Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 16, 2015

မြောက်ကိုရီးယား စပိုင်မယ် ကင်ယွန်ဟေး၏ ဘဝဇာတ်ကြောင်း (အပိုင်း ၃)

December 16, 2015 ·
မြောက်ကိုရီးယား စပိုင်မယ် ကင်ယွန်ဟေး၏ ဘဝဇာတ်ကြောင်း

အပိုင်း ၃

ရှည်ကြာလွန်းသည့် စစ်ဆေးမှု ကာလတလျှောက်တွင် ကျွန်မမျှော်လင့်ချက်မှာ သေဆုံးရန်သာဖြစ်သည်။ သေဆုံးသွားသည့်အခါ ကျွန်မ၏ စိတ်ဒုက္ခမှန်သမျှ ချူ ပ်ငြိမ်းသွားပေလိမ့်မည်။ သေခြင်းကို ကျွန်မ တကြိမ်ကွေ့ရှောင်ခဲ့သည်။ ဘာရိန်းလေဆိပ်တွင် ကျွန်မနှင့်အတူ ဆရာသမား ကင်ဆုံအီ သည် ဆိုက်ယာနိုက် အဆိပ်တောင့်ကို တချိန်တည်း ကိုက်ခဲ့သည်။ သူက ချက်ချင်းသေဆုံးသွားခဲ့ပြီး ကျွန်မသာ မသေပဲကျန်ခဲ့သည်။ သေရွာပြန်ကျွန်မကို ဆေးကုသပေးခဲ့သည်။ ထိုကာလအတွင်း ကျွန်မ၏ ပြစ်မှုအတွက် စိတ်ဖိစီးမှုကို လပေါင်းများစွာ ခံစားခဲ့ရသည်။ အသက်ငယ်သော ကျွန်မအဖို့ အသက်ပိုရှည်ပြီး ပိုမိုဒုက္ခခံစားစေသည်ဟု ဆိုရမည်လော။

ကျွန်မအား မတ်တပ်ရပ်ရန် တရာသူကြီးက အမိန့်ပေးသည်ကို ကြားလိုက်ရသည်။ ပြစ်ဒဏ်ချမှတ် ပေတော့မည်။ စီရင်ချက် မချမှီ တစုံတရာ ပြောစရာ ရှိပါသလားဟု တရာသူကြီးက မေးသည်။ စိတ်ကို တည်ငြိမ်အောင် အတန်ကြာ ကြိုးစားရသည်။ ရိုးတိုးယိုင်တိုင် မတ်တပ်ရပ်ပြီး

"ကျွန်မရဲ့ ပြစ်မှုဟာ ဘယ်လောက်ကြီးတယ်ဆိုတာ ကျွန်မအခု သိပါပြီ။ ကျွန်မအမှန်ကို သိခွင့်ရသလို အမှန်ကိုလဲ ပြောခွင့်ရခဲ့ပါပြီ။ ကျွန်မ ကင်ဆွန်အီကို ခါးခါးသီးသီး မုန်းပါတယ်။ ရောက်လာတဲ့ မိသားစုဝင်တွေကို ကျွန်မ ဘယ်လိုပဲ တောင်းပန် တောင်းပန် သူတို့ရဲ့ ပရိဝေဒမီးက ငြိမ်းမှာ မဟုတ်ပါဘူး"

ကျွန်မသည် သေဒဏ်နှင့် ထိုက်တန်သူဖြစ်သည်။ သေဆုံးမည့်ရက်ကို စောင့်စားနေခဲ့သည်မှာ လပေါင်း အတန်ကြာခဲ့ပြီ။ အသက်ရှင်နေရခြင်းသည် သေရခြင်းထက် ပိုဆိုးရွားသည်။ လည်ချောင်းထဲမှ စကားလုံးများ ထွက်မလာပဲ ဖြစ်နေသည်။ မသိစိတ်က တခုခုပြောရန် တိုက်တွန်းနေသော်လည်း ဘာပြောရမှန်း မသိပေ ။ ကျွန်မ တိတ်ဆိတ်နေသည့်အတွက် ပြောစရာကုန်ပြီဟု ယူဆသဖြင့် တရားသူကြီးက
" ကင်အီဆွန်းနှင့် သားဖြစ်သူ ကင်ဂျူံးအီလ်၏ ညွှန်ကြားချက်အရ ကိုးရီးယားလေကြောင်း ပျံသန်းအမှတ်စဉ် ၈၅၈ ကို ဖောက်ခွဲဖျက်ဆီးခဲ့သည့် အတွက် လူပေါင်း ၁၁၅ ဦးကို သေဆုံးစေခဲ့သည်။ ယင်းကဲ့သို့ ကြီးလေးသော ပြစ်မှုကို ဟန့်တားပိတ်ပင်ကြောင်း ပြသရန် အလို့ငှာ တရားရုံးက အကြီးလေးဆုံး ပြစ်ဒဏ်ကို ပေးရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သေဒဏ်ပေးလိုက်သည်"

