Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 25, 2016

ဝါးဆို စွေပြီး ခုတ်မှ

|| ခင်မောင်လေး (ဖို့ဒ်ဝင်း) - Essay ||
နှစ်ဟောင်းကုန်ပျောက်ပြီး နှစ်ဆန်း ၁ ရက်နေ့ကို ရောက်လာခဲ့လေတိုင်း ကျွန်တော့်ခေါင်းထဲမှာ ထင်ထင်ရှားရှား ပြန်ပေါ်လာခဲ့တာက ဟိုး...လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ်၊ ဧပြီလနှစ်ဆန်း ၁ ရက်နေ့ ဗဟန်း၊ ဟာမစ်တစ်၊ မဟာစည် သာသနာ့ရိပ်သာကြီးထဲက အဖြစ်အပျက် တစ်ခုကိုပါ။ အဲဒီနေ့က ရိပ်သာကြီးထဲက ဓမ္မသာလာမဏ္ဍပ်မှာ နှစ်စဉ်ပြုလုပ်နေကျ နှစ်သစ်ကူး ပဒေသာပင် မဲဖောက်အလှူပွဲ၊ စတုဒီသာ ကျွေးမွေးပွဲတွေနဲ့ စည်ကားနေခဲ့ပြီး ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး စံကျောင်းတော်ရှေ့ က ပိတောက်ပင်မြင့်တန်းကလည်း ခါတိုင်းနှစ်တွေလိုပဲ ၀ါထိန်အောင် ပွင့်နေခဲ့ကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဗဟန်း၊ မဟာစည် သာသနာ့ရိပ်သာ သြ၀ါဒါစရိယ ဆရာတော်ဘုရားကြီး အရှင်ပဏ္ဍိတာဘိဝံသ (ယခု ရွှေတောင်ကုန်း ဆရာတော်ကြီး) ထံကို လာရောက် ဖူးမြော်ချင်ကြောင်း ကြိုတင် အကြောင်းကြားထားတဲ့အတွက် ဆရာတော်ကြီးရဲ့ ကပ္ဖိယဖြစ်သူ ကျွန်တော့်အစ်ကိုကြီး ကိုခင်မောင်ဌေးနဲ့ ကျွန်တော်တို့နှစ်ဦး ဆရာတော်ကြီးထံ လျှောက်ထားပြီး ကျောင်းမှာ စောင့်နေခဲ့ကြပါတယ်။ ကျွန်တော့်စိတ်ထဲမှာ ဒေါ်စုနဲ့အတူ ပါတီလုံခြုံရေးတွေ NLD အဖွဲ့ချုပ်ဝင်တွေ အမြောက်အမြား ဆရာတော့်ထံကို ရောက်လာကြလိမ့်မယ်လို့လည်း ထင်ထားမိခဲ့ပါတယ်။

နံနက် ၈ နာရီလောက်မှာ ကားငယ်လေးတစ်စီး နာယက ၂ ကျောင်းရှေ့  ကို ရောက်ရှိလာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ ဆရာတော်ကြီးရဲ့ တပည့်ရင်း အငြိမ်းစား ဒုဗိုလ်မှူးကြီးတင်ထွန်း-ကြည်း (ကွယ်လွန်)နဲ့ ဇနီးဒေါ်ခင်ထွေး၊ ကားဒရိုင်ဘာ ကိုတိုးအာင်( ဒုဗိုလ်မှူးကြီးတင်ထွန်းရဲ့ ကားမောင်းသူ) တို့ လေးဦးသာ လိုက်ပါလာကြပါတယ်။ ကျွန်တော်က ရောက်လာကြသူတွေ အားလုံးကို နေရာထိုင်ခင်း ပေးပြီးချိန်မှာ ဒေါ်စုက "ဆရာတော်ဘုရား ပန်ကာ မကြိုက်လို့ရှိရင် မဖွင့်လို့လည်း ရပါတယ်.. မောင်လေး၊ ကိစ္စမရှိပါဘူး၊ ပန်ကာ မဖွင့်လည်း အဆင်ပြေပါတယ်" လို့ ပြောတာနဲ့ ဖွင့်ထားခဲ့တဲ့ မျက်နှာကျက်ပန်ကာ နှစ်လုံးကို ပြန်ပိတ်ပေးလိုက်ပါတယ်။ အဲဒီနေ့က ဒေါ်စုက သနပ်ခါးရောင် အကျီင်္လက်ရှည်ကို ၀တ်ဆင်ခဲ့ပြီး ထမိန်အညိုနုရောင်ကို သေသေသပ်သပ် ၀တ်ဆင်ထားပါတယ်။ ပါလာခဲ့တဲ့ ပုဝါပါးလေးကို အကျီ်ရဲ့ ညာဘက်က ပုခုံးပေါ်မှာ သပ်သပ်ယပ်ယပ် တင်လိုက်ပြီး ဘုရားကန်တော့ဖို့ တဘက်အဖြစ် အသုံးပြုလိုက်ပါတယ်။

ဆရာတော်ကြီး ဧည့်ခန်းထဲကို ကြွလာတော့ ဒေါ်စုတို့ ဆရာတော်ကြီးကို ဦးချပြီး ဆရာတော်ကြီးကပဲ "ဒကာမကြီး အကြောင်းကို သတင်းတွေထဲမှာတော့ အမြဲလို ကြားဖူးနေပြီးသားပါ" လို့ စတင်ပြီး အမိန့်ရှိပါတယ်။ ဒေါ်စုကလည်း ဆရာတော်ကြီးရဲ့ စကားကို ချက်ချင်းပဲ ရယ်ရယ်မောမောနဲ့ တုံ့ပြန်လိုက်ပါတယ်။ "အဲဒါဆိုရင်တော့ မှန်ချင်မှ မှန်မှာပါဘုရား" တဲ့။ ဒေါ်စု ဆိုလိုတာက အဲဒီအချိန်က န၀တပိုင် သတင်းစာတွေမှာ ဒေါ်စုကို နေ့စဉ်လို မဟုတ်မှန်တဲ့ အပုတ်ချ သတင်းတွေကိုသာ ရေးသားပြီး တိုက်ခိုက်နေကြလို့ ဖြစ်ပါတယ်။ ဆရာတော်ကြီးကလည်း ချက်ချင်းပဲ "ဘုန်းကြီးတို့ကလည်း ရေဒီယိုနဲ့ သတင်းတိုင်းကို မယုံပါဘူး၊ ချင့်ချိန်ပြီးတော့မှ ယုံလေ့ရှိပါတယ်လေ.."

ဆက်လက်ပြီး ဒေါ်စုက "ဒီနေ့ဟာ တပည့်တော်မရဲ့ မိခင်ကြီး မွေးနေ့ပါဘုရား၊ မိခင်ကြီးမွေးနေ့ အထိမ်းအမှတ် လှူဘွယ်ပစ္စည်းတချို့  လှူချင်လို့ပါဘုရား" ဆိုပြီး ဆရာတော်ကြီးကို လှူဘွယ်တွေ ဆက်ကပ်ပါတယ်။ ဒေါ်စုလှူဒါန်းတဲ့ လှူဘွယ် ပစ္စည်းတွေထဲမှာ အဘိုးတန်တွေ များများစားစား မပါဝင်ပေမယ့် အနှစ်နှစ်အလလက တန်ဘိုးထားပြီး သိမ်းဆည်းထားခဲ့တဲ့ အမှတ်တရ ပစ္စည်းတွေမှန်း သိသာထင်ရှားလှပါတယ်။"ဘုရားတပည့်တော် မေမေ ကိုယ်တိုင်ချုပ်ထား၊ ထိုးထားခဲ့တဲ့ ခေါင်းအုံးစွပ်လေးတွေနဲ့ စားပွဲခင်းလေး တချို့ ပါဘုရား" ဆိုပြီး ဆရာတော်ကို ရိုရိုသေသေနဲ့ ကပ်လှူပါတယ်။ သွားတိုက်ဆေး၊ သွားတိုက်တံ တချို့ နဲ့ ဆပ်ပြာတွေကိုလည်း လင်ဗန်းထဲမှာ တွေ့ရပါတယ်။
ဆရာတော်ကြီးက အနည်းငယ်တရားဟော ရေစက်သွန်းချပြီးတဲ့နောက် ဓမ္မနဲ့ အဓမ္မအကြောင်း စပ်လျဉ်းပြီး စတင်မိန့်ကြားတော်မူပါတယ်။

အဲဒီအချိန်တုန်းက ဒေါ်စု စကားပြောရင် ဒဲ့တုံ့ပြန်တတ်လို့ ဆရာတော်ကြီးက ပရိယာယ်သုံးပြီး ပြောဆိုဖို့ ဆုံးမပါတယ်။ ဒေါ်စုက "ပရိယာယ်ဟာ မုသာဝါဒပဲ ဘုရား။ တပည့်တော်မ မလိမ်ချင်ဘူး" လို့ ပြန်လျှောက်ပါတယ်၊ အဲဒီမှာ ဆရာတော်ကြီက ပရိယာယ်ဆိုတာ မုသားမဟုတ်ကြောင်း၊ အများအတွက် အကျိုးရှိမယ်ဆိုရင် ပရိယာယ် သုံးသင့်ရင် သုံးရကြောင်း၊ ဓမ္မပဒထဲက တမ္မဒါဌိက တရားတစ်ပုဒ်နဲ့ ဥပမာပေးပြီး ဟောကြားခဲ့ပါတယ်။ ဘုရားရှင် လက်ထက်တော်က သေဒဏ်ကျ ရာဇ၀တ်သားတွေကို သတ်ဖြတ်ရတဲ့ ပါးကွက်အာဏာသား တစ်ဦးရှိခဲ့တယ်။ သူ့နာမယ်က တမ္မဒါဌိက၊ တစ်နေ့ ရှင်သာရိပုတ္တရာ ဆွမ်းခံကြွချိန်မှာ ရဟန္တာ အရှင်မြတ်ကြီးက အဲဒီနေ့မှာ ကယ်တင်ဖို့ ပါးကွက်သားကို မြင်တော်မူတယ်။ ဆွမ်းအလှူခံပြီး သင့်တော်တဲ့ တရားဟောဖို့ အစပြုလိုက်တယ် ဆိုတာနဲ့ ပါးကွက်သားက တပည့်တော်က တစ်သက်လုံး လူသတ်လာခဲ့တာ ခုအချိန်ကျမှ တရားနာရင်လည်း အထောက်အပံ့ ဖြစ်မယ် မထင်ပါဘုရားလို့ ပြန်လျှောက်တယ်။

အဲဒီတော့ ရဟန္တာအရှင်မြတ်ကြီးက ပါးကွက်သားရဲ့ စိတ်ထဲမှာ ဖုံးလွှမ်းနေတဲ့ အကုသိုလ် တိမ်တိုက်တွေ မဖယ်ရှားဘဲနဲ့တော့ တရားနာနိုင်မှာ မဟုတ်ဘူး။ သူ့ကိုတော့ ပရိယာယ်သုံးမှပဲလို့ ကြံစည်တော်မူတယ်။ ဒကာတော် အခု သတ်နေရတာတွေက ဒကာတော်က သတ်ချင်လို့ သတ်နေတာလား ဒါမှမဟုတ် ဘုရင်က သတ်ခိုင်းလို့ သတ်ရတာလားလို့ မေးလိုက်တယ်။ ပါးကွက်သားက သူသတ်ချင်လို့ သတ်နေရတာ မဟုတ်ဘဲ ဘုရင်က သတ်ခိုင်းလို့ သတ်နေရတာ ဖြစ်ကြောင်း ပြန်လျှောက်တင်ပါတယ်။ အဲဒီနောက် ရဟန္တာအရှင်မြတ်ကြီးက ဘုရင်သတ်ခိုင်းလို့ သတ်ရတယ်ဆို ဒကာမှာ အပြစ်ရှိပါ့မလားလို့ ဆက်ပြီးတော့ မေးပြန်ပါတယ်။ အဲဒီမှာ ပါးကွက်သား စဉ်းစားစရာ ဖြစ်သွားပြီး အော်ဟုတ်တာပဲ ဘုရင်သတ်ခိုင်းလို့ သတ်ရတာပဲ ငါ့အပြစ်မှ မဟုတ်တာဘဲလို့ ယူဆလိုက်တော့ သူ့စိတ်မှာ ဖုံးလွမ်းနေတဲ့ အကုသိုလ်အရိပ်တွေ လျော့ပါးသွားချိန်ကျမှ တရားနာလို့ ရသွားတယ်တဲ့။

