Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label Archaelogy. Show all posts
Showing posts with label Archaelogy. Show all posts
Monday, February 18, 2019
မြင်စိုင်းနားမှာ ထုံးကျောက်တောင်တွေမိုင်းခွဲလို့ နံရံပန်းချီတွေထိခိုက်
 မြင်စိုင်းနားမှာ ထုံးကျောက်တောင်တွေ ပေါ
ရှေးလက်ရာတွေ တည်ရှိရာ မြင်စိုင်းမြို့ဟောင်း ရှေးဟောင်းဇုန်နားမှာ ထုံးကျောက်တောင် ဖြိုတဲ့အတွက် ရှေးဟောင်း နံရံပန်းချီတွေ ပြိုကျ ပျက်စီးတာတွေ ရှိနေပြီး အမြန်ဆုံး ထိန်းသိမ်းဖို့ လိုတယ်လို့ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန ပညာရှင် အသင်းက တောင်းဆို လိုက်ပါတယ်။
မြင်စိုင်းဟာ ပုဂံပြီးရင် နောက်ကလာတဲ့ ပင်းယခေတ် သမိုင်းကို ဖော်ပြနိုင်တဲ့ သမိုင်းလက်ရာတွေ အဓိက တည်ရှိရာဒေသ ဖြစ်ပါ တယ်။
ပင်းယမြို့ မတည်ခင် မြင်စိုင်းမှာ အခြေစိုက်တဲ့ ရှမ်းညီနောင်သုံးပါးက ကျူးကျော်လာတဲ့ တရုတ်တပ်တွေကို ဒီမြို့ကနေ ခုခံခဲ့လို့ မြန်မာသမိုင်းမှာ ထင်ရှားခဲ့ပါတယ်။
ဒီမြင်စိုင်းဇုန်ထဲမှာ ထည့်သွင်းမထားပေမယ့် ပင်းယခေတ် လက်ရာ နံရံပန်းချီ တွေကျန်နေသေးတဲ့ ဂူတွေလည်း ဇုန်အနီးမှာ ရှိနေ ပါတယ်။
ပင်းယမြင်စိုင်းကောင်းစားတုန်းက စဥ့်ကွင်းအုတ်ချပ်
ဒီလိုဂူတွေထဲက တလုံးဖြစ်တဲ့ စိတ္တဂုတ္တဂူ အနားမှာ ကျောက်မိုင်းခွဲလို့ နံရံပန်းချီလက်ရာတွေ ပြိုကျပျက်စီးတာ မကြာခင်က ဖြစ်ခဲ့ ပါတယ်။
ရှေးဟောင်းဇုန်ထဲမှာ မပါတဲ့ ဂူတွေဟာ ထုံးကျောက်တောင်တွေအနားမှာ ရှိလို့ မိုင်းခွဲတဲ့အခါ ပြိုကျပျက်စီးတာတွေ ရှိတယ်လို့ မြန်မာ နိုင်ငံ ရှေးဟောင်း သုတေသန ပညာရှင်အသင်းရဲ့ အတွင်းရေးမှူး ဦးသူရအောင်က ဘီဘီစီကို ပြောပြပါတယ်။
ပင်းယက ရှေးဟောင်းနံရံပန်းချီ
သမိုင်းတန်ဖိုး ကြီးတဲ့ မြင်စိုင်း အနီးမှာ တည်ရှိတဲ့ စက်ရုံတွေက လိုအပ်တဲ့ ထုံးကျောက်တွေ ရရှိဖို့ တောင်တွေကို မိုင်းခွဲတဲ့အတွက် ဒါတွေကို အချိန်မီ မတားဆီး နိုင်ရင် ရှေးလက်ရာတွေ ပျောက်မှာကို ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ဦးသူရအောင်က ပြောပါ တယ်။
မိုင်းခွဲတာတွေကြောင့် နံရံပန်းချီတွေထိခိုက် နေတာတွေ ဆက်မဖြစ်အောင် ရပ်ခိုင်းဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေကို အကြောင်း ကြားပြီး ဒီဂူတွေကို သွားစစ်ဆေး နေတယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသား ပြတိုက် ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ဘီဘီစီကို ပြောပြပါတယ်။
ပင်းယဒေသက ရှေးဟောင်းဘုရားတဆူ
မြင်စိုင်းမြို့ဟောင်းဟာ ပင်းယခေတ်သမိုင်းကို ပြန်လည်ဖော်ထုတ်နိုင်တဲ့ အရေးပါတဲ့ မြို့ဟောင်းဖြစ် သလို ပုဂံခေတ် နှောင်းပိုင်းကို လေ့လာဖို့ အတွက်လည်း ရှေးဟောင်း အထောက် အထားတွေ ကိန်းအောင်းရာ အရေးကြီး ဒေသတခုပါ။
ဒီလက်ရာတွေ မပျောက်ပျက်ဖို့ ဇုန်ဧရိယာကို တိုးချဲ့ပြီး အစိုးရက ထိန်းသိမ်း ဖို့ လိုနေပြီ လို့လည်း ရှေးဟောင်း သုတေသန ပညာရှင် အသင်းက ထောက်ပြပါတယ်။
BBC Burmese
https://www.bbc.com/burmese
Tuesday, November 22, 2016
ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများကို မြတ်နိုးတန်ဖိုးထားတတ်ကြပါစေ
ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းတွင် ကိုယ်ပိုင်ယဉ်ကျေးမှုများ ရှိကြသည်။ ထို့အတူ မြန်မာနိုင်ငံသားတို့သည်လည်း ကိုယ်ပိုင်ယဉ်ကျေးမှုဖြင့် ကမ္ဘာပေါ်တွင် ယနေ့တိုင် ရပ်တည် နေနိုင်ခဲ့သူများ ဖြစ်ကြသည်။ မြန်မာနိုင်ငံတွင် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ၊ ပင်လယ်(မိုင်းမော)၊ ဝတီး၊ ဓညဝတီ၊ ဝေသာလီဟူသော ရှေးဟောင်းမြို့ပြနိုင်ငံများ ပေါ်ထွန်းလာပြီးနောက် ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်မှ ယနေ့ထိတိုင်အောင် သမိုင်းကြောင်း ရှည်လျားခဲ့သည်နှင့်အမျှ မြန်မာ့ယဉ်ကျေးမှုသည်လည်း အခြေခိုင်မာစွာဖြင့် နှစ်ပေါင်းထောင်ချီ ရပ်တည်နိုင်ခဲ့ပါသည်။
မြန်မာ့ယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာကို အခြေပြု၍ တိုးတက်ထွန်းကားလာသောကြောင့် မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် ဘာသာရေးဆိုင်ရာ အယူအဆများ၊ အတွေးအခေါ်များနှင့် ဆက်စပ်သော စာပေ၊ ပန်းချီ၊ ပန်းပု၊ ရုပ်တု ယဉ်ကျေးမှုဆိုင်ရာ အနုပညာလက်ရာများသည် ပေါ်ပေါက်လာခဲ့သည်။ ထို့ကြောင့် ပန်းချီ၊ ပန်းပု၊ ပန်းတော့၊ ပန်းတမော့စသော ပန်း(၁ဝ)မျိုး အတတ်ပညာသည်လည်း ထွန်းကားလာခဲ့သည်။ အေဒီ ၁ ရာစုမှစ၍ ရုပ်တု၊ ဆင်းတုနှင့် အခြားကိုးကွယ်မှုဆိုင်ရာ နတ်ရုပ်များ၊ အထိမ်းအမှတ်ရုပ်တုများကို ကျောက်၊ ကြေး၊ သံ၊ အုတ် မံရုပ်တု၊ သစ်သားတို့ဖြင့် ထုလုပ်၍ ကိုးကွယ်မှုဆိုင်ရာနှင့် လူ့အသုံးအဆောင်ပစ္စည်းများကိုလည်း ပြုလုပ်သုံးစွဲခဲ့ကြသည်။
ဤတွင် ၁ ရာစုမှ စ၍ ရတနာပုံခေတ်ကာလအထိ ယဉ်ကျေးမှုအနုပညာလက်ရာမြောက်သော စေတီ၊ ပုထိုး၊ ဂူ၊ ကျောင်းတို့၏ ဂူဘုရားနံရံများ၊ မုခ်ဦးမုခ်ဝများ စသည့်နေရာများတွင် ရုပ်လုံး၊ ရုပ်ခုံး၊ ရုပ်ကြွ၊ ပန်းတော့၊ ပန်းတမော့လက်ရာများစွာ အသုံးပြုခဲ့သည်။ ရုပ်လုံး၊ ရုပ်ကြွများကို ကြည့်သည့်အခါ ခြူးပန်းခြူးနွယ်၊ ကနုတ်ပန်း၊ ဘယက်ဒွါဒရာ အဆင်တန်ဆာတို့ဖြင့် ဝတ်စားဆင်ယင်ထားသော ဘုရားအလောင်းရုပ်၊ ဗြဟ္မာရုပ်၊ နတ်ရုပ်နှင့် ဘုရားဖြစ်တော်စဉ် ၅၅ဝ ဇာတ်နိပါတ်တော်များကို အနုလက်ရာအမျိုးမျိုးဖြင့် စဉ့်ကွင်းကျောက်၊ အုတ်၊ သစ်သားတို့ဖြင့် ထုဆစ်အလှဆင်ခဲ့ကြသည်။ ၄င်းအပြင် စာပေအရေးအသား တိုးတက်မှုအနေနှင့်လည်း ပျူခေတ်မှစတင်၍ ရတနာပုံခေတ်အထိ ကျောက်စာများကိုလည်း ရေးထိုးစိုက်ထူခဲ့ကြသည်။
ထိုသို့ထုလုပ်ခဲ့သော ရုပ်တု၊ ရုပ်လုံးများကိုကြည့်ပါက ဗုဒ္ဓဘာသာဆိုင်ရာ ကိုးကွယ်မှုကို အခြေခံသော ရုပ်တုများနှင့် မဟာယာနဆိုင်ရာရုပ်တု၊ ဟိန္ဒူဗြဟ္မဏဆိုင်ရာရုပ်တု၊ နတ်ရုပ်များသည် သမိုင်းနောက်ခံအတွက် မင်္ဂလာရှိစေသော အထိမ်းအမှတ်နှင့်ထုဆစ်ခဲ့ကြသော ရုပ်တုများသာ ဖြစ်ကြသည်။ အကြောင်းမဲ့ ထုလုပ်ရေးချယ်ခဲ့ခြင်းတော့ မဟုတ်ပေ။ ထိုဘုရား ဖြစ်တော်စဉ် ဇာတ်နိပါတ်တော်များကို နောင်လာနောင်သားများအား သိစေချင်သည့်အတွက် ဘာသာရေး၊ သာသနာရေးကို အလေးထားကာ ထုဆစ်ထားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ထိုရုပ်တုများသည် အလှအပသဘော၊ အဆင်တန်ဆာ သဘောပါဝင်သလို ဘာသာရေး ကိုးကွယ်မှုဆိုင်ရာ သမိုင်းနောက်ခံနှင့် လူတို့၏အဆင့်အတန်း မြင့်မားလာမှုကို ဖော်ဆောင် ပေးနေသော ရုပ်တုများ ဖြစ်ကြသည့်အတွက် တန်ဖိုးကြီးမားလှပါသည်။
ယခုအခါတွင် ဤရုပ်တုအမျိုးမျိုးနှင့် စာပေ(ကျောက်စာ)တို့သည် ယနေ့ထက်ထိတိုင်အောင် ကျန်ရှိနေသေး၍ မြန်မာ့ယဉ်ကျေးမှုအနုပညာ အမွေအနှစ်ပစ္စည်းများအဖြစ် ယဉ်ကျေးမှုအရ အလွန်ပင်တန်ဖိုးကြီးပါသည်။ ထိုကဲ့သို့ တန်ဖိုးကြီးမားမှုကို လျော့ပါးသွားအောင် ယဉ်ကျေးမှု မဲ့သော ဝတ်စားဆင်ယင်မှု၊ မယဉ်ကျေးသော အပြုအမူများဖြင့် ပူးတွဲကာ ဓာတ်ပုံရိုက်ခြင်း၊ ဖြန့်ဝေခြင်းများ ပြုလုပ်နေကြသောကြောင့် ထိုရုပ်တုပစ္စည်းများ၏ ယဉ်ကျေးမှုတန်ဖိုးကို မှေးမှိန်စေပါသည်။ ထို့ကြောင့် ဤကဲ့သို့ ပြုလုပ်သော အပြုအမူများကို မပြုလုပ်မိစေရန် မြန်မာနိုင်ငံသူနိုင်ငံသားများအနေနှင့် မိမိယဉ်ကျေးမှုကို ချစ်မြတ်နိုးသောစိတ်ဖြင့် ထိန်းသိမ်း စောင့်ရှောက် သွားရန်လိုပါသည်။ ထို့အတူ ယဉ်ကျေးမှုပျက်ပြားစေသော အပြုအမူများ ပြုလုပ်နေ သည်ကို တွေ့ရှိပါကလည်း မပြုလုပ်စေရန် တားမြစ်၍ အသိပညာပေးရန်လိုပါသည်။
ထိုသို့ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများကို အမျိုးသားရေးအသိစိတ်ဓာတ်ဖြင့် ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်မည်ဆိုပါက မိမိတို့၏ အမျိုးသားယဉ်ကျေးမှုဂုဏ်ကို မြှင့်တင်ပေးရာ ရောက်သည့်အတွက် တစ်မျိုးသားလုံးက ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းစောင့်ရှောက်သွားရန် လိုပါကြောင်း အသိပေးတိုက်တွန်းအပ်ပါသည်။
MORAC
ဆောင်းပါးရှင် ခင်ညိုညို(ရှေးဟောင်းသုတေသန)
Ministry of Religious Affairs and Culture
https://www.facebook.com/ministryofculturenews
Monday, March 7, 2016
..........................................
နှစ်ပေါင်း ၉၉ သန်း သက်တမ်းရှိ တောက်တဲ့ ရုပ်ကြွင်း မြန်မာမှာတွေ့ရှိ (ဓါတ်ပုံ- Florida Museum of Natural History)
နှစ်ပေါင်း ၉၉ သန်း သက်တမ်းရှိတဲ့ ပယင်းကျောက်ထဲက တောက်တဲ့ မျိုးနွယ်တကောင်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို မြန်မာနိုင်ငံမှာ ရှာတွေ့ခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်အခြေစိုက် သိပ္ပံပညာရှင်တွေက ပြောဆိုလိုက်ပါတယ်။
ဒါဟာ အဲဒီအမျိုးအစားထဲမှာ သက်တမ်းအရင့်ဆုံး ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်ပြီး တွားသွားသတ္တဝါတွေနဲ့ ပတ်သက်ပြီး ပျောက်ဆုံးနေတဲ့ ကွင်းဆက် ကိုလည်းတွေ့ခဲ့ပြီလို့ သုတေသီတွေက ပြောဆိုပါတယ်။နှစ်ပေါင်း ရ၅ သန်း သက်တမ်းရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို ဒီမတိုင်ခင်တုန်းက နောက်ဆုံး ရှာတွေ့ထားတာလို့ ဖလော်ရီဒါ သဘာဝ သမိုင်းပြတိုက်က သိပ္ပံပညာရှင်တွေကပြောပါတယ်။
လွန်ခဲ့တဲ့ ၁၀ စုနှစ်တွေအတွင်းတုန်းက ဒီကျောက်ဖြစ်ရုပ်ကြွင်းကို တခြားရှေးဟောင်းတွားသွားသတ္တဝါရုပ်ကြွင်းတွေနဲ့ အတူ မိုင်းလုပ်ငန်းခွင်တခုအတွင်းကနေ ရှာတွေ့ခဲ့တာပါ။ ဒါပေမယ့်လည်း သိပ္ပံပညာရှင်တွေဟာ အခုအချိန်ကြမှသာ အသေအချာဆုံးဖြတ်ချက်ချနိုင်ပါတယ်။ အခုတွေ့ရှိတဲ့ ကျောက်ဖြစ် ရုပ်ကြွင်းဟာ မွေးကင်းစ အရွယ်ဖြစ်ပြီး ပယင်းကျောက်အတွင်းမှာ ပိတ်မိနေခဲ့တယ်လို့လည်း သုတေသီတွေက ပြောပါတယ်။ ဒီကျောက်ဖြစ်ရုပ်ကြွင်းမှာ မျက်လုံးတစုံအပါအဝင် အရောင်စုံပါ၀င်ပြီး ပုံမှန်ထက်ထူးကဲကာ ဖြစ်တည်နေတယ်လို့ သိပ္ပံပညာရှင် Edward Stanley ကပြောပါတယ်။ ပယင်းကျောက်ကို မခွဲပဲ အဆင့်မြင့် Xray နည်းပညာတွေသုံးပြီး လေ့လာစူးစမ်းခဲ့တာဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Friday, February 26, 2016
မြစေတီ ကျောက်စာ (ရာဇကုမာရ် ကျောက်စာ) နှင့် အလောင်းဘုရား ရွှေပေလွှာ တို့အား ရှေးဟောင်း သုတေသန ပြတိုက်၌ ပြသသွားမည်( မွစတေီ ကျောက်စာ (ရာဇကုမာရ် ကျောက်စာ) နှင့် အလောင်းဘုရား ရွှေပေလွှာ တို့အား ရှေးဟောင်း သုတေသန ပြတိုက်၌ ပြသသွားမည်)
 (Xinhua)
..........
 အလောင်းဘုရား ရွှေပေလွှာအား တွေ့ရစဉ် (ဓာတ်ပုံ--မြဝတီ)
    ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)
    မြစေတီ ကျောက်စာ (ရာဇကုမာရ် ကျောက်စာ) နှင့် အလောင်းဘုရား ရွှေပေလွှာ တို့၏ ယူနက်စကို အသိအမှတ်ပြု မှတ်တမ်း ဂုဏ်ပြုလွှာများကို အမွေအနှစ် တစ်ခုအဖြစ် ထိန်းသိမ်းနိုင်ရန်နှင့် အများပြည်သူ ကြည့်ရှုနိုင်ရန် ရည်ရွယ်၍ ပုံစံတူ သတ္တုပြား၊ ကြွေပြားများဖြင့် ရေးထွင်းကာ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ရှိ ရှေးဟောင်း သုတေသန ပြတိုက်၌ ပြသသွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန သတင်းရရှိသည်။
ထို့ပြင် မြန်မာဘုရင် အလောင်းမင်းတရားကြီး မှ ဗြိတိန် ဘုရင်ထံ ပေးပို့ခဲ့သော ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့ရှိ Gottfried Wilhelm Leibniz စာကြည့်တိုက်၌ ထိန်းသိမ်း ထားသည့် ရွှေပေလွှာကို ၂ဝ၁၅ ခုနှစ်က ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် စာရင်းသို့ မြန်မာနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့ ပူးတွဲ တင်ပြခဲ့ရာ လက်ရှိတွင် ဂျာမနီ အစိုးရမှ ယင်းရွှေပေလွှာ၏ ဒစ်ဂျစ်တယ် မိတ္တူကို မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည့် အတွက် ယခုအခါ ပြည်သူများ လေ့လာ ကြည့်ရှုနိုင်ရန် အဆိုပါေ ရွှပေလွှာကို အမျိုးသားပြတိုက် (ရန်ကုန်) ၌ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ ့မှတ်တမ်း အမွေအနှစ် အစီအစဉ်တွင် ကမ္ဘာ့ အမွေအနှစ် လျှောက်ထားမှုပေါင်း ၈၈ ခုအနက် မြစေတီ ကျောက်စာကို ယူနက်စကိုမှ ကမ္ဘာ ့မှတ်တမ်း အမွေအနှစ် စာရင်း ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။
 (Xinhua)
http://www.xinhuamyanmar.com
Thursday, January 14, 2016
မကွေး ဇန်နဝါရီ ၁၄
ဇေယျတု(မကွေး)
MOI Webportal Myanmar
..............
ပန်ထွာဘုရင်မနှင့် ဆက်စပ်သည်ဟု ယူဆရသော အထောက်အထားများ ဖိုလေးလုံးကျေးရွာ အနီးတွေ့ရှိ
မကွေး ဇန်နဝါရီ ၁၄
ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နယ်မြေ ဗိဿနိုးဘုရင်မပန်ထွာ၏ စစ်ရှောင် နန်းဆောင် ခြောက်ခုအနက် ပျောက်ဆုံးနေသောနန်းဆောင် တစ်ခုကို မကွေးမြို့နယ် ဖိုလေးလုံးကျေးရွာမြောက်ဘက် သုံးမိုင်အကွာရှိ (ဒေသအခေါ်) အုတ်တံတိုင်းကုန်းပေါ်တွင် တွေ့ရှိနေပြီဖြစ်ကြောင်း သမိုင်း အမွေအနှစ် စိတ်ဝင်စားသူတစ်ဦးဖြစ်သူ ဦးစုက အထောက်အထားများနှင့် ပြောဆိုပြီး တတ်ကျွမ်းနားလည်သော ရှေးဟောင်း သုတေသန ပညာရှင်များက အတည်ပြုဖော်ထုတ်ပေးရန် ကျေးရွာဒေသခံများက လိုလားလျက်ရှိသည်။
''ကျွန်တော်ကလေးဘဝကတည်းက ရွာမြောက်ဘက် အုတ်တံတိုင်းကုန်း လို့ ခေါ်တဲ့နေရာမှာ အကျယ်အဝန်းဧကဝက်လောက်ရှိတဲ့ အုတ်ရိုးကြီးတွေ ဒီနေ့ထိရှိနေပါတယ်။ အဲဒီနေရာကနေ ရှေးဟောင်းအုတ်ချပ်တွေ၊ ဆေး တံတွေ၊ ကြေးသွန်းအရုပ်တွေကို ကျွန်တော်ရခဲ့ပါတယ်။ ဗိဿနိုးမြို့ဟောင်းက လက်ရာ တွေနဲ့ တစ်ထပ်တည်းတူတာကိုလည်း လေ့လာ သိရှိခဲ့ရပါ တယ်။ ရှေးဟောင်း လင်ပန်းတွေ၊ ဖလားတွေ၊ ငွေဒင်္ဂါးပြားတွေ တွေ့ခဲ့ ဖူးတာ ကိုလည်း လူကြီးတွေ ပြောစကားအရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်း က ရှေးဟောင်းသုတေသီတွေ သတင်းစကားကြားလို့ ရွာဘက်ရောက်လာပြီး အုတ်တံတိုင်းကုန်းဘက် လိုက်ပို့ရတယ်။ သူတို့ကတော့ ပျောက်ဆုံးနေတဲ့ နန်းဆောင်တစ်ခု တွေ့ပြီလို့ ဗိဿနိုးသမိုင်းမြေပုံတွေနဲ့ အခိုင်အမာပြောကြ တယ်။ လူအင်အား၊ ငွေအင်အားစုဆောင်းပြီး ပြန်လာတူးမယ်လို့ သိရပါ တယ်။ ကျွန်တော်တို့ ဒေသခံတွေအနေနဲ့ကတော့ သက်ဆိုင်ရာရှေးဟောင်း သုတေသနဌာနနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ လာရောက်လေ့လာ အတည်ပြုပြီး ရှေးဟောင်းသမိုင်းအမွေအနှစ်ကို ဖော်ထုတ်ပေးစေချင်တာပါပဲ''ဟု သမိုင်းမွေအနှစ်တန်ဖိုး ထားသူ ဒေသခံ ဦးစုက ပြောသည်။
အုတ်ချပ်များ၊ အုတ်ရိုးများ၊ ပျူခေတ်(အလယ်)လက်ရာဟု ယူဆရသော ပုတီးများ၊ ဆေးတံများ၊ အရှေ့မြောက်ထောင့်နှင့် အနောက်တောင်ထောင့်ရှိ အဆောက်အအုံအုတ်လှေကားနှစ်စင်းတို့ တွေ့ရှိရခြင်းအပေါ် ဒေသလက်ဆင့်ကမ်းစကားအရ အုတ်တံတိုင်းကုန်းနေရာသည် ပျူရွာကြီးတစ်ရွာ ဖြစ်တည် ခဲ့ဖူးသည်။ ယခုနေရာသည် ပျူသချုႋင်းဟောင်းနေရာဖြစ်သည်ဟု အခိုင်အမာ ယုံကြည်နေသူများလည်းရှိပြီး နတ်ကြီးသည်ဟုဆိုကာ စည်းကမ်းမဲ့ အပြော အဆို လုပ်ရပ်များကိုရှောင်ကြဉ်လေ့ရှိကြောင်း၊ အမျိုးသားများပင် အဖော် တစ်ဦးစ၊ နှစ်ဦးစနှင့် ညနေအချိန်များတွင် ဖြတ်သန်းသွားလေ့မရှိကြောင်း၊ လပြည့်လကွယ်နေ့များတွင် မောင်းခတ်သံများ ကြားရလေ့ရှိကြောင်း ဒေသခံ များက ဆိုသည်။
အုတ်တံတိုင်းကုန်းနှင့်နီးသည့် လိပ်ကုန်းကျေးရွာမှစ၍ မြောက် ဘက်ခြမ်း ဒေသ များတွင် ချောင်းနှင့်နီးစပ်ရာနေရာများ၌ လက်ယက်စမ်းတွင်း များကို တူးဖော်အသုံးပြု၍ရနိုင်ပြီး အုတ်တံတိုင်းကုန်းနှင့် ဝန်းကျင်ရွာများ တွင် ချောင်းများရှိသော်လည်း စမ်းတွင်းများအသုံးပြု၍မရကြောင်း၊ ထိပ်ဝ ငါးပေ၊ အနက် ကိုးပေခန့်ရှိ ကျောက်ဆစ်ကျောက်သားထစ်များဖြင့် ဖန်တီးထားပြီး ဆယ့်နှစ်ရာသီအသုံးပြုနိုင်သည့် ပန်ထွာဘုရင်မ အသုံးပြုခဲ့ သည်ဟု ယုံကြည် နေသော စမ်းတွင်းတစ်တွင်းကိုသာ ထူးခြားမှုအဖြစ်တွေ့ ရှိရကြောင်း၊ ''ငါလာမှကြီး၊ ငါလာမှသီး'' ဟူသော ဗိဿနိုးဒေသရှိ ပေပင်များ အပေါ် ထားရှိသည့် သစ္စာဓိဋ္ဌာန်စကားနည်းတူ ဤဒေသတွင်လည်း စကားသစ္စာရှိ နေခြင်းဖြစ်နိုင်ကြောင်း ဒေသခံ ကိုဝေယံက ပြောသည်။
ပန်ထွာဘုရင်မနှင့်ဆက်စပ်သည်ဟုယူဆရသော အထောက်အထားများ ဖိုလေးလုံးကျေးရွာ အနီးတွေ့ရှိရခြင်းအပေါ် မကွေးတိုင်းဒေသ ကြီး ရှေးဟောင်းသုတေသနဦးစီးဌာနထံ ဆက်သွယ်မေးမြန်းရာ ''ကျွန်တော်တို့ ဌာနကို သတင်းပို့ထားတာတော့မရှိသေးပါ ဘူး။ ပြည်ထောင်စု လွှတ်တော်က ၂ဝ၁၅ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့မှာ ပြဋ္ဌာန်းထား တဲ့ ရှေးဟောင်း ဝတ္ထုပစ္စည်း များကာကွယ်ထိန်းသိမ်းရေးဥပဒေအမှတ်(၄၃)၊ အခန်း(၆)၊ ပုဒ်မ ၁၂ အရ ထိန်းသိမ်းစောင့်ရှောက်သူမရှိတဲ့ ရှေးဟောင်း ပစ္စည်းတစ်ခုကိုတွေ့ရင် တွေ့သူက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးထံကို သတင်းပို့ရပါမယ်။ ပုဒ်မ ၁၃(က)မှာ သတင်းပေးပို့ချက် လက်ခံရရှိတဲ့ တာဝန်ရှိသူက လိုအပ်သလို ထိန်းသိမ်းစောင့်ရှောက်ထားပြီး ၁၄ ရက်အတွင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံ သတင်းပို့ရပါမယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးက သတင်းလက်ခံရရှိသည့်နေ့မှ ခုနစ်ရက်အတွင်း သက်ဆိုင်ရာရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနကို အကြောင်းရပါမယ်။ ပုဒ်မ ၁၃ (ခ)အရ ဦးစီးဌာနက ထိန်း သိမ်း စောင့်ရှောက်ခြင်းကို သတ်မှတ်ချက်များနဲ့အညီ ဆောင်ရွက် ရမှာပဲဖြစ်ပါ တယ်။ သမိုင်းအမွေကိုတန်ဖိုးထားမြတ်နိုးတဲ့ ပြည်သူတွေဆီကရလာတဲ့ သတင်းတွေအပေါ်မှာ တာဝန်ရှိတဲ့အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာပါ'' ဟု ဒုတိယညွှန်ကြားရေးမှူး ဦးစောလွင်က ပြောကြားသည်။
ဇေယျတု(မကွေး)
MOI Webportal Myanmar
Saturday, August 29, 2015
နှစ်ပေါင်း ၁၅၀၀ ခန့် ရှိနေပြီဖြစ်တဲ့ မံမီပြုလုပ်ထားသော မွေးကင်းစ ကလေး တစ်ယောက်ရဲ့ ရုပ်အလောင်း ကို ရှာဖွေ တွေ့ရှိ
ရှေးဟောင်းသုတေသန ပညာရှင်တွေဟာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၅၀၀ ခန့် ရှိနေပြီဖြစ်တဲ့ မံမီပြု
လုပ်ထားသော မွေးကင်းစ ကလေး တစ်ယောက်ရဲ့ ရုပ်အလောင်း ကို ရှာဖွေ တွေ့ရှိခဲ့ကြ ပါတယ်။
ကျောက်တုံးနဲ့ ပြုလုပ်ထား သော ခေါင်းတလား တစ်ခုတည်းမှာ မြဲမြံစွာရှိနေခဲ့တဲ့ ထို ကလေး မံမီ ရုပ်ဟာ 
ဆီးဘီးရီးယား နိုင်ငံရဲ့ အယ်လ်တိုင်း တောင်တွေ ကြားက လေထုမရှိတဲ့ နေရာတစ်ခုမှာ ၅၀၀ အေဒီ ခန့်
ကတည်းက ရှိနေခဲ့တာဖြစ်ပါတယ်။
ထို ရှေးဟောင်း အုတ်ဂူ ကိုတော့ တောင်ပိုင်း ဆီးဘီးယား မှာ ရှိတဲ့ အယ်လ်တိုင်း နိုင်ငံ ၊ Kosh-Agach 
ခရိုင် ၊ Kurai ရွာ နားမှာ တူးဖော်တွေ့ရှိခဲ့ကြတာပဲ ဖြစ်တယ်လို့ The Siberian Times သတင်းဌာန က
 ဖော်ပြခဲ့ပါတယ်။
ထို ကလေး မံမီ ရုပ် ရဲ့ ဘေးချင်းကပ်ရပ်မှာတော့ အရွယ်ရောက်ပြီးသူ ၂ ယောက်ရဲ့ အရိုးစုတွေကို တွေ့ရ
တာကြောင့် ထို ကလေးမံမီ ရဲ့ မိဘတွေလို့ ထင်မှတ်ရပြီး ထို မိဘ ၂ ယောက်ဟာတော့ မံမီပြုလုပ်ထားခြင်း
မရှိပဲ အရိုးစုများသာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ထို ကလေးကတော့ ၁ လ ခန့်နဲ့ မံမီရုပ် အဖြစ် ပြောင်းလဲခံထားရတယ်လို့ ခန့်မှန်းရပြီး မွေးကင်းစ ကလေး 
တစ်ယောက်လို့ ထင်မှတ်ရပါတယ်။ ယောင်္ကျားလေးလား ၊ မိန်းကလေး လားဆိုတာတော့ မသိနိုင်သေးပါဘူး။ ရှေးဟောင်းသုတေသန ပညာရှင်တွေကတော့ ထိုကလေးဟာ ရှေးဟောင်း သမိုင်းကြောင်းမှာ ရှိခဲ့တဲ့ Hun စစ်သည်တွေနဲ့ 
ပတ်သက်နေရဲ့ Bulan-Kobinskaya ယဉ်ကျေးမှု က ဆင်းသက်လာသူတစ်ဦး ဖြစ်လိမ့်မယ်လို့ ပညာ
ရှင်တွေ ခန့်မှန်းထားကြပါတယ်။
ထို ကလေးမံမီ ရုပ်ရဲ့ DNA ကို ရယူပြီး ထို ကလေး ရဲ့ မျိုးရိုးနဲ့ ယဉ်ကျေးမှုတွေကို သမိုင်းမှတ်တမ်းများ နဲ့ 
စီစစ်ပြီး ဆက်လက်လေ့လာသွားမယ်လို့လည်း ထို ရှေးဟောင်း သုတေသန ပညာရှင်တွေက ဆိုပါတယ်။
( Mario )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Mirror
Wednesday, July 29, 2015
အမေရိကန်သို့ ပထမဆုံး ခြေချသည့် အင်္ဂလိပ် လူမျိုးများ၏ ရုပ်ကြွင်းများကို ဖော်ထုတ်နိုင်ပြီ
      အမေရိကန်ပြည်ထောင်စု ဗာဂျင်းနီးယား ပြည်နယ်ရှိ ဂျိမ်းစ်တောင်း အခြေစိုက်စခန်း ခေါင်းဆောင်လေးဦးတို့၏ ရုပ်ကြွင်းများကို ခွဲခြား ဖော်ထုတ်နိုင်ပြီ ဖြစ် ကြောင်း သိပ္ပံပညာရှင်များက ပြောဆိုခဲ့သည်။
      ဂျိမ်းစ်တောင်းသည် ဗြိတိန်ကိုလိုနီများ အမေရိကန် ပြည်ထောင်စုဖြစ်လာမည့် မြေပေါ်တွင် ပထမဆုံး အောင်မြင်စွာ ခြေချ တည်ထောင်နိုင်ခဲ့သည့် အခြေစိုက်စခန်း ဖြစ်သည်။ ရုပ်အလောင်းများအား ၂၀၁၃ ခုနှစ် နိုဝင်ဘာတွင် တူးဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။ ရုပ်အလောင်းများကို ခွဲခြား ထုတ်ဖော်နိုင်ရန် နှစ်နှစ်ခန့် အချိန်ယူခဲ့ရသည်။
      ဂျိမ်းစ်တောင်း၌ ၁၆၀၇ မှ ၁၆၁၀ ခုနှစ်အထိ နေထိုင်ခဲ့သူများအနက် အရေး အပါဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြကြောင်း ပညာရှင်များက ပြောသည်။ ယင်းအချိန်သည် အစား အစာ ပြတ်လပ်ချိန်၊ အင်ဒီးယန်းများ၏ တိုက်ခိုက်မှုနှင့် ရောဂါဘယ ထူပြောချိန်များ ဖြစ်ကြောင်း၊ ယင်းပုဂ္ဂိုလ်များသည် အခြေစိုက် စခန်းရှိ လူများကို စုစည်းပြီး ရန်အသွယ်သွယ်ကို ခုခံခဲ့ကြောင်း ဂျိမ်းစ်တောင်း ပြန်လည်တွေ့ရှိရေး အဖွဲ့၏ ဥက္ကဋ္ဌ ဂျိမ်းစ်ဟွန်းက ပြောဆိုခဲ့သည်။
      ၁၆၀၇ ခုနှစ် ပထမခရီးစဉ်မှ ရုပ်အလောင်းနှစ်ခုနှင့် ဂျိမ်းစ်တောင်းနှင့် အင်္ဂလိပ် အမေရိကန်ကို ကယ်တင်ခဲ့သည့် ၁၆၁၀ခုနှစ် ဒုတိယခရီးစဉ်တို့မှ ရုပ်အလောင်း နှစ်ခုတို့ကို လက်ဝယ် ရရှိထားကြောင်း ၎င်းကပြောသည်။
      တွေ့ရှိသည့် နေရာကိုများကို လေ့လာခြင်း၊ အရိုးများနှင့် သမိုင်း သုတေသနများကို နှိုင်းယှဉ်ခြင်းဖြင့် သိပ္ပံပညာရှင်များသည် ၎င်းလူလေးဦးမှာ ခေါင်းဆောင်များ ဖြစ်ရမည်ဟု နောက်ဆုံးတွင် မှတ်ချက် ချနိုင်ခဲ့သည်။ ၎င်းတို့ထဲတွင် အရေးအပါဆုံးမှာ ကပ္ပတိန် ဂေဘရီယယ် အာချာဖြစ်ပြီး ၎င်းသည် အခြေခံစခန်း နိုင်ငံရေးတွင် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကာ ဂျိမ်းစ်မြစ်ကို ဆန်တက်ပြီး ရွှေနှင့်ငွေများ ရှာဖွေရာတွင် ဦးဆောင် ပါဝင်ခဲ့သူဖြစ်သည်။
      ရုပ်ကြွင်းများအား လေ့လာမှုများ ပြုလုပ်ရန် စမစ်ဆိုနီယံ သဘာဝ သမိုင်းပြတိုက်သို့ ယူဆောင်ခဲ့သည်။ ရုပ်ကြွင်းများရှိ ဓာတုပစ္စည်းများကို လေ့လာပြီးနောက်တွင် ၎င်းင်းတို့မှာ အင်္ဂလိပ်လူမျိုးများ ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။
      ထို့ပြင် ရုပ်ကြွင်းများတွင် ပရိုတင်းဓာတ် များစွာရှိနေကြောင်း  တွေ့ရှိခဲ့သောကြောင့် ၎င်းတို့မှာ ကြွယ်ဝသူများ ဖြစ်နိုင်ကြောင်း ဆက်လက် အဖြေထုတ်ခဲ့သည်။                
Source:BBC
Friday, April 24, 2015
ဟန်လင်းပျူမြို့ဟောင်းမှအာရဗီဒင်္ဂါးပြားများတွေ့ရှိ
Al Khon Bransai wall post မှတဆင့် comment တစ်ခုမှယူလာသည် 
comment by Kyaw Thu
ဟန်လင်းပြူမြို့တော်ဟောင်းရှိဆရာတော်ဦးနာဂအထိမ်းအမှတ်ဟံလင်းယဉ်ကျေးမှု့ပြတိုက်မှတွေ့ရှိရသည့်၊လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ကျော်
