Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 21, 2017

ABSDF မြောက်ပိုင်းသတ်ဖြတ်မှူ့နှင့် မိခင်တစ်ဦး၏ ကိုယ်တွေ့မှတ်တမ်း ( အပိုင်း ၈ )


အန်တီကြီးကငိုပြီး ခြေသလုံးဖက်မယ်လုပ်ပြီး ဥက္ကဋ္ဌကြီးတို့ကို ဘယ်လိုတောင်းပန်ရမှာလဲလို့ ဆိုပြီးငိုရော။
အားလုံးက၀ိုင်းငိုကြတာပေါ့…အနားမှာဂျပန်သတင်းထောက်ရှိတယ်…ဓာတ်ပုံရိုက်မှာကို ကိုအောင်ကြီးက မရိုက်ရဘူးပြောတယ်…အဲဒါနဲ့ မမြင့်မြင့်ကြည်ကလည်း…မင်းတို့ကိုယုံကြည်မိတာမှားပြီဆိုပြီးငိုကြရော… နန်းအောင်ထွေးကြည်
----------------------------------------


ABSDF မြောက်ပိုင်းသတ်ဖြတ်မှူ့နှင့် မိခင်တစ်ဦး၏ ကိုယ်တွေ့မှတ်တမ်း ( အပိုင်း ၈ )

( ၂၁.၃.၁၉၉၂ )
မနက်စောစောထ ဘုရားရှီခိုးပြီး မီးကိုအရေးတကြီးမွှေးရတယ်….ရေနွေးအိုးတည်ပြီးမှ ရေအေးနဲ့ရောပြီးမျက်နှာသစ်ရတယ်…ဒီနေ့ဘုန်းကြီးကျောင်းကိုလိုက်ပို့မယ်ဆိုပြီး ထမင်းမစားခင် ဥက္ကဋ္ဌ နဲ့ဗဟိုကော်မတီဝင်တွေထောက်လှမ်းရေးသန်းဇော်နဲ့ ကိုယ်တို့(၇)ယောက် ဘုန်းကြီးကျောင်းသွားကြတယ်…ဘုန်းကြီး(၂)ပါးဘဲ တွေ့ရတယ်… နဲနဲအသက်ကြီးတဲ့ဘုန်းကြီးက မိုးညှင်းကတောခိုလာတာတဲ့…ဖမ်းထားတဲ့ကလေးတွေကိုအပြစ်နဲနဲပြောတယ် …
ဘွဲ့အမည်ကဦးဣန္ဒာစာရတဲ့…မုန့်တစ်ထုပ်လှူခဲ့တာမှတ်မိပါတယ်..တဲပြန်ရောက်တော့ ထမင်းစား မီးလှုံ ညနေစာစားနဲ့ အချိန်ကုန်တယ်….

