Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 28, 2016

မြောက်ကိုရီးယား စပိုင်မယ် ကင်ယွန်ဟေး၏ ဘဝဇာတ်ကြောင်း(အပိုင်း ၃၁)

အပိုင်း ၃၁
ကျွန်မ ရှုံးသွားပြီကို သိလိုက်ရသည်။ ဘာရိန်းတွင် ၁၄ ရက် အစစ်ဆေးခံရသည်။ ဆိုးလ်တွင် ၈ ရက် အစစ်ဆေးခံရသည်။ ဆိုးလ်တွင် စစ်ဆေးမှုသည် အသေးစိတ်ပိုကျသည်။ ပိုမိုစနစ်ကျသည်။ ခေါင်းဆောင်ကြီးကို သစ္စာရှိစွာဖြင့် ကျွန်မ အစွမ်းကုန်ကြိုးစားကာ လိမ်လည်သော်လည်း အရာမထင်တော့။ ကျွန်မ မိသားစု ဘေးမသီရန်မခ စေရန် လိမ်လည်နေရခြင်းလည်း ဖြစ်သည်။
အရာရာသည် ဆုံးခန်းတိုင်သွားခဲ့ပြီ။ ကျွန်မတွင် နည်းလမ်းကုန်သွားပြီ။ တောင်ကိုရီးယားသည် ကျွန်မအား အနိုင်ယူသွားခဲ့ပြီ။ ကျွန်မ မျှော်လင့်ထားခဲ့သလို သူတို့သည် အကြမ်းဖက်သောနည်းကို မသုံးခဲ့။ ကျိုးကြောင်း ခိုင်လုံသော စိတ်ရှည်သည်းခံမှုဖြင့် ကျွန်မအား အနိုင်ယူသွားသည်။
ကျွန်မ ဝန်မခံမီကပင် မြောက်ကိုရီးယားစပိုင် ဖြစ်ကြောင်း သူတို့က သိရှိပြီး ဖြစ်သည်။ လေယာဉ်ဗုံးခွဲမှုတွင် ကျွန်မ တာဝန်ရှိသည်ကိုလည်း သူတို့သိပြီး ဖြစ်သည်။ မြောက်ကိုရီးယားတွင် ရှိနေသည့် ကျွန်မ၏ မိသားစု ဒုက္ခမရောက်စေရန် တောင်ခံနေခြင်း ဖြစ်သည်။ ကျွန်မ ထုတ်ဖော်ဝန်ခံလိုက်သည် ဆိုပါက မိသားစုသည် ပြန်လမ်းမရှိသော အလုပ်ကြမ်းစခန်းသို့ ပို့ခံရမည်။
ကျွန်မ တောင့်ခံထားသည့် နောက်ဆုံးခံတပ်သည် ဆိုးလ်မြို့ကြောင့် ပြိုကျသွားသည်ဟု ဆိုရမည်။ အကြင်နာမဲ့သော အရင်းရှင်အစိုးရကြောင့် ချွတ်ခြုံကျနေသော တိုင်းပြည်ဟု ကျွန်မ ဝါဒမှိုင်း တိုက်ခံခဲ့ရသည်။ ကျွန်မ ဆိုးလ်မြို့သို့ ဆိုက်ရောက်စဉ်ကလည်း ထိုသို့ပင် အမှန်တကယ် ယုံကြည်နေခဲ့သည်။
ဆိုးလ်မြို့သို့ ရောက်ပြီး မကြာမီ ကျွန်မအား အသစ်တဖန် ပြန်လည်မွေးဖွားလာသည်။ ငယ်စဉ် ကလေးဘဝကတည်းက ကင်အီဆွန်း၏ သစ္စာခံ ကျေးကျွန်အဖြစ် ကြီးပြင်းလာရသော ကျွနိမဘဝသည် ဘာရိန်းတွင် ကျန်ခဲ့ပြီ။ ဖြည်းညင်းညင်သာသော ထိုအပြောင်းအလဲကို မွေးဖွားပေးလိုက်သူမှာ ဆိုးလ်မြို့ပင် ဖြစ်သည်။
ကျွန်မ ထုတ်ဖော်ဝန်ခံမှု မပြုမီ တရက်အလိုတွင် တာဝန်ခံအေးဂျင့်က စစ်မေးခြင်းကို ခေတ္တရပ်နားပြီး မြို့ထဲသို့ လျှောက်လည်ကြမည် ဖြစ်ကြောင်း ပြောလာသည်။
