Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 21, 2017

ABSDF မြောက်ပိုင်းသတ်ဖြတ်မှူ့နှင့် မိခင်တစ်ဦး၏ ကိုယ်တွေ့မှတ်တမ်း ( အပိုင်း ၁၁ )


ကျမတို့မပြန်ရတော့ဘူး။ကြာလာရင်မိခင်တွေကို ဒုက္ခပေးမှာစိုးရိမ်လာကြတယ်။အမေနဲ့တွေ့ရတဲ့အချိန်လေး လူအလစ်မှာ အမေတို့ကိုမြန်မြန်ပြန်ကြဖို့တိုက်တွန်းမိတယ်။

ကျမအမေနဲ့ဘိုဘို့အမေကတခန်းထဲအိပ်ကြတယ်။တညအမေနဲ့အတူအိပ်ခွင့်ရတယ်။မိဘိုကသူ့မေမေ(အန်တီမြင့်မြင့်ကြည်)နဲ့တီးတိုးပြောနေကြသလို ကျမလည်း ကျမမေမေနဲ့စောင်ကိုခေါင်းခြုံပြီး အမေ့ကိုအိမ်ပြန်ဖို့ တီးတိုးထပ်ပြောတယ်။

အမေက တိုးတိုးလေးနဲ့ကျမလွတ်လမ်းအတွက် ပီထွန်းကိုအကူအညီတောင်းမယ်ဆိုတယ်။လိမ်လိမ်မာမာနေဖို့စကားပြောဆင်ခြင်ဖို့မှာတယ်။


------------------------------------

ABSDF မြောက်ပိုင်းသတ်ဖြတ်မှူ့နှင့် မိခင်တစ်ဦး၏ ကိုယ်တွေ့မှတ်တမ်း ( အပိုင်း ၁၁ )

( ၁.၄.၁၉၉၂ )
ဗိုလ်အဆင့်ရှိတဲ့ကလေး(၄)ယောက်ကို တာဝန်ပေးအပ်ပွဲလုပ်တယ်…ရဲဘော်အဆင့်နဲ့ပြန်တာဝန်ပေးတာပါ…ကတိသစ္စာဆိုကြရတယ်…ညနေကျတော့ကလေး(၃) ဦးရဲ့မိဘတွေနဲ့ခေါ်တွေ့တယ်…လွှတ်တော့လွှတ်မှာ ဒါပေမယ့်အခုမထည့်နိုင်သေးကြောင်း ဗဟိုမှအမိန့်လာမှ လွှတ်မည်ဖြစ်ကြောင်း..အိမ်ပြန်ချင်ပါက တစ်ယောက်ချန်ခဲ့ပြီး အားလုံးပြန်နိုင်ကြောင်း ပြောတော့…မမြင့်မြင့်ကြည်က သူတစ်ယောက်ထဲနေခဲ့မယ်…အန်တီစန်းကလည်း သူနေခဲ့မယ်ဆိုပြီးပြောကြတယ်..နောက်နေ့မှာကလေးတွေအားလုံးနဲ့၃ဦး၃ဖလှယ်တွေ့ဘို့ပြောလိုက်ကြတယ်…ဘိုဘိုက သူ့အမေကိုမနေခဲ့ဘို့ အတန်တန်ပြောတယ်….

( ၂.၄.၁၉၉၂ )
ဒီနေ့မှာတော့ ကလေးတွေအားလုံးနဲ့တွေ့ပေးမယ်ဆိုလို့ မနက်ကတည်းကလာအခေါ်ကိုစောင့်နေကြတယ်..စောင့်ရင်းနဲ့ညနေစာထမင်းစားပြီးတော့ ဒီနေ့ တော့ ခေါ်မတွေ့တော့ဘူးထင်တာ…ညနေ၅း၀၀နာရီထိုးတော့ အရီကိုခေါ်ပြီး ထလရ တဲကိုဆင်းသွားတယ်…ရေချောင်းဘေးမှာတင်စန်းဦး၊မငွေ၊နဲ့တာတီးပိုးတို့ပန်းကန် တွေဆေးနေတာတွေ့လို့… ဟေ့တာတီးပိုး..တို့ကိုဒီနေ့ကလေးတွေနဲ့တွေ့ပေးဘို့အစီအစဉ်ရှိရဲ့လားမေးတော့ တွေ့ပေးမှာပါ…ရှိပါတယ်ပြောတယ်.. အေးအဲဒီအစီအစဉ်ပျက်သွားတယ်ဆိုရင်လည်း နင်တို့ဥက္ကဋ္ဌကိုသွားပြောပေး…ငါ(ကိုရဲအမေ)က ဥက္ကဋ္ဌနဲ့ တွေ့ချင်တယ်လို့ပြောပြီး ပြန်ထွက်လာခဲ့ကြတယ်…..

