Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 8, 2017

နေ၀င် အိပ်တန်းတက်


Thank you very much MeMe KyawThein
နေ၀င် အိပ်တန်းတက်
ဆရာ လင်္ကာရည်ကျော်ရဲ့ လက်ရာမွန် စာအုပ်ကောင်းတစ်အုပ်……
ဘယ်နှစ်ခါခါ ဖတ်ဖတ် ကြိုက်တဲ့ စာအုပ်ကို ရုပ်ရှင်အဖြစ် ပြောင်းမယ်လို့ ကြားတဲ့ အခါ စိုးရိမ်စိတ် ရှိတယ်။ ပျက်စီးကြတာ များတာကိုး။ ဒီရုပ်ရှင်လည်း ကြည့်မကြည့် စဉ်းစားပြီး သွားကြည့်ဖြစ်ခဲ့တယ်။ ကိုယ်ဟာ ရုပ်ရှင်လောကသားလည်း မဟုတ်လေတော့ သူတို့ အယူအဆ၊ ရှုထောင့်တွေ နားမလည်ပါဘူး။ လူတွေ တော်တော်များများ ဒီကားကြည့်ပြီး Review ရေးကြလေတော့ မရေးတော့ဘူး နေတာပါပဲ။ ဆရာ လင်္ကာရည်ကျော်နဲ့လည်း သိနေတော့ ဆရာရေ ရုပ်ရှင် ကြည့်လာတယ် ပြောဖြစ်တော့ ဆရာက review လေး ရေးပေးပါဦး ပြောလာတာကြောင့် ရေးဖြစ်တာပါ။ Review တော့လည်း မဟုတ်ပါဘူး။ ကိုယ်သိပ်ကြိုက်တဲ့ ၀တ္ထုတစ်ပုဒ်ကို ရုပ်ရှင်အဖြစ် ကြည့်မိသူ တစ်ယောက်ရဲ့ အမြင်တွေ ချရေးတာပေါ့။

ဇာတ်လမ်းကတော့ တော်တော်များများ သိပြီးသား ဖြစ်မှာပါ။ ပါမောက္ခ ဒေါက်တာ မြတ်ထွန်းကို လက်စားချေချင်စိတ်နဲ့ ချဉ်းကပ်လာတဲ့ မိန်းမလှလေး မေကြာဖြူ ဇာတ်လမ်း။ ဇာတ်ညွန်းက စာရေးဆရာ ကိုယ်တိုင် ရေးတဲ့ ဇာတ်ညွန်းဆိုတော့ ဟာကွက် သိပ်မတွေ့ဘူး ပြောရမယ်။ ကြည့်ရတာ အဆင်ပြေပြေ ရှိလှတယ်လို့ ထင်တယ်။ ဒေါက်တာ မင်းခန့်နဲ့ မေကြာဖြူတို့ ဇာတ်လမ်း မဆက်ခဲ့တာကိုတော့ နည်းနည်းလေး တမျိုးတွေးမိတယ်။ စာအုပ်ဖတ်ချိန်မှာ ဒေါက်တာ မင်းခန့်က Third Person ခေါ်ရမလား…သူ့ကို ဇာတ်လမ်းထဲက ဖယ်ထုတ်လိုက်သလိုကို ခံစားရတယ်။ ဆရာကတော့ သူ့အယူအဆနဲ့သူ ရှိမှာပါလေ။

