Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 20, 2017

ABSDFမြောက်ပိုင်းသတ်ဖြတ်မှုများနှင့်မိခင်တစ်ဦး၏ကိုယ်တွေ့မှတ်တမ်း ( အပိုင်း ၁ )

ပါဂျောင်မြေကို သား/သမီး ၇ ဦးရဲ့ အသက်အာမခံရေးအတွက် သတ်မှတ်ထားတဲ့ရက်အတွင်း အခက်အခဲများကြားမှ အရောက်လာခဲ့တဲ့ မိဘ ၇ ဦးအဖွဲ့မှ ကိုရဲလင်း( ကိုလင်းဝေအောင် မိခင် ) ရဲ့ဖြတ်သန်းမှု့ခရီးစဉ်ကို ပြန်တင်ပေးပါတယ်။
----------------------------------------

"ABSDFမြောက်ပိုင်းသတ်ဖြတ်မှုများနှင့်မိခင်တစ်ဦး၏ကိုယ်တွေ့မှတ်တမ်း ( အပိုင်း ၁ )

( ၃.၃.၁၉၉၂ )
ဒီနေ့ဒီရက်ဟာဖြင့် ကိုယ့်အဖို့ ဘယ်လိုမှမျှော်မှန်း မထားမိခဲ့တဲ့ အရာတခုကို တွေ့ကြုံရလိမ့်မယ်လို့ မထင်မိခဲ့ပါဘူး။နံက်၉နာရီအရောက် အလက(၄) ကို စတုတ္ထတန်းအဖြေလွှာစစ်ဆေးဘို့ အတွက်အိမ်က ထွက်လာခဲ့တယ်…ကျောင်းရောက်တော့ကိုယ် စစ်ဆေးရမဲ့ ENGLISH ဘာသာရပ်အတွက် နံပါတ်၁+၂+၃ ကိုစစ်ဆေးရတယ်….ဒီနေ့မှာလဲကျောင်းအလုပ်တွေက ဆုံနေတော့..ဒီကပြီးရင် အခြေခံပညာသွားဘို့ ချိန်းထား တာလဲရှိတာနဲ့ ကိုယ်စစ်ရမဲ့နံပါတ်တွေအပြီးစစ်ဆေးပြီးရင် နေ့လည်တစ်နာရီလောက် အခြေခံပညာသွားဘို့ အုပ်စုခေါင်းဆောင် ဆရာမကြီးကိုခွင့်ပန်လိုက်တယ်။ဆရာမကြီးကလည်း ခွင့်ပြုတယ်…
ဒါနဲ့နေ့လည်တစ်နာရီမှာကိစ္စပြီးပြီမို့ မြို့နယ်ပညာရေးမှူးရုံးကို ဆိုက်ကားနဲ့ ထွက်လာလိုက်တယ်။ရုံးရှေ့လဲရောက်ရော ကိုယ့်ကျောင်းကအထွေထွေလုပ်သားနဲ့ အမက(၁၆)ကအထွေထွေလုပ်သား (၂)ယောက် ထိုင်နေတာတွေ့ရတယ်…တွေ့တွေ့ချင်းဘဲကိုယ့်ကျောင်းကအထွေထွေလုပ်သားက ဆရာမကြီးအိမ်က စာလာပေးတယ်ဆိုပြီး စာထုတ်ပေးတယ်… အိမ်ကစာပေးလာတယ်ဆိုတော့ ကိုယ့်ရင်ထဲထိတ်သွားတာပေါ့..
