Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 21, 2017

ABSDF မြောက်ပိုင်းသတ်ဖြတ်မှူ့နှင့် မိခင်တစ်ဦး၏ ကိုယ်တွေ့မှတ်တမ်း ( အပိုင်း ၁၀)


၂၆.၃.၁၉၉၂
မနက်စောစောထပြီး မျက်နှာသစ် ဘုရားစာရွတ်ကြတယ်… မမြင့်မြင့်ကြည်ကလည်း တဲရှေ့ထွက်ပြီးဘုရားစာရွတ်…ကိုယ်ကလည်းမျက်နှာသစ်ရင်းနဲ့ ထောင်ရှိတဲ့ဘက်ကိုကျောင်းသား၂ယောက်အရေးတကြီးတက်သွားတယ်.နောက်ကလည်းဆရာမတသိုက်အရေးတကြီးလိုက်သွားတာမြင်ရတော့…ထောင်ထဲမှာဘာဖြစ်တာလဲလို့ကြည့်နေတုံး.ကျောင်းသားတစ်ယောက် ဘုန်းကြီးကျောင်းဘက်သွားပြီး ဘုန်းကြီးကို ဥက္ကဋ္ဌကခေါ်ခိုင်းလို့ လို့ပြောတယ်….

တောင်ဘက်ကိုကြည့်နေတုံး ကျောင်းသားတစ်ချို့ကရှေ့က….နောက်ကထမ်းစင်နဲ့ အလောင်းတစ်ခု။အဲဒီနောက်ကဆရာမတစ်စု…သုတ်သုတ်နဲ့သင်္ချိုင်းဘက်သွားတာတွေ့တော့ .စောင့်တဲ့ရဲမေ၂ ယောက်ကိုမေးတော့…ညကထောင်သားတစ်ယောက် နေမကောင်းလို့ဆုံးသွားပြီလို့ပြောတယ်….

သေတဲ့ကလေးကမိဘမသိဘဲသေရပြီ…မိဘတွေကတော့သားတွေတောထဲမှာဘဲရှိနေတယ်ထင်မှာဘဲ ဆိုပြီးမိဘချင်းသားသမီးချင်းကိုယ်ချင်းစာပြီး သနားနေကြတယ်….

နောက်တော့အန်တီကြီး၊ကိုမောင်မောင်၊ဦးအေးနိုင်၊မမြင့်ကြည်…တို့ KIAဘက်ကကန်တင်း(CANTEEN)ကိုသွားကြတယ်။သားသမီးတွေကိုမထည့်ဘူးပြောထားတော့ အားကိုးစရာအသိများတွေ့မလားဆိုပြီးသွားကြတာ…အဲဒီက၀ယ်လာတဲ့မုန့်တွေစားပြီး တစ်ရက်ကုန်ပြန်ရော…

( ၂၇.၃.၁၉၉၂ )
မနက်စောစောထုံးစံအတိုင်း ရွတ်ကြဆိုကြပေါ့..ရောက်ခါစက ကိုမောင်မောင်နဲ့ဦးအေးနိုင်က သူတို့တဲမှာထမင်းစားပြီးမှ ဆင်းလာကြတယ်..ခုတော့ကိုယ်တို့တဲမှာဘဲစုစားကြတယ်…

ထမင်းစားတိုင်းဦးအေးနိုင်က ထမင်းစားမြန်တော့ အရင်ကုန်တာကိုး…အဲဒါကျုပ်ပန်းကန်ကပေါက်နေလို့ဆိုပြီး ဟာသပြော ပြီးထပ်ထည့်စားတယ်..ရောက်ခါစကသိပ်စားလို့မကောင်းဘူး…နောက်တော့ထမင်းကလွဲပြီးစားစရာမရှိတော့ထမင်းဘဲ တစ်နပ်ပြီးတစ်နပ်မျှော်ကိုးစားနေရတာကိုး..စားလို့ကောင်းနေကြတာပေါ့…

ထမင်းစားတိုင်း ကိုယ့်ဟာမဟုတ်လို့စားတာလား..ကိုယ့်အိမ်မဟုတ်လို့စားတာလား အားလည်းနာတယ်ဆိုပြီးအားရပါးရစားကြတာပေါ့…

ကိုယ်တို့ကိုကျွေးတာ သူတို့စားနေကျ ရာရှင်ထက် တစ်ပတ်ကို ၇၅၀ ကျပ်ဘိုး ပိုကျွေးတယ်လို့ပြောတယ်။ တာတီးပိုးကလူငယ်ဆိုတော့ကြွားချင်တာလည်းပါမယ်ထင်တယ်…

ဆက်သွယ်ရေးစက်ကို ၁နာရီတစ်ခါဖွင့်ရတော့ ကိုယ်တို့တဲပေါ်လာပြီးနားထောင်တယ်…ဟိုဘက်ကလည်းစစ်ရေးစစ်ရာဘာမှမပါဘဲနောက်နေတယ်…

ဧည့်သည်တွေပြန်သွားပြီလား ၀က်ဝံကိုယ်စား ဘယ်သူလာလဲမေးတော့ သူ့မားသားကြီးလာတယ်ပြောတယ်…နောက်မှဝက်ဝံဆိုတာ အမျိုးသမီးကိုပြောမှန်းသိရတယ်….

