Latest News

Sunday, May 21, 2017

ABSDF မြောက်ပိုင်းသတ်ဖြတ်မှု့များနှင့်မိခင်တစ်ဦး၏ကိုယ်တွေ့မှတ်တမ်း ( အပိုင်း ၄ )



( ၁၆.၃.၁၉၉၂ )
မနက်၅း၀၀နာရီထိုးတော့ ကားဂိတ် သွားပြီး မူဆယ် လားရှိုး နမ့်ခမ်း ကားပေါ်တက်ကြတယ်…၅း၃၀မှာကားစထွက်ပြီး လားရှိုးအထွက်စစ်ဆေးရေးဂိတ်မှာ အစစ်ဆေးခံဘို့ ကားတွေတန်းစီစောင့်ကြရတယ်…
စစ်ဆေးရေးအဖွဲ့တွေက ၇း၃၀ မှလာကြမှာကိုး….၇း၃၀ လည်းပြီးရောစစ်ဆေးရေးအဖွဲ့တွေရောက်လာကြတယ်…
ရှာဖွေရေးအဖွဲ့တွေက တစ်ကားပြီးတစ်ကားတက်ရှာလိုက် စီးတဲ့လူမှတ်ပုံတင်စစ်လိုက်နဲ့ ကိုယ်တို့(၆) ယောက်အစဉ်ပြေပြေဘဲ ကားပေါ်ပြန်တက်ရတယ်….ကိုမောင်မောင်အလှည့်ကျတောဲ့ပြဿနာတက်တော့တာဘဲ..
မွတ်ဆလင်ကုလားတွေကို တရုပ်ပြည်နယ်စပ်ဘက်မသွားဘို့ဆိုပြီး ညွှန်ကြားချက်ထုတ်ထားတယ်တဲ့…..
ဘယ်လိုမှပြောလို့မရဘူး…မူဆလင်ဆိုပေမယ့်နိုင်ငံသားကဒ်ကိုင်ထားတာပါ…..ကိုယ်တို့ကကားပေါ်က စောင့်နေတယ်…တစ်နာရီလောက်ကြာလာတော့ကားပေါ်ကသူတွေ ပွက်လောရိုက်ကုန်ရော…အချိန်မှီ ရောက်ချင်တယ်….သူ့ကိုထားခဲ့ပြီးကားထွက်ပါလို့ ပြောကြတယ်…ဒရိုင်ဘာကသဘောကောင်းပြီးစောင့်ပေးတယ်….ကိုမောင်မောင်ကထောက်လှမ်းရေး ၉ ကိုဖုန်းဆက်မေးတယ်..
ဗိုလ်ကြီးကမရှိတော့အားလုံး ကားပေါ်က ဆင်းနေခဲ့ကြရတယ်….ကားကဆက်ထွက်သွားတယ်…
အစဉ်မပြေဖြစ်တော့ ၂၀ရက်နေ့အမှီဟိုကိုမရောက်မှာအရမ်းစိတ်ပူနေကြတယ်…
ကားငှားပြီးမနေ့ကတည်းခိုခန်းကိုပြန်လာကြတယ်…ကိုမောင်မောင်လည်းမန္တလေးထောက်လှမ်းရေးကိုဖုန်းဆက်၊ထောက်လှမ်းရေး ၉ ကိုဖုန်းဆက်နဲ့အလုပ်များသွားတယ်…
တည်းခိုခန်းမှာနေတုံး ၁း၀၀ နာရီမှာ ထလရ ၉ ကဗိုလ်ကြီးက အားလုံးနဲ့တွေ့ချင်တယ်ဆိုလို့ သွားရတယ်…
ဗိုလ်ကြီးသုတဆွေ ကိုတွေ့တယ်…တပ်မှူးကိုလည်းတင်ပြထားကြောင်း သွားမည့်သူအမည်နဲ့သားတွေရဲ့အမည်ကိုမှတ်ထားလိုက်တယ်…မြို့နယ်မှူး(လ၀က)ကို လည်းဖုန်းဆက်တယ်…မနက်ဖြန် (၇) ဦးကိုလွှတ်လိုက်ဘို့ပြောလိုက်တယ်…..
ဒါနဲ့တည်းခိုခန်းပြန်ကြတယ်…ကိုမောင်မောင်ကလက်မှတ်ပြန်ဝယ်ရတယ်….မနက်တုံးကလည်း ဂိတ်မှာ
ကိုယ်တို့(၇) ယောက်ကို လူတွေက ဘယ်လိုထင်မလဲ…ဒီကုလားကမိန်းမ(၅)ယောက်ကိုနယ်စပ်ခေါ်သွားပြီး ဘာ
လုပ်မှာလဲ….မိန်းမ(၅)ယောက်ကလည်းအဖွားကြီးတွေဆိုတော့ဘာလုပ်တာပါလိမ့်ဆိုပြီး….ပြောကြမှာလို့ ဟာသ ပြောပြီးရီကြသေးတယ်….၀က်အူချောင်းတွေယူလာလို့အထစ်အငေါ့ဖြစ်တာလားလို့ တွေးမိကြသေးတယ်…
အန်တီကြီးကညဘက်ခေါပုတ်ကင်စားချင်တယ်ဆိုလို့ သွားစားကြတာ အန်တီကြီးပိုက်ဆံအိတ်ကျပျောက်
သွားတယ်…၂၀၀၀ကျပ်လောက်ပါသွားတယ်….
ည ၁၂ နာရီလောက်တံခါးကိုတ၀ုန်းဝုန်းထုသံကြားလို့ဖွင့်ပေးတော့ဧည့်စာရင်းစစ်တာတဲ့….သားတွေရေးလိုက်တဲ့စာတွေကလည်းပါလာတာဆိုတော့ လန့်နေကြတာပေါ့….
နာက်မှသိရတာက တည်းခိုခန်းနဲ့မနီးမဝေးမှာ ယောက်ကျားတစ်ယောက်ကိုမိန်းမ(၄)ယောက်ကသတ်သွားလို့ဆိုဘဲ. တော်သေးတာပေါ့…ကိုယ်တို့က(၅)ယောက်မို့ဆိုပြီးစိတ်အေးရတယ်…..