စာကိုထုတ်ဖတ်လိုက်တော့ သူငယ်ချင်း ဆရာမကြီးက ရေးပေးလိုက်တဲ့စာ…အိမ်မှာဧည့်သည်နှစ်ယောက် ရောက်နေလို့ အမြန်ပြန်လာဘို့….နောက်ပြီးသားကိစ္စဆိုတာလဲပါတယ်…
ဘယ်ဆီဘယ်ဝယ်ရောက်နေမှန်းမသိတဲ့ သားဆီကလူကြုံလာတယ်ဆိုတော့ ၀မ်းသာအားရနဲ့ ဆိုက်ကား ငှားပြီး အိမ်ကိုအမြန်ဆုံးပြန်လာတယ်…ရုံးကိုလဲကိုယ့်အထွေထွေလုပ်သားနဲ့ဘဲ အခြေခံပညာမသွားတော့ဘူးလို့ ပြောခိုင်းလိုက်တယ်။အိမ်ကိုကားစီးသွားရင်တစ်ကျပ်ပဲကုန်မယ်ဆိုတာသိရဲ့သားနဲ့ ကားစောင့်ရင်ကြာမှာစိုးလို့ ဆိုပြီး ဆိုက်ကားငှားစီးသွားတာ… ဆိုက်ကားကလဲနှေးလိုက်တာ….ရောက်ချင်ဇောနဲ့ဆင်းပြီးတောင် ပြေးချင်စိတ် ပေါက်လာတယ်…နောက်မှဘဲ အချိန်တန်တော့ရောက်မှာဘဲဆိုပြီး ကြိတ်မှိတ်ပြီးလိုက်လာတယ်… ဒါနဲ့အိမ်နားရောက်လာတယ်…အိမ်ကိုအမြန်ပြေးဝင်လာတာပေါ့…
အိမ်ထဲကိုမ၀ံ့မရဲနဲ့ဝင်လာတော့ ကိုယ့်အမျိုးသားနဲ့ ဧည့်သည်(၂)ယောက်တွေ့ရတယ်…ကိုယ်ကလဲ ကိုယ့်အမျိုးသားကို ရှင်ကဘယ်လိုရာက်နေတာလဲမေးတော့ မင်းရဲ့သမီးစုနန္ဒာလွင် ဖုန်းဆက်လို့ ပြန်လာရတာတဲ့.
ကဲမင်းသားရေးလိုက်တဲ့စာဖတ်အုံးဆိုတော့ ဧည့်သည်နှစ်ယောက်ကို နှုတ်မဆက်မိဘဲ စာကိုအလောတ ကြီး ဖတ်လိုက်တယ်…
စာထဲမှာက…အဖေနဲ့အမေတဲ့…ကျွန်တော်ဟာ န၀တ ထောက်လှမ်းရေးလုပ်မိလို့ ကျွန်တော့်ကို ကျောင်း သားတပ်မတော်က ဖမ်းထားပါတယ်တဲ့…အဲဒါ ကျွန်တော့်ရဲ့အသက်ရှင်ရေးအတွက် အဖေနဲ့အမေ တယောက် ယောက်လာရောက်အာမခံပြီးခေါ်မှ အသက်ချမ်းသာရမှာလို့ သူရှိရာတပ်စခန်းကို အမြန်ဆုံးလိုက်လာဘို့ ခေါ်တဲ့ စာဖြစ်နေတယ်…
ဒါနဲ့ကိုယ်လဲအရမ်းကို စိတ်တွေထူပူလာပြီး ဒီစာကိုဘယ်လိုရတာလဲ.. ဘယ်သူကပေးလိုက်တာလဲ မေးတော့… စောစောကဧည့်သည်နှစ်ယောက်ထဲက ကိုမောင်မောင်ဆိုတဲ့သူက သူပြီးခဲ့တဲ့ဇန္န၀ါရီလက သူ့ညီလဲ အဲဒီထဲရောက်နေတာ အရဲစွန့်သွားတာ ဟိုရောက်တော့ကျောင်းသား(၈၀)ကျော်ကိုဖမ်းထားပြီး န၀တ ထောက် လှမ်းရေးလို့စွပ်စွဲပြီးတော့ (၁၅) ယောက်ကိုသတ်လိုက်ကြတယ်…
