Latest News

Tuesday, July 24, 2018

သေးပေါက်ချိန်တောင်မရလိုက်တဲ့ဂျူတီတစ်ညကပေါ့...


သေးပေါက်ချိန်တောင်မရလိုက်တဲ့ဂျူတီတစ်ညကပေါ့...
TB ခန်းထဲဖြတ်တဲ့အချိန် လူနာတစ်ယောက်ငိုနေတာတွေ့လို့

"ဟာ ခင်ဗျားကလည်းဗျာ
ယောက်ျားကြီးဖြစ်ပြီးဘာလို့ငိုနေရတုန်း"

"ကျွန်တော်အရမ်းမောနေလို့ပါဆရာရယ် တစ်ခုခုလုပ်ပေးလို့ရမလား ဆရာတို့လည်းအရမ်းအလုပ်ရှုပ်နေတာတွေ့လို့ လာမပြောရဲလို့ပါ" တဲ့
ကိုယ်နောက်လိုက်မိတာတောင်အားနာသွားတယ်

HIV positive နဲ့ TB လူနာတစ်ယောက်
X-ray ကြည့်တော့ အဆုတ်နှစ်ဖက်လုံးကမွလို့
ညာဘက်အဆုတ်ထဲမှာကရေတွေ...
SPO2 တိုင်းကြည့်တော့ ၇၀ ကျော်ပဲရှိတယ် အဲ့ဒါနဲ့
"ဆရာမရေ ဟိုလူနာကို အောက်စီဂျင်ပေးပေးပါ" ဆိုပြီး ဆေးတစ်လုံးသွားထိုးပေးလိုက်တယ်

သူ့ကိုဆေးထိုးပေးပြီးထိုင်ခုံပြန်ရောက်တော့ ကိုယ့်ကိုယ်ကိုအပြစ်ရှိသလိုခံစားရတယ်
တကယ်တော့ အောက်စီဂျင်ပေးရုံ ဆေးထိုးရုံနဲ့သူမောနေတာမသက်သာနိုင်မှန်းသိတယ်
သူ့အဆုတ်ထဲကရေကိုဖောက်ထုတ်ပေးလိုက်မှ ဒီညသူကောင်းကောင်းအိပ်လို့ရသွားမယ်
အဲ့လိုလုပ်တာကလည်းဘာမှမခက်တဲ့ကိစ္စ အလွန်ဆုံးကြာလှ ၁၅ မိနစ် မိနစ် ၂၀ ပေါ့
ဒါပေမယ့်...

ကိုယ်လည်းသေမှာကြောက်တယ်
လူနာက TB တင်မကဘူး HIV ကရှိသေးတယ် သူ့ကိုထားတဲ့တစ်ခန်းလုံးကလည်း TB တွေချည်းပဲ MDR ၂ ယောက်ကအဆစ်ပါသေးတယ်
အခန်းကလေဝင်လေထွက်လည်းကောင်းဆိုတော့ရှယ်ပေါ့
Toilet သွားဖို့အဲ့ဒီအခန်းကဖြတ်ရင်တောင်
အသက်အောင့်ပြီးသွားရတာ
ဒီလိုမျိုး procedure လုပ်ရင်အချိန်ပေးရမယ်
မတော်လို့ငါ့ပါကူးသွားရင်...

အဲ့ဒါနဲ့ ဘာလုပ်ရမှန်းမသိ ထိုင်လိုက် ထလိုက် ရေသောက်လိုက်
ခဏနေတော့ အိမ်သာသွားသလိုလိုနဲ့ သူ့ကိုထပ်ကြည့်လိုက်တယ်
ဟစိဟစိနဲ့မျက်ရည်တွေကျလို့
ကိုယ်လည်းဘယ်လိုမှဆက်မနေနိုင်တော့ဘူး
ကဲကွာ... ကူးခါမှကူးရော ဒီရောဂါနဲ့သေဖို့ကံပါလာရင်တော့သေရုံပေါ့

"ခင်ဗျားအဆုတ်ထဲမှာရေတွေရှိတယ် အဲ့ဒီရေတွေကျွန်တော်ဖောက်ထုတ်ပေးမယ်ဗျာ ခင်ဗျားမောနေတာသက်သာသွားမယ် ဟုတ်ပြီလား"

လိုတဲ့ပစ္စည်းတွေပြင်ဆင်ပြီး house ညီလေးကိုပါခေါ်လိုက်တယ် သူကမလုပ်ဖူးဘူးဆိုလို့သူ့လည်းသင်ပေးမယ်ပေါ့
(တကယ်တော့နောက်ပိုင်းအစအဆုံးနီးပါးသူပဲလုပ်သွားတာပါ ကိုယ်ကဘေးကပြောပေးရုံပဲ)
ကြားမှာစောင်မီးက ၂ ခါလောက်လာလိုက်သေးတယ်

ထုတ်လိုက်တော့ရေက 800 ကျော်ကျော်လောက်ရတယ်
ချက်ချင်းတော့မသက်သာသေးဘူး
ည ၁၂ နာရီလောက်ထပ်သွားကြည့်တော့ မောင်မင်းကြီးသားက တခေါခေါနဲ့ စပါယ်ရှယ်ကိုယူနေတာ
ကိုယ်တွေက pressure 80 ကတက်မလာတဲ့လူနာအတွက် တိုင်ပတ်လို့ကောင်းတုန်း

မနက်ပိုင်းမပြန်ခင်သွားကြည့်တော့ သူက breakfast တောင်အေးဆေးဆွဲနေပြီ

"ဟိတ်လူ ဘယ်လိုလဲ မငိုတော့ဘူးလား" ဆိုတော့

"မောတာသက်သာသွားပြီဆရာ ညကဘယ်လိုအိပ်ပျော်သွားမှန်းတောင်မသိလိုက်ဘူး ကျေးဇူးတင်ပါတယ်ဆရာရယ်" တဲ့ လက်အုပ်လေးချီလို့...

ဘာမှကြီးကျယ်ခမ်းနားတဲ့ကိစ္စမဟုတ်ပေမယ့် အဲ့ဒီအချိန်ခံစားရတဲ့ feeling က တော်တော်မိုက်တယ်
အဆဲအဆိုခံရတာတွေ ပင်ပန်းတာတွေ လစာမလောက်တာတွေမေ့ပြီးဒီဘဝကိုပျော်သွားပြန်ရော

၂ နှစ်လောက်နေလို့မှထူးခြားမလာရင် အလုပ်ထွက်ဖို့စဉ်းစားထားပေမယ့်လည်း ဒီလိုဒုက္ခရောက်နေတဲ့လူတွေအတွက် တစ်ခုခုလုပ်ပေးနိုင်ဖို့ ငါရှိနေသင့်တယ်ထင်တယ်လို့အတွေးကပေါ်ပြန်ရော

ကြယ်ငါးလေးတွေကိုပင်လယ်ထဲပြန်ပစ်ချတဲ့ပုံပြင်လိုပေါ့
ဒီတိုင်းပြည်မှာကမ်းပေါ်တင်နေတဲ့ကြယ်ငါးတွေမှအများကြီး...
စစ်ဖြစ်နေတဲ့နေရာတွေမှာရှိတယ် ရေမြုပ်သွားတဲ့မြို့တွေမှာရှိတယ် မိဘမဲ့ဂေဟာတွေမှာရှိတယ် ဘိုးဘွားရိပ်သာတွေမှာရှိတယ်

အကုန်လုံးကိုတော့ ကိုယ်တစ်ယောက်တည်း ဘယ်လိုက်ကောက်နိုင်မလဲ ဒါပေမယ့် ကိုယ်လိုပဲလိုက်ကောက်ပြီးရေထဲပြန်လွှတ်တဲ့လူတွေများလာရင်တော့ တစ်ခုခုပြောင်းလဲတန်ကောင်းပါတယ်

စောင်ဆရာဝန်အားလုံး... ဒါပဲ ဆိုတဲ့လူတွေ နိုင်ငံခြားမှအထင်ကြီးတတ်တဲ့လက်တစ်ဆုပ်စာလူတွေကို ဥပေက္ခာပြုထားနိုင်ရင်တော့ အရာရာဟာကျေနပ်စရာချည်းပါ 😆

Credit. Sayar Kham Zin