တိုင်းပြည်ရင်းမြစ်


ဒီအကြောင်းတွေကို မြိုသိပ်ခဲ့တာ ဆယ်စုနှစ်တစ်ခု နီးပါးရှိပြီ။ ဒီပို့စ်ကို ဖတ်မှပဲ ရေးဖြစ်တော့တယ်။

ပြဿနာရှိတဲ့ အပျက်ဘက်က စပြောရအောင်။ အခု ရန်ကုန်က ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီးတိုင်းမှာ တရုတ် ဗီယက်နမ် ထိုင်း အလုပ်သမားတွေနဲ့ အပြည့်ဘဲ။

မျက်ကန်းမျိုးချစ်ရှုထောင့်ကနေပြောကြည့်ရအောင်......

နိုင်ငံခြားသားအလုပ်သမားတစ်ယောက် အလုပ်ရသွားတာနဲ့ သူ့နေရာမှာရှိသင့်တဲ့ မြန်မာတစ်ယောက် အလုပ်ပြုတ်ပြီ။ ထမင်းငတ်ပြီ။ ကိုယ့်နိုင်ငံရဲ့ငွေ နိုင်ငံခြားကို စီးထွက်သွားပြီ။
Blah...Blah.....Etc.

အမှန်တရားပါပဲ။ ဒါပေမဲ့ အမှန်တရားတိုင်းဟာ အလုပ်မဖြစ်ဘူး လို့တော့ လက်ခံဖို့လိုလိမ့်မယ်။

ဒါဖြင့်ရင် ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေကို မေးကြည့်ပါ။ ဘာကြောင့် နိုင်ငံခြားသားကိုမှ ခေါ်သုံးရသလဲ???

သူတို့ကဖြေပါလိမ့်မယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပါတဲ့အတွက် နိုင်ငံတကာစံချိန်စံညွှန်းမီဖို့ လိုအပ်တယ်။ မြန်မာ အလုပ်သမားတွေ အဆင့်မမီလို့ နိုင်ငံခြားသားကို ငှားရတာလို့။

ဒါလည်း အမှန်တရားပါပဲ။ ဒါပေမဲ့ သိပ်ပြီးတော့ခါးသီးတယ်။

ကျွန်တော့မိတ်ဆွေကြီး June Gio Kyaw June Gio Kyaw ပြောပြတဲ့ သူ့ကိုယ်တွေ့ဇာတ်လမ်း။

သူ ရန်ကုန်မှာ နိုင်ငံတကာအဆင့် ဟိုတယ်ကြီးဆောက်တဲ့ နေရာမှာ Interior Decorations ကန်ထရိုက်ရဖူးတယ်။

မြောက်မြားလှစွာသော မြန်မာဝန်ထမ်းတွေနဲ့လုပ်တယ်။
အကြိမ်ကြိမ် QC ကျတယ်။ နောက်ဆုံး မလေးရှားတရုတ် ကြွေပြားကပ်သမား တစ်ယောက်ကိုငှားမှ QC အောင်ပြီး အလုပ်ပြီးသွားတယ်။

ဇာတ်လမ်းသိမ်းတော့ ပြည်တွင်းအားကိုးမိတဲ့ ကျွန်တော့မိတ်ဆွေ သိန်းခြောက်ထောင် ဆုံးပြီး ဘဝပျက်လုနီးနီး ခံစားရရှာတယ်။ ၂၀၀၀ ပြည့်နှစ် ပတ်လည်က သိန်းခြောက်ထောင် ဆုံးသွားတယ်ဆို တွက်ကြည့်ပေါ့။

ကျွန်တော် အိမ်ဆောက်တယ်။ အကြမ်းထည်ကတော့ ဟုတ်နေတာပဲ။ အချောကိုင်တယ်။ ပြဿနာပေါင်းစုံ တက်တယ်။ Interior Decorations လုပ်တယ်။ ရင်တမမနဲ့ နေရတယ်။ အိမ်ဆောက်ရတာ ငရဲကျနေသလိုပဲ။

နိုင်ငံတကာအဆင့် အရည်အသွေးမဟုတ်တဲ့ ကိုယ့်အိမ်ကိုယ်ဆောက်တာတောင် ဒီလိုမျိုးစိတ်ဆင်းရဲရရင်
နိုင်ငံတကာ ပရောဂျက်မှာ လုံးဝနီးပါးကို မသုံးချင်တာ ပြောစရာကိုမလိုဘူး။

ဒါဟာလည်း မဖြစ်မနေလက်ခံရမဲ့ အမှန်တရားနောက်တစ်ခု။ ဒါလည်း အလုပ်လည်းမဖြစ်တဲ့ အမှန်တရား နောက်တစ်ခုပါပဲ........