မမြင့်မြင့်ကြည်တို့ကလည်း သရဲတစ္ဆေအကြောင်းအရမ်းပြောတယ်….ညတိုင်းပြောတယ်…ကျောင်းသားတစ်ယောက်ကသေထားတာမကြာသေး…အစကတည်းကလူတွေကိုသတ်ပြီးဘယ်နားမြှုတ်ထားမှန်းမသိ…ကိုယ်တို့နေတဲ့တောင်ကုန်းမှာမြှုတ်သလား
သတ်သလားမသိ…

ထောက်လှမ်းရေးတဲမှာလည်း စစ်ရင်းဆေးရင်းသေ.. လူသေကိုအုပ်တဲ့ပလတ်စတစ်တောင် ကိုယ်တို့တက်နင်းပြီး ဆင်းရတက်ရတာနောက်မှသိရတော့ ဖယ်ခိုင်း ပစ်ရတယ်…သူတို့ကလည်းညတိုင်း လူသေတွေအကြောင်း သရဲတစ္ဆေတွေအကြောင်းပြောနေတော့ ညဘက်ဆို အပြင်မထွက်ရဲကြတော့ဘူး….

ပြောပါများလွန်းတော့ အန်တီကြီးတို့ အန်တီစန်းတို့လည်း ကြောက်လာကြတယ်… တာတီးပိုးကိုလည်း စိတ်ဓာတ်ကျအောင် သရဲအကြောင်း အစိမ်းသေတွေမကျွတ်ဘဲ သတ်တဲ့သူကိုပြန်ပြီးခြောက် လှန့်ကြောင်းပြောတော့သူလည်းကြောက်လန့်ပြီး ညဘက်ဆိုကိုယ်တို့တဲကိုမလာရဲတော့ဘူး….

နေ့လည်ကျတော့ ကျန်တဲ့ဗဟိုကော်မတီဝင်တွေက ( ဥက္ကဋ္ဌ မပါ) သူတို့ရဲ့ဆုံးဖြတ်ချက်ကိုပြောတယ်.. ဗိုလ်အဆင့်ရှိတဲ့( ၄ )ဦးကိုမလွှတ်ဘူး.. ကျန်တဲ့( ၃ ) ဦးကိုစဉ်းစားဆဲဖြစ်ကြောင်းပြောပြတယ်…ကိုယ်တို့လည်း အတိုက်အခံပြောတာမရဘူး..အန်တီတို့အကျိုးဘဲမကြည့်ဘို့…ကလေးတွေအတွက်နဲ့သူတို့အဖွဲ့အစည်းအကျိုးကိုကြည့်ဘို့နဲ့..နောက်ဆုံး ၃ဦး ၃ ဖလှယ် ဆွေးနွေးဘို့ ပြောပြီး ကိုယ့်တဲကိုယ်ပြန်ကြတယ်….

နောက်နေ့မှာ ကလေးတွေကို တခုခုကျွေးချင်လို့ လိုင်စင်ဈေးဘက်ကို ခဏခေါ်သွားမယ်လို့ပြောတာ ခေါ်သွားခွင့်ပေးတယ်…

( ၂၈.၃.၁၉၉၂ )
မနက်စောစောထပြီး လိုင်စင်ဈေးနေ့မှာ ကလေးတွေကိုခေါ်သွားပြီး ရှမ်းခေါက်ဆွဲ
ကျွေး လ္ဘက်ရည်တိုက်တယ်…လမ်းမှာသူတို့အစောင့်တွေလစ်တုန်း ပြောချင်တာတွေပြောရတယ်…၁၁း၀၀ နာရီထိနေပြီးပြန်ခဲ့တယ်… သားကိုငွေ ၃၀၀ ကျပ်ပေးခဲ့တယ်…ဧပြီလ(၁၀)ရက်နေ့သူ့မွေးနေ့မှာ ဘုန်းကြီးဆွမ်းကပ်မယ်ပြောတယ်… သားတွေကိုဘုရားတရားမမေ့ဘို့ ဂါထာတွေရွတ်ဖို့ပြောရတယ်…

ညနေပါဂျောင်ချောင်းဘက်လမ်းလျှောက်ရင်းနဲ့ KIA ကဗိုလ်မှူးကြီး လဇန်ဘောက်ဆိုတာနဲ့တွေ့တော့ ကိုယ်တို့၃ ဦးက တာတီးပိုးရှေ့ရောက်နေပြီ…

နောက်မှာကျန်ခဲ့တဲ့အန်တီကြီး၊မမြင့်မြင့်ကြည်၊ကိုမောင်မောင်တို့ကို ဗိုလ်မှူးကြီးက နှုတ်ဆက်တယ်…မြို့ကလာကြတာလား..လမ်းလျှောက်ကြသလားလို့မေးတယ်..စကားပြောနေတာမြင်တော့ တာတီးပိုးကချက်ချင်းနောက်ပြန်သွားတယ်.. အန်တီကြီးကလည်း စကားပြောရပ်လိုက်ရတယ်….

