Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 28, 2017

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် Newswatch တွေ့ဆုံမေးမြန်းမှုများ


 မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် Newswatch တွေ့ဆုံမေးမြန်းမှုများကို ကောက်နုတ်ဖော်ပြပါသည်။
*********************

NW- မကွေးတိုင်းဟာ နိုင်ငံရဲ့အဆင်းရဲဆုံး တိုင်းနှင့်ပြည်နယ်များအနက် တခုဖြစ်ပါတယ်။ အစိုးရသစ် လက်ထက်မှာ ဘယ်လောက်အထိ တိုးတက်အောင်လုပ်နိုင်ခဲ့သလဲ။

ဝန်ကြီးချုပ် - ပြည်ထောင်စုက GDP ၈ ရာခိုင်နှုန်းတက်အောင် မျှော်မှန်းတယ်။ ကျွန်တော်တို့ကတော့ ၇ ရာခိုင် နှုန်းပဲတက်အောင် မျှော်မှန်းတယ်။ စသည်ဖြင့် အတိအကျပြောဖို့ ကျွန်တော်အနေနဲ့ အခက်အခဲရှိမယ်။ ဘာဖြစ်လို့ဆိုတော့ မှန်းတာတော့ မှန်းတယ်။ ဒါပေမဲ့ ငွေကြေးဖောင်းပွမှုက ရှိတယ်။ ဥပမာအားဖြင့်ပြောရရင် အရင်တုန်းက ၂၀၁၆ -၂၀၁၇ ဘတ်ဂျက်ကို ၀န်ကြီးချုပ်ဦးဖုန်းမော်ရွှေက ဆွဲပေးသွားတယ်။ ကျွန်တော့် လက်ထက်ကျတော့ ဒါတွေသေချာစိစစ်ပြီးတော့ လုပ်လိုက်တဲ့အခါကျတော့ ကျပ်ငွေသန်းပေါင်းတသောင်း ကျော် ပိုလာတယ်။

အဲ့ဒီပိုတဲ့ပိုက်ဆံတွေနဲ့ လမ်းတွေ၊ တံတားတွေ၊ ဆေးရုံတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်း တွေလုပ်နိုင်တယ်။ ဒီနှစ်အခွန်အတုတ်တွေ အများကြီးပိုရတယ်။ ဥပမာအားဖြင့်ပြောရရင် မနှစ်က မကွေးတိုင်းစည်ပင်ကရခဲ့တဲ့ အရပ် ရပ်လိုင်စင်ကြေးတွေနဲ့စာရင် အခုနှစ် မကွေးတိုင်း စည်ပင်ကရတဲ့ အရပ်ရပ်လိုင်စင်ကြေးသည် ကျပ်ငွေသိန်းပေါင်း ၁၉၀၀၀ လောက် ပိုရတယ်။ ဥပမာတခု ပြောပြရရင် ဂန့်ဂေါမှာပေါ့။ မြို့ဝင်ကြေး ဘီးခွန်လိုင်စင် မနှစ်တုန်းက ယခင်အစိုးရလက်ထက် နောက်ဆုံးရခဲ့တဲ့ ဘီးခွန်လိုင်စင်သည် ၇၆ သိန်းရတယ်။ ကျွန်တော်တို့အစိုးရသစ်လက်ထက်မှာ ဒီနှစ်လုပ်ခဲ့တဲ့ ဘီးခွန်လိုင်စင် ကြေးသည် သိန်း ၄၅၀ ရှိတယ်။ ဘယ်လောက်ကွာလဲဆိုတာ စဉ်းစားကြည့်ပေါ့။ အရင်တုန်းက ဘာကြောင့် ဒီလောက်နည်းနေတာလဲ။ အခုမှ ဘာကြောင့်ဒီလောက်များတာလဲ ငွေကြေးဖောင်းပွမှုအရ ဒီလောက်များ တာတော့ မဖြစ်နိုင်ဘူး။ ဟိုလူကြီးကနှိုက်တယ်၊ ဒီလူကြီးကနှိုက်တယ်၊ တိုင်းအဆင့်က နှိုက်တယ်၊ ခရိုင်အဆင့်က နှိုက်တယ်။ နားလည်မှုနဲ့လုပ်တယ်။ ဟိုပေးရ ဒီကမ်းရနဲ့ အဲဒါတွေနဲ့ နားလည်မှုလုပ်ထား ပြီးတော့ သိန်း ၇၀ ခန့်မှာ ကစားနေပုံပေါ်တယ်။