ဒါဆို ဒီပြည်တွင်းအလုပ်သမား တွေကို ဘယ်လိုမြှင့်တင်မလဲ???

သိပ်ခက်တဲ့မေးခွန်းပါ။ အလုပ်သမား တစ်ယောက်ချင်းစီက သူတို့ဘာသာတိုးတက်အောင် မြှင့်တင်ဖို့......
ထမင်းတစ်လုတ်စာတောင်အနိုင်နိုင်ရှာနေရတာ....
အရူးတောင်အဲ့ဒီအိပ်မက်မမက်ဘူး......

ဒါဖြင့်ရင်များ လုပ်ငန်းရှင်တွေ စုပေါင်းပြီး အလုပ်သမားတွေရဲ့ ကျွမ်းကျင်မှုကိုမြှင့်တင်ဖို့.....
မောင်ရင်...မြတ်ချင်လို့စီးပွားရေးလုပ်နေတာ...
အလှူလုပ်နေတာမဟုတ်ဘူး......

နိုင်ငံတော်က တာဝန်ယူဖို့........
လခွမ်း....ပြဿနာရှင်းရမှာ အများကြီး.......
မင်းသိပ်အားနေသလား......

ဒီလိုသုံးဦးသုံးဖလှယ်သာ အလုပ်မဖြစ်တဲ့ ကိုယ့်ကိုယ်ပိုင် အမှန်တရား ကိုယ်စီကိုင်စွဲပြီး တစ်ယောက်နဲ့တစ်ယောက် လက်ညှိုးပတ်ထိုးနေသမျှတော့ ဘာအဖြေမှ ရှာမတွေ့ဘူး။

အလုပ်သမားတွေ ကိုယ်တိုင်ကလည်း ငါတို့ အများကြီး ကြိုးစားဖို့ လိုသေးတာကို လက်ခံပြီး လက်ခ ရရုံမျှမဟုတ် ကိုယ့်လက်ရာ ကိုယ်ကြည့်တိုင်း ဂုဏ်ယူလိုစိတ် ပြည့်နေအောင် ကြိုးစားရမယ်။

အလုပ်ရှင်တွေကလည်း မြန်မာအလုပ်သမား တွေကို အောက်ဈေးနဲ့ ခိုင်းဖို့ချည်း ချောင်းမနေဘဲ ကွာလတီကောင်းဖို့ ဂရုပြုရမယ်။
#သင်မြေပဲလောက်ပဲကျွေးရင်မျောက်တွေပဲလာအလုပ်လုပ်မယ်
ဆိုတာလောက်တော့ မှတ်ထားပါ။

တကယ်တမ်း အလုပ်လုပ်ဖို့လိုနေတဲ့ ပလေယာက အလုပ်သမားဝန်ကြီးဌာနပါပဲ။ လေဘာကတ် ထုတ်ပေးရုံလောက်ပဲ တာဝန်ရှိတာမဟုတ်ပါဘူး။ အလုပ်ရှင် တွေဘက်ကိုလည်း နိုင်ငံတကာ စံချိန်စံညွှန်းမီလာအောင် ကြီးကြပ်ရမှာ ဖြစ်သလို အလုပ်သမားတွေကိုလည်း နိုင်ငံတကာ အဆင့်မီဝန်ထမ်းကောင်းထွေဖြစ်လာအောင် အရည်အချင်းတွေမြှင့်တင်ပေးရမှာပါ။

မြန်မာပြည်မှာ #လူ့စွမ်းအားအရင်းအမြစ်တိုးတက်ရေး လို့ပြောတာနဲ့ တက္ကသိုလ်ကျောင်းကြီးတွေချည်း ပြေးပြေး မြင်တတ်ကြတယ်။ ဒီတော့ ကျောင်းမနေလိုက်ရတဲ့ လူတွေကို သတ်ပစ်လိုက်ရမှာလား..........

