ပါဂျောင်ထောင် ဖောက်တဲ့ည အပိုင်း (၁) မှ (၂၁) အထိ

ပါဂျောင်ထောင် ဖောက်တဲ့ည အပိုင်း (၁) မှ (၂၁) အထိ
***************************
 ပါဂျောင် ထောင်ဖောက်တဲ့ည အပိုင်း(၁)

ကိုထိန် (ဘောကြီး) ရဲ့ လက်ရာတွေ့တော့ မှတ်မိသလောက်လေး တန်းစီးက (၄) ယောက်၊ ကျွန်တော်၊ မြင့်သိန်း (ဘာဘူ)၊ ကိုတိုးကြည်၊ ဝင်းမြင့်၊ တောထဲအလုပ်လုပ်ရင်း မြင့်သိန်း က တိုင်ပင်တယ်၊ အလုပ် လုပ်ရတာက တစ်ဖွဲ့စီ မြင့်သိန်းအုပ်စုကတစ်ဖွဲ့၊ ကိုတိုးကြည်ကတစ်ဖွဲ့ ၊ကျနော်( စိုးလေး)ကတစ်ဖွဲ့ ။
ဝင်းမြင့်ကတော့ နေမကောင်း နှိပ်စက်ဒဏ်ရာရသူတွေကို စောင့်ထိန်းရတယ်၊ ဖေဖေါ်ဝါရီ (၁၂) ရက်နေ့ (၁၅) ဦး သတ်ပြီးချိန် မြင့်သိန်းက အလုပ်မှာတွေ့တော့ “စိုးလေး ငါတို့ထွက်ပြေးရအောင်” ဆိုပြီးပြောတယ်။ မင်းနဲ့ငါနဲ့ ထွက်ပြေးရင်တော့ လွတ်လောက်တယ်။ ဒါပေမယ့် တစ်ဖွဲ့လုံးခေါ်သွားမှ အဆင်ပြေမယ်။ ငါမထားခဲ့ နိုင်ဘူးလို့ ပြောလိုက်တော့ သူကဘယ်လိုလုပ်ချင်လဲလို့မေးတယ်။
Plan ချပြီးမှ လုပ်ရအောင်လို့ ပြောလိုက်တယ်။ အဲ့ဒီမှာဇာတ်လမ်းစတာပဲ။ ကျန်းမာသန်စွမ်းပြီး စိတ်ချရသူတွေ ရွေးရပြီ၊ နံပါတ်တစ် ကျွန်တော့် ဒေသဖြစ်တဲ့အင်းတော်၊ ကသာ သားတွေ ကို အရင်ရွေးတယ်။ ကျော်ဇင်ထွန်း၊ ဖိုးဆန်း၊ မောင်မောင်ခင် (ဒဿ)၊ ထွန်းလင်းစိုး (ဘိုတောက်) သူတို့ကို အမာခံထားပြီး ကျနော်လိုချင်တဲ့ လူတွေကို စကားစခိုင်းပြီ။ မြင့်သိန်းကလဲ ကိုတိုးကြည်၊ ဝင်းမြင့် တို့ကို စည်းရုံးပြီ။
စိတ်ချရမယ်ထင်ပြီး ကျန်းမာတဲ့သူတွေ ရွေးလိုက်တော့ (အားလုံးခေါ်သွားရမယ့်အချိန် တစ်ယောက်ယောက်က သတင်းပေးလိုက်ရင်).....
501 က အောင်နိုင်၊ ထိန်လင်းအောင်၊ 401 က ဇော်မိုး(ကွယ်လွန်) နဲ့ ဂျိုးဖြူ၊ ယူနွတ်။ မြင့်သိန်း ဘက်က OK (အုန်းကြိုင်)၊ ဘောကြီး(ပန်ချီထိန်လင်း)။ မိန်ခလေးတွေကတော့ နန်းစောနဲ့တူးတူး။

စိတ်ကူးရသည့်အချိန် ဆက်ရေးပါဦးမည်
-----------//-----//--------//-----//

ပါဂျောင် ထောင်ဖောက်တဲ့ည အပိုင်း (၂ )
ကျွန်တော် လိုချင်တဲ့ သူတွေစုံပြီ။ အဲ့ဒီမတိုင်ခင် ပြောရအုံးမယ်ဗျ။ 501 က အောင်နိုင် ကို ဖိုးအောင်နိုင်လို့ ကျနော်တို့ကခေါ်တယ်။ သူက တောလွှစင်ဆွဲဘူးလောက်တယ်။ တပ်ထဲမှာလိုတဲ့ပျဉ်တွေကို သူက ဦးဆောင်ပြီး ခွဲ ကျနော်တို့အဖွဲ့က သစ်လုံးတွေခုတ်ဖြတ်ပီး စင်ပေါ်တင်ပေး၊ လူအားနဲ့ပေါ့။ အပိုင်းအစတွေ ကိုတော့ တပ်က တဲတွေဆီပို့ပေါ့။ ကိုင်းဖျားကိုင်းနားတွေကိုတော့ ကျနော်တို့ရဲ့ စဖိုပို့ပေါ့။
ဖိုးအောင်နိုင်က စကားနည်းတယ်။ သူအလုပ်မှာက မောင်မောင်၊ နိုင်လင်း၊ သူတို့ 501 က အဲ့ဒီမှာ ဒီလို ဒီအကြောင်း ရှိတယ် ပြောလိုက်တော့ သူ့မျက်နှတော်တော်ပျက်သွားတယ်။ အဲ့ဒီမှာ မင့်အဖွဲ့မှာ စိတ်ချရသူ ဘယ်သူတွေရှိလဲလို့ ပြောတော့ ထိန်လင်းအောင် (ငကောက်) တဲ့။ ငါမယုံဘူး ဒီကောင်က ပါးစပ်ဖွာတယ် လို့ပြောတော့ စိတ်ချပါကိုစိုးလေးတဲ့။
ဖိုးအောင်နိုင်.. ဒီစကားပေါက်ကြားရင် ငါ့ဓါးနဲ့ခေါင်းဖြတ်ခံရမယ်။ မင်းသေပြီးမှ ငါအသတ်ခံမယ်။

ဆက်ပါဦးမည်
-------//--------//------//-----//

ပါဂျောင်ထောင်ဖောက်တဲ့ည အပိုင်း( ၃ )

ဖိုးအောင်နိုင် က စကားနည်းနှုတ်လုံ၊ သူတို့ လွှစင်က ရိက္ခာ ပိုစိုတယ်။ ခုပေါ်ပင်စကားနဲ့ပြောရင် VIP ကလွဲရင် သစ်ခွဲသားလိုချင်တဲ့ ရဲဘော်ရဲမယ်တွေက RKပေါ့။ များများစားစားမဟုတ်ပါဘူး။ ပဲပုတ်ခြောက်လေး ငါးပြားပေါ့။ လှေထိုး လွှတိုက် ဆိုတဲ့စကားအရ ချက်စားဖို့ ဆန်ကလဲ ပေးထားတယ်။ တန်းစီး ဆိုတော့ လိုက်ကြည့်တာရော ထမင်းစားတာရောပေါ့။ သူက ထိန်လင်းအောင်ကို စိတ်ချရပါတယ်ဆိုတော့ ကျနော်နဲ့ ဘာဘူ နှစ်ယောက်သား တိုင်ပင်တယ်။ ဘာဘူကစောင့်ကြည့်တာပေါ့ကွာတဲ့။
ကျနော်က ဘာဘူရေ ငါတို့တွေယုံကြည်မှု့ရအောင်တော့ လုပ်ရမယ်လို့ ပြောတော့.. ဘာဘူက ဘာတွေ လုပ်ရမှာလဲတဲ့ .. လုံခြုံရေးကလဲငါတို့ကို ယုံကြည်ရမယ်၊ ထောင်သားတွေကလဲ ငါတို့ကိုကြောက်ရမယ် .. လို့ပြောတော့ ဒါဆိုမင်းနဲ့ငါနဲ့က ငါတို့လူတွေကို ပိုပြီးလက်စွမ်းပြရမှာလားတဲ့။
ဟုတ်တယ် ဒါမှငါတို့ထွက်ပြေးရင် ငါတို့ရဲ့အမိန့်ကိုနာခံနိုင်မှာ ၊ တစ်ယောက်လွတ်ရင်ငါတို့အတွက်အမြတ်ပေါ့ .. လို့ပြောတော့...မင်းနဲ့ငါနဲ့က rear ပေါ့တဲ့။ ဟုတ်တယ်လို့ပြောတော့..သူတော်တော်သဘောကျတယ် ။
ဘာဘူက အပတ်စဉ် (၂) ဆင်းတာ အရည်အပြုံးနည်းတယ်၊ တိုက်ရည်ခိုက်ရည်ကောင်းတယ်၊ သွေအေးတယ်၊ သူ ရယ်တာ အဲ့ဒီတစ်ခါပဲတွေ့ဘူးတယ်။ ပြီးတော့ ပို့မှပို့တော့ ပို့ကြတာပေါ့ကွာတဲ့။ အဲ့ဒီနောက်ပိုင်း ကိုယ့်လူတွေ ကို ခိုင်းလိုက်ရတာလဲ ကျွဲ နွားတွေထက်တောင် ပိုဆိုးမယ်။ နှိပ်စက်လိုက်ရတာလည်း အများကြီး။
ကိုမောင်မောင် ရောက်လာပြီး မိဘတွေကို ခေါ်ခိုင်းမယ်ဆိုတော့ ရောင်ခြည်လေးသန်းလာချိန်။ ဘာဘူက စိုးလေး ငါတို့တွေထွက်ပြေးစရာ မလိုတော့ဘူးတဲ့။ စိတ်ထဲမှာတော့ တအားဝမ်းသာတာပေါ့။ သို့ပေမယ့် ပြောလိုက်တာက စောင့်ကြည့်တာပေါ့..သူက အေးပါကွာတဲ့။

ဆက်ပါဦးမည်
--------//------//------//------//--/

ထောင်ဖေါက်တဲ့ည ကိုယ်တွေ့ အပိုင်း ၎

ဘာဘူက ကသာသား စကားစပ်မိမှ သူ့အကို ခင်မောင်လွင်နဲ့ ကျွန်တော်နဲ့ ရင်းနှီးတယ်။ သူက Law တက် နေတာထင်တယ်။ ကျနော်က RITကျောင်းပိတ်လို့ပြန်တော့ ရထားက အတူတူ၊ သူကတော့ ကျောင်းတက်တာ ပိုစောတာပေါ့။ ဘာဘူနဲ့ကျနော်နဲ့ စကားပြောတာ တန်းစီးဆိုပေမယ့် မလွယ်ဘူးဗျ။ အလုပ်လုပ်ရင်းနဲ့ ပြောရတာ။ မျက်စိအနေအထားကြည့် ပတ်ဝန်းကျင်ကြည့် တိုးတိုးလေး။ ဥပမာပေးရရင် ကျနော် သစ်ပင်လှဲ နေချိန် သူရောက်လာရင် ဘာဘူလာဦး၊ ဒီကောင်အသုံးမကျဘူး၊ ငါ့ကူလုပ်ပေးစမ်းကွာ ဆိုပြီးပြောရတာ။ ကျနော့်ကို ပြောစရာရှိလဲ ထိုနည်းပဲသုံးရတာပေါ့။
ဒီလိုနဲ့ပဲ အချိန်တွေကုန်လွန်လာတာပေါ့။ ဦကျော်ဆွေ ထောင်မှူးဖြစ်တဲ့အချိန် ကျနော်နဲ့ ဘာဘူက တောင်း ဆိုတယ် (ဦးကျော်ဆွေက ကျနော်တို့နဲ့ ရှေတန်းအတူနေခဲ့တာ။ ဘရင်ဂန်းကို လက်တစ်ဖက်ထဲနဲ့ တန်း နေအောင် မနိုင်တယ်။ အရပ်က ခြောက်ပေလောက်ရှိတယ်။ နမ္မားသားထင်တာပဲ)။
ဘာတောင်းဆိုလဲဆိုတော့ ကျနော်တို့အိပ်ရတာက မြေကြီးပေါ်၊ ယင်ပေါင်ဂျမ်းခင်းပြီး (ယင်ပေါင်ဂျမ်းဆိုတာက တရုတ်ပြည်ကထုတ်တဲ့ အအေးပိုင်းဒေသတွေမှာအမိုး မိုးဖို့အတွက် ကတ္တရာနဲ့ waste ကုန်ကြမ်းတွေကြိပ်ပြီး ထုထည်က 2mm လောက် ၊အနံက 1m လောက် အလျားကတော့ အလိပ်လိုက်၊ ကျနော့အထင် 15 & 20m လောက်ရှိတယ်) အိပ်ရတော့ မိုးနဲ့ဆောင်းပဲ ရှိတဲ့ဒေသမှာ ထောင်သားတွေတော်တော်များများ ထုံ ဆိုတဲ့ရောဂါစွဲကပ်လာပြီ (ထုံဆိုတာက ခြေသလုံးတွေက ဆင်ခြေထောက်ရောဂါလို ဖြစ်လာပြီး လက်ညိုးနဲ့ ထိုးလိုက်ရင် တဆုံးဝင်သွားတယ်၊ တော်တော်နဲ့ပြန်တက်မလာဘူး ၊လမ်းလျှောက်ရင် ဒုက္ခရောက်တယ်)။
ဒါကြောင့် သစ်လုံးတွေခင်းပြီး ဝါးကြမ်းခင်းလုပ်ချင်တယ်။ ထောင်သားတွေဒီထက်ပိုဖြစ်လာရင် အလုပ်တွေ ပျက်မယ်ဆိုတော့ အေးကောင်းတယ် လုပ်တဲ့။ သူ့လက်ထက်မှာပဲ ထောင်သားထဲကတစ်ယောက် ချီးပါချင်တာမပြောရဲလို့ သူ့ရဲ့ရှိစုမဲ့စုခြေအိပ်ထဲဖြစ်ညှစ်ပါပြီး ခေါင်းရင်းဖက်ပစ်ထားတာ။ (ကိုထွန်းအောင်ကျော် တို့ရှိသေးတယ်ထင်တယ်)။
တရားခံမပေါ်လို့ နံနက် အေးခဲနေတဲ့ကွင်းပြင်မှာ ဒိုက်ထိုးတဲ့ပုံစံလုပ်ခိုင်းပြီး သူ့အားနဲ့ (၂) ချက်စီ ဆော် တော့မယ်လုပ်တော့ ထောင်သားအားလုံးကတော့ ပြုသမျှ နုရမဲ့ ဘဝ။ အရန်သင့်ပေါ့ မြင့်သိန်းနဲ့ စိုးလေး ထွက် မင်းတို့ မပါဘူးဆိုတော့ ကိုယ်တွေအတွက်တော့ဝမ်းသာစရာ။ သို့သော် ..