( ၂၂.၃.၁၉၉၂ )
မနက်စာစားပြီးတာနဲ့ ပါဂျောင်ချောင်းဘက် လိုက်ပြမယ်ဆိုပြီး ထလရတာဝန်ခံ သန်းဇော်၊တာတီးပိုး(ခ) သက်လင်း၊ဖိုးနှောင်း ၊သက်ထွန်း၊ဂျပန်သတင်းထောက်နဲ့ ကိုယ်တို့(၇)ယောက် လျှောက်သွားကြတယ်…..
ကိုယ်တို့နေတဲ့တောင်ကုန်းခြေရင်းမှာတောင်ပတ်လမ်းရှိတယ်…လိုင်စင်စခန်းကနေပြီး ဟိုဘက် KIA လားတပ်ရှိတဲ့ဘက်ကို သွားတဲ့လမ်း…ကိုယ်တို့နေတဲ့တောင်ကုန်းကကြည့်ရင်…သွားလာနေတာအားလုံးမြင်နေရတယ်..
KIA ကလူတွေ…တရုပ်ရွာသားတွေ…လားတရုပ်တွေ…သွားလာနေတာမြင်ရတယ်….
ပါဂျောင်ချောင်းက ကိုယ်တို့နေတဲ့နေရာရဲ့ အရှေ့မြောက်ဘက်မှာရှိတယ်။တောင် ၃ လုံးလောက်ကွေ့သွားပြီးရင်ရောက်တယ်.. ၁၀ ပေလောက်ကျယ်တယ်…ကျောက်တုံးတွေကိုဖြတ်စီးနေပြီး ကြည်ပြီးအရမ်းအေးတယ်…ကိုယ်တို့က ပါဂျောင်တံတားပေါ်ကနေ ရပ်ကြည့်နေကြတယ်…သန်းဇော်နဲ့အဖွဲ့က တံတားတစ်ဖက်ကတောင်ကုန်းမှာ ပစ်မှတ်ထားပြီး သေနတ်အတိုနဲ့ လက်တည့်စမ်းပစ်တယ်….
အားလုံး၁၄ချက်ပစ်တယ်..သေနတ်သံတွေအဆက်မပြတ်ကြားတော့ တောင်ကုန်းပေါ်က KIA တပ်သား
တွေ တောင်အောက်ကို လှမ်းကြည့်တယ် .နောက်ဘာမှမဖြစ်မှန်းသိတော့ပြန်ဝင်သွားကြတယ်….
ဥက္ကဋ္ဌကို၂ ချက်ဘဲပစ်မယ်ပြောခဲ့တာတဲ့…ခုတော့၁၄ချက်ပစ်ခဲ့တယ်ဆိုပြီး ကျည်ခွံတွေရေနေတယ်..ပြီးတော့တဲကိုပြန်ခဲ့ကြတယ်…ကလေးတွေမြင်ရမလားဆိုပြီး သူတို့နေတဲ့ တောင်ကုန်းကို လှမ်းကြည့်ဖြစ်တယ်..တဲရောက်တော့ ထမင်းစားပြီးခဏနားကြတယ်…
၂း၀၀ နာရီလောက် ဥက္ကဋ္ဌက VIDEO ကြည့်ဘို့ဆိုပြီး လာခေါ်တော့ အားလုံးတောင်ဝှေးတွေထောက်ပြီးလိုက်သွားကြတယ်… ဥက္ကဋ္ဌ တဲကိုပထမဆုံးရောက်ဘူးတာပေါ့…ဟိုကျတော့စကားတွေပြောရင်း VIDEO အခွေဖွင့်ပြတယ်…သူတို့ထောက်လှမ်းရေးလို့စွပ်စွဲထားတဲ့သူတွေကို စစ်ချက်ယူနေတဲ့ပုံတွေဘဲ…ကြည့်ရတာ လိမ်ထားတာတွေဆိုတာသိရတော့ မကြည့်ချင်ဘူးပေါ့…
ပထမ ကိုစိန် ကိုစစ်ချက်ယူနေတဲ့ပုံ၊ ဒုတိယက ချိုကြီးပုံ…သူ့ရှေ့စက္ကူပေါ်မှာလည်း အဆိပ်မှုန့်လို့ပြောတဲ့ အမှုန့်တွေ…ကြည့်ရတာမြေမှုန့်တွေလို့
ဘဲထင်တယ်…အဆိပ်အာနိသင်ကလည်း စားရင်ချက်ချင်း မသေဘဲ တဖြည်းဖြည်းမှ သေတယ်တဲ့….
ကြည့်တဲ့သူတွေက မယုံဘူး….
နောက် ကိုယ့်သား ရဲလင်းအလှည့်လည်းရောက်ရော လက်ပြန်ကြိုးတုတ်ပြီးစစ်နေတာ…သားကပြုံးပြီးဖြေနေတာ
တွေ့တယ်…ငယ်ငယ်က ဘယ်လောက်စိတ်ညစ်ညစ် ပြုံးနေတတ်တဲ့အကျင့်…သူ့ကိုဖမ်းပြီးစစ်နေတာကို ပြုံးပြီး
ဖြေနေတယ်…လက်ပြန်ကြိုးတုတ်ထားပြီး ယူနီဖောင်းအစိမ်းနဲ့….ဆံပင်ကဂုတ်ထောက်နေတယ်…
၂၀.၃.၁၉၉၂ နေ့ တွေ့တဲ့ပုံနဲ့လုံးဝမတူဘူး…သူ့ကိုကြည့်ပြီးစိတ်မကောင်းဘူး…မျက်ရည်တွေကျလာတယ်…သူ့ပုံကိုဘဲအကြာကြီးပြနေတယ်.
နောက်တော့နန်းအောင်ထွေးကြည်.ဘိုဘို တို့ကိုစစ်နေတာပြတယ်..ခဏနေတော့ပိတ်ပြီး စကားပြောကြတယ်….