ကအာရဗီသတ္တုဒင်္ဂါးပြား၊သတ္တုတစ်မျိုးဖြင့်ပြုလုပ်ထားပြီး၊တဖက်တွင်ကလေမာတော်ပါရှိပြီး၊အခြားတဖက်တွင်ကလေမာတော်နှင့်ဟဇရသ်အဘူဘကရ်၊
ဟဇရသ်အိုမရ်၊ဟဇရသ်အွတ်စမန်နှင့်ဟဇရသ်အလီ(ရသွေ့)သခင်လေးပါး၏နာမတော်များပါရှိသည်ကိုတွေ့ရသည်။
ထူးခြားချက်မှာရခိုင်ပြည်မှအာရဗီဒင်္ဂါးပြားများသည်အဝိုင်းပုံသဏ္ဏန်ရှိပြီးယခုတွေ့ရှိခဲ့ရသည့်ဟန်လင်းပျူမြို့ဟောင်းမှအာရဗီဒင်္ဂါးမှာလေးထောင့်
ပုံသဏ္ဏန်တွေ့မြင်ခဲ့ရသည်။
score မသူဇာ
Thursday, February 5, 2015
အရှည် ၇၈ ပေ သစ်တစ်လုံးထွင်း လှေကြီး
ရှေးဟောင်းသမိုင်းဝင် မင်းကွန်းဒေသမှ ဆယ်ယူရရှိသော သစ်တစ်လုံးထွင်း လှေကြီးကို အများပြည်သူ လေ့လာနိုင်ရန် မင်းကွန်းခြင်္သေ့ကြီး ဆိပ်ကမ်းတွင် ပြသထားမည်
စစ်ကိုင်း ၊ ၅-၂-၂၀၁၅
ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေဖြစ်သည့် စစ်ကိုင်းမြို့နယ် မင်းကွန်းဒေသ ဧရာဝတီ မြစ်ကမ်းပါး ပြိုကျရာမှ ပေါ်ထွက်လာသည့် လှေကြီးကို မင်းကွန်း လေးဌာန ဆရာတော် ကြီးများ ဦးဆောင်၍ ဇန်နဝါရီ ၂၉ ရက်က စတင်ဆယ်ယူ ခဲ့ရာ ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်က ကမ်းစပ် နေရာသို့ တစ်စီးလုံး ဖော်၍ သယ်ယူ လာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ လှေကြီးမှာ အရှည် ၇၈ ပေ၊ အကျယ် ရှစ်ပေ လေးလက်မ၊ ဇောက် နှစ်ပေ ၁ဝ လက်မရှိပြီး သစ်တစ်လုံး တည်း ထွင်းထားသည့် ထွင်းလှေ အမျိုးအစား ဖြစ်ကြောင်း၊ ကမ်းစပ်ရေထဲ မှ ကုန်းပေါ်သို့ တင်၍ ပြသသွားရန် စီစဉ်ထားကြောင်း၊ ကမ်းပေါ် ရောက်ပါက မင်းကွန်း ခြင်္သေ့ကြီးများ ရှိသည့် ကမ်းနဖူးတွင် ပြသထားရန် စီစဉ်ထားကြောင်း ညောင်ပင်သာ ဆရာတော် ထံမှ သိရသည်။
ထို သစ်လုံးထွင်း လှေကြီးနှင့် အတူ လှေနံလှေဝမ်း ကိုထိန်းသည့် အရှည်ပေ ၅ဝ ခန့်ရှိသော တံကူကြီး လေးခုကိုလည်း ဆယ်ယူရရှိ ခဲ့ပြီး စတင် ဖော်ယူသည့် ဇန်နဝါရီ ၂၉ ရက်မှ ယမန်နေ့ အထိ ကုန်ကျစရိတ်မှာ ငွေကျပ် ၁၂ သိန်းခန့် ကုန်ကျခဲ့ပြီး လူအင်အား ၁၃ ဦးဖြင့် လုပ်ဆောင်ခဲ့ကြောင်း၊ လှေကြီး ထားမည့်နေရာ ရောက်ရှိရေး အတွက် ယန္တရား စက်များဖြင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လှေကြီး ဖော်ယူရေး ဆောင်ရွက် ခဲ့သည့် အလုပ်သမား ခေါင်းဆောင် ဦးသိန်းဝင်း က ပြောပြသည်။
''အခု ဖော်လိုက်တဲ့ လှေကြီးက လွန်ခဲ့တဲ့ ၄၅ နှစ်ကျော် ကတည်းက ဒီနေရာမှာ သစ်ငုတ်ကြီး လိုရှိနေတာပါ။ တစ်ရွာလုံးက သစ်ငုတ်ကြီးပဲ ထင်နေကြတာပါ။ အခု ကမ်းပါးပြိုကျ မှ လှေမှန်း သိရတာပါ။ ရှေးဘိုးဘွားတွေ အဆက်ဆက် ပြောတာကြားဖူး တာတော့ မင်းကွန်း ခေါင်းလောင်းကြီးကို နန်းတော်ကျွန်း (ဧရာဝတီ မြစ်လယ်မှကျွန်း) မှာသွန်းတော့ လှေပေါ်မှာ ဖောင်ဖွဲ့၊ ဖောင်ပေါ်မှာ ခေါင်းလောင်းကြီး မိုကို ပြုလုပ်ပြီး အပြီးသွန်းလုပ် ခဲ့တာပါ။ ခေါင်းလောင်းကြီး ပြီးတော့ ကျွန်းပေါ်က အခု ခေါင်းလောင်းရှိတဲ့ နေရာထိ မြောင်းတူးပြီး ဧရာဝတီမြစ်ထဲ ဆွဲယူတယ်။ အဲဒီလိုဆွဲပြီး မင်းကွန်း ဆိပ်ကမ်း ရောက်တော့ အခု ခေါင်းလောင်း ချိတ်တဲ့ နေရာမှာ အုတ်တိုင်နဲ့ ချိတ်စင်လုပ်ထားပြီး အဲ့ဒီနေရာကို ခေါင်းလောင်းဖောင် ရောက်အောင် ဆွဲယူပါတယ်။ ခေါင်းလောင်း ချိတ်ပြီးတဲ့ အခါ မြစ်ဘက်က မြောင်းဝကို ပိတ်ပြီး ရေနုတ်လိုက်တော့ ခေါင်းလောင်း ကချိတ်ပြီး ဖြစ်သွားတယ်။ မြောင်းကို မြေဖို့တဲ့အခါ ခေါင်းလောင်း တင်တဲ့ လှေဖောင်လဲ မြေဖို့တဲ့ အထဲမှာ ရောဖို့ လိုက်တယ်လို့ ကြားဖူးပါတယ်။ အခု ဘိုးဘွားတွေ ပြောတဲ့စကား မှန်သလို ဖြစ်နေပြီ .. '' ဟု ဒေသခံ အသက် ၆၇ နှစ်ရှိ အဘွား ဒေါ်အေးမ က ပြောပြသည်။
အဆိုပါ လှေကြီးကို ယခု ဖော်ယူထား ရှိသည့် စက်တော်ရာ ဘုရား ဆိပ်ကမ်းမှ ဆွဲတင်၍ အများပြည်သူ ကြည့်ရှုလေ့လာ နိုင်ရန် ပြသမည့် နေရာသို့ ပြောင်းရွှေ့ရေးကို မင်းကွန်း လေးဌာန ဆရာတော်ကြီးများ ဦးဆောင်ကာ ကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ညောင်ပင်သာ ဆရာတော်၏ မိန့်ကြားချက် အရ သိရသည်။ (၁၇၄)
‪#‎Yadanarpondaily‬
‪#‎ရတနာပုံနေ့စဉ်‬
http://myawady-myawady.blogspot.com/2015/…/blog-post_96.html
Monday, February 2, 2015
မင်းကွန်းတွင်တွေ့ရှိထားသည့် ရှေးဟောင်းလှေကြီးကို စတင်ဖော်ယူ
ရှေးဟောင်းယဉ်ကျေးမှု နယ် မြေဖြစ်သည့် စစ်ကိုင်းမြို့နယ် မင်း ကွန်းရွာတွင် ဧရာဝတီ မြစ်ကမ်းပါး ပြိုရာမှ ပေါ်ထွက်လာခဲ့သည့် ရှေး ဟောင်း လှေကြီးကို ယခုအခါ မင်း ကွန်းလေးဌာန ဆရာတော်ကြီးများ က ဦးဆောင် ၍ ပြန်လည်ဆယ်ယူ လျက်ရှိကြောင်း သိရသည်။
အဆိုပါလှေကြီးကို ဇန်နဝါရီ ၄ရက်က ဧရာဝတီမြစ်ကမ်းဖောင် တော်သီဆိပ်တွင် ကမ်းပါးပြိုရာမှ လှေဦးပိုင်းကို စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ဇန်နဝါရီ ၂၉ရက်မှစတင် ကာ နစ်မြုပ်လှေကြီးကို စတင်ဖော် ဆောင်နေခြင်းဖြစ်ကြောင်း၊ ဦးမြင့် သိန်းဦးဆောင်သည့်အဖွဲ့က လူအင် အား ၁၅ ယောက်နှင့် စက်လှေသုံး စင်းကိုအသုံးပြုကာ ဘာလီကြိတ် ဖော်သည့် နည်းစနစ်ဖြင့်ဖော်နေ ခြင်းဖြစ်ကြောင်းသိရသည်။
လှေ ဖော်ဆောင်ခအဖြစ် ကျပ် ၁၂ သိန်း တောင်းခံထားသည်။ ယခုအခါ လှေကြီး၏တံကူကြီးနှစ်ခုနှင့်ဘေးက တန်းသစ်သားပြားကြီး နှစ်ချောင်း တို့ကိုဖော်ယူရရှိထားသည်။
လှေ ကြီး၏တံကူကွေးကြီးများမှာ ထု ၆ လက်မခန့်ရှိပြီး အချင်း ၅ပေ ၆လက်မခန့်ရှိကြောင်း၊ လှေကြီးမှာ ထွင်းလှေဖြစ်ပြီး အလျားပေ ၆ဝ ခန့်ရှိကြောင်း လှေဖော်အဖွဲ့သား များကခန့်မှန်းထားသည်။အဆိုပါလှေကြီးမှာ ရေအနက် ၁၅ ပေခန့်အောက် ရွှံ့နွှံထဲတွင် နစ် မြုပ်နေခြင်းဖြစ်ပြီး ရေဝဲရှိနေသဖြင့် လှေဖော်အဖွဲ့များအနေဖြင့် ခက် ခက်ခဲခဲ ဖော်ယူနေကြရကြောင်း သိရသည်။''လှေကြီးဖော်နေတာ သုံး ရက်ရှိနေပြီ။ ဘေးတန်းပျဉ်ချပ်ကြီး တွေနဲ့ လှေတံကူကြီးတွေပဲဖော် လို့ရသေးတယ်။ ရေငုပ်သမား တွေက ရေအောက်ငုပ်ပြီး ကြိုးချီ တယ်။ အပေါ်က စက်လှေကြီး နှစ်စင်းမှာတန်းပစ်ပြီး ဘာလီကြိတ် ပြီးဆွဲတင်ကြတယ်။ ဝဲဂယက်က လည်းရှိနေ၊ ရွှံ့နွှံထဲမှာနစ်မြုပ်နေ တာဖြစ်လို့ ခက်ခက်ခဲခဲဖော်နေ တာကိုတွေ့ရတယ်''ဟု မင်းကွန်း ဒေသခံ ပန်းချီဆရာကိုစုကပြော သည်။
လှေကြီးဖော်ဆောင်သည့် နေရာသို့ စိတ်ဝင်စားစွာလာရောက် ကြည့်ရှုနေသူများနှင့် နေ့စဉ်စည် ကားလျက်ရှိနေကြောင်းသိရသည်။အဆိုပါ ရှေးဟောင်းလှေကြီး သည် သက္ကရာဇ် ၁၁၅၈ ခုနှစ်ခန့် ဘိုးတော်ဘုရားလက်ထက်မင်းကွန်း ရွာတွင် ပုထိုးတော်ကြီး၊ ခြင်္သေ့ ကြီး၊ ခေါင်းလောင်းကြီးတို့ လာ ရောက်တည်ထားစဉ်က နစ်မြုပ်ခဲ့ သည့်ရှေးဟောင်းလှေကြီးဟုဒေသ ခံများက ထင်ကြေးပေးထားသည်။ ဖောင်တော်သီဆိပ်ကမ်းအနီးတွေ့ ရှိခြင်းဖြစ်၍မင်းကွန်းခေါင်းလောင်း ကြီးအား နန်းတော်ကျွန်းတွင်သွန်း လုပ်ပြီး မင်းကွန်းဘက်ကမ်းသို့ လှေဖောင်များနှင့်သယ်ယူရာတွင် အသုံးပြုခဲ့သည့် လှေကြီးတစ်စင်း ဖြစ်မည်ဟု ၄င်းတို့ကယူဆကြ သည်။
၁၉၇၉ ခုနှစ်က နန်းတော် ကျွန်းဘက်မှ ရွှေပိန်းချရှေးဟောင်း သစ်ထွင်း လှေကြီးတစ်စင်းကို တူး ဖော်တွေ့ရှိခဲ့ဖူးကြောင်း၊ အဆိုပါ လှေကြီးမှာ အလျား ၇၉ ပေ လှေဝမ်းအကျယ် ၅ပေခွဲရှိကြောင်း၊ ရှေးဟောင်းသုတေသနဌာနမှ ပြန် လည်ပြုပြင်ကာ အမရပူရမြို့နယ် သပြေတန်းခံတပ်တွင် ထိန်းသိမ်း ပြသထားကြောင်း၊ယခုတွေ့ရှိသည့် လှေကြီးသည်လည်း သပြေတန်းခံ တပ်တွင်ထိန်းသိမ်းပြသထားသည့် လှေကြီးအရွယ်ရှိလိမ့်မည်ဟု ခန့် မှန်းထားကြကြောင်းသိရသည်။
နန္ဒာမင်းလွင်
The Union Daily
http://uniondaily.net/News/DetailView.aspx?id=11018&path=/Default.aspx
Thursday, January 15, 2015
ရှေးဟောင်း မြန်မာ့ ဗိသုကာ လက်ရာများစွာ တွေ့မြင်ရတဲ့ ဗားကရာ ကျောင်းတိုက်
နိုင်ငံခြားသားများ အများဆုံး လာရောက် လေ့လာကြတဲ့ ဗားကရာ ကျောင်းတိုက်ဟာ အင်းဝမြို့ဟောင်း စည်တိုပုံ မြို့ရိုးရဲ့အပြင်ဘက် တတိယမြို့ရိုးအတွင်း လောကသရဖူ ဘုရားကြီးရဲ့ တောင်ဘက်မှာ တည်ရှိပါတယ်။
ဘကြီးတော်ဘုရား လက်ထက် မြန်မာသက္ကရာဇ် ၁၁၉၆ ခုနှစ် စတုတ္ထအင်းဝမြို့တည်ခဲ့တဲ့နှစ်မှာ တည်ဆောက်ခဲ့တဲ့ ကျောင်းတိုက်ဖြစ်ပါတယ်။ယခုအခါမှာ နိုင်ငံခြားသားများ အများဆုံး လာရောက် လေ့လာကြတဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ သစ်သားကျွန်းတိုင်ပေါင်း ၂၆၇လုံးဖြင့် တည်ဆောက်ထား တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အကြီးဆုံးကျွန်းတိုင်ရဲ့ လုံးပတ်က ကိုးပေရှိပြီး အမြင့်ပေ ၆ဝရှိပါ တယ်။ ဗားကရာကျောင်းတိုက်ရဲ့ အကျယ်အဝန်းက အလျား ၁၈၈ ပေ၊ အနံ ၁ဝ၃ပေ တည်ရှိတဲ့ သစ်သားကျောင်းကြီးဖြစ်ပါတယ်။ ယနေ့ခေတ်မှာ မြင်တွေ့နိုင်ရန် အလွန်ရှားပါးတဲ့ ရှေးဟောင်းဗိသု ကာလက်ရာ၊ ပန်းပုလက်ရာ၊ အနု ပညာအမွေအနှစ်များကို တွေ့ရှိ နိုင်ပါတယ်။ ထို့ပြင် ကြမ်းခင်း ဇောင်းများတွင်လည်း အသေးစိတ် ဗိသုကာလက်ရာများဖြင့် ထုံမွှမ်း ခြယ်သထားသည်ကိုလည်း တွေ့ ခဲ့ရပါတယ်။ နိုင်ငံခြားသားတချို့ ကတော့ အသေးစိတ်ဓာတ်ပုံ မှတ် တမ်းတင်နေတာကို တွေ့ရပါ တယ်။ ကျောင်းတော်ရဲ့ ဘေးပတ် ပတ်လည်တွင် အုတ်လှေကား ငါးစင်းဖြင့် တပ်ဆင်ထားသည်ကို တွေ့မြင်နိုင်မှာပါ။ပြာသာဒ်ဆောင်တွင် ကိန္နရာရုပ်တုများ၊ ပွတ်လုံး များ၊ နတ်ရုပ်များဖြင့် တန်ဆာဆင် ထားသလို အတွင်းဆောင်လက် ရန်းများကို ဒေါင်းရုပ်များ၊ ပွတ်လုံး များဖြင့်တန်ဆာဆင်ထားပါတယ်။ ဒါ့ပြင် လက်ရန်းထိပ်ပိုင်းများကို လည်း ခြင်္သေ့ကိုယ်ထည်၊ ဘီလူး ခေါင်းပုံများ၊ရုပ်တုများဖြင့် တန်ဆာ ဆင်ထားပါတယ်။ အနုစိတ် ဗိသုကာလက်ရာများကို တွေ့မြင် လိုရင်ဖြင့် ဗားကရာကျောင်းတိုက်သို့ သွားရောက်လေ့လာနိုင်ပါတယ်။ ယခုလက်ရှိမှာ တော့ ဗားကရာကျောင်းတိုက်သို့ ပြည်တွင်းဘုရားဖူးများ၊အနီးပတ်ဝန်းကျင်မှဧည့်သည်များလည်းလာရောက်လေ့လာကြ တာကို တွေ့မြင်ရပါတယ်။ ''အင်းဝမြို့ဟောင်းကို လာ ရောက်လေ့လာကြတဲ့ နိုင်ငံခြား ခရီးသွားဧည့်သည် တစ်နေ့ကို၂ဝဝ ဝန်းကျင်လာရောက်ကြ ပါတယ်'' ဟု ဇုန်ဝင်ကြေးကောက်ခံသော ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန် ရှိသူတစ်ဦးကပြောပါတယ်။
ဒုတိယ ကမ္ဘာစစ် အတွင်းက ဗားကရာ ကျောင်းတိုက်ကြီး၏ လက်ရာတချို့ပျက်စီး ခဲ့ရလို့ အနောက်ဘက်ဘောဂ ဆောင်ခေါ် ကျက်သရေ တိုက်မှာလည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ သမိုင်းမှတ်တမ်းများမှာ ဖော်ပြထားပါတယ်။ ယခုလက်ရှိဗားကရာ ကျောင်းတိုက်ရဲ့ အနောက်ဘက်အဆောင်တွင်ကိုရင်ငယ်များနှင့် ဒေသခံကလေးငယ်များကိုစာပေ ပညာရပ်များ သင်ကြားပို့ချပေးနေတာ ကိုတွေ့မြင်ရမှာဖြစ်သလိုရှေးဟောင်း မြန်မာ့ဗိသုကာလက်ရာများကို လေ့လာလိုပါက ဗားကရာကျောင်း တိုက်သို့ သွားရောက်လေ့လာနိုင်ပါ တယ်လို့ရေးသားလိုက်ရပါတယ်။
ယဉ်ယဉ်လှ
The Union Daily
http://uniondaily.net/News/DetailView.aspx…
Friday, January 9, 2015
စစ်ကိုင်းမြို့နယ် မင်းကွန်း ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ၌ မြစ်ကမ်းပါးယံ ပြို ကျရာမှ ရှေးဟောင်းလှေကြီးတွေ့ရှိ
မင်းကွန်း၊ ဇန်နဝါရီ ၉
နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ နေ့စဉ်လာရောက် လည်ပတ် လေ့လာ လျက်ရှိနေသည့် စစ်ကိုင်း မြို့နယ် မင်းကွန်း ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွင် ဇန်နဝါရီ ၄ရက်က ဧရာဝတီ မြစ်ကမ်းပါး ပြိုကျရာမှ ရှေးဟောင်း လှေကြီး တစ်စီးကို တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ရှေးဟောင်းလှေကြီးကို မင်းကွန်းဘိုးဘွား ရိပ်သာဆိပ်ကမ်း (ဖောင်တော်သီဆိပ်) ရေဝဲကယက်အနီးရှိ မြစ်ကမ်းပါးယံ ပြိုကျရာမှ တွေ့ရှိကြခြင်းဖြစ်ကြောင်း၊ သစ်ထွင်းလှေကြီးဖြစ်ပြီး ရေအောက်ရွှံနွံထဲတွင် နစ်မြုပ်လျက်ရှိကာ လှေ၏နောက်မြီးပိုင်း အနည်းငယ်သာ ရေပေါ်တွင် ပေါ်ထွက်လျက် ရှိနေကြောင်း၊ အဆိုပါလှေကြီးကို စတင်တွေ့ရှိစဉ်က သစ်တုံးကြီးထင်မှတ်၍ ဆယ်ယူရန်ပြင်ဆင်ရာမှ လှေကြီးဖြစ်နေသည်ကို တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
ရေတွင်နစ်မြုပ်နေသည့် အဆိုပါလှေကြီးအား စမ်းသပ်ကြည့်ရာ စောက်နှင့် လှေဝမ်းအကျယ်မှာ နှစ်တောင်ခန့်ရှိကြောင်း၊ အလျားပေနှစ်ဆယ်ခန့်အထိ စမ်းတွေ့မိပြီး ကျန်အပိုင်းမှာ မြေအောက်တွင် နစ်မြုပ်လျက်ရှိနေကြောင်း၊ ရှေးဟောင်းလှေကြီးအား မင်းကွန်းလေးဌာနဆရာတော်ကြီးများက ဖော်ယူထိန်းသိမ်းသွားမည်ဟု သိရသည်။
''ဘိုးတော်ဘုရားလက်ထက် နန်းတော်ကျွန်းကနေ ခေါင်းလောင်းကြီးကို သယ်ယူတုန်းက အသုံးပြုခဲ့တဲ့ လုပ်ငန်းသုံးလှေကြီး ထင်တာပဲ။ ရွှေချထားတာတွေ၊ အမွှန်းအပြောက်တွေ မပါတဲ့အတွက် မင်းစီးလှေတော့ ဟုတ်ဟန်မတူဘူး။ စို့သံကြီးတွေနဲ့သစ်သားပြားတွေကို တွဲထားတယ်လို့ သိရတယ်။ လှေကြီးပေါ်ထွက်နေတဲ့နေရာက ဝဲရှိတော့ ရေစီးသန်တယ်'' ဟု မင်းကွန်းမှ ပန်းချီဆရာဆရာကိုစုက ပြောသည်။
ဧရာဝတီမြစ်ရေကျဆင်းသဖြင့် အဆိုပါ နစ်မြုပ်ရှေးဟောင်းလှေကြီး ပေါ်ထွက်နေသည့်နေရာ၏ အထက်ဘက်ပေ ၃ဝ ခန့်အကွာ မြစ်ကမ်းစပ်တွင် စကျင်ကျောက်နှင့်ပြုလုပ်ထားသည့် ရှည်မျောမျော ကျောက်တုံးကြီးနှစ်တုံးလည်း ပေါ်ထွက်လာရာ ဒေသခံများက မင်းကွန်းခြင်္သေ့ကြီးများ၏ ခြေသည်း လက်သည်းများဖြစ်သည်ဟု ပြောပြကြသည်။ မြစ်ကမ်းစပ်တွင်ပေါ်ထွက်လာသည့် စကျင်ကျောက်တုံး ကြီးများမှာ နာမည်ကျော် မင်းကွန်းခြင်္သေ့ကြီးများ၏ ခြေသည်း လက်သည်းများ ဖြစ်ပါက သက်ဆိုင်ရာမှ စနစ်တကျဖော်ယူ ထိန်းသိမ်းသင့်ကြောင်း ဒေသခံများ ကပြောသည်။
နန္ဒာမင်းလွင်
The Mirror Daily
https://www.facebook.com/TheMirrorDaily
Saturday, December 20, 2014
ကျောက်တော်နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဂူများအနီး စစ်တပ်က ကျောက်ထုတ်လုပ်နေမှုကို ရှေး/သုဌာနက တားမြစ်
ကန်စောက်တောင်အနီး သမိုင်းဝင်ဂူများအနီးတွင် ကျောက်ထုတ်လုပ်နေသည်ကိုတွေ့ရစဉ်။ (ဓာတ်ပုံ - ရခိုင့်မျိုးဆက်သစ်နိုင်ငံရေးအင်အားစု)
ဒီဇင်ဘာ ၁၈
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ဂူများအနီး စစ်တပ်၏ ကျောက် တူးနေမှုကို ပြည်နယ်၊ ရှေးဟောင်းသုတေသနဌာနက တားမြစ်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ကျောက်တော်မြို့နယ်ရှိ ကန်စောက်တောင်၏အရှေ့ဘက်ခြမ်းတွင်ရှိသော ရှေးဟောင်းဂူ ၃ လုံးအနီး ကျောက်သားတောင်နံရံများကို ခမရ (၅၃၉)တပ်က ကျောက်များထုတ်လုပ်တူးဖော်နေမှုမှာ ရှေးဟောင်း အမွေအနှစ်လက်ရာများပျက်စီးသွားနိုင်သည်ဟုဆိုကာ ယင်းကိုတားမြစ်ပေးရန် ဒေသခံများနှင့် ရခိုင့်နိုင်ငံရေး မျိုးဆက်သစ်အင်အားစုတို့က သက်ဆိုင်ရာသို့ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် တင်ပြခဲ့သည်။
ဒေသခံများ၏တင်ပြတောင်းဆိုချက်အရ ရှေးဟောင်းသုတေသနဌာနက ထိုနေရာသို့ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၇ ရက်နေ့က ယခုကဲ့သို့ စာထုတ်၍ တားမြစ်လိုက်ရခြင်းဖြစ် ကြောင်း မြောက်ဦးမြို့၊ ရှေးဟောင်းသုတေသနဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဇံက နိရဉ္စရာသို့ပြောသည်။
