အတွဲ (၁၂)၊ အမှတ်(၃၉)
မြန်မာနိုင်ငံတွင် ငွေကြေးအနည်းငယ်ဖြင့် ကာလတိုအတွင်း တိုးပွားလာအောင်
လုပ်စရာလုပ်ငန်းဟူ၍ များများစားစားမရှိပေ။ ရွှေနှင့်ဒေါ်လာသည်
ငွေကြေးကစားသူများသာမက ငွေကြေးအင်အားနည်းသူများ ၀င်ရောက်ကစားနိုင်သော
ဈေးကွက်တစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။
သို့သော် လက်ရှိတွင် ရင်းနှီးမြှုပ်နှံချင်သူတို့
စဉ်းစားရမည့်အချက်များရှိနေသည်။ ပြည်တွင်းရွှေဈေးသည်
ကမ္ဘာ့ရွှေဈေးအကျနှင့်အတူ တအိအိကျလာခြင်းဖြင့် ၂၀၁၃ ခုနှစ်၏
အနိမ့်ဆုံးဈေးကို နိုဝင်ဘာ ၂၉ ရက်က စံချိန်ချိုးလိုက်ပြီဖြစ်သည်။
ဒေါ်လာဈေးမှာမူ ရွှေဈေးအနိမ့်ဆုံးရောက်ချိန်တွင် အမြင့်ဆုံးသို့ နိုဝင်ဘာ ၂၉ ရက်က ရုတ်တရက်ရောက်ရှိသွားသည်။
ရွှေဝယ်ထားရင် အရှုံးမရှိပါဘူးဟူသည့် အတွေးအခေါ်၊ ယုံကြည်ချက်တို့ကြောင့်
အနိမ့်ဆုံးရွှေဆိုင်များတွင် အထည်၊ အပိုင်း၊ ဖြတ်စတို့
ရောင်းအားမြင့်တက်နေကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များကပြောသည်။
“ရွှေဈေးကွက်က ဈေးအနိမ့်တန်းဖြစ်တဲ့ တစ်ကျပ်သား ၆၇၀၀၀၀ ကျပ်ဝန်းကျင်ကတည်းက
အ၀ယ်တွေများနေတာ။ ဒီဈေးတန်းဆိုတော့ ၀ယ်သူကြိုက်ဈေးဖြစ်နေလို့
ဝယ်အားကောင်းတဲ့ ဈေးကွက်ဖြစ်နေတယ်”ဟု အောင်သမာဓိရွှေဆိုင်တာဝန်ခံ
ကိုဝင်းငယ်ကပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းများက ၆၇၀၀၀၀ ကျပ်အောက် စတင်ကျဆင်းချိန်ကတည်းက
အနိမ့်ဆုံးရောက်ပြီအထင်ဖြင့် ရောင်းအားစံချိန်တင်ခဲ့သော်လည်း လက်ရှိ
ဈေးအနိမ့်တန်းရောက်ချိန်တွင် ထင်ထားသလောက် ၀ယ်အားမများတော့ကြောင်း
ရွှေလုပ်ငန်းရှင်များကပြောသည်။
ကမ္ဘာ့ရွှေဈေးမှာလည်း ပြီးခဲ့သည့်လများတွင် တစ်အောင်စ ၁၃၅၀
ဒေါ်လာတန်းရှိနေရာမှ တဖြည်းဖြည်းကျဆင်းလာပြီး ယခုရက်ပိုင်းတွင် ၁၂၄၀
ဒေါ်လာခန့်ထိ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာဈေးကွက်တွင်လည်း ရွှေဈေးနှုန်းသည် ၁၂၃၅ နှင့် ၁၂၄၀ ဒေါ်လာကြားတွင်
ရှိနေသည်။ လေးလခွဲအတွင်း ကမ္ဘာ့ရွှေဈေးသည် အနိမ့်ဆုံးရောက်ရှိပြီး
