Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label Heritage. Show all posts
Showing posts with label Heritage. Show all posts

Sunday, April 20, 2014

ဦးပိန်တံတား ရှေးဟောင်း အမွေအနှစ် စာရင်းက ပယ်ဖျက်ခံရတော့မလား

ဦးပိန်တံတား ထိန်းသိမ်းရေး ငွေကြေးမလုံလောက်ဟု ဆိုသည် (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)


အမရပူရ တောင်သမန်အင်းရှိ ကမ္ဘာကျော် ဦးပိန်တံတားဟာ မူလရှေးလက်ရာ နည်းပါလာတဲ့အပြင် ထိန်းသိမ်းဖို့ ငွေကြေးမတတ်နိုင်တော့တဲ့အတွက် ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းမှု စာရင်းက ပယ်ဖျက်ဖို့ ရှိနေကြောင်း သိရပါတယ်။

သက်တမ်း ၁၆၄ နှစ် ရှိပြီဖြစ်တဲ့ ဦးပိန်တံတားကြီးကို ထောက်ခံထားတဲ့ တိုင်လုံးကြီးတွေဟာ အခုအခါ အောက်ခြေတွေ ဆွေးမြေ့လာနေပြီဖြစ်ပြီး အစားထိုးလဲလှယ်ဖို့ ငွေကြေး မလုံလောက်တဲ့အပြင် မူလရှေးဟောင်း လက်ရာတွေလည်း နည်းပါးလာပြီ ဖြစ်တဲ့အတွက် ယဉ်ကျေးမှု ၀န်ကြီးဌာနအနေနဲ့ ဆက်လက် ထိန်းသိမ်းဖို့ဆိုတာ မလွယ်ကူတော့ဘူးလို့ သိရပါတယ်။

“(ယဉ်ကျေးမှု) ၀န်ကြီး ဦးအေးမြင့်ကြူက တံတားကြီးက ပြုပြင်နေရတဲ့အတွက် အဓိပ္ပါယ် အနှစ်သာရ မရှိတော့ဘူး၊ မူလသစ်လုံးတွေက နည်းလာပြီ၊ နောက်ပြီး ထိန်းသိမ်းဖို့ ငွေမတတ်နိုင်တော့ဘူး။ အဲဒီအတွက် ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး စာရင်းက ပယ်ဖျက်ဖို့ ပြောလာတာပါ” လို့ ယဉ်ကျေးမှု ၀န်ကြီးဌာနက အရာရှိတဦးက ဆိုပါတယ်။

ဦးပိန်တံတားဟာ ကမ္ဘာလှည့်ခရီးသွား အများဆုံး လာရောက်ကြည့်ရှုကြသလို၊ နိုင်ငံခြားသားများ မသွားမဖြစ် သွားရောက်ကြတာကြောင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းအတွက် ၀င်ငွေအများဆုံး ရှာဖွေပေးနေတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။

အစိုးရသစ်လက်ထက် ရှေးဟောင်း အမွေအနှစ် သမိုင်းဝင်နေရာတချို့ကို တိုင်းဒေသကြီး အစိုးရများလက်သို့ လွှဲအပ် လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး အစိုးရကလည်း ဦးပိန်တံတားကို လွှဲပြောင်းရယူဖို့ ကြိုးစားလျက်ရှိပါတယ်။

မန္တလေးတိုင်းဒေသကြီး အစိုးရ လက်ထဲ ဦးပိန်တံတားကို ထိန်းသိမ်းဖို့ လွှဲအပ်လိုက်မယ် ဆိုရင်လည်း ရှေးဟောင်းဆိုင်ရာ ထိန်းသိမ်းရေး နည်းပညာ၊ လူအင်အား၊ ထိန်းသိမ်းနိုင်မှု စွမ်းရည်တွေ လိုအပ်တာကြောင့် ပိုမို ပျက်စီးသွားမှာကိုလည်း ယဉ်ကျေးမှု ၀န်ကြီးဌာနက တာဝန်ရှိသူတွေက စိုးရိမ်နေတယ်လို့ သိရပါတယ်။

စလေရုပ်စုံကျောင်း၊ ဦးပိန်တံတား၊ အင်းဝဒေသမှာရှိတဲ့ ဗားကရာကျောင်းတိုက်၊ မယ်နုအုတ်ကျောင်းလို ဗိသုကာလက်ရာ အရ တန်ဖိုးရှိတဲ့ ရှေးဟောင်း အမွေအနှစ်တွေကို အမျိုးသားယဉ်ကျေးမှု ပြယုဂ်အဖြစ် ပြည်ထောင်စု အစိုးရ ယဉ်ကျေးမှု ၀န်ကြီးဌာနကသာ ဆက်လက် ထိန်းသိမ်းသင့်တယ်လို့ အဆိုပါ အရာရှိက ဆက်လက်ပြောပါတယ်။

သက်တမ်း ၁၆၄ နှစ်ရှိပြီဖြစ်တဲ့ ဦးပိန်တံတားဟာ တမိုင်နီးပါးရှည်လျားတဲ့ သစ်သားတံတားဖြစ်ပြီး တိုင်လုံးပေါင်း ၉၈၄ တိုင်နဲ့ စတင်ဆောက်လုပ်ခဲ့ပေမယ့် ခုအခါမှာတော့ တိုင်ပေါင်း ၁၀၈၆ နဲ့ ထောက်ခံထားပါတယ်။

တောင်မြို့လို့ ခေါ်တဲ့ အမရပူနဲ့ တောင်သမန်ရွာများအကြား ဆက်သွယ်ထားပြီး လူ၊ စက်ဘီး၊ မော်တော်ဆိုင်ကယ်များ ယနေ့တိုင် ဖြတ်သန်း အသုံးပြုလျက်ရှိပါတယ်။

တောင်သမန်အင်းဟာ ဧရာဝတီမြစ်နဲ့ ဆက်စပ်နေတဲ့အတွက် အရင်က မိုးအခါမှာသာ ရေပြည့်ပြီး ဆောင်းနဲ့ နွေမှာတော့ ရေအနည်းငယ်သာ ရှိပေမယ့် စစ်အစိုးရ လက်ထက်မှ စတင်ကာ စီးပွားရေး လုပ်ငန်းရှင်တို့ကို ငါးမွေးမြူခွင့် ပြုလိုက်တဲ့ အတွက် နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး ရေအပြည့် ဖြစ်သွားခဲ့ပါတယ်။

ဒါကြောင့်လည်း တံတားကြီးကို ထောက်ခံထားတဲ့ သစ်သားကျွန်းတိုင်များဟာ နှစ်ပေါင်း ၂၀ ကျော်ကြာ ရေအောက်မှာ နစ်မြုပ်နေတဲ့အပြင် ဆိုင်ကယ်များ နေ့ညမပြတ် သွားလာနေတဲ့အတွက် ပိုမို ယိုယွင်းလာတာပါ။

အရင်ကတော့ ရေကျသွားရင် တိုင်တွေကို ရေနံသုတ်၊ ပြုပြင်သင်တဲ့အပိုင်း ပြုပြင်မှုတွေ လုပ်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ရေအမြဲမြုပ်နေတဲ့အတွက် ကျွန်းတိုင်တွေဟာ ဆွေးမြေ့လာခြင်း ဖြစ်ပါတယ်။

မြန်မာပြည်ဟာ ကျွန်း၊ ပျဉ်းကတိုး စတဲ့ သစ်ကြီးဝါးကြီးတွေ ပေါများပြီး နိုင်ငံခြားကို သစ်လုံးလိုက်ပို့နေပေမယ့် ဦးပိန် တံတားက ဆွေးမြေ့လာနေတဲ့ ကျွန်းတိုင်လုံးကြီးတွေကို အစားထိုးဖို့တော့ အခုအချိန်မှာ ခဲယဉ်းနေတယ်လို့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန်းဆွေက ပြောပါတယ်။

“နန်းတော်တိုင်ကြီးတွေကို ယူဆောက်တာဆိုတော့ အရင်လိုမျိုး တိုင်လုံးအရွယ်အစားရဖို့ မလွယ်သလို သစ်တောဌာနက ပေးနိုင်ဦးမှလေ။ သစ်လုံးသေးသေးနဲ့ အစားထိုးရင်လည်း ကြည့်မကောင်းဘူး” လို့ သူက ဆိုပါတယ်။

အဲဒီအတွက် ကျွန်းသစ်အစား အင်္ဂတေတိုင်များနဲ့ အစားထိုးဖို့ အကြံပြု ပြောဆိုမှုတွေ ရှိနေပေမယ့်လည်း ကျွန်းသစ်တံတားဆိုတဲ့ မူလ အဓိပ္ပါယ်ကနေ သွေဖည်သွားပြီး အင်္ဂတေတံတား ဖြစ်သွားမှာ ဖြစ်တဲ့အတွက် မလုပ်သင့်ဘူးလို့ ဒုဝန်ကြီး ဦးသန်းဆွေက မှတ်ချက်ချပါတယ်။

၁၈၄၉ ခုနှစ် ပုဂံမင်းလက်ထက်မှာ စစ်ကိုင်းနဲ့ အင်းဝရှိ နန်းတော်ဟောင်းမှ သစ်များနှင့် မြို့စာရေး မောင်ပိန်က တည်ဆောက်ခဲ့တဲ့အတွက် ဦးပိန်တံတားလို့ အမည်တွင်ခြင်း ဖြစ်ပါတယ်။

အမရပူရမြို့ဝန် ဘိုင်ဆပ်က အာဏာသိမ်းလျှင် လွယ်ကူရန်အတွက် မြို့စာရေး ဦးပိန်အား တည်ဆောက်ခိုင်းခြင်း ဖြစ်တယ်လို့ ၁၉၅၆ ခုနှစ်ထုတ် ယဉ်ကျေးမှု စာစောင်မှာ ရေးသားထားပါတယ်။

တံတားတည်ဆောက်ရာမှာ သံရိုက်ခြင်းမရှိဘဲ သစ်လုံးများကို အပေါက်ဖောက်ကာ စနစ်တကျ တည်ဆောက်ထားကာ မြန်မာ့လက်သမား ပညာရပ်ကို ပြသခြင်းဖြစ်တဲ့အပြင် မြန်မာ့ကျွန်းသစ်ရဲ့ ခိုင်ခန့်မှု ပြယုဂ်လည်း ဖြစ်ပါတယ်။

မည်သည့် ရည်ရွယ်ချက်ဖြင့် တည်ဆောက်ခဲ့စေကာမူ လက်ရှိအချိန်မှာတော့ ကမ္ဘာသိ တံတားကြီးတစင်းဖြစ်ပြီး ဒီတံတားကြီးကိုပဲ မှီခိုပြီး လုပ်ကိုင် စားသောက်နေသူများ ရှိတဲ့အတွက် တံတားကြီး ပြုပြင်ဖို့ နိုင်ငံတော်နဲ့ တခြားသော သူများကလည်း ၀ိုင်းဝန်း ထိန်းသိမ်းသင့်တယ်လို့ ဒု ဝန်ကြီး ဦးသန်းဆွေက ပြောပါတယ်။

တောင်သမန်းအင်းဘေးမှာရှိတဲ့ ရွာတွေမှာ ဦးပိန်လှူဒါန်းထားတဲ့ တခြားသော တံတားငယ် ၁၁ စင်းကိုလည်း မကြာသေးမီက ရှာဖွေ တွေ့ရှိထားတယ်လို့လည်း သိရပါတယ်။

ဧရာဝတီ

Monday, March 24, 2014

ပုဂံကိုရှေးဟောင်းအမွေအနှစ်အဖြစ်တင်သွင်းရန် ယူနက်စကိုမှပြန်လည်ဖိတ်ခေါ်


Monday, March 24, 2014

မြန်မာ့ရှေးဟောင်းအမွေအနှစ် ပုဂံဒေသကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းသို့ ပြန်လည် တင်သွင်းရန် UNESCO က ဖိတ် ခေါ်မှုများရှိကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ပြောသည်။