( ၁၇.၃.၁၉၉၂ )
ဒီနေ့တော့အားလုံးအစဉ်ပြေစွာနဲ့ ဆက်ထွက်ဖြစ်ကြတယ်…..သိန္နီလွန်ပြီး ကွတ်ခိုင်ရောက်တော့ ထမင်းစားကြတယ်…ကွတ်ခိုင်ကျော်တော့နမ့်ဖတ်ကာထဲရောက်တယ်…ဒီလိုနဲ့မူဆယ်ထဲ ၀င်လာတော့ လမ်းတွေအရမ်းဆိုးတယ်…ကားခုန်ရင်ခေါင်းနဲ့အမိုးနဲ့တက်ဆောင့်တဲ့အထိဖြစ်တယ်…၅း၀၀နာရီလောက်မူဆယ်ကိုရောက်တယ်..
လှိုင်းတက်တည်းခိုခန်းမှာဘဲတည်းကြတယ်….အမျိုးသမီး(၅)ယောက်ကအခန်း(၁၃)မှာရတယ်…အန်တီကြီးက ၁၃ ဂဏန်းမကြိုက်လို့( A )လို့ပြောင်းရေးပေးကြတယ်…
ကိုမောင်မောင်က ထလရ(၂၃)/ဆွယ်ကို သတင်းပို့ရတယ်….ဗိုလ်ကြီးမင်းလွင်နဲ့တွေ့တယ်…လားရှိုးကလိုဖြစ်မှာစိုးလို့ပြောတော့ မနက်စောစောဒီဘက်ဂိတ်မဖွင့်ခင်ထွက်သွားပါလို့ပြောတယ်တဲ့……
မူဆယ်ညဈေးတန်းသွားပြီး ထမင်း ၅ကျပ် ဟင်း ၅ကျပ်နဲ့စားကြတယ်…မနက်ဖြန်တရုပ်ပြည်ဘက်ကူးမဲ့အကြောင်း အိမ်တွေကိုစာရေးကြတယ်…စာတွေမရောက်ဖူးဆိုတာနောက်မှသိရတယ်…..

စာရေးသူ Ko Linn Wai Aung ( ကိုရဲလင်း)