နှစ်ဆန်းပိုင်းဈေးနှင့်ယှဉ်ပါက ၂၆ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်သည်ဟု
ဂါးဒီးယန်းသတင်းစာတွင် ရေးသားထားသည်။
ဒေါ်လာဈေးကွက်မှာ တစ်လျှောက်လုံးဈေးငြိမ်နေရာမှ
ရွှေဈေးအနိမ့်ဆုံးရောက်ရှိချိန်တွင် ဒေါ်လာဈေးအတက်မှန်းကာ
ဝယ်သူများခဲ့ခြင်းကြောင့် ရုတ်တရက်
အမြင့်ဆုံးဈေးရောက်ရှိသွားခြင်းဖြစ်ကြောင်း ငွေကြေးဈေးကွက်တွင်
လုပ်သက်ကြာနေပြီဖြစ်သော လုပ်ငန်းရှင်များကပြောသည်။
“ရွှေကျရင် ဒေါ်လာဈေးတွေတက်လာတတ်တာလည်း ထုံးစံဖြစ်နေပြီဆိုတော့
ဒေါ်လာဝယ်စုချင်တဲ့သူတွေရယ်။ ကုန်သွယ်မှုတွေအတွက် ငွေပေးချေတဲ့အချိန်မှာ
ဈေးအနိမ့်နဲ့ဝယ်ထားရင် တွက်ခြေကိုက်တယ်ဆိုတဲ့သဘောနဲ့ ၀ယ်ယူကြသူတွေကြောင့်
ဒေါ်လာဈေးက ထိုးတက်သွားတာ”ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ
စီမံခန့်ခွဲမှုဌာနာမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောသည်။
တအိအိကျလာသော ရွှေဈေးနှင့် ရုတ်တရက်မြင့်လာသော ဒေါ်လာဈေးကွက်တို့အကြားတွင်
ရင်းနှီးမြှုပ်နှံမှုပြုလိုသူများသည် မိမိမြှုပ်နှံနိုင်မည့်ကာလနှင့်
ရွေးချယ်မှုသည် အရေးကြီးလှသည်။
ရွှေနှင့် ဒေါ်လာဈေးနှုန်းများ အတက်အကျကြမ်းပါက
နိုင်ငံအကျိုးစီးပွားအတွက်မကောင်းနိုင်ဟု စီးပွားရေးပညာရှင်များက
ဆိုသော်လည်း ထိုဈေးကွက်များတွင် ဈေးကစားလိုသူကို အကျိုးများစေမည်ဖြစ်သည်။
“ရွှေက ဒီဈေးတွေထက်တော့ အများကြီးမကျနိုင်တော့ဘူး။ ပြန်တက်ဖို့ပဲရှိတယ်။
ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုကာလသိပ်တိုတယ်ဆိုရင်တော့ ဈေးအတက်မှန်းဖို့
ခက်တဲ့အနေအထားရှိတယ်”ဟု ရွှေဈေးကွက်ကျွမ်းကျင်သူများပြောသည်။
ထို့အတူ ဒေါ်လာဈေးကွက်သည်လည်း အတက်အကျလိုက်ကစားနိုင်ပါက
တိုးပွားနိုင်သော်လည်း တက်ဈေးမျှော်မှန်းချက်ကြောင့် ၀ယ်စုမည်ဆိုလျှင်မူ
များစွာထိုးတက်နိုင်ခြေနည်းပြီး အကျဘက်တွင် အားသာနေသော
အနေအထားရှိနေသည်ဟုဆိုသည်။
သြဇာကြီးမားသော အမေရိကန်ဗဟိုဘဏ်၏ အဆုံးအဖြတ်ကလည်း ယခုဈေးအတက်အကျကြမ်းနေသော ဒေါ်လာနှင့်ရွှေကို ရိုက်ခတ်နေစေသည်။
ယခုဖြစ်ပေါ်နေသော ရွှေဈေးနှုန်းများ အတက်ကြမ်းခြင်း၊
ဒေါ်လာဈေးနှုန်းများမြင့်တက်ခြင်းသည် အောက်တိုဘာတတိယပတ်အတွင်းက
အမေရိကန်ဗဟိုဘဏ်၏ အစည်းအဝေးတွင် ၎င်းတို့နိုင်ငံ၏ ဈေးကွက်တွင်းမှ
ငွေချေးသက်သေခံလက်မှတ်များကို လစဉ် ၈၅ ဘီလီယံခန့် ၀ယ်ယူနေမှုကို ဗဟိုဘဏ်က
ပြန်လည်သုံးသပ်မည်ဟု ဗဟိုဘဏ်အကြီးအကဲ၏ ပြောကြားချက်က
နိုင်ငံတကာငွေကြေးဈေးကွက်ကို အကျိုးသက်ရောက်စေခြင်းလည်းဖြစ်နေသည်ဟု
နိုင်ငံခြားငွေကြေးဈေးကွက်ကို စောင့်ကြည့်သုံးသပ်နေသူများက ပြောသည်။
ထို့ကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးများ မြင့်တက်သွားပြီး မြန်မာအပါအ၀င်
အာရှနိုင်ငံများ၏ ငွေဈေးနှုန်းများသည် ၁ ဒသမ ၆ ရာခိုင်နှုန်းထိ
တန်ဖိုးများလျှော့ကျသွားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ
ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပြောကြားသည်။
ထိုအစီအစဉ်အရ အမေရိကန်ဗဟိုဘဏ်က ဈေးကွက်တွင်း လစဉ်ထုတ်ပေးနေသော
ငွေကြေးများကို တဖြည်းဖြည်းလျှော့ချမည်ဟု ဆိုထားခြင်းကို
လာမည့်နှစ်ဆန်းပိုင်းတွင် စတင်ဖွယ်ရှိကြောင်း သိရသည်။ ဈေးကွက်တွင်းတွင်
ငွေထုတ်ရောင်းမှုနည်းလာလျှင် ဈေးကွက်သဘောတရားအတိုင်း
ဒေါ်လာတန်ဖိုးများမြင့်တက်လာနိုင်သည်။
“အမေရိကန်က ဒီလိုလုပ်ရင်လည်း သူ့နိုင်ငံရဲ့ အလုပ်လက်မဲ့အနေအထား၊
အလုပ်အကိုင်အနေအထားတွေပေါ်မူတည်ပြီး လုပ်မှာပဲ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေကတော့
နိုင်ငံခြားငွေ အ၀င်များနေတဲ့ အချိန်ဆိုတော့ ဒီဂယက်တော့ ရှိနိုင်တယ်။
ဒါပေမဲ့ ရေရှည်မှာ ဒေါ်လာဈေးကတော့ကျမှာပဲ”ဟု ငွေကြေးဆိုင်ရာ
ကျွမ်းကျင်ပညာရှင်တစ်ဦးကပြောသည်။
သို့သော် ဒေါ်လာသည် ရင်းနှီးမြှုပ်နှံမှုပမာဏနှင့် တစ်ကျပ်၊
နှစ်ကျပ်တက်ခြင်း၊ ကျခြင်းကလည်း အဆုံးအဖြတ်များတတ်သည့်အတွက်
ရင်းနှီးမြှုပ်နှံမှုပမာဏနှင့် ငွေကြေးဈေးကွက်တွင်
ဝင်ရောက်နေမှုအနေအထားပေါ်မူတည်ကာ ဒေါ်လာသမားများ အကျိုးရှာနိုင်မည့်
အနေအထားရှိနေသည်။ ငွေကြေးတန်ဖိုးတက်ခြင်း၊ ကျခြင်းပေါ်မူတည်ကာ အ၀ယ်လိုက်ပြီး
ဈေးပြောင်းလဲတတ်သော ရွှေဈေးကွက်၏ အနေအထားသည်လည်း