“ဒီဂူတွေဟာ သမိုင်းကြောင်းနဲ့ဆက်စပ်နိုင်တယ်ဆိုပြီးတော့ ဒီက ရှေးဟောင်းယဉ်ကျေးမှုထိန်းသိမ်းရေး အဖွဲ့ကလည်းပြောတယ်။ ရခိုင်သမိုင်းပညာရှင်တွေကလည်းပြောတယ်။ နောက်တစ်ခုက ဒီဟာကလည်း ရှေးဟောင်းဂူဖြစ်တယ်ဆိုတဲ့အထောက်အထားတွေလည်းရှိတယ်ဆိုတဲ့အခါကျတော့ ကျွန်တော့် အနေနဲ့ အဲဒီတပ် ရင်းမှူးဆီကိုစာထုတ်ပြီးတော့ ဒီဟာကိုတော့ ရပ်ဆိုင်းထားပါဆိုပြီးတော့ တားမြစ်လိုက်တာ။ တားမြစ်ထားတဲ့ကြား က ဆက်လုပ်မယ်ဆိုရင်တော့ ဥပဒေအရ အရေးယူသွားမယ်”ဟု ယင်းက ဆိုသည်။
လက်ရှိတွင် တောင်နံရံအား စက်ယန္တရာများဖြင့် တူးဖြိုနေသည့်အတွက် ဂူပေါက်များ၏မျက်နှာပြင်မှ ကျောက်သားအလွှာများကွာကျကာ ပျက်စီးစပြုနေပြီဟုလည်း ကျောက်ထုတ်သည့်နေရာသို့ ကိုယ်တိုင်သွား ရောက်လေ့လာခဲ့သူ ရခိုင့်မျိုးဆက်သစ်နိုင်ငံရေးအင်အားစုမှပြန်ကြားရေးတာဝန်ခံ ကိုကျော်စိန်သန်းကဆိုသည်။
ခမရ(၅၃၉)သည် ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်မှစတင်ကာ အဆိုပါတောင်နံရံမှ ကျောက်များကိုတူးဖော် ခဲ့ခြင်းဖြစ်ပြီး ယင်းကျောက်များကို မြောက်ဦး-စစ်တွေကားလမ်းပြုပြင်ရာတွင် အသုံးပြုရန်ရောင်းချနေသည်ဟု အနီးဝန်းကျင်မှ ဒေသခံများ၏ပြောဆိုချက်ကိုကိုးကား၍ ကိုကျော်စိန်သန်းက နိရဉ္စရာသို့ပြန်ပြောသည်။
ယင်းနှင့်ပတ်သက်ပြီး မြောက်ဦးရှေးဟောင်း သုတေသနဌာမှ လက်ထောက်ညွှန်ကြားရေးမှူးက “တပ်ကို မေးမြန်းစုံစမ်း ချက်အရတော့ တပ်က သူတို့အဲလိုရောင်းစားဖို့အတွက် ထုတ်တာ မဟုတ်ပါဘူးတဲ့။ တပ်တွင်း လမ်းခင်းဖို့အတွက် ထုတ်တာလို့ပြောတယ်”ဟု ဆိုသည်။
ဂူတစ်လုံးစီလျှင် အကျယ် ၅ ပေခန့်စီရှိသည့် အဆိုပါဂူ ၃ လုံးမှာ ရခိုင်တို့၏ခေတ် ၄ ခေတ်ဖြစ်သော ဓညဝတီခေတ်၊ ဝေသာလီခေတ်၊လေးမြို့ခေတ်နှင့်မြောက်ဦးခေတ်တို့အနက် လေးမြို့ခေတ်တွင် ရခိုင်ရဟန်းတော်တစ်ပါးဖြစ်သော သစ္စပန္ဒဝမထေရ် သီတင်းသုံးခဲ့သည့်ဂူများဖြစ်သည့်အတွက် ယင်းဂူများမှာ ရှေးဟောင်း သမိုင်းဝင်ဂူများဆိုသည်မှာမှန်ကန်ကြောင်း ကျောက်တော်မြို့မှ ရခိုင်သမိုင်းသုတေသီ သူမြတ်(မဟာ အောင်မြေ)က နိရဉ္စရာသို့ ပြောသည်။
“အဲလို ဂူကြီး ရခိုင်ပြည်မှာ ၉ ခုရှိတယ်။ အဲလိုမျိုး ရခိုင်ပြည်မှာ အထွဋ်တမြတ်ဖြစ်တဲ့နေရာကို ဒီလို လုပ်တာဟာ ယဉ်ကျေးမှုအရ၊ ရခိုင်သမိုင်းအရ သူတို့ဖျက်ဆီးရာကျတယ်”ဟု ယင်းက စစ်တပ်၏လုပ်ရပ်ကို ဝေဖန်ပြောဆိုသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဥပဒေမဲ့တစ်စုံတရာပြုလုပ်မိပါက အမြင့်ဆုံးပြစ်ဒဏ် ထောင် ၇ နှစ်အထိချမှတ်နိုင်ကြောင်း ပြီးခဲ့သည့်သြဂုတ်လ ၁၃ ရက်နေ့က ပြည်နယ်လွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့သည့် ရခိုင်ပြည်နယ်ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းရေး ဥပဒေ၏ ပုဒ်မ ၂၅ တွင် ဖော်ပြထားသည်။
မာန်ယုကျော် (ရွှေဝမြေ)/ ကျောက်တော်
နိရဉ္စရာ
http://www.narinjara.com/burmese/?p=13187
Tuesday, September 23, 2014
လူ့ အရိုးစုများ ကျောက် ဖြစ်နေသည့် ရှေးဟောင်း သင်္ချိုင်းရာ တစ်ခုကို ဟန်လင်း မြို့ဟောင်း ၌ တူးဖော် တွေ့ရှိ
ရွှေဘို စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ဟန်လင်း ပျူယဉ်ကျေးမှု မြို့ဟောင်းကြီး၌ ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြ တိုက် ဦးစီးဌာနမှ လူ့အရိုးစုများ ကျောက်ဖြစ်နေသည့် ရှေးဟောင်း သင်္ချိုင်းရာတစ်ခုကို တူးဖော်တွေ့ရှိ၍ စနစ်တကျ ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း ဟန်လင်း မြို့ဟောင်း ပျူယဉ်ကျေးမှု ပြတိုက်တာဝန်ခံ ဒေါ်ခင်တိုးဝင်းထံမှ သိရသည်။ ''အဲဒီ သင်္ချိုင်းရာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝဝဝ နဲ့ ၅ဝဝဝ အကြားက ဖြစ်နိုင်မယ်လို့ ယူဆရ ပါတယ်။ စတင်တူးဖော် တွေ့ရှိရတာက ၂ဝဝ၅ ခုနှစ်က ဖြစ်ပါတယ်'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
အဆိုပါ သင်္ချိုင်းရာသည် ဟန်လင်းမြို့ဟောင်း၏ တောင်ဘက်အရပ် မြို့ရိုးအပြင် ဘက်နေရာ ရွှေဂူကြီးဘုရား မြောက်ဘက် အနီး၌တည်ရှိပြီး ၎င်းသင်္ချိုင်း အတွင်းရှိ ရုပ်အလောင်း အရိုးစုများသည် မြောက်အရပ်သို့ ဦးခေါင်းတည်၍ စနစ်တကျ မြှုပ်နှံထားခြင်းဖြစ်သည်။ ရုပ်အလောင်းများနှင့်အတူ မြေအိုးများနှင့် လက်ဝတ် ရတနာ များကိုပါ ထည့်သွင်းမြှုပ်နှံထားကြောင်း သိရသည်။ အချို့သော ရုပ်အလောင်းများမှာ ၎င်း တို့မြှုပ်နှံထားရှိသော မြေလွှာ၌ ကန့်၊ ဆား နှင့် ထုံးဓာတ်များ ပါဝင်နေခြင်း ကြောင့် ရုပ်အလောင်း၏ အချို့သော အပိုင်းအစမှာ ကျောက်ဖြစ်နေသည်ကို ရှေးဟောင်း သုတေသနအဖွဲ့မှ စိစစ် တွေ့ရှိခဲ့ကြောင်း မှတ်တမ်းများ၌ ဖော်ပြထားသည်။
သင်္ချိုင်းရာအတွင်းရှိ ရုပ်အလောင်းများ မြှုပ်နှံထားသည့် မြေလွှာ၏ အတိမ်၊ အနက် တို့ကို ထောက်ရှုခြင်းအားဖြင့် ၎င်းသင်္ချိုင်းရာသည် ခေတ်အဆက်ဆက်က မြှုပ်နှံ သင်္ဂြိုဟ်ခဲ့သည်ဟု ရှေးဟောင်း သုတေသနအဖွဲ့က ခန့်မှန်း ယူဆထားသည်။ ယင်းသင်္ချိုင်းရာကို တူးဖော်စဉ်ကာလက ရှေးခေတ်လူသားများ အဆောင်အယောင် အဖြစ် အသုံးပြုခဲ့သော ကျောက်ချော လက်နက်များ၊ ကျောက်ပုတီးစေ့ များနှင့် ကြေးခလောက်များကိုလည်း ၎င်းသင်္ချိုင်းရာ အတွင်းမှ တူးဖော် ရရှိခဲ့သည်။ မြန်မာနိုင်ငံ ၏ လူ့ယဉ်ကျေးမှု အစဉ်အလာသည် ရှေးယခင် နှစ်ပေါင်းများစွာကပင် စတင်၍ စနစ်တကျ မြေမြှုပ်သင်္ဂြိုဟ်ခဲ့သည့် အစဉ်အလာ ထွန်းကားခဲ့ကြောင်း အဆိုပါ သင်္ချိုင်း ၏ အထောက်အထားများ အရ သိရသည်။
မြ၀တီ
https://www.facebook.com/mwdmedia?fref=nf
Wednesday, September 10, 2014
ကျောက်ခေတ်ကာလ ရှေးဟောင်း သင်္ချိုင်းရာ တစ်ခု ဟန်လင်းမြို့ဟောင်း၌ တူးဖော်တွေ့ရှိ၍ ထိန်းသိမ်းထားရှိ
ဝက်လက် ၊ ၁၀-၉-၂၀၁၄
စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ဝက်လက် မြို့နယ် ဟန်လင်း ပျူယဉ်ကျေးမှု မြို့ဟောင်းကြီး တွင် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီးဌာနမှ လူသား အရိုးစုများ ကျောက်ဖြစ် နေသည့် ရှေးဟောင်း သင်္ချိုင်းရာ တစ်ခုကို တူးဖော် တွေ့ရှိ၍ စနစ်တကျ ထိန်းသိမ်း စောင့်ရှောက် ထားကြောင်း ဟန်လင်း မြို့ဟောင်း ပျူယဉ်ကျေးမှု ပြတိုက် တာဝန်ခံ တစ်ဦးထံမှ သိရသည်။
''အဲဒီ သင်္ချိုင်းရာ က လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝဝဝ နဲ့ ၅ဝဝဝ အကြားက ဖြစ်နိုင် မယ်လို့ ယူဆရ ပါတယ်။ စတင် တူးဖော် တွေ့ရှိ ရတာက ၂ဝဝ၅ ခုနှစ်က ဖြစ်ပါတယ် ... '' ဟု ၄င်းက ဆက်လက်၍ ပြောပြသည်။
အဆိုပါ သင်္ချိုင်းရာ သည် ဟန်လင်း မြို့ဟောင်း၏ တောင်ဘက် အရပ် မြို့ရိုး အပြင်ဘက် နေရာ၊ ရွှေဂူကြီး ဘုရား မြောက်ဘက် အနီးတွင် တည်ရှိသည်။ ၄င်း သင်္ချိုင်းအတွင်း ရှိ ရုပ်လောင်း အရိုးစု များသည် မြောက်အရပ် သို့ ဦးခေါင်း တည်၍ စနစ်တကျ မြှုပ်နှံ ထားခြင်း ဖြစ်သည်။ ရုပ်အလောင်း များနှင့်အတူ မြေအိုးများ၊ လက်ဝတ် ရတနာများ ကိုပါ ထည့်သွင်း မြှုပ်နှံ ထားသည် ကိုလည်း တွေ့ရသည်။
အချို့သော ရုပ်အလောင်း များမှာ ၄င်းတို့ မြှုပ်နှံထားရှိရာ မြေလွှာတွင် ကန့်၊ ဆား နှင့် ထုံးဓာတ်များ ပါဝင် နေခြင်းကြောင့် ရုပ်အလောင်း ၏ တစ်ဝက် တစ်ပြတ် နေရာများမှာ ကျောက် ဖြစ်နေသည်ကို ရှေးဟောင်း သုတေသန အဖွဲ့က စိစစ် တွေ့ရှိ ခဲ့ရကြောင်း မှတ်တမ်း များတွင် ဖော်ပြ ထားသည်။