ပုဂံဒေသကို လွန်ခဲ့သော ၁ဝ နှစ်ခန့်က ကမ္ဘာ့အမွေအနှစ်စာရင်း သို့ ပထမဦးဆုံးတင်သွင်းခဲ့သော် လည်း နိုင်ငံအခြေအနေအရကြောင့် လည်းကောင်း၊ ဗုဒ္ဓအယူအဆအရ ထီးတင်ခြင်းကဲ့သို့ အလှူဒါနများ ကိုပြုလုပ်မှုများကြောင့်လည်းကောင်း သတ်မှတ်စံနှုန်း(Criteria) များနှင့် မကိုက်ညီဟုဆိုကာ ပယ်ချခဲ့သော ကြောင့် ကမ္ဘာ့အမွေအနှစ်စာရင်း သို့ဆက်လက်မတင်သွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။

''သူတို့ပြောတာကတော့ အရင်ကသတ်မှတ်ထားတဲ့ Criteria တွေကိုပဲ ကြည့်ခဲ့တဲ့ သဘော ပေါ့။ ဒီလူမှုအသိုင်းအဝိုင်းကြောင့် ဖြစ်ပေါ်လာတာတွေကိုထည့်မစဉ်း စားခဲ့ဘူးပေါ့။ ခုတော့တချို့ကလဲ ပြောတယ်။ဒါတွေကထည့်စဉ်းစား ပေးသင့်တယ်ဆိုတဲ့အတွက် ဒါတွေ ကိုလဲထည့်စဉ်းစားပေးလာပြီ။ ဒီ့ အတွက် ပုဂံကိုလာတင်ပါ။သူတို့ ပြန်ပြီး စဉ်းစားပေးပါ့မယ်ဆိုပြီး ယူနက်စကိုကပြောထားတာရှိပါ တယ်''ဟု ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ပြောသည်။

မြန်မာ့ဓလေ့ထုံးစံများအရ ထီးတင်၊ ဆေးသုတ်ခြင်း၊ စေတီ ကျောင်းကန်ပြင်ဆင်ခြင်းများသည် လည်း လူနေမှုယဉ်ကျေးမှုအရဖြစ် ပေါ်လာသောအဖိုးတန်ယဉ်ကျေးမှု အမွေအနှစ်များအဖြစ် သတ်မှတ် နိုင်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရန်အတွက် အချိန်ယူရ ဦးမည်ဖြစ်ပြီး စာရင်းဝင်နိုင်ရန် အတွက်သေချာသောပြင်ဆင်မှုများ ပြုလုပ်ပြီးမှသာ ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းခြင်းကိုဆောင်ရွက် သွားမည်ဟုသိရသည်။

လက်ရှိတွင် ပျူမြို့ဟောင်း သုံးမြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရန်ဆောင်ရွက်လျက်ရှိ ပြီး ဇွန်လတွင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် မဝင်ကို ယူနက်စကို အစည်းအဝေးဆုံးဖြတ်ချက်များမှ တစ်ဆင့်သိရမည်ဖြစ်သည်။

The Union Daily

Saturday, March 22, 2014

ရွှေစည်းခုံစေတီဝင်းအတွင်း ကားပါကင်ဆောက်ရန် ရှေးဟောင်းမြေနံရံဖြိုချမှု ရပ်တန့်ရန် အရပ်ဖက်အဖွဲ့ တောင်းဆို


မန္တလေးတိုင်းဒေသကြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုမြို့တော်အတွင်းရှိ သမိုင်းဝင်ရွှေစည်းခုံစေတီတော်ကြီးအား ပတ်လည် ကာရံထားသော မြေထိန်းနံရံများအား ကားပါကင်ဆောက်မည်ဟုဆိုကာ ရွှေစည်းခုံဂေါပကအဖွဲ့မှ အရှေ့တောင်ထောင့်ရှိ မြေထိမ်းနံရံကြီးအား ဖြိုချနေခြင်းမှ ရပ်တန့်ရန်အရပ်ဘက်အဖွဲ့စည်းဖြစ်သည့် ပုဂံချစ်သူများအဖွဲ့မှ ပုဂံရှေးဟောင်းဝန်ကြီးဌာနသို့ တောင်းဆိုထားသည်ဟု သိရှိရသည်။
အဆိုပါမြေထိန်းနံရံကြီးများမှာ စေတီတော်ကြီးအား သဘာဝဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရန် ရှေးမြန်မာမင်းများက ပြုလုပ် ထားသည့် ရှေးဟောင်းအမွေအနှစ်များဖြစ်သည့်အတွက် ယခုလိုဖြိုချနေခြင်းမှာ ရှေးဟောင်းအမွေအနှစ်များအား များစွာပျက်စီး ထိခိုက်သောကြောင့် ရပ်တန့်ရန် တောင်းဆိုရခြင်းဖြစ်သည်ဟု သိရှိရသည်။
‘ဒီကိစ္စက လုံးဝမလုပ်သင့်တဲ့ကိစ္စပါ ရွှေစည်းခုံစေတီဆိုတာ အရမ်းရှေးကြတဲ့ အမွေအနှစ်တွေနဲ့ပြည့်နှက်နေတဲ့ နေရာပါ ဒါကို ဘုရားဂေါပကအဖွဲ့အနေနဲ့ ကားပါကင်ဆောက်ဖို့ ဖြိုချတယ်ဆိုတာ လုံးဝမလုပ်သင့်တဲ့လုပ်ရပ်ပါ ဒါကို ကျွန်တော်တို့ ပြင်းပြင်း ထန်ထန် ရှုံ့ချပါတယ်” ဟု ပုဂံချစ်သူများအဖွဲ့မှ ကိုဝင်းမောင်က ပြောသည်။
ရှေးဟောင်းအမွေအနှစ်များ မပျောက်ပျက်သွားစေရန် လှုမှုရေးအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများမှ ထိန်း သိမ်းစောင့် ရှောက်မှုများ ပြုလုပ်နေချိန်တွင် ဂေါပကအဖွဲ့အနေဖြင့် တစ်စုံတရာအကြောင်းကြားချင်းမရှိဘဲ လုပ်ဆောင်နေချင်းများအား ရပ်တန့်ပေးစေချင်ကြောင်းနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပုဂံဌာနခွဲမှ တာဝန်ရှိသူများထံလည်း အကြောင်းကြားထားသည်ဟု ဆိုသည်။
“ဒီကိစ္စက အရင်ဂေါပကအဖွဲ့က လုပ်ထားတဲ့ကိစ္စတွေပါ ကျွန်တော်တို့က ဂေါပကအဖွဲ့ထဲရောက်တာ သိပ်မကြာ သေးတော့ ခွင့်ပြုချက်ယူထားလား မယူဘူးလားဆိုတာ အတိအကျမပြေနိုင်ဘူးခင်ဗျ များသောအားဖြင့်တော့ ခွင့်ပြုချက်ယူပြီး လုပ်တာ များပါတယ်” ဟု ရွှေစည်းခုံဂေါပကအဖွဲ့ဝင် ဦးမြင့်ချိုက ပြောသည်။
၎င်းအနေဖြင့် ဂေါပကအဖွဲ့ဝင်အဖြစ် ၀င်ရောက်လုပ်ကိုင်သည်မှာ (၂) လ ၀န်းကျင်ခန့်သာရှိသေးကြောင်း၊ လက်ရှိဖြစ်နေ သောကိစ္စအား အတိအကျမပြောနိုင်သော်လည်း ယခင်လုပ်ကိုင်ခဲ့သမျှကိစ္စများမှာ ပုဂံရှေးဟောင်းယဉ် ကျေးမှု ဦးစီးဌာနသို့ ခွင့်ပြုချက်ရမှသာ လုပ်ကိုင်လေ့ရှိကြောင်း ၄င်းကဆိုသည်။
“လောလောဆယ်တော့ ခွင့်ပြုချက်ယူမယူဆိုတာကို အတိအကျပြောလို့မရသေးဘူး လက်ရှိလုပ်ကိုင်နေတာ တွေကိုတော့ ရပ်ခိုင်းထားပါတယ် ကွင်းဆင်းဆောင်ရွက်ပြီးမှပဲ အသေချာပြောနိုင်ပါလိမ့်မယ်” ဟု ပုဂံရှေး ဟောင်းဝန်ကြီးဌာန ဒုတိယ ညွန်ကြားရေးမှူး ဦးမျိုးဦးက ပြောသည်။
လက်ရှိအချိန်တွင် လုံခြုံရေးအဖွဲ့တစ်ဖွဲ့ စေလွှတ်ထားကာ လုပ်ငန်းလုပ်ကိုင်နေမူများအား ရပ်တန့်ခိုင်းထားကြောင်း ခွင့်ပြုချက် ယူ၍လုပ်သော်လည်း ပြင်ပအင်ဂျင်နီယာများဖြင့် လုပ်ကိုင်ခွင့်မရှိဘဲ ရှေးဟောင်းယဉ်ကျေးမှု အဖွဲ့အစည်းမှ အင်ဂျင်နီယာများ ဖြင့်သာ လုပ်ကိုင်ခွင့်ရမည်ဖြစ်ကြောင်းနှင့် ခွင့်ပြုချက်ယူထားခြင်းမရှိဘဲ လုပ်ကိုင်နေသည်ဆိုက ဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဟု သိရှိရသည်။

Tuesday, March 18, 2014

ဆီမီးခုံရွာမှ ရုပ်စုံယွန်းကျောင်း ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်

Tuesday, March 18, 2014


မြင်းခြံ ၊ မတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ ဆီမီးခုံကျေးရွာသည် ရှေးယခင်နှစ်ပေါင်းများစွာအချိန်ကတည်းက တည်ရှိသောကျေးရွာကြီးဖြစ်သည်။ ရှေးဟောင်းရွာကြီးဖြစ်သည်နှင့်အညီ အနုပညာလက်ရာ ဘုရားပုထိုး၊ ကျောင်းကန်များလည်း အများအပြား ရှိကြသည်။
အနုပညာလက်ရာမြောက်သော ဘုရားပုထိုး၊ ကျောင်းကန်များမှ ရုပ်စုံယွန်းကျောင်းလည်း ပါဝင်သည်။ ဆီမီးခုံကျေးရွာရှိ သက်တမ်း (၁၅၂) နှစ်ရှိပြီဖြစ်သော ရုပ်စုံယွန်းကျောင်းကို မန္တလေးမြို့ရှိ ယွန်းကျောင်း ဆောက်လုပ်အပြီး နောက်တစ်နှစ် မြန်မာသက္ကရာဇ် (၁၂၂၂) ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။ ရှေးသူဟောင်းများမှ ၎င်းကျောင်းကြီးဆောက်လုပ်သည့်ခုနှစ်ကို`အောင်ကျော်ချမ်းချစ်`ဟုလည်းကောင်း ၊ `အင်ကြင်းကံကော်`ဟု လည်းကောင်း လင်္ကာဖြင့်မှတ်သားထားကြသည်။
ဆီမီးခုံကျေးရွာမှ ရုပ်စုံကျောင်းဆရာတော်နှင့် ကျေးရွာလူကြီးများက မန္တလေးမြို့မှ ရုပ်စုံယွန်းကျောင်းနှင့် မိမိတို့ရွာရှိ ရုပ်စုံယွန်းကျောင်းတို့ တူညီကြသည်ဟု ပြောကြားကြသည်။ ယခုအခါ ဆီမီးခုံကျေးရွာရှိ ရုပ်စုံယွန်းကျောင်းသည် များစွာပျက်စီးလျှက်ရှိသည်ကို တွေ့မြင်ရသည်။
ပျက်စီး လျှက်ရှိသော ရှေးဟောင်းအနုပညာလက်ရာမြောက်သော ရုပ်စုံယွန်းကျောင်းကို ထိန်းသိမ်းပြုပြင်ရန် ရုပ်စုံယွန်း ကျောင်းဆရာတော်မှလည်း ထိန်းသိမ်းဆောင်ရွက်မည့် ဒါယကာ၊ ဒါယိကာမ များအား လိုလားလျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar

Monday, March 17, 2014

ဦးပိန်တံတား၏ အခန်းပေါင်း ၁၈ ခန်းရှိ တိုင်လုံး များ ဆိုးရွားစွာပျက်စီးနေပြီး စိုးရိမ်ဖွယ်ဖြစ်နေ

Monday, March 17, 2014
အောက်ခြေမရှိတော့သော တံတားတိုင်လုံးအချို့အနီး လှေတစ်စင်းလှော် ခတ်နေသည်ကို ယခုလ ၈ ရက်ကတွေ့ရစဉ်။ ဓာတ်ပုံ – ဖြိုးဝေကျော်
ပြည်တွင်းနှင့် ကမ္ဘာလှည့် ခရီးသွားများအကြား အထူးထင်ရှားသော အမရပူရမြို့ရှိ ဦးပိန် တံတား၏
အခန်းပေါင်း ၁၈ ခန်းရှိ တိုင်လုံးများ မှာ ဆိုးရွားစွာ ပျက်စီးနေကာ တံတားကြီး ရေရှည်တည်တံ့ရေး
အတွက် စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက် ရှိနေကြောင်း ဒေသခံများကပြောသည်။
လွန်ခဲ့သော နှစ်ပေါင်း ၁၆၀ ခန့်က မြို့စာရေးဦးပိန်က ကျွန်းတိုင်ပေါင်း ၁, ၀၀၀ ကျော် အသုံးပြုကာ၊
ကမ္ဘာတွင် အရှည်လျားဆုံး သစ်သားတံတားအဖြစ် တောင်သမန်အင်းကို ဖြတ်၍ ဆောက်လုပ်ခဲ့
သော ဦးပိန်တံတား မှာ ယခုအခါ တိုင်လုံးများလည်း လျော့နည်းပပျောက်ခဲ့ပြီဖြစ်ကာ လက်ရှိ
တိုင်လုံးတချို့မှာ အောက်ခြေပိုင်းမရှိတော့ဘဲ အန္တရာယ်ရှိသောအခြေအနေရှိနေသည်ဟု
ဆိုသည်။
“အခု ဦးပိန်တံတားရဲ့ကြံ့ခိုင်မှုက ပြီးခဲ့တဲ့ငါးနှစ်တာ ကာလလောက်နဲ့ နှိုင်းယှဉ်ရင်ပဲ ချို့ယွင်းချက်
တွေ များနေပါပြီ။ သင်္ကြန်ကာလလို၊ ရတနာ့ဂူနတ်ပွဲကာလလို ဧည့်လာများ တဲ့အချိန်တွေမှာ ပွင့်
ပွင့်လင်းလင်းပြောရ ရင် အန္တရာယ်အတော်များပါတယ်။ အခု ကျွန်တော်တို့ ကွင်းဆင်းစစ်ဆေးတာ
မှာ အခန်း ပေါင်း ၁၈ ခန်းက တိုင်လုံးတွေ ပျက်စီးနေတာ အခြေအနေ တော်တော်ဆိုးပါတယ်။
ဒါကို လည်း ဒီလ ၆ ရက်နေ့ ရက်စွဲနဲ့ အမရပူရမြို့နယ် အုပ်ချုပ်ရေးမှူးဆီကို တင်ပြထားပါတယ်။
သူတို့က သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ ဆက်လက်တင်ပြသွားကြမှာပါ”ဟု အမရပူရမြို့
ဆင်စွယ်ပွတ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညွန့်ဝေက ယခုလ ၈ ရက်တွင် ပြော သည်။
ဦးပိန်တံတားတွင် အခန်းတစ်ခန်း၌ တိုင်လုံး နှစ်လုံးပါဝင်ကြောင်း၊ စဆောက်စဉ်က တိုင်လုံး
၁,၀၀၀ ကျော်ရှိခဲ့သော်လည်း လက်ရှိတွင် ၈၉၀ ခန့်သာ ရှိတော့ကြောင်း၊ သစ်သားခါးပန်းများ
မကောင်းသည့်အခန်းမှာ သုံးခန်းရှိကြောင်း လည်း ပြောသည်။
“အမရပူရမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်ကတော့ ကျွန်တော့်ဖေ့စ်ဘွတ်အကောင့် မှာ
ဦးပိန်တံတားကို လာမယ့်ဘဏ္ဍာနှစ်ထဲမှာ အစိုးရဘတ်ဂျက်နဲ့ ပြုပြင်သွားဖို့ရှိတယ်လို့ မှတ်ချက်
ဝင်ရေးပေးထားပါတယ်။ လက်ရှိမှာတော့ မဟာဂန္ဓာရုံကျောင်းတိုက်က ဆရာတော်တွေ၊
တောင်မင်းကြီးဘုရား ဂေါပကအဖွဲ့ဝင်တွေက ပျက်စီးတာတွေကို ကိုယ့်အင်အားနဲ့ ကိုယ်
လုပ်ပေးကြပါတယ်” ဟုလည်း ဦးညွန့်ဝေ က ပြောသည်။
ဦးပိန်တံတားအနီးရှိ တောင်သမန် ငှက်လှေ အသင်း ဥက္ကဋ္ဌ ဦးစိုးဝင်းကမူ ယခုလ ၂ ရက်နေ့ကပင်
တံတားအခန်း ၁၂၂ ခန်းမှ တိုင်လုံးတစ်လုံးကျိုးခဲ့ကြောင်း၊ အထက် ဖော်ပြပါ အဖွဲ့များနှင့် ငှက်လှေ
အသင်းမှ အဖွဲ့ဝင်များပါဝင်လျက် တံတားကြံ့ခိုင်မှု မကောင်းသော အပိုင်းတချို့ကို တပိုင်တနိုင်
ပြုပြင်ပေးကြကြောင်း၊ ယခုနှစ်တွင် ကျပ် ဆယ်သိန်းကျော်ဖိုး ရှိပြီဖြစ်ကြောင်း ပြော သည်။
“အခု ငှက်လှေ ၄၇ စီးရှိတာမှာ သင်္ကြန်တွင်း လူစည်ချိန်မျိုးဆို လည်ပတ်သူတွေ အန္တရာယ်
ကင်းစေဖို့ ကျွန်တော်တို့ ငှက်လှေခတ်သမားတွေလည်း တာဝန်ရှိသူတွေနဲ့ ပူးပေါင်း စောင့်ကြည့်
ပေးရပါတယ်။ တချို့အပျော်လွန်တဲ့သူတွေက တံတားပေါ်မှာ ခုန်ကြ၊ နှဲ့ကြတာတွေ ရှိတော့
အန္တရာယ်များလွန်းတယ်။ မနှစ်ကဆို သင်္ကြန်တွင်းမှာ တံတားပေါ်က ခြောက်ယောက် ပြုတ်ကျ
တယ်။ ပြီးခဲ့တဲ့ ၂၀၁၁ ကနေ အခုထိဆို အကြောင်းအမျိုးမျိုးကြောင့် ပြုတ်ကျတဲ့သူက အနည်း
ဆုံး ၁၃ ယောက်လောက် ရှိပါတယ်။ ပြုတ်ကျရင်ပြီဆို အနည်းဆုံး ကျိုးရင် ကျိုး၊ ဒါမှမဟုတ်ရင်
အသက်ဆုံးတာပဲ”ဟု ဦးစိုးဝင်းက ယခုလ ၁၀ ရက်တွင် တယ်လီဖုန်း ဖြင့် မေးမြန်းရာ၌ ပြောသည်။
ဦးပိန်တံတား အခန်းတချို့မှာ ပြီးခဲ့သော ၂၀၀၄ ခုနှစ်ရေတက်ချိန်က ပျက်စီးမျောပါ ခဲ့ဖူးကာ
ယခုအခါ သစ်သားတံတား၏ အချို့ အခန်းများကို ကွန်ကရစ်တိုင်များဖြင့် အစားထိုး ထားသည်။
ဖြိုးဝေကျော်နှင့် လှိုင်ကျော်စိုး
မြန်မာတိုင်း(မ်)

Thursday, March 13, 2014

ထိုင်းဘုရင်ဟောင်း အုတ်ဂူ တူးဖော်ရေး မန္တလေး စည်ပင် တားမြစ်



အမရပူရ တောင်သမန် အင်းစောင်း လင်းဇင်းကုန်း သုသာန်ရှိ ထိုင်းဘုရင့် အုတ်ဂူ တူးဖော်ရေး လုပ်ငန်းများကို မန္တလေး တိုင်း ဒေသကြီး စည်ပင်သာယာရေး ကော်မတီမှ ရပ်ဆိုင်းရန် အကြောင်း ကြားလာကြောင်း သိရသည်။
ထိုင်းဘုရင်ဟောင်း ဥတွန်ပုံ အုတ်ဂူ တူးဖော်နေသည့် ပရ၀ုဏ် အတွင်းမှ အဆောက်အအုံများ ဖျက်သိမ်း ပေးပါရန် ဆိုသည့် အကြောင်း ကြားစာကို မန္တလေးတိုင်း စည်ပင် သာယာရေးမှ မတ် ၁၀ ရက် က ပေးပို့လာကြောင်း ထိုင်း ရှေးဟောင်း သုတေသန တူးဖော်ရေး တာဝန်ခံ မစ်ကီဟတ်က ပြောသည်။
“စာထဲမှာ အဆောက် အအုံများ ဖျက်ပေးရန် ဆိုပေမယ့်၊ အမရပူရ မြို့နယ် အုပ်ချုပ်ရေးမှူး ပြောတာက လုပ်ငန်းတွေပါ ရပ်ဆိုင်းပေးဖို့ ပြောတယ်၊ သဘောကတော့ ဆက်လက် ထိန်းသိမ်းခွင့် မပေးတော့တဲ့ ပုံဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။
ထိုင်း ဘုရင့်ဂူ တူးဖော်ရေး လုပ်ငန်းကို ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက စတင်ပြီး မစ်ကီဟတ် အပါအ၀င် လွတ်လပ်သည့် ထိုင်း- မြန်မာ သမိုင်းနှင့် ရှေးဟောင်း သုတေသန ဆိုင်ရာ ၀ါသနာရှင်များ ပူးပေါင်းပြီး ရေသဖန်းပွင့် ချစ်ကြည်ရေး အဖွဲ့ ဖွဲ့၍ မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ ခွင့်ပြုချက်ဖြင့် တူးဖော်နေခြင်း ဖြစ်ကြောင်း သိရသည်။
တူးဖော်ရာတွင် အရှေ့မြောက်ဘက် အရန် စေတီတိုင် အတွင်းမှ အရိုးများ ထည့်ထားသည့် ကြာဖူး ပုံသဏ္ဌာန် မှန်စီ ရွှေချ သပိတ် တလုံးနှင့် ပန်းချီ ရေးဆွဲထားသည့် မှန်ချပ်များ တွေ့ရပြီးနောက် တူးဖော်ရေး လုပ်ငန်းများ အဆုံးသတ် ခဲ့ရသည်ဟု မစ်ကီဟတ်က ပြောဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်က ထိုင်းနိုင်ငံ ယဉ်ကျေးမှု ၀န်ကြီး ဌာနမှ ကိုယ်စားလှယ်အဖွဲ့ တဖွဲ့က အဆိုပါ သဖန်းပွင့် အဖွဲ့ ဆောင်ရွက်မှုနှင့် ပတ်သက်၍ လာရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
လက်ရှိ တူးဖော် ဆောင်ရွက်ထားမှု အခြေအနေနှင့် ပတ်သက်ပြီး ကွင်းဆင်း သုတေသန တူးဖော်မှု နည်းလမ်းများ အရ စနစ် တကျ ပြုလုပ်ထားသည်ကို မတွေ့ရဘဲ ကွင်းဆင်း လေ့လာ တူးဖော်မှု အစီရင်ခံစာ အားနည်းမှု ရှိကြောင်း၊ တွေ့ရှိချက်များကို သိပ္ပံ နည်းကျ DNA တိုက်ဆိုင် စစ်ဆေးပြီးမှ ရလဒ်ကို ဖော်ထုတ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆိုင်ရာ သမိုင်း ဖြစ်စဉ် ရက်စွဲများနှင့် ထိုင်းနိုင်ငံ ဆိုင်ရာ သမိုင်း ဖြစ်စဉ် ရက်စွဲများ နှစ်ဘက် တိုက်ဆိုင် သုတေသန ပြုလုပ်ပြီး တူညီမှုရှိမှသာ ပထမအဆင့် လက်ခံနိုင်မည် ဖြစ်သည့်အတွက် လက်ရှိ တူးဖော်ရေး လုပ်ငန်း ဆောင် ရွက် နေသော ရေသဖန်းပွင့် ချစ်ကြည်ရေး အဖွဲ့မှ သုတေသန ပြုမှုအား ယာယီအားဖြင့် လက်မခံနိုင်ကြောင်း ထိုင်းယဉ်ကျေးမှု ၀န်ကြီး ဌာနက ဘန်ကောက်မြို့တွင် မကြာသေးခင်က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ ထုတ်ပြန် ပြောဆိုသည်။
ထိုင်းယဉ်ကျေးမှု ၀န်ကြီး ဌာန၏ သုံးသပ် ပြောဆိုချက်များ ထွက်ပေါ် လာပြီးနောက် ယခုကဲ့သို့ မန္တလေးတိုင်း စည်ပင် သာယာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန၏ တားမြစ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
မန္တလေး စည်ပင်သာယာရေး သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တဦးက “သူတို့မှာ တိကျကျ တင်ပြတဲ့ အထောက်အထား တွေ သက်ဆိုင်ရာကို တင်ပြမှု ညှိနှိုင်းမှု မရှိဘူး၊ အဲဒီအတွက် ကျနော်တို့ သက်ဆိုင်ရာကပဲ ထိန်းသိမ်းဖို့ လုပ်ဆောင်တာပါ”ဟု ဆိုသည်။
ထိုင်းဘုရင်ဂူကို မန္တလေးတိုင်း ဒေသကြီး အစိုးရနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ရှေးဟောင်း သုတေသနတို့နှင့် ပူးပေါင်းပြီး လတ်တလော ဆက်လက် ထိန်းသိမ်းသွားမည်ဟု အဆိုပါ တာဝန်ရှိသူက ပြောဆိုသည်။
လင်းဇင်းကုန်း သင်္ချိုင်းမြေသည် မန္တလေးတိုင်း စည်ပင်သာယာ၏ ထိန်းသိမ်း စောင့်ရှောက်မှု ဧရိယာ အတွင်းတွင် ရှိပြီး ယခုအခါ သင်္ချိုင်း ဖျက်သိမ်း၍ ပန်းခြံနှင့် ရေပေးရေး ဌာနတခု တည်ဆောက် နေကြောင်း၊ အများ ထင်မြင်ယူဆ နေ သကဲ့သို့ မြို့ကွက် ရိုက်ပြီး မြေနေရာ ရောင်းစားမည် မဟုတ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
လက်ရှိ တူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက် နေသည့် မစ်ကီဟတ်က ထိုင်းဘုရင် အုတ်ဂူ တူးဖော်မှုနှင့် ပတ်သက်ပြီး ထိန်းသိမ်းမှုများ လုပ်ဆောင် နိုင်ရေးကို ဆက်လက် ဆောင်ရွက်သွားမည်ဟု ဧရာဝတီသို့ ပြောသည်။
အယုဒ္ဓယ ဘုရင်ဟောင်း ဥတွန်ပုံ၏ အုတ်ဂူ တူးဖော်ရေး လုပ်ငန်းများတွင် မြန်မာ အစိုးရ ယဉ်ကျေးမှု ၀န်ကြီးဌာန ရှေးဟောင်း သုတေသနဌာနက ပါဝင်ဆောင်ရွက်ခြင်း မရှိဟုလည်း ၎င်းက ဆိုသည်။
ထိုင်းဘုရင့်ဂူ တူးဖော်ရေးနှင့် ပတ်သက်ပြီး ထိုင်းယဉ်ကျေးမှု ၀န်ကြီးဌာနက ယခုအခါ မြန်မာ အစိုးရ ယဉ်ကျေးမှု ၀န်ကြီး ဌာနကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးရန် လိုလားလျက် ရှိကြောင်း သိရသည်။
ကုန်းဘောင်ခေတ် ၁၇၆၇ ခုနှစ်တွင် ဆင်ဖြူရှင်မင်း လက်ထက်က အယုဒ္ဓယသို့ သွားရောက် စစ်ပြုရာ အဆိုပါ ထိုင်း ဘုရင် ဟောင်း မင်းသားကြီး ဥတွန်ပုံကို ရဟန်းဝတ်ဖြင့် သုံ့ပန်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်ခံခဲ့ရခြင်း ဖြစ်သည်ဟု သမိုင်း မှတ်တမ်း များတွင် ဖော်ပြထားသည်။
Irrawaddy

Friday, March 7, 2014

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် သတ်မှတ်ဖို့ မြန်မာနိုင်ငံက နှစ်နေရာကို UNESCO ရွေးချယ်

UNESCO ဌာနချုပ်။
ဇော်ဝင်းလှိုင်
မြန်မာနိုင်ငံ ချင်းပြည်နယ်အတွင်းက နတ်မားတောင်နဲ့ ကချင်ပြည်နယ် အတွင်းက အင်းတော်ကြီးကန်တို့ကို UNESCO အဖွဲ့က ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် နေရာတွေအဖြစ် သတ်မှတ်ဖို့ ဦးစားပေးအဆင့်ထဲမှာ ထည့်သွင်းလိုက်ပြီ ဖြစ်ပါတယ်။ တကယ်လို့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခံရမယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ ပထမဆုံး ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ခံရမှာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ကုလသမဂ္ဂ ပညာ၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ - UNESCO က ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ်သတ်မှတ်တဲ့အထဲ သဘာဝယဉ်ကျေးမှု၊ ဗိသုကာဆိုင်ရာ ယဉ်ကျေးမှုနဲ့ သဘာဝနဲ့ ဗိသုကာ နှစ်ခုပေါင်း ယဉ်ကျေးမှုဆိုပြီး ၃ မျိုး ၃ စား သတ်မှတ်လေ့ရှိတဲ့အထဲက သဘာဝယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ဖို့ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်က နေရာ ၂ ခုကို ဦးစားပေး စဉ်းစားတဲ့အထဲ ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီ နေရာ နှစ်ခုစလုံးကို UNESCOက ကိုယ်စားလှယ်တွေ အရင် သွားရောက်လေ့လာပြီးမှ တခုကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်မှာ ဖြစ်တယ်လို့ UNESCO – ရန်ကုန်ရုံး ယဉ်ကျေးမှုဌာနက Program အရာရှိ ဒေါက်တာ ဥမ္မာမျိုးက ပြောပါတယ်။

"အခုကာလမှာတော့ ကျမတို့က ဘာလုပ်မလဲဆိုလို့ရှိရင် UNESCO က ပညာရှင်တွေကိုခေါ်ပြီး အဲ့ဒီ့ဒေသ ၂ခုကို ဆိုက် Site Survey တွေ ဆင်းကြည့်ပါမယ်။ အဲ့တာက ဒီလကုန်နဲ့ နောက်လ ဧပြီထဲမှာ လုပ်ဖြစ်မှာပါ။ အဲ့လိုလုပ်ပြီးတော့ သူတို့က ဒီ Survey ဆင်းပြီး ကြည့်လာပြီးတော့မှ ဘယ် Site ကိုတော့ အရင်ဆင်းသင့်တယ်ဆိုတာ သူတို့သက်ဆိုင်ရာ ဝန်ကြီးဌာနကို အကြံညဏ်ပေး မှာပါရှင့်။ ဝန်ကြီးဌာနကပဲ ဆုံးဖြတ်ရမှာပေါ့။ ဒီကိစ္စက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာန က ဆုံးဖြတ်ရမယ့်ကိစ္စပါ။

မေး။ ။ ဆိုတော့ ဒီ Process က ဘယ်အဆင့်ရောက်နေပြီလဲ ဆရာမ။  ဘယ်လောက်အထိ ကြာနိုင်မလဲခင်ဗျ။

" ကျမတို့က Tentative Lists တော့ တင်ပြီးသွားပြီ။ တင်ပြီးသွားပြီ ဆိုတဲ့အခါကျတော့ ဘယ်လောက်ကြာမလဲဆိုတာက Mission Associates တခုလုံးကို ရေးရမယ်ဆိုတော့ အချိန်ယူရပါလိမ့်မယ်။ ဥပမာ တခုပြောပြရမယ်ဆိုရင် ဂျပန်နိုင်ငံလို နိုင်ငံမှာ နည်းပညာပိုင်းရော ငွေကြေးပိုင်းရော ပညာရှင်ရော အကုန်ပြည့်စုံတဲ့ နိုင်ငံတောင်မှ ဖူဂျီတောင်ကို တင်တာ ဆယ်နှစ်အချိန်ယူပါတယ်ရှင့်။ အဲ့လိုမျိုးပါ။

ဒါပေမဲ့ ကျမတို့က ဒီမှာ အခုခန့်မှန်းထားတာပေါ့နော်။ သစ်တောဝန်ကြီးဌာနက ခန့်မှန်းထားတာ နှစ်နှစ်၊ သုံးနှစ်အတွင်း ဆိုက်တခုက Nominate လုပ်နိုင်အောင် ပြင်ဆင်နေပါတယ်ရှင့်။"

မြန်မာနိုင်ငံက ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်လိုတဲ့ နေရာနဲ့ အဆောက်အဦးကိုတွေကို တင်ပြဖို့ နေပြည်တော်မှာ မြန်မာအစိုးရ သက်ဆိုင်ရာ ဌာနအသီးသီးက အရာရှိတွေနဲ့ UNESCO ကိုယ်စားလှယ်တွေ မတ်လ ၂၇ နဲ့ ၂၈ ရက်နေ့အကြား တွေ့ဆုံ ဆွေးနွေးကြပြီး အခုလို ဦးစားပေး အမည်စာရင်း ထွက်လာတာလဲ ဖြစ်ပါတယ်။

ဒါဟာ မြန်မာနိုင်ငံအတွက် UNESCOကနေ ရှေးဟောင်းအမွေအနှစ်အဖြစ် ပထမဆုံးအကြိမ် သတ်မှတ်မှာဖြစ်ပါတယ်။ ရှေးဟောင်းအမွေအနှစ်ရှိတဲ့ တိုင်းပြည်အဖြစ် UNESCO က သတ်မှတ်ခံရပြီးရင်တော့ တိုင်းပြည်အတွက် အကျိုးမြတ်တွေ အများကြီး ရနိုင်တယ်လို့ ရှေးဟောင်းသုတေသနဌာန ဒုတိယညွန်ကြားရေးမှူး ဦးသန်းဇော်ဦးက ပြောပါတယ်။

"အဲ့ဒီ့ဆိုက်တွေကို ရလာတဲ့အခါမှာ Regional မှာ Communityအတွက် အကျိုးအမြတ်တွေ အများကြီး ရနိုင်ပါတယ်။ အခွင့်အလမ်းတွေ တချိန်တည်းမှာပဲ ကျနော်တို့ရဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းဆောင်ရွက်တဲ့အခါမှာ ကျနော်တို့တင် မဟုတ်ဘူး။ နိုင်ငံတကာကနေ နည်းပညာ၊ ဘဏ္ဍာငွေကြေး ပူးပေါင်းဆောင်ရွက်နိုင်တဲ့ လုပ်ငန်းတွေလည်း ပိုပြီးတော့ များလာမယ်လို့ ကျနော် နားလည်မိပါတယ်ခင်ဗျ။"

မြန်မာနိုင်ငံကအကျိုးအမြတ်တွေထဲ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်း စောင့်ရှောက်ဖို့ ငွေကြေးနဲ့ နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့တွေ ရနိုင်သလို၊ တခြားနေရာတွေနဲ့ အတွေ့အကြုံ ဖလှယ်တာတွေအပြင် ကမ္ဘာလှည့်ခရီးသည်တွေလည်း ပိုပြီး ရောက်လာနိုင်ပါတယ်။

ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ဖို့ သက်ဆိုင်ရာ အစိုးရတွေနဲ့ UNESCO အဖွဲ့တို့ ပူးပေါင်း  ဆောင်ရွက်ကြတာဖြစ်ပေမယ့် ဘယ်နိုင်ငံက ဘယ်နေရာကို သတ်မှတ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုတော့ အဖွဲ့ဝင် ၂၁ နိုင်ငံပါတဲ့ World Heritage Committee - ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ကော်မီတီက အစည်းဝေးထိုင်ပြီး ဆုံးဖြတ်တာ ဖြစ်ပါတယ်။ 
VOA

Sunday, February 23, 2014

ထိုင်းဘုရင့်ကျောင်းဆောင်နေရာကို သမိုင်းဝင်ဥယျာဉ် တည်ဆောက်ပြီးပါက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ အပ်နှံမည်ဟုဆို


ထိုင်းဘုရင့်ကျောင်းဆောင်နေရာကို သမိုင်းဝင်ဥယျာဉ် (Historical Park) အဖြစ် တည်ဆောက်ပြီးပါက ထိုင်းနိုင်ငံဘက်မှ ပိုင်ဆိုင်မှုတစ်စုံတစ်ရာ ရယူမည်မဟုတ်ဘဲ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့သာ အလုံးစုံ ပြန်လည်လွှဲအပ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒေသခံအများစုမှာ ထိုင်းလူမျိုးများအား မြေပိုင်ဆိုင်မှု တစ်စုံတစ်ရာ ရယူချင်သည့်အတွက် ယခုကဲ့သို့ သမိုင်းဝင်ဥယျာဉ်ဆောက်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု အထင်မှားနေကြသည်။

သို့သော် ၎င်းတို့၏ အမှန်တကယ်ရည်ရွယ်ချက်မှာ ယင်းကဲ့သို့မဟုတ်ဘဲ ကျောင်းဆောင်ဟောင်း ပြန် လည်ထိန်းသိမ်းလိုခြင်းရည်ရွယ်ချက်သာရှိကြောင်း အဆိုပါကျောင်းဆောင်ဟောင်းကို လာရောက်တူးဖော်မှုများ ပြုလုပ်နေသည့် ရေသဖန်းပွင့်၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ မစ္စတာ မစ်ကီဟတ်က ပြောသည်။

၂၀၁၃ ခုနှစ်အတွင်း စတင်တူးဖော်မှုများ ပြုလုပ်ခဲ့သည့် အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်ရပ်ကွက်၊ လင်းဇင်းကုန်းရပ်ကွက်မှ ထိုင်းဘုရင့်ကျောင်းဆောင်နေရာကို သမိုင်းဝင်ဥယျာဉ်တစ်ခုအဖြစ် လာမည့် ၂နှစ်အတွင်း တည်ဆောက်ရန် စီစဉ်နေပြီး တည်ဆောက်မှုများ အားလုံးပြီးစီးပါက အစိုးရအဖွဲ့ထံ ပြန် လည်လှူဒါန်းမည်ဟုဆိုသည်။

““ဥယျာဉ်တည်ဆောက်မှု အားလုံးပြီးသွားရင် အကုန်လုံးဟာ ဒီတိုင်းဒေသကြီး၊ မြန်မာအစိုး ရ၊ မြန်မာပြည်သူတွေရဲ့ ပိုင်ဆိုင်မှုအောက်မှာပဲ ရှိမှာပါ။ ဒီမြေကို တစ်လက်မမှ မယူပါဘူး။ အကုန်လှူပစ်ခဲ့မှာပါ။ အခုဖြစ်နေတာက ကျွန်တော်တို့ကပဲ နေရာဝင်လုတဲ့ပုံစံမျိုး ဖြစ်နေတယ်”” ဟု မစ္စတာမစ်ကီဟတ်က ထည့်သွင်းပြောသည်။

ထိုင်းနိုင်ငံ ဘုရင့်ဘဏ္ဍာငွေများ၏ ထောက်ပံ့မှုဖြင့် ထိုင်းဘတ်ငွေ သန်းတစ်ရာ အသုံးပြုတည်ဆောက်ရန် ရည်ရွယ်ထားသည့် ယင်းသမိုင်းဝင်ဥယျာဉ် တည်ဆောက်ရန် လက်ရှိအချိန်ထိ MCDC ၏ ထောက်ခံချက်တစ်စုံတစ်ရာ မရရှိသေးပေ။ ထို့ကြောင့် ယင်းဥယျာဉ်တည်ဆောက်ခွင့်ရရန် သီတဂူဆရာတော်ဘုရားကြီးနှင့် သံဃနာယကအဖွဲ့အစည်းများသို့ အကူအညီများ တောင်းခံကာ တည်ဆောက်ခွင့်ရရေး အထောက်အပံ့ရယူရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။

သမိုင်းဝင်ဥယျာဉ် တည်ဆောက်ပြီးပါကလည်း ယင်းဥယျာဉ် ရေရှည်ထိန်းသိမ်းနိုင်မည့် နည်းစနစ်များကို မြန်မာနိုင်ငံမှ ရှေးဟောင်းသုတေသန နှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သုံးနှစ်ကြာ ပူးတွဲထိန်းသိမ်းသွားရန် စီစဉ်ထားကြောင်း၊ ယင်းကာလအတွင်းတွင်လည်း ငွေကြေးတစ်စုံတစ်ရာ ရယူမည်မဟုတ်ဘဲ ထိန်းသိမ်းပုံနည်းစနစ်များနှင့် အကျွမ်းတ၀င်ဖြစ်သွားပါက ၎င်းတို့က လုံးဝလွှဲပြောင်းပေးသွားရန် စီစဉ်ထားသည်ဟု ရေသဖန်းပွင့် မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်းမှ သတင်းရရှိသည်။

ရေသဖန်းပွင့် မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်းမှာ ထိုင်းဘုရင့်ကျောင်းဆောင် (ယခင် ထိုင်း ဘုရင်ဟောင်း အုတ်ဂူ) နေရာအနီးတစ်ဝိုက် သမိုင်းဝင်ဥယျာဉ်တည်ဆောက်နိုင်ရန် မြို့တော် စည်ပင်သာယာရေးကော်မတီ MCDC ထံသို့ မြေလေးဧကချထားပေးရန် တောင်းဆိုခဲ့သော်လည်း MCDC မှ ၁ ဒသမ ၀၃ ဧကကိုသာ ချပေးခဲ့ပြီး မစ္စတာမစ်ကီဟတ် အဖွဲ့ တောင်းဆိုထားသည့်နေရာတွင် ကလေးကစားကွင်းတစ်ခု
ဆောက်လုပ်ရန် မြေပြုပြင်မှုလုပ်ငန်းများ စတင်ပြုလုပ်နေပြီဖြစ်သည်။

Author: အေးမွန်ရာပြည့်
7Day Daily

သုဝဏ္ဏဘူမိ ရှေးမြို့ဟောင်းမှ အုတ်ခွက် ဘုရားများနှင့် ဂဝံရုပ်တုများတွေ့ရှိ


မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၂

မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်ကြီးကျေးရွာနှင့် ဝင်းကကျေးရွာတို့တွင် တူးဖော်နေသည့် သုဝဏ္ဏဘူမိ ရှေးမြို့ဟောင်းကုန်းမှ အုတ်ခွက် ဘုရားများနှင့် ဂဝံရုပ်တုများကို တွေ့ရှိခဲ့ရကြောင်း ရှေးမြို့ဟောင်း တူးဖော်မှု စီမံကိန်းမှ အလုပ်သမား ခေါင်းဆောင် ဦးကျော်မောင်က ပြောကြားသည်။
“အဓိက တွေရတာတော့ လက်ရေးစင်း အုတ်ချပ်တွေ ဖြစ်တယ်။ အိုးခြမ်းကွဲတွေလည်း တွေ့တယ်။ အိုးခြမ်းကွဲတွေက ခေတ် တစ်ခတ်ရဲ့သက်သေတွေ ဖြစ်တယ်။ နောက်ပြီး ဂဝံရုပ်ကြွတွေ တွေ့တယ်၊ အုတ်ခွက်ဘုရားတွေ တွေ့တယ်၊ ဆီမီးခွက်တွေ တွေ့တယ်၊ ဆားချက်အိုးကွဲတွေလည်း တွေ့တယ်၊ သုဝဏ္ဏဘူမိလို့ ပြောဖို့ကတော့ မြို့ဟောင်းရဲ့ အချက်အလက်တွေ အများကြီး လိုသေးတယ်” ဟု ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ညီညီထက်က ပြောဆိုသည်။

မြို့ဟောင်းများ တူးဖော်မှုအတွက် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့က မြေပြင် ကွင်းဆင်းမှုကို စတင်ခဲ့ပြီး တောင်ကြီး ရှေးမြို့ရိုးတူးဖော်မှု (WKTG-1) ကို ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၃၁ ရက်နေ့ထိ တူးဖော်ခဲ့ကြောင်းနှင့် ဇန်နဝါရီလ ၃၀ ရက်နေ့က တူးဖော်ခဲ့သည့် ဝင်းကတူးဖော်မှုကုန်း (WK-7) တွင် ဂဝံကျောက်သားဖြင့် ထုလုပ်ထားသော လိပ်ရုပ်ပုံ ကျောက်တုံးနှစ်တုံးနှင့် ဗုဒ္ဓရုပ်တုပုံ ကျောက်တုံး တစ်တုံးကို တွေ့ရှိခဲ့ကြောင်း ၎င်းကရှင်းပြသည်။

ယခု ခေတ်သစ်မဟာသိပ္ပံ ကျောင်းလမ်းရှိ ဝင်းကတူးဖော်မှုကုန်း (WK-8) ကို တူးဖော်မှု ပြုလုပ်နေပြီ ဖြစ်ကြောင်းနှင့် ယင်းတူးဖော်မှုမှ စနစ်တစ်ကျ သွန်းလောင်းထားသော မြေမီးဖုတ် အုတ်ခွက်ဘုရား အကျိုးအပဲ့များ၊ ဆီမီးခွက်များနှင့် ဆားချက် အိုးခြမ်းကွဲများကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ တူးဖော်ထားသည့် အဆောက်အအုံများသည် ဘာသာရေး အဆောက်အအုံများဟု ယူဆရကြောင်း ဦးစီးအရာရှိ ဦးကျော်ညီညီထက်က ဆက်လက်ပြောဆိုသည်။

အဆိုပါ မြို့ဟောင်းမှ ရရှိသည့် လက်ရွေးစင် အုတ်ချပ်များသည် ဘီစီ ၁ ရာစုနှစ်မှ အုတ်ချပ်များဖြစ်ပြီး ယင်းမြို့ဟောင်းသည် သုဝဏ္ဏဘူမိ မြို့ဟောင်းသာ ဖြစ်နိုင်သည်ဟု သမိုင်း သုတေသန ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး (ငြိမ်း) ဦးစံဝင်းက မှတ်ချက်ပြုသည်။
“ဝန်ကြီးဌာနက မြို့ဟောင်း တူးဖော်မှုကို ပြုလုပ်တယ်။ တကယ်တမ်း ထိန်းသိမ်းဖို့က ဒေသခံတွေ ပါဖို့လိုတယ်။ သူတို့တွေကို ရှေးဟောင်း ယဉ်ကျေးမှုရဲ့ တန်ဖိုးတွေသိအောင်နဲ့ ဗဟုသုတတွေရအောင် အလုပ်ရုံ ဆွေးနွေးပွဲတွေ လုပ်ရမယ်။ အသိပညာပေး စာတမ်းတွေ ဝေပေးရမယ်” ဟု ဦးကျော်ညီညီထက်က ဆိုသည်။

မွန်ပြည်နယ်ဒေသရှိ ရှေးဟောင်းမြို့ အဆောက်အအုံများ လေ့လာ သုတေသနပြုခြင်းနှင့် ထိန်းသိမ်းခြင်းအတွက် ပြည်ထောင်စုအစိုးရက ယဉ်ကျေးမှု ဝန်ကြီးဌာနကို ငွေကျပ်သိန်း ၂၀၀ ထုတ်ပေးခဲ့ခြင်း ဖြစ်ပြီး၊ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်တို့တွင် ရှေးမြို့ဟောင်းများ တူးဖော်ရန်နေရာ လေးနေရာနှင့် ကွင်းဆင်း သုတေသနလုပ်ငန်း ဆောင်ရွက်ရန် တစ်နေရာကို ရွေးချယ်ထားကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပြောကြားသည်။

The Voice Weekly

Thursday, February 20, 2014

မြောက်ဦးယဉ်ကျေးမူ အမွှေအနှစ် ပြုပြင်ထိန်းသိမ်းရေး ကျပ်သိန်းပေါင်း ၆၇၂၀ တောင်းခံ


(နိရဉ္စရာ- ၂၁ ဖေဖေါ်ဝါရီ ၂၀၁၄)

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အတွက် မြောက်ဦးယဉ်ကျေးမူ အမွေအနှစ်ကို ပြုပြင်ထိန်းသိမ်းရေးအတွက် ရန်ပုံငွေ ကျပ်သိန်းပေါင်း ၆၇၂၀ တောင်းခံထားသည်ဟု သိရသည်။

ယဉ်ကျေးမူဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန်းဆွေက ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ထိုသို့ ထုတ်ဖေါ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

၁၉၉၂-၁၉၉၃ ခုနှစ် မှ ၂၀၁၃-၂၀၁၄ ခုနှစ်ထိ နှစ်အလိုက် ရန်ပုံငွေ သုံးစွဲမူမှာ စုစုပေါင်း ကျပ် ၆၄၀၇ ဒသမ ၀၃ သိန်းရှိကြောင်း၊ ၁၉၉၅ -၁၉၉၆ ဘဏ္ဍာရေးနှစ်မှ ၂၀၀၄-၂၀၀၅ ခုနှစ်အထိ ပြည်သူများထည့်ဝင်သော အလှူငွေ ၆၇၉ ဒသမ ၇၃ ထိရှိကြောင်း၊ သို့အတွက် ကျပ်သိန်းပေါင်း ၇၀၈၆ ဒသမ ၇၆ သုံးပြီး ပြုပြင်ခဲ့ကြောင်း  ဒုဝန်ကြီးက ပြောကြားသည်။

ယခုအခါ မြောက်ဦးယဉ်ကျေးမူ အမွေအနှစ်ဒေသ နှင့် သုဝဏ္ဍဘူမိသထုံဒေသတို့အား အမျိုးသား ယဉ်ကျေးမူ အမွေအနှစ် နယ်မြေအဖြစ် သတ်မှတ်နိုင်ရန် စီစဉ် ဆောင်ရွက်နေကြောင်း ဒုတိယ ၀န်ကြီး ဦးသန်းဆွေက ပြောကြားခဲ့သည်။

ယင်းပြင် ရခိုင်ပြည်နယ် မြောက်ဦးမြို့ ရှေးဟောင်း ယဉ်ကျေးမှု ထိန်းသိမ်းရန်မှာ ဒေသခံ ရခိုင်လူမျိုးများတွင် အဓိက တာဝန် ရှိကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်ဟု ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့က The Voice တွင် ဖေါ်ပြသည်။

“ယဉ်ကျေးမှူ ဝန်ကြီးဌာနက ချထားပေးတဲ့ ဘတ်ဂျက်နဲ့ မဆိုင်ဘူး၊ ဝန်ထမ်းအင်အားနဲ့လည်း မဆိုင်ဘူး၊ ကိုယ်တိုင် တာဝန်ရှိတယ်လို့ ခံယူပြီး ဝိုင်းဝန်း ထိန်းသိမ်းဖို့ လိုတာပါ” ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဆိုသည်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၂) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်၏ မြောက်ဦးမြို့ ယဉ်ကျေးမှု နယ်မြေကို ပြည်ထောင်စုအစိုးရမှ ပြုပြင်မွမ်းမံ ထိန်းသိမ်းရန် အစီအစဉ်ရှိ မရှိနှင့် ပတ်သက်ပြီး မေးမြန်းချက်ကို ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်ဟု သတင်းတွင် ဖေါ်ပြသည်။

Narinjara

Monday, February 17, 2014

ဂူဂဲလ် မြေပုံပေါ်က အိန္ဒိယရဲ့ တပ်ဂ်ျ မဟာလ်


Published on Feb 17, 2014
အိန္ဒိယက တပ်ဂ်ျ မဟာလ် ဆိုတာ ကမ္ဘာ့ အထင်ကရ အဆောက်အအုံတွေထဲက တစ်ခု ဖြစ်ပါတယ်။ အခုတော့ အဲဒီကို အင်တာနက်ပေါ်ကနေ သွားကြည့်လို့ ရနေပါပြီ။ အိန္ဒိယ အစိုးရနဲ့ ဂူဂဲလ်တို့ ပေါင်းပြီး အွန်လိုင်းကနေ ၃၆၀ ဒီဂရီ Street View ကြည့်နိုင်ဖို့ လုပ်ပေးထားတာပါ။ သတင်းဗီဒီယိုကို ကြည့်ရှုနိုင်ပါတယ်။

Saturday, February 15, 2014

ဘာမီယန် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်ကြီးများ ပြုပြင်ထိန်းသိမ်းမှု အာဖဂန်အစိုးရ ရပ်ဆိုင်း


ကဘူးလ်၊ ဖေဖော်ဝါရီ-၁၃

တာလီဘန်များ၏ ဖျက်ဆီးမှုခံခဲ့ရသော ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်ကြီးများအနက် တစ်ဆူ၏ခြေတော် တစ်ဖက်ကို အဖွဲ့အစည်းတစ်ရပ်ရပ်ကတရားမ၀င် ပြန်လည်ပြင်ဆင်ရန်ကြိုးပမ်းခဲ့ခြင်းကြောင့် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်ကြီးများ တည်ရှိရာနယ်မြေ၌ လုပ်ဆောင်နေသည့်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအား အာဖဂန်အစိုးရက ရပ်ဆိုင်းခဲ့ကြောင်း ဖေဖော်ဝါရီ ၁၂ ရက်သတင်းများတွင် ဖော်ပြသည်။

အကယ်၍အဆိုပါ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးများအားတရားဝင်ခွင့်ပြုချက်မရှိဘဲ ပြန်လည်ပြင်ဆင် ရန် ကြိုးပမ်းခဲ့ပါကရုပ်ပွားတော်ကြီးများတည်ရှိရာ ဘာမီယန်တောင်ကြားဒေသမှာကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းမှပင် ဖယ်ရှားခံရနိုင်ကြောင်း သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံ ဘာမီယန်တောင်ကြားဒေသ၌တည်ရှိသော
အဆိုပါ ဗုဒ္ဓရုပ်ပွားတော်ကြီးများကို တာလီဘန်ခေါင်းဆောင် မူလာမိုဟာမက်အိုမာ၏ အမိန့်အရ တာလီဘန်များက၂၀၀၁ ခုနှစ်အတွင်း
ဖောက်ခွဲဖျက်ဆီးခဲ့ကြသည်။

ယင်းနောက်ပိုင်းကာလများတွင် ဘာမီယန် ဗုဒ္ဓရုပ်ပွားတော်ကြီးများအားထွင်းထုထားခဲ့ ရာ တောင်စောင်းများကို ပြုပြင်ထိန်းသိမ်းရေးအတွက် ဂျာမနီနိုင်ငံနှင့် ကုလသမဂ္ဂတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

သို့ရာတွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း ဘာမီယန်ဗုဒ္ဓရုပ်ပွားတော်ကြီး များ တည်ရှိရာနယ်မြေသို့ ယူနက်စကိုကိုယ်စားလှယ်အဖွဲ့ လာရောက်စစ်ဆေးစဉ် ရုပ်ပွားတော်ကြီးတစ်ဆူ ၏ ခြေတော်တစ်ဖက်နေရာကို ပြင်ဆင်ထားသည့် လက္ခဏာများ တွေ့ရှိခဲ့ ရပြီးနောက် ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများအားအာဖဂန်အစိုးရက ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အာဖဂန်နစ္စတန်နိုင်ငံ ဟာဇရက်ပြည်နယ် ဘာမီယန်တောင်ကြားဒေသ၌ အေဒီ ၅၀၇ ခုနှစ်နှင့် ၅၅၄ ခုနှစ်အကြားထုဆစ်ပူဇော်ခဲ့ကြသော ဧရာမဗုဒ္ဓရုပ်ပွားတော်ကြီးများသည်ဂန္ဓာရခေတ်အနု ပညာ၏ ဂန္ထ၀င်မြောက်ပုံစံကို ကိုယ်စားပြုရာယင်းရုပ်ပွားတော်ကြီးများ အား တာလီဘန်တို့က ဖျက်ဆီးခဲ့ခြင်းကြောင့် တစ်ကမ္ဘာလုံးတုန်လှုပ်ခဲ့ရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

Bamiyan Buddha work halted over 'secret rebuilding project'

Any attempt to rebuild statues destroyed by Taliban could lead to the site losing its World Heritage status

The Bamiyan Buddhas were destroyed by the Taliban in 2001. Photograph: Shah Marai/AFP/Getty Images
Afghanistan has halted conservation work at a site once occupied by ancient Buddha statues destroyed by the Taliban because the team involved is suspected of secretly trying to rebuild one of the statue's feet, the United Nations said.
Any attempt to rebuild the statues without official permission could lead to the site losing its World Heritage status.
The Taliban's supreme leader, Mullah Mohammad Omar, decreed in early 2001 that two ancient giant Buddha statues in the valley in Bamiyan province were un-Islamic and ordered they be destroyed. They were blown up with dynamite the next month.
The German wing of the International Council on Monuments and Sites (Icomos) had been working alongside the United Nations in the valley, aiming to reinforce the cliff into which the Buddha statues were carved.
But the work was halted after a team from the UN cultural agency Unesco visited the site in December and found pillars built into the rock which looked suspiciously like feet, according to a Unesco official.
"These pillars are the controversial issue ... Questions were raised concerning their design, that they resembled somehow the feet or the legs," said Unesco's Brendan Cassar.
Cassar said the pillars were never meant to look like part of the original statue and his office was unaware of their design when the work started.
"That should have been cleared not just by us, but the government and potentially the World Heritage Committee."
The Ministry of Culture and Information has ordered that the work be stopped as recommended by Unesco.
The Icomos office in Germany referred Reuters to a statement that said it had acted with the permission of the Afghan authorities for monument conservation.
It also said its work had been stopped by Unesco's head in Kabul who had recommended that it be bulldozed. Icomos described this as "an insulting proposal for a brutal action, which would continue the destructive work of the Taliban".
The destruction of the Bamiyan Buddhas in 2001 shocked the world and drew attention to the hardline rule of the Taliban.
Six months later, the Taliban's al-Qaida allies launched the 11 September attacks on the United States. US-backed Afghan forces ousted the Taliban weeks later.
Since then, there have been proposals for the statues to be rebuilt but the government has yet to settle on a plan.
The government's director of historical monuments said he was in favour of rebuilding the statues if the World Heritage Committee (WHC) approved of a design.
"The WHC has not approved but the government of Afghanistan has requested to rebuild the statue," the director, Abdul Ahad Abassi, told Reuters at his office in Kabul.
"If the WHC accepts this request, then we will proceed."
The controversial work had taken place over two weeks in an eastern niche, where the smaller, 38 metre (124 foot), statue once stood overlooking the valley. Its larger companion, to the west, towered 55 metres (180 feet) over the ancient Silk Route.
Abassi said he hoped the statues could be rebuilt with old fragments.
"We'll put the original pieces in their place and maybe use some fillings for those that have vanished."
http://www.theguardian.com/world/2014/feb/12/bamiyan-buddha-halted-secret-rebuilding

မန္တလေး ရွှေနန်းတော်ကျောင်း ပျက်စီးမှု အတိအကျ သိရှိနိုင်ရန် 3D ရိုက်ကူးမည်


မန္တလေး၊ ဖေဖော်ဝါရီ ၁၄

သစ်သားထွင်း အနုပညာ ရှေးဟောင်းလက်ရာ တစ်ခုဖြစ်သည့် မန္တလေးမြို့တော်ရှိ ရွှေနန်းတော်ကျောင်း ရေရှည် တည်တံ့ရေးအတွက် အမေရိကန်နိုင်ငံ အခြေစိုက် World Monuments Fund အစီအစဉ်ဖြင့် ပြုပြင်မည်ဖြစ်ရာ ပျက်စီးမှုများ အတိအကျ သိရှိနိုင်ရေးအတွက် လာမည့် ဧပြီလတွင် လေဆာ စကင်နာစက်ဖြင့် 3D ရိုက်ယူမည် ဖြစ်ကြောင်း World Monuments Fund ပရိုဂရမ် ဒါရိုက်တာ Jeffrey Allen က ပြောကြားသည်။

ယင်းသို့ ရိုက်ယူပြီးပါက ပျက်စီးနေသည့် အပိုင်းများ တွေ့လာနိုင်ပြီး ထိန်းသိမ်းရန် နည်းလမ်းများ သိရှိမည့်အပြင် ပုံစံတူ မှတ်တမ်း အဖြစ်လည်း ကျန်ရှိမည် ဖြစ်ကြောင်း အဆိုပါ ရွှေနန်းတော်ကျောင်း ထိန်းသိမ်းရေး စီမံကိန်းနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ထည့်သွင်း ပြောကြားသည်။

လက်ရှိတွင် မီးဘေး အန္တရာယ်ကာ ကွယ်ရေးနှင့် ရေနုတ်မြောင်းများ တူးဖော်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်နေကြောင်း၊ ပြုပြင် ထိန်းသိမ်းရေးမှာ ၁၀ လအတွင်း ပြီးနိုင်သော်လည်း ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန ဝန်ထမ်းများ ပညာရယူနိုင်ရန်နှင့် အများပြည်သူ လေ့လာနိုင်ရေးအတွက် ၂၀၁၆ ခုနှစ်ထိ ပြင်ဆင် ဆောင်ရွက်သွားမည်ဖြစ်ကာ ရေမြောင်း တူးဖော်ခြင်းကို စက်တင်ဘာလ အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

အမေရိကန်ဒေါ်လာ ငါးသိန်းဖြင့် ပြုပြင်သွားမည့် ရွှေနန်းတော် ကျောင်းကြီး တွင် ပန်းနွယ်ပန်းခက် အနုစိတ်လက်ရာ ၇၅ ရာခိုင်နှုန်းခန့် ကျန်နေသေးပြီး ၂၅ ရာခိုင်နှုန်း ပြုပြင်ရန် လိုအပ်နေကြောင်း၊ တည်ဆောက်မှု ကိုယ်ထည်ပိုင်းမှာ ၆၀ ရာခိုင်နှုန်းခန့် ကောင်းနေပြီး ၄၀ ရာခိုင်နှုန်းခန့် ပြင်ဆင်ရန် လိုအပ်ကြောင်း ဗိသုကာ ပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က ပြောကြားသည်။

မြန်မာနိုင်ငံရှိ ကျွန်းဖြင့် တည်ဆောက်ထားသည့် အဆောက်အအုံများကို ရှေးမူမပျက် ထိန်းသိမ်းရန် ရန်ပုံငွေ ထပ်မံတင်ပြထားကြောင်း ရွှေနန်းတော် ကျောင်းပြုပြင် ထိန်းသိမ်းမှု အောင်မြင်ပါက ရန်ပုံငွေ ရနိုင်ကြောင်းလည်း World Monuments Fund မှ ပရိုဂရမ် ဒါရိုက်တာ Jeffrey Allen က ပြောကြားသည်။

မြန်မာ-အမေရိကန်နိုင်ငံအကြား ရွှေနန်းတော် ကျောင်းပြုပြင်မှု မှာ မြန်မာနိုင်ငံ၏ ရှေးဟောင်း လက်ရာများကို နိုင်ငံခြား ပညာရှင်ဖြင့် ပထမဦးဆုံး ပူးပေါင်း ပြင်ဆင်ခြင်း ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေက ပြောကြားသည်။

ရွှေနန်းတော်ကျောင်း ပြုပြင် ထိန်းသိမ်းရေး စီမံကိန်း ဖွင့်လှစ်ပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီက ယင်းရွှေနန်းတော်ကျောင်းတွင် ကျင်းပခဲ့ပြီး ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် Derek Mitchell တို့ တက်ရောက်ခဲ့သည်။

Friday, February 14, 2014

မန္တလေး ရွှေကျောင်းတော် ပြုပြင်ရေး အခမ်းအနားနှင့် စတင်


Saturday, February 15, 2014
ရှေးခေတ်မင်းတုန်းမင်းလက်ထက် သစ်သားပန်းပုနဲ့ အနုစိတ်ကနုတ် လက်ရာတွေ ရှိရာ မန္တလေးမြို့က သမိုင်း ၀င် ရွှေနန်းတော်ကျောင်း ခေါ် ရွှေကျောင်းကြီး ရှေးမူလက်ရာ မပျက် ပြုပြင် ထိန်းသိမ်းဖို့အတွက် ရန်ကုန်မြို့ အမေရိကန်သံရုံး၊ မြန်မာ့ယဉ်ကျေးမှု ၀န်ကြီးဌာနနဲ့ အမေရိကန်အခြေစိုက် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေး NGO အဖွဲ့တခုဖြစ်တဲ့ World Monuments Fund အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်သွားမယ့် အစီအစဉ်ကို ဒီကနေ့ ဇန်န၀ါရီလ ၁၄ ရက်နေ့မှာ အခမ်းအနားနဲ့ စတင်ဖွင့်လှစ် လိုက်ပါတယ်။

ဒီအစီအစဉ်အရ ရှေးခေတ် အနုစိတ် ပန်းပုလက်ရာတွေနဲ့ သစ်သားထည်သက်သက် တည်ဆောက် ထားတဲ့ ရွှေကျောင်းကြီး ကို ရှေးလက်ရာမပျက် ထိန်းသိမ်း စောင့်ရှောက် သွားနိုင်အောင် လာမယ့် ၂ နှစ်တွင်း မြန်မာနိုင်ငံက ဒေသခံ လက်မှု ပညာရှင်တွေနဲ့ အစိုးရပိုင်းက ပညာရှင်တွေကို အမေရိကန် ပြည်ထောင်စုက ကျွမ်းကျင်ပညာရှင်တွေက နည်းပညာ အကူအညီတွေနဲ့အတူ သင်တန်းတွေ ပေးအပ်သွားမှာဖြစ်ပါတယ်။

ဒီအစီအစဉ် စတင်ဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဌာနလက်အောက် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးအဖွဲ့ AFCP က အကြမ်းဖျင်း ဒေါ်လာ ၅ သိန်း ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။ ဒီစီမံကိန်းက မြန်မာနိုင်ငံရဲ့ ကွဲပြားတဲ့ ယဉ်ကျေးမှုတွေနဲ့ ဘာသာတရားတွေကို အမေရိကန်သံရုံးရဲ့ အလေးထား တန်ဖိုးထားတယ်ဆိုတဲ့အချက်ကို ထင်ဟပ်စေမှာဖြစ်တယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ ရန်ကုန် အမေရိကန် သံရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ် ကြွယ်ဝမှုတွေကို မီးမှောင်းထိုးပြရာ ရောက်ပြီး ဒီ ယဉ်ကျေးမှု အမွေအနှစ်တွေထဲမှာ အဓိကကျတဲ့ ရွှေကျောင်းကြီးကို ထိန်းသိမ်း စောင့်ရှောက်သွားဖို့ မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်ခွင့်ရတာဟာ နှစ်နိုင်ငံ ဆက်ဆံရေးမှာ အရေးပါတဲ့ ကဏ္ဍသစ် တခု ဖွင့်လစ်နိုင်ခြင်း ဖြစ်တယ်လို့လည်း ဒီကနေ့ ဖွင့်ပွဲအခမ်းအနားမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်မစ်ချဲလ် က ပြောသွားခဲ့ပါတယ်။

မင်းတုန်းမင်းကြီးလက်ထက် ကတည်းက စတင် ဆောက်လုပ်ခဲ့ပြီး မြန်မာ ဘုရင် နောက်ဆုံးမင်းဆက် သီပေါလက်ထက်မှာ အပြီးသတ် ဆောက်လုပ်ခဲ့တဲ့ ရွှေကျောင်းကြီးဟာ အခုဆိုရင် နှစ်ပေါင်း ၁၀၀ ကျော် ခဲ့ပြီဖြစ်ပြီး ခရီသွား နေ့စဉ် ဧည့်သည်တွေ အများအပြား လာရောက် ကြည့်ရှုလည်ပတ်ကြ တဲ့ နေရာ တခု ဖြစ်ပါတယ်။

VOA

Wednesday, February 5, 2014

ရွှေတိဂုံစေတီ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်တော့မလား


ရွှေတိဂုံ စေတီကြီးကို အရှေ့ဘက်မုခ် ဗဟန်းဘက်မှ တွေ့မြင်ရစဉ်(ဓာတ်ပုံ – ကိုစိုး)

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီကြီးကို ကမ္ဘာ့ အမွေအနှစ် စာရင်း(World Heritage) ထည့်သွင်းနိုင်ဖို့ အတွက် ယဉ်ကျေးမှုဝန်ကြီးဌာန က စတင် စီစဉ်နေပါတယ်။

သက်ဝင်ရှင်သန်နေဆဲ အဆောက်အအုံ(Living Monument) ဖြစ်တဲ့ ရွှေတိဂုံ စေတီကြီးကို ကုလသမဂ္ဂ ပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO)ဆီ ပထမအဆင့်အနေနဲ့ အဆိုပြု စာရင်း(Tentative List) တင်သွင်းမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ နိုင်ငံတကာ စည်းမျဉ်း၊ စည်းကမ်းများ အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ယဉ်ကျေးမှု ၀န်ကြီးဌာနက ဆိုပါတယ်။

“အဆိုပြုစာရင်းတင်ပြီးရင် လျှောက်ခွင့်ရှိသွားပြီလို့ ဆိုရမှာပါ၊ ရွှေတိဂုံတို့ ပုဂံတို့ဆိုတာ လူသိများပြီးသားဖြစ်ပေမယ့် ကမ္ဘာ့ အမွေ အနှစ် စာရင်းသာဝင်သွားရင် ကျနော်တို့နိုင်ငံ ပုံရိပ်ကို ပိုတက်သွားမှာပါ”လို့ ရှေးဟောင်း သုတေသနနဲ့ အမျိုးသား စာကြည့်တိုက် ညွန်ကြားရေးမှူးချုပ် ဦးကျော်လွင်ဦး က ပြောပါတယ်။

World Heritage စာရင်းသွင်းခံရဖို့ အတွက် နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်တွေနဲ့ စစ်ဆေးရမှာဖြစ်ပြီး ရွှေတိဂုံဘုရား ၀န်းကျင် အဆောက်အအုံ ဆောက်လုပ်မှုနဲ့ ပတ်သက်ပြီး ကန့်သတ်ထိန်းချုပ်မှုများရှိလာနိုင်တဲ့အပြင်၊ ကမ္ဘာလှည့်ခရီးသွားများ လာရောက် လည်ပတ်မှုကိုလည်း လျှော့ချကောင်း လျှော့ချနိုင်တယ်လို့လည်း သူက ဆိုပါတယ်။

“အန်ကောဝပ်ဆို ကမ္ဘာလှည့်ခရီးသွားက တနှစ်ကို ၇ သန်း လောက် လာတယ်၊ လူတွေကြောင့် ရှေးဟောင်း အဆောက်အအုံ တွေ ထိခိုက်ပျက်စီးမှု မရှိရအောင် အခုကတည်းက ဧည့်သည်အရေအတွက် လျှော့ချနေပြီ၊ ဆိုးကျိုးနဲ့ ကောင်းကျိုးကတော့ ဒွန်တွဲနေ တာ ပါပဲ”လို့ ဦးကျော်လွင်ဦး ဆက်ပြောပါတယ်။

ကမ္ဘာ့ အမွေအနှစ်စာရင်း လျှောက်ထားခြင်း အစီအစဉ်ဟာ အချိန်ကာလအားဖြင့် လေးနှစ်ခန့်ကြာနိုင်ပြီး နိုင်ငံတကာ ပညာရှင်တွေကို ဖိတ်ခေါ်စစ်ဆေးရတဲ့ အတွက် ငွေကြေး အများအပြား ကုန်ကျနိုင်တယ်လို့လည်း သိရပါတယ်။

သမိုင်းတန်ဖိုး ကြီးမားတဲ့ ရွှေတိဂုံစေတီကြီးဟာ လက်ရှိအခြေအနေမှာ UNESCO ရဲ့ စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီ နိုင်တဲ့အတွက် World Heritage အဖြစ် စာရင်းဝင်ဖို့ ရာနှုန်းပြည့် ဖြစ်နိုင်တယ်လို့လည်း ရှေးဟောင်း ယဉ်ကျေးမှုဌာန က ယုံကြည်နေပါတယ်။

ဘာသာရေး သမိုင်းအရ ရွှေတိဂုံစေတီကြီးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ကျော် ဥက္ကလာပ မင်းကြီး လက်ထက် မဇ္စျိမ ဒေသ သား တဖုဿ နဲ့ ဘလ္လိက ကုန်သည်ညီနောင် က ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဓာတ်တော်များနဲ့ သိဂုင်္တ္တရ ကုန်းတော်မှာ တည်ထားခဲ့တယ်လို့ ဆိုပေမယ့် တချို့ သမိုင်းပညာရှင်တွေနဲ့ ရှေးဟောင်း သုတေသနပညာရှင်တွေ ကတော့ ၆ ရာစုနဲ့ ၁၀ ရာစုကြားမှာ မွန်တို့ တည်ခဲ့ တယ်လို့ သုံးသပ်ကြပါတယ်။

မွန်ဘုရင်တဦးဖြစ်တဲ့ ဗညားဦး လက်ထက်နဲ့ ဘုရင်မကြီး ရှင်စောပု လက်ထက်မှာ ဉာဏ်တော်ကို လက်ရှိအနေအထားထက် မြှင့်ပြီး ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။

၁၇၆၈ ခုနှစ် ဆင်ဖြူရှင်မင်း လက်ထက်မှာတော့ သဘာဝ ဘေးအန္တရာယ်ဖြစ်တဲ့ မြေငလျင်ဒဏ်ကြောင့် ထီးတော် မြေခခဲ့ရတဲ့အတွက် ထပ်မံပြင်ဆင် ရပါသေးတယ်။

လက်ရှိမှာတော့ ရွှေတိဂုံစေတီတော်ကြီးရဲ့ အဉာဏ်တော် အမြင့်ဟာ ပေပေါင်း ၃၆၈ ပေ ရှိတယ်လို့ သိရပါတယ်။

အဲဒီ ရွှေတိဂုံ စေတီတော်ကြီးကို ကမ္ဘာ့ အမွေအနှစ်ဖြစ်နိုင်အောင်လို့ ပထမဆုံးအကြိမ် အဆိုပြုစာရင်း တင်သွင်းမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၁၉၉၆ ခုနှစ် စစ် အစိုးရ လက်ထက်မှာ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များဖြစ်တဲ့ အင်းဝ၊ စစ်ကိုင်း၊ အမရပူရ၊ မင်းကွန်း၊ မန္တလေး မြို့ဟောင်းများ၊ မွန်ရှေးဟောင်းမြို့ ပဲခူး ဟံသာဝတီ၊ ရခိုင်ပြည် မြောက်ဦး ဒေသ၊ ပုဂံရှေးဟောင်း အမွေအနှစ် ဒေသရှိ အဆောက်အအုံများ၊ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူမြို့ သုံးမြို့ အပါအ၀င် အုံတုံ၊ စလေ၊ ပခန်းကြီး၊ ပခန်းငယ်၊ လယ်ကိုင်း ကျောင်းတော်ရာ၊ စကု၊ ရွှေကျောင်း(မန္တလေး)တို့မှာရှိတဲ့ သစ်သားဘုန်းကြီး ကျောင်းတွေနဲ့ သဘာဝဆိုင်ရာ အမွေအနှစ် အဖြစ် ပြဒါးလင်းဂူ၊ အင်းလေးကန် တို့ကိုလည်း ကမ္ဘာ့ အမွေအနှစ်တင်သွင်းဖို့ UNESCO ကို အဆိုပြုစာရင်း တင်သွင်းခဲ့ပါသေး တယ်။

ပုဂံ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဒေသကတော့ စီမံခန့်ခွဲမှု(Management Plan) အားနည်းခြင်း၊ ရှေးဟောင်းဇုန် နယ် နိမိတ် များ တိတိကျကျ မသတ်မှတ်ရသေးခြင်း၊ ရှေးဟောင်း အဆောက်အအုံများ ထိန်းသိမ်းခြင်းဆိုင်ရာ ဥပဒေ မပြဌာန်းရသေး သည့်အတွက် UNESCO က လိုအပ်ချက်များကို ပြန်လည်ပြုလုပ်ပြီးမှ တင်သွင်းဖို့ မှတ်ချက်ချခဲ့ပေမယ့် အခုအထိ ပြန်လည်တင်သွင်း နိုင်ခြင်းမရှိသေးပါဘူး။

ဒါဟာ စစ်အစိုးရလက်ထက် ပုဂံဒေသရှိ ရှေးဟောင်း စေတီပုထိုး တချို့ စည်းကမ်းမဲ့ အလွန်အကျွံပြုပြင်ခြင်း ခံရခြင်းနဲ့လည်း သက်ဆိုင်နိုင်ပြီးတော့ အခုအခါမှာ အာနန္ဒာ ဘုရားကိုတော့ အိန္ဒိယနိုင်ငံ အကူအညီနဲ့ ရှေးဟောင်းယဉ်ကျေးမှုက စနစ်တကျ ပြင် ဆင်နေပါတယ်။

အခုနှစ်လယ်ပိုင်းမှာတော့ ပျူမြို့ သုံးမြို့ဖြစ်တဲ့ ဟန်လင်း၊ ဗိဿနိုး နဲ့ သရေခေတ္တရာ တို့ကို UNESCO က ကမ္ဘာ့ အမွေအနှစ် စာရင်း ထည့်သွင်း မသွင်း ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ စာရင်းသွင်းခံရင်တော့ မြန်မာပြည်မှာ ပထမဆုံး ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ဖြစ်လာမှာပါ။

မြန်မာ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ အယုဒ္ဓယနဲ့ ဆူခိုထိုင်း မြို့ဟောင်းများအပြင် တခြားသော သဘာဝဆိုင်ရာ အမွေအနှစ် နေ ရာ သုံးခုနဲ့ လာအို နိုင်ငံမှာတော့ လွမ်ဖရာဘန် မြို့ဟောင်းတို့ဟာ ကမ္ဘာ့ အမွေအနှစ်အဖြစ် အသိအမှတ်ပြု ခံထားရပါတယ်။

ဧရာဝတီ

Sunday, February 2, 2014

ဧရာဝတီ တံတားကြီး (ပခုက္ကူ) အနီး ရှေးဟောင်း မြပုခက်ဘုရားကြီး ပြုပြင်ရာမှ ဌာပနာ ပစ္စည်းများ တွေ့ရှိ



ညောင်ဦး ဇန်နဝါရီ ၃ဝ

မန္တလေးတိုင်း ဒေသကြီး ပုဂံညောင်ဦးမြို့နယ် နာမည်ကျော် ဧရာဝတီတံတားကြီး (ပခုက္ကူ) အနီး လက်ပန်ခြေပေါ်ရွာ မြသိန်းတန် မြွေဘုရားကြီးအနီး မြပုခက်ဘုရားကြီး ပြုပြင်ရာမှ ရှေးဟောင်း

အမွေအနှစ် ဌာပနာပစ္စည်းများ တွေ့ရှိကြောင်း သိရသည်။ လက်ပန်ခြေပေါ် ရွာကြီးသည် ပုဂံနေပြည်တော်ကြီးစတင် တည်ထောင်စဉ်က ပါဝင်ခဲ့သော ပုဂံ ၁၉ ရွာ၌ တစ်ရွာ အပါအဝင်ဖြစ်သည်။ ''ကျွန်တော်တို့ရွာက ပုဂံခေတ်ကတည်းက ရှိခဲ့တဲ့ရွာပါ လယ်ထွန်ရင်း၊ ယာထွန်ရင်း ပျူခေတ်၊ ပုဂံခေတ် အသုံးအဆောင်တွေ တွေ့ရှိရတတ်တဲ့ ဒေသပါ'' ဟု လက်ပန်ခြေပေါ် ရွာသားတစ်ဦး က ပြောသည်။ မြသိန်းတန် မြွေဘုရားကြီးသည် စပါးကြီး မြွေများရှိသောကြောင့် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးများနှင့် စည်ကားနေသော ဘုရားကြီး ဖြစ်သည်။

မြပုခက်ဘုရားကြီးကို ဇန်နဝါရီ၂၅ ရက်က လုပ်အားဒါနပြုရာမှ ည ၇ နာရီခွဲတွင် လူငယ်တစ်ဦး မြေကျွံကျခဲ့ရာမှ အလျားနှစ်တောင်၊ အနံတစ်တောင်ခန့်ရှိ အုတ်သေတ္တာအတွင်း မြတ်စွာဘုရား ဗျာဒိတ်ပေးတော်မူပုံမှ ပရိနိဗ္ဗာန်စံသည့် ရုပ်ပွားတော် အဆူရေ ၆ဝ နီးပါး တွေ့ရှိခဲ့ပြီး အချို့ရုပ်ပွားတော်များမှာ ခေတ်ကာလ ဖော်ပြရန်ပင် ခက်ခဲမှုများရှိသည့် ရုပ်ပွားတော်များ ဖြစ်ကြောင်း သိရသည်။

Myawady News

Thursday, January 30, 2014

ပျူမြို့ ဟောင်းတွေကို UNESCO လာရောက်ကြည့်ရှု


BC နှစ်ရာစု ကတည်းက ရှိခဲ့တယ်ဆိုတဲ့ ပျူမြို့ ဟောင်းတွေကို ကုလသမဂ္ဂ လက်အောက်ခံ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO ရဲ့ အသိအမှတ်ပြု ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဖို့ UNESCO တာဝန်ရှိ ပုဂ္ဂိုလ်တွေ ပြီးတဲ့အပတ်က နောက်ဆုံး အဆင့် လာရောက် စစ်ဆေးသွားပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကျော်လောက် ကတည်း က ပျူလူမျိုးတွေ နေထိုင်ခဲ့တယ်ဆိုတဲ့ ရွှေဘိုခရိုင် ဝက်လက် မြို့ နယ်ထဲက ဟန်လင်း၊ မကွေးတိုင်း တောင်တွင်းကြီး မြို့ နယ်ထဲက ဗိဿနိုး၊ ပဲခူးတိုင်း ပြည်မြို့နယ်ထဲက သရေခတ္တရာ စတဲ့ ပျူခေတ် မြို့ ဟောင်းတွေကို UNESCOက ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် အဖြစ် အသိအမှတ်ပြုဖို့ သုံးသပ်နေတာ ဖြစ်ပါတယ်။

UNESCOရဲ့ စံနှုန်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီပြီး ရှေးဟောင်း အမွေအနှစ် အဖြစ် လက်ခံမယ် ဆိုရင်တော့ ဒီမြို့ ဟောင်းတွေဟာ ပထမဆုံး ကမ္ဘာ့အဆင့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် အဖြစ် အသိအမှတ် ပြုခံရတဲ့ မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ဖြစ်လာလိမ့်မယ်လို့ ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြောပါတယ်။

အခုလို UNESCOက လာရောက် စစ်ဆေးတဲ့ အဆင့် ရောက်အောင် ၂၀ဝ၉ ခုနှစ်ကတည်းက ဆက်သွယ် တင်ပြခဲ့တာ ဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ UNESCO က အကြိမ်ကြိမ် လာရောက် ကြည့်ရှု စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ရှေးဟောင်း ယဉ်ကျေးမှု ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ပြီလို့ အသိအမှတ် ပြုလိုက်ပြီ ဆိုရင် လာရောက် လေ့လာမယ့် နိုင်ငံခြားသားတွေ များပြားလာနိုင်တာမို့ အခြေခံ အဆောက်အအုံတွေနဲ့ လမ်းပန်း ဆက်သွယ်ရေး အတွက်လည်း အခုကတည်းက စတင် ပြင်ဆင်နေပြီလို့ ရှေးဟောင်း သုတေသနနဲ့ အမျိုးသား ပြတိုက် ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ဘီဘီစီကို ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)


လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်က ပျူလူမျိုးတွေ နေထိုင်ခဲ့တဲ့ ပျူမြို့ဟောင်းတွေ