အခုကျ ကျွန်တော်တို့က ၀န်ကြီးချုပ်ကလည်း မယူဘူး။ ၀န်ကြီးကလည်း မယူဘူး။ သေသေချာချာစိစစ်ပြီး ပြိုင်ဆိုင်ခိုင်းတဲ့အတွက်ကြောင့် သိန်း ၄၅၀ ရတာ။ နောက်တခုတိုးတက်တာပြရရင် နှစ်ပေါင်းများစွာရှိတဲ့ ရွှေစက်တော်ဘုရားကြီး မိုးတွင်းဆိုသွားလို့မရဘူး။ နွေပဲသွားလို့ရတယ်။ မန်းချောင်းရေကျတဲ့နေရာမှာ ကျပ်ငွေသိန်းပေါင်း တသောင်းလေးထောင်လောက် အကုန်ခံပြီးတော့ အမြဲတမ်းတံတားထိုးဖို့ လုပ်နေတယ်။ တံတားထိုးမယ့် ပိုက်ဆံသည် ပြည်ထောင်စု ဘတ်ဂျက်လည်း မဟုတ်ဘူး။ မကွေးတိုင်းရန်ပုံငွေလည်း မဟုတ်ဘူး။ ဘုရားကြီးမှာ ဒီနှစ်အလှူခံလို့ရတဲ့ ကျပ်ငွေသိန်းပေါင်း တသောင်းကျော်နဲ့ ကျွန်တော်တို့က တံတားကြီးထိုးမှာ၊ ဒါဆိုလို့ရှိရင် မကွေးတိုင်း မန်းရွှေစက်တော်ဘုရားကို ဆယ့်နှစ်ရာသီသွားလို့ရတယ်။ ရာခိုင်နှုန်းအားဖြင့် ဘယ်လောက်တိုးတက်တယ်။ ဘယ်ရွေ့တိုးတက်တယ်ဆိုတာ မပြောနိုင်သော်လည်းဘဲ ဒါတွေဟာ အတိုင်းအတာတခုထိ တိုးတက်တယ် ဆိုတာ ကျွန်တော်တို့ ပြောပြလို့ရပါတယ်။

မကွေးတိုင်းရန်ပုံငွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်က လမ်းနဲ့လျှပ်စစ်မီးလင်း ရေးတွေမှာ သုံးနေပါတယ်။ အင်္ဂလန်နိုင်ငံအစိုးရရဲ့အထောက်အပံ့နဲ့ လျှပ်စစ်မီးလင်းရေး လုပ်နေတာတွေ ရှိတယ်။ လေစွမ်းအင်နဲ့ပတ်သက်ပြီး မင်းလှမြို့နယ်မှာ လုပ်နေတယ်။ နားလည်မှု စာချွန်လွှာထိုးပြီးပြီ။

နောက်တခါ မဂ္ဂ၀ပ်၂၀၀ လောက် နေစွမ်းအင်ကရမယ့်ကိစ္စကိုလည်း ထိုင်းကလာတဲ့ ကုမ္ပဏီတခုနဲ့ပေါင်းပြီး မင်းဘူး-စကုမြို့နယ် ကုန်သာဘက်မှာစပြီးလုပ်နေတယ်။ အကောင်အထည်ဖော်နေပြီ။ တိုင်းအစိုးရက ၃၀ မဂ္ဂါဝပ်အထိ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လေ။ တခါတည်း ၂၀၀ မဂ္ဂါဝပ်လုပ်တာ မဟုတ်ဘူး။ ၅၀ မဂ္ဂါဝပ်လောက် လုပ်နေတယ်။ နောက်တခါဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ကြားမှာ မဟာဓာတ်အားလိုင်းနဲ့ လက်လှမ်းမမီဘဲ အခက်အခဲအင်မတန်ရှိတဲ့နေရာကို၊ အဲဒီရှိတဲ့ ရွာပေါင်း ၄၂ ရွာကိုလည်း ပြင်သစ်-မြန်မာ ဖက်စပ်ကုမ္ပဏီ ပါရမီဆိုတဲ့ကုမ္ပဏီက နေစွမ်းအင်ရော၊ ဒီဇယ်စွမ်းအင်ရောအကူနဲ့ လျှပ်စစ်မီးပံ့ပိုးနိုင်ဖို့ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးပြီးပြီ။ အကောင်အထည်ဖော်ဖို့ ကျွန်တော်တို့ တိုက်တွန်းထားတယ်။ အစိုးရသစ်လက်ထက်မှာ မကွေးတိုင်းဒေသကြီးက ရေနံလက်ယက်တွင်းတွေကနေ တိုင်းအစိုးရကို ရန်ပုံငွေထည့်တာ ရေနံတပီပါကို ၃၀၀၀ နှုန်းနဲ့ မေ ၁၂ ရက်ထိ သောကြာနေ့အထိရတဲ့ ငွေစုစုပေါင်းဟာ ကျပ်ငွေသန်းပေါင်း ၁၅၈၅ ဒသမ ၆၆ သန်းရှိပါတယ်။ အဲဒါတွေဟာ မကွေးတိုင်းဖွံ့ဖြိုးရေးထဲဝင်သလို ပြည်ထောင်စုဘတ်ဂျက်ကိုလည်း သွားတယ်။