အဆိုပါ သင်္ချိုင်းရာ အတွင်းရှိ ရုပ်အလောင်းများ မြှုပ်နှံ ထားသည့် မြေလွှာ၏ အတိမ်၊ အနက် တို့ကို ထောက်ရှုခြင်း အားဖြင့် ၄င်းသင်္ချိုင်းရာ သည် ခေတ် အဆက်ဆက်က မြှုပ်နှံသဂြုင်္ိဟ် ခဲ့သည်ဟု ရှေးဟောင်း သုတေသန အဖွဲ့က ခန့်မှန်းယူဆ ထားကြောင်း သိရသည်။
အဆိုပါ သင်္ချိုင်းရာကို တူးဖော်စဉ် ကာလက ရှေးခေတ် လူသားများက အဆောင် အယောင် အဖြစ် အသုံးပြု ခဲ့သော ကျောက်ချော လက်နက်များ၊ ကျောက် ပုတီးစေ့များ နှင့် ကြေးခလောက် တို့ကို သင်္ချိုင်းရာ အတွင်းမှ တူးဖော် ရရှိခဲ့သည်။
မြန်မာနိုင်ငံ၏ လူ့ ယဉ်ကျေးမှု အစဉ်အလာ သည် ရှေးယခင် နှစ်ပေါင်း များစွာကပင် စတင်၍ စနစ်တကျ မြေမြှုပ်သဂြုင်္ိဟ် ခဲ့သည့် အစဉ်အလာ ထွန်းကား ခဲ့ကြောင်း အဆိုပါ သင်္ချိုင်း၏ အထောက်အထား များအရ သိရသည်။
#Yadanarpondaily
http://themyawadydaily.blogspot.com/2014/09/blog-post_58.html?spref=tw
Thursday, August 14, 2014
ဓမ္မစေတီ ခေါင်းလောင်းတော်နှင့် ကံကြမ္မာ တူသော်လည်း ဆယ်ယူနိုင်ခဲ့သော စဥ့်ကူးမင်း ခေါင်းလောင်း
ခမည်းတော် ဆင်ဖြူရှင်မင်း မပြီး ပြတ်သည့် ကြေးစင်ချိန် ၁၅၅၅၅ ပိဿာ ရှိပြီး တန်ချိန် အားဖြင့် ၂၄ တန်လေး သော စဥ့်ကူးမင်း ခေါင်းလောင်းကို စဥ့် ကူးမင်း (ခရစ် သက္ကရာဇ် ၁၇၇၆-၁၆၂၈) က ရွှေတိဂုံစေတီတော် ရာဟုထောင့် တွင် တင်လှူခဲ့သည်။
ယင်း ခေါင်းလောင်းကြီးကို ပထမ အင်္ဂလိပ်- မြန်မာ စစ်ပွဲအပြီး နယ်ချဲ့ တပ်များ ကဖြုတ်ယူ သွားရာတွင် ရန်ကုန် မြစ်အတွင်း ကျခဲ့သည်။ အင်္ဂလိပ်တို့က ပြန်လည် ဆယ်ယူ ရန် ကြိုးစားခဲ့သော် လည်း မအောင်မြင်ဘဲ ၁၈၂၆ ခုနှစ်တွင် မြန်မာတို့က ဆယ်ယူနိုင်ခဲ့သည်။ ၄င်း အကြောင်းကို အင်္ဂလိပ် ကဗျာဆရာ Harold V.Lucas က ကဗျာ ရှည်ကြီးဖွဲ့ ၍လည်းကောင်း၊ ပန်းချီဆရာ Harry Aung ကပန်းချီ ပုံများဆွဲ၍ လည်းကောင်း သရုပ်ဖော် မှတ်တမ်းတင်ခဲ့သည်ဟု သိရ သည်။
ယခုဆယ်နေသည့် ဓမ္မစေတီ ခေါင်းလောင်းက စဥ့်ကူးမင်းခေါင်း လောင်းထက် ၁ဝ ဆ ကျော်ကြီးသည်။ စဥ့်ကူးမင်း ခေါင်းလောင်းကြီးကို ရွှေတိဂုံ ကုန်းတော်ပေါ် ဆွဲတင်ရာ ပါဝင်ခဲ့သည့် လုပ်အားရှင် များ၏ မြေးဖြစ်သူ ဘုရား ဒါယကာ ဦးနေထွန်း ကလည်း ဒေါပုံမြစ် ထဲ ကျခဲ့သော ဓမ္မစေတီ ခေါင်းလောင်း ကို ဆယ်ယူလို စိတ်ရှိ ခဲ့ကြောင်း ရွှေတိဂုံ ဘုရား သမိုင်းတော်တွင် ဖော်ပြထား သည်။
Popular Journal
Tuesday, August 12, 2014
ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး တူးဖော် ဆယ်ယူရေး စီမံကိန်းနှင့် ပထမဆုံး ရှာဖွေခဲ့သော ရေငုပ်သမား၏ စကားသံ
ရန်ကုန်မြို့နှင့် မလှမ်းမကမ်း မြစ်သုံးစင်း ဆုံရာတွင် နစ်မြုပ်ခဲ့သော နှစ်ပေါင်း ၄ဝဝ ခန့် ကြာမြင့်ပြီ ဖြစ်သည့် ဓမ္မစေတီ ခေါင်းလောင်း တော်ကြီးကို သြဂုတ် ၁ဝ ရက်တွင် ဒုတိယအကြိမ် ရေငုပ်သမား များဖြင့် ရှာဖွေလျက်ရှိရာ သာကေတ မြို့နယ် ရှုခင်းသာနှင့် အေးရှားပွိုင့် ဘိုးလင်းစင် တာဝင်း အနောက်ဘက်ကမ်း မှ လာရောက်ကြည့်ရှု လေ့လာသူ များပြားလျက်ရှိသည်။
အဆိုပါ ခေါင်းလောင်းတော်ကြီး ဆယ်ယူရေးတွင် ဦးစံလင်းက ဦးဆောင်၍ ဆလုံ ရေငုပ်သမားများ၊ ကော့သောင်းမှ ရေငုပ်သမားများနှင့် တပ်မတော်မှ ရေငုပ်စစ်သည်များ အပါအဝင် စုစုပေါင်း လူအင်အား ၈ဝ ခန့်ဖြင့် ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ရှာဖွေရာတွင် ခေါင်းလောင်း ဆယ်ယူမည့် နေရာသည် မြစ်လယ်၌ ရှိပြီး သြဂုတ် ၁ဝ ရက်တွင် ပထမနေ့ အဖြစ် စတင်ကာ နံနက် ၁၁ နာရီခွဲတွင် မြစ်ရေတက်ပြီး ရေလည်ချိန် ၁၂ နာရီတွင် တစ်ကြိမ်၊ ရေပြည့်ချိန် ၂ နာရီတွင် တစ်ကြိမ် ငုပ်ခဲ့သည်။ သြဂုတ် ၁၁ ရက်တွင် ဒုတိယနေ့ အဖြစ် အဆိုပါ အချိန်ဇယား အတိုင်း ထပ်မံငုပ်ခဲ့ကြောင်း ထိုခေါင်းလောင်း ဆယ်ယူရေး စီမံကိန်းမှ သိရသည်။
အဆိုပါ ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးအား ၁၉၈၈ ခုနှစ် မတိုင်မီ ပထမဆုံး ပုဂ္ဂလိက သီးသန့်တူးဖော်ခြင်း အဖြစ် ရှာဖွေခဲ့သော ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သမိုင်း သုတေသနဌာနနှင့် အမျိုးသား စာကြည့်တိုက် ဦးစီးဌာန မြန်မာ့သမိုင်း အဖွဲ့မှ ပါမောက္ခ(ငြိမ်း) ဦးကျော်က ”ကျွန်တော်တို့အဖွဲ့က ၁၂ ဦး အဖွဲ့ဖြစ်ပြီး ရွှေတိဂုံ စေတီတော်မှာ ခေါင်းလောင်းကြီး ရှိခဲ့တာလည်း မှန်ကန်ကြောင်း၊ မြစ်ဆုံမှာ နစ်မြုပ်ခဲ့ပြီး ဆယ်ယူမည့်သူ မရှိခဲ့တာလည်း မှန်ကန်တဲ့အတွက် ၁၉၅၂-၅၃ ခုနှစ်မှာ နိုင်ငံတော် အကြီးအကဲထံ တူးဖော်ရှာဖွေခွင့် စာတင်ပြီး ပထမဆုံး ဆယ်ယူရေး လုပ်ခဲ့ကြပါတယ်” ဟု ပြောကြားသည်။
”အဲဒီဆယ်ယူရေးမှာ သုံးပတ်ကြာပြီး ရေအောက်မှာ သင်္ဘောပျက်လို တွေ့ခဲ့ရတယ်။ ”တစ်ရက်မှာတော့ သင်္ဘောပျက် တွေ့ခဲ့ပြီး ဘေးမှာ ဂျင်ပုံလို့ ထင်ရတဲ့ မြေဝါကျောက် စရစ်တွေ ဖုံးအုပ်နေတဲ့ အရာတစ်ခုကို နင်းမိ စမ်းမိကြောင်း ရေနောက်ကျိနေတဲ့ အတွက် ရှင်းရှင်းလင်းလင်းတော့ မတွေ့ရပါဟု ကျွန်တော်တို့ အဖွဲ့ရဲ့ ရေငုပ်သမား တစ်ဦး ပြောလာတဲ့ အတွက် သေချာသိရအောင် ကျွန်တော်ကိုယ်တိုင် ဆင်းပြီး ငုပ်ခဲ့ပါတယ်။ အဲဒီအခါ ရေအောက်မှာ ရေစီးသန်ပြီး ရေတွေက နောက်ကျိနေတော့ ကိုင်စရာမရှိတဲ့ အတွက် ထိုဂျင်ပုံသဏ္ဌာန် အဝိုင်းကို ကိုင်တွယ်စဉ် ချော်သွားပါက သူ့ရဲ့နံဘေးမှာရှိတဲ့ သင်္ဘောပျက်အတွင်း ကျသွားရင် ပြန်ထွက်ဖို့ မလွယ်ဘူး၊ အောက်ခြေအထိ ငုပ်ရန်လည်း မလွယ်ကူတာကြောင့် ပြန်တက်ခဲ့ပါတယ်” ဟု ပြောသည်။
အဆိုပါ ရေငုပ်သမား၏ ထပ်မံပြောကြား ချက်အရ ရေငုပ်ခဲ့စဉ် ထွေထွေထူးထူးတွေ့ ကြုံခဲ့မှုမရှိဘဲ ခေါင်းလောင်းလို့ ယူဆရသော ဂျင်ပုံသဏ္ဌာန် အလုံးကြီးနှင့် စီဘီပျက် (သင်္ဘောပျက်) ရှိနေတာကတော့ အခိုင်အမာ ဖြစ်ကြောင်း ရွှေဆင်းတု ရုပ်ပွားတော်တွေနဲ့ ရတနာပစ္စည်းတွေ၊ အခြားခေါင်းလောင်းနဲ့ သက်ဆိုင်တဲ့ အထောက်အထားတွေကိုတော့ မတွေ့ခဲ့ရကြောင်း ဦးကျော်၏ ပြောကြားချက် များအရ သိရသည်။
နာဂစ်မုန်တိုင်း အပြီးတွင် ရန်ကုန်မြစ်ကြောင်း ရှင်းလင်းရေး လုပ်ငန်းစဉ်များတွင် သင်္ဘောပျက်များ ရှာဖွေဆယ်ယူရေး၌ အမေရိကန် ခေတ်မီ သင်္ဘောများဖြင့် ဆယ်ယူခဲ့မှုများတွင် အဆိုပါ ခေါင်းလောင်းနှင့် ပတ်သက်၍ မည်သည့် အချက်အလက် တစ်စုံတစ်ရာမှ မတွေ့ရကြောင်း သိရသည်။ ရေငုပ်သမား ဦးကျော်တို့အဖွဲ့ ဆယ်ယူပြီးနောက် ထပ်မံ၍ အဖွဲ့(၁၂)ဖွဲ့ ဆယ်ယူခဲ့ပြီး ပြည်ပမှ အဖွဲ့(၃)ဖွဲ့ ပါဝင်ကြောင်း သိရသည်။ အစိုးရသစ် လက်ထက် ယခုနှစ်ဆန်းပိုင်းတွင် ကျိုက်ထီးဆောင်း ဆရာတော်ကြီးမှ ရှာဖွေခဲ့ပြီး ယခုအခါ ဦးစံလင်းမှ ထပ်မံရှာဖွေ ဆယ်ယူ ခြင်း ဖြစ်ကြောင်း သိရသည်။
ဓမ္မစေတီ ခေါင်းလောင်းကြီး ရှိသည်ဟု ယူဆရသော မြစ်ဆုံနေရာတွင် အင်္ဂလိပ် လက်ထက်၌ ပုစွန်တုပ်ကွေး ခေါင်းပိုင်း ပေါ်နေပြီ ဟူ၍ ပြောဆိုခဲ့ဖူးကြောင်း၊ အင်္ဂလိပ်နှင့် ရုရှားမှ သိပ္ပံနည်းကျ အထောက်အကူ ပစ္စည်းများဖြင့် ရှာဖွေ ထောက်လှမ်းခဲ့ရာတွင် သံထည်ပစ္စည်း ရှိကြောင်း သိရှိခဲ့ပြီး သင်္ဘောပျက်များ ရှိသည်ကိုလည်း လက်ခံကြောင်း၊ ပြည်ပ အကူအညီဖြင့် ခေါ်ယူကာ တူးဖော် မည်ဆိုလျှင် ငွေကြေးကုန်ကျမှု များပြားနိုင်ပြီး စင်ကာပူ ကုမ္ပဏီမှ အကုန်အကျခံ၍ တူးဖော် ရေး ကိစ္စအား ညှိနှိုင်းခဲ့ရာ တောင်းဆိုချက်များ များပြားသည့်အတွက် မလုပ်ဆောင်နိုင်ခဲ့ကြောင်း၊ သမိုင်း သုတေသန၏ အစီအစဉ်ဖြင့်သာ ရှာဖွေလေ့လာခဲ့ခြင်း ဖြစ်ကြောင်း၊ ယဉ်ကျေးမှု ဝန်ကြီးဌာန သမိုင်းသုတေသန နှင့် အမျိုးသား စာကြည့်တိုက် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။
