Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 12, 2017

အပယ်ခံလမ်းပေါ်က နွမ်းပါးမျက်ရည် ..!


အပယ်ခံလမ်းပေါ်က နွမ်းပါးမျက်ရည် ..!

ဖျောင်း .... ခွပ် ...... ခွပ် ..... အင့် .......

အသံ သည် ဆံပင်တိုတို ဗလ ခပ်တောင့်တောင့် လူတစ်ဦးက သူ့ထက်အနည်းငယ် အသက်ငယ်ပြီး ပိန်သယောင် ရှိသော လူတစ်ဦးကို တိုးကြိတ်နေရာဆီမှ ဖြစ်သည်။ အထိုးခံနေရသူမှာ ဗလ တောင့်တောင့် နှင့် လူကြီးကို လက်ကာနေရုံမှ တပါး ဘာမှ ပြန်မလုပ်ပေ။ အထိုးခံရသော သူမှာ မျက်နှာ ဖူးယောင်လာ ပြီး နှာခေါင်း မှ လည်း သွေးတွေ လျံ ကျ လာသည်။ သူတို့ နှစ်ယောက် ရဲ့ အနီးနာမှာတော့ တခြားသူလေး ငါးယောက်လည်း ရှိနေပြန်သည်။ ထိုသူတို့အားလုံးသည်လည်း ယောက်ျား ရင့်မာ ကြီးတွေ ဖြစ်ပေမယ့် ရန်ပွဲကို ဘေးမှသာ ရပ်ကြည့်နေကြသည်။


“ ဟေ့ ကောင်တွေ .....

ငါ့ နာမည် တိုးဝေ ကွ ။

ဒီလောကမှာ လုပ်စားလာတာ နှစ်ပေါင်း နှစ်ဆယ်ကျော်နေပြီ။

မင်းတို့ထက် သဘာကော ၀ါကော ပိုရင့်တယ်

မင်းတို့ထက်လည်း ပိုမိုက်တယ်ကွ။

ငါ့ ကို ကျော်ဖို့ မစဉ်းစားနဲ့

ခုလို ခွင်ကျော်တာ ဒါနောက်ဆုံး ဖြစ်ပါစေ

နောက်တစ်ခါဆို ဒီထက် ပိုနာမယ် ။

သွားကြတော့ ..... မင်းတို့ မျက်နှာတွေ မမြင်ချင်ဘူး။ ”

တိုးဝေ ဆိုသူရဲ့ စကားသံ ဆုံးတာနဲ့ အထိုးခံရသော လူအပါအ၀င် ဘေးမှာရပ်နေကြသူများအားလုံး ထိုနေရာမှ ခပ်သုတ်သုတ်ထွက်သွားကြတော့သည်။ တိုးဝေ ကတော့ ထိုသူတွေကို မျက်ထောင့်နီကြီး နဲ့ မြင်ကွင်းတစ်ဆုံး လိုက်ကြည့်နေသည်။ ထို သူများ မြင်ကွင်းထဲမှ ကွယ်သွားတော့မှ ဘောင်းဘီအိတ်ထဲ လက်နှိုက်ကာ စီးကရက်ဘူးကို ထုတ်ကာ ဆေးလိပ်တစ်လိပ် မီးညှိ လိုက်သည်။ ပြီးနောက် အနီးရှိ အုတ်ခုံပေါ်တွင် အေးအေးလူလူ ထိုင်သောက်နေလေသည်။

တိုးဝေ ဆေးလိပ် ကုန်ခါနီး အချိန်တွင်တော့ အသက် ဆယ့်ငါးနှစ် အရွယ်ခန့် မိန်းခလေးတစ်ယောက် သူ့ထံသို့ ဦးတည် လျှောက်လာနေသည်ကို တွေ့ရသည်။ ထို မိန်းခလေး အနီးသို့ ရောက်ချိန်တွင် တိုးဝေ က လက်ထဲမှ သောက် လက် စ ဆေးလိပ်တိုကို မိန်းခလေး ရဲ့ မလှမ်းမကမ်း နေရာသို့ လှမ်းပစ်လိုက်သည်။ မိန်းခလေးက တိုးဝေ လွှင့်ပစ်လိုက်သော ဆေးလိပ် တိုကို တစ်ချက်ကြည့်လိုက်ကာ .....

“ ဦးတိုး ......

ဘာဖြစ်ကြတာလဲ ။ ”

“ ဘာမှ မဟုတ်ပါဘူး လဲ့လဲ့ ရယ်

ဒီ ကောင်တွေ ခွင်လာကျော်နေလို့

နည်းနည်း ဆုံးမ ပေးလိုက်တာ ”

“ ကဲ - သမီး .....