ကျန်တဲ့(၆၅)ယောက်ထဲက စီစစ်ပြီး မိဘလက် ထဲပြန်အပ်သင့်တဲ့သူကို ပြန်အပ်မယ်…သူတိုနဲ့လက်တွဲရမယ့်လူကို ဆက်ပြီးလက်တွဲမယ်ဆိုပြီးတော့ သူ့ညီအပါ အ၀င် ကျွန်မတို့မိဘ(၆)ဦးနဲ့ ပေါင်း (၇)ဦးကိုခေါ်ပေးပါဆိုလို့ ဒီစာနဲ့အတူလာရတဲ့အကြောင်း ၊ စခန်းကို(၂၀)မတ် အရောက်သွားရမဲ့အကြောင်း၊လိုက်မယ်ဆိုရင်လဲမန္တလေးကို (၁၂.၃.၉၂) အရောက်လာဘို့အကြောင်း၊ ပြောပြီး သူ့လိပ်စာနဲ့ သူ့ကိုမယုံမှာစိုးလို့ မန္တလေးထောက်လှမ်းရေးကဗိုလ်ကြီးနာမည်နဲ့ ဖုန်းနံပါတ်ကိုပေးတယ်…
လှမ်းပြီးမေးကြည့်ပါတဲ့…နောက်ပြီးလိုက်မယ်ဆိုရင် ကလေးတွေအတွက်အ၀တ်အစား ကိုယ်တို့လိုက်မဲ့ သူတွေအတွက် အနွေးထည် ခြေအိပ် လက်အိပ် ခေါင်းစွပ်ကစ လုံလုံလောက်လောက်ယူခဲ့ဘို့ အကြောင်းနဲ့….
ရန်ကုန်ကကိုယ်နဲ့ဘ၀တူလိပ်စာတွေလဲပေးခဲ့တယ်…ကိုယ်လဲဒါဖြင့် နယ်မြေထောက်လှမ်းရေးကို သတင်းပို့မှဖြစ်မယ်ဆိုတော့ ရပါတယ်ပို့ပါတဲ့…သူလဲအားလုံးကိုသတင်းပို့ပြီးမှ လာတာပါလို့ပြောတယ်…
အဲဒီလိုပြောနေတုံးမှာဘဲ နယ်မြေထောက်လှမ်းရေးက (၂)ယောက်ရောက်လာပြီး ဧည့်သည်(၂)ယောက် ကိုအကျိုးအကြောင်းမေးတော့ ကိုမောင်မောင်က သူသွားခဲ့ရပုံနဲ့ ခုထိအခြေအနေကိုရှင်းပြတယ်…ဒါနဲ့ကိုမောင်မောင်တို့နှစ်ယောက်နဲ့ကျွန်မသားစာကိုပါယူသွားပြီး ကားနဲ့ခေါ်သွားတယ်…ဒါနဲ့ဘဲကိုယ်လဲ ကိုမောင်မောင်နဲ့ စကားသိပ်မပြောလိုက်ရဘူး….ခေါ်သွားတယ်ဆိုတော့စိတ်ထဲမှာထင့်နေတာပေါ့…လိမ်တဲ့လူဆိုရင်တော့ ဘာဖြစ်ဖြစ်ပေါ့ ….စေတနာနဲ့လာတဲ့သူတွေဆိုရင်အားနာစရာတွေဖြစ်ကုန်ပြီပေါ့…ဆိုပြီးစိတ်မကောင်းဘူးပေါ့လေ…
ဒါနဲ့ကိုယ်တို့လင်မယားနှစ်ယောက်ပဲကျန်တော့ …ကဲ မင်းဘဲလိုက်ရမှာ…မင်းသားကိစ္စဘဲ…ငါ့တော့ကိုမောင်မောင်က မလိုက်ရဘူးပြောတယ်…ဒါနဲ့ကိုယ်လဲလိုက်မယ်လို့ဆုံးဖြတ်လိုက်တယ်…ကဲ ကိုယ်လိုက်ရင် ကိုယ့်ကိုဟိုဘက်ကသူပုန်က သတ်ပစ်ရင်ဘယ်လိုလုပ်မလဲ …မတတ်နိုင်ဘူးလေ…သတ်ပစ်လဲသတ်ပစ်…ဖမ်းလဲဖမ်းပါစေ…ငါ့သားအသက်ရှင်ရေးအတွက် သွားကိုသွားမယ်လို့ ဆုံးဖြတ်လိုက်တယ်…
အဲဒါနဲ့ဘဲ ကန်ဘဲ့လမ်းက အန်ကယ်ကြီးရောက်လာတယ်… စာလာတယ်ဆိုတဲ့အကြောင်းနဲ့သွားရင်အား လုံးတိုင်ပင်ပြီး သွားကြဘို့လာပြောတယ်…၀ဏ္ဏဇော်အိမ်ကိုလာရှာတာ မတွေ့သေးတဲ့အကြောင်းပြောတယ်…
ကိုယ်လဲသူတို့ ဇီးကွက်မှတ်တိုင်နားမှာ နေတဲ့အကြောင်း သွားပြောပေးမယ်ဆိုတဲ့အကြောင်း ပြောလိုက်တယ်…အန်ကယ်ကြီးတို့က ဖေဖေါ်ဝါရီလမတိုင်ခင်ကတည်းက သိနေတယ်ဆိုတာ နောက်မှသိရတယ်.
ကိုမောင်မောင်လဲ သာယာဝတီနဲ့ပဲခူးကမိဘတွေဆီ ဆက်ပြီးသွားရမှာဆိုတဲ့အကြောင်း သိရတယ်…
စာရတဲ့နေ့ကကိုယ်တို့လင်မယားနှစ်ယောက် မအိပ်နိုင်ကြဘူး….သားဆီကစာအကြောင်းဘဲစဉ်းစားနေကြတယ်..
စစ်တပ်ကဘဲဖမ်းမိလို့ နယ်စပ်တနေရာကနေခေါ်ပြီး မိဘထံပြန်အပ်ဖို့လား…ABSDF ကဖမ်းထားတာဆိုတော့…
ကိုယ့်သားကစပြီးလှုပ်ရှားကတည်းက ကျောင်းသားဖက်က ဒီမိုကရေစီရရှိဘို့အတွက် ဆန္ဒပြပွဲတွေမှာပါတယ်..
ပါတီထောင်ပြီးဒုဥက္ကဋ္ဌလုပ်တယ်…နောက် န၀တ အစိုးရကဖမ်းမှာစိုးလို့ တိမ်းရှောင်နေတယ်ဆိုတာဘဲသိတယ်…ဘယ်နေရာရောက်နေလဲဆိုတာမသိဘူး…ဒါပေမယ့် သူတို့ဟာ န၀တ ဆန့်ကျင်ရေးလုပ်တဲ့သူတွေဆိုတော့ တောတွင်းတနေရာရောက်နေမှာဘဲလို့ထင်တယ်…နှစ်ကလည်း(၂)နှစ်ကျော်ပြီဆိုတော့ သူ့အတွက် စွန့်လွှတ်ပြီး ပူပန်သောကတွေကို ဘုရားနဲ့ဖြေပြီးနေရတယ်… ဘုရားဖက်တော့ အသက်ရှည်ဆိုသလို ကိုယ်လဲ အရင် ကလို တပိန်ပိန် တလိန်လိန် မဟုတ်တော့ဘူး…..ကျန်းမာရေးကောင်းပြီး စိတ်ချမ်းသာမှုရနေတာပေါ့လေ…
တနေ့တော့မသေရင်ပြန်တွေ့ရမှာဘဲလို့ ယူဆပြီးစိတ်ဖြေနေရတယ်…ဗေဒင်တို့အကြားအမြင်တို့မေး လိုက်ရင်လည်း အသက်ရှင်လျှက်ရှိတယ်…မကြာခင်သတင်းစကားဖြစ်စေ လူဖြစ်စေအဆက်အသွယ်ရမယ်..လို့ဟောထားတော့ ငါ့သားတော့မသေသေးဘူး လို့ဆိုပြီး စိတ်ကိုဖြေနေရတဲ့အချိန်မှာ ဒီစာကိုရလာတော့ အိပ်မ ပျော် စားမ၀င်နဲ့ တိုင်ပင်လိုက် ဆွေးနွေးလိုက်နဲ့ အဲဒီညကအချိန်ကုန်တာပါဘဲ….
