Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 15, 2015

ဒုတိယဗိုလ်ချုပ်ကြီးထွန်းကြည် (ငြိမ်း) နှင့် တွေ့ဆုံခြင်း (၁)

ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းကြည် (ငြိမ်း) မှာ တပ်မတော်အစိုးရလက်ထက်တွင် နာမည်ကြီးသည့် ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်ခဲ့သကဲ့သို့ မန္တလေးတိုင်းမှူး၊ ကုန်သွယ်ရေးဝန်ကြီး စသဖြင့် အရေးပါသည့် နေရာများကို ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် အဆင်မပြေသူ လည်းဖြစ်သည်။ တပ်မတော်အစိုးရ လက်ထက်တွင် ရွှေထီးဆောင်း ခဲ့ရသကဲ့သို့ ရာထူးအာဏာများ ရုပ်သိမ်းခံ ခဲ့ရသူတစ်ဦးလည်း ဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းကြည် (ငြိမ်း)တွင် သမိုင်းစကားများ များစွာရှိနေသည်။ ယင်းကြောင့် The Voice တွေ့ဆုံမေးမြန်းခွင့် ရရှိခဲ့သည့် ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းကြည် (ငြိမ်း)၏ ဆိုစကားများကို ပြန်လည် ဖော်ပြအပ်ပါသည်။
အွန်လိုင်းဝဏ္ဏ

Voice - အဘက တိုင်းမှူးလုပ်ခဲ့တယ်။ နောက် ဝန်ကြီးလုပ်ခဲ့တယ်။ ဒီလိုရာထူးတွေကနေ ရုတ်တရက် ဘဝပြောင်းသွားတော့ အဲဒီတုန်းက ခံစားချက်ကို သိချင်ပါတယ်အဘ။

UTK - အားလုံးကို ဘဘက လေးလေးစားစား ကြိုဆိုပါတယ်။ အလေးထားပြီး လာရောက်တွေ့ဆုံ မေးမြန်းတဲ့အတွက်လည်း အထူးကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မေးခွန်းတွေ မဖြေကြားမီ ဘဘ ကြိုပြီးရှင်းပြ စရာရှိပါတယ်။ ဘဘကအခု အသက် ၈၀ ပြည့်ပြီးပြီ။ အတော်အိုနေပါပြီ။ လူကတော့ အသက်အရွယ်နဲ့ မလိုက်အောင် နုပျို၊ ဖျတ်လတ်နေသေးပေမယ့် စိတ် ကတော့ ငါအိုလှပြီ၊ သေဖို့ရက် သိပ်မဝေးတော့ဘူးလို့ အမြဲစဉ်းစားနေတာပါ။ လောဘ၊ ဒေါသ၊ မောဟတွေ မာန်မာနတွေလည်း အတော်လျော့သွားပါပြီ။ ဘာပါဝါ၊ အာဏာတွေမှလည်း မလိုချင်တော့ပါဘူး။ ပေါ်ပြူလာ ဖြစ်ချင်တဲ့စိတ်လည်း လုံးဝမရှိတော့ပါဘူး။ အခုလည်း အားနာလို့ဖြေတာပါ။ ဘဘလည်း ပဉ္စမအတွဲ အမြန် ထွက်နိုင်အောင် စာရေးနေရတော့ သိပ်မအားပါဘူး။

‘ခံစားချက်’ ဆိုတာကတော့ ပိတ်ပင်လို့ရတဲ့ အရာမဟုတ်ပါဘူး။ ဖြစ်စဉ်တစ်ခုဖြစ်တိုင်း၊ ဖြစ်တိုင်း သူ့အလိုလို ပေါ်လာလေ့ရှိပါတယ်။ ကောင်းတဲ့ ခံစားချက်၊ ဆိုးတဲ့ခံစားချက်၊ ပေါ့ပေါ့တန်တန် ခံစားချက်၊ ပြင်းထန်တဲ့ ခံစားချက်ရယ်လို့ ဖြစ်စဉ်အပေါ် မူတည်ပြီး ဖြစ်ကြမှာပါ။ ဘဘတို့လည်း ရုတ်တရက် ဘဝ ပြောင်းသွားတာဆိုတော့ ခံစားချက် ဖြစ်ပေါ်ခဲ့ရပါတယ်။ ဘဘက တပ်ထဲမှာ ၄၃ နှစ်လောက် ကြာခဲ့တော့ အပြောင်းအရွှေ့ကတော့ အများကြီးပဲ။ တစ်ဒါဇင်မကလောက် ရှိပါတယ်။ ပြောင်းတဲ့အခါမှာ နေရာကောင်းတွေ ပြောင်းရသလို လုံးဝမကောင်းတဲ့နေရာ၊ ဆိုးတဲ့နေရာ တွေလည်း ပြောင်းခဲ့ရတယ်။ ဘယ်နေရာ ပြောင်းရပြောင်းရ စစ်ဆင်ရေး ဝင်ရတာလောက်တော့ မဆိုးပါဘူး။ စစ်ဆင်ရေးမှာဆိုရင် မိုင်းထောင်ထားမှန်း သိရက်နဲ့ ဖြတ်ရတယ်။ ချောင်းပစ်မယ်၊ စောင့်တိုက်မယ်ဆိုတာ သိရက်နဲ့လည်း ဆက်သွားခဲ့ရတယ်။ နောက်ဆုံး တောင်ထိပ်ပေါ်မှာ အခိုင်အမာ ခံကတုတ်ထဲက စက်သေနတ်နဲ့ စောင့်ပစ်နေတဲ့ ရန်သူရှေ့က မိုင်းကွင်းဖြတ် ရတယ်။ သံဆူးကြိုးတွေ၊ ငြှောင့်ကျင်းတွေ၊ အတားအဆီးတွေ ရင်ကော့ပြီး တက်ခဲ့ရတဲ့ စစ်သားတစ်ယောက် ဆိုတော့ ပြောင်းရ၊ ရွှေ့ခဲ့ရတာ သိပ်ခံစားမှုမရှိခဲ့ပါဘူး။

