Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 24, 2019

အသားမဲလို့ အချုပ်ထဲ ထည့်တယ်...




အသားမဲလို့ အချုပ်ထဲ ထည့်တယ်...

(Bullet Journal အတွဲ၃အမှတ် ၃၁)

ကြားဖူးနားဝ ပုံပြင်လေးတစ်ခုပါ။တပ်ရင်းမှုးက အချုပ်ထဲထည့်လိုက် လို့အမိန့်ပေးလိုက်တော့ တပ်ရင်းအရာခံဗိုလ်ကြီးလည်း ဘာကြောင့်မှန်းမသိရဘဲရှေ့ကဖြတ် လျှောက်သွားတဲ့ ရဲဘော်ကိုအချုပ်ထဲ ထည့်လိုက်ရတယ်။
နောက်တနေ့ ကတုံးနဲ့ပြန်ထွက်လာ တဲ့အချုပ်ကျရဲဘော်ကသူ့မှာဘာအပြစ်ရှိလို့ ထည့်တာလဲမေးတော့ ဆရာကြီး လည်း မဖြေနိုင်ဘဲ "အထက်အမိန့်အရ ထည့်တာ "တဲ့။ရဲဘော်လည်း မကျေနပ်လို့ တပ်ရင်းမှုးဆီ ဝင်သတင်းပို့ တော့ "မင်းက ငါ့ထက် အသားမဲလို့ ထည့်တာဟေ့။နောက်တခါ အချုပ်ထဲ မဝင်ချင်ရင် ငါ့ရှေ့ကဘယ်တော့မှဖြတ်မလျှောက်နဲ့" တဲ့။

ဟစ်တလာကရွှမ်းမဲကိုအဆိပ်သောက် ပြီး နိုင်ငံတော်ဈာပနနဲ့ သေမလား၊နိုင်ငံတော်သစ္စာဖောက်မှုနဲ့ အရေး ယူခံမလားကြိုက်ရာရွေးခိုင်းတယ်။အရေးယူခံရင်လည်းသေဒဏ်ပဲဆိုတာသိတော့ ရွှန်းမဲက နိုင်ငံတော်ဈာပနနဲ့ သေတဲ့လမ်းကိုပဲ ရွေးခဲ့တယ်။ ဘာကြောင့်မှန်းမသိရဘဲ နူတ်ထွက် စာတင်ခိုင်းတဲ့ကချင်ဝန်ကြီးသုံးပါး မှာနှစ်ပါး ကနုတ်ထွက်တယ်။မထွက်တဲ့ဝန်ကြီးတစ်ပါး တော့ အထုတ်ခံလိုက်ရတယ်။

အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနူတ်ထွက်တာ ထူးဆန်းတဲ့ကိစ္စမဟုတ်ပေမယ့် ဒီမိုကရေစီခေတ်မှာဘာကြောင့်မှန်းမသိရဘဲဝန်ကြီးတွေနုတ်ထွက်ခိုင်းတာကတော့ ထူးဆန်းနေပါတယ်။ကာယကံရှင်ဝန်ကြီးတွေကို ဘာအကြောင်းပြချက်မှ မပေးဘဲ နုတ်ထွက်ပါ၊ကျန်းမာရေးအကြောင်းပြ ပြီးနူတ်ထွက်ပါ ဆိုတာကတော့ အာဏာရှင် ခေတ်ထက် သာသွားသလို ပါပဲ။အာဏာရှင်ခေတ်မှာလည်း ကျန်းမာရေးအကြောင်းပြ နူတ်ထွက် ခိုင်းတာတွေ ရှိပေမယ့် နူတ်ထွက်ရ တဲ့ကာယကံရှင်ကဘာအကြောင်းကြောင့် ဆိုတာလောက်တော့ သိခွင့် ရကြတယ် မဟုတ်လား။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ် တိုင်းဒေသကြီး ဝန်ကြီးတွေကို သက်ဆိုင်ရာဝန်ကြီးချုပ်ကရွေးချယ်ပြီး သက်ဆိုင်ရာလွှတ်တော်က အတည်ပြု သမ္မတ က ခန့်အပ်ရတာဖြစ်ပါတယ်။ဝန်ကြီးချုပ်ကတာဝန်ခံရွေးချယ်အမည်စာရင်းပေးရတာဖြစ်ပြီး ဝန်ကြီးတွေက ဝန်ကြီးချုပ်ကိုတာဝန်ခံရတာဖြစ်ပါ တယ်။သမ္မတကိုတော့ဝန်ကြီးချုပ်ကမှ တဆင့် ဝန်ကြီးတွေက တာဝန်ခံကြ ရတာဖြစ်လို့တာဝန်ကရပ်စဲစေလိုရင်ဘာအကြောင်းကြောင့်ဆိုတာကိုဝန် ကြီးချုပ်ဆီတော့အသိပေးရမှာဖြစ်ပါ တယ်။

ဘာအကြောင်းကြောင့်ဆိုတာမသိရဘဲ  နူတ်ထွက်ခိုင်းတာ မရဘူးလား ဆို ၂၀၀၈ခြေဥမှာဖော်ပြထားတဲ့စာသား တွေအရတော့မရဘူးလို့ပဲပြောရမှာဖြစ်ပါ တယ်။
အခြေခံဥပဒေအရပြည်နယ်တိုင်းဒေသ ကြီးဝန်ကြီးတွေကိုထုတ်ပယ်နိုင်တဲ့ နည်းလမ်းနှစ်မျိုးရှိပါတယ်။(၁)ပြည်နယ်တိုင်းဒေသကြီးလွှတ်တော်ကဝန်ကြီးကိုစွပ်စွဲပြစ်တင်စုံစမ်းစစ်ဆေးပြီးသမ္မတကဝန်ကြီးကိုတာဝန်ကရပ်စဲနည်းနဲ့(၂)လုပ်ငန်းတာဝန်မကျေပွန်တဲ့အတွက် ဝန်ကြီးကိုသမ္မတက နူတ်ထွက်ရန် ညွှန်ကြားခြင်း၊တာဝန်မှ ရပ်စဲနည်းဆိုတဲ့နည်းလမ်းနှစ်မျိုးသာ ရှိပါတယ်။ဘာအကြောင်းမှ မရှိဘဲမပြဘဲနူတ်ထွက်စေခြင်းတာဝန်မှ ရပ်စဲခြင်းလုပ်နိုင်တယ်လို့မဆိုထားပါဘူး။ဖဆပလခေတ်က ဝန်ကြီးချုပ်ဦးနု လည်းရှမ်းပြည်နယ် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရတဲ့ဦးထွန်းမြင့်(လင်းခေး)ကိုနူတ်ထွက်စေတာပဲလို့ထောက်ပြလို့ရပေမယ့်၄၇အခြေခံဥပဒေမှာက "အစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ဦးအား အချိန်အခာမရွေးရာထူးမှနူတ်ထွက်ရန် တောင်းဆိုနိုင်သောအာဏာဝန်ကြီးချုပ်တွင်ရှိသည်"လို့ ဆိုတဲ့အတွက်ဝန်ကြီး ချုပ်ကအကြောင်းမပြဘဲနူတ်ထွက်ခိုင်းလို့ ရတယ်။၂၀၀၈ခြေဥမှာက လုပ်ငန်း တာဝန်မကျေပွန်မှသမ္မတကနုတ်ထွက်ခိုင်းလို့ရတဲ့သဘောဖြစ်တဲ့အတွက်ဒီနေရာမှာတော့၄၇ခြေဥထက်၂၀၀၈ခြေဥကပိုပြီး ဒီမိုကရေစီနည်းကျတယ် လို့ ပြောလို့ရတယ်။အာဏာရှင်တွေရေး ဆွဲခဲ့တယ်ဆိုတဲ့ ၂၀၀၈ခြေဥပါ ဒီမိုကရေစီအခွင့်အရေး ကိုဒီမိုကရေစီ ရရေးတိုက်ပွဲဝင်ခဲ့ကြသူ တွေက ပြန်ဖျက်သလိုများဖြစ် နေပြီလား လို့ တွေးရမလိုဖြစ်လာပါ တယ်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၆၄(ခ(၁)မှာ"နိုင်ငံတော်သမ္မတသည်လုပ်ငန်းတာဝန်ကိုကျေပွန်စွာမထမ်းဆောင်နိုင်သောတိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်ဝန်ကြီးချုပ်သို့မဟုတ်ဝန်ကြီးအား ရာထူးမှနူတ်ထွက်ရန်ညွှန်ကြားနိုင်သည်။ညွှန်ကြားသည့်အတိုင်းလိုက် နာခြင်းမပြုလျှင်တာဝန်မှရပ်စဲရမည်"လို့ ဆိုထားတဲ့အတွက်"လုပ်ငန်းတာဝန် ကျေပွန်စွာမထမ်းဆောင်နိုင်သောဝန် ကြီး"ကိုသာနူတ်ထွက်/ရပ်စဲစေ နိုင်တာဖြစ်ပါတယ်။"လုပ်ငန်းတာဝန်ကျေပွန်စွာမထမ်းဆောင်နိုင်သောဝန်ကြီးဟုယူဆပါက" လို့ ဆိုထားတာ မဟုတ် တဲ့အတွက် သမ္မတက ယူဆချက်နဲ့ နုတ်ထွက်/ရပ်စဲ လို့ မရတဲ့သဘောပါပဲ။  တာဝန်ပေးထားတဲ့ လုပ်ငန်း တာဝန်တွေ ဘာတွေ မကျေပွန်ဘူး ဆိုတဲ့ အကြောင်းပြချက် ရှိဖို့ လိုပါတယ်။လုပ်ငန်းတာဝန်တွေ ကျေပွန်နေတဲ့ဝန်ကြီးကိုနူတ်ထွက်ခိုင်းလို့မရ၊တာဝန်ကရပ်စဲလို့မရ ဘူးဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

တကယ်တော့ ပြည်နယ်ဝန်ကြီးချုပ် ကို တိုက်ရိုက်တာဝန်ခံ လုပ်ကြရတဲ့ ဝန်ကြီးတွေ ဖြစ်တဲ့အတွက်ဝန်ကြီးတွေ လုပ်ငန်းတာဝန်ကျေပွန်ခြင်း ရှိမရှိဟာ ဝန်ကြီးချုပ်ကသာ အသိနိုင်ဆုံးကိစ္စပါ။
တာဝန်မကျေပွန်ရင် နုတ်ထွက်စေဖို ဝန်ကြီးချုပ်ကိုယ်တိုင်ကဦးဆောင်အဆိုပြုတင်ပြရမှာ ဖြစ်သလို တာဝန် ကျေပွန်တယ်လို့ ယူဆရင် လည်း ဗဟိုကနူတ်ထွက်ခိုင်းတဲ့ကိစ္စကို ဝန်ကြီးချုပ်ကိုယ်တိုင်ဦးဆောင်တာဝန်ယူဖြေရှင်းပေးသင့်တာ ဖြစ်ပါ တယ်။ဝန်ကြီးချုပ်ကိုယ်တိုင်က မိမိ ရွေးချယ်အမည်စာရင်းပေးတဲ့ဝန်ကြီး၊မိမိလက်အောက်မှာအနီးကပ်တာဝန်ထမ်းဆောင်နေတဲ့ဝန်ကြီး၊တာဝန်ကျေခြင်းမကျေခြင်းဆိုတာကိုထည့်သွင်းမစဉ်းစားတော့ပဲ အထက်က ညွှန်ကြား ချက်အရ နူတ်ထွက်စာတင်ပါ လို့ချည်းပဲပြောနေတယ်ဆိုခြင်းဟာလည်းမိမိကိုတာဝန်ခံရတဲ့ဝန်ကြီးတွေကိုမိမိက တာဝန်မယူပေးတဲ့ သဘောလို ဖြစ်နေပါတယ်။အနည်းဆုံးတော့ "တာဝန်ထမ်းဆောင်မှုမကျေပွန်တဲ့ ဒီအချက်တွေ ရှိတယ် ၊ဒါကြောင့်နူတ်ထွက်ပါ။မထွက်ရင် ရပ်စဲမယ်"ဆိုတာမျိုးသာဖြစ်သင့်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးတွေ တာဝန်မကျေပွန်လို့ နုတ်ထွက်ခိုင်းတယ်လို့ဝန်ကြီးချုပ်ကိုယ်တိုင်အသိအမှတ်ပြုခြင်းမဟုတ်ဘဲဘာကြောင့်မှန်းမသိ၊အထက်အမိန့်အရ ထွက်စာတင်ဆိုလို့ တင်ခိုင်းတယ် ဆိုရင်တော့ "အပြစ်ရှိရှိမရှိရှိ မေးမနေနဲ့၊ငါလည်းမသိဘူး၊အထက်ကထွက် ဆိုရင်ထွက်ကွာ"ဆိုတဲ့အဓိပ္ပါယ်ဖြစ်နေတော့အထက်ကိုသစ္စာခံလွန်းပြီးလက်အောက်ကိုပြန်တာဝန်မခံတာဝန်မယူပေးရာ ရောက်နေပြီလား စဉ်းစား စရာတွေ ဖြစ်လာပါတယ်။