NW- အစိုးရသစ်လက်ထက်လုပ်ဆောင်ခဲ့သမျှ အားရမှုအရှိဆုံးကိစ္စက ဘာဖြစ်မလဲ။

ဝန်ကြီးချုပ် - အားအရဆုံးအကြောင်းအရာကို ပြောရလို့ရှိရင် ပြီးခဲ့တဲ့၂၀၁၆ - ၂၀၁၇ ဘတ်ဂျက်ကို သေချာစိစစ်ပြီးတော့ လုပ်လိုက်တဲ့အတွက်ကြောင့် စိစစ်တယ်ဆိုတာက လုပ်ငန်းအရေအတွက်လည်း မလျော့ဘူး။ လုပ်ငန်းရဲ့အရည်အသွေးကိုလည်း မထိခိုက်စေရဘူး။ လုပ်ငန်းပမာဏကိုလည်း မလျော့ဘူး။ သေချာစိစစ်ပြီး ဆောင်ရွက်တဲ့အတွက်ကြောင့် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ တိုင်းဒေသကြီး စီမံခန့်ခွဲနိုင် တဲ့ ပိုလျှံတဲ့ငွေပေါင်း ကျပ်ငွေသန်းပေါင်း တသောင်းကျော်ထွက်လာတယ်။

အဲဒီကျပ်ငွေသန်း ပေါင်းတသောင်း ကျော်နဲ့ မကွေးတိုင်းဒေသကြီးရဲ့ ဖွံ့ဖြိုးရေးတွေ လုပ်ပေးနိုင်တယ်။ ဥပမာအားဖြင့် မကွေးတိုင်းမြို့တော်မှာ လမ်းတွေကစုတ်ပြတ်လို့ ပြည်တော်သာလမ်းတို့၊ မဲဒီလမ်းတို့၊ အထက ၁ ရှေ့လမ်းတို့၊ လမ်းမတော်တို့ အဲဒီလမ်းတွေကို နိုင်လွန်ကတ္တရာတွေ လုပ်ပေးလိုက်တယ်။ တနှစ်မပြည့်ခင်လေးမှာပဲ ဒါတွေ လုပ်ပေးနိုင်လိုက်နိုင်လို့ ပြည်သူလူထုကလည်း အများကြီးသဘောကျတယ်။ နောက်တခါကျတော့ တတ်နိုင် သမျှ ကြိုးစားပြီး အသိမ်းခံရတဲ့လယ်တွေ ပြည်သူလူထုကို ပြန်ပေးနိုင်တယ်။ အဲဒါတွေဝမ်းသာတာပေါ့။

NW - အစိုးရသစ်လက်ထက်မှာ နိုင်ငံဝန်ထမ်းများရဲ့ အမူအကျင့်ဟောင်းတွေ လိုက်ပါပြောင်းလဲမှုရှိပါသလား။