ဒေါက်တာ မြတ်ထွန်းအဖြစ် ပြေတီဦး
ပွင့်ပွင့်လင်းလင်း ပြောရရင် ကိုယ်ဟာ ပြေတီဦး ပရိသတ် မဟုတ်ပါဘူး။ သူ့သရုပ်ဆောင်တာကိုလည်း အကြိုက်ကြီးတော့ မဟုတ်ခဲ့ပေမယ့် ဒီထဲတော့ သူသရုပ်ဆောင်တာ အဆင်ပြေတယ်။ ဆရာ့အကြံဥာဏ်ကို ယူတယ်လို့လည်း Talk Show အရ သိထားရတော့ သူဒီဇာတ်လမ်းမှာ အားထည့်ထားတာ သိသာပါတယ်။ စာအုပ်ထဲက ဒေါက်တာ မြတ်ထွန်းက အသက် ၅၀နီးနီး အရွယ်။ သူသရုပ်ဆောင်တာ ဘာညာကျတော့ စကားကို အေးအေးးလေး ပြောတာက လွဲရင် သိပ်အသက်ကြီးတယ်လို့ မထင်ရဘူး။ ဒေါက်တာ မြတ်ထွန်းက စာအုပ်ကထက် အပြင်မှာ ပိုအရွယ်တင်နေတယ်လို့ တွေးလိုက်ပါတယ်။ :D
မေကြာဖြူ အဖြစ် ပိုင်ဖြိုးသု
သူကိုတော့ ဒီလောကထဲ စ၀င်ကတည်းက သဘောကျတယ်။ ဘယ်လို ပြောရမလည်း အဆင့်ရှိတဲ့ မင်းသမီးလို့ သတ်မှတ်ထားတဲ့ထဲ ပါတယ်ပေါ့။ သူ့ဇာတ်လမ်းတွေလည်း ကြည့်ဖူးတယ်။ ဒီဇာတ်လမ်းထဲတော့ သူသိသိသာသာ တိုးတက်လာတယ်။ ဇာတ်လမ်းတစ်ခုလုံးကို ၀ါရင့် သရုပ်ဆောင် ပြေတီဦး၊ ထွန်းအိန္ဒြာဗိုတို့နဲ့ အပြိုင် သရုပ်ဆောင်ပြီး ဇာတ်လမ်းကို ပိုကြွစေတယ်။ တချို့က သူသရုပ်ဆောင်တာကို အိုဗာဖြစ်တယ်လို့ မြင်နေကြတယ်။ ဇာတ်လမ်းအရ ကိုယ်နဲ့ အသက် အပုံကြီးကွာတဲ့ ယောက်ျားတစ်ယောက်ကို ချဉ်းကပ်တဲ့ နေရာမှာ အဲဒီလို အိုက်တင်ကတော့ မလွန်ပါဘူး။ ကိုယ်ကတော့ သူသရုပ်ဆောင်တာ ယုတ္တိရှိတယ် မြင်တယ်။ အ၀တ်အစား၊ မိတ်ကပ်ကအစ ဂရုစိုက်ထားတယ်။ နှုတ်ခမ်းနီ ဆိုးထားတာရယ်…. မျက်လုံး အကြည့်တွေက တကယ် အမိုက်အစားလို့ ပြောရမယ်။ ဆံပင်ကို တအားကြီး ကြော့မော့နေအောင် ဖြီးထားတော့ တစ်ချက် သိပ်မကြိုက်လှဘူး။
ဒေါ်သစ္စာ အဖြစ် ထွန်းအိန္ဒြာဗို
သူပါရတဲ့ အခန်းက နည်းပါတယ်။ဒါပေမယ့် ၀ါရင့်ပီပီ သရုပ်ဆောင်သွားတယ်…..မိတ်ကပ်ပဲ နည်းနည်းလိုတာ။
ကျန်တဲ့ သရုပ်ဆောင်တွေလည်း ပံ့ပိုးမှုကောင်းကြတယ်ပေါ့။ ဒါရိုက်တာ ၀ိုင်း ဆိုတော့လည်း ထောင့်စေ့တယ် ပြောရမယ် ထင်ပါတယ်။
ဒီဇာတ်လမ်းဟာ ဆေးပညာကို အခြေပြုတဲ့ ဇာတ်လမ်း ဖြစ်တာကြောင့် ဆေးပညာနဲ့ ဝေးတဲ့ ပရိသတ်တွေ အတွက်တော့ ဆေးပညာ Term တွေကတော့ သိပ်မရင်းနှီးလှတာ အမှန်ပါ။ ဒါပေမယ့်လည်း ဆရာဝန်နဲ့ လူနာတွေကြားက ကိစ္စရပ်တွေကို သြော် ဒါကတော့ ဒီလို အနေအထားကြောင့်ကိုး ဆိုတဲ့ စိတ်လေး ရစေတယ်။ ဆရာဝန်တွေဟာလည်း လူတွေပဲ။ သူတို့မှာလည်း သူတို့ မိသားစုအပူဆိုတာ ရှိတယ် ဆိုတာကို မြင်အောင် ပြနိုင်တယ်။
အကြိုက်ဆုံးအချက်တွေကတော့ သီလလုံဖို့နဲ့ ကာမေသု အကြောင်း ရေးထားတာကို စာအုပ်ဖတ်တည်းက သဘောကျတယ်။ ဒီအကြောင်းအရာကို ရိုက်ပြတဲ့ အခါလည်း ပြေတီဦးနဲ့ သုသု သရုပ်ဆောင်တာကို တကယ် ကြိုက်တယ်။