အဲဒီမှာ ဒေါ်စုက ချက်ချင်းပဲ ကြားဖြတ်ပြီး လျှောက်တင်ပါတယ်၊ "ဒါကတော့ ရဟန္တာကြီးက လိမ်တာပေါ့ဘုရား၊ သူလူသတ်တာပဲ အပြစ်မရှိဘဲ နေမလားဘုရား"တဲ့။ ဆရာတော်ကြီးက ပြန်မိန့်တာက "ရဟန္တာကြီးက မလိမ်ပါဘူး။ သူ့ကို အပြစ်မရှိဘူးလို့ ပြောလိုက်တာလဲ မဟုတ်ဘူး။ ဘုရင့်အမိန့်နဲ့ သတ်နေရတာဆိုရင် ဒကာ့မှာ အပြစ်ရှိပါ့မလားလို့ မေခွန်းထုတ်လိုက်တာပါ။ ပါးကွက်သားက သူဘာသာသူ နားလည်သလို အဖြေထုတ်သွားခဲ့တာပဲ။ ဒါကို ပရိယာယ်လို့ ခေါ်တယ်။ ဒီနေရာမှာ ခပ်ထုံထုံ၊ ခပ်အအက ဟုတ်တုတ်တုတ်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာမှာ ရဟန္တာအရှင်မြတ်ရဲ့ ပရိယာယ်ကြောင့် တရားနာခွင့်ရပြီး သေလွန်ပြီးနောက် အရမ်း မဆိုးဝါးတဲ့ ငရဲကိုပဲ ရောက်ရတယ်။ အများအတွက် အကျိုးရှိမယ်၊ အမှန်အတိုင်း ဒဲ့ပြောလို့လဲ မကောင်းတဲ့ အခြေအနေမျိုးမှာ ပရိယာယ်ကို သုံးသင့်ရင် သုံးရပါတယ်" လို့ ဆရာတော်ကြီးက မိန့်တော်မူပါတယ်။

ဆက်လက်ပြီး ဆရာတော်ကြီးက သီရိဓမ္မာသောကမင်းကြီး တိုင်းပြည်ကို ဓားမိုးပြီး အုပ်ချုပ်ခဲ့စဉ်တုန်းက ပြည်သူတွေကို ကောင်းမွန်စွာ မအုပ်ချုပ်နိုင်ခဲ့ဘဲ၊ ဓား ဓားမကို ချပြီး တရားဓမ္မနဲ့ ပြန်လည်အုပ်ချုပ်တဲ့ အခါကျတော့မှ တိုင်းသူပြည်သားတွေကို နိုင်နင်းစွာ အုပ်ချုပ်လို့ ရခဲ့တဲ့ သာဓကတွေရှိကြောင်း၊ စကားပြောရာဆိုရာမှာလည်း လိမ္မာပါးနပ်ဖို့လိုကြောင်း၊ စကားကြီး ၆ ခွန်း အကြောင်း၊ ဓမ္မသွေးသား တော်စပ်ခဲ့လို့ရှိရင် လူမျိုးခြားဖြစ်နေဦးတော့ ပါရမီဖြည့်ဖက်အဖြစ် သတ်မှတ်လို့ ရနိုင်ပါကြောင်း၊ ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်ကို ရည်ညွန်း ဥပမာတွေပေးပြီး တရားစကား ၁ နာရီခန့် ဟောကြားခဲ့ပါတယ်။

ဝါးခုတ်တဲ့ အခါမှာ ဓားကိုင်ပြီး ဒဲ့မခုတ်ရဘူး၊ စွေပြီးခုတ်ရတယ်။ ခုတ်တာချင်းတူပေမယ့် ဒဲ့ခုတ်တော့ ဝါးကန်ပြီး ကိုယ့်လက် ပြန်နာတတ်တယ်။ စွေခုတ်တော့ လက်နာလည်း သက်သာပြီး ခုတ်ရတာလည်း ခရီးရောက်တယ်လို့ ဆရာတော်ကြီးက အမိန့်ရှိခဲ့ပါတယ်။ အဲဒီအဆုံးအမလေးကို ဒေါ်စု သေသေချာချာ လက်ခံနာယူခဲ့ပါတယ်။ ပညာ၊ ဝီရိယတို့ ဆိုတာ လွန်တာလည်း မကောင်းကြောင်း၊ သတိဆိုတာ လွန်တယ်လို့ မရှိကြောင်း၊ မိမိရဲ့ ပြုမူပြောဆို နေထိုင်မှုတွေမှာ အမြဲသတိရှိနေရမှာ ဖြစ်ကြောင်း ထပ်ဖြည့်မိန့်ကြားခဲ့ပါတယ်။

အဲဒီနောက် ဒေါ်စုက "တပည့်တော် ပါဠိဘာသာကို သိပ်ပြီးသင်ချင်တာပဲ ဘုရား၊ အရင်ထဲက သင်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်၊ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး၊ အချိန်ရရင် ဆရာတော့်ဆီမှာ တပည့်တော် ပါဠိဘာသာကို လာပြီး သင်ချင်ပါတယ်ဘုရား"လို့ လျှောက်ထားတာနဲ့ ဆရာတော်ကြီးက "ဘုန်းကြီး သင်ပေးပါ့မယ်၊ တာဝန်ယူပါတယ်"လို့ ပြောပြီး ဒေါ်စုတို့အဖွဲ့လည်း ဆရာတော်ကြီးကို ဦးချနှုတ်ဆက်ခဲ့ကြပါတယ်။

ကျောင်းအပြင်ဘက်ကို ရောက်တော့ မဟာစည် ဆရာတော်ဘုရားကြီးရဲ့ ဗိမ္မာန်တော်ကို သွားကြည့်ချင်တယ်ဆိုတာနဲ့ ဒေါ်စုတို့ အဖွဲ့ကို ဆရာတော်ကြီးရဲ့ ကျောင်းကနေ ၅ မိနစ်ခန့် လမ်းလျှောက်သွားရတဲ့ ဗိမ္မာန်တော်ကြီးဆီကို ကျွန်တော်ပဲ လိုက်ပို့ပေးခဲ့ပါတယ်။ မဟာစည်ဗိမ္မာန်တော်ကြီးဟာ အဲဒီအချိန်က ဆောက်လုပ်ဆဲဖြစ်ပြီး ဟိတေသီ ဓမ္မာရုံရဲ့ ခေါင်းရင်းဘက်မှာ ကပ်လျက်တည်ရှိပါတယ်။ မဟာစည် ဆရာတော် ဘုရားကြီးရဲ့ ရုပ်တုတော်ကတော့ ပြီးစီးနေပြီဖြစ်လို့ ၀င်ရောက်ဖူးမြော်လို့ ရနေပါပြီ။ ဆောက်လုပ်ဆဲ ဗိမ္မာန်တော်ကြီးထဲကို ကျွန်တော်တို့ တစ်ပတ်လှည့် ကြည့်ခဲ့ကြပြီး ပြန်အထွက်မှာ ဒေါ်စုက ရုပ်တုတော်နဲ့ ပတ်သက်ပြီး "မဟာစည် ဆရာတော်ဘုရားကြီး ရုပ်တုတော်က တကယ်ကို တူတာပဲနော်၊ သက်ရှိထင်ရှား ထိုင်နေတဲ့အတိုင်းပါပဲ" လို့ မှတ်ချက်ပေးပါတယ်။

ဆရာတော်ကြီးရဲ့ ကျောင်းရှေ့ ကို လမ်းလျှောက်လာပြီး ပြန်ရောက်လာချိန်မှာ ဖလ်ယဉ်ဓမ္မာရုံပေါ်က တရားထိုင်ပြီး ပြန်ဆင်းလာကြတဲ့ အမျိုးသမီးယောဂီ တချို့  ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ သွားကြပြီး နှုတ်ခွန်းဆက်သံတွေနဲ့ အတူ၊ လာရောက် လက်ဆွဲနှုတ်ဆက်ကြတာတွေ၊ "အမေစု ကျန်းမာပါစေ.. အမေစု ဒီမိုကရေစီ ရအောင် လုပ်ပေးပါနော်.." စတဲ့ အသံတွေ ကျောင်းရှေ့ မှာ ဆူညံသွားခဲ့တဲ့အပြင်၊ ဒေါ်စုရဲ့ကားထဲကို နှစ်သစ်ကူးပဒေသာပင် မဲပေါက်လို့ ရထားတဲ့ သူတို့ရဲ့ ဆုတွေဖြစ်တဲ့ စာအုပ်၊ ဘောပင်၊ ထီး၊ တဘက်.. စတဲ့ အသုံး အဆောင် ပစ္စည်းမျိုးစုံကို ၀ိုင်းဝန်းပေးခဲ့ကြပြီး ကားနောက်ကို ပြေးလိုက်ကြတဲ့ အထိ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပါတယ်။

နောက် ၃ လအကြာ ဇူလိုင်လ ၁၉ ရက်နေ့မှာတော့ န၀တ စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နဲ့ စတင်ပြီး ထိမ်းသိမ်းထားလိုက်ကြပါတော့တယ်။
ဆရာတော်ကြီးလည်း အမေရိကန်နိုင်ငံကို ဓမ္မဂုဏ်ရည်ပြ ဓမ္မဓူတခရီး ကြွချီတော်မူခဲ့ပါတယ်။ အပြန်မှာ ပဲခူး၊ ကျောက်တန်းတောရမှာ ရက်ရှည် တရားအားထုတ်ပါတယ်။ ရိပ်သာကြီးကို ပြန်ရောက်ပြီး တစ်မနက်မှာ ဂင်တိုတို၊ လူပုပုတစ်ယောက် ကျောင်းကို တစ်ဆင့်ဂျိုင့် တစ်လုံးနဲ့ ရောက်လာပြီး ဆရာတော်ကြီးအတွက် ( ကြားဆွမ်း) လာပို့ပါတယ်။ (အရုဏ်နဲ့ နေ့ဆွမ်းကြား ဘုဉ်းပေးတဲ့အတွက် ကြားဆွမ်းလို့ ခေါ်ပါတယ်) အဲဒီလူက သူ့ကိုယ်သူ ဘယ်သူဘယ်ဝါဖြစ်ကြောင်း မိတ်ဆက်ပါတယ်၊ ကျွန်တော် သူ့နာမည်တော့ မမှတ်မိတော့ပါ။ ဒေါ်စု အိမ်မှာ စောင့်ကြပ်ရတဲ့ လုံခြုံရေးအရာရှိ ဖြစ်ပါတယ်။

ကျွန်တော်က ဆရာတော်ကို ကိုယ်တိုင် သွားလျှောက်ပါလားလို့ ပြောတော့ "ညီလေးရာ..အစ်ကို မလျှောက်တတ်ပါဘူး၊ ငါ့ညီပဲ လျှောက်ပေးပါ၊ မင်းတို့ အစ်မကြီး ကိုယ်တိုင်ချက်ပြီး ပို့ခိုင်းလိုက်တာပါ၊ နောက်ပြီး ဆရာတော် ဘယ်နေ့က အမေရိကကို ခရီးထွက်တယ်၊ ဘယ်နေ့က ပြန်ရောက်လာတယ်၊ ဘယ်နေ့မှာ ကျောက်တန်းတောရမှာ တရားသွားအားထုတ်တယ်၊ အားလုံးကို သူသိနေတယ်ဆိုတာလည်း ဆရာတော်ကြီးကို လျှောက်ပေးပါဦး၊ နေ့စဉ်လည်း ဆရာတော်ကြီးရဲ့ တရားစာအုပ်တွေကို ဖတ်ပြီး တရားထိုင်နေပါတယ်" စတာတွေ အားလုံး ကျွန်တော့်ကို ပြောပြသွားပြီး ဆရာတော်ကြီးကို သူ့ကိုယ်စား လျှောက်ခိုင်းသွားခဲ့ပါတယ်။ ကျွန်တော်လည်း သူပြောပြသမျှ အားလုံး တစ်လုံးမကျန် ဆရာတော်ကြီး ကို ပြန်လျှောက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ချက်ပြုတ်ဆက်ကပ် လှူဒါန်းလာတဲ့ နို့ထမင်းကို ချက်ချင်းပဲ ဆက်ကပ်ပါတယ်။ နေ့ဆွမ်းချိန်လည်း နီးနေပြီဖြစ်လို့ ဆရာတော်ကြီးက အနည်းငယ်သာ ဘုဉ်းပေးခဲ့တဲ့ ဒေါ်စု လှူဒါန်းတဲ့ နို့ထမင်း မပြစ်မကြဲကိုတော့ ကျွန်တော်ကပဲ လက်စသတ် တာဝန်ယူ ဖြေရှင်းခဲ့တာတွေကိုလည်း ၂၇ နှစ်ကြာခဲ့ပြီ ဖြစ်ပေမယ့် ခုချိန်ထိ စွဲစွဲမြဲမြဲ အမှတ်ရမိနေပါသေးတယ်...
ခင်မောင်လေး (ဖို့တ်ဝိန်း)
The Ladies News

No comments:

Post a Comment