အဖြစ် ပါဝင်မယ့် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဝင်းဦး က ပြောပါတယ်။

ပါတီ နာမည် နဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ ကော်မရှင် ကို တင်ပြဖို့ နာမည် ၃ မျိုး ကနေ ၄ မျိုး အထိ ရွေးချယ် ထားတယ်လို့ ဆိုပါတယ်။

အဲဒီအထဲမှာ ပြည်ထောင်စု ပါတီ၊ ပြည်သူ့အရေး ပါတီ၊ အမျိုးသား အကျိုးစီးပွား အရေး ပါတီ၊ နိုင်ငံသား အရေး ပါတီ စသည်ဖြင့် ပါဝင်တယ်လို့ ဦးဝင်းဦး က ဘီဘီစီကို ပြောပါတယ်။

အဲဒီ နာမည်တွေ ထဲကမှ ကော်မရှင်ကနေ ကန့်ကွက်ရန် ရှိမရှိ ကြေညာ ပြီးမှ တခုကို ရွေးချယ် မယ်လို့ သိရပါတယ်။

ပါတီ ကို အဖွဲ့ဝင် ၁၉ ယောက်နဲ့ စတင်ဖွဲ့စည်းမှာ ဖြစ်ပြီးတော့ အဲဒီအထဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီက လွှတ်တော် ကိုယ်စားလှယ် ဟောင်း ၄ဦး ပါဝင်ပါတယ်။ အဲဒီလူတွေ အပါအဝင် တပ်မတော် သား ဟောင်း ၇ ဦး ပါဝင် မှာပါ။

အရပ်ဘက်က လူပုဂ္ဂိုလ် ၁၂ ဦး ပါဝင်မှာ ဖြစ်ပြီး အဲဒီလူတွေ ထဲမှာ ကြံ့ခိုင်ရေး ပါတီဝင်ဟောင်း ၁၀ ဦး ပါဝင်ပါတယ်။ လောလောဆယ် အချိန်အထိ ဘယ်သူ ဘယ်ဝါတွေဖြစ်တယ် ဆိုတဲ့ အမည်စာရင်း ထွက်ပေါ်လာ တာတော့ မရှိသေးပါဘူး။
၂၀၁၅ ရွေးကောက်ပွဲ အတွက် ဖြူးမှာ မဲဆွယ်စည်းရုံးနေတဲ့ သူရ ဉီးရွှေမန်
ကြံ့ခိုင်ရေး ပါတီဝင်ဟောင်းတွေ ပါဝင်ပေမယ့် ကြံ့ခိုင်ရေး ပါတီရဲ့ မူဝါဒ တွေနဲ့ လုံးဝ မတူညီတဲ့ မူဝါဒတွေ ချမှတ် လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ ဦးဝင်းဦး က ဆိုပါတယ်။

ပြည်သူတွေ အတွက် လိုအပ်ချက်တွေ ဖြစ်တဲ့ စီးပွားရေး အခန်းကဏ္ဍ၊ အလုပ်သမား နဲ့ တောင်သူလယ်သမား အရေး အခန်း ကဏ္ဍ တွေမှာ အဓိက လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ ဦးဝင်းဦး က ပြောပါတယ်။

သူရ ဦးရွှေမန်း ပါတီသစ် ထူထောင်မယ့် ကိစ္စ နဲ့ ပတ်သက်လို့လည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း နေပြည်တော်မှာ တိုင်ပင်ပြီး လုပ်ဆောင် ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်းလည်း ဖြစ်၊ တပ်မတော် ရဲ့ ထိပ်တန်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း အနေနဲ့ ပါတီ ထူထောင်ဖို့ လုပ်ဆောင် လာတာဟာ နိုင်ငံရေး အာဏာ အတွက် အလုပ်လုပ်ချင်တဲ့ အခြေခံ အကြောင်းတရားကြောင့် ဖြစ်တယ်လို့ ရန်ကုန် နိုင်ငံရေး သိပ္ပံ ကျောင်းအုပ်ကြီး ဦးမြတ်သူ က သုံးသပ်ပါတယ်။

''သူ့အနေနဲ့ ရှိပြီးသား ပါတီ တွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်လို့ မရတဲ့ အတွက် သီးခြား ပါတီ ထောင်လာတာပါ။ လက်ရှိ အာဏာရ NLD ပါတီ အပြင် ပြည်ခိုင်ဖြိုး ပါတီ ကလည်း လက်မခံနိုင်တော့တဲ့ အတွက် သီးခြား တစ်စင်ထောင် ဖို့ ဆုံးဖြတ် လိုက်ပုံ ရပါတယ်။ တပ်နဲ့ အလယ်အလတ် အမြင် ရှိတဲ့ တချို့လူတွေရဲ့ အားနဲ့ ပါတီ ထူထောင်လိုက်တယ်လို့ မြင်ပါတယ်'' လို့ဦးမြတ်သူက ပြောပါတယ်။
၂၀၁၅ ရွေးကောက်ပွဲ ပြီးနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဉီးဝင်းမြင့်တို့ကို တွေ့ရစဉ်
NLD ပါတီနဲ့ မဟာမိတ် ဖြစ်နိုင်မလား။