အတိုက်အခံဘဝကတစာစာအော်ခဲ့ကြတာ "ပွင့်လင်းမြင်သာမှု"ဖြစ်သလို ဒီမိုကရေစီ ရဲ့ ရေသောက်မြစ်ကလည်း ပွင့်လင်းမြင်သာမှု ဖြစ်ပါတယ်။ပွင့်လင်းမြင်သာမှု မရှိဘဲ ဒီမိုကရေစီ မရှိနိုင်ပါဘူး။သောင်ပြိုကမ်းပြို ထောက်ခံခဲ့ကြရာကနေ ထောက်ခံမှု တအိအိ ပြိုကျနေရခြင်းဟာ ပွင့်လင်းမြင်သာမှု မရှိခြင်းဆိုတဲ့အချက် ကလည်း အဓိကအချက်တစ်ချက်ထဲမှာ ပါနေပါတယ်။စီမံဘဏ္ဍာဝန်ကြီးအဂတိမှုနဲ့စစ်ဆေးဆဲကာလမှာပဲ နူတ်ထွက်သွားတယ်။အဂတိတိုက်ဖျက်ရေးကော်မရှင်က တိုင်ချက်တွေအားနည်းတဲ့အတွက်အ ရေးယူဖို့အချက်အလက်အပြစ်ရှာမတွေ့တဲ့ သဘောပြောတယ်။အပြစ်မရှိဘူးလို့အပြတ် မပြောဘူး။ခုချိန်ထိလည်းနုတ်ထွက်သွားတဲ့စီမံဘဏ္ဍာဝန်ကြီး အပြစ်ရှာမတွေ့ဘဲနဲ့ ဘာကြောင့် နုတ်ထွက်သွားသလဲ၊အဂတိလိုက်စားမှုရှိမရှိပြည်သူလူထုက ရှင်းရှင်းလင်းလင်း မသိကြရသေးဘူး။
ပွင့်လင်းမြင်သာမှု မရှိခြင်း အားနည်း ချက်ဟာ အခု ပြည်နယ်ဝန်ကြီးတွေ ကို ရာထူး မှနုတ်ထွက် /ထုတ်ပယ်ခြင်း အထိ အခြေအနေရောက်လာပြီ လို့ ပြောရ မှာဖြစ်ပါတယ်။ဘာကြောင့်မှန်းမသိ၊ဘာအကြောင်းပြချက်မှမပေး၊နုတ်ထွက်စာချက်ခြင်းလက်မှတ်ထိုး၊မထိုးရင် ထုတ်မယ် ဆိုတာက တော့ တော်တော်ရုပ်ပျက်ဆင်းပျက် ဖြစ်လွန်း တဲ့ဒီမိုကရေစီလို့သာပြောစရာဖြစ်နေပါတယ်။