“ တကယ်တမ်းက အိမ်ထောင်ရှိတဲ့ မိန်းကလေးကိုမှ ရှောင်ရမှာ မဟုတ်ဘူး။ အုပ်ထိန်းခြင်း မကင်းတဲ့ မိန်းကလေးကို ရှောင်ရမှာ။ ဖခင် အုပ်ထိန်းသော မိန်းမ၊ မိခင် အုပ်ထိန်းသော မိန်းမ စသဖြင့် အုပ်ထိန်းခြင်း မကင်းတဲ့ မိန်းမ အမျိုး ၂၀ တောင် ရှိသတဲ့။ လူပျို လူလွတ်ကလေးတစ်ယောက်က မိဘအုပ်ထိန်းတဲ့ မိန်းမပျိုလေးတစ်ယောက်ကို စိတ်ဝင်စားတာ သဘာဝကျပေမယ့် အိမ်ထောင်သည် ယောက်ျားတစ်ယောက် တစ်နည်းအားဖြင့် မိန်းကလေး မိဘဘက်က ဘယ်လိုမှ လက်ခံနိုင်ဖွယ်ရာ မရှိတဲ့ အနေအထားမှာ သူများ သမီးပျိုကို သွားကြိုက်ရင် အဲဒါ ကျူးလွန်တာပဲ။ ကာမေသု မြောက်တယ်။ “
ဒီစာသားလေးတွေကို တကယ်ကို သဘောကျတယ်။ ခုခေတ်က ကာမေသု ဆိုတာကို ထမင်းစား၊ ရေသောက်လို ကျူးလွန်နေကြတဲ့ ခေတ်မှာ ဒီလိုမျိုး ပညာသားပါတဲ့ စကားတွေကို ဇာတ်လမ်းထဲမှာ ကြားရတာ တကယ့်ကို သဘောကျတယ်။

“ ဒီရေက မကျခင် နောက်သေးတာ..နောက်ကျိသွားတာလေ၊ တသက်လုံး ကြိုးစား ရုန်းကန်ပြီး အောင်မြင်မှုနောက်ကို လိုက်ခဲ့ကြတာ။ အောင်မြင်မှုတွေ ရပြီးရင် ပျော်စရာကောင်းမယ် ထင်ခဲ့မိတာ၊ တကယ်လည်း ဒီရေတက်သလို တရိပ်ရိပ် အောင်မြင်မှုတွေ ရပြီးရော၊ အဲဒီရေက ရေနောက်ကြီး၊ စိတ်ညစ်ညူးစရာကြီးလို့ ရိပ်မိတာ ၊ ဒီရေနောက်ချိန်လို့ ခေါ်တယ်။ ဆရာတို့ အရွယ်ပေါ့ “
ဒီစကားလေးကလည်း လူ့ဘ၀တစ်ခုလုံးကို ပါးပါးလေး လှစ်ပြတယ်လို့ ခံစားရတယ်။ လူတိုင်း အောင်မြင်မှုနောက် လိုက်နေချိန်မှာ မေ့နေကြတဲ့ အရာတွေ များတယ်။ တကယ်တမ်း လောကထဲကနေ ထွက်ရမယ့် အချိန်ကျတော့ ဘာက ကိုယ့်အတွက် အရေးကြီးသလဲ သိလာသလိုမျိုးပေါ့။

ဇာတ်လမ်းထဲ သဘောကျရတဲ့ အချက်တွေ ရှိသလို သဘောမတွေ့တာတွေလည်း ပါတာပေါ့။ နောက်ခံတေးဂီတကို တော်တော်များများ ဝေဖန်တာ တွေ့ရတယ်။ ကိုယ်ကတော့ သရုပ်ဆောင်တွေကို ကြည့်ရင်း တေးဂီတသံတောင် သိပ်မကြားခဲ့သလို ခံစားရတယ်။ တခြားကတော့ ဒေါက်တာ မင်းခန့် အဖြစ် သရုပ်ဆောင်တဲ့ ကောင်လေး ဆံပင်ဘုတ်သိုက်ရယ်၊ မေကြာဖြူ အဘွားရဲ့ Nice to meet you လေသံကြီးရယ်၊ English Subtitle နည်းနည်းလွဲတာရယ်၊ Spelling နည်းနည်း မှားတာတွေ ရယ်….ပြင်ဦးလွင် ဆေးရုံမှာ ဒေါက်တာ မြတ်ထွန်း ဟောပြောပွဲ လုပ်တော့ ဆေးရုံအနှံ့ Sound-box တွေ ချထားတာတွေ ဖယ်လိုက်ရင်တော့ နေ၀င်အိပ်တန်းတက် ရုပ်ရှင်ဟာ ကြည့်သင့်တဲ့ ဇာတ်လမ်းလို့တော့ ထင်ပါတယ်။
Ye Myint Kyaw

No comments:

Post a Comment