ကျွန်မ ဝတ်ဆင်ရန် အနက်ရောင် ဝတ်စုံတစ်စုံ ပေးသည်။ ဝတ်စုံအသစ်ဖြင့် ကျောင်းတက်ရတော့မည့် ကလေးငယ်ကဲ့သို့ ကျွန်မ ခံစားမိသည်။ ကျွန်မကဲ့သို့ ရာဇဝတ်ကောင်ကို မည်သည့်အတွက် အထူးအခွင့်အရေးပေးနေသနည်းဟု သိချင်မိသည်။
ကားသည် စစ်ကြောရေးစခန်းမှ ထွက်ပြီး ဆင်ခြေလျှောတစ်ခုတိုင်း လိုက်သွားသည်။ သစ်ပင် နှမ်းဖက်ကျောက်ဆောင် မြေသား နီစွေးစွေးတို့မှာ မြောက်ကိုရီးယားမှာကဲ့သို့ပင် နေသားတကျရှိသည်။ တောင်ကုန်းထိပ်သို့ ရောက်သောအခါ မျက်စိတဆုံး ဆိုးလ်မြို့ကို မြင်ရသည်။ ကျွန်မ သိထားခဲ့သော အလိမ်အညာတို့ဖြင့် ဖုံးကွယ်ထားသည့် တောင်ကိုရီးယားသည် တစ်စတစ်စနှင့် အရေခွံ ကွာကျလာသည်။
မျှော်လေတိုင်း မော်တော်ကားများကို တွေ့ရသည်။ ဥရောပတစ်ခွင်တွင် တွေ့ခဲ့ရသော ကားများသည် ဆိုးလ်မြို့လောက် မများ။ လမ်းမကျယ်ကြီးများတွင် ကားများ အရှိန်နှင့်ပြေးနေကြသည်။ ယာဉ်မောင်းသူများသည် နိုင်ငံခြားသားများ မဟုတ်ဘဲ ကိုးရီးယားလူမျိုးများဖြစ်သည်ကို ကျွန်မ ရင်သပ်ရှုမောတွေ့ရသည်။
မမျှော်လင့်ထားသည်များကို တွေ့လိုက်ရသည့် အတွက် ကျွန်မ ဘာပြောရမှန်း မသိတော့။ အချိန် အတော်ကြာမှ "မယုံနိုင်စရာပဲ" ဟု ကျွန်မနှုတ်မှ တိုးတိုးလေး ထွက်သွားသည်။
အနားတွင် ထိုင်နေသော အေးဂျင့်က ကားများကို ညွှန်ပြလျက် "ကားအများစုက ကိုးရီးယားမှာ လုပ်တဲ့ ကားတွေပဲ။ မိသားစုအများစုမှာ ကားပိုင် ရှိကြတယ်။ သူတောင်းစားတောင်မှ ကားနဲ့ လာတာလို့ ပြောကြတယ်။ ကားတွေများတော့ လမ်းတွေကျပ်တယ်။ ရပ်စရာနေရာ မရှိဘူး။ အဲ့ဒါတွေက ပြဿ နာတွေပဲ။"
မည်သည့်အရာမဆို အလျှံအပယ်ဖြစ်လာသည့် အခါ ပြဿ နာဖြစ်လာသည်မှာ သဘာဝဖြစ်သည်။ ထို့အတူ ရှားပါပြတ်လပ်သည့် အခါတွင်လည်း
ပြဿ နာရှိတတ်စမြဲ ဖြစ်သည်။
မြောက်ကိုရီးယားတွင် ပါတီထိပ်တန်း အရာရှိများနှင့် ဝန်ကြီးများသာ ကားစီးရသည်။ ထိုကားများ ဖြတ်သွားသည့်အခါ ကျောင်းသားလေးများက ဦးညွှတ်အရိုအသေ ပေးရသည်။ လူငယ်တိုင်းက ယာဉ်မောင်း ဖြစ်ချင်ကြသည်။ အမျိုးသမီးများ ယာဉ်မောင်းဖြစ်ရန် စိတ်ကူး၍ပင် မရ။ အများဆုံး ဖြစ်နိုင်သည်မှာ ခရီးသည်တင် ဘက်စ်စကား မောင်းရန်သာ ဖြစ်သည်။ တောင်ကိုရီးယားတွင် အမျိုးသမီးအများစု ကားမောင်းနေသည်ကို တွေ့ရသည်။ မြင်မြင်သမျှ အံ့သြဖွယ်ရာချည်း ဖြစ်နေသဖြင့် ကျွန်မသည် ကားပြတင်းမှန်တွင် မျက်နှာအပ်ကာ ငေးမောနေမိသည်။