ဒိထက်ပိုဆိုးတာကအတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ညွှန်ကြားချက်အရဆိုပြီးဇန္နဝါရီ၂၁ရက်နေ့ ကချင်ပြည်နယ်ဝန်ကြီးသုံးဦး နူတ်ထွက်စာတင်ခိုင်းတဲ့ သတင်းတွေ ပလူပျံတက်လာပါပဲ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ညွှန်ကြားချက်အရ လို့ ဝန်ကြီးချုပ်က ပြောတယ် ဆိုတဲ့သတင်းတွေ စတက်လာတာပါ။ဒါဟာ အခြေခံဥပဒေနဲ့ လွဲချော်နေတဲ့အတွက် သတင်းမှန်ဟုတ်မဟုတ်တာဝန်ရှိသူ တွေကပေါ့ပေါ့ဆဆ သဘောမထားဘဲ ပြန်ရှင်းဖို့သင့်ပါတယ်။အခြေခံဥပဒေက မည်သို့ဆိုစေကာမူလက်တွေ့မြေပြင်မှာ စီမံအုပ်ချုပ်နေတာဘယ်သူလဲဆိုတာက အားလုံး သိနေကြတာပါပဲ။သို့သော် ဒီမိုကရေစီစနစ်ဖြစ်တဲ့အတွက်ဥပဒေနဲ့ ညီအောင်တော့ ဘောင်သွင်းရ မှာ ဖြစ်ပါတယ်။သမ္မတရဲ့အထက်က နေစီမံခန့်ခွဲလို့ရပေမယ့်သမ္မတဆီကတဆင့် တော့သွားရ မှာဖြစ်ပါတယ်။ အတိုင်ပင်ခံကသမ္မတကိုနောက်ကွယ်ကနေညွှန် ကြား၊သမ္မတက ဝန်ကြီး ချုပ် ဆီတရားဝင်ဆက်ညွှန်ကြား ဒီလိုပဲ ဥပဒေနဲ့ ညီအောင် ဘောင်သွင်းရမှာပါ။အကယ်၍ဟုတ်ခဲ့ရင်တောင်ဝန်ကြီးချုပ်က ဖြတ်ထိုးညဏ်သုံးပြီး သမ္မတဆီက ညွှန်ကြားတယ်ဖြတ်ပြောရင်လည်း တပည့်လိမ်မာ ဆရာအာပတ်လွတ် ဥပဒေနဲ့ ညီသွားနိုင် ပေမယ့် Commander က ဒေါ်အောင်ဆန်းစု ကြည်ပဲလို့လက်ခံထားကြတဲ့အတွက်ဝန်ကြီးတွေကိုခေါ်ပြောရာမှာအတိုင်ပင်ခံအမည်သုံးတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။(ဝန်ကြီးတွေကပဲအပြောမှားတာလား၊ဝန်ကြီးချုပ်ကပဲဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါဝါကိုယူသုံးလိုက်တာလား၊ဒေါ်အောင်ဆန်းစုကြည်ဆီကပဲတကယ် တိုက်ရိုက်ညွှန်ကြားခဲ့တာလား ဆိုတာ တော့ ခုချိန်ထိ တော့ အဖြေ အတိအကျ ထွက်မလာသေးပါ)