လက်ရှိ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနဲ့ အထူး ကိစ္စ ရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ အဖြစ် သူရ ဦးရွှေမန်း ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တာဝန်ပေးထားတာ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် လွှတ်တော် နိုင်ငံရေး မှာ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် လှုပ်ရှားတဲ့ အခါမှာ ဦးရွှေမန်း က အကူအညီ ပေးခဲ့ဖူးတာကြောင့် ပြည်ထောင်စု အဆင့် ကော်မရှင်မှာ တာဝန် ပေးအပ် ခဲ့တာ ဖြစ်တယ် ဆိုတဲ့ ထုတ်ဖော် ဝန်ခံချက်တွေလည်း ရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတဲ့ အတွက် သူရ ဦးရွှေမန်း ပါတီသစ် ထောင်တဲ့ အခါမှာလည်း NLD ပါတီနဲ့ မဟာမိတ် ဖြစ်နိုင် တယ် ဆိုတဲ့ မှန်းဆ ပြောဆိုမှုတွေလည်း ရှိပါတယ်။

ရန်ကုန် နိုင်ငံရေး သိပ္ပံ ကျောင်းအုပ်ကြီး ဦးမြတ်သူ က သူရ ဦးရွှေမန်း အနေနဲ့ ပြည်ခိုင်ဖြိုးပါတီ ထက် NLD ကိုသာ မဟာမိတ် အဖြစ် ရွေးချယ် နိုင်တယ်လို့ သူ့ အနေနဲ့ ထင်မြင်မိကြောင်း ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ မိတ်ဆွေ အဆင့် ဆက်ဆံရေး မျိုးသာ ရှိပြီး မဟာမိတ် သဘောမျိုး ပူးပေါင်း လုပ်ဆောင် တာ မရှိတဲ့ အတွက် မိတ်ဖက် ပါတီ ဖြစ်ဖို့ ခဲယဉ်း တယ်လို့ သတင်းစာဆရာ ကိုသီဟသွေး က သုံးသပ်ပါတယ်။

အကယ်၍ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူရဦးရွှေမန်း ရဲ့ ပါတီ ကို မဟာမိတ်ပါတီ အဖြစ် ရွေးချယ်မယ် ဆိုရင် တခြား SNLD ပါတီလို၊ ၈၈ တုန်း က အတူ လှုပ်ရှား ခဲ့သူတွေ ကို ဘယ်လို စဉ်းစားမလဲ ဆိုတဲ့ တွေးတော ချက် ရှိနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က မဟာမိတ် ပါတီ နိုင်ငံရေး ကိုစဉ်းစား မယ်ဆိုရင်တော့ တခြား ပါတီ တွေကိုပါ ထည့်သွင်း စဉ်းစားရမှာ ဖြစ်တဲ့ အတွက် ဦးရွှေမန်း ရဲ့ ပါတီသစ် နဲ့ မဟာမိတ် အဖြစ်ပူးပေါင်း ဖို့ မဖြစ် နိုင်ဘူး ဆိုပြီးတော့လည်း ကိုသီဟသွေး က ဆိုပါတယ်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာတော့ NLD ပါတီက ကိုယ်စားလှယ် ကို ရှုံးနိမ့်ခဲ့
ရွေးကောက်ပွဲ နိုင်ခြေ။

သူရ ဦးရွှေမန်းဟာ ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ တုန်း က ဇာတိ ဖြစ်တဲ့ ဖြူးမြို့နယ် ကနေ ဝင်ရောက် ယှဉ်ပြိုင် ခဲ့ပြီး ရွေးချယ် ခံခဲ့ရကာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက် ခဲ့သူပါ။

ဒါပေမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာတော့ NLD ပါတီက ကိုယ်စားလှယ် ကို ရှုံးနိမ့်ခဲ့ပါတယ်။

ဒါကလည်း သမ္မတ ရုံးက ညွှန်ကြားရေးမှူး တယောက်က အဲဒီ ဒေသမှာ တသီး ပုဂ္ဂလ အဖြစ် ဝင်ရောက် ယှဉ်ပြိုင် ခဲ့တာ အပြင် ကြံ့ခိုင်ရေး ပါတီ ကိုယ်စား လှယ် ကလည်း ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီး မဲ အကွဲအကွဲ အပြားပြား ဖြစ်မှုကြောင့် ရှုံးနိမ့် ခဲ့ရတာ ဖြစ်တယ်လို့ သူရ ဦးရွှေမန်း က ပြောခဲ့ဖူးပါတယ်။

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာတော့ ဦးရွှေမန်း အနေနဲ့ ဘယ်ဒေသ ကို ကိုယ်စားပြု ပြီး ဝင်ရောက် ယှဉ်ပြိုင်မလဲ ဆိုတဲ့ အပေါ်မူတည်ပြီး ရွေးချယ် ခံရနိုင်ပါတယ်။ သူ့ရဲ့ ဇာတိမြေက ထောက်ခံအားပေးမှု ကို ယုံကြည်ပြီးတော့ ဖြူးဒေသ ကနေပဲ နောက်တကြိမ် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မှု လုပ်မယ်လို့ ယူဆရပါတယ်။

ဒါပေမယ့် ဦးရွှေမန်း ရဲ့ ပါတီသစ် ထူထောင်ပြီးနောက်ပိုင်းမှာ NLD နဲ့ ဘယ်လောက် ပူးပေါင်း ဆောင်ရွက်မှု ရှိသလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ လည်း ရွေးကောက်ပွဲ နိုင်ခြေ ကို ခန့်မှန်းရမှာပါ။

NLD နဲ့ပါတီချင်း ဆက်ဆံရေး မှာ ဘယ်လောက် အထိ နားလည်မှု ယူထား သလဲ၊ ဘယ်လောက် အထိ ယုံကြည်မှု ရှိသလဲ ဆိုတဲ့ အချက် တွေကို ကြည့်ပြီး အကယ်၍ အန်အယ်လ်ဒီဘက်က အဲဒီ ဒေသကို မယှဉ်ပြိုင်ဘဲ ချန်လှပ်ထားခဲ့မယ် ဆိုရင် သူဟာ နောက်တကြိမ် ရွေးချယ် ခံရနိုင်တယ်လို့ သတင်းစာဆရာ ကိုသီဟသွေးက သုံးသပ် ပါတယ်။


တပ်မတော် နဲ့ ဆက်ဆံရေး။

သူရဦးရွှေမန်း အပေါ် တပ်မတော် ရဲ့ အမြင်ဟာ NLD ဘက်ကို ယိမ်းယိုင် သွားသူ၊ ကြံ့ခိုင်ရေး ပါတီကို ထိခိုက်မှုတွေ ရှိအောင် လုပ်ခဲ့သူ ဆိုတဲ့ အမြင် မျိုး ရှိကြောင်း အငြိမ်းစား တပ်မတော် အရာရှိကြီးတွေက ပြောဆို ကြပါတယ်။

လွှတ်တော်ထဲမှာ ဆိုရင်လည်း သူရ ဦးရွှေမန်း ဦးဆောင်တဲ့ ကော်မရှင် ကို တပ်မတော် သား ကိုယ်စားလှယ်တွေ ဘက်က တစိုက်မတ်မတ် ကန့်ကွက်မှုတွေ လုပ်ခဲ့တဲ့ သာဓက တွေလည်း ရှိခဲ့ပါတယ်။

ပြည်ခိုင်ဖြိုး နဲ့ တပ်မတော် အကြားမှာ ဆက်ဆံရေး က တချို့ အရာရှိကြီးတွေ ပါတီ အတွက် တပ်မတော် ကနေ နုတ်ထွက်ပြီး ပါတီ ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်တာ၊ တချို့ တပ်မတော် အခြေစိုက် စခန်းတွေမှာ ပြည်ခိုင်ဖြိုး ပါတီက မဲ အသာရ တာတွေ စတဲ့ ဆက်ဆံရေး မျိုး ရှိခဲ့တာ ဖြစ်ပါတယ်။

သူရဦးရွှေမန်း ဟာ တပ်မတော် ထိပ်တန်း ခေါင်းဆောင် တဦး ဖြစ်ခဲ့ပြီး တပ်မတော်သား တချို့ရဲ့ ထောက်ခံမှု ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ပါတီသစ် ထူထောင် ပြီးတဲ့နောက် တပ်မတော်နဲ့ ပြည်ခိုင်ဖြိုး ပါတီ တို့ရဲ့ နီးစပ်မှု ပုံစံမျိုးတော့ မရရှိ နိုင်ပါဘူး။