ဒီနေ့ ဘယ်လောက် အလုပ်ဖြစ်လာလဲ ”

“ ဒီနေ့ ငါးထောင်လောက်ပဲ ရတယ် ဦးတိုးရဲ့

ရော့ ... ဦးတိုး နှစ်ထောင်ယူ ”

လဲ့လဲ့ က စကားဆုံးတာနဲ့ ပိုက်ဆံ ကို တိုးဝေ ထံ လှမ်းပေးလိုက်သည်။ ပိုက်ဆံများ အားလုံးသည် ငွေ အကြွေ များသာ ဖြစ်ကြသည်။ ထို့ကြောင့် တိုးဝေ က သေ ချာအောင် ရေတွက်လိုက်ပြီး ......

“ ရော့ ..... ငါး ရာ ပြန်ယူသွား

မဲ စုထားတယ် မဟုတ်လား

မဲ ဖိုး ပေးလိုက် ”

“ လမ်းစရိတ် ဖယ်ပြီး ကျန်တာ

ညည်းအဖေကို ပေးလိုက်

သူက လုပ်နိုင်ကိုင်နိုင် မဟုတ်တော့ဘူး ”

“ အိမ်ရောက်ရင် ပြောလိုက်ဦး

ငါ လာခဲ့ ပါ ဦးမယ်လို့ ”

“ ကဲ - သွားတော့ ....

နောက်ကျနေမယ် ”

စကားဆုံးတာနဲ့ လဲ့လဲ့ က တိုးဝေ ရှေ့မှ ချာကနဲ့ လှည့်ထွက်သွားလေသည်။ တိုးဝေ က လဲ့လဲ့ ရဲ့ ကျောပြင်ကို ငေးကြည့်ရင်း လက်ထဲမှာ ကိုင်ထားတဲ့ ငွေ အကြွေ တွေ ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်မိသည်။ တစ်ဆက်တည်းမှာပဲ သက်ပြင်းရှည်ကြီး တစ်ချက်ကိုလည်း ချ လိုက်မိသည်။

( ၂ )

“ သမီးကို မဖမ်းကြပါနဲ့

သမီးကို မဖမ်းကြပါနဲ့ ”



လဲ့လဲ့ ရဲ့ အော်သံကြောင့် ကိုဘဦး အနားသို့ ကိုယ်ကို ဒရွတ်ဆွဲကာ သွားလိုက်သည်။ အနားသို့ရောက်လျှင် ကိုဘဦးက အိပ်နေတဲ့ လဲ့လဲ့ ပခုံးကို လှုပ်နှိုးပြီး

“ သမီး ... သမီး ....

ဘာဖြစ်တာလဲ ”

ကိုဘဦးရဲ့ မေးသံကြောင့် လဲ့လဲ့ မျက်လုံးဖွင့်ကြည့်ကာ ကယောင်ကတန်း ထထိုင်လိုက်သည်။ ပြီးနောက် ဖခင်ဖြစ်သူကိုကြည့်ကာ ....

“ ဟင် ... ဖေဖေ ”

လဲ့လဲ့ ဆီမှ ထိုစကားသံသာကြားရပြီး ဖခင်ဖြစ်သူ ကိုဘဦးကို ဖက်ကာ ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။ ကိုဘဦးက သမီးဖြစ်သူကို အလိုက်သင့် ပြန်ဖက်ထားလိုက် ပြီး .....

“ သမီး မငိုနဲ့တော့လေ

အိပ်မက်မက်တာပါ

ဘာမှမဖြစ်ပါဘူး သမီးရဲ့ ”

ကိုဘဦးက ထိုသို့ပြောနေပေမယ့် လဲ့လဲ့က ငိုတာ မရပ်သေးပေ။ သို့ပေမယ့် ကိုဘဦးကို ဖက်ထားတဲ့ လက်တွေကို ဖယ်လိုက်ပြီး ကိုယ်ချင်းခွာကာ ဖခင်ရှေ့၌ ကျုံ့ကျုံ့ လေး ထိုင်နေလေသည်။ ကိုဘဦးက ....

“ သမီးရော့ ....

ရေ သောက်လိုက်ဦး ”

ခေါင်းရင်းရှိ သောက်ရေအိုးမှ ကိုဘဦး ခပ်ပေးသော ရေကို လဲ့လဲ့ ယူသောက်လိုက်သည်။

“ ဖေဖေ ...