ဒါပေမဲ့ တိုင်းမှူးဘဝကနေ ကုန်သွယ်ရေးဝန်ကြီးအဖြစ် ပြောင်းရတော့ ကိုယ်ချစ်တဲ့ တပ်မတော်သားဘဝက အရပ်သားအဖြစ် ပြောင်းရတာဖြစ်လို့ စိတ်တော့မကောင်းဘူး။ အမှန်အတိုင်းပြောရရင် မပြောင်းချင်ဘူး။ ဒါကြောင့်လည်း ဒုတိယဗိုလ်ချုပ်ကြီး မြင့်အောင် ပထမအကြိမ် လာပြောတာကို ငြင်းလိုက်တယ်။ တပ်ထဲမှာပဲ နေချင်တယ်လို့ ပြောလိုက်တယ်။ နောက်တော့ တပ်မတော်သားပီပီ ပေးအပ်တဲ့ တာဝန်ကို ထမ်းဆောင်ပါ့မယ်လို့ ပြန်ပြောပြီး ကုန်သွယ်ရေးဌာန ပြောင်းခဲ့ရတယ်။ ခံစားချက်တော့ အတော်ရှိခဲ့တာပေါ့။

ခုနကမေးတဲ့ ရုတ်တရက် ဘဝပြောင်းတာကတော့ ကုန်သွယ်ရေးဝန်ကြီးဘဝက ပြုတ်တဲ့အချိန်ပေါ့။ တိုင်းပြည်၊ တပ်မတော်နဲ့ လူမျိုးတာဝန်ကို နှစ်ပေါင်း ၄၀ ကျော် ကျေပွန်စွာ ထမ်းဆောင်ခဲ့တယ်။ တစ်သက်လုံးလည်း တာဝန်ထမ်းဆောင်မယ်လို့ စိတ်ပိုင်းဖြတ်ထားတယ်။ တိုင်းပြည်နဲ့ လူမျိုးအပေါ် လုံးဝ သစ္စာမဖောက်ခဲ့ဘူး။ သစ္စာဖောက်ဖို့လည်း စိတ်ကူးတောင်မရှိဘူး။ ပုထုဇဉ်လူသား ဖြစ်တဲ့အတွက် အမှားတော့ ကင်းမှာမဟုတ်ဘူး။ ဒါပေမဲ့ ဘဘထက် အမှားပေါင်း သောင်းခြောက်ထောင်ရှိတဲ့ လူတွေကိုတော့ အရေးမယူဘူး။ မုန်းတဲ့လူတွေ ‘ပယ်’တယ်။ ချစ်တဲ့လူ တွေကိုတော့ ’ကယ်’တယ်။ ဘယ်သူတွေ ဘယ်လောက် အမှားတွေလုပ်တယ် ဆိုတာ ဘဘ အကုန်သိတယ်။ အခုလည်း အစစ်ခံနိုင်တယ်။ အဲဒီလို ဘဝပြောင်းခဲ့ရတာ ကိုတော့ ဘာနဲ့မှမတူတဲ့ ခံစားချက်မျိုး ရှိခဲ့ပါတယ်လို့ ပြောချင်ပါတယ်။

Voice - အဘ တိုင်းမှူးဘဝတုန်းက ကကလှမ်း (တပ်မတော်ထောက်လှမ်းရေး) ကလည်း တော်တော် တန်ခိုးထွားတဲ့ အချိန်လည်း ဖြစ်နေတယ်။ အဲဒီတုန်းက ကကလှမ်းအပေါ် အမြင်ကို ဒီနေ့အချိန်မှာ ပွင့်ပွင့်လင်းလင်း ပြောပြနိုင်မလား။

UTK - သူများအကြောင်း မကောင်းပြောရမှာဖြစ်လို့ သိပ်တော့မပြောချင်ပါဘူး။ ပြောစရာကတော့ အများကြီးပါ။ ဘဘတို့ရဲ့အကြောင်း သူတို့သိသလို သူတို့ အကြောင်းလည်း ဘဘတို့ အကုန်သိပါတယ်။ သူတို့က ကြောက်ရမယ့်လူ မရှိတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။ ပြောင်ပြောင်တင်းတင်းပဲ လုပ်ချင်ရာ အကုန်လုပ်တယ်။ ထောက်လှမ်းရေးက လူတစ်ယောက် ပြဿနာဖြစ်ရင် ကကလှမ်းက ဖာထေးပေးတယ်။ ကကလှမ်းက လူမဟုတ်ရင်တော့ သေပေတော့ပဲ။ ဘဘတို့ရဲ့ သတင်းတွေကို အမြဲပို့ဖို့ ကကလှမ်းက သူတို့တပ်တွေကို တိတိကျကျ ညွှန်ကြားထားတယ်။ တကယ်တော့ ဒါက လျှို့ဝှက်အကောက်ကြံတာ၊ အမှားကိုစောင့်တာ။ ဘဘနဲ့က သိပ်အဆင်မပြေတော့ ဘဘရဲ့မကောင်း သတင်းတွေ၊ မကောင်းသတင်း မရှိရင်လည်း ‘လံကြုပ်’ သတင်းတွေ ဘယ်လောက်ပို့နေမလဲ မသိဘူး။ ဘဘကတော့ ဂရုလည်းမစိုက်ဘူး။ ကြောက်လည်းမကြောက်ဘူး။ ဦးနေဝင်းက အစ ဗိုလ်ချုပ်မှူးကြီး စောမောင်ရော ဗိုလ်ချုပ်မှူးကြီး သန်းရွှေပါ အားလုံးက ဘဘတို့ကို ယုံတယ်။ ဘဘတို့ ရိုးရိုးသားသားနဲ့ ကြိုးကြိုးစားစား လုပ်နေကြတယ် ဆိုတာလည်း သူတို့ လက်ခံတယ်။ သူတို့ယုံကြည်လို့လည်း ဘဘတို့ ဒါလောက်အကြာကြီး ခံတာပါ။ မယုံရင် အစောကြီးကတည်းက ပြုတ်မှာပါ။

တကယ်တော့ ‘ထောက်လှမ်းရေး’ တပ်ဖွဲ့ ဆိုတာ မရှိရင်မဖြစ်တဲ့ တပ်ဖွဲ့ပါ။ တိုင်းပြည်တစ်ပြည်မှာ ထက်မြက်တဲ့ ထောက်လှမ်းရေးအဖွဲ့ လုံလုံလောက်လောက် ရှိဖို့လိုပါတယ်။ ဘဘတို့လက်ထက်က ထောက်လှမ်းရေး အဖွဲ့ဝင်တွေဟာ အားလုံးလိုလို လူတော်တွေချည်းပါ။ တပ်မတော်ထဲက အသေအချာ ခေါင်းခေါက်ရွေးထားတာပါ။ လူညံ့တွေ လုံးဝမပါပါဘူး။ ဒါပေမဲ့ အဆင့်နဲ့ မလျော်ညီတဲ့ တာဝန်တွေ၊ သြဇာအာဏာ၊ ပါဝါတွေ ပေး၊ ကိုယ့်လူမှ အမှန်ထင်၊ တခြား ဘယ်သူ့ကိုမှ စိတ်မချ၊ ကိုယ့်လူအပြစ် ဖြစ်ရင်လည်း ထိထိရောက်ရောက် အရေးမယူ ဆိုတော့ လူတော်လေးတွေ ပျက်သွားရော။ လူတော်သာဖြစ်ပြီး လူကောင်း ဖြစ်မလာတော့ဘူး။ တပ်ကြပ်ဆိုတာ တပ်မတော်ထဲမှာ ဆိုရင် တပ်စိတ်မှူး၊ ဖွဲ့စည်းပုံအရ လူ ၁၀ ယောက်လောက် အုပ်ချုပ်ရတဲ့သူ။ ဘာလုပ်ပိုင်ခွင့်၊ ဘာအာဏာမှ မရှိဘူး။ အခုတော့ သူက တပ်ဆွယ်မှူး (သူ့အောက်မှာတော့ ပြေးကြည့်မှ တပ်သားတစ်ယောက်)၊ မြို့နယ်နှစ်မြို့နယ် သုံးမြို့နယ်လောက် တာဝန်ယူရသူ။ နယ်မြေမှာရှိတဲ့ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးတို့၊ မဝတဥက္ကဋ္ဌ (ဗိုလ်ကြီး/ဗိုလ်မှူး) တို့လောက်တော့ လုံးဝဂရုမစိုက်။ နေရာတကာ သူပါတယ်။ အားလုံးက သူ့ကြောက်နေကြရတယ်။ မကြောက်လို့လည်းမဖြစ်၊ သူ့ကို ကကလှမ်းက ယုံတယ်။ သူပို့တဲ့သတင်းဟူသမျှ အမှန်ဟုယူဆတယ်။ သူက အမြင်ကပ်လျှင် မမှန်သတင်းလည်း ပို့တယ်။ ဘဘတိုင်းမှူးတာဝန် ထမ်းဆောင်စဉ်အတွင်း ဖြစ်စဉ်တွေ အများကြီးရှိခဲ့တယ်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဟောင်း ဗိုလ်ချုပ်ညွှန့်တင် မုံရွာ အမှတ် ၁၆ ခြေမြန်တပ်ရင်း တပ်ရင်းမှူးတာဝန် ထမ်းဆောင်စဉ်က မူးမူးရူးရူးနှင့် မမှန်သတင်းပို့တဲ့ ထောက်လှမ်းရေး စစ်သည်တစ်ဦးကြောင့် ပြုတ်မလို ဖြစ်ခဲ့ဖူးတယ်။ ဖြစ်စဉ်အမှန်ကို သိတဲ့ ဘဘကြောင့် သူမပြုတ်တာဖြစ်တယ်။ ဘဘပြောတာတွေ များသွားပြီ။ မရှင်းသေးရင် မပြည့်စုံသေးရင် ထပ်ပြောပေါ့။

"ဘဘတို့ပုန်းနေတာ မဟုတ်ပါဘူး။ ဘဘတို့က ‘အဖျောက်’ ခံထားရတာပါ။ ဘဘတို့ဆီ ဘယ်သူမှမသွားဖို့ တားမြစ်ပိတ်ပင်ထားတယ် လို့လည်း ကြားရပါတယ်။ ဘဘတို့ဆီ ဘယ်သူမှမလာ တော့ဘူး။ သာရေး၊ နာရေးကိစ္စတွေမှာလည်း ဘဘတို့ကို မဖိတ်ကြတော့ဘူး..."