သူ့အစ်မကြီးရှိတဲ့ ဒဂုံမြို့သစ်ကိုသွားပြောခိုင်းလိုက်တော့ ၀မ်းသာလွန်းလို့ သူလာခဲ့မယ်ဆိုတာပြောလိုက်တယ်… သတင်းအစအနပျောက်နေတဲ့သားဆီက စာလေးတစောင် ရောက်လာလို့ တအိမ်သားလုံး ၀မ်းသာမဆုံး တွေးတောမဆုံး ဖြစ်နေရတယ်….

( ၄.၃.၁၉၉၂ )
ကိုယ်တို့ကျောင်းကလည်း မပိတ်သေးတော့ စိတ်တွေလှုပ်ရှားနေပေမယ့် ကျောင်းကိုသွား ရုံးကိုသွားနေရ တယ်…ရုံးမှာလဲဖွံ့ဖြိုးရေးကိစ္စကရှိနေသေးတော့ ရုံးကိုအမြဲသွားနေရတယ်…ကိုယ့်ကိစ္စလဲလုပ်ရင်း၊ကျောင်းကိစ္စလဲ လုပ်ရင်း ပေါ့လေ… ရုံးရောက်တော့ အစ်မကြီးလိုခင်တဲ့ ဆရာမကြီးကိုပြောပြတော့ ညကBBC ကလည်းကျောင်း သားတွေအကြောင်း အသံလွှင့်တဲ့အကြောင်းပြောတော့ ပိုပြီးစိတ်ပူနေတာပေါ့….ကိုမောင်မောင်ပြန်လာတာက ကြာပြီဆိုတော့ ဒီကြားထဲမှာများ သတ်များသတ်ပစ်လိုက်ပြီလား….အသက်မှရှိသေးရဲ့လားနဲ့ပူနေရတာပေါ့…
အမျိုးသားကလည်း သူရုံးမသွားခင် ဗဟိုထောက်လှမ်းရေးကဗိုလ်မှူးတစ်ယောက်နဲ့ ဗိုလ်ကြီးတစ်ယောက် လာတဲ့အကြောင်း….ဒီစာကိုရတဲ့အတွက်သွားပါလို့မတိုက်တွန်းကြောင်း…..မသွားပါနဲ့လို့လဲမပြောလိုကြောင်း…လူမှုရေးကိစ္စဖြစ်နေတော့ သူတို့အနေနဲ့ဘာမှမပြောလိုကြောင်း တကယ်လို့သွားမယ်ဆိုရင်လည်း သူတို့ဆီကို သတင်းပို့ပါလို့ ပြောသွားတဲ့အကြောင်းနဲ့ NATIONS သတင်းစာမှာ - ကျွန်မတို့ကလေး( ၇ ) ယောက်ထဲက(၃) ယောက်နဲ့ တစ်ခြားကလေး(၂)ယောက် (၅) ယောက်ပုံပါလာပြီး ကျောင်းသားတွေရဲ့လုပ်ရပ်ကို ရေးထားတဲ့ အကြောင်း ဓာတ်ပုံလည်းပြတယ်တဲ့…အဲဒီထဲကမိန်းကလေးက အန်ကယ်ကြီးသမီးဖြစ်နေတယ်…
ဒါနဲ့ကိုယ်တို့လင်မယားလည်း…မအိပ်နိုင်မစားနိုင်နဲ့ သားရဲ့စာသားရဲ့ကိစ္စကိုဘဲ အမျိုးမျိုးထင်ကြေးတွေ ပေးပြီး တစ်ညကုန်ရတော့တာပါဘဲ….

စာရေးသူ Ko Linn Wai Aung (ကိုရဲလင်း)

No comments:

Post a Comment