နောက်တစ်ချက်က ဘာမှ ကြိုတင် စုံစမ်းစစ်ဆေးမှုတွေ မရှိထားဘဲနဲ့ အခုချက်ခြင်း ဗြုန်းစားကြီး နူတ်ထွက်စာတင်၊ဘာအကြောင်း ကြောင့်လဲမမေးနဲ့ ဆိုရလောက်အောင် အရေးတကြီးအမြန်ဆုံးလုပ်ရလောက် အောင် ဘာတွေအရေးကြီးလွန်းလို့လဲ ဆိုတဲ့ မေးခွန်းပါပဲ။ဒီဝန်ကြီးသုံးဦး ကို တစ်ရက်လောက်ဆက်ထားရင်စဉ်းစားချိန်ပေးရင် ဘာတွေ ဖြစ်ကုန်မှာတဲ့လဲ။ကချင်ပြည်နယ်အတွက်ထိခိုက်စရာ တွေ ဆိုးဝါးလွန်းလို့ အချိန်တစ်ရက် တောင်မပေးနိုင်ဘဲချက်ခြင်း အရေးတကြီး ထုတ်ပစ် ရတာလား။ဒါဆို ဒီသုံးဦးက ဘာတွေ လုပ်နေကြ တာလဲဆိုတာတွေပြည်သူလူထုကိုပွင့် ပွင့်လင်းလင်း အသိပေးသင့်ပါတယ်။
အစိုးရတစ်ရပ်ဟာအစိုးရအဖွဲ့ဝင်ဝန် ကြီးတွေကိုဖြုတ်တာထူးဆန်းတဲ့ကိစ္စမဟုတ်ဘူး။ဖြုတ်ဖို့လိုအပ်ရင်ဖြုတ် လို့ရအောင်ဥပဒေပြဋ္ဌာန်းပေးထားပါ တယ်။ဥပဒေနဲ့အညီ ဖြုတ်ဖို့ပဲ လိုတယ်။ငါခန့်တဲ့ဝန်ကြီးငါမကြိုက်လို့ ဖြုတ်တယ်၊ဘာမှ အကြောင်းပြ စရာမ လိုဘူး၊ဘာမှ မမေးနဲ့ဆိုရင်တော့ အာဏာရှင်စနစ်နဲ့အတူတူဖြစ်နေပါလိမ့်မယ်။"ရေဗူးပေါက်တာမလိုချင်၊ရေပါတာပဲလိုချင်တယ် ဆိုခြင်းကို လုံးဝလက်မခံဘူး" ဆို သူတွေက အခု ဘာအကြောင်းပြချက်မှ မပေးဘဲ မထွက်ရင်ထုတ် ဆိုတာမျိုးတော့ မဖြစ်သင့်ဘူး ထင်ပါတယ်။

ဝန်ကြီးသုံးပါးကိုကျန်းမာရေးအကြောင်းပြပြီးမိမိသဘောဆန္ဒအလျောက်နူတ်ထွက်ကြောင်းလက်မှတ်ထိုးဖို့အတင်းအကြပ်ဖိအားပေးတယ်။(ဘာအကြောင်းကြောင့်ဒီလိုလုပ်ရ တယ်ဆိုတာကိုမပြောပြဘူး)မိမိသဘောဆန္ဒမပါဘဲအတင်းအကြပ်လက်မှတ်ထိုးခိုင်းလို့ထိုးလိုက်တဲ့ဝန်ကြီးနှစ်ပါးကို ၎င်းတို့၏ဆန္ဒအလျောက် ဥပဒေပုဒ်မဘယ်လောက်ဘယ်လောက်အရ နူတ်ထွက်ခွင့်ပြုလိုက်သည် လို့ နိုင်ငံတော်သမ္မတက လက်မှတ်ထိုး ထုတ်ပြန်လိုက်တော့၎င်းတို့၏ဆန္ဒအရလည်းမဟုတ်၊ဘာကြောင့်မှန်းလည်း မသိ၊အတင်းအကြပ် နုတ်ထွက်ခိုင်းလို့ သာ လက်မှတ်ထိုးပေးလိုက်ရတယ်လို့ နားလည်ထားကြတဲ့ ပြည်သူလူထု က ဘယ်လို မြင်ကြမလဲ။အတင်းအကြပ် နူတ်ထွက်စာတင်ခိုင်းတာကို လက်မှတ်မထိုးတဲ့ ဝန်ကြီးတစ်ပါးကို ပုဒ်မ ဘယ်လောက်အရ တာဝန်မှ ရပ်စဲလိုက်သည် ဆိုတော့ ဒီပုဒ်မအရ ဒီဝန်ကြီးရဲ့လုပ်ငန်းတာဝန်မကျေပွန်မှု တွေဟာ ဘာတွေလဲ ဆိုတာ ကာယကံရှင်နဲ့  ပြည်သူလူထုက သိဖို့ မလိုဘူးလား။

