Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 6, 2015

ကျိုက်ထီးရိုးရင်ပြင်တော်တွင် ခါးပိုက်နှိုက်သူ အမျိုးသမီးနှစ်ဦးအား ဖော်ထုတ်ဖမ်းဆီး



သထုံ ဖေဖော်ဝါရီ ၆

ဆံတော်ရှင်ကျိုက်ထီးရိုး ဘုရားဖူး တစ်ဦးထံမှ ရွှေထည်ပစ္စည်းမျိုးစုံ၊ လက်ကိုင်ဖုန်းနှင့် ငွေများ နှိုက်ယူခံရသဖြင့် ကင်မွန်းချောင်း နယ်မြေ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ရာ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးကိုယ်တိုင် CCTV ကင်မရာများကို စစ်ဆေးရာမှ ခါးပိုက်နှိုက်ယူသူ မန္တလေးတိုင်း ဒေသကြီးမှ အမျိုးသမီးနှစ်ဦးအား ဖော်ထုတ်ဖမ်းဆီးနိုင်ပြီး ရွှေထည် ပစ္စည်းများ ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁ ရက် ညနေပိုင်းတွင်ကျိုက်ထီးရိုးဘုရားသို့ လာရောက်ဖူးမြော်သူ ဒေါ်ယဉ်နွယ်ဝင်း (၃၄)နှစ်သည် ကျိုက်ထီးရိုးဘုရား ရင်ပြင်တော် မှန်လုံဆောင်ရှေ့တွင် လူများအကြားတိုးဝှေ့စဥ်၎င်းကိုင်ဆောင်ထားသော လက်ကိုင်အိတ် အတွင်းမှ ရွှေထည်ပစ္စည်းမျိုးစုံ၊ လက် ကိုင်ဖုန်းတစ်လုံးနှင့် ငွေကျပ် တစ်သိန်းခွဲခန့် စုစုပေါင်း ငွေကျပ် ၂၂ သိန်းခန့် နှိုက်ယူခံခဲ့ရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကင်မွန်းချောင်း နယ်မြေ ရဲစခန်းက (ပ)၆/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉ အရ အမှုဖွင့်စုံစမ်း ဖော်ထုတ်ခဲ့သည်။

အမှုနှင့်ပတ်သက်၍ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးဆွေဝင်း ကျိုက်ထီးရိုးဘုရားသို့ ရောက်ရှိစဉ် အခင်းဖြစ်နေ့က ရိုက်ကူးထားခဲ့သောCCTV မှ ကင်မရာမှတ်တမ်းများအား ကိုယ်တိုင်စစ်ဆေးရာ တိုးဝှေ့နေသော လူအုပ်အကြားတွင် အမျိုးသမီးတစ်ဦး က လူချင်းဝင်တိုက်ကာ လက်ကိုင်အိတ်အတွင်းမှပစ္စည်း နှိုက်ယူသည်ဟု တွေ့ရှိရသည်။ ထို့ကြောင့် မသင်္ကာသူ အမျိုးသမီး၏ ဓာတ်ပုံအား ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး အပါအဝင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ မှုခင်းဖြစ်စဉ်၊ ပစ္စည်းပျောက် ပုံစံများနှင့်အတူ ပေးပို့အကူအညီ တောင်းခံခြင်း၊ အမှုစစ်အရာရှိက ဆက်သွယ် စုံစမ်းခြင်းများ ပြုလုပ်ခဲ့သည်။

ဇန်နဝါရီ ၂၉ ရက်တွင် မန္တလေး တိုင်းဒေသကြီး မှုခင်းအကူဌာနစိတ်မှူး ရဲအုပ်ဇော်လင်းထွန်းက ဓာတ်ပုံပါမသင်္ကာသူအမျိုးသမီးမှာ ပုသိမ်ကြီးမြို့နယ်ဘက်တွင်ရှိကြောင်း အကြောင်းကြားချက်အရ ဖမ်းဆီးစစ်ဆေးပေးပါရန် အကူအညီ တောင်းခံပြီး မသင်္ကာသူအမျိုးသမီး နှစ်ဦးအား သွားရောက်ဖမ်းဆီးခဲ့သည်။

မသင်္ကာသူအမျိုးသမီးနှစ်ဦးမှာ ဒေါ်ခင်တင့် (၅ဝ)နှစ် အောင်ချမ်းသာရွာ ပုသိမ်ကြီးမြို့နယ်နှင့် ဒေါ်အုန်းမြ (၄ဝ)နှစ် ကနီကျေးရွာ ပုသိမ်ကြီးမြို့နယ်နေသူများဖြစ်ကြပြီး ၎င်းတို့၏အစစ်ခံချက်အရ ဒီဇင်ဘာ ၃ဝ ရက် တွင် ကျိုက်ထီးရိုးဘုရားသို့ ရောက်လာကြကာ ဇန်နဝါရီ ၁ ရက်တွင် ရွှေထည်ပစ္စည်းများကို နှိုက်ယူပြီး ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းတွင် မန္တလေးသို့ပြန်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

ထွက်ဆိုချက်အရ သက်သေခံ ပစ္စည်းများဖြစ်ကြသော ရွှေဘီးကုပ် (မူရင်း)တစ်ခု၊ ရွှေလက်ကောက် ငါးကွင်း အလေးချိန်တစ်ကျပ်သား ခန့်နှင့် ဆွဲကြိုးတစ်ကုံး၊ လက်စွပ် ခုနစ်ကွင်း၊ ရွှေခြေချင်းတစ်ခု၊ ကလေးလက်ကောက်နှစ်ကွင်းနှင့် အရည်ကြိုထားသည့် ရွှေတုံးရှစ်တုံး အလေးချိန် သုံးကျပ်ကိုးပဲလေးရွေး ခန့်တို့အား သိမ်းဆည်းနိုင်ခဲ့သည်။ ယင်းအမှုအား ကျိုက်ထိုမြို့နယ်တရားရုံးတွင် တရားစွဲဆိုရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

(ရဲခေါင်ဦး)
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment