Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Thursday, July 3, 2014

ရေသောက်ရန် အကောင်းဆုံး အချိန်




ရေဟာ လူ့ကျန်းမာရေးအတွက် အထောက်အကူပြုမှန်း၊ အဓိကလိုအပ်မှန်း သိကြပေမယ့် အချိန်မှန်၊ ပမာဏ မှန်မှန် သောက်သုံးမှသာ ထိထိရောက်ရောက် ကောင်းကျိုးပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ရေသောက်ရန် အကောင်းဆုံး အချိန်များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ မနက် အိပ်ယာထချိန်

ဖန်ခွက် တစ်ခွက် သို့မဟုတ် ၂ ခွက် စာ ရေသောက်သုံးခြင်း ဖြင့် သွေးလည် ပတ်မှုကို မြင့်တင်ပေးခြင်း၊ သွေး စေးပျစ်မှု လျော့ချပေးခြင်း၊ ကိုယ်တွင်း အူလမ်းကြောင်းများ သန့်ရှင်း၍ ပိုမို သန်မာစေခြင်း တို့ကို ဖြစ်စေပါတယ်။

၂။ အစားမစားမှီ

အစားမစားမှီ မိနစ် ၃၀ လောက်မှာ ရေဖန်ခွက် တစ်ခွက် သောက်သုံး သင့်တယ်လို့ ဆိုပါတယ်။ ယင်းသို့သောက်သုံးခြင်းဖြင့် အစာချေ စနစ်ကို ပိုမို အသက်ဝင်စေပြီး အာဟာရများအား ပိုမိုဆုပ်ယူပေးနိုင်မှာ ဖြစ်ပါတယ်။

၃။ အစားစားပြီး

အမှန်တော့ အစားစားပြီးချင်း ရေသောက်ခြင်းကို ဆေးပညာရှင်များက အားမပေးပါဘူး။ အစားစားပြီး တစ်နာရီခွဲ အတွင်း ရေသောက်ရင် ယင်းရေဟာ မိမိရဲ့  အစာချေစနစ်ကို အနှောက့်အယှက်ပေးနိုင် လို့ ဖြစ်ပါ တယ်။

၎။ ညနေအချိန်

ညနေ ၂ နာရီ ကနေ ၃ နာရီကြားမှာ ရေ ၁ခွက် သို့မဟုတ်၂ ခွက်လောက် သောက်သင့်တယ် လို့ ဆိုပါတယ်။ တစ်မနက်လုံး လူပင်ပန်း သမျှ၊ စိတ်ပင်ပန်းသမျှကို ယင်းအချိန် ရေသောက်ခြင်းဖြင့် ပြန် လည်လန်း ဆန်းစေပါတယ်။

၅။ ညအိပ်ယာဝင်ခါနီး

ည အိပ်ယာဝင်ခါနီးဆိုတာ မအိပ်ခင် တစ်နာရီ ဖြစ်ပါတယ်။ ညအိပ်တဲ့ခါ ကိုယ်တွင်းမှာ အစာချက်လုပ်ငန်းနဲ့ အခြားသော လုပ်ဆောင်ချက်များ အတွက် ရေလိုအပ်ပါတယ်။ ဒါကြောင့် အိပ်ယာမ၀င်ခင် ရေသောက်နိုင် သလောက် အတန်သင့် သောက်ထားခြင်းဖြင့် အစာချေစနစ်ရော၊ ကိုယ်တွင်း လုပ်ဆောင်ချက်ကိုရော ပုံမှန်အတိုင်း ကျန်းမာစွာ လည်ပတ်စေ မှာ ဖြစ်ပါတယ်။

ချွင်းချက်- ရာသီဥတုပူအိုက်တဲ့အခါ ချွေးအထွက် လွန်တဲ့အတွက်၊ ချွေး အထွက် များတဲ့အတွက် တစ်ခါတစ်လေကျ ရင် ရေအရမ်းဆာတတ်ပါတယ်။ အဲ့ဒီအချိန်ကျ ဘာမှ သတ်မှတ်မနေတော့ပဲ ရေအငတ်ပြေ ဖို့အတွက် သောက်သုံးဖို့ လိုအပ်ပါတယ်။ ရေဆာနေတုန်း အချိုရည်သောက်သုံးခြင်းထက် ရေသောက်သုံးခြင်းကသာ ကျန်းမာရေး အတွက် ပိုမို သင့်လျော်ကောင်းမွန်းပါတယ်။

အထက်အပါအတိုင်း စနစ်မှန်၊ ပမာဏ မှန် ရေသောက်သုံးမယ် ဆိုရင် လူ့ကျန်းမာရေးအတွက် များစွာ အကျိုးထူးစေမှာ ဖြစ်ပါတယ်။
---
Ref: medic facts
ရိုးရာလေး သတင်း

Wednesday, July 2, 2014

စိတ်ဖိဆီးမှုပျောက်စေရန် မှီဝဲရမည့် အစားအသောက်များ




စိတ်ဖိဆီးမှုပျောက်စေရန် တင်မကပဲ မိနစ်ပိုင်းမျှ အနားယူတဲ့အခါ သုံးဆောင်သင့်တဲ့ အစားအစာများကို ဆိုပါတယ်။

၁။ အခါးရည်ကြမ်း

လက်ဘက်ခြောက်ထည့်ဖျော်ထားတဲ့ ရေနွေးကြမ်း (အခါးရည်ကြမ်း) ကိုဆိုလိုခြင်း ဖြစ်ပါတယ်။ သူ့မှာ L-Theanine ဆိုတဲ့ ဓာတ်ပါဝင်ပြီး ဒေါသ (Anger) ထွက်စေတဲ့ ဟိုမုန်းများကို လျော့ချပေးတယ်လို့ ဆိုပါတယ်။

၂။ ချောကလတ် (ရေခဲမှုန့်)

ချောကလပ်ရော၊ ချောကလပ် ရေခဲမှုန့်ရော သင့်တော်ပါတယ်။ အနက်ရောင် ချောကလတ်ပါဝင်တဲ့ အစားအစာများဟာ စိတ်ဖိစီးစေတဲ့ ဟိုမုန်းများကို လျော့ချပေးပါတယ်။

၃။ ပျားရည်
ပျားရည် တစ်ဇွန်းစာဟာ ရဲ့  ခါးသီးတဲ့ ဝေဒနာကို ပျောက်ကင်းစေတယ်လို့ တောင် တင်စားထားကြပါတယ်။ အမှန်တော့ ယင်းအချိုဓာတ်က စိတ်ဖိစီးမှုနဲ့ ကိုပြေပျောက်စေတယ်လို့ ရည်ညွန်းခြင်း ဖြစ်ပါတယ်။ ဦးနှောက်ကိုလည်း ကြည်လင်စေပါတယ်။

၎။ သရက်သီး

သရက်သီးကတော့ နေရာတိုင်းမရနိုင်ပါဘူ။ သို့ပေမယ့် ရနိုင်တဲ့ နေရာတွေမှာ မှီဝဲသင့်တဲ့ သစ်သီးလို့ ဆိုပါတယ်။ သရက်သီးရယ်လို့ မဟုတ်ပဲ သရက်သီး ဖျော်ရည် တစ်ခွက်သောက်ခြင်းဖြင့်လည်း Linalool လို့ခေါ်တဲ့ compound ထုတ်လုပ်ပြီး stresss level ကိုကျဆင်းစေပါတယ်။

၅။ ပီကေ

ပီကေ ဝါးတာကတော့ စိတ်ဓာတ်ကျဆင်းမှုကို ပြေလျော့စေတယ်ဆိုတာ တော်တော်များများ သိထားကြပါတယ်။ ပြီးတော့ စဉ်းစားတွက်ချက်၊ တွေးခေါ်မှုကိုလည်း ကွန့်မြူးစေပါတယ်။

အဓိက စိတ်ဓာတ်ကျဆင်းမှု၊ ပင်ပန်းမှုကို ပြေပျောက်စေတဲ့ အစားအစာကတော့ အချိုဓာတ်ပါတဲ့ အစားအစာများ ဖြစ်ပါတယ်။ သို့ပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း ထိုက်သင့် သလောက် စားသုံးမှုကသာ ကျန်းမာရေးအတွက် အကျိုးရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
--
Ref: medic-facts.
အောင်ခမ်း
ရိုးရာလေး သတင်း

အက်စပရင်နှင့် ဆီးကျိတ် ကင်ဆာ



အက်စပရင်ကို တစ်နေ့တစ်လုံး နေ့စဉ် မှီဝဲတာကြောင့် ဆီးကျိတ် ကင်ဆာ ရှိသူတွေ မှာ သေဆုံးနိုင်ခြေ နည်းပါးသွားနိုင်ကြောင်း လေ့လာမှုအရ အကြံပေးထားပါတယ်။ အက်စပရင်နဲ့ တခြား သွေးကျဲဆေးတွေဟာ ကင်ဆာဆဲလ်ကြီးထွားမှုနဲ့ ပျံ့နှံ့မှုကို တားမြစ်နိုင်တယ်လို့ ယခင်က လေ့လာမှုတွေအရ တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။
ယခုလေ့လာမှုမှာ ခွဲစိတ်ကုသမှု ခံယူထားတဲ့ ဒါမှမဟုတ် ဓာတ်ရောင်ခြည်နဲ့ ကုသမှုခံယူထားတဲ့ ဆီးကျိတ်ကင်ဆာရှိသူ အယောက် ၆၀၀၀ ကို စမ်းသပ်စစ်ဆေးခဲ့ပါတယ်။ လေ့လာမှုအရ ဆီးကျိတ်ကင်ဆာကြောင့် ၁၀ နှစ်ကြာ အသက်ရှင်နှုန်းဟာ သွေးကျဲဆေး သောက်သုံးသူတွေမှာ သိသိသာသာ လျော့ကျကြောင်း တွေ့ရှိခဲ့ပါတယ်။
ကင်ဆာထပ်မံ ဖြစ်ပွားနှုန်းနဲ့ အရိုးကို ပြန့်နှံ့နှုန်းဟာလည်း သိသိသာသာ လျော့ကျသွားတာမို့ အက်စပရင် ဆေးဝါးဟာ ဆီးကျိတ်ကင်ဆာ ရှိသူတွေမှာ ကင်ဆာဆဲလ်ကြီးထွားမှုကို တားမြစ်နိုင်ကြောင်း ကင်ဆာဆိုင်ရာ ဆေးပညာဂျာနယ်မှာ ဖော်ထုတ် ထားပါတယ်။

Good Health

အမျိုးသားများနှင့် ဆံပင်ကျွတ်ခြင်း


အမျိုးသား အများစု ဆံပင် ဆုံးရှုံး တတ်ကြတာရဲ့ ၉၅ ရာခိုင်နှုန်းလောက်ဟာ မျိုးရိုးဗီဇကြောင့် ဆံပင်ကျွတ်တာ ဖြစ်တတ်ပါတယ်။ ဆေးကုသမှု ခံယူနေရတဲ့သူတွေ၊ ဗီတာမင်အေ လွန်ကဲတာနဲ့ ပရိုတင်းဓာတ် မလုံလောက်သူတွေမှာ ဆံပင် ကျွတ်တတ်ကြပါတယ်။
နာမကျန်းဖြစ်တာနဲ့ ဖိစီးမှုတွေကလည်း ဆံသား ဆုံးရှုံးစေတဲ့ အကြောင်းရင်းတွေထဲမှာ ပါဝင်ပါတယ်။ လေ့လာမှုတွေအရ အမျိုးသားတစ်ယောက် အသက် ၅၀ ကျော်လာရင် ၈၅ ရာခိုင်နှုန်းလောက်ကတော့ ဆံပင် ကျွတ်လာတတ်ပါတယ်။ တချို့ဆိုရင် အသက် ၂၀ ကျော်ကတည်းက ဆံပင်ကျွတ်တဲ့ ပြဿနာကို ရင်ဆိုင်ကြရတတ်ပါတယ်။
ဆံသားကို ကြမ်းတမ်းစွာ ကိုင်တွယ်ခြင်း
ခေါင်းမကြာခဏ ဖြီးတာ၊ ဆံပင်ကို လက်နဲ့ ခဏခဏ ပွတ်သပ်တာ၊ ဆံပင်ကို စည်းနှောင်တာနဲ့ ဆံပင်ပုံစံ အမျိုးမျိုး ပြောင်းလဲတာတွေကြောင့် ဆံပင် ဆုံးရှုံးမှုတွေ ဖြစ်တတ်ပါတယ်။ ဆံသားကို ကြမ်းတမ်းစွာ ပွတ်သပ်တာကြောင့် ဆံသား ပျက်စီးစေတတ်ပါတယ်။
ဆေးလိပ်သောက်ခြင်း
လေ့လာမှု အမျိုးမျိုးတွေအရ ဆေးလိပ်သောက်တာနဲ့ ဆံပင်ကျွတ်တာဟာ ဆက်စပ်မှု ရှိတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ သင်က ဆေးလိပ်သောက်တတ်သူ ဖြစ်နေပြီး ဆံပင်လည်း ကျွတ်တယ်ဆိုရင် ဆေးလိပ်သောက်တာကို ရပ်လိုက်ပါ။ ဆေးလိပ်သောက်တာကြောင့် အရေးကြောင်းဖြစ်တာနဲ့ အရွယ်မတိုင်ခင် အိုမင်းမှုကို ဖြစ်စေပါတယ်။
ဆံပင်ကို ဂရုစိုက်မှု မရှိခြင်း
အမျိုးသားတချို့က ဆံပင်နဲ့ ဦးရေပြားကို ဂရုစိုက်မှု နည်းတတ်ကြပါတယ်။ သင့်ဆံပင်က ဘယ်လိုပုံစံလဲ။ ဦးရေပြား ခြောက်သွေ့သူလား၊ အဆီပြန်သူလား၊ ပုံမှန်လား ဆိုတာကို သိထားတတ်တဲ့သူ ရှားပါတယ်။ ဒါကြောင့် သင့်ဆံပင်ပုံစံနဲ့ လိုက်ဖက်တဲ့ ခေါင်းလျှော်ရည်ကို ရွေးချယ်ဖို့လည်း မသိတတ်ကြပါဘူး။ သင့်အတွက် သင့်ဆံပင်ပုံစံကို သိဖို့ အခက်အခဲရှိနေရင် အောက်ပါအချက်တွေကို လေ့လာကြည့်ပါ။
သင့်ဆံပင်ပင်ပုံစံ
ခေါင်းလျှော်ပြီး နောက်တစ်ရက်မှာ သင့်ဆံပင်တွေက ခြောက်သွေ့ ဖွာလန်နေတာမျိုး နောက်တစ်ရက်တောင် မဟုတ်ဘဲ ခေါင်းလျှော်ပြီးချိန်မှာ ခြောက်သွေ့ ကြမ်းတမ်းနေတာမျိုး ဆိုရင် သင့်ဆံပင်ဟာ ခြောက်သွေ့တဲ့ထဲမှာ ပါပါတယ်။ ဒီလိုမမဟုတ်ဘဲ ဆံပင်သားဟာ ခေါင်းလျှော်ပြီးချိန်မှာ ပုံမှန်ဖြစ်နေပြီး နောက်တစ်ရက်မှာတော့ စေးကပ်နေတယ် ဆိုရင်တော့ အဆီထွက်တတ်တဲ့ ဦးရေပြားကို ပိုင်ဆိုင်ထားတာပါ။ ဘယ်လိုမှ ပြောင်းလဲမှုမရှိတဲ့ ဆံသားကတော့ ပုံမှန် ဦးရေပြားကို ပိုင်ဆိုင်ထားတာပါ။ ဒါ့အပြင် သင့်ဆံသား အထူအပါးပေါ် မူတည်ပြီး ခေါင်းလျှော်ရည်ကို ရွေးချယ် အသုံးပြုပေးပါ။
ကျန်းမာတဲ့ နေထိုင်မှုပုံစံ ရှိပါစေ
အမျိုးသမီး အများစုဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ဆံသား ဆုံးရှုံးတတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ပြီးချိန်မှာတော့ ပုံမှန် ဆံပင်ကျွတ်တာလောက်ပဲ ဖြစ်တတ်ပါတော့တယ်။ အမျိုးသားတွေ အနေနဲ့ကတော့ စိတ်ဖိစီးမှု၊ စိုးရိန်ပူပန်မှုတွေနဲ့ အစားအသောက် မမှန်တာ၊ ဆေးလိပ်သောက်တာ၊ ရေသောက်နည်းတာ၊ အရက် အလွန်အကျွံ သောက်တာနဲ့ တခြား အာဟာရ ချို့တဲ့တာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါကြောင့် အာဟာရမျှတဲ့ အစားအစာကို နေ့စဉ် စားသုံးပေးပြီး မနက်စာကို ပုံမှန် စားသုံးပေးပါ။
အရက် သောက်တတ်သူတွေ အနေနဲ့ ရေများများ သောက်ပေးဖို့ လိုပါတယ်။ ကိုယ်လက်လှုပ်ရှား အားကစား တစ်ခုခုကို ပုံမှန် ပြုလုပ်ပေးရင်း သန့်ရှင်းတဲ့လေကို ရှူတာမျိုး ပြုလုပ်ပေးပါ။ မိသားစုနဲ့အတူ ပျော်ရွှင်စွာ နေထိုင်တာမျိုးဟာလည်း စိတ်ကို ပျော်ရွှင်စေတဲ့ ဟော်မုန်းတစ်မျိုးကို ထွက်စေတာကြောင့် စိတ်ဖိစီးမှုနဲ့ ပင်ပန်း နွမ်းနယ်မှုတွေကို ပြေပျောက်စေပါတယ်။
ဦးရေပြားကို စစ်ဆေးပါ
ပုံမှန် သန့်ရှင်းမှုရှိပြီး မှန်ကန်တဲ့ စားသောက် နေထိုင်မှုပုံစံ ရှိနေတာတောင် ဆံသားဆုံးရှုံးမှု ရှိနေတယ်ဆိုရင် သင့်ဦးရေပြားကို စစ်ဆေးပေးဖို့ လိုပါတယ်။ အရေပြား ဆရာဝန်ဆီမှာ ဦးရေပြား စစ်ဆေးမှု ခံယူပြီး လိုအပ်တဲ့ ဆံပင်ပေါက်ဆေးတွေကို လိမ်းပေးဖို့ လိုပါတယ်။ ဦးရေပြား သန့်စင်ပေးတာမျိုး၊ သင်သောက်နေတဲ့ တချို့ ဆေးဝါးတွေကြောင့် ဆံပင် ဆုံးရှုံးတာဆိုရင် ဆေးတွေကို ပြောင်းလဲတာမျိုး ပြုလုပ်ပေးရပါမယ်။

လမင်းလေး

Monday, June 30, 2014

အသည်းကို သန့်ရှင်းဖို့တွက် Detox Water



တချိန်လုံး စားချင်တာတွေ စားကြ သောက်ချင်တာတွေ သောက်ကြနဲ့ ကိုယ်တွင်းမှာ ဘယ်လို အကျိုး သက်ရောက်မှုတွေ ဖြစ်နေမယ်ဆိုတာ သတိမထား မိကြပါဘူး။

စားသောက်သမျှ တွေဟာ အသည်းတို့ ကျောက်ကပ်တို့မှာ စစ်ထုတ်ရင်းနဲ့ သူတို့ဟာ အဆိပ်အတောက် တွေကို ခံစားရပါတယ်။

အဲ့ဒီတော့ မျက်နှာတို့ ခန္ဓာကိုယ်တို့ကို သန့်ရှင်းရုံတင် မကပဲ ကိုယ်တွင်းက ကလီဆာ တွေကိုပါ သန့်ရှင်း ပေးသင့် ပါတယ်။

အသည်းကို သန့်ရှင်းနိုင်တဲ့ နည်းတွေ...

ဒီနည်းတွေဟာ ပိုက်ဆံလဲ အကုန်သက်သာပြီး အိမ်မှာတင် ကိုယ်တိုင် ပြုလုပ်နိုင်တာမို့ ဈေးကြီးပေးပြီး Detox တွေ ၀ယ်သောက်ရတာထက် အများကြီး သက်သာပါတယ်။

1. Apple Cinnamon Detox Water
သောက်ရေထဲကို ပန်းသီးစိတ် ကလေးတွေနဲ့ သစ်ဂျပိုးမှုန့် အနည်းငယ်ကို စိမ်ပြီးသောက်ခြင်း

2. Cucumber Lemon Mint Detox Water
သောက်ရေထဲကို သခွားသီးစိတ် ကလေးတွေရယ်၊ သံပယိုသီး ခေါ် Lemon ပါးပါးလှီး ထားတာရယ်၊ ပူစီနံရွက်ရယ် စိမ်၍ သောက်ခြင်း

3. Strawberry Detox Water
သောက်ရေထဲကို စတော်ဘယ်ရီသီး လေးများ စိမ်၍ သောက်ခြင်း

4. Simple Detox Water
သောက်ရေထဲကို Lemon တစ်စိပ်လောက် ညှစ်ထဲ့၍ သောက်ခြင်း

5. Apple Cider Vinegar Detox Water
သောက်ရေထဲကို ACV အနည်းငယ်ထဲ့၍ သောက်ခြင်း

6. Weight Loss Detox Water
Grapefruit ကိုသုံးတာ ဖြစ်ပါတယ်။ အထဲကို မန်ကျည်းသီးမှဲ့ နဲနဲရယ် သခွားသီး နည်းနည်းရယ် ထဲ့ပြီး သောက်ခြင်း ဖြစ်ပါတယ်။

ဒါတွေအားလုံး လုပ်ရမယ်လို့ မဟုတ်ပါဘူး။ တခြား နိုင်ငံတွေက တချို့လူတွေဟာ တစ်ပတ်ကို တစ်ရက် (သို့) သုံးရက် ၊တစ်လကို တစ်ပတ် အဲ့လို ကိုယ်အဆင်ပြေသလို Detox လုပ်ကြ တယ်လို့ သိရပါတယ်။

တစ်ရက်လုံး ဆိုတာက အဲ့ဒီတစ်ရက်မှာ တခြားဘာ အစားအစာမှ မစားပဲ အသီးအနှံတွေနဲ့ အသီးအနှံ ဖျော်ရည်တွေပဲ သောက်ပြီး Detox လုပ်တာပါ။ တစ်နေ့လုံး တခြားအစာဘာမှ မစားရပါဘူး။

ကိုယ်တွင်း ကလီစာတွေကို အနားပေးတဲ့ သဘောပေါ့။ သန့်ရှင်းရေးပေါ့ တစ်ရက်လုံး မလုပ်နိုင်လဲ Simple Detox Water ကတော့ ဘယ်သူမဆို သောက်ဖို့ အဆင်ပြေမှာပါ။ အချိုရည်တွေ သောက်မဲ့အစား Detox Water လေးသောက်တော့ ကျန်းမာရေး အတွက် ကောင်းပါတယ်။

ref;GoodHealth(copy via zin min)

post by နှင်းဆီဖူးလေးများ-Love BUDS

သင့် မစင်နှင့် ကျန်းမာရေး အခြေအနေ



မပြောရင်လည်း မပြောလို့ . ပြောပြန်ရင်လည်း ရှက်စရာလိုလို၊ ရွံစရာလိုလို ဖြစ်နေတာက မစင် ဆိုင်ရာ လူ့ကျန်းမာရေး အခြေအနေ ဖြစ်ပါတယ်။ ဒီကိစ္စကို အချင်းချင်း ပြောကြဆိုကြမှု နည်းတာကြောင့် ဝမ်းနဲ့ ဆိုင်ရာ ရောဂါ အမျိုးမျိုး ဖြစ်တတ် ကြပါတယ်။ ဒါကြောင့်မို့ အဲ့ဒီလို မဖြစ်အောင် ရေးသား ဖော်ပြ လိုက်ရ ပါတယ်။

၁။ မြေပဲစံ ကဲ့သို့ မာမာ၊ အတုံးခဲခဲ များ
(Separate hard limps, like nuts)
ယင်းကဲ့သို့ မစင်ဟာ ရေဓာတ်နဲ့ အမျှင်ဓာတ် ချို့ယွင်းနေတဲ့ လူ့ကျန်းမာရေး အခြေအနေကို ပြသပြီး ရေများများ သောက်ရန် နှင့် အသီးအရွက် များများ စားရန် လိုအပ် ပါတယ်။

၂။ ပျော့ပြောင်းချောမွေ့၍ ဝက်အူချောင်း ပုံသဏ္ဍာန်
(Sausage shaped, smooth and soft)

ကျန်းမာရေး ကောင်းသူ တစ်ယောက်၏ မစင် ဖြစ်သည်။

၃။ ရေကဲ့သို့ အရည်များ၊ အတုံးအခဲ မပါ
(Watery, no solid pieces, all liquid)

ဝမ်းပျက် ဝမ်းလျှော ဖြစ်နေသော ကျန်းမာရေး အခြေအနေကို ပြသပြီး ခန္ဓာကိုယ် တစ်ခုလုံးမှ ရေများကို အစာအိမ်က ဆုပ်ယူနေခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ယင်းကဲ့သို့ ဖြစ်နေစဉ် အချိန်အတွင်း ရေများများ သောက်ဖို့ရန် လိုအပ် ပါတယ်။ မဟုတ်ရင် အားအင်ကုန်ခမ်းပြီး ကျန်းမာရေး ပိုမို ဆိုးရွား သွးပါ လိမ့်မယ်။

၎။ ဝက်အူချောင်းကဲ့သို့၊ သို့သော် မရှည်လျား
(Sausage shaped, but lumpy)

အမျှင်ဓာတ်နှင့် ရေဓာတ် အင်မတန် နည်းတဲ့ ပထမ အမျိုးအစားလောက် မဟုတ်သော်လည်း ရေ နှင့် အသီးအရွက် ဦးစားပေး စားရန် လိုအပ်သော ကျန်းမာရေး အခြေအနေ ဖြစ်ပါတယ်။

၅။ အနားညီညာသော အရည်ပျစ် အတုံး အစက်
(Soft blobs and clear-cut edges)

ယင်း မစင် အမျိုးအစား ဖြစ်ပါက ကျန်းမာရေး ကောင်းသော်လည်း တစ်နေ့ကို တစ်ကြိမ်သာ အိမ်သာတက်ခြင်းဖြင့် မလုံလောက်ပါ။

၆။ ဖောင်းကြွကြွ မညီမညာ ဝက်အူချောင်း ပုံစံ
(Sausage shaped, but with cracks on surface)

ပုံမှန် ဖြစ်သော်လည်း ရေများများ သောက်ရန် လိုအပ်နေသေးသော အခြေအနေ

၇။ အနားမညီညာ အစွန်းထွက် အမျှင်ပါဝင်သော ဈေးပျစ်ပျစ် အတုံးများ
(Fulffy pieces with ragged edges, a mushy tool)

ကျန်းမာရေး ကောင်းနေသော်လည်း ဝမ်းပျက်ဝမ်းလျှော ဖြစ်လာနိုငတော့မည် အခြေအနေ

၈။ နူးညံ့ပြီး ကပ်စေးသော မစင်
(Soft and stick to the side of the bowl)

မစင်တွင် အဆီဓာတ် များနေသည်ကို ပြသပြီး တစ်နည်းအားဖြင့် ခန္ဓာကိုယ်က အဆီဓာတ်ကို မဆုပ်ယူကြောင်းကို ပြသခြင်း တစ်မျိုး ဖြစ်ပါတယ်။ အဆီဓာတ် မဆုပ်ယူခြင်းကြောင့် ယင်း မစင်ပိုင်ရှင်ဟာ ပိန်တဲ့သူ အများစု ဖြစ်ပါတယ်။ မပိန်ရင်တောင် ပိန်ဖို့ အတွက် အလားအလာ များပြီး အစာရှည်ရန် ထုတ်ပေးသော ဂလင်း မထွက်ရှိခြင်း ကြောင့်လည်း ဖြစ်သည်။ သို့သော် အဆီများသော အာလူးကြော်၊ အသင့်ကြော် ဆီများ အစားအစာ ရှောင်ရန် လိုအပ်နေသေးပြီး အသား၊ ငါး၊ အသီးအရွက်၊ ဂျုံ တို့ကို မျှမျှ တတ စားပေးရန် လိုအပ်သည်။
.
Ref: Healthdigest

အောင်ခမ်း (ရိုးရာလေး)

Sunday, June 8, 2014

အစာအိမ်ရောဂါပျေက်တဲ့ သဘာဝဆေးနည်း



အစာအိမ်ရောဂါအတွက် ဆေးအမျိုးမျိုးသုံးပြီး မသက်သာလို့ စိတ်ညစ်နေသူများ အောက်ပါ သဘာဝဆေးနည်းလေးကို သုံးကြည့်နိုင်ပါတယ်။ လက်တွေ့ ပျောက်တဲ့ဆေးနည်းလေးမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။


ပါဝင်သော ပစ္စည်းများ-

၁။ အာလူးစိမ်း
၂။ ဂျင်း
၃။ ပျားရည်

ပြုလုပ်နည်း

၁။ အာလူး ၁၅ ကျပ်သား (၃ လုံး၊ ၄ လုံးခန့်) ကို ရေစင်အောင်ဆေးပြီး အခွံမခွါပဲ နုတ်နုတ်စင်းလိုက်ပါ။ 

၂။ ရေအနည်းငယ်ဖြင့် ဆန်ပြုတ် ပြုတ်သကဲ့သို့ ပြုတ်ပေးပါ။ 

၃။ ဂျင်းအနည်းငယ်ကို ထည့်ပေးပါ။ (ရင်ပြည့်ရင်ကယ်မဖြစ်စေရန်)

၎။ ၄င်းအာလူးစိမ်းပြုတ်ရည်ကို ပျားရည်စစ်စစ် တစ်ဇွန်းခန့်ထည့်ပြီး သောက်ပါ။ 

၂ ပတ်ကို တစ်ကြိမ်ခန့် သောက်ပေးပါက အစာအိမ်ရောဂါ ပျောက်ကင်းသွားပါလိမ့်မယ်။ 

(သတိပြုရန်)

၁။ အစိမ်းရောင်ဖြစ်နေသော အားလူးများကို လုံးဝမသုံးရပါ။ အစိမ်းရောင်ဖြစ်နေသော နေရာများကို ကွင်းပြီး ထုတ်ပစ်ရမည်။

၂။ အားလူးမှာ ကစီဓါတ်များစွာပါဝင်နေသည့်အတွက် ဆီးချို၊ သွေးချိုသမားများအတွက် သောက်ရန် မသင့်ပါ။ 

အစာအိမ်သမားများ ရောဂါသက်သာပျောက်ကင်းပြီး ကျန်းမာချမ်းသာကြပါစေ။

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား။ ။ တိုင်းရင်းဆေးစွမ်းကောင်း

ကျန်းမာရေးသတင်းများ

ပြန်လည်မျှဝေပါတယ်
လေးစားလျှက်
Myat Htut

Saturday, August 10, 2013

ကျန်းမာရေးရာ မေးခွန်းလွှာ



ဒေါက်တာစွမ်းခင်ဗျာ- ကျွန်တော်က မကြာခဏ အအေးမိ ဖျားတတ်သူပါ။  ဆေးခန်းကို အိမ်ဦးနဲ့ ကြမ်းပြင်လို သွားလာ နေရသူလည်း ဖြစ်ပါတယ်။
ကျွန်တော် သိလိုတာက ကျန်းမာရေးဆိုင်ရာ အသိလေးပါ ဆရာ။ လူတစ်ယောက် ဖျားတယ် ဆိုတာကို ဘယ်လို သိနိုင်ပါသလဲ။ ဖျားတယ် ဆိုတာ ဘာပါလဲ ဆရာ။ ဖျားရင်ရော ဘယ်လို လက္ခဏာတွေကို စပြီး ပြပါသလဲ။ မကြာခဏ ဖျားတတ်တဲ့ ကျွန်တော်တို့လို လူတွေ မဖျားနာအောင် ဘယ်လို လုပ်ရမလဲဆရာ။
လေးစားစွာဖြင့် ကိုရဲမြင့်(နေပြည်တော်)
ဖျားနာတာ များတဲ့ ခုလိုရာသီမှာ  ကိုရဲမြင့်အပြင်   အများသိစေဖို့ အတွက် ပြည့်စုံစွာ ဖြေကြား ပေးလိုက်ပါတယ်။  လူတစ်ယောက် ကျန်းမာစဉ်မှာ ရှိတတ်တဲ့  သာမန် ကိုယ်အပူချိန်က ၃၇ ဒီဂရီ ဆဲလ်ဆီးယပ် သို့မဟုတ် ၉၈ ဒသမ ၄ ဒီဂရီ ဖာရင်ဟိုက်ပါ။ အဲဒီလိုမှ မဟုတ်ဘဲ ၉၈ ဒသမ ၄  ဒီဂရီ ဖာရင်ဟိုက်ထက် တောက်လျှောက် မြင့်တက်နေပြီ ဆိုရင်တော့ ကိုယ်ပူတယ်၊ ဖျားတယ်လို့ ပြောနိုင်ပါပြီ။ ဒီလိုကိုယ်ပူတာ၊ ဖျားတာဟာ ခန္ဓာကိုယ်တွင်း ဗိုင်းရပ်စ်ပိုးတွေ ဝင်ရောက်လို့ ခန္ဓာကိုယ်က ပြန်လည်ခုခံ တိုက်ခိုက် နေသောကြောင့်  အခုလို ကိုယ်ပူဖျားခြင်း ဖြစ်ပေါ်တာပါ။ ယခုလို မိုးရာသီမှာ ဖြစ်တတ်တဲ့ ဖလူ(ခေါ်) တုပ်ကွေး သို့မဟုတ် လည်ချောင်းနာ၊ အာသီးရောင်၊ အဆုတ် အအေးမိ ရောဂါပိုး သို့မဟုတ် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း တို့ကြောင့်လည်း ဖျားနာတတ်ပါတယ်။ အပူရှပ်ခြင်း၊ နေလောင်ခြင်း၊ ဆေးမတည့်ခြင်း၊ ရောဂါ ဝေဒနာ ဖြစ်ခြင်းကြောင့် ဖျားခြင်း စတဲ့ အခြား အကြောင်းချင်းရာ များစွာလည်း ရှိပါသေးတယ်။
ဖျားရင် ပထမဆုံး ကိုယ်နွေးလာမှာပါ။ တဖြည်းဖြည်းနဲ့ ကိုယ်အပူချိန် တက်လာပြီး ချမ်းလာ၊ တုန်လာတတ်ပါတယ်။ ဒီအပူချိန် ကျသွားရင်တောင်မှ လူက ဖိန်းတိန်းတိန်း ကျန်ခဲ့တာပါ။
ဒါကြောင့်  ဖျားပြီး အားလျော့လာရင် ဖျားနာခြင်းအပြင် နားကိုက်ခြင်း၊ အနီစက်များ ထွက်ခြင်း၊ ချောင်းဆိုးများခြင်းတို့ တွဲဖက် ပါဝင်ခဲ့ရင် နီးစပ်ရာ ဆေးခန်းမှာ သွားရောက် ပြသပါ။ ၁ဝ၂၊ ၁ဝ၃ ဒီဂရီကျော်တဲ့ အဖျားတွေမှာ ခေါင်းကိုက်၊ ဇက်ခိုင်၊ မှိန်း၊ ကယောင်ကတမ်းဖြစ်၊ အသက်ရှူကျပ်စတဲ့ ရောဂါ လက္ခဏာပြင်းတွေ ပါဝင်လို့ အဖျားကြီးရင် ဆေးခန်းသို့ သွားရောက် ကုသမှု ခံယူရမှာပါ။
ကိုယ်နွေးရုံပဲ ဆိုရင်တော့ အောက်ပါ အချက်လေးတွေနဲ့ အဖျား သက်သာအောင် ကြိုးစားပါ။
(၁)     Biogesic, Paracetamol ကဲ့သို့ ဆေးကို အစာစားပြီးမှ (တစ်လုံး လူကြီးအတွက်သာ)သောက်ပါ။
(၂)     ဆေးကြောင့် ချွေးထွက် များနိုင်သဖြင့် ရေများများ သောက်ပေးပါ။
(၃) သက်သောင့်သက်သာနေပါ။ ခံတွင်းပျက်ခြင်းနှင့် အာဟာရ ဖြည့်တင်းရန် ကြက်စွပ်ပြုတ်၊ ဆန်ပြုတ်၊ မြူစွမ်ပြုတ်ကဲ့သို့ ဟင်းရည် ပူပူလေးများ သောက်ပါ။
(၄)     အခန်းတွင်း အလုံပိတ် မနေသင့်ဘဲ ချည်ထည်ပွပွများသာ ဝတ်ပါ။(အနွေး ထည် ဝတ်စရာ မလိုပါ)
(၅)     ချမ်းတုန် အဖျားတက်ပါက ချွေးမထုတ်သင့်ဘဲ စောင်ပါးပါး၊ အိပ်ရာခင်းစ ပါးပါးလောက်သာ ခြုံပါ။
(၆) တစ်ကိုယ်လုံးပူခြင်း၊ ချွေးထွက်များခြင်း ဖြစ်ပါက ရေကြက်သီးနွေးဖြင့် ရေဖတ်ဝတ် တိုက်နိုင်ပါတယ်။ (အပူသိပ်ကြီးလျှင် ရိုးရိုးရေဖြင့် ရေဖတ်တိုက်ပါ။ အပူအောင်းသော ချိုင်းကြား၊ ပေါင်ကြားကို နာနာတိုက် ရမှာပါ။ အပူကြီးပြီး ကယောင်ကတမ်း ဖြစ်နေသူဆိုလျှင် ချိုင်းကြား၊ ပေါင်ကြားတို့မှာ ရေခဲအိတ် ညှပ်ပေးပါ) ရေဖတ်တိုက်ပြီးလျှင် အနွေးထည် မဝတ်ရဘဲ ချည်ထည်ပါးပါးသာ ဝတ်ဆင်ပေးပါ။
(၇)     ပုံမှန် အဖျားတိုင်းပေးပါ။

Friday, August 9, 2013

သားအိမ်အသားလုံး Myoma/Fibroid အကြောင်း

 


လောကကြီးက ခေတ်မှီလာတာနဲ့အမျှ ရောဂါတွေက လည်းဆန်းသထက်ဆန်းလာပါတယ် ။ ကင်ဆာတွေ အလုံးအကျိတ်တွေကလည်းများမှများ ။ ဒီတစ်ခါတင်ဆက်ပေးချင်တဲ့အကြောင်းကတော့ Myoma လို့ခေါ်တဲ့ သားအိမ်အသားလုံး ၊ သားအိမ်မှာ အလုံးတည်ခြင်းအကြောင်းဖြစ်ပါတယ် ။ ကင်ဆာမဟုတ်တဲ့ ဒီသားအိမ်အလုံးဟာ အမျိုးသမီးထုတွေမှာ အဖြစ်များလေ့ရှိပါတယ် ။ အိမ်ထောင်ပြုသားမွေးမပြုလုပ်ကြတဲ့အပျိုကြီးတွေမှာ အဖြစ်များပါတယ် ။ အပျိုကြီးတွေမှာသာမကပဲ အိမ်ထောင်ကျပြီးတချို့ က သားသမီးမယူကြဘူး နောက်ပြီးသားသမီးဦးရေ နည်းတဲ့သူတွေပေါ့ အဲဒီလိုလူတွေမှာလည်းဖြစ်လေ့ရှိကြပါတယ် ။ အသက် ၄၀ ၀န်းကျင်လောက်ရှိတဲ့အမျိုးသမီးတွေ အယောက် ၂၀၀ လောက်ကိုသာ Ultrasound ရိုက်ကြည့်မယ်ဆိုရင် ၂၀ ရာခိုင်းနှုန်းလောက်အမျိုးသမီးတွေမှာ အရွယ်အစားအမျိုးမျိုးနဲ့အသားလုံးတွေကို တွေ့ရမှာဖြစ်ပါတယ် ။ တချို့တွေကတော့ခွဲစိတ်ကုသဖို့ မလိုအပ်ပါဘူး ။ ဘယ်လိုလူမျိုးတွေလည်းဆိုတော့ ဘာရောဂါလက္ခဏာမှလည်းမပြ ၊ နောက်ဆက်တွဲ စီစစ်ကြည့်တဲ့အခါမှာလည်း အရွယ်အစားဟာ ဆက်လက်မကြီးထွားလာတဲ့သူတွေဖြစ်ပါတယ် ။


ဘယ်လိုနေရာတွေမှာဖြစ်တတ်သလဲ ?



ဒီလိုအသားလုံးတွေဟာ သားအိမ်တစ်ခုလုံး နေရာအနှံ့ဖြစ်ပွားနိုင်ပါတယ် ။ အမျိုးအစားနေ နဲ့ကြည့်မယ် ဆိုရင်တော့ သားအိမ်နံရံအတွင်းဖြစ်ပွားခြင်း ၊ သားအိမ်နံရံအပြင်တွင်ဖြစ်ပွားခြင်း နဲ့သားအိမ် လှိုဏ်ခေါင်း အတွင်းဖြစ်ပွားခြင်းဆိုပြီး သုံးမျိုးခွဲခြားနိုင်ပါတယ် ။ သားအိမ်နံရံအပြင်ဖက်နဲ့ သားအိမ်လှိုဏ်ခေါင်းအတွင်း ဖြစ်တဲ့ အမျိုးအစားတွေဟာ ညှာတံရှည်နဲ့အလုံးတွေဖြစ်နိုင်ပါတယ် ။

ဘယ်လိုလက္ခဏာတွေဖြစ်တတ်သလဲ ?

အလုံးအရွယ်အစား ကြီးတဲ့အခါ ၀မ်းဗိုက်အောက်ပိုင်းမှာ စမ်းမိပါတယ် ။ လက္ခဏာတွေကတော့ ဓမ္မတာ သွေးပေါ် မှု မူမမှန်ခြင်း ၊ ရက်ရှည်ကြာစွာ သွေးဆင်းခြင်း ၊ သွေးဆင်းချိန်တွေမှာ ကိုက်ခဲခြင်း စတာတွေ ဖြစ်နိုင် ပါတယ် ။ သားဥပြွန်တွေရှိတဲ့ သားအိမ်ထိပ်ပိုင်းနေရာတွေမှာ ဖြစ်တဲ့အခါ သားဥပြွန်တွေ ကျဉ်းသွား တတ်ပါ တယ် ။ ပြီးတော့ ပိတ်ဆို့မှုတွေဖြစ်တဲ့အခါ သားသမီးမရနိုင်တဲ့ ပြဿနာတွေပါ ကြုံတွေ့ရနိုင်ပါတယ် ။ သားအိမ် လှိုဏ်ခေါင်းအတွင်းမှာ အလုံးတည်တဲ့အခါမှာလည်း အကယ်၍ ကိုယ်ဝန်ရလာခဲ့အခါ သန္ဓေသား တွယ်ကပ် မှုကို အနှောက်အယှက်ဖြစ်စေတဲ့အတွက် ကိုယ်ဝန်ပျက်ကျခြင်းတွေကြုံရနိုင်ပါတယ် ။

အကယ်၍ ကိုယ်ဝန်မပျက်ကျခဲ့ရင်လည်း အဲဒီအလုံးတွေကြောင့် သန္ဓေသား အနေအထားမမှန်ခြင်း ၊ လမစေ့ ခင်မွေး ဖွားခြင်း (Preterm labour) ၊ သားအိမ်ဝတွင် တစ်ဆို့နေခြင်းကြောင့် ဗိုက်ခွဲမွေးရခြင်းတွေ လုပ်ရလေ့ ရှိပါတယ် ။ မွေးပြီးတဲ့အခါမှာလည်း သားအိမ်ကျုံ့အား (Uterine contraction force) အားနည်းတဲ့အတွက် အချင်း ကပ်ခြင်း ( retain placenta) ၊ မွေးဖွားပြီးသွေးသွန်ခြင်း ( Post Partum Haemorrhage) စသည်တို့ ကြုံတွေ့ ရနိုင်ပါတယ် ။ အသားလုံးကြီးသော်လည်း ကိုယ်ဝန်ဆောင်စဉ်မှာ သန္ဓေသားကို အနှောက်အယှက် မပေးပဲ သီး သန့် ရှိနေတဲ့အခါဆိုရင်တော့ လစေ့မှ ခွဲမွေးပေးလေ့ရှိပါတယ် ။ တခါတလေဆိုရင် အသား လုံးဟာ နှစ်ရှည်ကြာမြင့်စွာ ဖြစ်ပေါ်နေပြီး ၀မ်းဗိုက်တစ်ခုလုံးပြည့်တဲ့အထိ ၊ ကိုယ်ဝန်လစေ့ အရွယ်အ ထိကြီးမားနိုင်ပါတယ် ။ သားအိမ်ရဲ့ အရှေ့ဖက်မှာ အလုံးကြီးပါက ဆီးအိမ်ကို ဖိနေတဲ့အတွက် ဆီးခဏခဏ သွားလိုခြင်း ၊ ဆီးသွားလို့ မ၀ပဲ ဆီးကျန်ခြင်းနဲ့ ဆီးမသွားနိုင်တဲ့အထိ ဖြစ်တတ် ပါတယ် ။ သားအိမ်ရဲ့အနောက်မှာ အလုံးကြီးတဲ့အခါမှာလည်း ၀မ်းသွားရ ခက်ခဲခြင်း ၊ ၀မ်းကျန်ခြင်းတွေ ခံစားရနိုင်ပါတယ် ။ တချို့သော လူနာတွေမှာဆိုရင် အသားလုံးများစွာရှိပြီး သားအိမ်ရဲ့ နေရာအနှံ့အပြည့်ရှိနိုင်ပါတယ် ။ ဆီးသီးအစေ့ အရွယ်ကနေ ပြီးတော့ ရှောက်သီး ၊ ကျွဲကောသီးအရွယ်ထိ အလုံးပေါင်းရာကျော်တဲ့အထိရှိတတ်ပါတယ် ။

ဘယ်လိုကုသ သလဲ?

အလုံးသိပ်မကြီးရင်တော့ ဗိုက်ခွဲစရာမလိုပဲ မှန်ပြောင်း ( Hysteroscopy) နဲ့ အောက်ဖက်နေထုတ်နိုင်ပါတယ် ။ အလုံးကြီး လို့ဖြစ်စေ ရောဂါလက္ခဏာ ရှိလို့ဖြစ်စေ ၊ လူနာက အသက်၄၀ ကျော်ပြီးတဲ့အခါတွေမှာတော့ သားအိမ် ထုတ်လေ့ ရှိပါတယ် ။ လူနာက အသက်ငယ်သေးပြီးတော့ သားသမီးရယူလိုသူတွေအတွက်ကတော့ အလုံးကို သီးသန့်ထုတ်တဲ့ ( Myomectomy) ကို ပြုလုပ်လေ့ရှိပါတယ် ။ အသားလုံးတွေရဲ့ သဘာဝ ဟာ သွေး ဆုံးပြီးတဲ့အခါ ဆက်လက်မကြီးထွားနိုင်ခြင်း ၊ သေးငယ်သွားခြင်းတွေဖြစ်နိုင်ပါတယ် ။ ဒါဟာ အမျိုးသမီးတွေ ရဲ့ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်ပါတယ် ။ သိပ်မကြာသေးခင်က ပေါ်လာတဲ့ Luproid Depot လိုပခေါ်တဲ့ ထိုးဆေးကတော့ ဒီအသားလုံးတွေကို ကျုံ့စေနိုင်ပြီးတော့ ဆက်လက်ကြီးထွား မှုကို ဟန့်တားစေ ပါတယ် ။ မီးယပ်ပေါ်နေစဉ်ကိုက်ခဲခြင်းများကိုလည်း သက်သာစေပါတယ် ။ သားအိမ်ကို သွားတဲ့ သွေး လွှတ်ကြောကိုပိတ်ဆို့ ကုသတဲ့ Embolization နည်းနဲ့လည်းကုသကြပါတယ် ။ တချို့အသက် ကလည်း ၄၀ ကျော် အောက်ပိုင်းအလုံးကလည်းသေးပြီး ဘာလက္ခဏာမှလည်းမခံစားရဘူး Ultrasound ရိုက်ကြည့်လို့ အလုံးရှိမှန်း သိရပြီး စိတ်သောက ရောက်နေရတဲ့ သူတွေရှိပါတယ် ။ ရှင်းပြဖို့လိုအပ်ပါတယ် ။ သားအိမ် ထုတ်ဖို့မ လိုအပ်သလို ၆ လ သို့မဟုတ် တစ်နှစ်တစ်ကြိမ်လောက် Ultrasound နဲ့ စစ်ဆေးပေးဖို့သာ လိုအပ်ပါတယ် ။

သားအိမ်အသားလုံးနဲ့ပတ်သတ်ပြီးဘာတွေသိထားလို့လိုအပ်သလဲ ?

၁ ။ ကိုယ်ဝန်ယူမယ်ဆိုပြီး သားအိမ်ချန် ၊ အသားလုံးချည်းသီးသန့်ထုတ်မယ်လို့ ရည်ရွယ်ထားသော်လည်း အလုံး အရွယ် အစားက ကြီးမားတယ် နောက်ပြီး အရေအတွက်လည်းများတယ် ခွဲစိတ်တဲ့အခါ အလုံးကြီးပဲသီးသန့် ထုတ်လို့ ခက်ခဲတဲ့အခါ ၊ ခွဲစိတ်နေစဉ်မှာ သွေးထွက်များ ( Massive bleeding) ရှိ၍ လူနာရဲ့အသက်ကို ကယ်တင်နိုင် ဖို့အတွက် သားအိမ်ကို ထုတ်လိုက်ရတာမျိုးလည်းကြုံတွေ့ရနိုင်ပါတယ် ။

၂ ။ ဒါကြောင့် အဲဒီအခြေအနေတွေကို ကာကွယ်ဖို့ ခွဲစိတ်မှု မပြုမီမှာ လိုအပ်ရင် သားအိမ်ပါ ထုတ်ပစ်ဖို့ သဘော တူတဲ့အကြောင်း သဘောတူညီမှု လက်မှတ် ၊ သွေးသွင်းဖို့ အနည်းဆုံး သွေး ၄ လုံး အဆင်သင့်ထားရှိဖို့လည်း လိုအပ်ပါတယ် ။

၃ ။ အလုံးတွေဟာ သားဥပြွန်တွေကို ပိတ်ဆို့နေခြင်းရှိမရှိ သားအိမ်လှိုဏ်ခေါင်းအတွင်းဘယ်လောက် ထိုးဝင်နေ သလဲ ဆိုတာကိုသိဖို့အတွက် ဆေးဓါတ်မှန်လို့ခေါ်တဲ့ Hystosalpingogram ရိုက်ပေးခြင်း ၊ သားအိမ်အတွင်း မှန်ပြောင်းကြည့်ခြင်း Hystoscopy တို့လို မျိုးကို ပြုလုပ်ဖို့လိုအပ်ပါတယ် ။

၎ ။ ခွဲစိတ်မှု မပြုခင်မှာလဲ ခင်ပွန်း သို့မဟုတ် ခင်ပွန်းလောင်းရဲ့ သုတ်ပိုး စစ်ဆေးခြင်း မှုမှန်ခြင်းရှိမ ရှိကိုလည်း စစ်ဆေးထားဖို့လိုပါတယ် ။

၅ ။ ခွဲစိတ်မှု အောင်မြင်ပြီးတဲ့အခါမှာလည်း အနည်းဆုံး ၆ လကြာမှသာလျှင် ကိုယ်ဝန်ယူဖို့ ခွင့်ပြုပါတယ် ။ သိထားဖို့ ကတော့ သားအိမ်ရဲ့အဓိကတာဝန်ဟာ ဓမ္မတာ သွေးပေါ်ဖို့နဲ့ သားသမီးမွေးဖွားဖို့ပဲဖြစ်ပါတယ် ။ လိင်မှု ကိစ္စ ၊ အမျိုးသမီးတွေရဲ့အရည်အသွေးပြောင်းလဲခြင်းအရည်အသွေးယုတ်လျော့မှု အဲဒါတွေနဲ့ ဘယ်လိုမှ မပတ်သတ် ပါဘူး ။

၆ ။ အကယ်၍ အလုံးတွေသာထုတ်ပြီး သားအိမ်ချန်ထားခဲ့ရင်တော့ နောင် ငါးနှစ်မှ ဆယ်နှစ်အတွင်း ထပ်မံမဖြစ် ပွားတော့ပါဘူးလို့ အာမခံချက် မရှိပါဘူး ။