ဘောလုံးပွဲမှာ ခြေမပေါ်လို့ နည်းပြက လူလဲတယ်ဆိုတာလဲချင်တိုင်းလဲလို့မရဘဲ ဥပဒေစည်းကမ်း တွေနဲ့အညီ လဲရတာဖြစ်သလို ဝန်ကြီးတွေကို လူလဲရင်လည်းဥပဒေစည်းကမ်းနဲ့အညီသာ လဲရမှာဖြစ်ပါတယ်။နည်းပြကခြေမပေါ်တဲ့ကစားသမားကိုလဲခွင့်ရှိပေမယ့် အသင်းပိုင်ရှင်က တိုက်ရိုက်ဝင်လဲ လို့ မရပါဘူး။ ဒီမိုကရေစီစနစ်ဖြစ်လို့ အမိန့်အာဏာစနစ်ကနေဥပဒေစည်း ကမ်းစနစ်ဆီပြောင်းနေတာဖြစ်တဲ့အတွက် ဥပဒေနဲ့အညီဖြစ်အောင် အနည်းဆုံးတော့"လုပ်ငန်းတာဝန်မကျေပွန်လို့"ဆိုတဲ့အကြောင်းပြချက်လောက်တော့ ပြဖို့သင့်ပါတယ်။ဘာအကြောင်းပြချက်မှ မရှိဘဲ "ထွက်/မထွက်ရင်ထုတ်"ဆိုရင်တော့လက်ရှိတာဝန်ထမ်းဆောင်ဆဲ အစိုးရ အဖွဲ့ဝင်ဝန်ကြီးတွေ လည်းအကြောက် တရားနဲ့ခြောက်လှန့်ခံရသလို ခံစားမိကြမှာကတော့ အမှန်ပဲ။

ဒီကနေ့လုပ်ဆောင်ချက်တွေဟာ မနက်ဖန်သမိုင်းအဖြစ်ကျန်ရစ်ခဲ့မှာဖြစ်ပါတယ်။ဇာတ်ပေါင်းသော် "ငါလည်းသာသနာပိုင်မဖြစ်၊မယ်သဲလည်း မိဖုရားခေါင်မဖြစ် "လို့့် မင်းတုန်းမင်းရဲ့ငယ်ဆရာတော်ကြီး ပြောခဲ့သလိုပဲအခုကချင်ပြည်နယ်ဝန် ကြီးသုံးပါးနုတ်ထွက်/ထုတ်ပယ်ကိစ္စမှာ လုပ်နည်း လုပ်ဟန်တွေဟာ ဒီမိုကရေစီအစိုးရလည်း ဂုဏ်သိက္ခာ မကြွ၊ကာယကံရှင်တွေလည်း ဂုဏ်သိက္ခာ ကာကွယ်ခွင့်မရ ၊တာဝန်ထမ်း ဆောင်နေဆဲ ဝန်ကြီးတွေ လည်းအကြောက်တရားတွေစိမ့်ဝင်သွားစေ အောင် ပြသလို ဖြစ်နေတဲ့ အတွက်ဒီမိုကရေစီခေတ်အမဲစက်တစ်စက်အဖြစ်ရုပ်ပျက်မကျန်ရစ်ခဲ့ရအောင် "အသားမဲလို့ အချုပ်ထဲထည့်တယ်" ဆိုသလို ပဲဖြစ်ဖြစ် အကြောင်း ပြချက် လေး တစ်ခုခုတော့ ပေးခဲ့ဖို့သင့်ပါ ကြောင်း အပြုသဘောနဲ့ အကြံပြု တင်ပြလိုက် ရပါတယ်။ ။

စစ်ငြိမ်း
၂၇.၁.၂၀၁၉

No comments:

Post a Comment