ဦးရွှေမန်း ဟာ ပြည်ခိုင်ဖြိုးနဲ့ ပဋိပက္ခ ဖြစ်ပြီး လမ်းခွဲ ရတဲ့ အပေါ်မှာ တပ်မတော် ခေါင်းဆောင်တွေ ဘက် က ခြံခုန် သွားတဲ့ လူတယောက်လိုမျိုး သုံးသပ် ပြောကြားမှုတွေ ရှိခဲ့လို့ ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၂၀ ရွေးကောက် ပွဲမှာ ဦးရွှေမန်းသာ အနိုင်ရခဲ့မယ် ဆိုရင် တပ်မတော် အနေနဲ့ ထူးထူး ခြားခြား တုံ့ပြန်မှု တွေ လုပ်လာမှာ မဟုတ်ဘူး ဆိုပြီးတော့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။
လွှတ်တော် ကော်မရှင် ရေးရာများဆွေးနွေး
အခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်လာနိုင်

သူရ ဦးရွှေမန်းဟာ နိုင်ငံရေး ပါတီ မထူထောင်ခင်မှာကတည်း က လက်ရှိ ၂၀၀၈ အခြေခံဥပဒေ ကို ပြင်ဆင် ဖို့ လိုအပ်ကြောင်း ထုတ်ဖော် ပြောကြား ခဲ့သူ တယောက်ပါ။ သူရ ဦးရွှေမန်း အနေနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ပိုပြီး သဘောထား ပျော့ပြောင်းတဲ့ အမြင်မျိုး ရှိသူလည်း ဖြစ်ပါတယ်။

ပါတီသစ် ကို မှတ်ပုံတင်ပြီးတဲ့ အခါမှာလည်း ရွေးကောက်ပွဲ အောင်နိုင်ရေး ကြွေးကြော်သံ အဖြစ် အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုတာ ကို ထည့်သွင်း လာနိုင်ပါတယ်။ LD ရဲ့ ရွေးကောက်ပွဲ ကြွေးကြော်သံ ဖြစ်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ အားကိုးခဲ့ရသူ တဦး လည်း ဖြစ်ပါတယ်။

အခြေခံဥပဒေ ကို ပြင်ဆင်ရေး ဆိုတာကို နိုင်ငံရေး ပါတီ အားလုံး က လက်ခံ ထားတာပါ။ ဥပမာ အားဖြင့်၂၀၁၅ ခုနှစ်တုန်း က ပြည်ခိုင်ဖြိုး ပါတီကလည်း ငြိမ်းချမ်းရေး ရရှိဖို့ အတွက် လက်ရှိ အခြေခံ ဥပဒေ ကို ပြင်ဆင် ဖို့ လိုအပ် ကြောင်း ရွေးကောက်ပွဲမူ အဖြစ် ပြောဆို ထားတွေ့ရပါတယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စု လွတ်တော် အစည်း အဝေးမှာ အခြေခံဥပဒေ ပြင်ဆင်ရေး ကို NLD ပါတီ အနေနဲ့ အဆို တင်သွင်း တော့မယ် ဆိုပြီး ပြောဆို မှုတွေ ရှိလာပါပြီ။ ဒါပေမယ့် လွှတ်တော် အစည်းအဝေး အစီအစဉ် ထဲမှာ မပါတဲ့ အတွက် အရေးကြီး အဆို အဖြစ် တင်မယ်လို့ ယူဆရပါတယ်။

ဒီအဆို ကို တပ်မတော် ဘက် က ထောက်ခံမှု လုပ်ဖို့ ထက် ပုဒ်မ ၄၃၆ ကို အကြောင်းပြပြီး ကန့်ကွက်ဖို့ များတာကြောင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ ပြီးတဲ့ အထိ အခြေခံ ဥပဒေ ပြင်ဆင်ရေးဟာ ကြန့်ကြာ နိုင်တယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ် ထားပါတယ်။

ပုဒ်မ ၄၃၆ ဆိုတာ အကြမ်း အားဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ပြဌာန်းချက်တွေကို ပြင်ချင်ရင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော် ဆန္ဒမဲနဲ့သာ ပြင်ဆင်ရမယ် ဆိုပြီး တော့ ပြဋ္ဌာန်း ထားတာပါ။

အကယ်၍ သူရဦးရွှေမန်းသာ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့မယ် ဆိုရင်တော့ အခြေခံ ဥပဒေပြင်ဆင်ရေး ကို NLD နဲ့ အတူ ပူးပေါင်း လုပ်ဆောင် လာမယ်လို့ ယူဆ ရကြောင်း ရန်ကုန် နိုင်ငံရေး သိပ္ပံ ကျောင်းအုပ် ဦးမြတ်သူ က သုံးသပ် ထားပါတယ်။

BBC Burmese
https://www.bbc.com/burmese