နောက်ဆုံးပြောချင်တာကတော့ Ultrasound အကြောင်းဖြစ်ပါတယ် ။ အယူအဆ လွဲမှားနေ တာလေးတွေ ကိုပြော လိုခြင်းဖြစ်ပါတယ် ။ အမျိုးသမီးမျိုးပွားဆိုင်ရာရောဂါတွေနဲ့ ကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်းတွေမှာ အာထ ရာဆောင်း ဟာ မရှိမဖြစ်လိုမျိုး အလွန်ကို အသုံးဝင်တဲ့ အရာဖြစ်ပါတယ် ။ အာထရာဆောင်းဟာ ဓါတ်ရောင် ခြည်မဟုတ်ပဲ အဏုမြူဓါတ်နဲ့လည်းဆက်စပ်မှုမရှိပဲ အသံလှိုင်းလေးတွေကြောင့် ပဲ့တင် အရိပ်ထင် လာတဲ့ ပုံရိပ်သာဖြစ်ပါတယ် ။ ဒါကြောင့် လူနာနဲ့ သန္ဓေသားကို ဆိုးကျိုးမရှိပါဘူး ။ ကိုယ်ဝန်ရှိစ သုံးလေးပတ် ကနေစပြီး ကိုးလအချိန်ထိ သိရှိ ရှာဖွေလိုတဲ့ရောဂါတွေကို တိကျစွာ ရှာဖွေနိုင်ပါတယ် ။ အမျိုးသမီး အဂါင်္တွေဖြစ် တဲ့ သားအိမ် ၊ သားဥပြွန် ၊ မမျိုးဥ စတဲ့ အတွင်းအဂါင်္တွေမှာဖြစ်တဲ့ရောဂါတွေကိုလည်း ရှာဖွေနိုင်ပါတယ် ။ သားအိမ်နဲ့ ကပ်လျှက်ရှိတဲ့ ဆီးအိမ် ၊ အူမကြီး ၊ သားငံရေ အကျိတ်တွေနဲ့ တခြား အလုံးအဖုများ ကိုပါ တွေ့မြင်နိုင်ပါတယ် ။ ဒါကြောင့်အာထရာဆောင်းရိုက်ရင်ကလေးကိုအန္တရာယ်ဖြစ်စေတယ် ကင်ဆာတွေ ဘာတွေ နဲ့ဥာဏ်ရည်မမှီတော့ဘူးစတဲ့ အယူအဆအလွဲအမှားများကို ရှောင်ရှားသင့်ရပါမယ် ။ အမှန်ကို လည်း မသိသေးတဲ့လူတွေကို လက်ဆင့်ကမ်းပေးရင်း ကျန်းမာရေး ဗဟုသုတများဖြန့်ဝေနိုင်ကြပါစေ ။

Ref : Health Education for Reproductive Health by Prof. Myint Mg Mg
Internet

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

သင့်ကျန်းမာရေး (သားအိမ် အလုံးများ)

အမျိုးသမီး တွေရဲ့ချက်အောက်မှာ အလုံး တွေ့ရပြီး တဖြည်းဖြည်းနဲ့ အလုံးက ကြီးလာမယ်၊ ဝမ်းမသွားနိုင်၊ ဆီးမသွားနိုင် ဖြစ်မယ်၊ ဝမ်းဗိုက်ထဲ တက်လာတဲ့ အခါ သိပ်ကျပ်လွန်းလို့၊ အသက်ရှူ ကျပ်တာမျိုး၊  သားအိမ် အပြင်ဘက်ကို ထွက်လာတဲ့ အလုံးအညှာ ရှည်ထွက်ပါက အညှာနှင့် အလုံးကြီး ရှည်ရှည်လျားလျား၊ ကြီးကြီးမားမား ဖြစ်ကာ အလုံးက အဝေးမှာ ရှိပြီး အညှာလိမ် သွားလို့ နာကျင်လွန်းတဲ့အခါ အရေးပေါ် ခွဲစိတ် ရတတ်တယ်။
အလုံးက လိုဏ်ခေါင်းထဲ ရှိနေပြီး ခဏခဏ သားပျက်ကာ  သားသမီး မရနိုင်တာမျိုး၊ ပုံမှန်အားဖြင့် အမျိုးသမီး ၁ဝဝ မှာ ၉၉ ယောက်က နှစ်နှစ်၊ သုံးနှစ်အတွင်း တဖြည်းဖြည်း ကြီးလာပြီး လက်သီးဆုပ် အရွယ်လောက် အလုံး ဖြစ်လာမယ်။ အကြောင်း အမျိုးမျိုးကြောင့် ကြီးလာ၊ နာလာရင် အရေးပေါ် ခွဲစိတ် ကုသရတယ်။ အချို့အလုံးက ကိုယ်ဝန်ဆောင်တာနဲ့ ယှဉ်ပြီးဖြစ်ကာ  သန္ဓေသားကို ဒုက္ခမပေးဘဲ၊  ကလေးမွေးမှ နံရံမှာ အလုံးရှိမှန်း သိရလို့ တစ်ခါတည်း ခွဲစိတ် ကုသရတတ်တယ်။  အချို့ နံရံထဲ အလုံးကြီးလို့၊မကျုံ့နိုင်ဘဲ မွေးပြီး သွေးသွန်တတ်တယ်။ သို့မဟုတ် မမွေးခင်မှာ အလုံးကြီးက ကြီးလာပြီး ကလေး အနေအထား မမှန်ဖြစ်တတ်တယ်။ ခေါင်းအောက်ဆိုက်ရမဲ့ အစား ကန့်လန့် နေတတ်တယ်။ မွေးချိန် ကြာတတ်တယ်။ မိခင် ဘယ်လောက်ညှစ်အား ကောင်းကောင်း ကလေး မထွက်နိုင်ဘူး။
သားအိမ်ထဲ အလုံးရှိရင် ရောဂါဖြစ်၊ မဖြစ် သေချာအောင် Ultrasond ရိုက်ပြီး အနုအရင့် ခွဲခြားကာ အဆင့် သတ်မှတ်နိုင်မယ်။ ရိုးရိုးအကျိတ်လား သို့မဟုတ် ကင်ဆာအကျိတ်လား သေချာအောင် စမ်းသပ်မှုတွေ လုပ်ရတယ်။ အထူး စမ်းသပ်ချက်တွေ လိုတယ်။ အချို့ ကိုယ်ဝန် ရင့်တော့မှ အလုံးရှိမှန်း သိလို့ ကလေးမွေးရင်း တစ်ခါတည်း ဖယ်ရှား လိုက်တာမျိုး တွေ့ဖူးတယ်။  ခွဲကြောင်း မလိုချင်လျှင် အတွင်းကြည့် မှန်ပြောင်းသုံးပြီး အသားလုံး ထုတ်ယူကာ ခွဲကြောင်းကြီးကြီး မပေးဘဲ တစ်စချင်း ထုတ်ယူတာမျိုး ရှိတယ်။ ခွဲပြီး သိပ်မကြာခင် အနာကျက်တယ်။ မြန်ဆန်တယ်။
နောက်တစ်နည်းက လေဆာနည်းနဲ့ Hystosupic Myomutomy ဆိုတာ ဗိုက်ပေါ် အပေါက်လည်း မလုပ်၊ ခွဲကြောင်းလည်း မလုပ်၊ အောက်ကနေ သားအိမ် လည်တံဖြတ်ပြီး တိုက်ရိုက်ဝင်တာ၊ သားအိမ် လိုဏ်ခေါင်းထဲ အထိ တိုက်ရိုက်ဝင်ပြီး နံရံမှာရှိတဲ့ အလုံးကို အသေးလေးတွေ လုပ်ပြီး ထုတ်တာ။ နောက်တစ်ခုက ခွဲစိတ်စရာ မလိုဘဲ သွေးထောက်ပံ့နေတဲ့ သွေးကြော နှစ်ဖက်ကို ပိတ်ဆို့လိုက်ရင် သွေးကြော ဖြတ်တာနဲ့ တူသွားပြီး ကင်ဆာ အလုံးဟာ မကြီးဘဲ သေးသေးသွားပြီး ရှုံ့သွားလို့ခွဲဖို့ မလိုတော့ဘူး။
နောက်တစ်ခုက ဟော်မုန်းဓာတ် အဲဒီဆေးပေးရင် အလုံးက ကျုံ့ပြီး ဆက်မကြီးဘူး။  ခွဲပြီးလုပ်တာ မဟုတ်ဘဲ   မှန်ပြောင်းနဲ့ ခွဲစိတ်တာ ဖြစ်တယ်။ လည်တံကနေ သွင်းပြီး    အဲဒီမှန်ပြောင်းက တစ်ဆင့်   အတွင်းက အလုံးကို ထုတ်တဲ့အခါ  ခုန ဟော်မုန်းဆေး တစ်မျိုးကို မခွဲခင် ခြောက်ပတ် သို့မဟုတ် တစ်လခွဲလောက် ပေးထားတော့ သားအိမ်နံရံက အလုံးကျုံ့ပြီး ဘေးဝန်းကျင်နဲ့ သီးသန့် ဖြစ်သွားတယ်။ ထုတ်တဲ့ အခါ လွယ်ကူသွားတယ်။  ဆေးမပေး မိရင် ကြွက်သားတွေနဲ့ တွဲတာကြောင့် သွေးထွက်တာနဲ့ သွေးတိတ်အောင် လျှပ်စစ်နဲ့ ထိရတယ်။
ကင်ဆာမဖြစ်ခင်  ကြိုတင် ကာကွယ်ရေးဟာ  အကောင်းဆုံး ဖြစ်တယ်ဆိုတဲ့ စကားအတိုင်း ကင်ဆာအဖု၊ အကျိတ် ရှိ၊ မရှိ ကာယကံရှင် အဖို့ ရေချိုးနေ တုန်း စမ်းသပ် ကြည့်နိုင်သလို ကလေး မမွေးဘူးသေးသူများ အနေနဲ့ သားအိမ်ခေါင်း ကင်ဆာနဲ့ ရင်သားကင်ဆာ ရှိ၊ မရှိ စစ်ဆေးခြင်းနဲ့ အတူ သားအိမ်အတွင်း အလုံးရှိ၊ မရှိ  ကို ပုံရိပ်ဖော်စက်နဲ့ ဖတ်ကြည့်ရင်ဖြင့် ကြိုတင်သိနိုင်၊ ကာကွယ် နိုင်ပါတယ်။     ။

Thursday, August 8, 2013

နေ့ စဉ်ကယ်လိုရီ ၁၀၀ လျှော့ချနိုင်သော နည်းလမ်း ၁၀

တစ်နေ့ကို ကယ်လိုရီ ၁၀၀ လျှော့ချတာက သင့်ကို တစ်နှစ်အတွင်းမှာ ကိုယ်အလေးချိန် ၁၀ ပေါင် ကျဆင်းသွားအောင် စွမ်းဆောင် နိုင်ပါတယ်။ အခုပြောပြမယ့် နည်းလမ်းတွေထဲက တစ်ခုကို ရွေးချယ်ပြီး နေ့စဉ် လုပ်ဆောင်ကြည့်ပါ။ တစ်နေ့ကို ကယ်လိုရီ ၁၀၀ လောင်ကျွမ်းစေပါတယ်။

နည်းလမ်း (၁)
သင်စားတဲ့ အစားအစာတွေရဲ့ ပမာဏကို မှန်မှန်ကန်ကန် စားတတ်တဲ့ အလေ့အကျင့် ရှိနေဖို့က အရေးကြီးပါတယ်။ သင်စားမယ့် ပန်းကန်ကို လေးပုံပုံပြီး တစ်ပုံကိုထမင်း၊ နှစ်ပုံကို ဟင်းသီးဟင်းရွက်နဲ့ ကျန်တစ်ပုံကို သားငါးထည့်စားပါ။

နည်းလမ်း (၂)
သင် အစာစားတဲ့အခါ ဗိုက်ပြည့်သွားအောင် စားမယ့်အစား ၈၀ ရာခိုင်နှုန်းအထိပဲ ပြည့်အောင်စားပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းလောက်တော့ လျှော့စားပေးပါ။

နည်းလမ်း (၃)
သကြားမပါဘဲ အနံ့ထည့်ထားတဲ့ ပီကေကို တီဗီကြည့်ရင်း၊ အင်တာနက်သုံးရင်း ဝါးပေးပါ။ ညစာမစားခင် ပီကေဝါးပေးတာက ညစာ လျှော့စားမိစေပါတယ်။

နည်းလမ်း (၄)
စကားတပြောပြောနဲ့ ထမင်းစားတာက သင်ဗိုက်ပြည့်သွားတယ် ဆိုတာကို မသိနိုင်တော့ဘဲ အစာကို အထိန်းအကွပ်မရှိ စားမိတတ်ပါတယ်။ စားတဲ့ အစားအသောက်ကိုလည်း သင့်ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိ၊ မရှိ မရွေးချယ်မိတော့ပါဘူး။ အများစုက ဒီအချက်ကို မေ့နေတတ်ပါတယ်။ ဒါကြောင့် အစာစားချိန်မှာ စကားမပြောဘဲ သင်စားတဲ့ အစာအပေါ်မှာပဲအာရုံစိုက်ပြီး စားပေးပါ။

နည်းလမ်း (၅)

ယောဂနဲ့ ကိုယ်အလေးချိန် လျှော့ချနိုင်တာ ဘယ်လို ဆက်စပ်နေလဲ ဆိုတာကို သုတေသီတွေက လေ့လာကြည့်တဲ့အခါ ယောဂ လေ့ကျင့်သူတွေဟာ အစားအသောက် စားရာမှာလည်း သတိထားပြီး စားသောက်တဲ့အကျင့် ရသွားပြီး အစားအသောက်တွေကို အလွန်အမင်း ပြည့်အင့်တဲ့အထိ မစားမိအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မြင့်မားလာတာကြောင့်လို့ ဆိုပါတယ်။

နည်းလမ်း (၆)
ဝက်ဆားနယ်ခြောက်စားတာ၊ အသားညှပ် ဆင်းဒ်ဝှစ်စားတာတွေကို ရှောင်လိုက်ပါက သင်စားတဲ့ အစား အသောက်ထဲကနေ ကယ်လိုရီ ၁၀၀ ရရှိမှုကို လျှော့ချနိုင်ပါလိမ့်မယ်။ အသားနဲ့ချိစ် ညှပ်ထားတဲ့ ဆင်းဒ်ဝှစ် အစား အသီးအရွက် ညှပ်ထားတဲ့ ဆင်းဒ်ဝှစ်ကို စားပေးပါ။

နည်းလမ်း (၇)
ကာက်နှံတစ်ခုလုံးကို စားသုံးပေးပါက ကယ်လိုရီ အနည်းငယ်သာ ရရှိစေပြီး ကိုလက်စထရော အဆင့်ကို ကောင်းမွနစေပါတယ်။ ကောက်နှံတစ်ခုလုံးနဲ့ ပြုလုပထားတဲ့ အစားအသောက်တွေ သင့်ပတ်ဝန်းကျင်မှာ များစွာဝယ်ယူ စားသုံးနိုင်တယ် ဆိုပေမယ့် သကြားနဲ့ခရင်မ် ပါဝင်မှု များတာတွေကို မစားသင့်ပါဘူး။

နည်းလမ်း (၈)
အချိုရည်တွေ သောက်မယ့်အစားရေပဲ သောက်ပါ။ သင်ရဲ့တစ်နေ့တာထက သကြား ၁ဝ ဇွန်းစာ လျှော့ချပြီးသားဖြစ်စေပါတယ်။ ရေပဲသောက်ရတာကို မနှစ်သက်ပါက ရေထဲကို ရှောက်ရည် အနည်းငယ် ညှစ်ပြီး သောက်တာ၊ စတော်ဘယ်ရီသီး ထည့်သောက်မျိုး လုပ်ဆောင်ပါ။

နည်းလမ်း (၉)
ညစဉ်အိပ်စက်တိုင်းမှာ အိပ်ချိန်ထက် တစ်နာရီ ပိုအိပ်စက်ပေးပါက တစ်နှစ်အတွင်းမှာ ကိုယ်အလေးချိန် ၁၄ ပေါင် ကျဆင်းစေတယ်လို့ မစ်ချီကန်တက္ကသိုလ်မှ သုတေသီတွေက ပြောပါတယ်။ အိပ်စက်မှု ပိုတာက သရေစာ စားချင်စိတ်ကို လျှော့ချပေးတာကြောင့် ကယ်လိုရီ ၆ ရာခိုင်နှုန်းလောက် ကျဆင်းစေတယ်လို့ ယူဆကြပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် မတူကြဘူး ဆိုပေမယ့် အိပ်စက်ချိန်ပိုယူတာက အကျိုး သက်ရောက်မှု ရှိစေပါတယ်။

နည်းလမ်း (၁၀)
အစာစားဖို့ အချိန်မိနစ် ၂၀ ပေးပြီး ဖြည်းဖြည်းစားပါ။ ဒါဟာ ရှင်းလင်းလွယ်ကူပြီး ကိုယ်အလေးချိန် ကျဆင်းစေနိုင်တဲ့ ထိပ်တန်း နည်းလမ်းတစ်ခုပါ။ အစာကို တစ်လုတ်ချင်း၊ တစ်ကိုက်ချင်း အရသာခံစား သုံးပါက အစာစားချိန် သိသိသာသာ နှေးကွေး သွားစေပါတယ်။ အစာကို အမြန်စားသုံးပါက တင်းတိမ် သွားပြီး ဆာလောင်မှု ပြေပျောက်သွားပြီ ဆိုတဲ့ သတင်းအချက်အလက်ကို ဦးနှောက်ဆီ ပို့ဆောင် တဲ့နေရာကို ပိတ်ဆို့လိုက်တာကြောင့် အစာပိုစားမိစေပါတယ်။

credit to နှင်းဆီဖူးလေးများ
From: ထွန်းတောက်နိုင်ငံခြားဆေးနှင့်မြန်မာဆေးမျိုးစုံဆိုင်(Tun Tauk Pharmacy)

အမျိုးသမီး နှစ်ယောက်ကို Scan ပြုလုပ်၍ ကြည့်ရှု့ ခြင်း


အာက်မှာပြထားတဲ့ ပုံက အသက်အရွယ်တူ၊ အရပ်အမြင့် တူတဲ့ အမျိုးသမီး နှစ်ယောက်ရဲ့ ခန္စာကိုယ်ကို scan ဖတ်၍ နိုင်ယှဉ်ထားခြင်းဖစ်ပါတယ်။
ဘယ်ဘက်က အမျိုးသမီးရဲ့ အလေးချိန်က 113kg(250lbs) ရှိပြီး ၊ ညာဘက်က အမျိုးသမီး က 54 kg( 120 lbs) ရှိပါတယ်။ အမျိုးသမီးနှစ်ယောက် ရဲ့ ခန္စာကိုယ်ရဲ့ အဆီတွေ စုပုံနေခြင်းကို
နိုင်ယှဉ်ထားတာ ဖြစ်ပါတယ်။

ဝဖြိုးတဲ့ အမျိုးသမီးမှာ ကြီးမားတဲ့ နှလုံးနဲ့  သူမရဲ့ အဆုတ်တွေကလည်း စိုးရိမ်စရာ ကောင်းပါတယ်။

အ၀လွန်ခြင်းက ရောဂါတစ်မျိုးလို့  American Medical Association က အတိအလင်း ကြေညာထားပါတယ်။ ဒါကြောင့် လည်း ဆရာဝန် တစ်ချို့ နဲ့  ကုမဏီ တစ်ချို့ က အ၀လွန်ခြင်းကို တာဆီးဖို့ နဲ့  ကုသဖို့ အတွက်ကို ကြိုးပမ်းလာကြပါပြီ။

ဒါပေမယ့်လည်း AMA ရဲ့ ကြေညာထားချက်ကို ကန့် ကွက်မှုတွေ ရှိပါတယ်။ မြို့ ပြတွေမှာ အ၀ လွန်ခြင်းက တစ်နေ့ တစ်ခြား တိုးတက်လာပြီး၊ အ၀လွန်သူတွေ အတွက် ကုသမှုတွေကိုလည်း စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။

အ၀လွန်နေတဲ့ သူတွေဟာ ဆီးချိုရောဂါ၊ နှလုံးရောဂါ နှင့် အရိုးအဆစ်ရာဂါတွေကို လည်း ရရှိနိုင်ပါတယ်။

Kaung Zay Yan
(Discoveries Myanmar

အိပ်ချိန်မမှန်လျှင် နာတာရှည်ရောဂါအပြင် စိတ်ကျရောဂါ ဖြစ်ပွားစေနိုင်




ပုံမှန်အားဖြင့် အိပ်ချိန်မှန်မှန် မအိပ်သည့် သူများသည် နာတာရှည်ရောဂါ အပြင် စိတ်ကျရောဂါကိုပါ ဖြစ်ပွား စေနိုင်ကြောင်း ကျန်းမာရေး ဆရာဝန် တစ်ဦး၏ ပြောပြချက် အရ သိရသည်။

မကြာခဏ အိပ်ရေးပျက် ခြင်းကြောင့် အာရုံကြော ထိခိုက်မှုများနှင့် အခြားသော ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများအပြင် လူ့သက် တမ်းကိုပါ တိုစေကြောင်း၊ လူတစ်ယောက်သည် ခုနစ်နာရီအောက် အိပ်ပါက ဆာလောင် စေသော ဟော်မုန်း ဓာတ်များကို ပိုလာ စေတတ်သောကြောင့် ဝလာနိုင်ကြောင်း သိရသည်။

အိပ်ချိန် နည်းပါးမှုကြောင့် ဆီးချိုရောဂါများ ဖြစ်ပွားလာနိုင်ပြီး အမျိုး သမီးများတွင် ငါးနာရီ အောက်သာ အိပ်သောသူ ဖြစ်ပါက နှလုံးရောဂါ ဖြစ်နိုင်ခြေ ၄၅ ရာခိုင်နှုန်း ရှိကြောင်း၊ အသက်အရွယ် ကြီးရင့်သူများတွင် ရုတ်တရက် လဲကျ သေဆုံးသည်အထိ ဖြစ်ပွားစေနိုင်ကြောင်း သိရသည်။

ကလေး သူငယ်များတွင်လည်း ဂနာမငြိမ်ရောဂါ၊ လူငယ်လူရွယ်များတွင် အိပ်ရေးပျက်ခြင်းကြောင့် စိတ်ကျ ရောဂါ ဖြစ်ပွားမှု ပိုများကြောင်း၊ ယင်းအတွက် အိပ်ရေးပျက်ခံ အလုပ်လုပ်သော သူများ၊ နှစ်ခြိုက်စွာ အိပ်ပျော်မှု မရှိသူများတွင် အသက်တိုစေပြီး ကျန်းမာရေးနှင့် အညီ အိပ်စက် အနားယူသည့် အချိန်ကို ဂရုစိုက် ပေးသင့်ကြောင်း သိရသည်။ ။

စိုးမိုး - မြဝတီ
Royal Hero Media

Wednesday, August 7, 2013

ကျန်းမာရေးရာ မေးခွန်းလွှာ



မေး။ ။ ဒေါက်တာခင်ဗျ၊ ကျွန်တော်တို့ တစ်အိမ်လုံး တုပ်ကွေး မိနေပါတယ်။ ကျွန်တော်ကနေ စဖြစ် လိုက်တာ အိမ်သူရော၊ သားတွေ၊ သမီးတွေပါ အကုန်လုံးကို ကူးကုန်တာ၊ အခုတော့ တစ်မိသားစုလုံး နေ မကောင်း ဖြစ်နေကြပါပြီ။ ကျွန်တော်ကတော့ ဆေးခန်း သွားပြလိုက်လို့ အပျောက် မြန်ပေမဲ့ ကျန် မိသားစုဝင် များကတော့ အိမ်မှာပဲ ဆေး ဝယ်သောက်ကြပါတယ် ဆရာ။ ဆေး ဝယ်သောက်တာ အဖျားဒဏ် တော့ သက်သာကြပေမဲ့ နှာစေး၊ ချောင်းဆိုးကတော့ အတော် ဆိုးပါတယ် ဆရာရယ်။ တုပ်ကွေးရဲ့လက်ကျန် နှာစေး၊ ချောင်းဆိုးကို ဘယ်လို တိုက်ထုတ်ရမလဲ။ တုပ်ကွေးကို ဘယ်လို တိုက်ထုတ်ရမလဲ ဆိုတာ သိချင်လို့ပါ။

ဦးဘုန်းမြင့် (တောင်ဒဂုံ)

ဖြေ။ ။ အခုလို ရာသီမှာ ကူးစက်မြန် ဗိုင်းရပ်စ်ရောဂါ ဖြစ်တဲ့ Influenza တုပ်ကွေး အဖြစ်များပါတယ်။ တုပ်ကွေး ဖြစ်နေ တဲ့သူ နှာစေး၊ ချောင်းဆိုးမှုက တစ်ဆင့် ရောဂါ ပြန်လည်ဆင့်ပွား သွားတာပါ။ ဒါကြောင့် ခုလို ရာသီမှာ ရုပ်ရှင်ရုံ၊ ကားဂိတ်၊ Shopping Centre လို လူစည်ကားရာ အရပ်တွေကို တတ်နိုင်သလောက် ရှောင်ရပါတယ်။ မရှောင်နိုင်လို့ သွားမယ် ဆိုရင်လည်း ကိုယ်ခံ အား ကောင်းစေဖို့ ဗီတာမင်စီ ဆေးများကို မှီဝဲပါ။ တုပ်ကွေး မိလာပြီဆိုရင် ချမ်းပြီး ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ ကိုယ်လက်ကိုက်ခဲ နာကျင်ခြင်း၊ လည်ချောင်းနာခြင်း၊ နှာစေးခြင်း၊ ခြေကုန်လက်ပန်း ကျခြင်း စသဖြင့် ဖြစ်တတ်ပါတယ်။ နှလုံး၊ သွေးတိုး၊ ဆီးချို၊ အဆုတ်စတဲ့ ရောဂါ ရှိသူတွေဟာ တုပ်ကွေးဖြစ်ရင် ဆေးခန်းမှာသာ ပြသသင့် ပါတယ်။

သာမန် လူငယ်လူရွယ် ဆိုရင်တော့ -

(၁) ရက်အတန်ကြာ အနားယူပါ။ ဖျားနေစဉ် အလုပ် ဖိလုပ်ခြင်းက ဦးနှောက်စွမ်းအားကို ကျဆင်းစေ ပါတယ်။ Biogesic လိုဆေး မျိုး သောက်နိုင်ပါတယ်။

(၂) ရေ၊ ဓာတ်ဆား၊ ကြက်စွပ်ပြုတ်၊ ကြက်ပေါင်းရည် စတာတွေကို စားပေးပါ။

(၃) အကိုက်အခဲနှင့် နှာစေး၊ ချောင်းဆိုး ပျောက်ဆေးများကို ဆေးညွှန်းအတိုင်းသာ သောက်သုံးပါ။ နှာခေါင်းပိတ်ပါက ရေနွေး ပွက်ပွက် ဆူမှာ ပရုတ်ဆီထည့် ရှူနိုင်ပါတယ်။ လည်ချောင်း နာလျှင် ပျားရည်၊ သံပရာရည်ကို ရေနွေးနဲ့ဖျော် သောက်ပါ။ (ဆေးလိပ် မသောက်ပါနဲ့။ ဆေးလိပ်ငွေ့ ရှောင်ရှားပါ။) အကိုက်အ ခဲပျောက် ဆေးတွေကို နှာစေး၊ ချောင်းဆိုးပျောက် ဆေးတွေနဲ့ တွဲ မသောက် သင့်ပါ။ ဆေးချိန်များပြီး ဘေး တွေ့နိုင်ပါတယ်။ တုပ်ကွေးရဲ့ နောက်ဆက်တွဲ ချောင်းဆိုး သလိပ်ကျန်ခြင်း အတွက် Mybasin လို ငုံဆေး ထုပ်လေးတွေ ဆောင်ပါ။ ရင်ဘတ်ကို အအေးမိ မခံဘဲ နွေးနွေးထွေးထွေး ထားပါ။ သလိပ် ပိုများစေမယ့် အချိုလွန် အစားအ စာတွေ ရှောင်ပါ။ ။

ဒေါက်တာစွမ်း (ဆေး-၂) - မြဝတီ
Royal Hero Media

အိမ်သုံး ဆေးဝါးများကို နွားနို့ ကော်ဖီ အချိုရည်တို့နှင့် တွဲဖက် တိုက်ကျွေးမှု ရှောင်ကြဉ်သင့်



နေထိုင်မကောင်းသည့် ကလေး သူငယ်များနှင့် လူကြီးမိဘများကို နွားနို့၊ ကော်ဖီနှင့် အချိုရည်တို့ တွဲဖက်၍ ဆေးဝါး တိုက်ကျွေးခြင်းသည် မှားယွင်းသည့် အပြုအမူတစ်ခု ဖြစ်ကြောင်း ကျန်းမာရေး စာစဉ်တစ်ခုတွင် ဖော်ပြထားသည်ဟု ဆရာဝန် တစ်ဦးက ပြောကြားခဲ့သည်။

အိမ်သုံး ဆေးဝါးများကို ရေအေးနှင့် ရေနွေး တစ်ခုခုဖြင့်သာ တွဲဖက် တိုက်ကျွေး ရမည် ဖြစ်ကာ နွားနို့သည် တချို့သော ဆေးဝါးများနှင့် ဓာတ်ပြုနိုင်သည့် အတွက် ဆေးကို ခန္ဓာကိုယ်မှ ထိရောက်စွာ စုပ်ယူနိုင်မှု အားနည်းတတ်ပြီး ကော်ဖီတွင် ပါဝင်သော ကဖင်းဓာတ်မှာ လည်း သွေး လည်ပတ်မှုကို လှုံ့ဆော်နိုင်သော သတ္တိရှိခြင်းကြောင့် ဆေးနှင့်တွဲသောက်ပါက သွေးအတွင်း ဆေးပါဝင်မှု ပမာဏ မြင့်မားသွားစေနိုင်သည်။ လိမ္မော်ရည်ကဲ့သို့ အချိုရည် မျိုးသည်လည်း ဆေးတွင် ပါဝင်သည့် အင်ဇိုင်းဓာတ်ကို အနှောင့်အ ယှက် ဖြစ်စေနိုင်သည့် အတွက် ယင်း သောက်သုံးစရာများနှင့် တွဲဖက်၍ ဆေး မတိုက် သင့်ကြောင်း ပုဂ္ဂလိက ဆေးခန်းတစ်ခုမှ ဆရာဝန်တစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် အချို့သော ရာသီပေါ် ရောဂါများတွင်လည်း အထက်ပါ သောက်သုံးစရာ အရည်များကြောင့် ဖြစ်ပွားသည့် ရောဂါနှင့်ဆေး မမျှသော ဆေးကုသမှု မှားယွင်းနိုင်သည့် အခြေအနေများ ပေါ်ပေါက် လာနိုင်သည်။ ဥပမာ- မိုးရာသီ တွင် အများဆုံး ဖြစ်ပွား သည့် သွေးလွန်တုပ်ကွေး ရောဂါ၌ ပါဝင်သော ရောဂါ လက္ခဏာ ပြသချက်တွင် ဖျားနေသည့် ကလေးငယ်က ကော်ဖီရောင် အန်ပါက ထိုရောဂါ ဖြစ်သည်ဟု သတ်မှတ်ခြင်း ရှိသည့် အတွက် ယင်းရောဂါ မရှိသော ကလေးကို အိမ်သုံးဆေးနှင့် ကော်ဖီ တွဲတိုက်ပြီး ကလေးအန်လျှင် ကော်ဖီ ရည်များ ပြန်ပါမည် ဖြစ်သဖြင့် ဖြစ်ပွားသည့် ရောဂါ သတ်မှတ်ချက် မှားယွင်း မည်ကို ဆိုလိုခြင်း ဖြစ်သည်။

အိမ်သုံး ပဋိဇီဝ ဆေးများသည် ဗက်တီးရီးယားများကိုသာ နှိမ်နင်းရန် အသုံးပြုခြင်း ဖြစ်ပြီး အအေးမိခြင်းနှင့် တုပ်ကွေးဖြစ်ခြင်းကဲ့သို့ ဗိုင်းရပ်စ်ပိုးမွှား ကြောင့် ဖြစ်လာသော ရောဂါများကို မနှိမ်နင်းနိုင်ကြောင်း သေချာစွာ သိရှိခြင်း မရှိသည့် ပြည်သူများသည် ဆေးဆိုင်များက စပ်ပေးသော ဆေးများကို သောက်သုံးခြင်းသည် နားလည်သည့် ဆေးဝါး ကျွမ်းကျင်သူ၊ ကျန်းမာရေး ဝန်ဆောင်မှုပေးသည့် သူနာပြု ကျွမ်းကျင်များနှင့် ဆရာဝန်များ စပ်ပေးခြင်း မဟုတ်ပါက အနာနှင့်ဆေး တစ်လွဲဖြစ်ကာ ဓာတ်မတည့်ခြင်းနှင့် ဝမ်းပျက် ဝမ်းလျှောရော ဂါ ဖြစ်ပွားခြင်းများကို ကြုံနိုင်ကြောင်း သိရသည်။

မြဝတီကျန်းမာရေးကဏ္ဍ
Royal Hero Media

ဆီပူလောင်နာကို သက်သာစေနည်းများ


(၁) မင်သော်သွားတိုက်ဆေး
မည်သို့သော မင်သော်ပါဝင် သည့် သွားတိုက်ဆေးမျိုးမဆို ထိ ရောက်စေသည်။ ယင်းက ပူလောင် ကျိန်းစပ်သော ဝေဒနာကို အေးမြစေ ပြီး အနာကျက်စေခြင်း၊ အမာရွတ် ကျန်ခြင်းကို ကာကွယ်ပေးခြင်းတို့ ဖြစ်စေသည်။

(၂) ဆားနှင့် ရေခဲ
အပူလောင်နာအပေါ် ဆား တင်ခြင်းသည် ရုတ်တရက် ဘာမှ မဆိုင်သလို ထင်စေနိုင် သည်။သို့သော် ဆားကရောဂါပိုးမွှားကိုသေ စေနိုင်ပြီး အပူလောင်ခြင်းမှ နောက် ဆက်တွဲဖြစ်တတ်သော အရေပြား ရောဂါကို ကာကွယ်ပေးသည်။ အနာ ပေါ်ကို ဆားအနည်းငယ်မျှသာ ဖြူး ပြီး (၁၅)မိနစ်ခန့် ရေခဲတင်ပေးပါ။

(၃)ရှားစောင်းလက်ပတ်
အရေပြားတစ်သျှူးကို စေ့သွား စေသည်။ အကယ်၍ ရှားစောင်းလက် ပတ် အိမ်တွင်စိုက်မထားပါက ယခု အခါတွင် ရှားစောင်းနှင့် လုပ်သော ခရင်၊ gel များ ဝယ်ယူသုံးစွဲနိုင်ပြီဖြစ် သည်။ အရေပြားအတွက် အကောင်း ဆုံးတစ်လက်ဖြစ်သည်။

(၄)သခွားသီး
သခွားရည်ဖြင့် အပူလောင်နာ ကို သုတ်လိမ်းပေးပြီး သက်သာစေနိုင် သည်။

(၅)နနွင်း
အိန္ဒိယ ရိုးရာသုံးပစ္စည်းဖြစ်ပြီး နနွင်းနှစ်ကို အုံပါက အနာရွတ်မကျန် ပဲရောင်ရမ်းခြင်းသက်သာစေသည်

(၆)ပျားရည်နနွင်း
အပူလောင်နာကို အမြန်ကျက် စေခြင်း၊ နာကျဉ်မှုသက်သာစေခြင်း၊ အမာရွတ်မပေါ်စေခြင်းတို့ကို ပေး စွမ်းနိုင်သည်။

(၇)သံလွင်ဆီနှင့် လာဗင်ဒါဆီ
၎င်းသည်လည်း အပူလောင်နာ ကို အမြန်ကျက်စေပြီး အမာရွတ်ပေါ် ခြင်းကို လျော့နည်းစေသည်။ ရက် သတ္တပတ် အနည်းငယ်ကျော်မှန်မှန်လိမ်းပေးပါ။ အမဲကွက်ဒဏ်ရာကို မကြာခဏ လိမ်းပေးခြင်းဖြင့် ဖြူစင် ချောမွတ်စေသည်။

(၈)ရှာလကာရှည်
ရှာလကာရည်ကို အဝတ်တွင် စွတ်၍ အပူလောင်နာ၏ ပတ်ဝန်း ကျင်နေရာတစ်ဝိုက်ရှိြွကက်သားများ ကိုတို့လိမ်းပေးပါ။ အနာလုံးဝပျောက် သည်အထိ ထပ်ခါထပ်ခါ လိမ်းပေး ခြင်းဖြင့် ဝေဒနာသက်သာစေသည်။
အနာကို ပတ်တီးမစည်းပါနှင့် အပူလောင်နာသည် ပတ်ဝန်းကျင် လေဖြင့်ပင်အနာကို သက်သာစေ သည်။

ဒေါန
Health Updates Journal
Vol.2, No.30

Tuesday, August 6, 2013

ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း ဆံပင်ဆေးဆိုးပါက သန္ဓေသားပျက်စီးနိုင်



အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ဓာတုဗေဒဆေးများပါဝင်သော အစားအသောက်များနှင့် အသုံးအဆောင်ပစ္စည်းများ သုံးစွဲပါက သန္ဓေသားကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန်တစ်ဦးထံမှ သိရသည်။
ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း ဓာတုဗေဒပစ္စည်းများပါဝင်သော ပစ္စည်းများ မကြာခဏသုံးစွဲပါက သန္ဓေသားကို ခြေပျက်လက်ပျက်ဖြစ်စေခြင်းနှင့် သန္ဓေသား၏ မျိုးရိုးဗီဇတစ်သျှူးများ ပျက်စီးစေနိုင်ကြောင်း သိရသည်။
 ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ ဓာတုပစ္စည်းတွေပါတဲ့ အစားအသောက်၊ အသုံးအဆောင်တွေကို တတ်နိုင်သလောက် ရှောင်စေချင်တယ်။ ဖြစ်နိုင်ရင် သဘာဝပစ္စည်းတွေကိုပဲ အသုံးပြုကြပါ ကလေးမွေးပြီးရင်လည်း နို့မှုန့်တွေမှာ Chemical ပါတဲ့အတွက် သဘာဝဖြစ်တဲ့ မိခင်နို့နဲ့နွားနို့ပဲတိုက်စေချင်တယ် ” ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာသန်းထိုက်က ပြောသည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း အစားအသောက်ကိစ္စများတွင် သာမက အသုံးအဆောင်ပစ္စည်းများ အသုံးပြုရာတွင်လည်း သတိပြုရန်လိုအပ်ကြောင်း၊ ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်းဆံပင်ဆေးဆိုးခြင်းသည်လည်းသန္ဓေသားကို အန္တရာယ်ဖြစ်စေသည့်အတွက် လုံးဝမပြုလုပ်သင့်ကြောင်း ၎င်းကဆက်ပြောသည်။
ဆံပင်ဆိုးဆေးတိုင်းတွင် ဓာတုပစ္စည်းများပါဝင်နေပြီး ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း အသုံးပြုမိပါက ကိုယ်ဝန်ပျက်ကျစေခြင်း၊ သန္ဓေသားကို ထိခိုက်စေနိုင်ကြောင်း အတိအကျစမ်းသပ်ထားခြင်းများ မရှိသော်လည်း အဆိုပါဓာတုပစ္စည်းများသည်လူ၏အရေပြားမှတစ်ဆင့် သွေးကြောအတွင်းသို့စိမ့်ဝင်လာသည့်အတွက် သန္ဓေသားအား အန္တရာယ်ပေးနိုင်ကြောင်း သိရသည်။
ကိုယ်ဝန်ဆောင်စဉ်မှာ ဆံပင်ဆေးဆိုးတာက သန္ဓေသားကို ထိခိုက်စေပါတယ် ဒါကိုအမျိုးသမီးတွေက သိပ်သတိမထားကြဘူး အရမ်းဆိုးချင်နေရင်တောင် ကိုယ်ဝန် (၃)လအရွယ်မှာ လုံးဝမဆိုးမိပါစေနဲ့  ၆လကျော်ရင် ဆိုးချင်ဆိုးလို့ရပါတယ် ဒါပေမယ့် အန္တရာယ်ကင်းတယ်လို့တော့ မဟုတ်ဘူး အကြံပေးချင်တာက ကိုယ်ဝန်ဆောင်နေစဉ်မှာ လုံးဝမဆိုးတာ အကောင်းဆုံးပါပဲ ဟု ဒေါက်တာသန်းထိုက်ကဆက်ပြောသည်။
ကိုယ်ဝန်(၃)လအရွယ်သည် သန္ဓေသား၏ ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်၊ အသည်း အစရှိသည့် အဓိကအင်္ဂါအစိတ်အပိုင်းများ ဖွံ့ဖြိုးတိုးတက်ချိန်ဖြစ်ကြောင်း သိရသည်။

