Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 22, 2017

သံမဏိနှင်းဆီထုတ်ဝေသူအသတ်ခံရမှု ရဲတပ်ဖွဲ့သတင်းထုတ်ပြန်ချက် ကွဲလွဲချက်များရှိနေ၍ မိသားစုဝင်များ နစ်နာရကြောင်းရှင်းလင်း ပြောဆို


 ရန်ကုန်၊ ဧပြီ-၂၁
သံမဏိနှင်းဆီဂျာနယ်ထုတ်ဝေသူ ကို ဝေယံဟိန်းအသတ်ခံရခြင်းနှင့် ပတ်သက်၍ တရားခံဖမ်းဆီးရမိကြောင်းနှင့် တရားခံစစ်ဆေး ပေါ်ပေါက်ချက်များအရ လူမှုရေးဖောက်ပြန်ခြင်းကြောင့် ဖြစ်သည်ကို ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ခဲ့ရာတွင် ကွဲလွဲချက်များရှိနေကြောင်း မိသားစုဝင်များက ဧပြီ ၂၁ ရက် ည ၇ နာရီခန့်တွင် ပုဇွန်တောင် မြို့နယ် ဗိုလ်တထောင်ဈေးလမ်းရှိ ဂျာနယ်တိုက်၌ မီဒီယာများနှင့် တွေ့ဆုံ၍ ဖွင့်ဟပြောဆိုခဲ့သည်။