ဆိုးလ်မြို့အတွင်း တောင်ဘက်မုခ်ဦးဝမှဝင်ကာ မြို့တော်ခန်းမ လွှတ်တော်အဆောက်အအုံ အိုလံပစ်အားကစားရွာ ကုန်သွယ်ရေးဗဟိုဋ္ဌာန တို့ကို ဖြတ်သန်းမောင်းနှင်သည်။ လူတိုင်း လွတ်လပ်ပျှော်ရွှင်စွာ သွားလာလှုပ်ရှား နေကြသည်။
ကျွန်မ စိတ်ဝင်စားဆုံးမှာ လမ်းဘေးဈေးသည်များ ဖြစ်သည်။ လမ်းဆုံလမ်းခွတိုင်းလိုတွင် သူတို့ကို တွေ့ရသည်။ လမ်းဘေးဈေးသည်များသည် တောင်ကိုးရီးယားတွင် စုတ်ပြတ်နေသော အနိမ့်ဆုံးလူတန်းစားဖြစ်သည်ဟု မြောက်ကိုရီးယားတွင် ရှိစဉ်က ကြားခဲ့ရသည်။ သူတို့ရောင်းချသော ပစ္စည်းများသည် ထိပ်တန်း အကောင်းစားများ မဟုတ်သော်လည်း အတော်အသင့် ကောင်းမွန်သော လက်ပတ်နာရီ အရည်အသွေးကောင်းသော စက်ကရိယာ သင်တင့်သော အဝတ်အထည်နှင့် ရှူးဖိနပ်တို့ ဖြစ်ကြသည်။ မြောက်ကိုရီးယားနိုင်ငံတွင် လက်ပတ်နာရီတစ်လုံး၏ တန်ဖိုးသည် မိသားစု တစ်စုအား လေးငါးခြောက်လ ကျွေးမွေးနိုင်သော ငွေပမာဏ ဖြစ်သည်။ လမ်းဘေးဈေးသည်များ၏ ဝင်ငွေ အတော်အသင့်ကောင်းသောသူများ ဖြစ်သဖြင့် ဆင်းရဲသားများဟု မဆိုနိုင်။
ညဘက်တွင် ကျွန်မတို့ နမ်ဆန်တောင်ပေါ်သို့ တက်ကြည့်ကြသည်။ မီးရောင်စုံတို့ဖြင့် လှပနေသော ဆိုးလ်မြို့ကို မျက်စိတစ်ဆုံး မြင်ရသည်။ ဆိုးလ်မြို့ကို လျှောက်ကြည့်ရန် သဘောတူမိခြင်းသည် ကျွန်မလုပ်ခဲ့သည့် နောက်ဆုံးအမှားဖြစ်သလို ဝါဒမှိုင်းအောက်မှ လွတ်မြောက်သွားခြင်း ဖြစ်သည်။ အေးဂျင့်များ ကလည်း ကျွန်မ ယခုလို ဖြစ်လာလိမ့်မည်ဟု မှန်းဆခဲ့ပုံရသည်။
ဝါဒမှိုင်းတိုက်ခဲ့သော ကင်အီဆွန်းကို ရွံ့ရှာ မုန်းတီးသွားသည်။ ထိုမုသားများဖြင့် အာဏာရှင် စနစ်ကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်ကို နားလည်သွားသည်။
နောက်တစ်နေ့ နံနက်တွင် စစ်ကြောရေးစားပွဲတွင် ကျွန်မ ထိုင်ရပြန်သည်။ စစ်မေးသူမှာ ကျွန်မအား လွန်ခဲ့သော နှစ်ရက်က သြဝါဒခြွေခဲ့သူ ဖြစ်သည်။
"မနေ့က လျှောက်လည်တာ ဘယ်လိုနေလဲ" ဟု သူက ယဉ်ကျေးစွာမေးသည်။
