CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, December 31, 2013
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် ပုဒ်မ ၅၉ (စ) ပြင်ဆင်ရန် ကြံ့ခိုင်ရေးပါတီ ဆုံးဖြတ်
ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ဝင်ရောက် အရွေးခံနိုင်ရေး အဟန့်အတား ဖြစ်နေသဖြင့် ပြင်ဆင်ပေးရန် နိုင်ငံရေးပါတီ အချို့နှင့် အနောက်နိုင်ငံ အစိုးရအချို့က တောင်းဆိုထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉(စ)ကို ပြင်ဆင်မည်ဟု ဒီဇင်ဘာလ ၃၀ ရက်နေ့က ကျင်းပသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီ အစည်းအဝေးက ဆုံးဖြတ်လိုက်ကြောင်း အဆိုပါ ပါတီ၏ ဗဟိုကော်မတီဝင် ဦးလှဆွေက ပြောကြား သည်။
ယင်းအချက်ကို ပြင်ဆင်ရန် ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီအစည်း အဝေးတွင် မဲခွဲ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ)တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ များသည် မိမိကိုယ်တိုင်သော်လည်း ကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်း ကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦး သော်လည်ကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူးကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားသား လက် အောက်ခံသူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားမဖြစ်စေရဟု ပြဋ္ဌာန်းထားသည်။
ယင်းအချက်ကို ကြံ့ခိုင်ရေးပါတီက နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတ များသည် မိမိကိုယ်တိုင်သော်လည်း ကောင်း၊ မိမိ၏မိဘ တစ်ပါးပါးသော်လည်း ကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း မိမိ၏တရားဝင် သားသမီး တစ်ဦးဦး သော်လည်းကောင်း၊ နိုင်ငံခြား အစိုးရ၏ ကျေးဇူးတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားသား လက်အောက်ခံသူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား မဖြစ်စေရဟု ပြင်ဆင်လိုက်ကြောင်း ဦးလှဆွေက ပြောကြားသည်။
"သားသမီး အတွက်ကတော့ ကန့်သတ်ချက် ဖြစ်နေသေးတယ်။ ချွေးမတွေ သမက်တွေကို လျှော့ပေးဖို့ ပါတီက လွှတ်တော်သို့တင်ပြမယ်။ ချွေးမတွေ သမက်တွေ နိုင်ငံခြားသားဖြစ်လို့ ပြဿနာ မရှိဘူးပေါ့။ ဒေါ်အောင်ဆန်းစုကြည်က သားတွေကို မြန်မာနိုင်ငံသား ခံယူပေးလိုက် ရင် သူ ၂၀၁၅ မှာ သမ္မတ ဖြစ်နိုင်သွားပြီ၊ သူ့အမျိုးသားက မရှိတော့ဘူး ဆိုတော့ ဘာမှပြောစရာ အကြောင်းမရှိတော့ဘူး" ဟု ဦးလှဆွေက ဆိုသည်။
ယင်းသို့ ကြံ့ခိုင်ရေးပါတီက လွှတ်တော်သို့ တင်ပြပေးမည် ဟုဆိုသော်လည်း ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်မည် ဖြစ်ကြောင်း၊ အခြေခံဥပဒေ ပြင်ဆင်ရာတွင် ပုဒ်မ ၉၅ (စ) ပြင်ဆင်ခြင်း ရှိ မရှိကို စောင့်ကြည့်ရ ဦးမည် ဖြစ်ကြောင်း NLD ပါတီ၏ပြောရေး ဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ဆိုသည်။
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သည့် နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက် ဖြစ်သော ပုဒ်မ ၅၉ (စ) သည် ဒေါ်အောင်ဆန်းစုကြည်ကို အဟန့်အတား ဖြစ်နေသောကြောင့် ပြင်ဆင်ရန် လိုအပ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားထားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲအများဆုံး အနိုင်ရရှိထားပြီး လွှတ်တော်တွင်း ကိုယ်စားလှယ်ဦးရေ အများဆုံး ရှိသည့် နိုင်ငံရေးပါတီတစ်ခု ဖြစ်ပြီး ပြည်သူ့လွှတ်တော်တွင် ၂၅၉ ဦးနှင့် အမျိုးသား လွှတ်တော်တွင် ၁၂၉ ဦး ရှိသည့်အပြင် ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားသော အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီတွင်လည်း ကိုယ်စားလှယ်ဦးရေ အများဆုံးပါဝင်သည့် ပါတီတစ်ခုဖြစ်သည်။
ယင်းကြောင့် ပြည်ထောင်စု လွှတ်တော်၌ အဆုံးအဖြတ် ခံယူရာတွင် ကြံ့ခိုင်ရေး ပါတီ၏ သဘောထားမှာ အရေးကြီးသည့် အခန်းကဏ္ဍတွင် ရှိနေကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်သည်။
သို့သော် အချို့သော အခြေခံဥပဒေ ပုဒ်မများ ပြင်ဆင်ရာတွင် ပြည်ထောင်စု လွှတ်တော်ရှိ ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် ထောက်ခံ သဘောတူမှသာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ကာ ပြင်ဆင်ရမည် ဆိုသော အခြေခံ ဥပဒေ အခန်း(၁၂)ပုဒ်မ ၄၃၆(က)အရ အခြေခံ ဥပဒေပုဒ်မ ၅၉(စ)ကို ပြင်ဆင်ရန် တပ်မတော်သား ကိုယ်စားလှယ် အနည်းဆုံး တစ်ဦး ထောက်ခံမှသာ ပြင်ဆင်နိုင်မည် ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော် အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီက စိစစ်တွေ့ရှိချက် များကို အခြေခံပြီး ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်မည် ဆိုပါက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် ကန့်ကွက် မည်မဟုတ်ကြောင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ ကိုယ်စား ပြောရေးဆို ခွင့်ရှိသူ ဗိုလ်ချုပ်ဝေလင်းက ဒီဇင်ဘာ ဒုတိယပတ်တွင် ပြောဆိုထားသည်။
Credit : The Voice Weekly
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် ပုဒ်မ ၅၉ (စ) ပြင်ဆင်ရန် ကြံ့ခိုင်ရေးပါတီ ဆုံးဖြတ်
Reviewed by VC
on
December 31, 2013
Rating: 5
Reviewed by VC
on
December 31, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment