Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 15, 2017

စစ်အစိုးရ ကလွှတ်လိုက်တဲ့ ထောက်လှမ်းရေးတစ်ယောက်လို့ ဘယ်လိုဝန်ခံခဲ့ရသလဲ???


ထောက်လှမ်းရေးအဖြစ် ဘယ်လိုဝန်ခံခဲ့ရသလဲ ဆိုတာ တစ်ချို့သိချင်ကြတယ်။

၁၉၉၁ စက်တင်ဘာ ၁၀ရက်နေ့
မနက် ၅ နာရီကျော်လောက်မှာ ကျနော်အဖမ်းခံရတယ်။

အဖမ်းခံရတဲ့နေရာက အတွင်းရေးမှူး မျိုးဝင်းတဲမှာ။
ကိုညီညီကျော် နဲ့ ကုတင်တစ်လုံး ၂ ယောက်အိပ်နေတာ။သူကအတွင်းနံရံဘက်။

ဟိုဘက်ကပ်လျှက်ကုတင်မှာ ကိုအောင်ကြီး သို့ ကိုစိန်အေးအိပ်တယ်

အတွင်းဘက်နောက်တစ်ခန်းမှာ ကိုသိုက်ထွန်းဦး ၅၀၁ ရင်းမှူးအိပ်တယ်။

လူသံတွေကြားလို့ အခန်းဝင်ပေါက်ဝကို ခေါင်းထောင်ကြည့်တော့
ကျော်ထင်ဦး(ကျောင်းသား ထလရ&IO)က
မလှုပ်နဲ့ဆိုပီး မျက်နှာကို M20 ပစ္စတိုနဲ့ချိန်ထားတယ်။

ကပ်လျှက်ပါလာတာက တွဲ/အတွင်းရေးမှူး၁ လဆိုင်း။
(ယခု မြောက်ပိုင်း ABSDF ဥက္ကဌ)
ထလရ ရဲဘော်ထဲက နောက် တစ်ယောက်ပါသေးတယ်။

M22, M21ကိုင် လုံခြုံရေးပါတာက
လက်သီး ခေါ် ဇော်မြင့် နဲ့ ရာဟု။
COMMANDO တပ်စုကပါ။

လက်ပြန်ကြိုးတုတ်တယ်
ဘေးက ကိုညီညီကျော်က ကျုပ်ကောပါလားလို့ မေးတော့ ကျော်ထင်ဦးက ပါတယ်ဆိုပြီး
သူ့ပါကြိုးတုတ်ကြတယ်။

အခန်းပြင်ထုတ်ခေါ်လာတော့
အောက်ကုန်းအဆင်းမှာ
အပေါ် ဥက္ကဋ္ဌ တဲဆီကနေ
ကိုထွန်းအောင်ကျော်
ကိုချိုကြီး
ကိုရာပြည့်
ကိုအောင်မင်းနဲ့
ဆမားညီညီ (ပါသည်ထင်)
အတွဲလိုက် ဖမ်းလာတာမြင်လိုက်တယ်။
နောက်မှပြန်သိတာက ဘိုဘို
ဝဏဇော် အပါ အယောက်၂၀ လောက် အဲ့ညနဲ့ မနက် အဖမ်းခံရတယ်ဆိုတာသိရပါတယ်

အောက်စစ်ရုံးထဲကွေ့ဝင်ခိုင်းတော့
ရေချောင်းအကျော် စာကြည့်တိုက်
နဲ့နိုင်ငံရေးမှူးတဲထဲကနေ လေးစိန်ကို စစ်ဆေးပြီး ပြန်ထုတ်သွားတာမြင်တယ်။

စစ်ရုံးထဲဝင်ခါနီး ထလရ တဲ ထဲကနေ မနန်းအောင်ထွေးကြည်ကို စစ်ဆေးပြီး ပြန်ခေါ်ထုတ်သွားတာမြင်တယ်။

စစ်ရုံး အလယ်ခေါင် အခန်းမှာ ရန်အောင်နဲ့ ကပ်လျက် နံရံမှာ ကြိုးတန်းလန်းနဲ့ မတ်တပ်ချည်ထားတယ်။

နောက်မှ ကိုထွန်းအောင်ကျော်ကို အတွင်းခန်းမှာ လာထည့်ထားတယ်
မိုင်း လက်နက်တွေ သိမ်းတဲ့ စတိုခန်းတွေဘက်မှာ။
ကိုညီညီကျော်က တစ်ဖက်ခန်း မှာလို့ထင်ပါတယ်။

အထွေထွေအတွင်းရေးမှူးအောင်နိုင် လာကြည့်တယ်။ခေါင်းတညိမ့်ညိမ့် မေးတဆဆနဲ့ ဆရာကြီးဂိုက်ဖမ်းရင်း လည်ပင်းက အဆိပ်ထုတ်ဘယ်မှာလဲတဲ့။

မြို့မှာကတည်းက အဆောင်သဘောမျိုး ခေါင်းအုံးလို အဝါရောင် အထုတ်လေးကို
ကြိုးနဲ့လည်ပင်းမှာဆွဲထားခဲ့တာ။

ရှေ့တန်းနယ်မြေ တပ်ရင်း၁၁ဘက်မှာ ရေချိုးရင်းပျောက်ကျန်နေခဲ့တာမို့ မရှိတော့ဘူးပြောလိုက်တယ်
ပြသနာတော့စပြီ တွေးမိပါတယ်
မေးတဆတ်ဆတ် ခေါင်းတညိမ့်ညိမ့်နဲ့ တွေ့ဦးမှာပေါ့ဆိုတဲ့ အိုက်တင်နဲ့ ပြန်ထွက်သွားတယ်။

နေ့ခင်းလောက် တွဲအတွင်းရေးမှူး၁ လဆိုင်း ဝင်လာတယ်
အမူအယာတွေကတော့ စောစောကပြောတဲ့ အတိုင်း ရုပ်ရှင်ထဲက overaction တွေလိုပေါ့။

သူပြောတဲ့စကားက မင်း ဘာတတ်နိုင်သေးလည်း ဆိုတာမျိုးပါ။
မျက်နှာသေချာစိုက်ကြည့်ပီး ခင်ဗျားတို့သတ်ချင်သတ်လိုက်လို့
အော်ပြောလိုက်တယ်။

ခေါင်းတညိမ့်ညိမ့်နဲ့ မေးစေ့ပွတ်ပီး တွေ့ဦးမှာပေါ့ ဆိုတဲ့ အကြည့်နဲ့ကြည့်ပြီး ပြန်ထွက်သွားတယ်

ညနေစောင်းလောက်
အတွင်းရေးမှူး၂ မျိုးဝင်း
တဲထဲဝင်လာတယ်
လူကိုမကြည့်ဘဲ အခန်းနံရံတွေမော့ကြည့်ပြီး
ဟေ့ ဘယ်လိုလဲကွ

မင်းအေးဆေးနေပါကွာ
မင်းကသိပ်တော့ကိစ္စ မရှိပါဘူး ဆိုတာမျိုးပြောပြီး
ပေါ့ပေါ့ပါးပြန်ထွက်သွားတယ်

မဖမ်းမဖြစ်မို့ဖမ်းလိုက်တယ်ဆိုတာမျိုးပြောသွားတယ်ထင်ပါတယ်

၁၅.၈.၂၀၁၇
.............................................................................
နောက်နေ့မနက် စစ်ကြောရေးလုပ်ဖို့
စစ်ရုံးထဲကနေ ထလရ တဲကို လက်ပြန်ကြိုးတုတ်ခေါ်သွားတယ်

တဲထဲက တဲခေါင်တိုင်ခြေရင်းမှာ တိုင်နဲ့လူနဲ့လက်နောက်ပြန်ချည်တွဲထားတယ်။
ခြေထောက် ၂ချောင်းကို ကြိုးနဲ့တုတ် ဆန့်ထုတ်ထားပီး မြေကြီးက ငုတ်နဲ့ ချည်ထားတယ်။

စစ်မေးတဲ့သူတွေက လဆိုင်း (သူကသစ်လုံးပိုင်းတစ်ခုမှာခြေချိတ်ထိုင်ပီး အောင်သေအောင်သားစားမယ့် မျက်နှာပေးနဲ့) ကျော်ထင်ဦး နဲ့ ကျောင်းသားထလရထဲက နောက်တစ်ယောက်။
သေနတ်ကိုင်လုံခြုံရေးက
လက်သီး ခေါ် ဇော်မြင့်

မေးခွန်းကတစ်ခုတည်းဘဲ။ ထောက်လှမ်းရေးဟုတ်/မဟုတ်
ဒါဘဲ။
ငါတို့အကုန်သိပြီးပြီ ဘာမှလိမ်ဖို့မကြိုးစားနဲ့။
အမှန်အတိုင်းဖြေ။ ဖြူစင်ပါ ရိုးသားပါ။
ဒါတွေဘဲပြောတာပါ။

ထလရ မဟုတ်ပါဘူးပြောတိုင်း ကျော /ပုခုန်း /နဲ့ ဆန့်ထားတဲ့ပေါင်ကို ငါးမူးလုံးလောက်တုတ်နဲ့အဆက်မပြတ်ရိုက်တယ်။ညိုသကျည်းကို မျဉ်းလုံးနဲ့လှိမ့်ပါတယ်

ဝန်မခံသေးတော့ အဲဒီကတစ်ဆင့်တက်လို့ ဓာတ်ခဲထည့်သုံးတဲ့ လက်လှည့်တယ်လီဖုန်း ယူလာပြီး ဖြေဖမိုး
ခြေမ ပုခုံး လက်တွေကို လျှော့တိုက်တယ်
ဝါယာ ၂ စနဲ့တို့ထိထားပြီး လက်လှည့်တံကို အဆက်မပြတ်လှည့်တဲ့အခါ ဝါယာရှော့တိုက်သလို ကျင်သွားစေတဲ့ နည်းပါ

ခြေမကိုရှော့တိုက်ရင် ကိုယ်ထဲအထိ
ကျင်တဲ့အတန်းကြီး ဝင်သားသလို အတော်ခံရခက်တဲ့အခြေအနေပါ။

ပုခုံးတွေ လက်ကောက်ဝတ်တွေကိုလည်း
လျော့တိုက်လိုက် ထလရ ဟုတ်လား မဟုတ်ဘူးလား
မဟုတ်ဘူးဆို လက်လှည့်ကို ကြာကြာလှည့်တော့ ရိုးတွင်းချဉ်ဆီအထိ ကျင်တာ ဘယ်လိုမှမခံနိုင်ပါ

ဝန်မခံသေးတဲ့အတွက် ကျွတ်ကျွတ် အိတ်ကိုခေါင်းမှာစွပ်
ကြာကြာထား အသက်ရှူကြပ်အောင်လုပ်ပီးစစ်ပါတယ်

အသက်ရှူမဝတဲ့ဒုက္ခ က တော်တော်ကြီးပါတယ်
ကြိုးတုတ်ထားတဲ့ကြားက အသက်မရှူနိုင် လေမရှိလို့ အနာခံပြီးပခုံးတွေ ခေါင်းတွေစောင်း ပြီး တတ်နိုင်သလောက်လူးလှိမ်းပြီး အိတ် ကလွတ်အောင်လုပ်ပေမယ့်မလွယ်ပါဘူး။

သေမယ်ထင်လို့ ပြန်ဖွင့်ပေးမှ ဖုတ်လှိုက်ဖုတ်လှိုက်လေပြန်ရှူရပါတယ်
ကိုယ်တွေက ထောက်လှမ်းရေးမဟုတ်တာကို မဟုတ်ကြောင်း အသေခံငြင်းမယ် စိတ်ရှိပေမယ့် တကယ့်ကျဉ်းကြပ်ထဲ ရောက် ထွက်ပေါက်မဲ့နေတဲ့အချိန်မှာ တကယ်မလွယ်လှပါဘူး။

၄၅ မိနစ် တစ်နာရီလောက်မှာ လူကခံနိုင်ရည် နဲလာပါပြီ။

နောက်ဆုံးလုပ်တဲ့စစ်ဆေးရေးပုံစံ
ိက ခေါင်းကိုကျွတ်
ကျွတ်အိပ်စွပ်လည်ပင်းမှာ ချည်တုတ်ထားပါတယ်။

နောက်တစ်ယောက်က ခြေထောက်ကို
ကျင်စက်နဲ့လှည့်ပါတယ်။

နောက်တစ်ယောက်က သစ်သားလုံးအရှည်ကို ညိုသကျည်းပေါ်တင်ပီး မတ်တပ်တက်ရပ် လှိမ့်ပါတယ်။
၃မျိုးပြိုင်တူလုပ်တဲ့အခါ ၃ခါ ၃ ကြိမ်ထက်ပိုမခံနိုင်ပါဘူး။

လုံခြူံရေးအစောင့်က မထင်သလိုကြုံတဲ့နေရာ တုတ်နဲ့ဝင်ရိုက်နေတာကလည်းတစ်ခုအပါအဝင်ပါ။

အဲတော့ထွက်ပေါက်မဲ့နေတဲ့ အခြေအနေမှာ အစဉ်ပြေဆုံးကိုရွေးရတဲ့အခါ
တတိယအချီ တစ်နာရီကျော်ခန့်အကြာမှာ
ရေချိုးထားသလိုရွှဲနေတဲ့ ချွေးတွေနဲ့အတူ
ထောက်လှမ်းရေးဟုတ်လား မဟုတ်ဘူးလား မေးခွန်းအောက်မှာ ဟုတ်ပါတယ် လို့ ဖြစ်သွားပါတော့တယ်။

အဲ့မတိုင်ခင် မနက်က စစ်ရုံးအပြင်က ရေချောင်းလေးထဲမှာ ရန်ကုန်က ကိုသက်နိုင်ကို ထလရသန်းဇော်တို့အဖွဲ့
ခေါင်းကိုခြေနဲ့နင်း ရေထဲနှစ်
ထလရ ဟုတ်မဟုတ် စစ်မေးသံတွေ တဲဘေးကပ်လျှက်က ကြားနေရတာဆိုတော့
အခြေအနေကို တွက်ဆမိထားတာလဲပါတာပေါ့။

ဟုတ်ပါတယ်လို့ ဝန်ခံ လိုက်တာနဲ့
သူတို့တွေရဲ့ အလွန့်အလွန်အားရဝမ်းသာ
ဖြစ်သွားတဲ့အမူအရာတွေ မာန်တက်နေတဲ့စကားနဲ့ အပြုအမူတွေ
မျိုးဝင်းတို့ကို အူယားဖါးယား ပေါ်ပြီဆိုပီး ပြေးသတင်းပို့တာတွေကြည့်ပြီး
လူ့ဘဝမှ အဲ့လောက်ရွံစရာကောင်းတဲ့ကောင်တွေံ မတွေ့မိခဲ့ဘူးလို့ သံဝေဂတရားရပါတယ်။

(ထလရ ဖြစ်သွားခဲ့တဲ့ ဖြစ်စဉ်နဲ့ မြောက်ပိုင်းကို ဘယ်လိုတာဝန်နဲ့လာတယ်ဆိုတဲ့ အကြောင်းကို ဆက်ပါဦးမယ်
ဒီကြားထဲ သူတို့ပြောတဲ့သက်သေခံvedio ထွက်ချက်ကို သူတို့ public ကိုချပြပေးရင်တော့ ကျနော်ရေးစရာမလိုတော့ဘူးပေါ့)

၁၅.၈.၂၀၁၇
..................................................................................
စစ်အစိုးရ ကလွှတ်လိုက်တဲ့
ထောက်လှမ်းရေးတစ်ယောက်လို့ ဝန်ခံလိုက်ရပြီးနောက် ရာထူးအဆင့် မေးတော့ လျှော့ပြောလို့မရမယ့်အတူ ဗိုလ်အဆင့်လို့ ဖြေလိုက်တယ်။

ကိုယ်ပိုင် နံပါတ်မေးတော့ ကျောင်းတုန်းကခုံနံပါတ် တစ်ခုကိုဖြေမိတယ်။ မမှတ်မိတော့။

မျိုးဝင်းကို ဝမ်းသာအားရ သူတို့ သတင်းပို့ပြီးတဲ့နောက် မျို့းဝင်းနဲ့သူတို့ ပြန်ရောက်လာပြီး ဆက်မေးမြန်းကြဖို့ ပြင်ဆင်ကြတယ်။

အဲ့မှာကျနော် အမြန်စဉ်းစားမိတာက ထလရ ဖြစ်စဉ် ရယ် /လုပ်ရတဲ့အလုပ်တွေ /အတူလာခဲ့သူတွေ နဲ့- ကျနော်နဲ့ဆက်စပ်ပြီး ပြသနာဆက်ဖြစ်သွားစေမယ့်ကိစ္စတွေ
တွေးမိတော့ ပြသနာကြီးမယ်လို့တွက်မိတယ်

့ ကိုယ်တိုင်ဘယ် ထလရ အမျိုးစားထဲပါတယ် ပြောရမှန်းမသိဘူး။
ထောက် ၆ ကပါလို့တော့ဖြေခဲ့မိတယ်။

အဲတာနဲ့ မျိုးဝင်းကကိုယ်တိုင် စာရေးထွက်ဆိုချက်ရေးပေးခိုင်းလို့
A4 စာရွက်တွေ ထုတ်ပေးတာနဲ့
စစ်ရုံးထဲမှာ လက်တစ်ဖက်ကြိုးဖြေအနေအထားနဲ့ ထွက်ချက်တွေကိုရေးပေးခဲ့ရတယ်။
နေ့ဝက်လောက်ပဲ အချိန်ကြာတယ်။

စာစုံအောင်လိုက်ဖတ်တတ်တဲ့ အလေ့ကြောင့် သိပ်အခက်အခဲ
မရှိပါဘဲ ထလရ ဖြစ်ရတဲ့ဇာတ်လမ်းတိုတစ်ပုဒ် ရေးပြီးခဲ့တယ်။

အဓိကကတော့ လက်နက် အဆိပ် ပြသနာတွေနဲ့ကင်းအောင်
အတူတောခိုလာသူ များအထိအခိုက်မရှိအောင် ဖြေဖို့ တွေးခဲ့တာပါဘဲ။

အမည်က- ရဲလင်း
အမည်ဝှက်က - မင်းထင်
ရာထူးက - ဗိုလ်
တပ်က - MI 6
ကိုယ်ပိုင်အမှတ် - ခုံအမှတ်တခုဖြေခဲ့

ထလရ ဖြစ်စဉ်- ၁၉၈၅မှာ ၁၀တန်းအောင်ပြီး အဖေ့သူငယ်ချင်း ဒုဗိုလ်မှူးကြီး -----==-
ချိတ်ဆက်ပေးမှုနဲ့ မင်္ဂလာဒုံ ငွေယားတောင်မှာ သင်တန်း ၆လ တက်ရတယ်
(အမှန်က ဗိုလ်သင်တန်းဖြေခဲ့
ဘူးတာကိုရောထည့်လိုက်တာပါ)

တက်ရောက်သင်ကြားခဲ့ရတာတွေက
-အခြေခံစစ်ပညာ
-လက်နက်မျိုးစုံဖြုတ်တပ်ပစ်ခတ်နည်း
-ကိုယ်ခံပညာ
-ထလရနည်းနာနဲ့ သတင်းထောက်လှမ်းနည်းအခြေခံများ
-ကျင့်ဝတ်များ။
- နိုင်ငံရေးဆိုင်ရာသဘောတရားများ
စသဖြင့် ရေးထားတယ်။

သင်တန်းဆင်းပြီးတော့ ဒုဗိုလ်ဘဝနဲ့
နဂိုမူလ ဘဝထဲကိုပြန်ဝင်ရပါတယ်
အဖေ့ရဲ့ဘဏ်တွင်းစာရင်းစစ်ဌာနမှာ အမှန်တကယ်အလုပ်ဝင်ပါတယ်
(cover storyအတွက် ဖြစ်ပါတယ်။)

ဒုတိယနှစ် တတိယနှစ် /သချာင်္အဓိကနဲ့ ရန်ကုန်တက္ကသိုလ်
ဗိုလ်တစ်ထောင်နယ်မြေ လုပ်သားများကောလိပ်
မှာ အလုပ်သဘောအရ တက်ရောက်ခဲ့ရပြီး
ကျောင်းဆရာ /ဆရာမ များနဲ့ ကျောင်းသားများအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီ ug များစိမ့်ဝင်နေမှုကို စုံစမ်းရတဲ့တာဝန်ယူရပါတယ်

လစာအနေနဲ့ အဖေ့အရာရှိလစာ ၄၅၀ ကျပ် သတိရပြီး ၄၅၀ကျပ်လို့ ဖြေထားပါတယ်

ရရှိတဲ့သတင်းအချက်အလက်တွေကို အဆိုပါ ဒုဗိုလ်မှူးကြီးမှတစ်ဆင့်သာ ဆက်သွယ်ဆောင်ရွက်ရတယ်လို့ဖြေထားပါတယ်။

၁၉၈၈ ကျောင်းသားဆန္ဒပြပွဲတွေဖြစ်တော့
ဇွန်လက စလို့ ပါဝင်လှုပ်ရှားသူတွေနဲ့ ရောအသွင်ယူပီး သတင်းတွေရယူခဲ့တယ်လို့
ဖြေဆိုရေးထားပါတယ်။

မြိတ် ထားဝယ်ဒေသအထိရောက်ရှိပြီး သတင်းတွေရယူနိုင်ခဲ့တယ်။ ၁၉၈၈ နှောင်းပိုင်း ကျောင်းသားနိုင်ငံရေးပါတီတစ်ခုမှာ ဒုဥက္ကဌ- ၁ နေရာရယူရင်း ကျောင်းသားနိုင်ငံရေးပါတီ သတင်းတွေ
ug လုပ်ငန်းတွေ / ဗမာပြည်ကွန်မြူနစ်ပါတီ လှုပ်ရှားမှုသတင်းများ စုံစမ်း ရယူခဲ့တယ်လို့ ကိုယ်ဖြတ်သန်းတဲ့ အမှန်တကယ်နိုင်ငံရေးလမ်းကြောင်းပေါ်အခြေခံပြီး ထလရ အလုပ်တွေ ဖြည့်လို့ထွက်ဆိုချက်ပေးလိုက်ပါတယ်

၁၉၈၉ ဇူလိုင် လဆန်းမှာ ဗိုလ်အဆင့်တိုးမြှင့်ပေးပြီး အထူးတာဝန်တစ်ရပ်ကို ထမ်းဆောင်ဖို့ စေခိုင်းခံရပါတယ်။

အဲတာကတော့ ABSDF ကချင်ကိုရောက်အောင်သွားပြီး
ဦးဆောင်နေရာတစ်ခုကိုရယူရန်

မိမိအားထောက်ခံလိုလားမည့် ကျောင်းသား/လူငယ်များကို ကြိုတင်စေလွှတ်ထားရန်နှင့် အပါခေါ်ဆောင်သွားရန်

ထိုသူတို့၏ထောက်ခံမှုဖြင့်
ABSDF တွင်ရာထူးတာဝန်တစ်ခုရအောင် ယူထားရန်။

နေရာ ရာထူးတစ်ခုအခြေခိုင်သည်နှင့်
အဖွဲ့အစည်း၏ စစ်ရေး/ နိုင်ငံရေး
လုပ်ငန်းများ မှားယွင်းအောင်/
နိုင်ငံရေးဦးတည်ချက်များ လွဲမှားပျက်ယွင်းပြီး လူထုထောက်ခံမှုကျဆင်းအောင် လုပ်ဆောင်သွားရန် အဓိကတာဝန်နဲ့လာခဲ့တယ်လို့ ဖြေပေးခဲ့ပါတယ်

၁၉၉၁ နှစ်ဆန်း KIA တပ်ရင်း ၁၁ နယ်မြေ ဆင်ဘိုရွာအနီးမှာ အစိုးရတပ်ဖမ်းမိသွားတဲ့
ရန်ကုန်က ကိုသန်းထွန်းစိုးကို ကျနော့်အထက်အရာရှိဖြစ်ကြောင်း
ကျနော်ရင်း၁၁ တွင် ရှိနေစဉ်
လုပ်ငန်းတာဝန်များ လွှဲပေးသွားကြောင်း
ဖြေပေးလိုက်ပါတယ်။

နောက်ပိုင်းမေးမြန်းမှုတွေလုပ်တဲ့အခါ
မနန်းအောင်ထွေးကြည်နဲ့ ပတ်သက်ပြီး ဆက်စပ်မှုကိုသူတို့မေးတဲ့အခါ
ကိုသန်းထွန်းစိုးမှ သူမနှင့် ဆက်သွယ်ဆောင်ရွက်ရန် မှာကြားခဲ့ပေမယ့် အဆက်အသွယ်မလုပ် လိုက်ရကြောင်း
အဆက်အသွယ်မပြုလုပ်မှီမှာ ဗဟိုပြန်ရောက်ပြီး မကြာခင် ကျောင်းသားထလရ အဖွဲ့ရဲ့ ဖမ်းဆီးမှုကို ခံရတာဖြစ်ကြောင်း ဖြေခဲ့ပါတယ်။