မကြာခင်မှာဘဲ ခုံတွေရွှေ့ပြီး ကိုယ်တို့အားလုံးကိုလာခေါ်တယ်…ထလရ တဲမှာဥက္ကဋ္ဌနဲ့အဖွဲ့၊ ကလေးတွေ မိဘတွေဆုံနေကြပြီး ဥက္ကဋ္ဌက ကလေးတွေထားခဲ့ပြီး ပြန်ကြဘို့နဲ့ ဘယ်လိုစီစဉ်ကြသလဲဆိုပြီးမေးတော့ ပထမ မမြင့်မြင့်ကြည်နဲ့အန်တီစန်းက တခါတည်းပြန်ထည့်ဘို့ပြောတယ်…

သူတို့ကလည်းဗဟိုကအမိန့်မရရအောင်စောင့်ပြီးမှထည့်မှာဖြစ်ကြောင်း ပြောပြီး တစ်ယောက်စောင့်နေခဲ့ဘို့ပြောတယ်…

အန်တီစန်းကလည်းသူနေခဲ့မယ်….ကိုမောင်မောင်က တစ်ယောက်ကျန်နေရင် အဲဒီတစ်ယောက်နဲ့သူလည်းနေခဲ့မယ်…သူတာဝန်ယူပြီးခေါ်လာရတဲ့အတွက်လို့ပြောတယ်….အဲဒီလိုနဲ့ကျန်နေခဲ့ဘို့ကိစ္စပြောကြရင်း ကလေးတွေကအားလုံးကိုပြန်ခိုင်းတယ်။

ကလေးတွေနဲ့တိုးတိုးတိုင်ပင်ကြတော့ နောက်၂လကြာမှ ၃ဦးအဖွဲ့ကပြန်လာမယ်…အခုတော့အားလုံးပြန်ကြမယ်လို့ဆုံးဖြတ်လိုက်ကြတယ်…

ဒါနဲ့ဘဲပြန်ကြမယ့်ရက်ကို ၅.၄.၁၉၉၂ လို့သပ်မှတ်ပြီး ကားစီစဉ်ဘို့ပြောလိုက်ကြတယ်….ကလေးတွေအားလုံးကိုလည်း သူတို့ကိုအပ်ခဲ့တယ်…

နောက်နောင်ဒီအဖြစ်မျိုးတွေ မကြားရအောင် ကလေးတွေအသက်အန္တရာယ်စိုးရိမ်မိတဲ့အတွက် လုံခြုံမှု ရှိအောင်အပ်ခဲ့ရတယ်။သူတို့ကလည်းစိတ်ချပါ အဖွဲ့အစည်းတခုခုလာတာနဲ့ပြန်ထည့်မှာပါလို့ကတိပြုကြပြီး… မပြန်ခင်ကလေးတွေနဲ့ အတူနေဘို့ခွင့်တောင်းတယ်။နေခွင့်ရတယ်။

ဘိုဘိုနဲ့နန်းအောင်ထွေးကြည်ကတော့ သူတို့အမေတွေနဲ့အတူညအိပ်ခွင့်ရတယ်။

( ၃.၄.၁၉၉၂ )
မနက်ပိုင်းထမင်းစားသောက်ပြီးကလေးတွေ မိဘတွေနဲ့အတူလာနေကြတယ်။ဂျပန်ကြီးကလည်းသူ ရောက်တာ (၂.၄.၁၉၉၂) နေ့မှာတစ်လပြည့်တယ်ဆိုပြီး ကိုယ်တို့ကိုစကတ်နဲ့ထန်းလျှက်တွေလာပေးသွားတယ်…ကလေးတွေညနေစာချက်ဘို့ပြန်သွားရင်းနဲ့မုန့်ကြိတ်လာကြတယ်….မုန့်လင်မယားဆိုတဲ့မုန့်လေးတွေလုပ်စားကြတယ်….သားတွေကလည်းကြော်လိုက်စားလိုက်နဲ့ ပျော်နေကြတယ်….(၅၀၁)ရင်းမှူးသိုက်ထွန်းဦး တို့လည်းလာစားကြတယ်…

တာတီးပိုးကလည်းပြန်ကာနီး အန်တီကြီးကို အဖွားအဖွားနဲ့ခေါ်ပြီး …ကိုယ်တို့ ထမင်းစားရင် သူလည်းဆာပြီဆိုပြီး ၀င်ဝင်စားတယ်…ည ၁၀း၀၀ နာရီထိကလေးတွေနဲ့ပြောကြဆိုကြပြီး သူတို့ပြန်တော့အိပ်ယာဝင်ကြတယ်

စာရေးသူ Ko Linn Wai Aung ( ကိုရဲလင်း)

အပိုင်း ၁၂ ဆက်တင်ပေးပါမည်

ဓါတ်ပုံ ပီစိုင်းထွန်း

No comments:

Post a Comment