Voice - ဘဘ တိုင်းပြည်တာဝန် ထမ်းဆောင်ချိန်မှာ အပြင်မှာ ကျွန်တော်တို့ အသံတစ်ခုကြားရတယ်။ အဘနဲ့ အဲဒီတုန်းက အတွင်းရေးမှူး (၁) နဲ့ မတည့်ဘူးလို့ ပြောသံကြားရတယ်။ အဲဒီအသံက အပြင်ကို ဘာလို့ထွက်လာတာလဲ။

UTK - ပန်းသတင်းလေညင်းဆောင်၊ လူ့သတင်း လူချင်းဆောင်ဆိုသလိုပေါ့။ လူတွေက မကောင်းသတင်း ဆိုရင် အရည်မရ၊ အဖတ်မရ သိပ်ပြောချင်ကြတယ်။ မိုးရွာနေရင်တောင်မှ ထီးလေးဆောင်းပြီး သွားပြော ကြတယ်မဟုတ်လား။ တကယ်တော့ ဗိုလ်ချုပ်ခင်ညွန့်နဲ့ ဘဘက ဘာမှမဖြစ်ဘူး။ အတူတူလည်း မနေဖူးဘူး။ တစ်ခါမှလည်း ကတောက်ကဆဖြစ်ခဲ့တာ မရှိဘူး။ နောက်ပြီး ဘဘနဲ့ သူက လုပ်ငန်းတာဝန်လည်း တခြားစီပါ။ တိုက်ရိုက်ဆက်ဆံရတာမျိုး မရှိတော့ ထိပ်တိုက် တွေ့ရတာမျိုးလည်း မရှိဘူးပေါ့။

ဗိုလ်ချုပ်ခင်ညွန့်က လူတော်ပါ။ အလုပ်ကြိုးစားတယ်။ ဉာဏ်ထက်မြက်တယ်။ တက်တက်ကြွကြွ ရှိတယ်။ ပင်ကိုသဘာဝကတော့ ရိုးရိုးအေးအေးပါ။ ဒီနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ထုတ် Messenger ဂျာနယ်မှာ အသက် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ဘိုးသက်ရှည် ကျောင်းဆရာက ဗိုလ်ချုပ်ခင်ညွန့်အကြောင်း ယခုလို ပြောသွားတာ ဖတ်ရပါတယ်။
“အဲဒီတုန်းက မောင်ခင်ညွန့်က ရှစ်တန်း၊ အတန်းပိုင်ကျုပ်တပည့်၊ လူတော်လေးပါ။ လိမ္မာတယ်။ အတန်းထဲ ပထမရတယ်။ ညနေဆို ဘောလုံးကစားတယ်”။
အဲဒီ ဘိုးသက်ရှည် ကျောင်းဆရာက ဆရာဦးဖေသင်း (B.A.Ed. B.A. B.E.S., M.Ed Hawaii)။ ဘဘ မုံရွာ အမှတ် (၁) အစိုးရ အထက်တန်းကျောင်းမှာ ရှိစဉ်က ဘဘရဲ့ဆရာပါ။ သူ့ဇနီး ဒေါ်ခင်သိန်းဝင်းကလည်း ဘဘရဲ့ အစ်မပါ။ အခုဒီဂျာနယ်ဖတ်ရမှပဲ ဗိုလ်ချုပ်ခင်ညွန့်နဲ့ ဘဘတို့က ဆရာတူ ညီအစ်ကိုတွေမှန်း သိရတယ်။

အဲဒီလိုပဲ ဗိုလ်ချုပ်ခင်ညွန့်က ထောက်လှမ်းရေးမှူးချုပ်တို့ ဝန်ကြီးချုပ်တို့ မဖြစ်ခင်က တကယ့်လူရိုး၊ လူအေး၊ လူတော်တစ်ယောက်ပါ။ ဘဘနဲ့လည်း ဘာပြဿနာမှ မရှိပါဘူး။ ခင်ခင်မင်မင်ပါပဲ။ နောက်တော့ သူ့အောက်ကလူတွေက ‘နှောက်’၊ အထက်က လူကြီးတွေကလည်း ‘မြှောက်’၊ ပစားပေးထားပြီး ဖူးဖူးမှုတ်ထား၊ သြဇာအာဏာ လုပ်ပိုင်ခွင့်တွေက မိုးလောက်ကြီးနေတော့ နည်းနည်း အချိုးပြောင်းသွားတယ် ထင်ပါတယ်။ ဒီအထဲ လူတော်တော်များများက သူ့ကြောက်လို့လား သို့မဟုတ် ချစ်လို့လား သို့မဟုတ် သူတို့ မဟုတ်တာ လုပ်ခဲ့တာတွေ အရေးယူမှာ စိုးလို့လားတော့ မသိဘူး။ ဗိုလ်ချုပ်ခင်ညွန့်အနား အတင်းကပ်ကြတယ်။ နောက်ကလည်း လိုလားမသိ၊ မလိုလားမသိ တကောက်ကောက်ပဲ၊ ဘာမှအလုပ်မရှိတဲ့ လူတွေများလား မသိဘူး။ ဘဘက အဲဒီလူတွေထဲ မပါဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်နေတော့ မကြည်တာတော့ရှိမယ် ထင်ပါတယ်။ ဒါကို သွားပုပ်လေလွင့် ပြောချင်ကြတဲ့သူတွေက ကိုခင်ညွန့်နဲ့ ဘဘတို့ မတည့်ကြဘူးလို့ ထင်ရာပြောကြတာပါ။

Voice - ဗိုလ်ချုပ်ကြီးစောမောင်ကို အနားပေးမယ် ဆိုတာ ဘဘတို့ကြိုသိလား။ အဘစာအုပ်ထဲမှာတော့ အဲဒီအခန်းလေး ရေးထားတာ ဖတ်ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သိချင်တာက ဘာဖြစ်လို့ ဗိုလ်ချုပ်မှူးကြီး စောမောင်ကို တပ်က အရေးယူလိုက်တာလဲ ဆိုတာကို ပြည်သူလူထုက သေသေချာချာမသိဘူး ဖြစ်နေတယ်။ ဒီကိစ္စကို ဘဘသိသလောက် ပြောနိုင်မလား။

UTK - ဘဘရဲ့စာအုပ်ထဲမှာ ဖော်ပြထားသလောက်ပဲ ဘဘသိတယ်။ ဘာမှ ကြိုမသိပါဘူး။ ဘဘတို့ကို ကြိုတိုင်ပင်ခြင်းများလည်း လုံးဝမရှိခဲ့ပါဘူး။ ဘာကြောင့် အနားပေး အရေးယူတယ် ဆိုတာတွေကတော့ ပြန်ပြောလည်း အကျိုးမရှိပါဘူး။ ဖြစ်ပျက်ခဲ့တာ နှစ်ပေါင်း ၂၀ တောင် ကျော်နေပြီပဲ။ မသိချင်ကြပါနဲ့တော့။

Voice - ဘဘကို အရေးယူလိုက်တဲ့ သူတွေကို အဘ ဒီနေ့အချိန်မှာ ဘာပြောချင်လဲ။

UTK - ဘာမှမပြောတော့ပါဘူး။ ပြောလို့ကော ဘာထူးလာမှာမို့လဲ။ ‘စကားနည်း ရန်စဲ’ အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပါတော့မယ်။ တရားသဘောအရ ပြောရရင် ပစ္စုပ္ပန်ပဲ ရှုပါတော့မယ်။
ဒီနေရာမှာကြုံတုန်း ဘဘ ဗန်းမော်ဘက် တာဝန်ကျစဉ်က မိုးလဲချောင်းရိုးတစ်လျှောက် နေထိုင်ကြတဲ့ ရှမ်းအမျိုးသားတွေရဲ့ ချီးကျူးဖွယ်ကောင်းလှတဲ့ သည်းခံစိတ်၊ ရောင့်ရဲစိတ်၊ ခွင့်လွှတ်တဲ့စိတ် အကြောင်း နည်းနည်း ပြောလိုပါတယ်။ သူတို့က တစ်ချိန်လုံး ကေအိုင်အေ၊ ကချင်သောင်းကျန်းသူရဲ့ အနှိပ်စက်၊ အနိုင်ကျင့်ခံနေကြရသူ တွေပါ။ ကေအိုင်အေ (KIA) က လှည်းမောင်းလာတဲ့ ရှမ်းအမျိုးသားကြီးဆီက နွားတစ်ကောင် ယူသွားတယ်။ အဲဒီ ရှမ်းအမျိုးသားကြီးက ဘာပြောလဲဆိုတော့ “တော်သေးတာပေါ့။ နှစ်ကောင်လုံး ယူမသွားလို့” တဲ့ ခပ်အေးအေးပဲ။ နှစ်ကောင်လုံး ယူသွားခံရပြန်တော့လည်း အလားတူပဲ “တော်သေးတာပေါ့။ လှည်းပါယူမသွားလို့” ပြောတယ်။ အဲ လှည်းရော၊ နွားနှစ်ကောင်ပါ ယူသွားတော့လည်း ခပ်အေးအေးပါပဲ။ “တော်သေးတာပေါ့။ လူသတ်မသွားလို့” တဲ့။ သည်းခံခွင့်လွှတ်တဲ့ နေရာမှာ နှစ်ယောက်မရှိတဲ့သူ တွေပါ။ အေးတော့ အေးချမ်းတာပေါ့လေ။ ဘဘလည်း အဲဒီရှမ်းတွေလိုပါပဲ။ ထောင်မချတဲ့ အတွက် ကျေးဇူးတင်ပါတယ်လို့ပဲ ပြောချင်ပါတယ်။

Voice - ဘဘတို့ကို တပ်မတော်က အရေးယူလိုက်တဲ့ နောက်ပိုင်းမှာ အဘ ၁၀ နှစ်ကျော်လောက် လူမြင်ကွင်းတွေက ပျောက်သွားခဲ့တယ်။ ၂၀၁၀ အစိုးရသစ် တက်လာပြီး နောက်ပိုင်းမှာမှ အဘတို့ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ ပုံတွေကို လူမှုကွန်ရက်ပေါ်ကနေ တစ်ဆင့် ပြန်တွေ့ရတယ်။ သာရေး/နာရေး တွေမှာ လာတဲ့ပုံတွေပါ။ အခုနောက်ပိုင်းမှာမှ သူရဲကောင်းစစ်သည် ဗိမာန်မှာ လုပ်တဲ့ပွဲကျမှ ဘဘက ရှေ့ဆုံးကနေ ပြန်ထွက်ပေါ်လာတယ်။ ဘဘလူမြင်ကွင်းကို ပြန်ထွက်လာတဲ့ ရည်ရွယ်ချက်ကို သိချင်ပါတယ်။

UTK - ဘဘတို့ လူမြင်ကွင်းက ၁၀ နှစ်ကျော်လောက် ပျောက်သွားခဲ့တာ မှန်ပါတယ်။ လူတွေနဲ့ မတွေ့ရအောင် ဘဘတို့ပုန်းနေတာ မဟုတ်ပါဘူး။ ဘဘတို့က ‘အဖျောက်’ ခံထားရတာပါ။ ဘဘတို့ဆီ ဘယ်သူမှမသွားဖို့ တားမြစ်ပိတ်ပင်ထားတယ် လို့လည်း ကြားရပါတယ်။ ဘဘတို့ဆီ ဘယ်သူမှမလာ တော့ဘူး။ သာရေး၊ နာရေးကိစ္စတွေမှာလည်း ဘဘတို့ကို မဖိတ်ကြတော့ဘူး။ ဒီတော့ လူမြင်ကွင်းက အလိုလို ပျောက်သွားတော့တာပေါ့။ ဒီအထဲမှာ လာလို့၊ သွားလို့ ရပါလျက်နဲ့ မလာတော့တဲ့ လူတွေက အများကြီး။ သူတို့က အရပ်သား စီးပွားရေးသမားတွေပါ။ သူတို့ကို ဘယ်သူကမှ မပိတ်ပင် မတားဆီးဘူး။ ဘဘတို့မှာ ဘာပါဝါ၊ အာဏာမှ မရှိ၊ ဘဘတို့ဆီက ဘာမှရစရာလည်း မရှိတော့ ကြောက်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မလာချင်လို့ မလာကြတာပါ။ ဘဘတို့ မပြုတ်ခင်တုန်းကတော့ ရုံးမှာရော၊ အိမ်မှာပါ နေ့စဉ်ရက်ဆက်၊ နိုင်ငံခြားသွားလည်း လိုက်လာတာပဲ။ စေတနာတွေကလည်း ကောင်းလိုက်ကြတာ။ ထောင်မြင် ရာစွန့်လေ။ တစ်သက်လုံး ကြည့်ရှုစောင့်ရှောက်၊ နေရာ ပေးခဲ့တဲ့ တပည့်တွေကလည်း အတူတူပါပဲ။ ၂၀၁၀ အစိုးရသစ် တက်လာပြီးနောက်ပိုင်းမှ ပြန်ပေါ်လာတာကတော့ အစိုးရသစ်ရဲ့ ခေါင်းဆောင် တွေကိုယုံလို့ ပိုပြီး (Friendly) ဖြစ်လို့ပေါ့။ နောက်ပြီး လူတွေကလည်း ဘဘတို့အကြောင်း ကောင်းကောင်းသိ သွားတော့ ယခင်ထက် အဝင်၊ အထွက် ပိုများသွားတယ် ထင်ပါတယ်။

ဘဘတို့ လူမြင်ကွင်းထွက်လာတဲ့ ရည်ရွယ်ချက်ကို မေးထားတယ်။ မီဒီယာသမားတွေက သိပ် အလေးအနက် ထားတယ်။ သိပ်သိချင်တယ်။ တစ်ခါတလေ အတွေးလည်းခေါင်တယ်လို့ ဘဘကတော့ ပြောချင်ပါတယ်။ စကားတစ်လုံး ပြောလိုက်ရင် နှိုက်နှိုက်ချွတ်ချွတ် စဉ်းစားတယ်။

အမှန်အတိုင်းပြောရရင် သူရဲကောင်းစစ်သည် ဗိမာန်မှာ လုပ်တဲ့ပွဲကျမှ ထွက်လာတာဟာ သူတို့ရဲ့၊ မောင်မောင်အောင်တို့ရဲ့ လုပ်ဆောင်ချက်ကို အားပေးချင်လို့ သူတို့တစ်တွေ အားရှိအောင် တက်မယ်လို့ ကြိုတင်ပြောပြီး တက်လာတာပါ။ သူတို့ အင်တာနက် ပေါ်မှာ ပွဲလုပ်မယ့်အကြောင်း ပွဲရဲ့ ရည်ရွယ်ချက်နဲ့တကွ ဖော်ပြတော့ ဘဘက ဆေးကုဖို့ စင်ကာပူရောက်နေတာပါ။ ပွဲရက်နီးမှ ပြန်ရောက်လာတာပါ။ ဘယ်သူ တွေ တက်မယ်ဆိုတာလည်း မသိပါဘူး။ ဒါလောက် လူများလိမ့်မယ်လို့လည်း မထင်ခဲ့ပါဘူး။ အဖော်ရအောင် ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင်သန်းနဲ့ ဗိုလ်ချုပ်ညွန့်တင် တို့ကို အတူလိုက်ခဲ့လို့ ပြောရတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ညွန့်တင်ပဲ လိုက်လာနိုင်တယ်။ ကိုခင်မောင်သန်းကတော့ ပုဂံဘက် ခရီးလွန်နေလို့ လိုက်မလာနိုင်ဘူး။