မြန်မာပြည်မှာ ထန်းတက်သမား ဆိုက်ကားဆရာ စားပွဲထိုး အားလုံး လူမှန်သမျှ လူ့အရင်းအမြစ်တွေချည်းပဲ။ ခွေး ကြောင် ကြက် ဝက် ကျွဲ နွား အားလုံး သက်ရှိအရင်းအမြစ်တွေချည်းပဲ။ ကျန်တဲ့ အရာအားလုံး သက်မဲ့ အရင်းအမြစ်တွေချည်းပဲ။

နေရာတိုင်း ဘွဲ့ရပညာတတ်တွေမလိုဘူး။ ဥပမာ ဂဟေဆော်သမား ဘွဲ့ရစရာမလိုဘူး။ ဒါပေမဲ့ ကိုယ့်ပြည်တွင်းမှာ ပရောဂျက်တစ်ခုရှိတယ်။ Grade 4 Welder အလိုရှိတယ်။ မြန်မာလူမျိုး ဂဟေသမား 4G ဆာတီဖီကိတ်မရှိဘူး။ အလုပ်မရဘူး။

ဒီမြန်မာ Welder ခမျာ ဆာတီဖီကိတ်လိုမှန်းတောင်မသိဘူး။ သိလည်း ဆာတီဖီကိတ်ရအောင် ဘယ်လိုဖြေရမှန်း မသိဘူး။ စာမေးပွဲကြေးလည်း မသွင်းနိုင်ဘူး။

ဒါဆို အလုပ်ရှင်က စာမေးပွဲကြေးသွင်းပေးပြီး သင်တန်းတက် ခိုင်းဖို့ ဆိုတာကရော။ ဆာတီဖီကိတ် အသင့်ရှိပြီးသား တရုတ်ဝယ်လ်ဒါ ခေါ်ခိုင်းမှာပေါ့။

ဒီတော့ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး TVET တွေထောင်ပေးရမယ်။ စံချိန်စံညွှန်းတွေ သတ်မှတ်ပေးပြီး အဲ့ဒီ စံချိန်စံညွှန်းကိုမီတဲ့ လူတွေမွေးထုတ်ရမယ်။

ဒီလက်သမားကောင်းတယ်။ ဒီပန်းရံညံ့တယ်။ ဒီဂဟေသမား လက်ရာသေသပ်တယ်။ ဒီသံချည်သံကွေး အဆင့်မမီဘူး အစရှိတဲ့ မတည်ငြိမ်တဲ့ လူအခြေပြုလုပ်ငန်းတွေထက် အရည်အသွေးအခြေပြုလုပ်ငန်းတွေဖြစ်အောင် အားထုတ်ရမယ်။

ဒီလက်သမား အရည်အသွေးအောင်လက်မှတ်အရ နေ့စားခ ဘယ်လောက်ဆိုပြီးသတ်မှတ်ပေးရမယ်။ သူ့ထက်အဆင့်မြင့်တဲ့ ဆာတီဖီကိတ်ပိုင်ရှင်ဟာ သူ့ထက်နေ့စားခ ပိုရမယ်။ ဒီလိုမျိုး နိုင်ငံတော်အဆင့် အလုပ်သမားဝန်ကြီးဌာနက စီမံပေးရမှာဖြစ်သလို ဆာတီဖီကိတ်တွေကိုလည်း သတ်တမ်းသတ်မှတ်ပေးထားပြီး သတ်တမ်းကုန်ရင် အရည်အချင်းပြန်စစ်ပေးပြီးမှ သက်တမ်းထပ်တိုးပေးတာမျိုးတွေ အဆင့်ထပ်မြှင့်ဖို့ စာ့မေးပွဲတွေ သင်တန်းတွေ စီမံပေးတာမျိုးလည်း တာဝန်ယူရမယ်။ အဲ့ဒီစည်းလုံရမယ်။

အညာသားပန်းရံဆရာကောင်းတယ် မုဒုံကလက်သမား ကောင်းတယ် ဆိုတာမျိုးမဟုတ်ဘဲ သူ့ကိုယ်ပိုင် ဆာတီဖီကိတ်အရ သူ့လုပ်အားတန်ကြေး သတ်မှတ်ပေးတဲ့ စနစ်မျိုးနဲ့ သွားမှရမှာ။