"နိုင်ငံရေးဆိုတဲ့ဟာကို သူတို့ မြန်မြန်ရှင်းချင်တာ တစ်ချက်၊ ရဲတပ်ဖွဲ့ ရဲ့ကျနေတဲ့ပုံရိပ်ကို လေးရက်အတွင်း ဖော်နိုင်တယ်ဆိုတာနဲ့ ပုံရိပ်တက်စေချင်တဲ့အတွက် သတင်းထုတ်ပြန်တာ ဖြစ်ချင်ဖြစ်နိုင် တယ်။ ဒါပေမဲ့ မိသားစုအနေနဲ့ ထိခိုက်နစ်နာသွားတယ်။ဝေယံဟိန်း လူမှုရေးကိစ္စကြောင့် အသတ်ခံလိုက်ရတယ်။ လက်ခံနိုင်တယ်။ သူလုပ်သွားလို့ သူခံရတာ။ လူမှုရေးဆိုတာတောင်မှ တရားခံပြောတာ တွေပဲတင် ပြီးတော့ မဟုတ် မမှန်ကွဲလွဲချက်တွေရှိနေတယ်။ လူမှုရေးတော့မှန်တယ်။ ကွဲလွဲချက်တွေရှိပြီးတော့ မသေချာဘဲနဲ့ မိသားစုဝင်တွေကို နစ်နာအောင်လုပ်နေတယ်" ဟု မိသားစုဝင် အမျိုး သမီးတစ်ဦးက ရှင်းလင်းပြောဆိုခဲ့သည်။
မည်သည့်အချက်များ ကွဲလွဲနေကြောင်းရှင်းလင်းရခြင်းနှင့် ပတ်သက်၍ ကိုဝေယံဟိန်း၏ ဖခင်ဖြစ်သူ သံမဏိနှင်းဆီဂျာနယ်အယ်ဒီတာ ဦးစိန်အုပ်က "တရားခံ ထွက်ချက်ဆိုတာကတော့ ကိုယ်အပြစ်ပေါ့ အောင် ကာကွယ်ပြီး ပြောမှာပဲ။တိတိကျကျဆိုရင်တော့ သေသေ ချာချာ စစ်ဆေးပြီးမှ တင်သင့်တာပေါ့။သူတို့က ဌာနဆိုင်ရာအနေနဲ့ တင်တာဆိုတော့ ပြည်သူလူထုက ယုံကြည်တာပေါ့။ ယုံကြည်တယ်
ဆိုတဲ့အပေါ်မှာ သူတို့က မမှန်မကန်တွေ ဖြစ်လာတယ်ဆိုတော့ ပြန်ဖြေရှင်းချင်တဲ့ သဘောနဲ့ပြောတာပါ" ဟု ပြောဆိုခဲ့သည်။
ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် အချက်အလက် များနှင့် ပတ်သက်၍ ဦးစိန်အုပ်က "ဧပြီ ၁၄ရက်မွန်းလွဲ၂နာရီမှာ ဂျာနယ်တိုက်ကို အောင်ကိုကို လာတယ်လို့ပြောတယ်။ ရဲတွေရှိ နေတဲ့အချိန်မှာ ဟိုဘက်အခန်းက အမျိုးသမီးက သင်္ကြန် အကျနေ့ သူတို့ပြန်လာတဲ့အချိန် ညနေ၅နာရီလောက်မှာ ဝေယံဟိန်းသေနေ တုန်းက၀တ်ထားတဲ့ အ၀တ်အစားနဲ့ပဲ ထွက်သွားတယ်လို့ ပြောတယ်။ မျက်မြင်သက်သေကပြောတာထက်ကို တရားခံပြောတာကို လက်ခံတာ။အမှန်ဆိုရင်တော့ ကွဲလွဲနေတယ်။ မျက်မြင်သက်သေရဲ့ ထွက်ဆိုချက်က အတည်ပဲလေ။ အဲဒီမှာ တစ်ချက်ကွဲလွဲတယ်။ မျက်မြင် သက်သေရဲ့ အတည်ပြုချက်ကို အတည်မပြုတဲ့သဘောပဲ" ဟုပြောဆိုခဲ့သည်။
ဆက်လက်၍ "စီအိုင်ဒီလာစစ်တုန်းက အမျိုးသမီးဆံပင်တစ်ချောင်း တွေ့တယ်လို့ပြောတယ်။ ဘယ်သူပြောလဲဆိုတာတော့ မမှတ်မိ လိုက်ဘူး။ ပြီးတော့တစ်ယောက်ချင်းဖြစ်တဲ့ သဘောသူတို့ တင်ထား တာ။ကျွန်တော့်သားက အရပ်ခြောက်ပေကျော်တယ်။ ဗလလည်း ရှိတယ်။ တစ်ယောက်ချင်းဆိုရင် အနည်းဆုံးရုန်းရင်းဆန်ခတ်တော့ ဖြစ်ရမယ်။ သူ့ကိုယ်သူတော့ ဒီလိုအချက်ပေါင်းများစွာ အထိုးမခံဘူး။နောက်ပြီး ချက်ချင်းသေနိုင်တဲ့နေရာ ထိုးတာမဟုတ်ဘူးလေ။ အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် သူခုခံကာကွယ်မှာပဲ။ သူတို့လာစစ်တဲ့ အချိန်မှာ ရုန်းရင်းဆန်ခတ် ဖြစ်တဲ့အနေအထားတစ်ခုမှ မရှိဘဲနဲ့ အသားလွတ်ကြီးဗိုက်လှန်ပြီးအထိုးခံတဲ့ပုံ။ ထိုးတဲ့သူကလည်း အရပ်ကပုပု၊ ကျွန်တော့်သားက သူ့ကို ဆောင့်ကန်လိုက်ရင်တောင် လွင့်သွားမယ့်ပုံ။ ဒါကြောင့် ဒီစစ်ချက်က မမှန်ကန်ဘူးလို့ ကျွန်တော် ယူဆတယ်" ဟု ဦးစိန်အုပ်က ပြောဆိုသည်။
ဓားဒဏ်ရာဒဏ်ချက်များနှင့်ပတ်သက်၍ "အလောင်းသယ်သွားတဲ့ အချိန်မှာစပြီး သိလိုက်တာက ၁၅ချက်ထိုးတယ်လို့သိရတယ်။ ဖြစ်ဖြစ်ချင်းနေ့မှာပဲအသုဘချမလို့မှာ ဆရာဝန်တွေက အသေးစိတ် စစ်ဦးမယ်။ နောက်ရက်ကျမှ အကူဆရာဝန် တစ်ယောက်နဲ့ခွဲစိတ်ပြီး စစ်မယ်ဆိုလို့ နှစ်ဆန်းတစ်ရက်နေ့ကျမှ သွားစောင့်တော့ အင်္ကျီကို ချွတ်မယ်၊ သက်သေခံပစ္စည်းသိမ်းမယ်ဆိုတော့ အင်္ကျီမှာအပေါက် ၂၁ပေါက် ရှိတယ်။အက်ႌကအသစ္ပါ။ ၂၁ချက်နဲ့၁၄ချက်နဲ့က ကွဲလွဲနေ တယ်။ လျှော့ပြီး ပြောတယ်လို့ ကျွန်တော်ယူဆတယ်" ဟု ၎င်းက ဖွင့်ဟခဲ့သည်။
အခင်းဖြစ်နေရာရှိ ဓားဖြင့် ထိုးသတ်ခံရကြောင်းနှင့် ပတ်သက်၍ "ဓားကိုစားပွဲ ပေါ်မှာတွေ့တယ်လို့ ပြောတယ်။ ကျွန်တော်တို့အဲဒီလို လက်နက်တွေ၊ အိမ်သုံးဓားတွေ ထားလေ့မရှိဘူး။ အဲဒီဓားကိုလည်း သူတို့လက်ဝယ်မရသေးဘူး။ကျွန်တော်တို့ အတည်ပြုချက်လည်း မရသေးဘဲနဲ့ ကျွန်တော်တို့ဓားလို့ ပြောတယ်။ ဝေယံဟိန်းဆိုတဲ့ ကလေးက သစ်သီးတွေ ဘာတွေလဲ ခွဲမစားတတ်ဘူး။ သစ်သီး လည်းမရှိဘူး။ ရှိတဲ့ဓားတွေလည်း ဘာမှမပျောက်ဘူး။ ကျွန်တော်တို့ အိမ်ကဓားတွေ မပျောက်ဘူး"ဟုပြောဆိုခဲ့သည်။
မျက်နှာကို ပုဆိုးအုပ်ထားသည့် ကိုဝေယံဟိန်း၏ ရုပ်အလောင်း ဓာတ်ပုံနှင့် ပတ်သက်၍ "မျက်နှာကို ပုဆိုးအုပ်ထားတာကလည်း တွေ့ကတည်းက ပုဆိုးအုပ်လျက် တွေ့တာ။ အသားလွတ်တော့ မဟုတ်နိုင်ဘူး။ တစ်ယောက်က ပုဆိုးအုပ်မယ်။ တစ်ယောက်က ရှေ့ကထိုးမယ် မဖြစ်နိုင်ဘူးလား။ တစ်ယောက်တည်းကပဲ အုပ်ပြီး
ထိုးတယ်ဆိုတာတော့ မဖြစ်နိုင်ဘူး။ အ၀င်တံခါးကိုဖွင့်တော့ သစ်သား တံခါးက ပွင့်နေတယ်။ ပွင့်နေလို့ အနံ့ထွက်သွားတော့ ဟိုဘက်ခန်းက ဖုန်းဆက်တာပေါ့။ အပြင် သံပန်းတံခါးက သော့ခတ်ထားပြီး သော့ပါ ပျောက်နေတယ်။ ဦးမှာရှိတဲ့သော့နဲ့ ဖွင့်ပြီး ၀င်တော့ မီးတွေ ပိတ်ထား တယ်။ တီဗီပွင့်နေတယ်။ ပန်ကာပွင့်နေတယ်။ မီးဖွင့်တော့ ပုဆိုးက အုပ်ထားတယ်။ စည်းထားတာမဟုတ်ဘူး။အောက်မှာသွေးကွက်တွေ၊ အပေါ်ယံတွေဆို ခြောက်နေပြီ" ဟုအခင်းဖြစ်စဉ်ကို သိရှိပြီးနောက် လာရောက်ကြည့်ရှုစဉ် မြင်တွေ့ခဲ့ရသည့်အချို့ကို ပြန်လည်ရှင်းပြခဲ့ သည်။
အခင်းဖြစ်နေရာရှိ စားပွဲပေါ်တွင် အချိုရည်ပုလင်းအချို့ တွေ့ရှိရခြင်း နှင့်ပတ်သက်၍ "ဝေယံဟိန်းက အချိုရည်သောက်လေ့မရှိဘူး။ လစ်ပို ပုလင်းတို့၊ ရှပ်ခ်တို့ စသဖြင့်ပေါ့။ ပုလင်းတွေလည်းတွေ့တယ်။ လစ်ပို ပုလင်းလို တစ်ပုလင်းနဲ့ ရှပ်ခ်လို၊ ကျွဲရိုင်းလို တစ်ဘူးတွေ့တယ်။ ကျွန်တော့် စိတ်အထင်တော့ ဒီအထဲမှာပဲ ဆေးခတ်ထားသလားပေါ့။ မလှုပ်နိုင်တော့မှ ထိုးသလားလို့ တွေးမိတယ်" ဟု ၎င်းက သုံးသပ် ပြောဆိုသည်။
ကိုဝေယံဟိန်းက ဖမ်းဆီးရမိထားသည့် အောင်ကိုကိုအား ဂျာနယ် တိုက်သို့ဖုန်းဆက်ခေါ်ခဲ့ကြောင်းနှင့်ပတ်သက်၍ "ဝေယံဟိန်းက ရုံးခန်းကိုခေါ်တယ်လို့ ပြောတယ်။ဝေယံဟိန်းဖုန်းက အခုထိ မတွေ့ သေးဘူး။ ဖုန်းမှာ ဖုန်းခေါ်ဆိုမှု မှတ်တမ်းတွေရှိရမယ်လေ။ အဲဒါတွေကို မစိစစ်ဘဲနဲ့ မရသေးဘဲနဲ့ ဝေယံဟိန်းက ဖုန်းဆက်ခေါ်လို့လာတယ်
ဆိုတာ ဘာလို့ထုတ်ပြန်လဲ"ဟုဦးစိန်အုပ်က မေးခွန်းထုတ်ခဲ့သည်။
-
စံတော်ချိန်သတင်း
တင့်ဇော်ထွန်း
http://www.mmstd.com/news/view/8622/?lang=my

ပုဇွန်တောင်မြို့နယ်ရှိသံမဏိနှင်းဆီဂျာနယ်တိုက်ခန်းတွင်ဖြစ်ပွားသော လူသတ်မှုနှင့်စပ်လျဉ်း၍ သတင်းဆက် ထပ်မံဖော်ပြခြင်း





No comments:

Post a Comment