စာရေးသူ စိုးလေး

ပါဂျောင်ထောင်ဖေါက်တဲ့ည ကိုယ်တွေ့ အပိုင်း ၅

ထောင်သားတွေက နှစ်တန်းဗျ။ ရှေ့တစ်တန်း နောက်တစ်တန်း။ တစ်ယောက်နဲ့တစ်ယောက် (၄) ပေခြား ကွာအောင် လုပ်ခိုင်းထားတယ်။ ဦးကျော်ဆွေက လက်သီးဆုတ်ပြီးထောက်တဲ့။ လက်သီးဆုတ်ပြီး မထောက် နိုင်တဲ့သူတွေ စစ်ဘိနပ်နဲ့တက်နင်းခံရသူတွေ ရှိမယ်ထင်တယ်။ အဲ့ဒီမှာ အသကုန်လွဲပြီး ဝါးဆစ်ပိတ် (၆) ပေ လောက်ရှိမယ်။ တစ်ယောက်ပြီး တစ်ယောက်သမတော့တာ .. အား လို့အော်တဲ့သူ ကျနော်မကြားခဲ့ဘူး။ သူတို့တွေကြိတ်ပြီးခံခဲ့ကြတယ်
တရားခံကကျနော်လွန်ခဲ့တဲ့ (၃) နှစ်ကျော်လောက်က နယ်မှာရောက်တဲ့အချိန် ဘီယာဆိုင်တစ်ခုမှာ စကား ပြောရင်း သူကဝန်ခံတယ်။ ကိုစိုးလေး ကို ဝန်ခံစရာ တစ်ခုရှိတယ်တဲ့၊ အဲ့ဒီအပစ်က ကျနော့ကို ခြောက် နေတယ် ဆိုပြီးစပြောတော့တာ။ အဲ့ဒီအချိန်တုန်းက ဒီကလေးအသက် ၁၆/၁၇ လောက် ရှိအုန်းမယ်ထင်တယ်။ ပြောရင်းနဲ့ မျက်ရည်တွေကျလာတယ်။ ကျနော့ကြောင့် အားလုံးအရိုက်ခံရတယ်ဆိုပြီး ပြောပြတယ်။ သူပြောပြီးမှ သူ့ကိုစိတ်ပြေလက်ပြောက် ငါ့ညီက လက်နောက်ပြန်ကြိုးလဲတုပ်ထားသေး သံခြေကျင်းလဲ ခပ်ထားသေး၊ ဘယ်လို ခြေအိပ်ထဲ မစင်စွန့်တာလဲဆိုတော့၊ ကိုစိုးလေးရာ မနိုင်တော့ဘူး ပြောရင်လဲ အထောင်းခံရမှာ ဇောချွေးတွေလည်းထွက်လာပြီးတော့ လုပ်မိလုပ်ရာလုပ်ထဲ့လိုက်တာ။
ပြီးတော့ချီးထုပ်ကို အနံ့မထွက်အောင်ဖက်အိပ်ရတာ။ မနက်အလုပ်သွားခါနီးမှ ခေါင်းရင်းဖက်ကို မသိမသာ ပစ်လိုက်တာ။ အဲ့ဒီမှာထောင်စောင့်က ချီးနံ့ရတယ်ဆိုပြီး ဇာတ်လမ်းစတာ။ အားလုံးအရိုက်ခံရတော့ ခုအချိန်ထိ ကျနော့ကို အဲ့ဒီမြင်ကွင်းက ခြောက်လန့်နေတယ်။ ကျနော့ကိုယ်စား အားလုံးကိုတောင်းပန်ပေးပါတဲ့။ ကျနော် ဒီစာ ရေးနေချိန် သူလည်းဖတ်နေမှာပါ။သိျု့သာ် like တို့ coment တိုတော့လုပ်မှာမဟုတ်ဘူး။ ကိုရဲလင်း သူ့အတွက် fb ဖွင့်ပေးချိန် အားလုံးတင်တာကိုပဲ ကျနော်ကြည့်ချင်တာပါ။ ပြန်ပြောဖို့ ကျနော်ဆန္ဒမရှိပါဘူးတဲ့။ သူ့ကိုယ်စားထောင်ကျခဲ့သူအားလုံးကို ခွင့်လွှတ်လိမ့်မယ်လို့လည်းယုံကြည်ပါတယ်)
အဲ့ဒီလိုနဲ့ ကိုမောင်မောင် မိဘတွေခေါ်ပြီး ပြန်လာမည့်အချိန်ကို စောင့်နေချိန်။ မျိုးဝင်း က စိုးလေး မင်း design ဆွဲတတ်လား ဆိုတော့ဟုတ်ကဲ့ပေါ့။ မင်းမပြန်ခင် ဆေးခန်းကို design ဆွဲပြီးဆောက်ထားခဲ့။ ငါတို့ရဲ့ဒေါင်းမိခင် ခမ်းမကြီးကိုလည်း ထရံတွေနဲ့လိုတာတွေ design ဖေါ်ပြီးလုပ်ပေးထားခဲ့။ မင်းအိမ်ပြန်ရောက်ရင် ငါ့သူငယ်ချင်း စိုးဝင်းနဲ့ အောင်ဆန်းဝင်း ကို ပြောလိုက်။ ငါကတော့ မိုက်ချင်တိုင်း မိုက်နေပြီလို့ (မျိုးဝင်းက 3yr Mining ကျနော်က 1yr repeater)
သူက အဲ့လိုပြောတော့ ငါတို့တွေလွတ်တော့မယ်ပေါ့။ စိတ်ထဲမှာပျော်ချက်ကိုတော့ ကိုယ့်အတွက်ရော အားလုံး အတွက်ရော ပြောပြလို့မရပါဘူး။

ဆက်ပါဦးမည်

ထောင်ဖေါက်တဲ့ည ကိုယ်တွေ့ အပိုင်း ၆

ပြန်ရတော့မယ်လို့ဝမ်းသာနေတော့အလုပ်တွေကိုထောင်သားတွေကပိုလုပ်တာပေါ့။အားလုံးတက်ကြွလာတယ်။ဒီလိုနဲ့ ၁၉၉၂ ခု ၄ လပိုင်းမှာ မငယ်(မနန်းအောင်ထွေးကြည်)| ကိုရဲ (ကိုရဲလင်း ခေါ် ကိုလင်းဝေအောင်)၊ ဘိုဘို (စန်းချောင်းဘိုဘို)၊ ဒိုဇာ (ဒိုကြီး AB)၊ ဝဏ္ဏဇော်၊ ကိုကြောင် (ကိုကျော်နိုင်ဦး သယာဝတီ)| ကိုညီညီ (စမားညီညီ) သူတို့ရဲ့မိဘတွေကို ကိုမောင်မောင် (ရွှေကရဝိတ်) က လာခေါ်တော့ ကျန်တဲ့ထောင်သားတွေ ပျော်လိုက်ကြတာ။ သူတို့ပြီးရင်ငါတို့ပေါ့။ ငါ့ရဲ့ မိဘကို ဘယ်လိုခေါ်ရမလဲ ဆိုတာကို၊ ကျနော်ဆိုရင် နေ့တိုင်း စဉ်းစားရတာ အမောပါ။ မိဘဆိုတာက တောင်းဆိုးပလုံးဆိုးသာ ပစ်ရိုးရှိတာ၊ သားသမီးတွေကို ပစ်ရိုးထုံစံ မရှိလေတော့ ဒီလောက်ဝေးလံခေါင်ဖျားတဲ့ အရပ်ဒေသကိုရောက်အောင်လာခဲ့တယ်။ ကိုယ့်ရဲ့မိဘကို တွေ့လိုက် ရသလိုပါပဲ။
အဲ့ဒီမှာ ရုပ်လုံးပေါ်လာပြန်ပြီ။ မိဘတွေလက်ထဲကို သားသမီးတွေကိုထဲ့မပေးပဲ သူတို့တွေဟာထောက်လှမ်းရေး ဖြစ်တဲ့အကြောင်း ပြောပြီး မိဘတွေကိုပြန်လွတ် သူတို့ကို အကျယ်ချုပ်ပေါ့ဗျာ။ ထောင်ထဲမှာ မနေရတော့ ဘူးပေါ့။ အဲ့ဒီအချိန်မှာ ဘာဘူ (မြင့်သိန်း) နဲ့ တိုင်ပင်ကြပြီ။ ဘာလုပ်မလဲဆိုတာကိုပေါ့။ နဂိုက plan ရှိပြီးသား ဆိုတော့ နဂိုအတိုင်းပဲသွားမယ်ပေါ့။ ဘာဘူကထောက်လှမ်းရေးကောင်းတယ်။
တပ်တွင်းဖြစ်ပျက်နေတာတွေ ထောင်သားတွေကို ဘာလုပ်မယ်ဆိုတာတွေ အလုပ်လုပ်ရင်းနဲ့စုံစမ်းလာတာ အရေးကြီးတာတွေဆို အိမ်သာထဲမှာ နှစ်ယောက်သား ဖင်ချင်းတေ့ပါပြီး ပြောရတာလဲရှိတယ်။ သူစုံစမ်းလို့ ရနိုင်တဲ့နေရာကို ကျနော်အဖွဲ့အလုပ်လုပ်ရမယ်ဆိုရင် မျက်စပစ်ပြီး အဖွဲ့ချိန်းတယ်။ တစ်နေ့မှာတော့ ဘာဘူက ခိုင်မာတဲ့ အရေးကြီးသတင်းပါလာပြီ။ စိုးလေးတဲ့ ငါတို့အဖွဲ့ထဲကလူ (၂၀) ဝန်းကျင်လောက်ကို ဇူလှိုင် (၁၉) ဒါမှမဟုတ် အဲ့ဒီမတိုင်ခင် သတ်လိမ့်မယ်။
သူကပြောတော့ ငါတို့အမြန်လုပ်ကြရအောင်ဆိုပြီး အမာခံ ဇာတ်လိုက်ကျော်တွေစုရပြီပေါ့။

ဆက်ရေးပါဦးမည်
----//------//------///------//-----//--

ထောင်ဖေါက်တဲ့ညကိုယ်တွေ့ အပိုင်း (၇)
ကျနော်အစပိုင်းမှာ ပြောပြခဲ့တဲ့အတိုင်း ကိုယ့်ဒေသက လုပ်နိုင်ကိုင်နိုင် ကျန်းမာရေးကောင်းတဲ့ ကျော်ဇင်ထွန်း (မန်းတက္ကသိုလ်)၊ ဖိုးဆန်း(မန်းတက္ကသိုလ်)၊ ထွန်းလင်းစိုး (မန်းတက္ကသိုလ်)၊ ဒဿ (ခ) မောင်မောင်ခင် (ရွှေဘိုကောလိပ်)၊ တို့ကိုအမာခံထားပြီး ရရှိလာတဲ့ကျန်းမာသန်စွမ်းသူ ဂျိုးဖြူ (မန္တလေး) နဲ့ယူနွတ် (မိုးညှင်း) တို့ကို စည်းရုံးတယ်။ တစ်ခုတော့ရှိတယ်။ တန်းစီးတွေက တိုက်ရိုက်ဝင်လို့ မကောင်းတာတွေရှိတယ်။ ဘာကြောင့်လဲဆိုတော့ ထောင်သားတွေက တန်းစီးတွေကိုကြောက်ရတော့ ထောက်ခံတယ် မထောက်ခံဘူး ဆိုတာ သူတို့အနေနဲ့ ပြောရမှာ ခက်လိမ့်မယ်။ စစ်ကြောရေး ထပ်ဝင်ရမှာတော့ ထောင်သားတိုင်း စိုးရိမ်တာ ပဲလေ။
ကိုယ့်လူတွေနဲ့အလုပ်လုပ်ရင်းပြောခိုင်တော့အဆင်ပြေတယ်။အဲ့ဒီမှာ 501 က ဖိုးအောင်နိုင် စိတ်ချရတယ် ဆိုတဲ့ ထိန်လင်းအောင် နဲ့ စတွေ့တာ။ သူက မျက်နာချိုတယ် ရူးချင်ယောင်ဆောင်တတ်တယ်။ သူ့ရဲ့လုပ်ရှားမှုတွေ တအားကောင်းတယ်။ တိုက်ခိုက်ရေး အတွေ့အကြုံလဲ တောင်ပိုင်းမှာ ရှိခဲ့လောက်တယ်၊ ကျန်းမာရေးလဲ ကောင်းတယ်။ ကျနော်အရင်ဦဆုံး သော့ဖြူတ်ပေးတဲ့သူကို မမှတ်မိတော့ဘူး။ ယူနွတ်ထင်တာပဲ။ ကျနော်က ကြွားပြောတာတော့ မဟုတ်ဘူး။ ကျောင်းတက်နေတုန်း သမိုင်းဝင်း ဇီဝကဆောင်မှာ သော့ခဏခဏ ပြောက်တော့ပထမတော့ ရိုက်ဖျက်ရတာ။ အထိုင်နာတယ်။ နောက်ပိုင်းတော့ တရုတ်သော့ဆို ခဲသီးလေးတွေ ထုတ်တတ်လာတယ်။
အထဲက ကလီစာတွေထုတ်ပြီးရင် သော့ပေါက်ကနေ တခုတခုနဲ့လှည့်ဖွင့်လိုက်ရင် Ok သွားပြီ တောထဲမှာတော့ ပြာနဲ့ရွံ့နဲ့ရောပြီး ပြန်ပိတ်ထားရတာပေါ့။ အဲ့ဒီတာဝန်ကို နောက်ပိုင်း တန်းစီးဝင်းမြင့် ကို သင်ပြပေးပြီး တာဝန် ပေးရတာ။ သံခြေချင်း ခပ်မခံရတာဆိုလို့ မိန်းခလေးနှစ်ယောက်နဲ့ ဝင်းမြင့် သုံးယောက်ပဲရှိတယ်၊ အသက် ၂၀ အောက်ကလေးလေးတွေပေါ့ (အထက်တန်းကျောင်းသူ/ကျောင်းသားလေးတွေ)။
တန်းစီး ကိုတိုးကြည်က အေးတယ်၊ နုတ်လုံတယ်။ စာနာတတ်တယ် သူက Eco ကျောင်းပီးပြီထင်တယ်။ မပြီးရင်တောင် နောက်ဆုံးနှစ်ဖြစ်လောက်ပြီ။ လူကြမ်းကတော့ ကျနော်နဲ့ ဘာဘူ။

တောထဲမှာအလုပ်လုပ်ရင်း ယူနွတ်ကိုခေါ်တွေ့တယ်။ သူကတရုတ်ပြည်မှာ ကျွမ်းကျင်တယ်။ ကျွန်တော်ကလဲ ဆယ်တန်းတုန်းက မြန်မာပြည်မြေပုံနဲ့ အိမ်နီးချင်းနိုင်ငံတွေကို အလွတ်တန်းဆွဲနိုင်ခဲ့တော့ သူပြောပြတဲ့ စမား၊ ယင်ဂျမ်း၊ ရွှေလီအနေအထားနဲ့ လမ်းကြောင်းကို မျက်စိထဲမြင်လာတယ်။ နောက်လမ်းကြောင်းတခုက ကိုထွန်းအောင်ကျော် တို့ကို ခေါင်းဖြတ်သတ်ခဲ့တဲ့ အာဆံကုန်း ဖက်ကဖေါက်ထွက်ဖို့။ အဲ့ဒီလမ်းကြောင်းက အန္တရာယ်များတယ်။ မိုင်းတွေရှိနိုင်တယ်။
ဘာဘူနဲ့ကိုတိုးကြည် ကိုတိုင်ပင်တော့ သူတို့ကလဲ ဒုတိယလမ်းကြောင်းကိုပယ်တယ်။ အဲ့ဒီလိုနဲ့ Ok အုန်းကြိုင် (မန်းတက္ကသိုလ်ထင်တယ်)၊ ကိုဘောကြီး(ပန်းချီ ထိန်လင်း) (3yr Law ထင်တယ်) သူတို့တွေပါ ပါလာပြီ ဆိုတော့လူတော့စုံပြီ သော့တွဲဖြုတ်ထားပြီး ပြန်ခပ်ထားတော့ သော့တွဲက လက်နဲ့ဆွဲလိုက်ရင်တောင် ပြုတ်ထွက် နိုင်တာ သူတို့တွေသိထားတဲ့အတွက် အဲ့ဒီအချိန်က သူတို့စိတ်ထဲ ဒိန်းတလိန်းနတ်ထက် ပိုဆိုးတဲ့ ခံစားချက်တွေရှိမှာပဲ။ သိသွားရင် အသတ်ခံရမှာလေ။ အားလုံးကိုလဲ တပြိုင်ထဲဖြုတ်လို့ မရတော့ စောစောရက် တွေမှာ ဖြုတ်ထားတဲ့သူပိုဆိုးတာပေါ့။ မိန်းကလေး နှစ်ယောက်ဖြစ်တဲ့နန်းစောနဲ့ တူးတူးက အထက်တန်း ကျောင်းသူလေးတွေ။ သူတို့ကလည်းနှုတ်လုံတယ် ထောင်သားတွေအပေါ်စေတနာရှိတယ်။ ဘဝတူတွေ အတူတူလွတ်မြောက်ရမယ်ဆိုတဲ့စိတ်နဲ့ ကျနော်တို့ပြောတဲ့အတိုင်း ဝင်းမြင့်နဲ့အတူ ကျနော်တို့တွေ အလုပ် သွားချိန် ထောင်ထဲမှာကျန်ခဲ့တဲ့ ဂီလာနတွေ အနှိပ်အစက်ခံရတာများပြီး မထနိုင်တဲ့သူတွေကို ချော့တမျိုး ခြောက်တမျိုး ဒါးထမ်း ဒုတ်ထမ်းပြီး လေ့ကျင့်ခန်းတွေလုပ်ပေးနေရတယ်။ နေ့စဉ်ပေါ့။
အဲ့ဒီအချိန်မှာ ထောင်မှူးက ကိုလှမျိုးအောင်ရဲ့တပ်စု ဖြစ်နေပြီ။
သူနဲ့က တပ်ရင်း (၆) ဖါးကန့်ဖက်မှာ အတူတာဝန်ကျဘူးတော့ သူ့အကြောင်းကိုယ့်အကြောင်း သိနေတဲ့သူ။ ကသာခရိုင် အင်းတော်မြို့နယ် မော်လူးဒေသက ကျနော်တို့ ထွက်ပြေးလွတ်မြောက်တော့
မျိုးဝင်း၊ သံချောင်း၊ လဆိုင်း တို့ရဲ့ သတ်ဖြတ်ခြင်းခံလိုက်ရတယ်။