ကျွန်မဘာပြောရမှန်းမသိ ဖြစ်နေသည်ကို သူက ပြုံးလျက်
"မင်း ဘာတွေ လိမ်ပြောခဲ့သလဲ ဆိုတာကို တစ်ခုချင်း ထောက်ပြမယ်။ သေချာနားထောင်နော် အမှန်တစ်ခုတည်းပဲ ရှိတယ်။ အဲ့အမှန်ကို ငါတို့ သိပြီးသားပဲ"
သူက ခဏရပ်ကာ ဆေးလိပ်ကို မီးညှိသည်။
"မင်းဟာ တရုတ်မဟုတ်တာ သေချာတယ်။ မင်း ဝူချန်မြို့မှာ ၁၅ နှစ်နေခဲ့တယ်လို့ ထွက်ဆိုတယ်။ တရုတ်ပြည်မှာ ဝူချန်မြို့ဆိုတာ မရှိဘူး။ ဝူချန်စန့် ဆိုတဲ့ ခရိုင်ပဲရှိတယ်။ မင်းပြောတဲ့တိုင်း မင်းဟာ တရုတ်ပြည် မြောက်ပိုင်းမှာ ၁၅ နှစ်နေခဲ့တယ် ပြောပေမယ့် မြောက်ပိုင်းစကား အသုံးအနှုန်းတွေ မင်းမသိဘူး။ မင်းရဲ့ ထွက်ဆိုချက်မှာ မကြာခဏ ပြောတဲ့ တန်စု(အရွယ်ရောက်ခြင်း) ဆိုတဲ့ စကားလုံးဟာ တရုတ်တောင်ပိုင်းမှာပဲ သုံးတဲ့ ဝေါဟာရဖြစ်တယ်။ ပြောင်းစေ့ဆန်ပြုတ်ကို မင်းက ဝေမီ လို့ပြောတယ်။ အဲ့ဒါလည်း တောင်ပိုင်း အသုံးနှုန်းပဲ။ မြောက်ပိုင်းမှာတော့ ပေါင်းမီ (苞米) လို့ ခေါ်တယ်။ အဲ့ဒီ ဝေါဟာရကို မင်းတစ်ခါတောင် မသုံးဘူး"
"မင်းဟာ လမ်းပေါ်မှာ လေလွင့်နေတဲ့ မိဘမဲ့ မင်းအမြဲစားတာက ဟိုပန်ပေါင်မုန့် လို့ပြောတယ်။ ဟိုပန် ပေါင်မုန့်ဆိုတာ သူဋ္ဌေးတွေပဲ စားနိုင်တဲ့ ပေါင်မုန့်ဖြစ်တယ်။ မင်းရဲ့ အဖွားဟာ ဝူချန် လမ်းမတွေပေါ်မှာ သတင်းစားနဲ့ ပေါက်စီရောင်းတယ် ပြောတယ်။ မင်းမသိတာက ဝူချန်စန့်ခရိုင် လမ်းမမှာ သတင်းစားရောင်းတာ မရှိဘူးဆိုတာပဲ။" ကျွန်မ ဆင်ခြင်သုံးသပ်ခွင့် ရစေရန် သူက ခဏရပ်နားလိုက်သည်။
"တခြားရှေ့နောက် မညီတာတွေ အဓိပ္ပါယ်မရှိတာ အများကြီးကျန်သေးတယ်။ သေချာတာကတော့ မင်းဟာ တရုတ်လူမျိုး မဟုတ်ဘူး"
နောက်ဆေးလိပ်ကို မီးညှိသည်။ သူ့အကြည့်က ကျွန်မဆီမှ လုံးဝမခွာ။
"မင်းဟာ ဂျပန်မှာ မစ္စတာရှင်နီချီ (ကင်ဆုံအီ) နဲ့ တစ်နှစ်လောက်နေခဲ့ဖူးတယ်လို့ ထွက်ဆိုထားတယ်။ မင်း ထမင်းပွဲမှာ ငါတို့က ကျောက်ပွင့်ခြောက် ထည့်ပေးထားတော့ မင်းက စက္ကူ မီးရှို့ထားတာလားလို့ သရော်တယ်။ ကျောက်ပွင့်ခြောက်ဟာ ဂျပန်လူမျိုးတို့ရဲ့ စားမြိန်စာပဲ။ ဒါကို မင်းမသိဘူး။"
"မင်းပုံဆွဲပြတဲ့ ရှင်နီချီအိမ် နဲ့ လမ်းမပုံစံတွေဟာ ဂျပန်ပြည်မှာ မရှိဘူး။ အိမ်ပုံစံကလည်း ဂျပန်အိမ် မဟုတ်သလို လမ်းတွေကလည်း ဂျပန်ပုံစံ မဟုတ်ဘူး။ မင်း TV ကြည့်တယ်ပြောတယ်။ TV က ဘာအမျိုးအစားလဲ မေးတော့ ဂျင်ဒါရေးလ် လို့ ပြောတယ်။ အဲ့ဒီ TV အမျိုးအစားက မြောက်ကိုရီးယားမှာလုပ်တဲ့ အမျိုးအစားပဲ။ မင်းပြောတဲ့ မင်းဂျပန်မှာ ရှိနေတဲ့အချိန်မှာ ဆိုးလ်မှာကျင်းပနေတဲ့ အာရှအိုလံပစ်ကို ရုပ်မြင်သံကြားမှာ တိုက်ရိုက်ထုတ်လွှင့်နေတယ် ပြောတယ်။ ဒါပေမယ့် အာရှအိုလံပစ်မှာ ဘယ်သူ ရွှေတံဆိပ်အများဆုံးရသလဲဆိုတာ မင်းမသိဘူး"
"ဂျပန် Taxi တွေရဲ့ ထိုင်ခုံတွေကို မင်းဆွဲပြတာလည်း မှားနေတယ်။ ဂျပန် Taxi တွေမှာ ယာဉ်မောင်းရဲ့ ထိုင်ခုံက ညာဘက်မှာ ရှိတယ်။ မင်းဆွဲပြတဲ့ ပုံမှာ ထိုင်ခုံက ဘယ်ဘက်လို့ ပြထားတယ်။ မင်းပြောတဲ့အတိုင်း မင်းဟာ ဂျပန်မှာ နိုဝင်ဘာလတုန်းက ရှိနေခဲ့မယ်ဆိုရင် ဂျပန်ဝန်ကြီးချူ ပ် အပြောင်းအလဲ ဖြစ်သွားတာကို သိရမယ်။ ဂျပန်ဝန်ကြီးချူ ပ် ဘယ်သူလဲလို့ မေးတော့ မင်းက နာကာဆိုနေလို့ ပြောတယ်။ အမှန်က တာကီရှီတာ ဖြစ်တယ်"
"ဒါက အနည်းအကျဉ်းပဲ။ တခြားအချက်တွေ အများကြီးရှိသေးတယ်။ မင်း ဂျပန်မှာ နေခဲ့တယ် ဆိုတာ မဟုတ်ဘူး"
ကျွန်မ ပြောစရာစကားမရှိတော့။ သို့သော်သူက အလျှော့မပေးသေး။
"မင်းရောက်လာကတည်းက မင်းရဲ့ လှုပ်ရှားမှု မှန်သမျှကို တို့စောင့်ကြည့်နေခဲ့တယ်။ မင်း အိပ်ရာသိမ်းပုံ စောင်ခေါက်ပုံဟာ နှစ်ပေါင်းများစွာ စနစ်တကျ လေ့ကျင့်ထားတဲ့ စစ်သား တစ်ယောက် ပုံစံတိုင်းပဲ။ မင်းက ကိုးရီးယားစကား နားမလည်ဘူး ပြောတယ်။ မင်းရဲ့အကျင့်အတိုင်း စားပွဲကို လက်ချောင်းနဲ့ ခေါက်နေတယ်။ "လက်ချောင်းတွေ ဂဏာမငြိမ်တာ ကြောက်နေလို့" လို့ ငါတို့အချင်းချင်း ကိုးရီးယားဘာသာနဲ့ ပြောလိုက်တဲ့အခါ စားပွဲခေါက်နေတာ မင်းရပ်လိုက်တယ်။ ငါတို့အချင်းချင်း ပြက်လုံးတွေ ပြောနေခဲ့အခါလည်း မင်းဟာ အိမ်သာထဲ ပြေးဝင်သွားပြီး ရယ်နေတာ ငါတို့သိတယ်"
"မင်းရဲ့ ထွက်ဆိုချက်ကို မင်းလက်မှတ်ထိုးဖို့ ပေးတဲ့အခါမှာ "ကျွန်မသည် မြောက်ကိုရီးယား စပိုင်ဖြစ်ပါတယ်" ဆိုတဲ့ ကိုးရီးယားဘာသာနဲ့ စာသားတွေ့တော့ မင်းမျက်နှာပျက်သွားတာကို ငါတို့ မြင်လိုက်တယ်"