ပရိတ်သတ်၏ သြဘာသံသည် မိုးထိလျှံသွားသည်ဟု ထင်ရသည်။ ကျွန်မမျှော်လင့်ထားသော ပြစ်ဒဏ်ဖြစ်သဖြင့် ရင်ထဲပေါ့သွားသည်။ အဖေ အမေ ညီမလေး ယွန်အုတ် မောင်လေး ဘန်ဆူး နှုတ်ဆက်ခဲ့ပါတယ်။ အမေ သမီးသွားရတော့မယ်လို့ စိတ်ထဲက ရေရွတ်လိုက်သည်။

ကျွန်မကို တရားရုံးအပြင်ကို ခေါ်ထုတ်သွားသည်။ တုန်လှုပ်နေသဖြင့် ကျွန်မအား အော်ဟစ် ဆဲဆိုသံတို့ကို ကောင်းကောင်းမကြားရချေ ။ ထောင်ကားပေါ်တွင် လိုက်ပါစဉ် မြောက်ကိုရီးယားတွင် ကျန်ရစ်သော မိသားစုများကို နောက်ဆုံးအကြိမ် တွေ့ဆုံလိုသော ဆန္ဒက ပြင်းပြစွာ ဖြစ်ပေါ်လာသည်။ သူတို့အပေါ် မြောက်ကိုရီးယား အစိုးရက ရက်ရက်စက်စက် ပြုမှုမည်ကို တွေးမိလာသည်။ တဖြည်းဖြည်းနှင့် ငယ်စဉ် ဘဝကို စဉ်းစားမိလာသည်။

၁၉၆၂ ခုနစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကျွန်မကို ဂေဆောင်းရှိ အမေ့ဘက်မှ အဘိုးအဘွားအိမ်တွင် မွေးဖွားခဲ့ပါသည်။ အဖေမှာ အဝေးသို့ ရောက်နေသဖြင့် အဘိုးအဘွားတို့ကသာ ကျွန်မကို ကျွေးမွေး စောင့်ရှောက်ခဲ့ပါတယ်။ ကျွန်မသည် ပထမဆုံး ကလေးဖြစ်သဖြင့် မိဘများနှင့်တကွ အဘိုးအဘွားတို့ကပါ ယောကျာ်းလေးဖြစ်စေချင် ကြသည်။ သို့သော်လည်း မိန်းကလေးဖြစ်နေသဖြင့် အားလုံး စိတ်ပျက်သွားသည်။ သူတို့ စိတ်ပျက်မှုသည် ရက်အနည်းငယ်အကြာတွင် ကွယ်ပျောက်သွားပြီး ကျွန်မအား ဂရုတစိုက်ဖြင့် ပိုးမွေးသလို မွေးကြသည်။

အဖေသည် နိုင်ငံခြားရေးဋ္ဌာနတွင် အလုပ်လုပ်ကိုင်ပြီး သူ့အလုပ်နှင့် ပတ်သတ်၍ များများစားစား မသိရ။ နိုင်ငံခြားတွင် တာဝန်ထမ်းဆောင်ပြီး ပြန်လာသောအခါ အဖေသည် ကျွန်မအားတွေ့တွေ့ချင်း တယုတယပွေ့ချီခဲ့သည်ဟု အမေက ပြန်ပြောပြသည်။ အဖေသည် ကျွန်မအား အမြဲကြင်နာသည်။ ဂရုစိုက်ပြီး အချစ်လျော့သွားသည်လည်း မရှိခဲ့ပါ။ နောက်ဆုံးအကြိမ် တွေ့ခဲ့သည့် ၄နှစ်အထိ အဖေသည် ကျွန်မအား ကြင်နာဆဲ ယုယပွေ့ဖက်ဆဲ။

တောင်ကိုးရီးယား၏ အဆင့်အတန်းနှင့် နှိုင်းစာလျှင် ကျွန်မတို့သည် လူလတ်တန်းစားဟု မဆိုနိုင်။ သို့သော် မြောက်ကိုးရီးယားစံအရဆိုလျှင် ကျွန်မတို့သည် အခွင့်ထူးခံ လူတန်းစားတွင် ပါဝင်သည်။ အိမ်တွင် ဆီပုလင်းထားနိုင်ခြင်း နှင့် ကြော်လှော်စားနိုင်ခြင်းက မြောက်ကိုရီးယားတွင် ဂုဏ်ဒြပ်တခု ဖြစ်သည်။ တောင်ကိုရီးယားတွင် ဆီပုလင်း အိမ်တိုင်းရှိသည်ကို မကြာသေးမီက ကျွန်မသိရသည်။

ဆက်ရန်
Swam Htet‎မှတ်စုကြမ်း
ကိုးကား
မြောက်ကိုရီးယား စပိုင်ဧကရီ
ကင်ယွန်ဟေး
WikiPedia

No comments:

Post a Comment