ဆက်ပါဦးမည်
တဆက်ထဲမရေးနိုင်တာခွင့်လွတ်ပါ။

ထောင်ဖေါက်တဲ့ညကိုယ်တွေ့ အပိုင်း (၈)
401 ကဇော်မိုးတစ်ယောက်ကျန်သေးတယ်။သူက THS လား GTI လားမသိတော့ဘူး။EP နဲ့ထင်တာပဲ ရန်ကုန် စမ်းချောင်းသား။ရန်ကုန်သားပေမဲ့ လုံးလုံးကျစ်ကျစ်လေးနဲ့ကုတ်ကုတ်လေး ။အလုပ်ကတော့ ကျနော်တို့နဲ့ အတူတူ လုပ်နိုင်တယ်။ နှုတ်လုံတယ်။
ဆေးတပ်သားတစ်ယောက်ပေါ့ (ယခုကွယ်လွန်) ဒီလိုဆိုတော့ ဆေးတပ်သားက 501 က ဖိုးအောင်နိုင်၊ 401 က ဇော်မိုး၊ လုံလောက်ပြီ။ အရံဆိုရင်လဲ မနန်းစောက ဆေးသင်တန်းတက်နေတုန်း အဖမ်းခံရတာ။ ထိုနည်းတူ ပေါ်ဦးကလဲ ဆေးသင်တန်းတက်နေစဉ် အဖမ်းခံရတာဆိုတော့ လမ်းမှာကျဆုံးခဲ့သော် ကူညီစောင့်ရှောက်ဖို့ (ကျန်သည့် သူများကို) လုံလောက်ပြီပေါ့။
ဒါကလဲ ကျနော်တို့ကျဆုံးပြီးမှ သူတို့အလှည့်ပေါ့။ တပြိုင်တည်းမှာပဲ ထောင်သားတွေ စည်းကမ်းဖောက်ရင် ထောင်မှုး စိတ်ကြည်အောင် ရိုက်နှက်ခဲ့ရတာတွေလဲ အများကြီး။ မှတ်မိသေးတယ်။ သိန်းနိုင်ချို နဲ့ ပတ်သက်ပြီး အဆော်ခံရသူတွေရှိလောက်တယ်။ သိန်းနိုင်ချို က AGTI (EP) နဲ့ပြီးထားတာ တပ်တွင်းလျှပ်စစ်နဲ့ ပတ်သက်ရင် သူကသွားပြင်ရတာ။ တခါပြင် တခါပြဿနာတက်တယ်။ ဘာကြောင့်လဲဆိုတော့ ရိက္ခာခြောက်ကိစ္စ။ သူက ပြင်ရင်းနဲ့ အဖေါ်တယောက်ခေါ်သွားတယ်။ ကျနော်ထင်တယ် ဇော်မိုးထင်တာပဲ။ (သူတို့တွေရှိသေးရင် ဟာသ လုပ်ပြီး commentပေးကြမယ်)
တယောက်ကပြင် တယောက်ကနှိုက်ဆိုတဲ့ ပုံစံဖြစ်လောက်တယ်။ သူတို့ကို အပစ်မပြောလိုဘူး။ သူတို့ ပါလာတာက ဘယ်နှစ်ယောက် ညာနှစ်ယောက်။ စုစုပေါင်း သူနဲ့ဆို ငါးယောက်။ ထမင်းစားလို့ ကောင်းသွားပြီ။ လနဲ့ချီပြီး ဆားနဲ့ ရေလုံပြုတ်ဟင်းချိုနဲ့စားလာရတဲ့အချိန် အဲ့ဒီမှာ ရိက္ခာပျောက်မှု့ ထောင်မှူးဆီ တက်လာတော့ ဘယ်ရမလဲ။ ဘာဘူနဲ့ စိုးလေး က လက်သံပြောင်လိုက်တော့။ ထောင်မှူးက ဘာမှမလုပ်တော့ဘူး။
ဒါပေမယ့်သူတို့ကဆက်လုပ်တယ်။ အပြစ်ပေးတာကြည်ကြည်ဖြုဖြူခံတယ်။ (ရန်ကုန် ကျနော် ကျောင်းပြန် တက်တော့ သူတို့တွေနဲ့တွေ့တဲ့အချိန် မေးကြည့်တော့ ကျနော်တို့ခိုးလာတာ ဘယ်နှစ်ယောက် ညာနှစ်ယောက် အူစိုတော့ ဘာပြောပြော ကျနော်တို့အပါအဝင် ဆယ်ယောက် အူစိုတာပေါ့၊ ကျန်းမာရေးလည်း ကောင်း လာတယ်၊ ဒါကြောင့် ကိုစိုးလေးတို့ အနှိပ်စက်ခံပြီး ကျွန်တော်တို့ကရှာကျွေးတာတဲ့)
ထောင်ထဲမှာက ကျနော်တို့အသက် (၂၀) ကျော်တွေက သုံးပုံ ပုံ တစ်ပုံခွဲ လောက်ရှိတယ်။ တစ်ပုံကတော့ (၁၅) နှစ်နဲ့ (၂၀) ကြားပေါ့။ (၃၀) ဝန်းကျင်က ပုံဝက် လောက်ရှိတယ်ဗျ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ယုံကြည်ချက် ခံယူချက် တွေနဲ့လာခဲ့တဲ့အပေါ် ဒီလိုဖြစ်ရလေခြင်းဆိုတာကတော့ ထောင်သားတွေအားလုံး ဘယ်သူမှ ငြင်းပယ်နိုင်မယ်မထင်ပါဘူး။ အားလုံးစိတ်ဓါတ်ကျနေချိန်ပေါ့။

ဆက်လက်တင်ပြပါဦးမည်
------//-----//------//-----//------//---/

ထောင်ဖေါက်တဲ့ည ကိုယ်တွေ့ အပိုင်း (၉)
အများစု စိတ်ဓါတ်ကျနေချိန်ကျနော်တို့ အမာခံအဖွဲ့က စိတ်ဓါတ်မကျနိုင်ဘူးဗျ။ လုပ်စရာရှိတာတွေကို တက်ညီလက်ညီနဲ့ ဦးဆောင်ပြီး ပျော်ရွှင်စွာ လုပ်ပြတော့ နာမကျန်း(နိပ်စက်ခံထောင်သားတွေ) သူတွေပါ တော်တော်လေး တိုးတက်လာတယ်။ လေ့ကျင့်ခန်းတွေ ကောင်းကောင်းလုပ်လာနိုင်တယ်။ လမ်းတွေ ကောင်းကောင်း လျှောက်လာနိုင်တယ်။ ဆိုးတာဆိုလို့ အောင်ကျော်မြင့် တယောက်ပဲကျန်တယ် စိတ်ထဲ မှာတော့ နောက်ထပ်စစ်ကြောရေး ဘယ်သူ့ကိုမှ မလုပ်ပါစေနဲ့လို့ပဲ ဆုတောင်းနေမိတယ်။
အမာခံအဖွဲ့ထဲမှာ ကျော်မျိုး( 501 ထင်တယ်)။ တစ်ယောက်ပါသေးတယ်။ သူကသထုံဖက်က မွန်လူမျိုး ထင်တာပဲ။ ကျစ်လစ်မာကျောတယ်။ တောတွင်းအတွေ့အကြုံရှိတယ်။ တိုက်ပွဲတွေလဲ တိုက်ဖူး လောက်တယ်။ သူဆိုရင် စစ်ကြောရေးမှာ တော်တော်ထိထားတယ်။သူ့ရဲ့ရင်ဘတ်နဲ့ ပေါင်တွေမှာ ဒါးနဲ့မွှန်းထားတဲ့ သေရာပါ ဒါဏ်ရာတွေ ရင်ပေါင်ဂျမ်း မီးရှို့ပြီးအစက်ချထားတဲ့ ဒါဏ်ရာတွေ။ ဒါပေမယ့် ထောင်ထဲကနေ ABSDF (NB) အတွက်အများကြီး အလုပ်လုပ်ပေးခဲ့တယ်။ ဒါက ကျနော်ဥပမာပြောပြတာပါ။ ထောင်သားအားလုံးဟာ သေရာပါ ဒါဏ်ရာတွေ ကိုယ်စီနဲ့ပါ။
ယခု ကျနော်ရေးနေတာက ထောင်ဖေါက်တဲ့ညကို ဦးတည်ပြီးရေးနေတာဆိုတော့ နှိပ်စက်မှု့ သရဖူဆောင်းခဲ့ တာတွေ မြင်တွေ့ခဲ့ရတဲ့ ကိုယ်တိုင်ကြုံတွ့ခဲ့ရတာတွေ မရေးတော့ပါဘူး။ ခွင့်လွတ်ပေးကြပါ။
အဲ့ဒီအချိန်မှာပဲ ထောင်နဲ့မျက်စောင်းထိုးကတောင်ကုန်းကို မျိုးဝင်းက စစ်တပ်က ထိုးစစ်ဆင်လာတဲ့အတွက် မင်းတို့ရဲ့ လုံခြုံရေးဖြစ်အောင် တွင်းတူးမယ်လို့ ပြောလာတယ်။ ပထမတော့ ငါတို့အကျဉ်းသားတွေကိုတော့ စိုးရိမ်သားပေါ့။ အဲ့ဒီတောင်ကို အလျား (၃၀) ပေ အနံ (၁၅) ပေ မြေညှိပြီး အနက် (၁၅) ပေ လောက် တူးရတယ်။
ပြီးတော့ ၁၀ လက်မ အချင်းလောက်ရှိပြီး ပေနှစ်ဆယ်အရှည် သစ်ပင်တွေခုတ် ထောင်သားတွေ ကျွဲလို နွားလို သံချိန်းကြိုးတွေနဲ့ တစ်တောင်ဆင်း တစ်တောင်တက် ဆွဲပြီးတော့ မြေကျင်းပေါ်ကနေတန်းစီ ခင်းရတာပေါ့။ ပြီးတော့အပေါ်ကနေ မြေကြီးတွေပြန်ဖို့ သစ်ကိုင်းတွေအပေါ်ကနေပြန်အုပ်ရတယ်။ အဝင်အထွက် အပေါက် ကတော့ တောင်စေင်းမှာပေါ့။ တံခါးကနှစ်ဆင့်။ အဲ့ဒီမှာ သံသယဖြစ်သွားပြီ။
ဘာဘူရေ စုံစမ်းမှဖြစ်မယ်။ ငါတို့ ထောင်သားတွေအတွက်တော့ စိုးရိမ်လို့ တပ်တွင်းရဲဘော်ရဲမယ်တွေ အတွက်က အေးအေး ဆေးဆေး ဖြစ်နေတယ်ဆိုတော့…။ ဘာဘူကသိတဲ့အတိုင်း .. သတင်းကမကြာဘူး။ မျိုးဝင်းတို့ရဲ့ ယုတ်မာမှု့ တအားကြောက်စရာကောင်းသွားပြီ။ နောက်ထပ်သတ်မည့်သူတွေကို အဲ့ဒီထဲထည့်ပြီး အရှင်လတ်လတ်မိုင်းခွဲ သတ်မယ်ဆိုပါလား။ အဲ့ဒီအထဲမှာ မင်းနဲ့ငါက ထိပ်ဆုံးစာရင်းဝင်တဲ့။အမြန်ထွက်ပြေးဖို့ တွန်းအားတွေ ဖြစ်လာခဲ့ပြီ။

ဆက်ရေးပါဦးမည်။
---://---///--///-----///----////----///--

ထောင်ဖေါက်တဲ့ညကိုယ်တွေ့ အပိုင်း ၁၀
တွန်းအားတွေဖြစ်လာတော့ လက်နက်တွေက အရေးကြီးပြီ ကျနော်တို့ သစ်ခုတ် ထင်းခွဲ သစ်ဖြတ်တဲ့ ပစ္စည်းတွေဖြစ်တဲ့ ဓါး ပဲ့ခွပ် ရဲဒင်း ပေါက်ဆိန် လွှ နဲ့ဆောက်လုပ်ရေးမှာသုံးတဲ့ တူ ဆောက် ပေါက်တူး တူရွန်းပြား သံတူရွင်း စတာတွေကို အရင်က ထောင်မှူးတဲမှာ စုထားရတာ နောက်ပိုင်းမှာ ကျနော်တို့ရဲ့ စဖိုဆောင်မှာ ထားခွင့်သိမ်းဆီးခွင့်ရအောင် ကြိုးစားခဲ့ရတယ်။
ကျနော်နဲ့ ဘာဘူရဲ့ ထောင်သားတွေအပေါ်နှိပ်စက်မှူ့တွေက ကောင်းလွန်လွန်းလို့လားတော့မပြောတတ်ဘူး ဘာဘူ ရဲ့ ကူညီမှု့တွေက အများကြီးပါတယ်။ ဒီကောင်က တခါတလေ အရူးကွက်နှင်းပြီးထောင်မှူးနဲ့ လုံခြုံရးတွေကိုလုပ်တာ နောက်ပိုင်း လက်နက်တွေ စဖိုမှာထားခွင့်ရပြီပေါ့။ တပ်တွင်းက ရဲဘော် ရဲမယ်တွေ ကလည်း ထောင်သားတွေရှိနေတော့ ဓါးတောင် မသွေးတတ်တော့ဘူး ထင်တယ်။
ကျနော်တို့ဆီပဲ လာလာပြီးသွေးခိုင်းတယ်။ပိုထက်ပြီး ပိုလို့သုံးကောင်းလို့တဲ့၊ အဲ့ဒါတွေက ကျနော်တို့အတွက် ထွက်ပြေးတဲ့အချိန် တအားအသုံးဝင်ပါတယ်။
ပြောရအုံးမယ်..အဲ့ဒီမတိုင်ခင် ကျနော်တို့ထွက်ပြေးခဲ့တဲ့ လမ်းကြောင်းမှာပါတဲ့ သင်တန်းကွင်းကိစ္စ၊ ကျောင်းသား တပ်မှာ သင်တန်းကွင်း(လေ့ကျင့်မှု့) မရှိဘူးဗျ။ ကျနော်တို့ထောင်ကျမှပဲ ထောင်ရဲ့ ညာမျက်စောင်းထိုး ကျနော် အရင် ပြောခဲ့ဘူးတဲ့ ကျင်းတူးတဲ့ တောင်ကုန်းရဲ့ညာဘက်အောက်ဖက် (ထောင်ဖက်ကကြည့်ရင်) ပါဂျောင် ဂိတ်ကုန်းလိုင်စင်ကုန်း၊ နယူးကင့်ကုန်း၊ သုံးပွင့်ဆိုင်ချောက်ထဲမှာ နယူးကင့် တောင်ကုန်းဖက်ကိုယူပြီး တောင်နံရံကို ပေ (၆၀) လောက်ရအောင် မြေညှိပြီး တောင်နံရံပါတ်လည် ပေ (၃၀၀) လောက် ရအောင် လုပ်ရတယ်။ အလျား (၃၀၀) ပေ အနံ (၆၀) ပေ ဖြစ်သွားတာပေါ့။
အဲ့ဒီမှာအလုပ်လုပ်ရင်းနဲ့ လုံခြုံရေးတွေရဲ့ သမခံရတဲ့ ထောင်သားတွေအများကြီး ပြီးတော့ မိကျောင်းတက်၊ တန်းလွဲ၊ အမြင့်တက်ကြိုးလွဲ စသည်ဖြင့် သူတို့ ခိုင်းသည့် အတိုင်းသစ်တွေခုတ် ထောင်သားတွေ တတောင်တက် တတောင်ဆင်း ထမ်းရတာပေါ့ မှတ်မိသေးတယ် ။မုံရွာသား ကျော်ကျော်ဦးထင်တာပဲ။ မြင့်ဇော် နဲ့ အောင်မွန်တော့ မဟုတ်လောက်ဘူးထင်တယ်။ သူတို့လေးတွေက အဲ့ဒီအချိန် ရှိလှမှ ၁၅ နှစ်နဲ့ ၁၇ နှစ်ကြားလေးတွေရှိအုံးမယ်။ သံခြေချင်းတွေနဲ့ ကျန်းမာရေးလဲမကောင်း စိတ်ဓါတ်ကျတာတွေလဲပါမှာပေါ့ ကျနော်ကလဲ တန်းစီး မဖြစ်သေးဘူး။
ဘာလဲဆိုတော့ အချင်း (၆) လက်မ လောက်ရှိပြီး အရှည်က (၁၅) ပေ အထက်ရှိတဲ့ သစ်ပင်ကို ထမ်းလာတာ။ သူကရှေ့က ကျနော်ကအရင်းပိုင်း..နောက်ကပေါ့၊ ဖြစ်ချင်တော့ ကျန်းမာရေးကမကောင်း။ သံခြေချင်းက ညှိပြီး ရှေ့ကနေ လဲပါလေရော့။ အဲ့ဒီမှာလုံခြုံရေးက လက်သီးထင်တာပဲ ဝါးဆစ်ပိတ်နဲ့ဆော်တော့တာ။ လက်သီး ဆိုတာက မျိုးဝင်းဖွဲ့ထားတဲ့ Comando အဖွဲ့က ရှေ့တန်းမှာ သူ့ညီ မိုးဝေနဲ့ ကျနော်က တပ်စိတ်တစ်စိတ်ထဲ။
အဲ့ဒီအချိန်မှာတော့ ကိုလက်သီးရယ် မလုပ်ပါနဲ့တော့။ သူနေမကောင်းလိုပါဆိုပြီးကျနော်တစ်ယောက်ထဲ ထမ်းနိုင်ပါတယ်လို့ပြောပြီး ထမ်းခဲ့ရဘူးတယ်။ ဒါတွေကမေ့ပြောက်လို့ မရနိုင်တာလေးတွေ။ အဲ့ဒါနဲ့ပဲ လေ့ကျင့်ရေး သင်တန်းကွင်း ပြီးသွားတာပေါ့။ နောက်ပိုင်းမှာ ကျနော်မှတ်မိသလောက် တတ်ကျွမ်းသလောက် Map Location ကို Top View နဲ့ ပုံကြမ်းလေး ဆွဲပြီးတင်ပါ့မယ်။ ကျနော်လိုချင်တဲ့ ဆောက်လေး တစ်ချောင်းကို ဝယ်ခိုင်းပြီ။ ထောင်မှူးကလည်း ဝယ်ပေးခိုင်းမယ်ပေါ့။
အဲ့ဒီဆောက်လေးက 1/4" ရှိတဲ့ အပြင်ခေါ် တစ်မတ်ဆောက်အပြားပေါ့။
ရည်ရွယ်ချက်ကတော့...

ဆက်ပါဦးမည်
ထောင်ဖေါက်တဲ့ည ကိုယ်တွေ့ အပိုင်း ၁၁

အဲ့ဒီတုန်းက ဆောက်တွေက ယခုလို သံသားလျှော့ပြီး တဖြောင့်ထဲမဟုတ်ဘူး။ အဖျားက လက္မပြည့်။ အရင်းပိုင်းကခံနိုင်ရည်ရှိအောင် ပိုကြီးပေးထားတယ်။ ဒီဆောက်ကိုလိုချင်တဲ့ ရည်ရွယ်ချက်က ထွက်ပြေးရင် အယောက် (၃၀) ကျော်ကျန်တဲ့ ထောင်သားတွေက သော့မဖြုတ်ရသေးဘူး။ လမ်းရောက်ရင် ခဲသီးဖြုတ်ပေးဖို့ အချိန်မရှိဘူး။ ဒီဆောက်နဲ့ သံကြိုးနဲ့ သော့ကြား ထိုးထဲ့ပြီး အဆုံးထိရိုက်လိုက်ရင် တရုတ် သော့လောက်တော့ ပျင်းတာပေါ့။
သော့ရဲ့ခဲသီးဖြုတ်တာလဲ ပစ္စည်းစုံပြီး ကျွမ်းကျင်ရင်တောင် အနဲဆုံး (၂) နာရီနဲ့ (၃) နာရီကြားကြာတယ်။ အကြောင်းပြချက်ကတော့ အနုစိတ်လုပ်စရာတွေမှာ သုံးဖို့ဆိုပြီးပြောရတာပေါ့။ ကျနော်တို့ကို ခပ်ထားတဲ့ ခြေကျင်းတွေက အစိုးရထောင်မှာ ခပ်တဲ့ဟာတွေနဲ့ မတူဘူးဗျ။ တောင်ပေါ်ဒေသမှာ ကျွဲတွေနဲ့ တောတွင်းမှာ သစ်တွေ ဝါးတွေ ဆွဲဖို့ ထုတ်လုပ်ထားတဲ့ သံချိန်းကြိုးတွေ သံရဲ့ ထုထည်က Diameter 7 mm လောက်ရှိတဲ့ သံချောင်းတွေနဲ့ ပြုလုပ်ထားတဲ့ ချိန်းကြိုးတွေ၊ အရှည်ကတော့ 2.5 meter လောက်ရှိမယ်။ သံကွင်းဆက် တွေပေါ့။ တစ်ဖက်အစကို ညာခြေကျင်းဝတ်မှာ တင်းနေအောင် ပတ်ပြီး သော့ခပ်ထားတယ်။ နောက်တစ်ဖက် ကိုတော့ ဘယ်ခြေကျင်းဝတ်မှာတင်းနေအောင် သွပ်နန်းကြိုးနဲ့ ချည်ထားတယ်။
အလုပ်က ပြန်လာတိုင်း သော့နဲ့ သွပ်နန်းကြိုးကိုနေ့စဉ်စစ်ဆေးတယ်။ သံချိန်းကြိုးရဲ့ အလယ်မှာတော့ သံကွင်းထဲကိုလက်သန်းလုံးခန့် ရှိတဲ့ ကျစ်ကြိုးနဲ့ တွဲပီး ခါးမှာပါတ်ချည်ထားရတာပေါ့။ လမ်းလျှောက်လိုက်ရင် တချွင်ချွင်နဲ့.. ဒီအသံကြားရင် ထောင်သားတွေ ထွက်လာပြီဆိုတာကို တပ်တွင်း ရဲဘော် ရဲမယ်အားလုံးသိပြီ။ အဲ့ဒီချည်ထားတဲ့ကြိုးက ညရောက်ရင် ကိုယ့်လက်ကို နောက်ပြန်ကြိုး ပြန်အတုပ်ခံရတဲ့ကြိုးဖြစ်နေတော့ နှစ်မျိုးသုံးပေါ့။ တန်းစီးဖြစ်တော့ လက်ပြန်ကြိုးအတုပ်မခံရပေမဲ့ ထောင်သားတွေကိုတော့ တုပ်ပေးရ၊ မျက်နှာ စည်းပေးရ၊ သော့စစ်ရတော့လုပ်ရပြီ။
မှတ်မိတယ်ဗျ။ ကျနော်ကြိုးတုပ်ပေးရတဲ့ အထဲမှာနှစ်ယောက် သုံးယောက်က တင်းတင်းလေးတုပ်ပေးပါဆိုပြီး ပြောဘူးတာရှိတယ်၊ ကျနော်သိတယ်၊ သူတို့တွေရဲ့ခံစားချက်ကို.. အစောပိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေရှိတာကိုး ကြိုးတုပ်တာ လျော့နေလို့ တစိမ့်စိမ့်နဲ့ လက်ကိုပုတ်ပွအောင် ရိုက်ခဲ့တာတွေ၊ လက်ကောက်ဝတ်ထဲ ဓါးနဲ့ ထိုးထဲ့ပြီး မြေကြီးထဲစိုက်ထားလို့ သေသွားတာတွေ..အဲ့ဒီလိုဖြစ်မှာကို သူတို့တွေလန့်နေတယ်။ ကိုယ်ကတော့ ခံစားခဲ့ဘူးသူဆိုတော့ နာကြင်မှာစိုးတဲ့အတွက် ထောင်သားအချင်းချင်း စာနာမှုပေါ့။ ထောင်က သတ်မှတ် ထားတာက လက်ပြန်ကြိုးတုပ်သည့်အခါ လက်နှစ်ဖက်က လက်လေးလုံးအကွာပဲရှိရမယ်လို့ ပြောထားတယ်။ ကျနော်က နေမကောင်းတဲ့သူဆိုရင် (၈) လက်မ လောက်ခွာထားပေးတယ်။ သူတို့စစ်ရင်လဲ ကိုယ်က ကြို စောင့်ပြီး ရူးချင်ယောင်ဆောင်ပေါ့။ မှန်တယ်ပေါ့။
ဒီလိုနဲ့ အမာခံတွေကို ထွက်ပြေးဖို့အတွက်တဆင့်ခြင်းညွန်ကြားပြီ။ကျနော်တို့ရဲ့ရည်ရွယ်ချက်က တစ်ယောက် လွတ်ရင် ငါတို့ရဲ့သမိုင်းကို သူဖေါ်ထုတ်မယ်။ ငါတို့ရဲ့ အသက်ကိုရင်းနှီးပြီး ငါတို့ကြိုးစားပေးရမယ်။ ဒီခရီးမှာ အားလုံးလွတ်နိုင်သလိုအားလုံးလဲ သေသွားနိုင်တယ်။ မင်းတို့ငါတို့တွေက ပေးဆပ်ရမည့်သူတွေ ငါတို့ တစ်ယောက်မှမကျန်မှ ကျန်တဲ့သူတွေကို အထိပါးခံမယ်။ အားလုံးအမိန့်နာခံပြီး ညီညာစွာဖြတ်ကျော်မယ်ဆိုရင် အောင်မြင်မှာပါလို့ဆိုပြီးတော့..
ဆက်ပါဦးမည်။
စာရေးသူစိုးဝင်းထွန်း(စိုးလေး)
---///---//----//---///---//---//---///---

ထောင်ဖေါက်တဲ့ညကိုယ်တွေ့ အပိုင်း ၁၂
အဆင့်ဆင့်ပြောပြီးတော့တာဝန်တွေခွဲပြီ။ထောင်စောင့်ကိုသတ်ပြီးရတဲ့လက်နက်နဲ့ ဘာဘူနဲ့ ကိုဘောကြီး(ပန်းချီ
ထိန်လင်း) ဦးဆောင်ပြီး ဖိုးအောင်နိုင်၊ဇော်မိုး တို့နဲ့ထောင်သားတွေကိုသတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း ခေါ်သွားဖို့ ကျန်တဲ့အမာခံအဖွဲ့က ထောင်မှူးတဲသိမ်းဖို့၊ ပြီးရင် 702 တပ်ရင်းမှူးတဲသိမ်းဖို့ ပြီးရင်၊ ဒါတွေက ဘာဘူနဲ့ ကျနော် နဂိုစီစဉ်ထားတဲ့ကိစ္စပေါ့။ ဒါပေမယ့် ကျောင်းသားသံယောဇဉ်ကြောင့်မလုပ်ရက်ခဲ့ပါဘူး။
အဲ့ဒီမှာ စာဖတ်သူတွေမျက်စိထဲ မြင်အောင်ကျနော်တို့ထောင်က အလျား ပေ (၉၀) ခန့်၊ အနံ ပေ (၂၀) ဝန်းကျင်အလုံပိတ်၊ ဝင်ပေါက် ထွက်ပေါက်က အလျား တစ်ဖက်ရဲ့ အလည်တည့်တည့်မှာ (၅) ပေ (၆) ပေ လောက်ရှိမယ်။ ထောင်ထဲကို ဝင်ဝင်ချင်းအစောင့်တွေအတွက် နေ့ /ည မပြတ်မီးဖိုထားတဲ့မီးဖိုရှိတယ်။
ဝင်ဝင်ခြင်း ဘယ်ဘက်မှာ ကျနော်အိပ်တယ်။ ညာဘက်မှာ ဘာဘူအိပ်တယ်။ သူ့ဘေးမှာဝင်းမြင့် ထင်တယ်၊ မီးဖိုရဲ့ အတွင်းဘက်မှာ ထောင်ရဲ့ ခေါင်တိုင်ရှိတယ်။ မီးဖိုနဲ့ခေါင်တိုင်ကြားမှာ လုံခြုံရေးတွေ နားဖို့ ကွတ်ပစ် (ခုံတန်းလျား) တစ်ခု ကျနော်တို့ အဖွဲ့လုပ်ပေးထားတယ်။ ထွက်ပြေးဖို့ စီစဉ်ထားတာဆိုတော့ ကျနော်၊ ဘာဘူ ၊ ဝင်းမြင့် တို့က ညပိုင်းဆိုရင် ထောင်စောင့် ရဲဘော်တွေကို ထင်းမီးထိုးပေး၊ စကားထိုင်ပြောပေး၊ ထင်းလိုရင် စဖိုထဲသွားယူပေး ထောင်သားတွေ သေးပေါက်ချိန်ရောက်ရင် သေးပေါက်လို့ အော်ပေး၊ ခြေလက်စစ်ပေး၊ ထောင်စောင့်တွေလုပ်ရမည့် ကိစ္စတွေကိုအဆင်ပြေသလို တစ်ဦးမဟုတ် တစ်ဦးကဖြေးဖြေးချင်း လုပ်ဆောင် ပေးနေခဲ့တယ်။
အဲ့ဒီလို တန်းစီးတွေက လုပ်ဆောင်ပေးနေတော့ ဘယ်ထောင်စောင့်က မကြည်ဖြူ အသိအမှတ်မပြုပဲ နေလိမ့် မလဲ။ ကျနော်နဲ့ ဘာဘူက သူတို့တွေ နဲ့ ရှေ့တန်း တပ်ရင်း ၅ အတူတူတိုက်ပွဲဝင်လာတာဆိုတော့ ယုံကြည် တာလဲ ပါတာပေါ့။ နောက်ပိုင်းတော့ သူတို့ကအေးဆေးနား၊ ကျနော်တို့က သူတို့အလုပ်လုပ် ဆိုသလို ဖြစ်လာတယ်။ ဒါကကျနော်တို့လိုချင်တဲ့အကွက်။ လွယ်လွယ်နဲ့ ကျနော်တို့အဖွဲ့ ထောင်ဖေါက်ပြီး ပြေးလာ နိုင်ခဲ့တာ မဟုတ်ဘူးဆိုတာကို စာဖတ်သူတွေသိစေချင်လို့ပါ။

ဆက်ပါဦးမည်။
စာရေးသူ စိုးဝင်းထွန်း (စိုးလေး)

ပါဂျောင်ထောင်ဖေါက်တဲ့ည
ကိုယ်တွေ့ အပိုင်း ၁၃။
ကျနော်မှတ်မိတာတော့ ၅- ၅- ၁၉၉၂ နေ့ ညပိုင်းထင်တာပဲ။ အဲ့ဒီနေ့မှာ ကျနော်စိတ်တွေလုပ်ရှားနေပြီ။ အလုပ် သိမ်းချိန်မှာ ထောင်သားတွေရဲ့ ခြေထောက်ခတ်ထားတဲ့ သော့တွေကိုစစ်ပြီး ပေါ့လျော့မှု့တွေ ပေးလိုက်တယ်။ ထွက်ပြေးဖို့မသိတဲ့ ထောင်သားတွေက ချောင်နေတယ်။ ပြန်တင်းပေးပါလို့ဆိုကြတယ်။ ပြန်တင်းပေးရတာပေါ့။
(စစ်ကြောရေးနဲ့ ထောင်မှုးစစ်လို့တွေ့ရင် ခြေထောက်ဖြတ်ခံရမှာလေ။ တခါထဲဖြတ်လိုက်တာက သက်သာပေမဲ့ တစိမ့်စိမ့်နှိပ်စက်ပြီး ပုတ်သွားမှ ဓါးကြီးနဲ့ သို့မဟုတ် မိုင်းခွဲတဲ့ ကက်နဲ့ တေ့ပြီးဖြတ်လိုက်ရင် ဆေးဆရာမတွေရဲ့ လက်တွေ့ ထုံဆေး မေ့ဆေးမပါသောခွဲစိတ်မှူ့ဖြစ်သွားမှာ ထောင်သားတွေကြောက်တာပေါ့)
ထောင်သားတွေအကုန်အထဲရောက်ပြီး ကိုယ့်နေရာကိုယ် ရောက်တဲ့အချိန် ထမင်းကျွေးဖို့ စီစဉ် လုပ်ဆောင် နေတဲ့အချိန် ထောင်မှုး ကိုလှမျိုးအောင်ကလည်း ထောင်အပေါက်ဝမှာ လုံခြုံရေးတွေနဲ့။ အဲ့ဒီအချိန်မှာ ကျနော်က ထောင်ရဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ်နှစ်ဘက်ကို ခေါက်တုံး ခေါက်ပြန်လျှောက်ပြီး ပြောဖြစ်တဲ့ စကားက.. မင်းတို့တွေ ငါတို့ရဲ့စကား နားမထောင်ရင် ငါ့ရဲ့ ဒုတ်က ဓါးထက်ပိုစွမ်းတယ်။ တစ်ချက်ထဲပဲ။ အများအတွက်ဆိုရင် ငါမလုပ်ရဲစရာအကြောင်းမရှိဘူး။
တစ်ဦးတစ်ယောက်အတွက်နဲ့ကျန်တဲ့သူတွေ မခံရစေနဲ့။ အမိန့်ကိုနာခံပါ။ ပြောတဲ့အတိုင်းလုပ်ပါ။ လုပ်နိုင်သည် ဖြစ်စေ မလုပ်နိုင်သည်ဖြစ်စေ လုပ်ဆို လုပ်ရမယ်။ မလုပ်ရင်နောက်ပိုင်း ငါ့ဒုတ်နဲ့ တွေ့မယ်။ အဲ့ဒီအချိန်မှာတော့ တန်းစီးတွေဖြစ်တဲ့ ဘာဘူ။ ကိုတိုးကြည်။ ဝင်းမြင့် နဲ့ စဖိုက မိန်းကလေးအကျဉ်းသား နန်းစောနဲ့ တူးတူးက ထမင်းပန်းကန်တွေခင်း၊ ဟင်းပန်ကန်တွေချပေါ့။
(ကျနော်တို့ရဲ့ ထမင်းပန်းကန်ကတော့ တစ်ပေပတ်လည် အစိမ်းရောင် ပလပ်စတစ်ခွက်၊ ဟင်းပန်းကန်ကတော့ ထမင်းပန်းကန်ထဲလောင်းထဲ့ပေါ့။ အလုပ်လုပ်ရင်းခူးလာတဲ့ အရွက်လေးတွေ။ ပေးကမ်းလို့ရလာတဲ့ ပဲပုတ်ပြား လေးတွေ။ ကောက်ရလာတဲ့ ငရုပ်သီးခြောက်လေးတွေ ထောင်းသားတွေလွတ်လပ်စွာ မျှဝေပြီးစားနိုင်အောင် ကျနော်တို့ တန်းစီးတွေက ထောင်မှူးနဲ့အဖွဲ့ ဝင်မလာနိုင်အောင် ကြိမ်းမောင်းတဲ့သူက ကြိမ်းမောင်း။ ထောင် ပေါက်ဝမှာ အဆင်ပြေအောင်နေပေးတဲ့သူက နေပေးရတာပေါ့)
ကျနော့ရဲ့စိတ်ကို တည်ငြိမ်အောင်ထားလိုက်နိုင်တဲ့အချက်က “အားလုံးလွတ်မြောက်ဖို့ ငါ့မှာတာဝန်ရှိသွားပြီ” တစ်ဦးတစ်ယောက်လွတ်မြောက်သွားသော် ငါသေပျော်တယ်။ ငါတို့ရဲ့သမိုင်းကို လွတ်မြောက်သွားသူက ဖေါ်ထုတ်ပေးလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကင်းသမားကို သတ်ဖို့ ကျနော်တာဝန်ယူလိုက်လို့ပါပဲ။

ဆက်ရေးပါဦးမည်။
စာရေးသူစိုးဝင်းထွန်း( စိုးလေး)
-----------------------------------

ပါဂျောင်ထောင်ဖေါက်တဲ့ည ကိုယ်တွေ့ အပိုင်း ၁၄
ကျနော်တို့ အမာခံအဖွဲ့နဲ့ သတ်မှတ်ချိန်ကည (၁၂) နာရီ ထောင်သားတွေ အားလုံး ထမင်းစားပြီးချိန်.. သူတို့ကို လက်ပြန်ကြိုးတွေ တုတ်ပေးပြီး (အဲ့ဒီမှာတစ်ခုတော့ရှိတယ်၊ အမာခံအဖွဲ့တွေကိုတော့ အလွယ်တကူဖြုတ်လို့ ရအောင် တုတ်ပေးထားတယ်။)
သူတို့ရင်ထဲဝင်ကြည့်ရင်တော့ ဒီကောင်တွေ ဒိန်တလိန်းနတ်ထက် ဆိုးနေမှာတော့ သေချာတယ်။ ဘာကြောင့် လဲဆို ချည်ထားတဲ့ကြိုးလျော့ရင် လက်ဖြတ်ခံရမှာကိုး။ စစ်ဆေးခဲ့ရင်ပေါ့။ သူတို့လဲကျနော်တို့အပေါ် ယုံကြည် တာကိုး။ တန်းစီးတွေ ဦးဆောင်ပြီး လုပ်တာဆိုတော့ဘယ်သူမဆို ခေါင်းဆောင်ကောင်းရင် နောက် လိုက်ဖို့ ဝန်မလေးဘူးဆိုတာထက် အဖြစ်မှန်ပေါ်ပေါက်ဖို့ဆိုတာကိုက ကျနော်တို့အတွက် အားသာနေတာပါ)
ကျနော်တို့ တန်းစီးအဖွဲ့နဲ့ထောင်ကျရဲမေ နှစ်ယောက်ထမင်းစားသောက်ပြီးညဦးပိုင်း ဘရားရှိခိုး (တိုင်ပေး တာကတော့ ထုံးစံအတိုင်း ကိုဘောကြီး အခုတော့ ပန်းချီထိန်လင်းပေါ့)။ နောက်ပိုင်း သီချင်း ဆိုခိုင်း တာတွေ ဘာတွေညာတွေ ကျနော်မမှတ်မိတော့ဘူး။
ကျနော့စိတ်ထဲမှာရှိတာက ည (၁၂) နာရီ..ဘယ်သူ့ ကင်းအလှည့်လဲ။ နာဂအောင်နိုင် OK ပြီပေါ့။ကျနော်နဲ့ ဝင်းမြင့်က ကင်းသမားတွေကို မချမ်းအောင်မီးဆက်တိုက်ထိုးပေး၊ ထင်းလိုရင် စဖိုထဲသွားယူပေး အဲ့ဒီည ကတော့ အရင်နေ့နဲ့မတူဘူးဗျ။ လုံခြုံရေးယူတဲ့မီးဖိုမှာ ထင်းတုံး ခွဲခြမ်းတွေ နဲနဲပဲချပေးထားတယ်။
ဘာကြောင့်လဲဆိုတော့ ကျနော့ရဲ့ ခန္တီးဓါးကစဖိုထဲမှာ တစ်ချက်မွှေ့လိုက်ရင်တစ်ယောက်တော့သေချာတယ်။ ကင်းချိန်းတိုင်း ထင်းတုံးယူပေးတာပေါ့။ ဒီိလိုနဲ့ ည (၁၀) နာရီ ကင်းချိန်းတော့ ထောင်မှူးတဲကမဟုတ်ပဲ ဦးအောင်ဆွေဦး (ယခင် ၇၀၂ တပ်ရင်းမှူး။ယခုတော့ တာဝန်ခံတစ်ခုခုတော့ဖြစ်နေပြီပေါ့) တဲက တပ်ကြပ်ကိုမောင်ဝင်း ဖြစ်နေတယ်။
အဲ့ဒီမှာ ကျနော်နဲနဲစိတ်လှုပ်ရှားသွားပြီ။ ဘာကြောင့်ကင်းပြောင်းတာလဲ.. ငါတို့စီစဉ်တာ ပေါက်ကြား သွားပြီ လားပေါ့.. ကိုမောင်ဝင်းနဲ့က KIA တပ်ရင်း (၆) မှာထဲက ကျနော်နဲ့ရင်းနှီခဲ့တာ။ ကျနော်က ဝင်းမြင့်ကို မင်းမီးထည့်ပေးထားအုံး။ ငါထင်းသွားယူလိုက်အုံးမယ်ဆိုတော့ ကိုမောင်ဝင်းက ရတယ်။ ဒါနဲ့ လောက်တယ်..ဆိုတော့ စိတ်တော်တော်ပူသွားပြီ။
သူက အပေါက်ဝကနေမခွာဘူး။ သူကိုင်နေကျ ကာဘိုင်လေးနဲ့။ (၁၂) နာရီ ကျော်သွားပြီ။ ကင်းချိန်းမယ့်သူ ရောက်မလာသေးဘူး။ ဝင်းမြင့်ကလက်တို့ပြီး အိပ်ယာအောက်ကို ထိုးပြတယ်။ သဘောပေါက်လိုက်ပြီ။ သူဝှက် ထားတဲ့ ဓါးရှိတယ်ဆိုတာကိုပေါ့။ ကျနော်က ကိုမောင်ဝင်း ကို ပြောလိုက်တယ်။ ကင်းချိန်ကျော်နေပြီ။ ကျနော် သွားခေါ်ပေးရမလားလို့ ပြောတော့.. ရတယ်မခေါ်နဲ့ သူလာမှကင်းချိန်းမယ်ဆိုတော့.. ကျနော် တော်တော် စိတ်ပူနေပြီ။ ပေါက်ကြားလို့ အောက်ကအဖွဲ့တွေ တက်လာရင်သေချာတာတော့ အသက်ချင်းလဲရုံအပြင် ဘာရှိမှာလဲ။ ငါလုပ်တာပါဆိုပြီး အားလုံးအတွက် အသက်စတေးရုံရှိတာပေါ့။
မနက် (၁) နာရီ လောက်ထိ ကင်းက လာမချိန်းသေးဘူး။ စိတ်ကိုတည်ငြိမ်အောင် ထားနေရတယ်။ အမာခံ အဖွဲ့တွေက နဲနဲအသံလေးတွေပေးလာတယ်။ လုံခြုံရေးအသစ်ဆိုတော့ ကျနော်နဲ့ဝင်းမြင့် ဗျူးဗြဲ လုပ်ရတယ်။ ဝင်းမြင့်က မျက်စိမျက်နာတွေပျက်နေပြီ။ သူကရှိလှမှ ၁၆ နှစ်ပေါ့။ ကျနော်က မျက်စိအနေအထားနဲ့ ပြဲပြလိုက် ပြူးပြလိုက်မှ..ဒါတောင်အနေအထားမမှန်ချင်တော့ဘူး။ တော်တော်ကြောက်နေပြီ။ အဲ့ဒီအချိန်မှာ မနက် (၁) နာရီ လောက်ရှိရော့ပေါ့။ လကလည်း ထိန်ထိန်ကိုသာလို့ဗျာ။ ကျနော်ဘာဆက်လုပ်ရမှာလဲ။

ဆက်ရေးပါဦမည်။
စာရေးသူစိုးဝင်းထွန်း( စိုးလေး)

ပါဂျောင်ထောင်ဖေါက်တဲ့ညကိုယ်တွေ့ အပိုင်း ၁၅
ကျနော်ဘာဆက်လုပ်ရမလဲ။ အဲ့ဒီအချိန်မှာ အမာခံအဖွဲ့ထဲကတစ်ယောက်က တန်းစီး ကျနော် သေးပေါက် ချင်လို့ဗျဆိုတော့ ထောင်သားတွေသေးပေါက်ချိန် တော်တော်ကျော်သွားတာ မသိလိုက်ဘူး။ ကိုယ့်အပူနဲ့ ကိုယ်ဆိုတော့လည်း သတိမထားလိုက်တာပါသလို ဘာလုပ်မှာလဲ ဆိုတဲ့မေးခွန်းလည်းဖြစ်နိုင်တယ်။ ပင်လယ် ရေမျက်နာပြင်အထက် ပေ (၇၀၀၀) လောက် မြင့်တဲ့နေရာမှာဆိုတော့ မိုးနဲ့ဆောင်းပဲ ရှိတဲ့ဒေသလေ။ Aircon မလိုဘူး။ ရေခဲစားချင်ရင် ညပိုင်းခွက်တစ်ခုထဲ ရေထည့်ထားလိုက်။ မနက်ဆိုစားလို့ရပြီ။ ဆိုချင်တာကဆီးရွှင်တဲ့ ထောင်သားတွေမပြောရဲလို့ အိပ်ယာထဲသေးပေါက်ချပြီး မနက်ကိုအရိုက်ခံရတဲ့ သူတွေလဲရှိခဲ့ပါတယ်။ ကျနော်က ကိုမောင်ဝင်းကို ထောင်သားတွေသေးပေါက်ချိန်ကျော်နေပြီ သေးပေါက်ခွင့်ပြု့ပေးပါဆိုတော့ လုပ်ပါလို့ ပြောတယ်..အဲ့ဒီအချိန်မှာ တန်းစီးဝင်းမြင့်က သေးပေါက်လို့အော်လိုက်တယ်။
မျက်နာကိုအဝတ်စီးပြီး လက်ပြန်ကြိုးတုပ်ထားတဲ့ထောင်သား တွေဟာတပြိုင်တည်းထပြီပေါ့။ (ထောင်သား တွေရဲ့ခြေရင်းမှာ တစ်ယောက်ကို ဂလူးကို့စ် ဖန်ပုလင်း နှစ်လုံးစီရှိတယ်ဗျ။ လက်ပြန်ကြိုးတုပ်ရက်နဲ့ပဲ မျက်လုံး စီးထားတာကို မရရအောင်အသာဖွင့် ခြေရင်းက သေးပုလင်းကိုရအောင်ယူပေါ့။ နေ့စဉ်နဲ့အမျှ လနဲ့ ချီပြီး လုပ် လာတာဆိုတော့ အခက်အခဲတော့မရှိတော့ပါဘူး။ ဘေးဘယ်ညာကြည့်လို့မရဘူး။ ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်.. မဟုတ်ရင်အထုအထောင်ခံရမှာ။ တစ်ခုတော့ရှိတယ်။ ဒုံးကျည်က ပစ်မှတ်ရောက်ဖို့ သိပ် အရေးကြီးတယ်။ ပစ်မှတ်မရောက်လို့ အထုခံရသူတွေရှိတယ်။ ပုလင်းနှစ်လုံးနဲ့ မလောက်ရင် ဘေးလူဆီက အကူအညီတောင်းရတယ်။ ဒါကလည်းတိုးတိုးတိတ်တိတ်ပေါ့။ ဆီးရွှင်တဲ့သူတွေကမလောက်ဘူးဗျ။ ဘေးလူတွေကလည်း အကြောင်းသိဆိုတော့ သေးပေါက်ချိန်ဆို အသာလေးပုလင်းကို သူ့ဘက် တိုးပေး လိုက်တယ်။ ရဲဘော်စိတ်အပြည့်ရှိကြတယ်။ အဲ့ဒီအတွေ့အကြုံက အခုအချိန် ကျနော့အတွက် အသုံးဝင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော် Express နဲ့ ခရီးသွားရင် ကားရပ်ခိုင်းစရာမလိုဘူး။ ကားကပေးတဲ့ ရေသန့်ဘူး နဲ့တင် အဆင်ပြေတယ်။ ပစ်မှတ်လုံးဝမလွဲဘူး)
အဲ့ဒီအချိန်မှာ နာဂအောင်နိုင်ကင်းချိန်းဖို့ ရောက်လာတယ် ။ ဝမ်းသာလိုက်တာတော့ ပြောမပြတတ်အောင်ပါပဲ။ ငါတို့ရဲ့အစီအစဉ်တွေ သူတို့မသိသေးဘူးဆိုတဲ့ စိတ်နဲ့ပေါ့။ နာဂအောင်နိုင်က အရက်သောက်လာတယ်။ ထောင်သားတွေကိုတော့ မရက်စက်ခဲ့ဘူးထင်တာပဲ။ တိုက်ခိုက်ရေးတော့ကောင်းလောက်တယ်။
သူလည်းရှိလှမှ အသက် ၂၃/၂၄ ပေါ့။ ကိုမောင်ဝင်းနဲ့ ကင်းချိန်းပြီပေါ့။ ထူးထူးခြားခြား လကလည်း သာနေတော့ ကိုမောင်ဝင်းက စိုးလေး ငါ့ကိုလိုက်ပို့.. ဆက်ပြီး အောင်နိုင်ကို ငါစိုးလေး ကို ခေါ်သွားမယ်.. (ကိုမောင်ဝင်း သရဲကြောက်တတ်တာကို ကျနော်က KIA တပ်ရင်း ၆ မှာကတည်းကသိတာ။ ကျနော်တို့ကို ထားတဲ့ ထောင်ကုန်းဆိုလည်းဟုတ်သလို ကျောင်းသားတပ်မတော်ရဲ့အလံ လွင့်ထူတဲ့အလံတိုင် ကုန်းလည်း ဟုတ်တယ်။ အဲ့ဒီကုန်းက ရာဇဝင်နဲ့ လသာတဲ့ညတွေဆိုအမျိုးသမီးတစ်ယောက်က သီချင်းလာလာဆိုတာတဲ့။ ကျနော်ကတော့ မတွေ့ခဲ့ မိပါဘူး)
နာဂအောင်နိုင် ကလည်း ခေါ်သွားလေဆိုတော့ ကျနော်က သံချိန်းကြိုးကိုခါးမှာချည်..တချွင်ချွင်နဲ့ ရှေ့က သွားတာပေါ့။ ရင်းမှူး ဦးအောင်ဆွေဦး တဲရောက်တော့ ကိုမောင်ဝင်း ကို အထဲလိုက်ပို့ရင်းနဲ့ ဘယ်ညာ ကြည့်လိုက်ပြီ။ တဲရဲ့ အလယ်မှာမီးဖို.. ဘယ်ဘက်အခန်းမှာ ရင်းမှူးအိပ်တယ်။ ညာဘက်အခန်းမှာ ကိုမောင်ဝင်းနဲ့ ရင်းမှူး PA စိုးနိုင် အိပ်တယ်။ ကျနော်စီစဉ်ထားသလို ဒီတဲကိုသိမ်းလို့ရပြီပေါ့။ ပြီးရင် တောင်အောက်ဆင်း လမ်းကူးတောင်ပေါ်မှာရှိတဲ့ ထောက်လှမ်းရေးရုံး၊ စစ်ရုံး စစ်ရေးတာဝန်ခံ သံချောင်းတဲ (ယခု သာယာဝတီထောင်)။ ပြီးရင် ဥက္ကဋ္ဌ အောင်နိုင် (ရော်နယ် အောင်နိုင်) တဲကို သိမ်းပြီးရင်ပွဲပြီးပြီ။ တကယ်တော့မလုပ်ရက်ခဲ့ပါဘူး။
ကိုမောင်ဝင်း ကို လိုက်ပို့ပြီး တချွင်ချွင်နဲ့ပဲ ထောင်ကိုပြန်လာရတာပေါ့ ချိန်းသံမပေးလို့ကလည်းမရ။ ထောင်မှူး တဲက ကြားထဲမှာရှိနေတော့ ထွက်ပစ်ရင် ဇယားရှိတာကိုး။ အေးအေးဆေးဆေးနဲ့ပဲ ထောင်ကို ရောက်လာတယ် (ကိုမောင်ဝင်း က ကျနော့ကို ဖက်ကြမ်းဆေးပေါ့လိပ် ၃ လိပ်ပေးလိုက်သေးတယ် ။ လမ်းအတွက် အဆင်ပြေ သွားတာပေါ့)။
ထောင်ရောက်တော့ နာဂအောင်နိုင်က ကွတ်ပြစ်ပေါ်အိပ်နေပြီ ။ ဝင်းမြင့် က မီးဖိုဘေးမှာ မီးထည့်ပေးနေတယ်။ အဲ့ဒီအနေအထားတွေ့လိုက်တော့ ကျနော်ကစဖိုဆောင်ထဲ သွားပြီပေါ့။ ကျနော့ရဲ့ ကိုယ်ရံတော်ကို သွားယူပြီးသကာလ.......

ဆက်ရေးပါဦမည်။
စာရေးသူ စိုးဝင်းထွန်း(စိုးလေး)

ဓါတ်ပုံမူရင်း ဦးစိုင်းထွန်း(၁၉၉၂ခုနှစ် ဧပြီလဒေါက်တာနိုင်အောင်နှင့်လာစဉ်ရိုက်ယူထားသောပုံများထဲမှ)

ပါဂျောင်ထောင်ဖေါက်တဲ့ည ကိုယ်တွေ့ အပိုင်း ၁၆
စဖို(ထောင်သားတွေကိုထမ္မင်းနဲ့ဟင်း ချက်ပြုတ်ပေးရတဲ့တဲပေါ့။ ဘာကြောင့်ပြောရလဲဆိုတော့ လူငယ်တွေကို မပြောလိုဘူး။ လူကြီးတွေတောင် ABSDF ဆိုတာ ဘာကြောင့် ဖွဲ့တာလဲတဲ့။ နဲနဲတော့လည်သွားတယ်။ သာကူးအတွက်တော့ လှုပ်ရှားနေတယ်) က ကျနော့ ကိုယ်ရံတော်ပါလာပြီ။ နောက်ကျော ခါးခြားထိုးလို့ ထောင်ထဲဝင်တော့ ဝင်းမြင့်က မီးထိုးနေတယ်။ ကျနော့ရဲ့ (၁၀) လက်မ လောက်မြင့်တဲ့ ကုတင်ပေါ်ထိုင်ပြီး စဉ်းစားရပြီ။ ငါပြန်လာတဲ့ချိန်းသံက ထောင်မှူးတဲမှာတစ်ယောက်ယောက်တော့နိုးမှာပဲ။ အိပ်ချိန်ခဏတော့ စောင့်ရမှာပေါ့။ ကင်းသမား နာဂအောင်နိုင်ကလည်း တရှုးရှုးနဲ့ကွပ်ပစ်ပေါ်အိပ်နေတာ တန်းစီးတွေကို စိတ်ချတာလား... မှုးလို့ အိပ်တာလားတော့ မသိဘူး။ တမလွန်မှာသွားမေးမှပဲသိရတော့မှာပေါ့။
ကျနော်ခန့်မှန်း ၁၅ မိနစ်လောက်စောင့်ပြီးကျနော့ရဲ့ သက်တော်စောင့်ခန္တီးဓါးထုတ်ပြီ။(နာဂအောင်နိုင်ရဲ့ G .3 က သူ့ရဲ့ခြေရင်းမှာ ။ဘာဘူ(မြင့်သိန်း)အိပ်တဲ့ဖက် ထောင်ထားတယ်။အမာခံအဖွဲ့တွေဘယ်သူမှ အိပ်လို့ မရဘူးဆိုတာကိုတော့ ကျနော်ရဲရဲကြီးအာမခံပြောရဲတယ်။ ကျနော်ကလုပ်ရှားနေရလို့ မသိသာပေမယ့်သူတို့က နိုးလျက်နဲ့ အသေလိုနေရတဲ့ဘဝ။ ဒါ့အပြင် ဘာကြောင့်လဲဆိုတာကိုတွေးပြီး ရင်ခုံနေရမယ့်ဘဝတွေ။ လက်ပြန်ကြိုးတွေလည်းဖြေထားပြီ။ ခြေထောက်ခပ်ထားတဲ့ သံချိန်းကြိုးတွေလည်းဖြုတ်ထားပြီ။ သူတို့တွေရဲ့ ရင်ထဲမှာ ဘယ်လိုရှိမယ်ဆိုတာစာဖတ်သူတို့စဉ်းစားကြည့်ရင်ဘယ်လိုနေမလဲ။
မီးဖိုဘေးမှာ ကျနော်နဲ့ဝင်းမြင့်..နာဂအောင်နိုင်ရဲ့ မေးစိကိုဆွဲကိုင်ပြီးလည်ပင်းကို ဓါးဆွဲတော့မည့်အချိန်..အွတ် ဆိုတဲ့အသံ သူ့ဆီကထွက်လာတယ်။ အဲ့ဒီမှာ ဘာဘူကထလာပြီး G 3 ကိုဆွဲယူ မောင်းကို အသာတင်ပြီးတော့ ချိန်တာက ကျနော့ကိုချိန်တာလား ..နာဂအောင်နိုင်ကို ချိန်တာလားတော့မသိဘူး။
ဘာကြောင့်လဲဆိုတော့ နာဂအောင်နိုင်ရဲ့ ခေါင်ရင်းမှာ ကျနော်က မေးစိဆွဲပြီး လည်ပင်းကို ဓါးနဲ့ဆွဲလှီးဖို့ လုပ်နေတာကိုး ဘာဘူက ကိုစိုးလေး မသတ်ပါနဲ့တဲ့။ အမာခံအဖွဲ့တွေကလည်း အသံကြားတာနဲ့ အကုန် ထလာတာ တအားမြန်တယ်။ ဘာသံမှမထွက်ဘူး။ ဘာဘူက အဲ့လိုပြောတော့ ဝင်းမြင့် ကို ကျနော်၊ ဘာဘူ၊ ကိုတိုးကြည် တို့ရဲ့ ခါးချည်တဲ့ကြိုးတွေကို အရင်ယူခိုင်း။ မျက်လုံးစီးတဲ့အဝတ်တွေကို ပါးစပ်ထဲထိုးထည့်။ ကြိုးတုပ်ပေါ့ (လုပ်သမျှအားလုံးဟာ အသံတိတ်လုပ်ရတာပေါ့)။ စီစဉ်ထားတဲ့အတိုင်း အုန်းကြိုင် (OK) နဲ့ ထိန်လင်းအောင်၊ ဘိုတောက်(ထွန်းလင်းစိုး)၊ ဒဿ (မောင်မောင်ခင်)၊ နောက်နှစ်ယောက်က ကျော်ဇင်ထွန်း နဲ့ ဖိုးဆန်းထင်တာပဲ။ ကျော်မျိုးလည်းဖြစ်နိုင်တယ်။ မမှတ်မိတော့ဘူး။
ဓါးကိုယ်စီကိုင်ပြီး ထောင်မှူးတဲကို လုပ်ကြံဖို့သွားပြီ။ ကျနော်ကတော့ ထောင်သားတွေကို အသံမထွက်အောင်နဲ့ သံကြိုးတွေအသံမထွက်အောင် သွပ်နန်းကြိုးကိုဖြုတ်လို့ရပေမယ့် သော့ခတ်ထားတဲ့ဘက်တော့ဖြုတ်လို့မရဘူး။ အသံမထွက်အောင် ဖြုတ်ပြီးတဲ့ချိန်းတစ်ဖက်ကို ပခုံးပေါ်တင်ပြီး ရင်ဘတ်ရောက်အောင်ဆွဲ အသံ မထွက်အောင် တင်းတင်းဆွဲထားခိုင်းရတာ။
ဘာဘူနဲ့ ကိုဘောကြီး (ပန်းချီထိန်လင်း) တို့က ပွိုင့်သွားဖို့စီစဉ်ထားပေမယ့် KIA ကို ကျနော်တို့ဟာ ထောက်လှမ်းရေးမဟုတ်တဲ့အကြောင်း၊ ကျောင်းသားစစ်စစ်ဖြစ်တဲ့အကြောင်းတွေကို ရေးဖို့လုပ်နေပြီ။ ဒါက လည်း ပြီးမှသိတာပါ။ ကျနော်က တစ်ယောက်ပြီးတစ်ယောက် အသံမထွက်အောင် ထောင်ထဲက ထွက်ခိုင်းပြီး အားလုံးကုန်တော့ ထောင်မှူးတဲဖက်ရွှေ့ပြီ။ လကလည်းသာနေတော့ ထောင်မှူးတဲ ဘေးနားမှာ အားလုံး ချောင်းနေကြတယ်။
တဲထဲကို လေးဖက်ထောက်ပြီး ကျနော်စဝင်လိုက်တယ်။ ပြီးတာ့ OK လိုက်ဝင်တယ်။ ညာဘက်ကို လက်ပြတော့ သူသွားတယ်။ နောက်လူတွေက လူစုခွဲလိုက်ပြီ။ OK ဖက်ကို ၃ ယောက်.. ကျနော့ဖက်ကိုတစ်ယောက် .. အလယ်ကိုတစ်ယောက် လက်နဲ့ပဲ ပြရတာပေါ့။ ကျနော်တို့တွေ တကယ်သတ်တော့မှာ ထောင်စောင့် ရဲဘော်တစ်ယောက်ရဲ့ ချောင်းဆိုးလိုက်တဲ့အသံက ကျနော့ရဲ့စိတ်ကို ပြောင်းလဲပေးလိုက်တယ်။

စာရေးသူ စိုးလေး( မကဒတ မပ)
----///--///----///---//----///----//----///-

ပါဂျောင်ထောင်ဖေါက်တဲ့ည
ကိုယ်တွေ့ အပိုင်း ၁၇
အဲ့ဒီအချိန်မှာ အားလုံးကိုလက်ဝါးဖြန့် ထောင်ပြလိုက်တယ်။ ကျနော်က ထောင်မှူးရဲ့ကုတင်ခြေရင်းရောက်နေပြီ။ လရောင်က တစ်လက္မလောက်ရှိတဲ့ဝါးလုံးတွေနဲ့ကာထားတဲ့နံရံခြားထဲကနေ တဲထဲကို ဝင်ရောက်နေတော့ ထောင်မှူးရဲ့ ကာဘိုင်သေနပ်လေးက ခေါင်းရင်းနံရံမှာ ထောင်ထားတာကိုတွေ့နေရတယ်။ ကျနော် လက်ထောင်ပြတာကို အားလုံးမြင်လိုက်တယ်။ ကျနော်ကမုဆိုးဒူးထောက် ထိုင်လျက်ပေါ့။ ကျနော်တို့အဖွဲ့က နောက်ချန် အားလုံးရှင်းပြီးမှ နောက်ကလိုက်မှာ (ထောင်သားတွေကို ဘာဘူနဲ့အဖွဲ့ ဦးဆောင်ပြီးခေါ်သွားဖို့ အရင်လွှတ်လိုက်ပြီဆိုတော့ ကိုယ်တွေအတွက်ကသေမထူး နေမထူး။ အားလုံးလဲ ဒီလိုပဲတွေးထားကြမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျန်ခဲ့တဲ့သူတွေအားလုံးဟာ တစ်ဦးတစ်ယောက်လွတ်မြောက်ဖို့အတွက် အသက် ပေးဖို့ ဝန်မလေးတဲ့သူတွေဖြစ်နေလို့ပါပဲ ။ အဲ့ဒီအချိန်မှာအားလုံးက လူသတ်ဖို့ဝန်မလေးတဲ့သူတွေကြီးပဲ။
တစ်ခုတော့ရှိတယ်။ အမာခံတွေအားလုံးကအမိန့်နာခံတယ်၊ ညီတယ်။ ဘာဘူနဲ့ကျနော် နှိပ်စက် ထုထောင်း ခဲ့တာတွေကို သူတို့တွေအကုန်နားလည်ပေးတယ်။ ထွက်ပြေးခဲ့တဲ့တစ်လမ်းလုံး အမိန့်အောက်မှာပဲ စည်းလုံးစွာ လက်တွဲခဲ့တယ်။ နာမကျန်းအများစုကိုလည်း ဒီအဖွဲ့ပဲစောင့်ရှောက်ပေခဲ့ရတာပါ။ ချောင်းဆိုးသံ ကြားတော့ ကျနော့စိတ်ထဲဝင်လာတာတခုက ငါတို့သတ်လိုက်ရင်သေမယ်။ တိုင်ပင်မညီလို့ ရုန်းရင်း ဆန်ခတ်ဖြစ်ရင် ထွက်ပြေးသွားသူတွေပါ ဒုက္ခရောက်မယ်။ ကျောင်းသား ရဲဘော်အချင်းချင်း မသတ်သင့်ဘူးလို့ စိတ်ထဲ ဝင်လာတယ်။ တပ်စိတ်ချင်းမတူပေမဲ့ ရှေ့တန်းမှာအတူ တိုက်ပွဲဝင်ခဲ့တဲ့ရဲဘော်တွေဖြစ်နေလို့ပါပဲ။
တိုက်ဆိုင် တာလားတော့မသိဘူး။ ထိန်ထိန်သာနေတဲ့ လရောင်ကိုတိမ်မဲတွေစတင်ပြီး ဖုံးလွှမ်းသွားပြီ။ အဲ့ဒီအချိန်မှာ ဒဿ (မောင်မောင်ခင်) က နောက်ကနေ ခါးတို့ပြီး လက်ယတ်ခေါ်တယ်။ ကျနော်လည်း လေးဖက်ထောက် ဖြေးဖြေးချင်းပြန်ဆုတ်ပေါ့။ အသံလုံးဝထွက်လို့မရပါဘူး။ အသံထွက်သွားရင် မဖြစ် သင့်တာတွေဖြစ်ကုန်မှာ။ ကျနော်ဆုပ်လာတော့တဲထဲမှာ ဘယ်သူမှမရှိတော့ဘူး။ အားလုံးက ထောင်နား ရောက်နေတယ်။ ဘာကြောင့်လဲလို့မေးလိုက်တော့ ကိုမြင့်သိန်း (ဘာဘူ) က အတူတူသွားမယ်လို့
လာခေါ်တယ်တဲ့ ။ဘာဘူရောက်လာတာ ကျနော်မသိသလို..သူတို့နဲ့လည်း ဘာဘူမရှိဘူး။ ကျနော့စိတ်ထဲမှာ ဒီကောင်တွေမလုပ်ရဲလို့အကြောင်းပြတာလားပေါ့။ ဒါပေမယ့်အားလုံးက ရောက်နေတာဆိုတော့ ဘာဘူ ဘယ်မှာလဲ လို့ မေးလိုက်တာ တောင်ကြားထဲမှာတဲ့။ ကျနော်အများကြီးစိတ်ပူသွားပြီ။ သူတို့ဘာဖြစ်လို့ မထွက် ပြေးသေးတာလဲပေါ့။ အဲ့ဒါနဲ့တောင်ကြားထဲကိုကျနော်ပြေးဝင်သွားတော့ အမာခံအဖွဲ့တွေလည်း နောက်က ထပ်ချပ်မကွာလိုက်လာတယ်။
တောင်ကြားထဲရောက်တော့ထောင်သား ရဲဘော်တွေ ငုတ်တုတ်လေးတွေ တွေ့လိုက်ရတော့ လမ်းကြောင်းပြောပြထားတာကို ထွက်မပြေးလို့..ကျနော်ဆဲမိခဲ့တယ်။ ချက်ချင်း ဘာဘူ ရေ မင်းက နောက်ကလိုက်တော့။ အမာခံထဲက ၃ ယောက်လောက်ခေါ်ထား။ ငါနဲ့တစ်ယောက်လိုက်ခဲ့ ပွိုင့်ထွက်မယ်။ ကျန်တဲ့အမာခံတွေကိုတော့အလယ်မှာ ထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ အသံမထွက်စေဖို့ မှာကြားပြီး ဝင်းမြင့်ဆီက တူနဲ့ဆောက်ကို ယူလိုက်တယ်။ အားလုံးထ ထွက်မယ်ဆိုပြီးတော့...

ဆက်ရေးပါဦးမည်။
စာရေးသူစိုးလေး(မကဒတ မပ)
---//----///----///----///----///----///--///

ပါဂျောင်ထောင်ဖေါက်တဲ့ည
ကိုယ်တွေ့ အပိုင်း ၁၈
ထောင်ကလွတ်လာပြီဆိုတော့ ရဲဘော်တွေပေါ့အားလုံးထ.. ထွက်မယ်ဆိုပြီး သံချိန်းကြိုးသံမကြာချင်ဘူး။ ကိုယ့်သံကြိုးကို ကိုယ်နိုင်အောင်ထိန်းဆိုပြီး ကျနော် တောင်ကြားအထွက် တောင်စောင်း ဘေးကနေ ပန်းဆင်းပြီ ကျနော့ဘေးမှာ ကျော်မျိုး ဖြစ်လောက်တယ်။ ဒဿလည်း ပါလာတယ်ထင်တာပဲ။ (အဲ့ဒီအချိန်မှာ တပ်တွင်းမွမ်းမံပြန်ပေးနေချိန်။ ကျနော်တို့ပြေးလမ်းကြောင်း တောင်စောင်းနဲ့ သူတိုရဲ့ကင်းက ထိပ်တိုက်။ ရာသီ ဥတုက ကိုယ့်ဘက်ပါလာပြီ လရောင်ကို တိမ်မဲတွေကအပြည့်အဝဖုံးအုပ်ပြီး ရွာတော့မည့်မိုးလို ဖြစ်နေပြီပေါ့)
တိတ်ဆိတ်စွာနဲ့ တောင်ကိုပန်းဆင်းပြီး လေ့ကျင့်ရေးကွင်ထဲရောက်ပြီပေါ့။ တောင်နံရံနဲ့ ကပ်ပြီး ဖြေးဖြေးချင်း ဆက်ရှောက်ပေါ့။ လိုင်စင်တောင်ကုန်းနဲ့ နယူးးကမ့်တောင်ကုန်းကြားရောက်တော့ ရှေ့မှာက တရုတ်ပြည်က တက်လာတဲ့ လိုင်စင်၊ နယူးကမ့် ကားလမ်းရောက်ပြီ။ ကားလမ်းကျော်လို့ တစ်ဖက်မြက်တော ရေအိုင် ကျော်လိုက်ရင် KIA ရဲ့အောက်ဆေးရုံဟောင်း။ (ကျနော်တို့ပြေးလာချိန် အောက်ဆေးရုံက တဲတွေပဲ ရှိတော့တာ။ တရုတ်ပြည်ထဲဆောက်ထားတာပေါ့ ။ ကျနော်တို့ဒီလမ်းကြောင်းကိုရွေးတာကလည်း အောက် ဆေးရုံမှာ ဘယ်သူမှမရှိတော့လို့ ရွေးလိုက်တာ)
ကားလမ်းရောက်တော့ ကျနော်ပြန်စောင့်တယ်။ ကျနော်နဲ့ပါလာတဲ့အမာခံတွေကို ဦးဆောင်ပြီးပြေးခိုင်းတယ်။ သံချိန်းကြိုးတွေ အသံမထွက်အောင်တင်းတင်းဆွဲပြီး ပြေးနေတဲ့ ဂီလာနထောင်သား ရဲဘော်တွေအတွက် စာဖတ်သူများ ကိုယ်ချင်းစာမိမယ်ထင်ပါတယ်။ ကျနော်လဲမတတ်နိုင်ဘူး။ ဇွတ်မောင်းပြေးခိုင်းရတာပါပဲ။ နောက် ကျတဲ့ခြေထောက်ကတစ်ဖွဲ့လုံးအတွက် ဒုက္ခရောက်သွားနိုင်တယ်။နောက်ချန် အမာခံအဖွဲ့ ဘာဘူ ရောက် လာတော့ အားလုံးကုန်ပြီဆိုတာသိလိုက်ပြီ။ ကျနော်အသံမထွက်အောင် ရှေ့ဆက်ပြေးရတာပေါ့။
ရှေ့ဆုံးပြန်ရောက်တော့ ဦးဆောင်ပြီး ရှေ့ကသွားတော့ KIA ရဲ့ အောက်ဆေးရုံဟောင်းကိုသွားတဲ့ လမ်းက ပျောက်ပြီ။ အဲ့ဒီမှာ မုံရွာသားလေးပေါ်ဦးက တန်းစီး ညာဖက်တောင်ကြောကိုတက်လိုက်ရင် လမ်းရောက် တယ်လို့ပြောလာတယ်။ (ပေါ်ဦးက အဖမ်းမခံရခင်ထိ ဆေးသင်တန်း KIA မှာ တက်လာတာဆိုတော့ ဆေးရုံဧရိယာကျွမ်းကျင်တယ်) သူပြောသလို ညာဖက် တောင်ကြောကို တက်လိုက်တော့ အောက်ဆေးရုံ လမ်းစတွေ့တာပါပဲ။ နောက်ချန်အဖွဲ့ မျက်ခြေပြတ်မှာစိုးလို့ ကျနော်ကခဏစောင့်ရတယ်။ ဘာဘူ ကို တွေ့လိုက်တော့ ရှေ့ဆုံးထိပြန်ပြေးရပြီပေါ့ ။ရှေ့ဆုံးရောက်တော့ သွားနေတဲ့လမ်းရဲ့ ညာဖက်မှာထိုင်လိုက်တယ်။
အဲ့ဒီမှာ ကျနော်ယူလာတဲ့ တူနဲ့ဆောက် စတင်အသုံးဝင်တော့တာပါပဲ။ သံချိန်းကြိုးတွေ ထမ်းပြေးလာရတဲ့ ထောင်သားရဲဘော်တွေကို တစ်ယောက်စီသော့ခပ်ထားတဲ့ကြားထဲကို ဆောက်ထဲ့ပြီးတူနဲ့ ရိုက်လိုက်တော့ သော့ကပြုတ်..ချိန်းကိုလွင့်ပြစ်ရုံပေါ့ ။ကျနော်ကချိန်းကိုမလွင့်ပစ်ခိုင်းဘူး။ ရှားဟော့ပါရွာရောက်မှ ချောင်းထဲကို ပစ်ချမယ်ဆိုပြီး ဖြုတ်ထားပြီးသော်လည်း ဆက်သယ်ခိုင်းတယ်။
ဘာကြောင့်လဲဆိုတော့ ခြေရာခံမိသွားမှာကိုကျနော်စိုးရိမ်တယ်။ တစ်ခါရိုက်ဖြုတ် (၆) ယောက်လောက်ပဲ ဖြုတ်နိုင်တယ်။ ပြေးတာကိုရပ်လို့မရဘူး။ ပြီးရင်ရှေ့ဆုံး ရောက်အောင်ပြန်ပြေး.. လမ်းဘေးထိုင် တစ်ယောက်ပြီး တစ်ယောက်ရိုက်ဖြုတ်။ သုံးခါလောက်ဆိုတော့လူကဟောဟဲဆိုက်ပြီ ဝင်းမြင့်ကိုတာဝန်လွဲရပြီပေါ့။ ရှားဟော့ပါ တရုတ်ရွာရောက်တဲ့အချိန် အားလုံးဖြုတ်ပြီးသွားပြီ။
ချောင်းထဲအကုန်ပစ်ချလိုက်ပြီပေါ့။ အားလုံးပေါ့ပါးသွားပေမယ့် အောင်ကျော်မြင့်တစ်ယောက် အမောဖေါက် နေတယ်။ နိပ်စက်မှူ့ဒဏ် မခံနိုင်သလို စိတ်ဓါတ် ကျသွားပုံရတယ်။ ကျနော့ကိုထားခဲ့ပါတော့တဲ့။
ရှားဟော့ပါရွာက ကျနော်တို့စခန်းနဲ့ ဘယ်လောက်မှမဝေးသေးဘူး။အမာခံအဖွဲ့တွေပဲ တွဲခေါ်ရတာပေါ့။ ဆမားမြို့ကိုရောက်ခါနီးတော့ သိတဲ့သူက တန်းစီး ရှေ့မှာ ဆမားရောက်တော့မယ်ဆိုတော့ မျက်စိထဲ ဆမား ယင်ဂျန်း လမ်းကြောင်းကို မြေပုံထဲမြင်လိုက်ပြီ။ မိုးတွေကလည်း ခပ်စိတ်စိတ်ရွာနေတာပေါ့။ အဲ့ဒီမှာ ကျနော်ဆုံးဖြတ်ချက်ချလိုက်တယ်။ ညာဘက်လယ်ကွင်းထဲကနေတဲ့တဲ့ဖြတ်မယ်။ အမာခံအဖွဲ့ကဦးဆောင်ပြီး စိုက်ခါစလယ်ကွင်းကို စနင်းတော့တာပါပဲ။ ဘာဘူနဲ့အဖွဲ့ ရောက်မလာသေးဘူး။ ကျနော်တော်တော်စိတ်ပူနေပြီ။ သွားတဲ့အဖွဲ့က ကိုက် ၃၀၀ လောက်ရှိသွားပြီ။
ကျနော်က မျက်ခြေပြတ်မှာစိုးလို့။ လိုင်စင် ဆမား လမ်းမပေါ်မှာ လူရိပ်တွေ့လိုက်ပြီ ဘာဘူ တို့အဖွဲ့ ၊ ကျနော်လယ်ကွင်းထဲ ရှေ့လူတွေမှီအောင်ပြေးပြီပေါ့။ အချိန်ကနံက် (၄) နာရီဝန်းကျင်ရှိပြီ။ (ထင်တာနော် နာရီမရှိတော့ အတိအကျမပြောနိုင်တာတော့ ခွင့်လွတ်ပါ)
အာရုံတက်ချိန် အလင်းရောင်လာခါစအချိန်မှာတောင်ပေါ်တရုတ်ရွာလေးကိုရောက်တယ်။ စကား မပေါက် တော့ဘူး။ အဲ့ဒီမှာ ရဲဘော်ထဲက ထွန်းဇံ (ကျနော်တို့အခေါ် တာကော) က ပြည်ကြီး စကားရတယ်။ အဆင်ပြေအောင်ပြောနိုင်တယ်။ ယင်ဂျမ်း ကိုတောလမ်းကသွားချင်တယ်ဆိုတော့ တရုတ်တွေ မျက်လုံး ပြူးသွားတယ်။ တောင်တွေအများကြီးကျော်ရမှာ၊ ဆမား က ကားစီးသွားပါလားတဲ့။ ထွန်းဇံ ကို ဘယ်ဘက်ကို သွားရမလဲလို့ မေးကွာဆိုတော့ ဒီဖက်ကသွားရင်ရတယ်.. ဆိုတာနဲ့ ခရီးပြန်စထွက်တာပေါ့။ (ထွန်းဇံ ရဲ့ ရှေ့ရှောက် အဖွဲ့အပေါ် သူတတ်ကျွမ်းတဲ့ စကားနဲ့ ကူညီခဲ့တာတွေ ဖေါ်ပြပါဦးမည်)

ဆက်ရေးပါဦးမည်။
စာရေးသူစိုးလေး(မကဒတ မပ)

#ပါဂျောင်ထောင်ဖေါက်တဲ့ည ( Soe Lay NB)
ကိုယ်တွေ့ အပိုင်း ၁၉
ပြန်ထွက်ဖို့လုပ်နေချိန် မေးမိတဲ့တရုတ်အိမ်က ပေါက်ဆီတွေချကျွေးတယ် ရဲဘော်တွေကလည်း ပင်ပမ်းတာက တစ်ပိုင်း ပိုဆိုးတာက ဂီလာနတွေ ချကြွေးတာ မလောက်တော့ သွားပြီးထပ်ယူပေးမယ်ဆိုပြီး အိမ်ရှင်က အပြင်ထွက်မယ်လုပ်တယ် ကျနော်က တားပြီး ထွန်းဇံ(တာကော)ကို ဘာအတွက်လဲလို့ မေးလိုက်တော့
စားတာတွေအားရလို့ အခြားအိမ်ကနေ သွားယူပေးမလို့တဲ့လို့ဆိုတော့ကာ ကျနော်မယူခိုင်းတော့ဘူး၊ ချက်ချင်း ထွက်မယ်ဆိုပြီး ပြန်စထွက်တယ်။ (ငတ်ပြတ်နေတဲ့ ရဲဘော်တွေကိုတော့ အားနာပေမယ့် နောက်က လိုက်သတ်မယ့်အဖွဲ့က ဒီအတိုင်းငြိမ်နေမှာမဟုတ်ဘူး ဘာဘူ ကတော့ G.3 သေနတ်ကို ဒင်ဖြုတ်ပြီး အဝတ်ဟောင်းနဲ့ ပတ်လာတယ်။ ကျနော်က စစ်ရေးအမြင်နဲ့ ကြည့်တော့ ပေါက်ဆီ သွားယူမယ်ဆိုပြီး ရွာလူကြီးကို သွားပြော ဆမားရဲ ကို ခေါ်လိုက်ရင် အားလုံး စခန်းပြန်ရောက်သွားမှာ အစား တစ်လုပ်အတွက် ထက် ရဲဘော်တွေရဲ့အသက်က ပိုပြီး တန်ဖိုးရှိပါတယ်၊ ဒါကြောင့် ဆက်ထွက်ဖို့ ဆုံးဖြတ်လိုက်တာ)
ရဲဘော်အောင်ကျာ်မြင့်က အခြေအနေတော်တော်ဆိုးနေပြီ ဒီရွာမှာကျနော့ကို ထားခဲ့ပါတော့တဲ့ သူ့ကို အမာခံအဖွဲ့က လေးယောက်လောက် အလှည့်ကျ တွဲလာခဲ့ရတာ ကျနော်မထားခဲ့နိုင်ဘူး စမားမြို့ဆိုတာ က ပွင့်ပွင့်လင်းလင်း ပြောရင် KIA ပိုင်တယ်လို့ ပြောလို့ရတယ် ရင်ဂျမ်း အထိပေါ့ (ကျနော် စိတ်မကောင်း ဖြစ်တာက သူလမ်းမှာ ကြွေလွင့်သွားတော့ ငါထားခဲ့ရင် အကောင်းသား မထားခဲ့လို့ ဒီလို ဖြစ်သွားတာ သို့သော် ထားခဲ့လို့ ပြန်မိသွားရင် ခေါင်းဖြတ် အသတ်ခံရမယ် ကျနော်တို့ အဖွဲ့ကိုလည်း ခြေရာခံမိသွားမယ် ထွက်ပြေး လာတာက ၅၅ ဦးလေ စာဖတ်သူတွေရဲ့ခံစားချက် တင်ပြပေးစေချင်ပါတယ်)
တစ်ခုရှိတာက ကျနော်တို့အဖွဲ့က ခရီးသွားမဟုတ်ဘူး ထောင်ဖေါက်ပြေးလာတာဆိုတော့ နောက်ကနေ ပိုက်စိပ်တိုက်လိုက်သတ်မယ့် သူတွေက တောက်လျှောက်လိုက်မှာပဲ ကျနော်တို့ ရပ်နားလို့မရဘူး ဆိုတာတော့ သေချာတယ် နှိပ်စက်ခံဒါဏ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ ရဲဘော်တွေအများစု ပါဝင်တော့ တစ်တောင်တက် တစ်တောင်ဆင်း ကျနော်က ပွိုင့် ဘာဘူက rear အမာခံအချို့က ခါးလည်မှာ ကူညီ စောင့်ရှောက်ပြီး ဖြေးဖြေးချင်း ဆက်ထွက်လာတာပေါ့ တောင်ကုန်းတစ်ခုရောက်တော့ ဆမား ရင်ဂျမ်း ကားလမ်းကို တွေ့လိုက်ပြီ။ မိုးတွေကလည်းတဖွဲဖွဲနဲ့ဆိုတော့ အားလုံးကလည်းစိုရွှဲနေတာပေါ့ ရင်ဂျမ်း ကား လမ်းဘေး ရှိုထဲရောက်တော့ ထွန်းဇံ နဲ့ အမာခံတစ်ယောက် လွှတ်လိုက်တယ် ကားလမ်းအတိုင်းက ကျနော်တို့သွားလို့ မဖြစ်ဖူးလေ အချိန်က ကျနော်ထင်တယ် ညနေ (၂) နာရီ လောက် ရှိပြီ မြင့်သိန်းတို့အဖွဲ့ ရောက်မလာသေးဘူး အောင်ကျော်မြင့် ပါ တွဲခေါ်ခဲ့ရတာကိုး။
လွှတ်လိုက်တဲ့ ထွန်းဇံ ပြန်လာပြီး ကိုစိုးလေး ရှေ့နားမှာ တောင်ပေါ်တက်တဲ့ လမ်းခွဲရှိတယ် တောင်ပေါ်မှာ ရွာရှိတယ်လို့ သူကပြောတော့ ဆက်ထွက်မယ်ဆိုပြီး ကားလမ်းပေါ်တက် အမြန်ဆုံးလမ်းခွဲထဲဝင် လမ်းမက မမြင်ရတဲ့ နေရာရောက်တော့ နောက်ချန် အဖွဲ့တွေကို စောင့်ပေါ့ လမ်းခွဲ အတက်မှာတော့ အမာခံ တစ်ယောက် ထားခဲ့တယ် နောက်လူတွေနဲ့ အဆက်ပြတ်မှာ စိုးရတယ်။ ရဲဘော်တွေလဲ ဘာမှမစားရ တဲ့အပြင် မိုးရေတွေစိုရွှဲလို့ ခိုက်ခိုက်တုန်နေပြီ အမာခံအဖွဲ့တွေပဲ ရှေ့နောက် ပြေးလွားနေရတာ ရဲမေနှစ်ယောက်ဖြစ်တဲ့ နန်းစောနဲ့ တူးတူးကလည်း ချမ်းလို့ တစ်ယောက်နဲ့ တစ်ယောက် ဖက်ထားတယ် တူးတူးထက်စာရင် နန်းစောက ပိုပြီးမာတယ် ယောက်ျားတစ်ယောက်လိုပဲ။
နာရီဝက်လောက်ကြာတော့ နောက်ချန်အဖွဲ့က ထိန်လင်းအောင် ရောက်လာတယ် ကိုစိုးလေး အခြေအနေ မကောင်းတော့ဘူးလို့ သူကသတင်းပို့တော့ ကျနော့စိတ်ထဲမှာ နောက်က လိုက်လာလို့ မိကုန်ပြီ ထင်တာ ဘာအခြေအနေ မကောင်းတာလဲလို့မေးတော့ အောင်ကျော်မြင့် ဆုံးပြီတဲ့ ဟား ဆိုပြီး…

ဆက်ရေးပါဦးမည်

ပါဂျောင်ထောင်ဖောက်တဲ့ည
ကိုယ်တွေ့ အပိုင်း ၂၀

ကျနော်စိတ်မကောင်းဖြစ်သွားပေမယ့် မတတ်နိုင်ဘူး ဘာဘူနဲ့ အကောင်းဆုံးဖြစ်အောင် စီစဉ်ပြီး လိုက်ခဲ့တော့ ဆိုပြီး ပြန်လွတ်လိုက်တယ်။ နောက်ချန် ဘာဘူ နဲ့ အမာခံအဖွဲ့က စုစုပေါင်း ၅ ယောက်ကျန်ထားတယ် လာရမယ့်လမ်းကို ထိန်လင်းအောင် သိသွားပြီဆိုတော့ ကင်ပုန်းထားခဲ့ အမာခံတစ်ယောက်ကို ပြန်သိမ်းပြီ အားလုံးဆက်ထွက်မယ်လို့ ပြောလိုက်ပြီး တောင်တက်ခရီးပြန်လည်စတင် တော့တာပေါ့ ( ရဲဘော်တွေ ကိုတော့ သနားတယ် ရပ်နားဖို့ဆိုတာ ကျနော်တို့အတွက်မဖြစ်နိုင် သေးတဲ့အတွက် ဆက်လက်ပြီး ချီတက် ရတာပေါ့ ဆေဆရာတွေဖြစ်တဲ့ ဖိုးအောင်နိုင်၊ ဇော်မိုး၊ ပေါ်ဦး နဲ့ နန်းစောတို့ကလည်း ဆေးပစ္စည်းတွေ မပါ ပေမယ့် တတ်နိုင်သရွေ့ နာမကျန်းအဖွဲ့ကို စောင့်ရှောက်တယ် နာမကျန်းအဖွဲ့တွေလည်း ကြိုးစားပြီး ဆက်ရှောက်တာပဲ။
တစ်မနက်နဲ့ တစ်နေကုန် ပြေးလာရတဲ့အပြင် မိုးတွေကတောက်ရှောက်မိလာတော့ အားလုံးကြွက်စုတ်တွေ ဖြစ်နေတယ် နာမကျန်းအားလုံးကိုတော့ အမာခံအဖွဲ့တွေက တောင်ဝှေးတွေ ခုတ်ပေးထားတယ် အမာခံ အဖွဲ့တွေကတော့ ပင်ပန်းရမှန်းကို သိမယ်မထင်ပါဘူး အားလုံးလွတ်မြောက်ဖို့ တစ်ဦးတစ်ယောက် လွတ်မြောက်ဖို့ ဆိုတာ အားလုံးရဲ့ခေါင်းထဲမှာ သံမိုနဲ့ရိုက်သွင်ထားသလို ဖြစ်နေလို့ပါ) သွားရင်းနဲ့ နိပ်စက်မှူ့ဒဏ်တွေ မခံနိုင်တဲ့ရဲဘော် ထဲက ဘယ်နှစ်ယောက်ကြွေလွင့်အုံးမလဲ ထောင်ဖေါက်ပြေးသွားလို့ ဒေါဒထွက်နေတဲ့ နောက်ကလိုက်လာမယ့် လူအုပ်ကြီးနဲ့တွေ့ရင် ငါတို့အမာခံအဖွဲ့က ဘယ်နှစ်ယောက် ကျန်မလဲ လဲပေါင်းမြောက်များစွာနဲ့ ချီတက်ခဲ့ရတာပေါ့ မှောင်ရီပျိုးစအချိန်တောင်ပေါ်ရွာလေး ကိုတွေ့ရပြီ ဒီရွာမှာစခန်းချဖို့ ဆုံးဖြတ်တာပေါ့ အားလုံးကိုခဏနားခိုင်းပြီး ထွန်းဇံ(တာကော) နဲ့ အမာခံတစ်ယောက် လွတ်ပြီးရွာထဲ အရင်ဝင်ခိုင်းလိုက်တယ်။
ကျနော်တို့အဖွဲ့ကတော့ တောထဲတပ်ဖျောက်ပေါ့ နာရီဝက်လောက်ကြာတော့ တာကောနဲ့ အမာခံ တစ်ယောက် ပြန်ရောက်လာတယ်။ ဘယ်လိုစည်းရုံးလိုက်လဲတော့မသိဘူး ညအိပ်ဖို့နဲ့ ဆန်ပြုတ်စားဖို့ အဆင်ပြေသွားတယ်။ မိုးမိလာတဲ့အဝတ်တွေကို မီးကင်အခြောက်လှမ်း၊ အိမ်ရှင်ကကျွေးတဲ့ခေါက်ဆွဲနဲ့ မိုဗြဲဒယ်နဲ့ တယ်လိုက်တဲ့ ဆန်ပြုတ် ခဏအတွင်းကုန်သွားတယ် အမာခံအဖွဲ့တွေနားလို့မရသေးဘူး။ နောက်ချန်အဖွဲ့ပါအကုန်စုံတော့ အလှည့်ကျ ကင်းစောင့်ဖို့ တာဝန်ယူရတယ်။ သေနပ်ကိုတော့ အိမ်ရှင်မသိအောင် ဘာဘူကစီစဉ်ပြီးလုပ်တယ်။ အဲ့ဒီတစ်ရွာလုံးက ကျနော်တို့ ညအိပ်သွားတာကို အိမ်ရှင်ကလွဲလို့ သိလိုက်ပုံမပေါ်လောက်ဘူး အားလုံးက ညီညွတ်စွာနဲ့ အမိန့်အောက်မှာ နေထိုင်ခဲ့ကြတယ်။
တာကောရဲ့ အိမ်ရှင်ကိုစည်းရုံးမှူ့က တော်တော်ကိုခရီးရောက်တယ်။ ကျနော်က တရုတ်စကား မတတ်တော့ မသိဘူး။ အိမ်ရှင်နဲ့ တာကော စကားတွေဖေါင်ဖွဲ့နေတယ်။ မနက်ကို မိုးမလင်းခင် ပြန်စထွက်ဖို့ တိုင်ပင်ပြီး ဆုံးဖြတ်လိုက်တယ်။ အိမ်ရှင်က ရင်ဂျမ်း မရောက်ခင် ကြားထဲကရွာထိ လမ်းပြထည့်ပေးလိုက်မယ်ဆိုတော့ အဆင်ပြေသွားတယ်။ မနက်ခရီးထွက်တော့ ရဲမယ်နှစ်ယောက်ဖြစ်တဲ့ နန်းစေနဲ့ တူးတူးပါ နေမကောင်း တော့ဘူး။ ကျနော်ကနန်စောကိုတွဲ၊ ဝင်းမြင့်ကတူးတူးကိုတွဲတယ်။ တာကောနဲ့ အမာခံနှစ်ယောက်၊ အိမ်ရှင် ထည့်ပေးတဲ့ လမ်းပြ သူတို့ကပွိုင့်ဖြစ်သွားပြီ ဘာဘူ ကတော့ ထုံးဆံအတိုင်း နောက်ချန်အဖွဲ့ပေါ့။ ကျနော် ထင်တယ် မနက် ( ၅) နာရီလောက် စထွက်ရပြန်ပြီ။ စိတ်ထဲမှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုပြီး တထင့်ထင့်နဲ့ပေါ့…

ဆက်ရေးပါဦးမည်
ပါဂျောင်ထောင်ဖေါက်တဲ့ည
ကိုယ်တွေ့ အပိုင်း ၂၁
ထွက်ခွာလာကြတော့ စစချင်းထွက်ပြေးခဲ့သလို မမြန်နိုင်တော့ဘူး။ ( အမာခံအဖွဲ့တွေတောင် ညောင်းညာ ကိုက်ခဲပြီး ဖြစ်နေတဲ့အချိန် နာမကျန်းအဖွဲ့ ဘယ်လိုနေမလဲ ဆိုတာကျနော်စဉ်းစားမိတယ် မတတ်နိုင်ဘူး လွတ်မြောက်ဖို့အတွက် လုပ်ကိုလုပ်ရမယ်။ မဖြစ်မနေ အသက်ရှင်နေသရွေ့ ဆက်ရှောက်ရမယ်။ အမာခံ အဖွဲ့တွေ တအားတော်တယ်။ ပင်ပမ်းတယ်ဆိုတဲ့အမူအရာ တစ်ဦးတစ်ယောက်မျှ မပြခဲ့ကြဘူး သူတို့ ညီးလိုက်ရင် နာမကျန်းအဖွဲ့ စိတ်ဓါတ်ကျသွားရင် ပိုဆိုးကုန်မှာ အမာခံအဖွဲ့အားလုံးက မာမာထန်ထန်နဲ့ပဲ ခရီးဆက်ခဲ့တယ်)
ကျနော်တွဲလာတဲ့ ရဲမေနန်းစော တော်တော်နေမကောင်းဖြစ်ပြီ ကျနော်စိတ်ပူပြီ၊ ကြွေလွင့်တော့မှာလား အမာခံအဖွဲ့တွေကလည်း ရှေ့နောက် အလယ် အားလုံးတာဝန်ယူရတော့ အကူအညီမတောင်းတော့ဘူး။ အားလုံးစိတ်ပူမှာလဲစိုးရတယ်၊ ရိုးရိုးတွဲလို့မရတော့ဘူး၊ ကျနော်သူ့ရဲချိုင်းခြားကိုခေါင်းရှိုလိုက်ပြီး၊ ကျနော့ပုခုံးနဲ့ ဖြေးဖြေးချင်းတွဲခေါ်လာတယ်။ မရရင်တော့အမာခံတစ်ယောက်တော့ မဖြစ်မနေခေါ်ရတော့မှာပေါ့။ နေ့ခင်း လောက်မှာ လမ်းပြလိုက်ပို့တဲ့ရွာရောက်ပါပြီ။ တောလမ်းကိုဖြတ်လာရတာဆိုတော့ အားလုံးပင်ပန်းနေပြီ ရွာဝင်ခါနီး ဘယ်ဘက်တောင်ကုန်းမှာ က ကျနော်တို့အဖွဲ့ ခြေရာဖျောက်ပြီး ကင်းစောင့်ပြီ။ တာကောနဲ့ အမာခံတစ်ယောက် ပြီးတော့ လမ်းပြ ရွာထဲဝင်ခိုင်းလိုက်ပြီပေါ့။ ( အဲ့ဒီအချိန်မှာ ကိုယ့်အဖွဲ့ကလွဲပြီး ဘယ်သူ့ ကိုမှ မယုံရဲဘူးဗျ လွှတ်သာလွှတ်ရတယ်။ စိတ်ထဲမှာ တထင့်ထင့်နဲ့ ပြီးတော့ ရွာကရွာကြီး တစ်ရွာ ဖြစ်နေတယ် စက်မောင်းသံ ထော်လာဂျီအသံတွေစုံနေတာပဲ)
တစ်နာရီလောက်ထိမပေါ်လာတော့ ကျနော်စိတ်ပူပြီပေါ့ အဖွဲ့အားလုံးကတော့( အမာခံအချို့ကလွဲပြီး အားလုံး ဖလက်ပြနေပြီ ရှောက်လာရတဲ့အနေအထားနဲ့ အမာခံအဖွဲ့တွေတောင်မခံနိုင်တာ နာမကျန်းအဖွဲ့တွေ ဘယ်လို နေမယ်ဆိုတာ စာဖတ်သူများစဉ်စားကြည့်နိုင်ပါတယ်) တော်တော်များများဖလက်ပြနေပြီ ရွာထဲဝင်စီးဖို့ တိုင်ပင်တဲ့အခါ ခဏတော့စောင့်ကြည့်ချင်တယ်ဆိုတာနဲ့ စောင့်ရတာပေါ့။ အဖွဲ့ရဲ့ ဆုံးဖြတ်ချက်က မှန်ပါတယ်။ ကျနော့ရဲ့ ကိုယ့်ရဲဘော်တွေအတွက် စိုးရိမ်စိတ်နဲ့ လုပ်လိုက်ရင် ဒုက္ခရောက်သွားနိုင်တယ်။







Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)