(၂၉.၉.၁၉၉၂ )
မနက်စာစားပြီး KIA အရာရှိကားတစ်စင်းရပ်တာတွေ့တယ်…အန်တီကြီးကိုဥက္ကဋ္ဌတဲလာဘို့ခေါ်တယ်..မမြင့်ကြည်ပါလိုက်သွားတယ်..

အန်တီကြီးက ကလေးတွေကိစ္စပြောပြတော့…ဒီအဖွဲ့နဲ့မဟာမိတ်လုပ်ထားတဲ့အတွက် အကူအညီသာပေးလို့ရတာ..သူတို့လုပ်ရပ်ကို ၀င်စွက်ဖက်လို့မရဘူးဆိုတဲ့အကြောင်း…

သူတို့KIA တပ်မှာဒီလောက်ထောက်လှမ်းရေးများများ မဖမ်းမိဘူးဆိုတဲ့အကြောင်း..

ဖမ်းမိရင်လည်းတစ်ယောက်တလေသာ ဖမ်းမိတဲ့အကြောင်းနဲ့ ကလေးတွေလွတ်လမ်းကိုကူညီနိုင်ဘို့ အလားအလာမရှိကြောင်း အန်တီကြီးသိလာတယ်..

( ၃၀.၃.၁၉၉၂ )
ဒီနေ့တော့ IO ရုံးမှာကိုယ်တို့ကလေး ၄ ယောက်ကို မိဘတွေနဲ့ပေးတွေ့ တယ်.. ဥက္ကဋ္ဌလည်းပါတယ်..ကလေးတွေကိုယခုမိဘတွေနဲ့အတူမထည့်နိုင်သေးကြောင်း ကမ္ဘာ့ကြက်ခြေနီ ( သို့ ) လွတ်လပ်သောအဖွဲ့အစည်းတစ်ခုခုမှ လာပါကထည့်ပေးမည်ဖြစ်ကြောင်း မိဘနဲ့သူတို့ကော်မတီဝင်များ ကတိဝန်ခံလက်မှတ်ရေး ထိုးရတယ်…

( ၁ ) ကလေးတွေကို နောက်ထပ် ထလရ မလုပ်ရပါဘူး…ထွက်ပြေးဘို့မစည်းရုံးရပါဘူး….ထွက်လည်းမပြေးပါ ဘူး….

( ၂ ) သူတို့အနေနဲ့နောက်ထပ်ပြစ်မှုတစ်ခုခု မကျူးလွန်မချင်း မည်သည့်ပြစ်ဒဏ်မှမပေးပါကြောင်း….

( ၃ ) ကြက်ခြေနီ( သို့ ) လွတ်လပ်သောအဖွဲ့အစည်းတစ်ခုခုလာပါက ထည့်ပေးမည်ဖြစ်ကြောင်း လက်မှတ်ရေး ထိုးကြတယ်….သူတို့ပေးတဲ့ကတိကို မဖျက်ပါဘူးဆိုတာ အထပ်ထပ်ကတိပေးလိုက်တယ်….အားလုံး ကိုယ့်တဲ ကိုယ်ပြန်ခဲ့ကြတယ်….

( ၃၁.၃.၁၉၉၂ )
မနက်စာထမင်းစားပြီးလိုင်စင်ဈေးသွား လ္ဘက်ရည်တိုက် ကြက်ဥတို့ ထန်းလျှက်တို့ဝယ်ပေးလိုက်တယ်.. အဲဒီက ၁း၀၀ နာရီလောက်ပြန်လာပြီး ကိုယ့်တဲကိုယ်နေကြတယ်..ကျန်တဲ့ကလေး ၃ ယောက်ကို လွှတ်မယ်ထင်နေတော့ ကိုယ့်ကလေးမပါလည်း (၃)ယောက်ပါရင်တော်ပြီဆိုပြီးစောင့်နေကြတာ…

စာရေးသူ Ko Linn Wai Aung ( ကိုရဲလင်း)

အပိုင်း ၁၁ ဆက်တင်ပေးပါ့မယ်။

ကျမအကို ပီစိုင်းထွန်း ၁၉၉၂ခုနှစ် ဧပြီလလာစဉ်က ရိုက်ကူးသွားတာဖြစ်ပါတယ်။
ဒေါင်းမိခင်ခန်းမအရှေ့မှာပါ။
ဝဲမှယာ -
ABSDF မြောက်ပိုင်းဥက္ကဌအောင်နိုင်နဲ့ ABSDFဗဟိုဥက္ကဌ ဒေါက်တာနိုင်အောင်

No comments:

Post a Comment