ကျနော့်ထွက်ဆိုချက်ကို သူတို့အလွန်ကြေနပ် သဘောကျလို့
ထပ်မံစစ်ဆေးတာမျိုးမလုပ်ဘဲ
အလေးတစ်ယူ မေးမြန်းတာမျိုသာဆက်ရှိလာခဲ့ပါတယ်။
vedio မှတ်တမ်းတင်တာမှာ အချိန်ပိုယူခဲ့တယ်လို့သတိထားမိပါတယ်။

ဒါတွေက ဘယ်သူ့ဘယ်သူမှ မထိခိုက်အောင် ကျဉ်းထဲကြပ်ထဲ ကိုယ်ဘာသာ ဖန်တီးယူ ဖြေဆိုပေးခဲ့တဲ့
အတုအယောင် ထောက်လှမ်းရေးဖြစ်စဉ်တစ်ခုပါဘဲ။

နောက်ပိုင်းအသက်ရှင်ဖို့မသေချာပေမယ့် လောလောဆယ်စစ်ကြောရေးမှာအသက်မဆုံးရအောင်
အသက်ဥာဏ်စောင့်ဆိုသလို အကွက်ရှာဖေါက်ထွက်
ခဲ့ပါတယ်။

အမြင်မတူ အယူအဆမတူ တာတွေရှိနိုင်ပါတယ်

ဘာမှမပြောလိုတော့ပါ။

ကျနော်ငယ်ရွယ်စဉ်ကျင်လည်ခဲ့တဲ့
သုဝဏ္ဏမြို့မှ သူငယ်ချင်း

အသိမိတ်ဆွေ လူကြီးသူမများ
အထက/တက္ကသိုလ် ကျောင်းများမှသူငယ်ချင်းမိတ်ဆွေများ

၁၉၈၈ဇွန်အရေးတော်ပုံမှစတင်ကာ
လက်တွဲဆောင်ရွက်ခဲ့တဲ့ သူငယ်ချင်း မိတ်ဆွေ ရဲဘော်များ နိုင်ငံရေးမိတ်ဆွေများ က ကျနော်နဲ့ပတ်သက်ပြီးပိုလို့ မှတ်ချက်ပြုပေးနိုင်ကြပါလိမ့်မယ်။

ဒီနေ့ဒီအချိန် ဒီအကြောင်းတွေ ရေးနေတာဟာ ထလရ လို့အစွပ်စွဲခံ ပါဂျောင်ဒေသမှာကျဆုံးသွားတဲ့
ရဲဘော်ရဲဘက်များရဲ့ သမိုင်းနဲ့ဂုဏ်သိက္ခာအတွက် အထောက်အပံ့ ဖြစ်စေလိုတာပါ။

လူစွမ်းကောင်းလုပ်လိုခြင်း
ထင်ပေါ်လိုခြင်းအလျှင်းမရှိပါလို့ပြောပါရစေ...

၁၅.၈.၂၀၁၇
Ko Linn Wai Aung
https://www.facebook.com/kolinwai.aung/posts/1435634199853938






  • မင်းသားနေမင်းက မြောက်ပိုင်းခရီးစဉ်အင်တာဗျူးကို ရုပ်ရှင်အသွင်ကူးပြောင်းခြင်တဲ့အကြောင်းကိုပြောစရာရှိလာတယ်(နန်းအောင်ထွေးကြည်)
  • ကျောင်းသားတပ်မတော်မြောက်ပိုင်းလူသတ်ကွင်း
  • ABSDF မြောက်ပိုင်းသတ်ဖြတ်မှူ့နှင့် မိခင်တစ်ဦး၏ ကိုယ်တွေ့မှတ်တမ်း 
  • ပတာလင်အကျဉ်းသား 
  • ပါဂျောင်ထောင်ဖေါက်တဲ့ည ကိုယ်တွေ့ အပိုင်း ၂၇မှ ၃၃
  • ပါဂျောင်ထောင်ဖေါက်တဲ့ည ကိုယ်တွေ့ အပိုင်း ၂၂။ အပိုင်း ၂၃။အပိုင်း ၂၄ ။၂၅။၂၆
  • ပါဂျောင်ထောင် ဖောက်တဲ့ည အပိုင်း (၁) မှ (၂၁) အထိ
  •      ရော်နယ်အောင်နိုင် Excerpts from the “All Wars Are Dirty”
  • No comments:

    Post a Comment