ဝန်ကြီးချုပ် - ကျွန်တော်တို့ လွှဲယူလိုက်တဲ့ အချိန်မှာ စားဝတ်နေရေးတော်တော်လေးကို ကျပ်တည်းကြတယ်။ ကျပ်တည်းလို့လည်းပဲ M.A, M.Sc အောင်တဲ့သူတွေက နေ့စားလပေးဆရာတွေ ၀င်လုပ်ရတာရှိတယ်။ အဲလိုလုပ်ရတဲ့ အချိန်မှာတောင် ဟိုပေးရဒီကမ်းရတာတွေရှိတော့ စိတ်မကောင်းဘူးပေါ့။ အရင်အစိုးရလက်ထက်ကလည်း အာဝါဒေးလုပ်ရတာ၊ အခုအစိုးရလက်ထက်မှာလည်း အာဝါဒေးလုပ်လို့ ရတယ်ဆိုပြီး ကျွန်တော့်မဲဆန္ဒနယ်ထဲမှာ အာဝါဒေးလုပ်တာရှိတယ်။ အဲဒါ တိုင်းရဲမင်းကြီးကိုယ်တိုင် ဆင်း ဖမ်းရတာတွေရှိတယ်။ အကျင့်ပျက်ခြစားတာတွေရှိ ကောင်းရှိမှာပါ။ အဲဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်နေတာတော့ မဟုတ်ပါဘူး။ စားဝတ်နေရေး ကျပ်တည်းလို့ လုပ်ရတာတွေရှိပါတယ်။ ဖြစ်ကောင်းလည်းဖြစ်နိုင်ပါတယ်။

ထိုင်းမှာဆိုရင် အစိုးရ၀န်ထမ်းဖြစ်တာနဲ့ တိုက်ဝယ်ချင်သလား၊ ကားဝယ်ချင်သလား အရစ်ကျနဲ့ ၀ယ်လို့ရတယ်။ ဒီမှာ တယ်လီဖုန်းလေးဝယ်ဖို့တောင် ကျွန်တော်တို့ အစိုးရက အာမမခံနိုင်ဘူး။ မှန်မှန်မပေးမှာစိုးလို့ အစိုးရ၀န်ထမ်းတွေရဲ့စားဝတ်နေရေးက အဆင့်အတန်းချင်းကကွာတယ်။ ၀န်ထမ်းတွေကိုလည်းပဲ အိမ်ရာတွေ ဘာတွေ ပေးချင်တယ်။ ပေးချင်သော်လည်းပဲ မပေးနိုင်ဘူး။ အဆင့်ချင်းက အများကြီး ကွာနေတယ်။ အဲဒီတော့ ၀န်ထမ်းတွေအနေနဲ့ကလည်း သက်သက်မဲ့ ပညာပြပြီး အနှောင့်အယှက်ပေးချင်တာ ဟုတ်ကောင်းမှဟုတ်မှာပါ။

စားဝတ်နေရေး ကျပ်တည်းလို့မို့လို့ အကျင့်ပျက်ခြစားတာရှိကောင်းရှိမယ်။ သို့သော်လည်းပဲ တချို့ဝန်ထမ်း တွေကျတော့လည်းပဲ အစွဲရှိမှာပေါ့လေ။ ပါတီစွဲရှိကောင်းရှိမယ်။ အဲဒါကြောင့်လည်း အစိုးရရဲ့ လုပ်ငန်းဆောင် တာတွေ ကသိကအောက်ဖြစ်အောင် အနှောင့်အယှက်ဖြစ်အောင် လုပ်နေတာတွေလည်း ရှိကောင်းရှိမှာပေါ့။ သို့သော်လည်းပဲ ဒါတွေရှိနေတာတော့ ကျွန်တော်ကတော့ ဒါတွေပြင်ပါလို့ပဲ ပြောချင်တာပေါ့။

NW- အစိုးရသစ်လက်ထက် မကွေးတိုင်းအတွင်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအခြေအနေလေး သိပါရစေ။