အစားအသောက်ကို ဆင်ခြင်စားသောက်ရမယ်လို့ သိထားပေမယ့် ဒီလို အန္တရာယ်များမယ်လို့ မထင်ထားဘူး။ ဆံပင်ဆိုးတာက ကလေးကိုထိခိုက်စေတယ်လို့ မကြားဖူးဘူး အမျိုးသမီးတိုင်းလည်း ဒါကိုသတိထားမိမှာ မဟုတ်ဘူးသိထားရင် ရှောင်သင့်တာရှောင်လို့ရတာပေါ့ ”ဟု ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးက ဆိုသည်။

နှုတ်ခမ်းနီးဆိုးခြင်းကြောင့် ဥာဏ်ရည်ဥာဏ်သွေး ထိခိုက်နိုင်


နှုတ်ခမ်းနီ အမျိုးအစားပေါင်း ၂၂ မျိုးကို မကြာခင်က ပြုလုပ်တဲ့ လေ့လာမှု အရ သူတို့ထဲမှ ၅၅ ရာခိုင်နှုန်းဟာ စိတ်ကျန်းမာရေး အခြေအနေကို ထိခိုက်စေနိုင်တဲ့ ခဲပစ္စည်းတွေ အနည်းငယ် ပါဝင်နေ တယ်လို့ သိရပါတယ်။ အဲဒီထဲမှာ နှုတ်ခမ်းနီထုတ်ကုန် ၁၂ ခုမှ နှစ်ခုရဲ့ နမူနာကို စမ်းသပ် စစ်ဆေးရာမှာ အဆိပ်သင့်စေတဲ့ ခဲပစ္စည်းဟာ ၃.၂၂ parts per million ထိ အမြင့်ဆုံးပါဝင်နေတာကို တွေ့ရှိခဲ့ တယ်လို့ Daily Mail မှာ ဖော်ပြ ထားပါတယ်။ ခဲဓာတ်ကို ပမာဏအနည်းငယ်နဲ့ ထိ တွေ့မှုရှိရင်တောင် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ပြီး စိတ် ကျန်းမာရေးအတွက် ထိခိုက်မှုရှိတယ်လို့ ဘောစတွန်မှ ခဲအဆိပ်သင့် မှုကာကွယ်ရေးအစီအစဉ် မှ ဆေးပညာဆိုင်ရာ ဒါရိုက်တာ ဒေါက်တာရှောင်က ပြောပါတယ်။
ခဲဆိပ်ပမာဏ အနည်းငယ်နဲ့ ထိတွေ့ရင်တောင် ဥာဏ်ရည်ဥာဏ်သွေး၊ အပြုအမူနဲ့ သင်ယူနိုင် စွမ်းရည်တွေ ထိခိုက်နိုင်တယ်လို့ သူကဆိုပါတယ်။ ခဲဆိပ်သင့်မှာ ကိုကြောက်ရင် နှုတ် ခမ်းနီတစ်မျိုးတည်းသာ မကပါဘူး။ ကလေးတွေ နေထိုင်ရာအရပ်ကိုလည်း ဂရုစိုက်ရပါမယ်။ အမှိုက်ပုံနားက နေရာမှာ နေတာ၊ အိမ်သုတ်ဆေးမှ အကြွင်းအကျန် အမှုန့်တွေကိုမျိုချမိတာ တွေမဖြစ်အောင် ရှောင်ကြဉ်ရပါမယ်။ နှုတ်ခမ်းနီတိုင်းမှာ တော့ ရည်ရွယ်ချက်နဲ့ ခဲကိုထည့်သွင်း ထားတာမဟုတ်ပေမယ့် အရောင်တွေ ဟာ သတ္တုဓာတ်ကို အခြေခံတာမို့ ရေ၊ လေနဲ့ မြေမှာ သဘာဝအတိုင်း ပါဝင်တဲ့ ခဲပမာဏအနည်းငယ်တော့ ပါဝင်တတ်ပါတယ်။

ဒေါက်တာခင်မိုးမိုး
Ref - Good Health

အနီရောင်ဝိုင်တွင် ပါရှိသော ဒြပ်ပေါင်း တစ်မျိုးကို အသုံးပြု၍ ထုတ်လုပ်ထားသည့် ဆေးဝါးသစ် အသက် ၁၅ဝ နှစ်အထိ နေနိုင်အောင် အထောက်အကူပေးနိုင်

အနီရောင် ဝိုင်တွင် တွေ့ရှိသော resveratrol ဒြပ်ပေါင်းတစ်မျိုးကို အသုံးပြု၍ ထုတ်လုပ် ထားသော ဆေးသစ်တစ်မျိုးသည် အိုမင်းရင့်ရော်မှုကို တိုက်ဖျက် နိုင်စွမ်းရှိ သည့်အပြင် SIRT 1 ဟုခေါ်သော ပရိုတိန်း ဓာတ်၏ စွမ်းဆောင်ရည်ကို တိုးမြှင့် နိုင်သောကြောင့် လူအများကို အသက် ၁၅ဝ နှစ်အထိ နေနိုင်အောင် အထောက်အကူပြု နိုင်ကြောင်း သုတေသန ပညာရှင် များလေ့လာမှုတွင် တွေ့ရှိခဲ့သည်။
ဆေးဝါး ထုတ်လုပ်သည့် အဖွဲ့ကြီး တစ်ဖွဲ့ဖြစ်သော GlaxoSmith- Kline အဖွဲ့သည် နှလုံးရောဂါ၊ ဆီးချို၊ ကင်ဆာရောဂါ အပါအဝင် အခြားရောဂါ ခံစား နေရသူများကို စမ်းသပ်မှုများ ပြုလုပ်လျက် ရှိသည်။
ယင်းစမ်းသပ်မှုသည် ခန္ဓာကိုယ် အတွင်းရှိ အိုမင်း ရင့်ရော်မှုကို တိုက်ဖျက် နိုင်စွမ်းရှိသော  အင်ဇိုင်းကို ပစ်မှတ် ထားလုပ် ဆောင်သွားမည် ဖြစ်ပြီး အိုမင်းရင့်ရော်မှု ကိုကာကွယ် နိုင်မှုနှင့် သက်တမ်း ကြာရှည်စွာနေ ထိုင်နိုင်မှုကို သက်သေ ပြသွားမည် ဖြစ်သည်။
ဆေးဝါး ၁၁၇ မျိုးအနက် တစ်မျိုးစီကို အသုံးပြု၍ အိုမင်း ရင့်ရော်မှုကို  တိုက်ဖျက် နိုင်စွမ်း ရှိသော အင်ဇိုင်းအပေါ် လေ့လာမှု ပြုခဲ့ကြပြီး အိုမင်း ရင့်ရော်မှုကို တိုက်ဖျက် နိုင်သည့် ဆေးဝါးအသစ်က အမျိုးအစား (၂) ဆီးချိုရောဂါ၊ အယ်လ်ဇိုင်းမား ရောဂါနှင့် ကင်ဆာ ရောဂါများကို ကာကွယ်နိုင်ကြောင်း တွေ့ရှိခဲ့သည်။
ယင်းဆေးဝါးများသည် အိုမင်း ရင့်ရော်မှုကို ကာကွယ်ကုသ ပေးနိုင်သည့် အပြင် အခြားရောဂါ ၂ဝ မျိုးကိုလည်း ကာကွယ် နိုင်ကြောင်းနှင့် ယနေ့ အသုံး ပြုနေသော ဆေးဝါးများနှင့် တူညီမှု မရှိကြောင်း ဟားဗတ် တက္ကသိုလ် အခြေစိုက် မျိုးရိုး ဗီဇဆိုင်ရာ ပါမောက္ခ ဒေးဗစ်ဆင် ကလဲယားက ပြောကြားသည်။
ကယ်လိုရီ ထိန်းချုပ်ခြင်းနှင့် လေ့ကျင့်ခန်း ပြုလုပ်ခြင်းများက SIRT 1 အင်ဇိုင်း ၏စွမ်းဆောင် ရည်ကို တိုးမြှင့် ပေးနိုင်သည့် အပြင် resveratrol ဒြပ်ပေါင်း၏ စွမ်းဆောင်ရည် ကိုလည်း တိုးမြှင့်နိုင်သည်။
resveratrol ဒြပ်ပေါင်းကို ဆယ်စုနှစ် တစ်ခုကြာ သုတေသန ပြုမှုများ ပြုလုပ်ခဲ့ သော်ငြားလည်း ယခုအချိန် အထိ သိပ္ပံပညာရပ် အပေါ် အခြေခံ၍ အငြင်းပွားမှု များရှိနေသည်။
resveratrol ဒြပ်ပေါင်းနှင့် ပတ်သက်ပြီး အငြင်းပွားမှုများ ရှိနေသော် ငြားလည်း အူမရောင်နာ၊ အဆစ်ရောင် ရောဂါ၊ အရေပြားတွင် အနီပိမ့်များ ထသော ရောဂါကဲ့ သို့သော ရောင်ရမ်း စေသော ရောဂါများ၊ အိပ်မပျော်သော ရောဂါ၊ ကြွက်သားအား နည်းမှုရောဂါ၊ အရိုးပွခြင်း၊ မျက်စိတိမ် ဖြစ်ခြင်း၊ အသည်းအဆီဖုံး ရောဂါ၊ အယ်လ်ဇိုင်းမားနှင့် ပါကင်ဆန်ရောဂါ၊ အမျိုးအစား (၂) ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ နှ လုံးသွေး ကြောရောဂါနှင့် ကင်ဆာ ရောဂါများ အပေါ် ယင်းဒြပ်ပေါင်းကို အသုံးပြု၍ စမ်းသပ်မှု များပြုလုပ်ခဲ့ရာ အလားအလာ ရှိသော ရလဒ်များရရှိခဲ့သည်။

မြေပဲ လက်တစ်ဆုပ် စားခြင်းက ဝမ်းဗိုက် အဆီကျစေ

နေ့စဉ် မြေပဲ လက်တစ်ဆုပ် စားခြင်းက ဆာလောင်မှု မဖြစ်အောင် တားဆီး နိုင်ပြီး ဝမ်းဗိုက်မှ အဆီများ ချပေးရန် အထောက်အကူ ပြုကြောင်း ပညာရှင် များက နိုဝင်ဘာလ ၃ ရက်နေ့တွင် ပြောကြား လိုက်သည်။
ယခု တွေ့ရှိချက်သည် မြေပဲစားခြင်းနှင့် ဆီရိုတိုနင် ဟော်မုန်း မြင့်မားခြင်းတို့ အကြားရှိ ဆက်နွှယ်ချက်ကို ပထမဆုံး အကြိမ်အဖြစ် ဖော်ထုတ် နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ ဆီရိုတိုနင်သည် အစာစားလိုစိတ်ကို လျှော့ချ ပေးနိုင်ပြီး ပျော်ရွှင်မှု ခံစားချက်ကို မြှင့်တင် ပေးကာ နှလုံး ကျန်းမာရေးကိုလည်း တိုးတက်စေကြောင်း တွေ့ရှိခဲ့သည်။ စပိန်နိုင်ငံ ဘာစီလိုနာ တက္ကသိုလ်မှ သုတေသန ပညာများသည် အပေါ်ယံ အလွှာ မနွှာထားသော သစ်ကြားသီး၊ ဗာဒံစေ့နှင့် ဟေဇယ်သီး အစေ့ တို့သည်လည်း အလားတူ ကျန်းမာရေး အတွက် ကောင်းမွန်သော အာနိသင်များ ရှိသည်ဟု ဆိုသည်။
Credit ►နှင်းဆီဖူးလေးများ-Love BUDS.