သမီး ဒီအလုပ်ကို ဆက်မလုပ်ချင်တော့ဘူး

ဒီအလုပ်ကို လုပ်ရတာ သမီး တဖြေးဖြေး ရှက်လာပြီ

မေမေ ရှိရင် သမီးကို ဒီအလုပ် လုပ်ခိုင်းမယ် မထင်ဘူး ”

သမီးဖြစ်သူ လဲ့လဲ့ ရဲ့ စကားကြောင့် ကိုဘဦး တစ်ယောက် လည်ချောင်းတွေ ခြောက်သွေ့သွားသလို ခံစားလိုက်ရသည်။ ရုတ်တရက် သမီးဖြစ်သူကို ဘာပြန်ပြောရမလဲ မစဉ်းစားနိုင်ဖြစ်သွားသည်။ လက်သီးကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။ တဆက်တည်းမှာပဲ မျက်ဝန်းမှ မျက်ရည်တွေလည်း လျှံ ကျလာသည်။ ဆုံးပါးသွား ပြီဖြစ်တဲ့ ဇနီးသည်ရဲ့ မျက်နှာကိုလည်း မြင်ယောင်လာသည်။ ကိုဘဦး သမီးဖြစ်သူကို ဂရုဏာသက်တဲ့ မျက်လုံးတွေနဲ့ အတန်ကြာ စိုက်ကြည့်နေမိသည်။ ပြီးမှ သတိပြန်ဝင် လာကာ ....

“ အေးပါ ... သမီးလေးရယ်

အဖေလည်း သမီးကို ဒီလို ဘ၀မျိုးမှာ ဘယ်ထားချင်ပ့ါမလဲ

ဟော့ဒီ အဖေ့ ခြေထောက်ကြောင့်သာ မဟုတ်ရင် ....”

ကိုဘဦး အသံတွေ တိမ်ဝင်သွားသည်။ မျက်လုံးမှ မျက်ရည်တွေ သွင်သွင်စီးကျလာသည်။ ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ လက်သီးနဲ့ ကြမ်းပြင်ကို ထု ရိုက်နေမိသည်။

“ ဖေဖေ ... တော်ပါတော့ ဖေဖေရယ်

သမီး ရှက် လွန်းလို့ ပြောမိတာပါ

အဖေ့ကို စိတ်ဆင်းရဲစေချင်လို့ မဟုတ်ပါဘူး ”

လဲ့လဲ့ ပြောရင်းနဲ့ ပိုပြီး ငိုလာသည်။ ကိုဘဦးက သမီးကို ပြန်လည်ပွေ့ဖက်လိုက်ပြီး ......

“ အေးပါ သမီးရယ် ဖေဖေသိပါတယ်

မငိုပါနဲ့တော့ သမီးမလုပ်ချင်ဘူးဆိုရင်လေ

မနက်က စပြီး ဒီအလုပ်ကို မလုပ်နဲ့တော့နော်

အခု ပြန်အိပ်လိုက်တော့နော်

အိပ်ရေး မ ၀ ပဲ နေမယ် ”

ကိုဘဦးတစ်ယောက် သမီးဖြစ်သူကို ချော့ကာ ပြန်အိပ်ပျော်သွားသည်အထိ ဘေးမှာ ထိုင်နေမိသည်။ အိပ်ပျော်နေတဲ့ သမီးရဲ့ မျက်နှာကို ကြည့်ကာ သူ့ဇနီးသာ အနားမှာ ရှိနေခဲ့ရင် သူ့ကို ဘယ်လောက်များ အပြစ်တင်လိုက်မလဲ ဆိုတာ တွေးနေမိသည်။ တကယ်တော့ ကိုဘဦး ကိုယ်တိုင် ဒီ အလုပ်ကို မနှစ်မြို့ပါ။ ဒီလို ဘ၀ မျိုးမှာလည်း မနေချင် ပါ။ သို့ပေမယ့် သူ့လို ဒုက္ခိတ ဖြစ်နေသူတစ်ယောက် အတွက်ကတော့ မျက်ရည်ကျနေရုံမှတပါး အခြား ရွေးခြယ်စရာ မရှိခဲ့ပေ။

( ၃ )

“ ဗျို့ ... ကိုဘဦး ”

ခပ်ကျယ်ကျယ် ခေါ်သံကြောင့် ကိုဘဦး အိမ်ရှေ့သို့ လှမ်းကြည့်လိုက်မိသည်။ လက်ထဲတွင် ချိုင်းထောက်အသစ် တစ်ခုကို ကိုင်ထားပြီး အိမ်ထဲသို့ လှမ်းလာသည့် တိုးဝေ ကို တွေ့ရသည်။ တိုးဝေ အိမ်ပေါက်ရောက်သည်တာနဲ့ ကိုဘဦးက .....

“ ငတိုး ... ဘယ်ကဘယ်လို မျက်စိလည်လာတာတုန်း ”

“ ဘယ်ကမှ မလည်ဘူး ဒီကိုပဲလာတာ

မင်း အတွက် ငါ ချိုင်းထောက်အသစ်ဝယ်လာလို့ကွ

အလူမီနီယံနဲ့ လုပ်ထားတယ်လို့ ပြောတာပဲကွာ

ပေါ့တာကတော့ တတော်လေး ပေါ့တယ်

သစ်သား ချိုင်းထောက်ကြီးထက်စာရင်

မင်းအတွက် အဆင်ပြေတာပေါ့ကွာ ”

တိုးဝေ က ကိုဘဦး စကားပြန်ဖြေရင်း လက်ထဲမှ ချိုင်းထောက်ကို လှမ်းပေးလေသည်။ ပြီးနောက် ....