ဒေါ်လာနှင့်တိုက်ရိုက်နီးပါး ဆက်စပ်မှုရှိနေသည်။
“ရွှေဈေးကွက် သဘောတရားက အတက်ကြမ်းရင် အကျများနိုင်တယ်။ အခုလို
တအိအိနဲ့ကျရင် အတက်က သိပ်မမြန်နိုင်ဘူး။ ဒါပေမဲ့ ဒီဈေးတန်းကတော့
အနိမ့်ဆုံးလည်းဖြစ်နေတော့ ဒီထက်လည်း အများကြီးတော့ မကျနိုင်တော့ဘူး။
ရင်းနှီးမြှုပ်နှံသူတွေ ထားနိုင်ရင်တော့ အတက်ဘက်မှာရှိတဲ့ အနေအထားပါပဲ”ဟု
ရွှေဘုံသာလမ်းအပိုင်းဈေးကွက်တွင် အရောင်းအ၀ယ်ပြုလုပ်နေသော
အပိုင်းကုန်သည်တစ်ဦးက သုံးသပ်ပြောသည်။
ဒေါ်လာဈေးကွက်တွင် လေ့လာသူများက ဈေးအတက်မများနိုင်ဟု
ခန့်မှန်းမှုများရှိနေသော်လည်း ယင်းဈေးကွက်သည် အတက်အကျကစားနိုင်သူများသာ
အကျိုးရှိနိုင်မည့် အနေအထားရှိနေသည်ဟုဆိုသည်။
“ပြီးခဲ့တဲ့နှစ်ကဆို တစ်အောင်စကို ၁၉၀၀ ဒေါ်လာအထိ တက်သွားပြီး
ပြည်တွင်းဈေးက ၇၉၃၅၀၀ ကျပ်ထိ ရောက်ဖူးထားတာဆိုတော့ အခုဈေးက
အနိမ့်တန်းရောက်နေတာဆိုတော့ ရွှေဝယ်ထားဖို့ပဲ တိုက်တွန်းချင်တယ်”ဟု
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးဦးဝင်းမြင့်က
ရွှေနှင့်ဒေါ်လာကြားတွင် ရင်းနှီးမြှုပ်နှံမှုတစ်ရပ်အနေဖြင့်
စဉ်းစားနေသူများကို အကြံပြုပြောကြားသည်။
ဒီဇင်ဘာ ၂ ရက်တွင် ကမ္ဘာ့ရွှေဈေးသည် အနည်းငယ်ပြန်တက်လာသော ဈေးဖြစ်သည့်
တစ်အောင်စလျှင် ၁၂၄၆ ဒေါ်လာတွင်ရှိနေပြီး ပြည်တွင်းရွှေဈေးသည်
တစ်ကျပ်သားလျှင် ၆၅၉၀၀၀ ကျပ်ဝန်းကျင်တွင် ရှိနေသည်။
အမေရိကန်ငွေလဲနှုန်းများသည် ယခင်က တစ်ယူနစ်လျှင် ၉၇၀ ကျပ်ဝန်းကျင်တွင်
ရှိနေရာမှ ၉၉၁ ကျပ်ထိ ရောက်ရှိထားပြီး ဒီဇင်ဘာ ၂ရက်တွင် ၉၈၈ ကျပ်နှုန်းဖြင့်
ရောင်းဈေးဖွင့်ထားသည်။
ရွှေနှင့် ဒေါ်လာဈေးနှုန်းများ တိုက်ရိုက်ဆက်စပ်မှုရှိနေသည့် သဘောတရားတစ်ခုက
ဈေးတန်းတစ်ခုတွင် ငြိမ်နေခြင်းနှင့် အတက်ကြမ်းခြင်းတို့
ဖြစ်ပေါ်နေမည်ဖြစ်သည်။ လတ်တလောတွင် ရွှေဈေးစံချိန်တင်ကျခြင်းဖြစ်ပေါ်နေပြီး
ဒေါ်လာဈေးသည်လည်း လေးရက်ခန့်အတွင်း စံချိန်တင်မြင့်တက်သည့်အနေအထားတွင်
ကန်ဒေါ်လာနှင့် ရွှေဈေးနှုန်းတို့အကြား လုပ်ဆောင်နိုင်စွမ်းနှင့် ရွေးချယ်မှုက
အရေးကြီးပေသည်။
သိမ့်သိမ့်စိုး
7 Day News Journal