Credit: မြ၀တီ
Saturday, July 12, 2014
အမေရိကန် မက်ထရိုပိုလီတန် ပြတိုက်ကြီးက ပျူခေတ် ယဉ်ကျေးမှုလက် ရာများ။
မြန်မာတို့ရဲ့ ရှေးဟောင်းအမွေအနှစ် ပျူခေတ်လက် ရာတွေ ပါဝင်တဲ့ Lost Kingdom of Early Southeast Asia: Hindu- Buddhist Sculpture 5thto 9th Century အမည်နဲ့ ပြပွဲတပွဲကို အမေရိကန်နိုင်ငံ နယူးယောက်မြို့ မက်ထရိုပိုလီတန် အနုပညာပြတိုက်ကြီး(The Metropolitan Museum of Arts ) မှာ ဇူလိုင်လ ၂၇ ရက်နေ့အထိ ပြသလျှက်ရှိပါတယ်။
ပြပွဲမှာ မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်တွေက အေဒီ ၅ရာစုက ၉ရာစု အတွင်းထွန်းကားခဲ့တဲ့ ဟိန္ဒူ ယဉ်ကျေးမှုနဲ့ ဗုဒ္ဓဘာသာဆိုင်ရာ အနုပညာလက်ရာ ပစ္စည်းရုပ်ထုပေါင်း ၁၆၀ ကိုပြသနေတာဖြစ်ပါတယ်။
ရန်ကုန်မြို့က အမျိုးသားပြတိုက်နဲ့ ပြည်မြို့မှာ ရှိတဲ့ သရေခေတ္တရာေ၇ှးဟောင်းသုတေသနပြတိုက် တို့မှ အေဒီ ၅ ရာစု မှ ၉ ရာစု အတွင်းထွန်းကားခဲ့သော ပျူခေတ် လက်ရာပစ္စည်း (၂၄)ခုကိုလည်း ပါဝင်ပြသထားတဲ့လို့ သိရပါတယ်။
Credit : Irrawaddy
ပြန်လည်မျှဝေပါတယ်
လေးစားလျှက်
Myat Htut
Monday, April 21, 2014
မင်းတုန်းမင်း၏ ဂူဗိမ္မာန်အား မန္တလေး ကျုံးမြို့ရိုးဟောင်းထဲတွင်တွေ့
မန္တလေး ၊ဧပြီ ၂၁။
မြန်မာကောဇာသက္ကရာဇ် ၁၂၄၀ပြည့်နှစ်(ခရစ်နှစ် ၁၈၇၈)၌ နတ်ရွာစံတော်မူခဲ့သော မြန်မာဘုရင်မင်းမြတ် မင်းတုန်းမင်း၏ ဂူဗိမ္မာန်အား မန္တလေး ကျုံးမြို့ရိုးဟောင်းထဲရှိ မြနန်းစံကျာ် ရွှေနန်းတော်ကြီး၏ အရှေ့ဘက် ပေ(၁၀၀)ကျော်တွင်တွေ့ရှိရကြောင်းရှေးဟောင်းသုတေသနအမျိုးသားပြတိုက်နှင့်စာကြည့်တိုက်ဦးစီးဌာန မန္တလေး ဌာနခွဲမှ မှတ်တမ်းများအရသိရှိရသည်။
မင်းတုန်းမင်းတရားကြီးသည် ကောဇာသက္ကရာဇ် ၁၂၁၈ ခု၊သီတင်းကျွတ်လ(ခရစ်နှစ် ၁၈၅၆ခုနှစ်၊ အောက်တိုဘာ) တွင် အမရပူရမြို့တော်မှ မန္တလေးရတနာပုံမြို့တော်သို့ ပြောင်းရွှေု့နိုင်ထိုင်ရန်အတွက် ရဟန်းပညာရှိ၊လူပညာရှိတို့ အား လွတ်လပ်စွာ စည်းဝေးတိုင်ပင်ကြရန် အမိန့်တော်ချမှတ်သည်မှ အစပြု၍ မြို့တော်ပြောင်းရွှေ့တည်ဆောက်ခြင်းများကို ရှေးထုံးစဉ်လာများနှင့်အညီ ဆောင်ရွက်ခဲ့ရာ ကောဇာသက္ကရာဇ် ၁၂၂၀ ပြည့်နှစ်၊ ကဆုန် လဆန်း(၇)ရက်နေ့ (ခရစ်နှစ် ၁၈၅၈ခုနှစ်၊ဇူလိုင် ၁၆ရက်)၌ မြေနန်းပြဿဒ်ဆောင်၊ မှန်နန်းဆောင် နှင့် ကျန်နန်းဆောင်များအားလုံး၊သစ်သားပန်းပုများ တပ်ဆင်သည်အထိ အလုံးစုံ ဆောင်ရွက် ပြီးစီးခဲ့သောကြောင့် မင်းတုန်းမင်းနှင့်မိဖုရာခေါင်းကြီးတို့သည် မင်းညီမင်းသား၊မှူးမတ်များနှင့်အတူ မန္တလေးမြို့ ရွှေနန်းတော်ကြီး(ယခုမြနန်းစံကျော်)တွင် ပြောင်းရွှေ့နေထိုင်ခဲ့သည်။
“ကျွန်မတို့ ကျုံးထဲကိုမကြာမကြာရောက်ဖြစ်ပါတယ် အဲ့ဒီကျုံးထဲမှာလည်း ကျွန်မရဲ့သမီးနေတယ် ဒါပေမယ့် မင်းတုန်းမင်းဘုရင်ရဲ့ ဂူဗိမ္မာန်ရှိတယ်ဆိုတာ မသိခဲ့ဘူး သွားလည်းမကြည့်ဖူးဘူး အခုသားတို့ပြောပြမှပဲ မင်းတုန်းမင်းဘုရင်နဲ့ဆင်ဖြူမရှင် မိဖုရားကြီးတို့ရဲ့ဂူဗိမ္မာန်ရှိတာကိုသိတာ ဒီတစ်ခါကျုံးထဲကို ရောက်ရင်တော့ သွားကြည့်မယ်” ဟု မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်မှ ဒေါ်မြမြအေးကပြောသည်။
မင်းတုန်းမင်းဘုရင်မင်းမြတ်သည် မြို့တော်အား လောကီ၊လောကုက္တရာ ရတနာအပေါင်းတို့ စုပုံရာ ဌာနဖြစ်စေရန်  ရတနာပုဉ္စအား (ရတနာပုံ)ဟုလည်းကောင်း၊ကျုံးပတ်လည်ဝန်းရံလျက်ရှိသော နန်းမြို့တော်အား (လေးကျွန်းအောင်မြေ)ဟုလည်းကောင်း၊ရွှေနန်းတော်ကြီးကို(မြနန်းစံကျော်)ဟုလည်းကောင်း သမုတ်၍ ကမ္ဗည်းမော်ကွန်းထိုးခဲ့သည်။
“အစ်မက ဒီကျုံးမြို့ရိုးဟောင်းထဲမှာနေတာပါ ကျုံးထဲကိုနေ့တိုင်း ပြည်ပက ဧည့်သည်တွေအပြင် ပြည်တွင်းက ဧည့်သည်တွေပါ ကျုံးမြို့ရိုးဟောင်းထဲမှာရှိတဲ့ ရွှေနန်းတော်ကြီး (အခုမြနန်းစံကျော်)ကို လာလေ့လာကြတယ် အလှဓာတ်ပုံရိုက်ကြတယ် ဒါပေမဲ့ မြန်မာဘုရင် မင်းတုန်းမင်းကြီး ရဲ့ ဂူဗိမ္ဗာန်ကိုတော့ သွားရောက်လေ့လာတာ မတွေ့ဘူး ဒီထဲမှာ မင်းတုန်းမင်းနဲ့ ဆင်ဖြူမရှင်မိဖုရားတို့ရဲ့ ဂူဗိမ္မာန်ကို မသိကြဘူး အစ်မတို့တောင်မှ ကျုံးထဲမှာနေလို့ ဂူဗိမ္မာန်ရှိမှန်းသိတာ အခုနောက်ပေါက်တွေဆိုရင် မန္တလေးမြို့ခံတွေဖြစ်ပြီးတော့ မသိကြဘူး မင်းတုန်းမင်းရဲ့ဂူဗိမ္မာန် ကျုံးမြို့ရိုးဟောင်းထဲမှာရှိတယ်ဆိုတာကို  မြန်မာနိုင်ငံက ပြည်သူတွေအားလုံး သိစေချင်တယ်”ဟုမန္တလေး ကျုံးမြို့ရိုးဟောင်းထဲတွင်နေထိုင်သော မအေးစန္ဒာကပြောသည်။
မင်းတုန်းမင်းဘုရင်သည် ကောဇာသက္ကရာဇ် ၁၁၇၆ခုနှစ်(ခရစ်နှစ် ၁၈၁၄)တွင် မွေးဖွားကာ ကောဇာသက္ကရာဇ် ၁၂၁၄ခုနှစ်(ခရစ်နှစ် ၁၈၅၃)၌ နန်းတက်၍ မန္တလေးမြို့တော်အား ကောဇာသက္ကရာဇ် ၁၂၂၁ခုနှစ်(ခရစ်နှစ် ၁၈၅၉)တွင် တည်ထောင်ခဲ့သည်။ ယင်းနောက် ကောဇာသက္ကရာဇ် ၁၂၄၀ခုနှစ်(ခရစ်နှစ် ၁၈၇၈)၌ နတ်ရွာစံခဲ့သောကြောင့် မြနန်းစံကျော်(ရွှေနန်းတော်ကြီး)၏ အရှေ့ဘက် ပေ(၁၀၀)ကျော်တွင် မင်းတုန်းမင်း၏ ဂူဗိမ္မာန်နှင့်ကမ္မည်းတိုင်ကို စိုက်ထူခဲ့သည်။ ထို့ပြင် မင်းတုန်းမင်းဘုရင်မင်းမြတ် ဂူဗိမ္မာန်အနီးတွင် မိဖုရားဖြစ်သော ဆင်ဖြူမရှင်မိဖုရားရဲ့ ဂူဗိမ္မာန်နှင့်ကမ္ဗည်းတိုင်ကိုလည်း စိုက်ထူထားကြောင်းတွေ့ရသည်။
ချစ်မင်းထွန်း
The Myanma Age
Wednesday, March 5, 2014
နှစ် ၂၅၀ ကျော်သက်တမ်းရှိ ညောင်ရမ်း ခေတ်နှောင်းပိုင်းလက်ရာ ဘုရားဌာပနာများ အာမေးနီးယန်း အုတ်ဂူအနီးတွေ့
Wednesday, March 05, 2014
မန္တလေး၊ မတ် ၎
နှစ်ပေါင်း၂၅၀ ကျော်သက် တမ်းရှိ ညောင် ရမ်း ခေတ်နှောင်းပိုင်းလက်ရာ ဘုရားဌာပနာများကို မန္တလေးတိုင်းဒေသကြီး အမရပူရမြို့ ရှိ တောင်သမန် အင်းအနီး စည်ပင်ခြံစည်းရိုး သတ်မှတ်ထားသော တဝဂူဘုရား တောင်ဘက်ရှိ အာမေးနီးယန်း အုတ်ဂူအနီးတွင် ဖေဖော်ဝါရီ လ နောက်ဆုံးပတ် အတွင်းက တူးဖော်တွေ့ရှိ ခဲ့ကြောင်း ဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင် က ပြောကြားသည်။
“စည်ပင်က အာမေးနီးယန်း သချိုင်းနားကို ရှင်းတုန်းက သီတဂူ ဆရာတော်ကြီး လာရောက် ကြည့်ရှုခဲ့တယ်။ အဲ့ဒီတုန်းက ဆက်ပြီး ရှင်းလင်းဖို့ ပြောတာနဲ့ ဆက်ရှင်းတော့ အဲ့ဒီအုတ်ဂူနားမှာ ညောင်ရမ်း ခေတ်နှောင်းပိုင်းလက်ရာ ဘုရားဌာပနာတွေကို တွေ့ရတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ ဌာပနာများ ထည့်သွင်းထားသော စေတီကို မတွေ့ရှိရတော့ဘဲ ဘုရားဌာပနာများဖြစ်သော ၁လက်မခွဲ၊ ၂ လက်မ အရွယ်ရှိ အတွင်းက ချိတ်ဖြင့် ငွေပြားစက္ကူ ကပ်ထားသော ထိုင်ကိုယ်တော် ပုံသဏ္ဌာန်ရှိ ဆင်းတု ၁၄ ဆူကို တွေ့ရှိရကြောင်း ၎င်းက ထပ်မံပြောကြားသည်။
“ဌာပနာ ဘုရားတွေကို ၂ ကျိပ် ၈ ဆူ (၂၈ ဆူ) ပူဇော်ထားတာ ရှိကြတယ်။ ခုတွေ့တာကတော့ ၁၄ ဆူပဲတွေ့တယ်။ လက်ရာတွေကို ကြည့်ရတာတော့ အမရပူရ မတိုင်မီ လက်ရာတွေ ဖြစ်မယ်” ဟု ၎င်းကထပ်လောင်း ဆိုသည်။
အဆိုပါ တွေ့ရှိသည့် ဘုရားဌာပနာ များကို ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေး ဌာနခွဲ) တာဝန်ရှိသူများက ကွင်းဆင်းကာ သွားရောက် စစ်ဆေးဆဲ ဖြစ်ကြောင်း အဆိုပါဌာန တာဝန်ရှိသူများထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ အနောက်ဘက် ၆ မိုင်အကွာရှိ တမုတ်ရွှေဂူကြီး ဘုရားဝင်းအတွင်း နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိ ပျူခေတ် လက်ရာရေတွင်း တစ်တွင်းကို ဖေဖော်ဝါရီလ ပထမပတ်အတွင်း တွေ့ရှိခဲ့သည်။
The Voice Weekly