ဝန်ကြီးချုပ် - စိတ်မကောင်းစရာအခြေအနေလေးတွေတော့ ရှိပါတယ်။ ဘာလို့စိတ်မကောင်းတာလဲဆိုတော့ ကျွန်တော်တို့က တက်လာကတည်းကကိုက တိုင်းဌာနဆိုင်ရာအကြီးအကဲတွေ လူ ၈၀ လောက်ကို ပြောတာရှိပါတယ်။ ကျွန်တော်တို့အစိုးရသစ်က ဘယ်သူ့ကိုမှ ဖမ်းဆီးတာ အရေးယူတာ။ ရာထူးလျှော့တာ ဘာမှမလုပ်ချင်ဘူး။ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် ညီအစ်ကိုမောင်နှမတွေလိုပဲ ဆက်ဆံချင်တယ်ပေါ့။ (ပညာရှင်တွေကိုလည်း လေးစားတယ်။ အရင်လိုအရှင်သခင်လို အမိန့်ပေး အမိန့်နာခံသလိုသွားမှာ မဟုတ်ဘူး။) ညှိနှိုင်းတိုင်ပင်ပြီးမှ ငြိမ်းချမ်းသာယာရေး တရားဥပဒေစိုးမိုးရေး လုပ်ကြမယ်။ ၀ိုင်းဝန်းဆောင်ရွက် ပါ။ ပူးပေါင်းကူညီပါလို့ ပြောတယ်။ ပြောတဲ့ကြားထဲကကို အကျင့်ပျက်ပါတယ်။ လက်စားပါတယ်လို့ တိုင်တော လာတာတွေရှိပါတယ်။ အဲဒီအခါကျတော့ ကျွန်တော်တို့ တိုင်းအစိုးရအနေနဲ့ စုံစမ်းစစ်ဆေးရတယ်။ အရေးယူရတယ်။ တိုင်းအစိုးရအနေနဲ့ လုပ်ခဲ့တာတွေ ဥပမာအားဖြင့်ပြောရရင် မြို့နယ်အုပ်ချုပ်ရေးမှူး တယောက်ဖြုတ်လိုက်ရတယ်။ နောက်တခါ မြို့နယ်တရားသူကြီးတယောက် အကျင့်ပျက်ခြစားမှု တွေရှိတယ်ဆိုပြီး စစ်ဆေးလိုက်တော့ကာ ပြည်ထောင်စုအဆင့်ရှိတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို အကြောင်းကြားလိုက်တယ်။ အဲဒီတော့ အဂတိလိုက်စားမှုကော်မရှင်က စုံစမ်းစစ်ဆေးတယ်။ စုံစမ်းစစ်ဆေးလို့ အရေးယူအပြစ်ပေးခံရမှာသိတဲ့အတွက် တရားသူကြီးမတယောက် ထွက်ပြေးတယ်။ မြို့နယ်တရားသူကြီးမတယောက် ထွက်ပြေးနေတယ်။ နောက်တခါ ခရိုင်ပညာရေးမှူးတယောက်လည်းပဲ အဂတိလိုက်စားမှုကော်မရှင်က စုံစမ်းဆေးအရေးယူ အပြစ်ပေးခံရမှာသိတဲ့အတွက်ကြောင့် ထွက်ပြေးနေ တယ်။ ဒါတွေကျတော့ စိတ်မကောင်းဘူး။ နောက်တခါကျတော့လည်းပဲ မြို့နယ် ဥပဒေအရာရှိ တယောက် အဲလိုပဲ တိုင်တယ်၊ တောတယ်စာကို ဖတ်ကြည့်လိုက်ပြီး စုံစမ်းစစ်ဆေးခိုင်းလိုက်တော့ တိုင်းဥပဒေအရာရှိ တိုင်းဥပဒေချုပ်က စုံစမ်းစစ်ဆေးတဲ့ အခါကျတော့ အဂတိလိုက်စားတာပေါ်လွင်တဲ့ အတွက်ကြောင့် ပြည်ထောင်စုအဆင့် အဂတိလိုက်စားမှုကော်မရှင်ကို တင်ထားတယ်။ ဒါတွေကျတော့ ကျွန်တော်တို့ စိတ်မကောင်းပါဘူး။

NW- ယခင်အစိုးရလက်ထက်က ရေနံလက်ယက်တွင်း ရန်ပုံငွေကိစ္စ အရေးယူလုပ်ဆောင်မှု အခြေအနေလေး သိပါရစေ။

ဝန်ကြီးချုပ်- အဲဒါပြီးခဲ့တဲ့ ဧပြီလ ၂၈၊ ၂၉ တရက်ရက်ပေါ့။ ကျွန်တော်တို့ဆီကို ယန္တရားတွေလာပေးတယ်။ တိုယိုတာမီနီဘတ်စ်လို့ ခေါ်တဲ့ ဘတ်သုံးစီးပါတယ်။ နောက်တခါ ဘက်ဟိုး လုပ်ဒါတစီးပါတယ်။ နောက်တခါ အီဆူးဇူး ဒါပယ်ကတ်တစီးပါတယ်။ ပဲ့ထောင်ရေယာဉ်နှစ်စီးက တစီးက မြစ်ဆိပ်မှာရှိတယ်။ ကျွန်တော်တို့သုံးတယ်။ နောက်တစီးကကျတော့ စေတုတ္တရာတို့ အနီးနားရွာတွေ သွားဖို့ဆိုပြီးတော့ ကြီးအုံကြီးဝတမံမှာရှိတယ်။ အဲဒီပိုက်ဆံတွေထဲမှာ ၂၉ ရက်နေ့က ကျွန်တော်တို့ ကျပ်သန်း ၃၀၀ ပေါ့။ (သိန်းသုံးထောင်)လာပေးတယ်။ နောက်တခါ ၃၀ ရက်နေ့ကျတော့ခါ ကျပ်သန်း ၅၀၀ (သိန်း ၅၀၀၀) လာပေးတယ်။ အားလုံးပေါင်း ကျပ်သန်း ၈၀၀ (သိန်း ၈၀၀၀) ရပြီ၊ ဒီမှာ ပြည်ထောင်စုအစိုးရညွှန်ကြားတဲ့ အတိုင်း တောင်းခိုင်းထားတယ်။ သိန်းပေါင်းသုံးသောင်းကျော်ပေါ့။ အဲ့ဒီအထဲကနေပြီးတော့ သိန်း ၈ ထောင် တော့ရပြီး။ ကျန်တာတွေကို အဲ့ဒီက အရင်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖုန်းမော်ရွှေ တာဝန် ပေးထားတဲ့ ဦးကြည်ထွန်းက ကျွန်တော်တို့ အခုလာမဲ့ ဇူလိုင်လနောက်ဆုံးထားပြီးတော့ ဒါတွေ သန်းသုံးထောင် ကျော်၊ သိန်းသုံးသောင်းကျော်ကို အပြည့်အ၀ပြန်ပေးမယ်ဆိုပြီး ပြောထားပြီးပါပြီး။ လာပေးတဲ့ပိုက်ဆံကို မကွေးတိုင်းငွေစာရင်းမှာ ကျွန်တော်တို့ ထည့်ထားတယ်။

NW- တိုင်းအစိုးရအနေနဲ့ သဘာဝဘေးအန္တရာယ်မှ ပြည်သူတွေထိခိုက်မှု လျော့နည်းအောင် ဘယ်လိုများ ကြိုတင်စီစဉ်ဆောင်ရွက်ထားပါသလဲ။

ဝန်ကြီးချုပ် - အဲ့ဒါတွေက တိုင်းဒေသကြီးအဆင့်အနေနဲ့လည်းပဲ ကယ်ဆယ်ရေးတို့၊ ဘာတို့ လုပ်ဖို့အတွက်ကို ကယ်ဆယ်ရေးပြန်လည်နေရာချထားရေးဆိုလည်း ၀န်ကြီးဌာနရှိတယ်။ လုံခြုံရေးဆိုရင်လည်းပဲ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးရှိတယ်။ ကျွန်တော်တို့ အကုန်လုံးတိုင်းအဆင့် ခရိုင်အဆင့် ကယ်ဆယ်ရေးပြန်လည် နေရာချထားရေး အဖွဲ့တွေဖွဲ့ထားပါတယ်။ မနှစ်ကဆိုလို့ရှိရင်လည်း ကျွန်တော်တို့ အစိုးရတက်ကာမှကို စိုက်ဆင်းလေတွေကြောင့် အမိုးလန်တာတွေ မိုးကြိုးပစ်တာတွေ ဓာတ်တိုင်လဲ တာတွေရှိတယ်။

လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကိုယ်တိုင် တရက်ပဲကြာတယ်ရောက် လာပြီးတော့ မိုးကြိုးပစ် သေတဲ့သူရဲ့ရွာသွားပြီး ထောက်ပံ့ကြေးတွေပေးတယ်။ ချက်ချင်းကိုပဲ အရေးယူဆောင်ရွက်တယ်။ ရေဘေး ဆိုရင်လည်း သမ္မတကြီးကိုယ်တိုင်လာတယ်။ လှူဒါန်းမှုတွေလုပ်ပေးတယ်။ ဘေးကလှူတာတွေလည်း ရှိတယ်။ ငလျင်ဘေးဆိုရင်လည်း တတ်နိုင်သမျှ ကျွန်တော်တို့ လုပ်ပေးတယ်။ ဘုရားစေတီပုထိုးတွေ ပျက်တာရှိတယ်။ ပျက်တာတွေကိုလည်းပဲ တိုင်းဒေသကြီးအစိုးရက ဘတ်ဂျက်ထောက်ပံ့ခဲ့သလို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးနဲ့ တပ်မတော်သားတွေက ဘုရားစေတီပုထိုး တွေပြင်ဖို့ သိန်း ၆၀၀ ကျော် လှူဒါန်းတွေရှိတယ်။ အဖွဲ့တွေအကုန်ဖွဲ့ထားတယ်။ လိုအပ်လို့ရှိရင် အချိန်မီပြောင်းနိုင်ရွှေ့နိုင်ဖို့ ချောင်းတွေမြစ်တွေထဲဝင်နိုင်တဲ့ ဇက်ရေယာဉ်ကိုလည်း ရေကြောင်းဦးစီးဌာန မန္တလေးရုံးခွဲကနေပြီး ကျွန်တော်တို့ဆီကို အဆင်သင့်ယူထား တာရှိတယ်။