ဘဘတို့အနေနဲ့ ဘာမျှော်မှန်းချက်မှ မရှိဘူး။ ပေါ်ပြူလာဖြစ်ချင်လို့ တက်လာတာလည်း မဟုတ်ဘူး။ ဒီအသက်အရွယ်ကျမှ ဘာမှလည်း မလုပ်နိုင်တော့ပါဘူး။ ရည်ရွယ်ချက်က အလွန်မြင့်မြတ်လွန်းလို့ တာဝန်ယူလုပ်ကိုင်ကြတဲ့ မောင်မောင်အောင်တို့၊ ရဲမိုးတို့ကို လေးစားချစ်ခင်လို့ သူတို့ကို အားပေးချင်လွန်းလို့ တက်လာတာပါ။ ယခုလို တပ်မတော်သားတွေကို လုံးဝ အကောင်းမပြော ရိုင်းရိုင်းစိုင်းစိုင်း ခွေးနဲ့တောင် နှိုင်းနေကြတဲ့အချိန်မျိုးမှာ ဘဘတို့ရဲ့ ရဲဘော်လေးတွေ ဘယ်လောက် ငတ်ငတ်ပြတ်ပြတ် ပင်ပင်ပန်းပန်း တိုင်းပြည်နဲ့လူမျိုးအတွက် သက်စွန့်ကြိုးပမ်း တာဝန် ထမ်းဆောင်နေ ကြရတာတွေ၊ တိုင်းပြည်အတွက် အသက် ပေးသွားရပြန်တော့လည်း သရဏဂုံလည်း မတင်နိုင်၊ အသုဘအခမ်းအနား ဆိုတာ ဝေးရော၊ ကျင်းနက်နက်တောင် မမြှုပ်နိုင်ဘူး။ ဒီအတိုင်း ပစ်ထားခဲ့ရတာတွေ ကလည်း မရေမတွက် နိုင်အောင်များလှပါတယ်။ ဒါတွေက ဘဘတို့ လက်ထက်တုန်းက ထောင်ချီရှိတဲ့ ဗကပတွေနဲ့ တိုက်ခိုက်ခဲ့ရတဲ့ တိုက်ပွဲကြီးတွေမှာ ဖြစ်ခဲ့တာပါ။ ဗကပတွေ အင်အား အလွန်တောင့်ခဲ့တဲ့ အချိန်ကပေါ့။

တိုင်းပြည်အတွက် အသက်ပေးသွားခဲ့ကြရတဲ့ စစ်သည်တွေရဲ့ မိသားစုတွေအကြောင်း နည်းနည်း ပြောချင်ပါတယ်။ ဘဘတို့ရဲ့ တိုက်ပွဲကျ စစ်သည်ရဲ့ မိသားစုတွေဟာ တချို့ ပြန်စရာနေရာ မရှိကြပါဘူး။ ရွာမှာမိဘရှိလို့ ပြန်ကြပြီ ဆိုရင်လည်း သူတို့နဲ့အတူ သေတ္တာ အစုတ်လေးတစ်လုံး၊ မြေခင်းမိုးကာ (Ground Sheet) နဲ့ပတ်ထားတဲ့ အိပ်ရာလိပ် တစ်လိပ်၊ နောက်ပြီး ထမင်းအိုးတောင်း၊ ဟင်းအိုးတောင်းတစ်လုံး ဒါပဲ ပါပါတယ်။ ကလေးရှိရင် ဖတဆိုးလေးကို လက်ကဆွဲပြီး သွားကြရတာပါ။ မြင်ရသူအဖို့ အတော် စိတ်မကောင်း ဖြစ်ကြရပါတယ်။ ကိုယ့်ယောက်ျားအလောင်း မြင်တောင် မြင်ရတာ မဟုတ်ပါဘူး။ တချို့ ပြန်စရာ၊ နေစရာမရှိလို့ တပ်ထဲက လူပျိုစစ်သည်တွေနဲ့ လက်ဆက်လိုက်ကြရတယ်။ ဒါတွေကို ဒီနေ့ တပ်မတော်ကို စော်ကားနေတဲ့ လူတွေ သိကြပါရဲ့လား။ အဲဒီစော်ကားတဲ့ လူတွေကကော တိုင်းပြည်အတွက် ဘာတွေလုပ်ခဲ့သေးလဲ။ ဘဘက တပ်မတော်ထဲမှာ နှစ်ပေါင်း ၄၀ ကျော်နေခဲ့တော့ အားလုံး ကိုယ်တွေ့တွေပါ။ ပြောလို့တောင် ဆုံးမှာမဟုတ်ပါဘူး။

