Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 27, 2017

နာဂရိုးရာ လည်ဆွဲနဲ့ ဒေါ်အောင်ဆန်းစုကြည်


"နာဂရိုးရာ လည်ဆွဲနဲ့ ဒေါ်အောင်ဆန်းစုကြည်"
-------------------------------------
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ညစာစားပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဝတ်ဆင်ခဲ့တဲ့ ကျောက်စိမ်း လည်ဆွဲနဲ့ ပတ်သက်ပြီး စိတ်ဝင်စားသူ များပြားခဲ့ပါတယ်။ အဲဒီ လည်ဆွဲမှာ အဓိပ္ပါယ်တွေ ရှိလိမ့်မယ်လို့လည်း အချို့က ဆိုကြပါတယ်။ မိတ်ဆွေ တစ်ချို့ ကလည်း အဲဒီ လည်ဆွဲရဲ့ အဓိပ္ပါယ်ကို သိရင် မျှဝေပါဦးလို့ တောင်းဆိုထားတာရယ် မနေ့က တင်ထားတဲ့ ပိုစ့်ကို ဓာတ်ပုံနဲ့ တွဲပြီး တင်ပေးပါလို့ ပြောထားတာရှိလို့ ထပ်မံရှာဖွေ တွေ့ရှိတာလေးကို မနေ့က စာနဲ့ပေါင်းပြီး ပြန်တင်ပေးလိုက်တာပါ။
အန်တီဆွဲခဲ့တဲ့ ကျောက်စိမ်း လည်ဆွဲဟာ နာဂ လူမျိုးတွေရဲ့ ရိုးရာပုတီး ဆွဲကြိုးကို ပုံစံယူပြီး ကျွန်မတို့ ဖားကန့် ရတနာမြေက ထွက်တဲ့ ကျောက်စိမ်း ပုတီးလုံးလေးတွေနဲ့ သီကုံးထားတာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ အားလုံး သိကြတဲ့ အတိုင်း နာဂမျိုးနွယ်စုတွေဟာ ကျွန်မတို့ မြန်မာနိုင်ငံတွင်းမှာ မှီတင်းနေထိုင်တဲ့ တိုင်းရင်းသား မျိုးနွယ်စု တစ်ခု ဖြစ်ပါတယ်။ တကယ်တမ်းတော့ နာဂလူမျိုးတွေဟာ မြန်မာ တစ်နိုင်ငံတည်းမှာ ရှိတာ မဟုတ်ပဲ အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ဘက် မဏိပူရ၊ အာသံ စတဲ့ ဒေသမှာလည်း နေထိုင်ကြပါတယ်။ နာဂလူမျိုးတို့ဟာ ပုတီးလုံး လေးတွေကို လည်ဆွဲ၊ လက်ကောက် ၊ နားကပ်စသည့် အဆင်တန်ဆာ လက်ဝတ်ရတနာအဖြစ် ရှေးနှစ်ပေါင်း များစွာ ကတည်းက အမြတ်တနိုး တန်ဖိုးထား ဝတ်ဆင်လေ့ ရှိကြပါတယ်။
မြန်မာ့ရိုးရာ ဝတ်စုံလေးတွေ၊ တိုင်းရင်းသားရိုးရာ ဆင်လေးတွေကို နှစ်သက်စွာ ဝတ်ဆင်တတ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဟာ အခုလည်း မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား တစ်မျိုးဖြစ်တဲ့ နာဂမျိုးနွယ်တို့ရဲ့ လည်ဆွဲ ပုံစံလေးကို ကျောက်စိမ်း ပုတီးလေးနဲ့ ပြုလုပ်ပြီး အမြတ်တနိုး ဆင်ယင်ပြခဲ့တာ ဖြစ်ကြောင်း နာဂမျိုးနွယ်စုတို့ရဲ့ ဓာတ်ပုံများနဲ့ ပူးတွဲ ဖော်ပြလိုက်ပါတယ်။