အန်တီတို့က နောက်ပိုင်းမှာလည်း အလုပ်တွေနဲ့…မကျန်းမာတဲ့သူကလည်း မမာဘူး…အိမ်ကိုပြန်ချင်ကြပြပီဆိုတဲ့အကြောင်း ကလေးတွေနဲ့အတူ ပြန်ရအောင်စီစဉ်ပေးဘို့ပြောတော့ နေဒွန်းက ကလေးတွေကိုသူတို့လုပ်ထားတဲ့အပြစ်အတွက်…ပြစ်ဒဏ်ကြေအောင်လုပ်ရဦးမှာဖြစ်ကြောင်း…ဒါကြောင့်ကလေးတွေကို မိဘတွေနဲ့ယခုမထည့်နိုင်သေးကြောင်း ပြောတယ်…
အဲဒီလိုပြောတော့ အားလုံးက …ဟင်…ဒါဆို….ကလေးတွေအခုကျခံရတဲ့ပြစ်ဒဏ်နဲ့ မပြီးသေးဘူးပေါ့..
နောက်ကျခံရဦးမှာပေါ့…အဲဒီလိုဆိုရင် သားသမီးတွေနဲ့အတူဒို့လည်း ပြစ်ဒဏ်ခံယူမယ်…သူတို့နဲ့အတူလွတ်မှပြန်ကြမယ် လို့ပြောတယ်…ဒါလည်းသူတို့က မဟုတ်သေးဘူး….မိဘတွေမှာ ဘာအပြစ်မှမရှိလို့အပြစ်ပေးစရာမလိုဘူး .ပြန်နှင့်ပါလို့ပြောတော့…
အန်တီကြီးကငိုပြီး ခြေသလုံးဖက်မယ်လုပ်ပြီး ဥက္ကဋ္ဌကြီးတို့ကို ဘယ်လိုတောင်းပန်ရမှာလဲလို့ ဆိုပြီးငိုရော။
အားလုံးက၀ိုင်းငိုကြတာပေါ့…အနားမှာဂျပန်သတင်းထောက်ရှိတယ်…ဓာတ်ပုံရိုက်မှာကို ကိုအောင်ကြီးက မရိုက်ရဘူးပြောတယ်…အဲဒါနဲ့ မမြင့်မြင့်ကြည်ကလည်း…မင်းတို့ကိုယုံကြည်မိတာမှားပြီဆိုပြီးငိုကြရော…
၅း၀၀နာရီလောက်ရှိတော့ ထမင်းကိုဥက္ကဋ္ဌတဲမှာကျွေးဘို့ပြင်ပြီး ထမင်းစားဘို့ခေါ်တယ်…အားလုံးကလက်တို့ပြီး ထမင်းမစားဘဲအစာငတ်ခံမယ်လို့ လုပ်ထားကြတယ်…ထမင်းစားခေါ်တော့ အန်တီတို့မစားတော့ဘူး…စားလို့လည်းမရတော့ဘူးဆိုပြီး အားလုံးကငြင်းကြတော့ …..
အန်တီတို့ထမင်းမစားရင် အန်တီတို့သားသမီးတွေနဲ့ပေးမတွေ့တော့ဘူးလို့…သန်းဇော်တို့ကပြောတော့…ကိုယ်တို့လည်း သားသမီးတွေနဲ့ပေးမတွေ့မှာစိုးလို့ လန့်ပြီးထမင်းစားရတယ်…တစ်လုပ်နှစ်လုပ်စားတာပါ…အနားကနေပြီးခွံ့မတတ် ချော့ပြီးဝိုင်းကျွေးကြတယ်…
ဥက္ကဋ္ဌကလည်းနောက်ဖေးကတဲမှာသွားပြီးထမင်းစားတယ်.နောက်တော့…သက်ထွန်းကထွက်လာပြီး ဥက္ကဋ္ဌလည်းစိတ်ဆိုးနေတယ်တဲ့..သူတို့စေတနာကိုမိဘတွေကနားမလည်ဘူးဆိုပြီးစိတ်ဆိုးနေတာတဲ့…ဒါနဲ့ထမင်းစားပြီးတဲကိုပြန်ခဲ့ကြတယ်…
တဲရောက်တော့ မီးစက်ကလည်းဆီမရှိလို့ ကလေးတွေနဲ့ဒီနေ့မတွေ့နိုင်တော့ဘူးဆိုတော့…ကိုယ်တို့လည်းနားလည်လိုက်တယ်…ဒီနေ့ညထောင်ထဲသွားပြီး သားသမီးတွေကို ဘယ်လိုနည်းနဲ့ပြန်မလိုက်အောင် .. နားသွင်းလိုက်ပြီဆိုတာ နားလည်လိုက်ပါတယ်….
နောက်နေ့တွေ့ရင် အဖြေတစ်မျိုးတော့ထွက်မှာလို့တွေးပြီးအိပ်ယာဝင်ကြတယ်…တတ်လည်းတတ်နိုင်…ကောက်လဲကောက်ကျစ်ပါပေတယ်လို့။
နောက်နေ့ကျရင်ကလေးတွေရဲ့သဘောထားလည်းမေးကြည့်ပါ ဦးလေလို့ပြောတယ်…ကိုယ်တို့ကတော့ကလေးတွေရဲ့သဘောထားအမှန် မဟုတ်တော့ဘူးဆိုတာသိနေပါပြီ။

စာရေးသူ Ko Linn Wai Aung ( ကိုရဲလင်း)

အပိုင်း ၉ ဆက်တင်ပေးပါ့မယ်

No comments:

Post a Comment