ဒီဇင်ဘာလ ၇ ရက်နေ့က ဘဘတက်ခဲ့တဲ့ကိစ္စ နဲ့ပတ်သက်ပြီး အင်တာနက်ပေါ်မှာ ယခင်က ဘာမှ လုပ်မပေးခဲ့ဘဲနဲ့ အခုမှဘာလို့ လာတက်သလဲလို့ အပြစ်တင်ထားတာ တွေ့ရပါတယ်။ ဒီတော့ ဘဘလုပ်ခဲ့တာလေး တစ်ခုလောက် ပြောချင်ပါတယ်။ ဘဘ မန္တလေးတိုင်းမှူး လုပ်တုန်းက လုပ်သက် ၁၀ နှစ်ရှိတဲ့ စစ်သည်တွေ အားလုံးနဲ့ လုပ်သက် ၁၅ နှစ်ရှိတဲ့ ဝန်ထမ်းအားလုံး လျှောက်စရာမလိုဘဲ မြေကွက်တွေ ချပေးခဲ့ပါတယ်။ ကျဆုံးစစ်သည်ရဲ့ မိသားစုနဲ့ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရတဲ့ စစ်သည်တွေအားလုံး (မိမိတိုင်းက သာမက တခြား တိုင်း/တပ်မများက စစ်သည်များ အပါအဝင်) မြေကွက်ပေးခဲ့ပါတယ်။ ဘဘချပေးတဲ့ မြေကွက်အပေါ်မှာ အိမ်ဆောက်ပြီး နေရေးထိုင်ရေး အဆင်ပြေနေတဲ့ စစ်သည်တွေ အများကြီးပါ။ သူတို့ အဆင်ပြေနေတာတွေ့ရတော့ စိတ်ချမ်းသာမှုလည်း များစွာရခဲ့ပါတယ်။

Voice - ဟိုးတလောက အမေရိကန်ထိပ်တန်း ဗိုလ်ချုပ်တစ်ယောက်က မြန်မာစစ်တပ်က နေရာတိုင်းမှာ ဝင်ရောက်စွက်ဖက်နေတယ်လို့ ပြောသွားတယ်။ အဲဒီလို အခြေအနေတွေကြောင့် ဆက်ဆံရေးက နှောင့်နှေးဦးမယ်လို့ ပြောဆိုသွားတဲ့ စကားအပေါ် စစ်ဘက်ရာထူး တာဝန် ထမ်းဆောင်ခဲ့တဲ့သူ တစ်ယောက် အနေနဲ့ ဘယ်လိုတုံ့ပြန်ချင်သလဲ။

UTK - ဘဘအနေနဲ့ပြောရရင်တော့ ဘာမှ တုံ့ပြန် စရာမလိုဘူး။ သူ့စကားကိုလည်း သိပ်အလေးထားစရာ မလိုဘူး။ သမ္မတအိုဘားမားတောင် သူ့တိုင်းပြည်ရှေ့ရေး အတွက် ဟိုပြေးဒီပြေးနဲ့ လာမယ့် ရွေးကောက်ပွဲမှာလည်း အောင်ပွဲရ မရ သိပ်မသေချာလှဘူး။ အမေရိကန် ထိပ်တန်းဗိုလ်ချုပ်တွေဟာ နိုင်ငံခြားရေးရာ ကိစ္စတွေမှာ သိပ်သြဇာမရှိဘူး။ အိမ်ဖြူတော်က ဖြူဆိုဖြူ၊ မည်းဆို မည်းကြရသူတွေ ဖြစ်တယ်။ နောက်ပြီး တစ်ကမ္ဘာလုံးမှာ စစ်စခန်းပေါင်း ၇၅၀ ခန့် တည်ဆောက်တပ်စွဲပြီး အချိန်ပြည့် စွက်ဖက်နေတဲ့ အမေရိကန်ရဲ့ ဗိုလ်ချုပ်တစ်ဦးက ဟာသလုပ်သွားတယ်လို့ပဲ သဘောထားလိုက်ပါ။ သူတို့ရဲ့ ဆက်ဆံရေးကလည်း တစ်နေ့ရွှေ၊ တစ်နေ့ငွေပါ။ သူတို့ အကျိုးရှိမယ်ဆိုရင် ဘယ်လောက်ပဲ စွက်ဖက်စွက်ဖက် အတင်းဝင်လာမှာပါ။ သမ္မတအိုဘားမား မြန်မာပြည်ကို နှစ်ခေါက်လာတာကလည်း အရှေ့အလယ် ပိုင်းမှာ သူတို့သြဇာအာဏာတွေ လက်လွတ်သွားလို့ မြန်မာနိုင်ငံရဲ့ ပထဝီအနေအထားအရ အလွန်အရေးပါ အရာရောက်လွန်းလို့ ဆိုင်းမဆင့်၊ ဗုံမဆင့် အလည် ရောက်လာတာပါ။ တကယ်တော့ သူတို့အနေနဲ့ စစ်ရေးအရ ဆက်ဆံမှုတွေ လုပ်ချင်နေတာပါ။ ဆက်ဆံရေးတွေ နှောင့်နှေးနေဦးမယ်လို့ ပြောတဲ့သူ့စကားက ဘဘတို့ကို ဈေးဆစ်လိုက်တာ ဖြစ်လိမ့်မယ်လို့ ဘဘ ထင်ပါတယ်။

အွန်လိုင်းဝဏ
http://thevoicemyanmar.com/index.php/article/item/5754-dty#sthash.pnpWkaOK.dpuf

No comments:

Post a Comment