နာဂနယ်မြေကို ရောက်ရှိခဲ့ပြီး နာဂရိုးရာဝတ်စုံ၊ ပုတီးလက်ကောက် အဆင်တန်ဆာများ ဝတ်ဆင် ပြသထားတဲ့ မင်းသမီး နန်းဆုရတီစိုးရဲ့ ဓာတ်ပုံကိုလည်း ဖော်ပြပေးလိုက်ပါတယ်နော်။ အချို့ဓာတ်ပုံတွေ ကတော့ အိန္ဒိယအရှေ့မြောက်ပိုင်းမှာ နေထိုင်တဲ့ ကွန်ညက်နာဂ မျိုးနွယ်စု ဓာတ်ပုံများဖြစ်ပါတယ်။
ကျွန်မအနေနဲ့ ကိုယ့်မွေးရပ်မြေက ထွက်တဲ့ ကျောက်စိမ်းကို ဒီလိုလေး လုပ်ဝတ်ရင် ဒီလိုလေး လှလိမ့်မယ်လို့ တစ်ခါမှ မစဉ်းစားခဲ့မိဘူးတာ အမှန်ပါ။ ကိုယ်တွေ ဝတ်ရင် ဒီလို ကျက်သရေရှိရှိ လှပါ့မလားလို့လည်း စဉ်းစားမိပါသေးတယ်။ ဘာလို့လဲဆိုတော့ အသရေချင်း ဘယ်လိုမှ မယှဉ်နိုင်လို့ပါ။ အန်တီဟာ မြန်မာ့ရိုးရာ အထည်လေးတွေကိုသာ ဝတ်တာမဟုတ်ပဲ လက်ဝတ်ရတနာ အဆင်တန်ဆာတောင်မှပဲ မြန်မာပြည်တွင်းက ထွက်တဲ့ ပယင်း၊ ပုလဲ၊ ကျောက်စိမ်း စတာတွေကို ဦးစားပေးပြီး ဝတ်ဆင်တတ်တယ် ဆိုတာ သတိထားမိတယ်။
နောက် ဒီကျောက်စိမ်း လည်ဆွဲလေးကို အချို့တွေက သေချာမကြည့်၊ တန်ဖိုးမသိပဲ "တိုင်းပြည်က ငတ်နေတယ်။ သူကတော့ ကျောက်စိမ်းဘယက်ကြီးနဲ့ " လို့ အပြစ်ပြောနေသူတွေကိုလည်း သတိထားမိပါရဲ့။ ဒီကျောက်စိမ်းဘယက်မှာ ပါတဲ့ ကျောက်တွေဟာ အသား အကောင်းစားကြီးတွေမဟုတ်ပဲ သာမန် အရည်အသွေးလေးတွေကိုပဲ လှပစွာ သီကုံးထားတာဖြစ်ကြောင်းနဲ့ တန်ဖိုးကြီး ကျောက်စိမ်းမဟုတ်ပါပဲ ပုံဖော်ထားတဲ့ ဒီဇိုင်းကြောင့် အင်မတန် လှပနေတာ ဖြစ်ကြောင်း ရှင်းပြချင် ပါသေးတယ်။
အဆင်တန်ဆာဆိုတာ တန်ဖိုးကြီးကြီးဝတ်မှ၊ branded တွေဝတ်မှ လှတာမျိုး မဟုတ်ပါပဲ တန်ဖိုးနည်းသည် ဖြစ်စေ၊ များသည်ဖြစ်စေ ဝတ်ဆင်သူရဲ့ ကျက်သရေကို လိုက်ပြီး တန်ဖိုးတက်သွားတယ်ဆိုတာ သူမက သက်သေပါပဲ။ မြန်မာ့ရိုးရာ ချည်ထည်၊ တိုင်းရင်းသား တို့ရဲ့ ရိုးရာအဆင်များသာမက မြန်မာ့ကျောက်မျက် ရတနာတွေကိုပါ လှပစွာ ဝတ်ဆင်ပြီး မြန်မာ့ပြည်တွင်းဖြစ် ကို အမြဲတမ်း promote လုပ်တတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားချစ်ခင်ရပါတယ်။
Photo credit- ကိုမောင်သိန်း(ဒဿနိက)
Thet Wai







No comments:

Post a Comment