လိုအပ်တဲ့ ရန်ပုံငွေကိုလည်းရအောင် ကြိုးစားနေပြီး အခုဆို သိန်းသုံးထောင်ကျော်ရှိပါတယ်။ ရေနံလက်ယက်ကရတဲ့ ရန်ပုံငွေတွေလည်းပဲ အဲဒီထဲကို တတ်နိုင်သမျှ ပံ့ပိုးမယ်။ နောက်တခါ အရင်အစိုးရက ပေးခဲ့တဲ့ဟာတွေနဲ့လည်း မနည်းပါဘူး။ ကျွန်တော်တို့ ထောက်ပံ့နိုင်မှာပါ။ သို့သော်လည်းပဲ အရင်အစိုးရကရတဲ့ သိန်းပေါင်းသုံးသောင်းကျော်က တော့ ဘတ်ဂျက်စည်းမျဉ်းစည်းကမ်းနဲ့အညီ သုံးရတာပေါ့။ လောလောဆယ် အဲဒါသုံးလို့မရသေးဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ ၂၀၁၇-၂၀၁၈ ဘတ်ဂျက်က လျာထားပြီးပြီ။ အဲမှာမလောက် ပါဘူး။ ပိုက်ဆံထပ်ပေးပါဆိုတဲ့ကာလကျမှ နိုဝင်ဘာ၊ ဒီဇင်ဘာလောက်ကျရင် ဖြည့်စွက်ရန်ပုံငွေလို့ခေါ်တယ်။ အဲဒီကာလကျလို့ရှိရင်တော့ ခုနပိုက်ဆံ အရင်အစိုးရရတဲ့ သန်းသုံးထောင်ကျော်နဲ့ အဲမှာဖြည့်စွက်သုံးလို့ ရပါတယ်။

NW- ၀န်ကြီးချုပ်အနေနဲ့ ဖြည့်စွက်ပြောချင်စရာတွေရှိရင် ပြောကြားပေးပါခင်ဗျ။

ဝန်ကြီးချုပ်- သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းဆိုတာ ပြည်သူ့နား ပြည်သူ့မျက်စိပဲ။ News Watch ကော ကျန်တဲ့ ဂျာနယ်တွေကော သတင်းစာ၊ မဂ္ဂဇင်းတွေ အားလုံး အစိုးရကောင်းတယ်။ အစိုးရမှန်တယ်။ အစိုးရတော်တယ် ဆိုတာမျိုးပြောနေတဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ ပြောသင့်ပြောထိုက်တာပြောဖို့။ ဝေဖန်သင့်ဝေဖန်ထိုက်တာ ဝေဖန်ဖို့။ နေရာတကာလိုက်ပြီးတော့ ဆီလိုအပေါက်ရှာတာမျိုး အပြစ်ရှာတာမျိုးမဟုတ်ဘဲနဲ့ပေါ့။ တိုင်းပြည်ရဲ့ဖွံ့ဖြိုးရေး တိုးတက်ရေး၊ အေးချမ်းသာယာရေးတွေမှာ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေဟာ အလွန်တရာအရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိတဲ့အတွက် ကြောင့် တတ်နိုင်သမျှ အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်အောင် ပြည်သူ့နား၊ ပြည်သူ့မျက်စိ၊ ပြည်သူ့ကိုယ်စား ဆောင်ရွက်ပေးနိုင်ပါစေလို့ ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ်။ မေတ္တာပို့ပါတယ် ဒါပါပဲ။

(စောကျော်ဝင်း တွေ့ဆုံမေးမြန်းသည်။)

Edited by Naing Tun

No comments:

Post a Comment