အလုပ်ရှင်တွေဘက်ကလည်း ကိုယ့်အဆောက်အအုံ ကိုယ့်ပစ္စည်း နိုင်ငံတကာစံချိန်မီဖို့ ကောင်းမွန်တဲ့ အရည်အသွေးရှိသူတွေကို ထိုက်တန်တဲ့ အတတ်ပညာကြေး လုပ်အားခ ပေးဖို့လိုတယ်။ဒီစည်းကိုလည်းစောင့်ရမယ်။

အလုပ်သမားတွေဘက်ကလည်း ကိုယ့်လက်ရာဟာ ကိုယ့်တန်ဖိုးပဲဆိုတဲ့စိတ်မျိုးမွေးဖို့လိုတယ်။ဒီနေ့ ကိုယ့်လက်ရာဟာ နောင်နေ့ကိုယ့်ဘဝ အဆင့်အတန်းလို့ ခံယူပါ။ဒီစည်းသာလုံအောင်စောင့်။

ဒီလိုသုံးဖက်စလုံးက ကိုယ့်ခြံစည်းရိုး လုံအောင်ကာနိုင်ရင် ကျွန်တော်တို့ နိုင်ငံဟာ ဒီပြဿနာကိုဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။

စင်္ကာပူရဲ့ MOM လို့ခေါ်တဲ့ Ministry of Manpower လိုမျိုး အလုပ်ရှင်တွေအလုပ်သမားတွေ နိုင်ငံသားတွေ အားလုံးက ရိုသေ လေးစား ကြည်ညို အားကိုးထိုက်တဲ့ ဝန်ကြီးဌာနလိုမျိုး ဖြစ်လာဖို့ မြန်မာနိုင်ငံရဲ့ အလုပ်သမား ဝန်ကြီးဌာနကို အများကြီး မျှော်လင့်ပါတယ်။သူတို့သာ တကယ်စွမ်းရင် နိုင်ငံကို တကယ်မြှင့်နိုင်မှာပါ။

နောက်တစ်ခုက အဆင့်မြင့်ဘွဲ့ရတွေနဲ့ အဆင့်မြင့်တက္ကသိုလ်ကြီးတွေအကြောင်း........

နောင်လာမဲ့ နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးတွေ ဥပမာ
Shell တို့ Exxon Mobil တို့ ဝင်လာပြီဆိုပါစို့။ ဒီနေ့ကျောင်းဆင်းတစ်ယောက်ဟာ နောက်နေ့ Shell မှာ အလုပ်ဝင်လို့ရအောင်......

ကျောင်းတွေဘက်ကရော ဘယ်လိုပြင်ဆင်ထားပြီးပြီလဲ.....
ကျောင်းသားတွေဘက်ကရော ဘယ်လိုပြင်ဆင်ထားသလဲ....

တောရိုင်းဥပဒေ Fittest Survival ဆိုတာ အမြဲမှန်တယ်။ ကိုယ့်ထက်တော်ရင်နေရာဖယ်ပေးရမဲ့ ကိုယ်ညံ့ကိုယ်ခံ စည်းမျဉ်းကတော့ အသက်မွေးတဲ့ အလုပ်နဲ့ ပက်သက်လာရင် ဘယ်တော့မှ မမှားဘူး...........

ဘယ်တော့မှမမေ့နဲ့.......

မင်းအောင်ခန့်ဇော်
Minn Aung Khant Zaw


  • ရန်ကုန်တက္ကသိုလ်က ငါ့ရဲ့ အိပ်မက်ပဲ(လီကွမ်ယု)
  •  ''ဒီမိုက​ရေစီ​ခေတ်​ကာလမှာ ဖြစ်​သင့်​ဖြစ်​ထိုက်​တဲ့ ဆုံးဖြတ်​ချက်​ မဟုတ်​ဖူး” ​-ဒေါက်​တာထွန်းဝင်း
  • သိမ်းဆည်းခံ လယ်ယာမြေများ မူလပိုင်ရှင်ထံ ပြန်ပေးမည်ဟု လယ်/ဆည် ဒုဝန်ကြီးပြော
  • ရာထူးမှ အထုတ်ခံရမှု အကြောင်းပြချက် မပေးဟု ဒု ဝန်ကြီး ဒေါက်တာ ထွန်းဝင်း ပြော  
  • အစိုးရသက်တမ်းအတွင်း ပထမဆုံးအဖြစ် ဒုဝန်ကြီးတစ်ဦးအား တာဝန်မှရပ်စဲ
  • Share on Google Plus

    About MP4 YoU

    ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
    MP4 YoU (The Melting Pot For You)