သူ့စကားများကို ကျွန်မ နားထောင်နိုင်စွမ်း မရှိတော့။ ထုတ်ဖော်ဝန်ခံလိုက်မည် ဆိုလျှင် သေဒဏ်မှအပ အခြားမရှိ။ ကျွန်မ မိသားစုအတွက် စဉ်းစားရသည်။ ကျွန်မ၏ ကျောင်းနေဖက် ကုဂျန်းယန် အကြောင်းစဉ်းစားမိသည်။ သူတို့အိမ်တွင် အဖြူ အမည်း TV ရှိသည်။ သူ့အိမ်တွင် စားစရာများကလည်း အမြဲရှိသည်။ ညတိုင်းလိုလို ကျွန်မ သူ့အိမ်သို့ ရောက်နေတတ်သည်။ ရုပ်မြင်သံကြား ကြည့်ရင်း သရေစာများ စားကြသည်။
၁၉၇၄ ခုနစ် တစ်နေ့သောနေ့တွင် ကုဂျန်ယန်း ကျောင်းသို့ ရောက်မလာတော့။ အရပ်စကားများ အရ ကုဂျန်ယန်း၏ မောင်အငယ်ဆုံးက သူ့မိခင်သည် စပိုင်ဖြစ်ပါသည်ဟု သတင်းပို့လိုက်သောကြောင့် မိသားစုတစ်စုလုံး အဖမ်းခံရပြီး အလုပ်ကြမ်းစခန်းသို့ ပို့ခံရသည်။ အိမ်နီးနားချင်း အသိအကျွမ်းများက ကုဂျန်ယန်း မိသားစုနှင့် ပတ်သတ်မိသဖြင့် အဖမ်းခံရမည်ကို စိုးရိမ်နေကြရသည်။ အလုပ်ကြမ်းစခန်းတွင် နေ့ညမဟူ ခါးကျိုးမတတ် အလုပ်လုပ်ရပြီး မဝရေစာ စားနေရသည်ဟု ကြားဖူးသည်။ ကျွန်မ မိသားစုကို အလုပ်ကြမ်းစခန်းသို့ ကျွန်မ မပို့နိုင်။
ကျွန်မလုပ်ခဲ့ရသည့် လုပ်ရပ်ကို ပြန်ဆင်ခြင်ကြည့်မိသည်။ ကျွန်မ ဗုံးထောင်ခဲ့ခြင်း သည် မြောက်ကိုရီးယား ခေါင်းဆောင်တို့၏ ရည်မှန်းချက်ကို ပေါက်မြောက်စေခဲ့သလား။ လူများ သေကျေခြင်းဖြင့် ကိုးရီယားနှစ်နိုင်ငံ ပေါင်းစည်းရေးကို အမှန်တကယ်
အကျိုးပြုစေခဲ့သလား။ ဗုံးဖောက်ခွဲမှုဖြင့် ဆိုးလ်အိုလံပစ်ကို အမှန်တကယ် ဟန့်တားနိုင်ခဲ့ သလား။ စိတ်မနှံ့သူမှ လွဲ၍ မည်သူမဆို ဗုံးဖောက်ခွဲမှု၏ အမှားအမှန်ကို ရှင်းလင်းစွာ သိနိုင်ကြသည်။
တောင်ကိုရီးယား အစိုးရသည် အလုံးစုံသိရှိနေပြီး ဖြစ်သည်။ ကျွန်မ ထုတ်ဖော်ဝန်ခံရန် အဟန့်အတား ဖြစ်နေသည်မှာ ကျွန်မ မိသားစုဖြစ်သည်။ ကျွန်မ အသေခံသွားမည် ဆိုပါက မိသားစုသည် ပြုံးယမ်းတွင် အေးချမ်းစွာ ဆက်လက် နေထိုင်သွားနိုင်မည် ဖြစ်သည်။ သို့သော် တစ်ဖက်တွင် သေဆုံးသူ မိသားစုများက ရှိနေသည်။ သူတို့အားတောင်းပန်ရန် လိုအပ်သည်။ ကျွန်မ၏ လုပ်ရပ်အတွက် သူတို့အား ဝန်ချတောင်းပန်ရမည် ဖြစ်သည်။
ကျွန်မသည် စစ်ကြောရေးမှူးအား မော့ကြည့်လျက်
"ကျွန်မကို ခွင့်လွှတ်ပါ။ ကျွန်မ ဝန်ခံပါတော့မယ်"
ဆက်ရန်
‪#‎SwamHtet‬

No comments:

Post a Comment