“ ဒါနဲ့ လဲ့လဲ့ လေးကောကွ

အလုပ်မလာတာလည်း နှစ်ရက်ရှိနေပြီ

နေမကောင်းဘူးလား ”

တိုးဝေ ရဲ့ စကားဆုံးတော့ ကိုဘဦး သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ပြီးနောက် ဟိုတစ်ည ဖြစ်ပျက်ခဲ့သည်များကို အစဆုံး ပြန်ပြောပြလိုက်လေသည်။ တိုးဝေ က ကိုဘဦး ပြောသမျှ ကို သေချာစွာ နားထောင်ပြီး ဟင်း ခနဲ သက်ပြင်းတစ်ချက်ချကာ.....

“ ခက်တော့လည်း ခက်သားလားကွာ

လဲ့လဲ့ မပြောနဲ့ ငါ လည်း ဒီအလုပ်ကို ဆက်မလုပ်ချင်တော့ဘူးကွာ ငြီးငွေ့လာပြီ

ငါ့ကိုလည်း ခေါင်းပုံ ဖြတ်တဲ့ သူ ၊ အညွှန့် ခူးစားတဲ့ သူ ဆိုပြီး ပြောကြတယ်

ဒါပေမယ့် နောက်ကွယ်မှာ ငါ လုပ်ပေးနေတာတွေ ငါ ရှင်း ပေးနေတာတွေကျ

ဘယ်သူမှ မမြင်ဘူးကွ။ မနေ့ကလည်း ဒေါ်တင်မြ ကြီးကို ဆေးရုံ လိုက်ပို့ ပေးရသေးတယ်။

လမ်းမှာ သတိတောင် နှစ်ခါလောက်လစ်သွားသေးတယ်။ ဆေးရုံရောက်လို့ ဆေးသွင်းပြီးသွားမှ

ကောင်းသွားတာ ဆရာဝန်ကတော့ အဟာရ ချို့တဲ့ တာလို့ ပြောတာပဲ

ဟိုတလောကလည်း ရပ်ကွက်ထဲမှာ ကလေးငှားပြီး ပြန်မပို့တာ ပြသာနာ ဖြစ်လို့ သွားရှင်းပေးရသေးတယ်။

မလွယ်ပါဘူးကွာ။ ”

“ လဲ့လဲ့ လေးကလည်း အရွယ်ရောက်လာပြီ ဆိုတော့ သူလည်း ရှက်တတ်လာမှာပေါ့ကွာ

ငါလည်း ဒါကို စဉ်းစားထားမိတယ်။ အရင်လို သူတို့လေးတွေက ငယ်ငယ်လေးတွေမှ မဟုတ်တော့တာ

ဒါပေမယ့် တစ်ခု ရှိတယ်ကွ။ ဗြုန်းစားကြီး ပြောင်းလဲဖို့ဆိုတာတော့ မဖြစ်နိုင်ဘူးကွ။

လက်ထဲမှာ တခြားလုပ်ကိုင်စားလို့ရမယ့် အရင်းနှီးလေးတော့ ရှိထားမှ ဖြစ်မယ် ”

“ ငါ့ မှာလည်း စုထားတာ နည်းနည်းပါးပါး ရှိတယ်။

မင်း သမီးက မင်းမသိအောင် မဲ စုနေတာလည်း ရှိတယ်။

ဒီ တစ်ခါ စု မဲ ထွက်ရင် ငါ့ဆီ ရှိတာလေးနဲ့ ပေါင်းပြီး မင်းတို့ သားအဖကို တစ်ခုခု လုပ်ပေးမယ်ကွာ

မင်းလည်းကျန်းမာရေး ကောင်းတာမဟုတ်တော့ အခုတော့ ခဏတာ သည်းခံ ကြဦးကွာ ”

တိုးဝေ ရဲ့ စကားတွေကို ကိုဘဦး သေချာစွာ နားထောင်ကြည့်မိသည်။ စကားတွေ အားလုံးက ကြောင်းကျိုး ဆီလျော်မှု ရှိနေသည်။ ထို့နောက် ကိုဘဦးက ...

“ အေးပါ ငတိုးရာ

ငါ သမီးလေးကို နားဝင်အောင် ပြောပါ့မယ်။ ”

“ အေး ...အေး ...

လဲ့လဲ့ လေးက လိမ္မာပါတယ်ကွာ

ငါ့ သွေးသားမဟုတ်ပေမယ့်

ငါ ဒီကလေးကို ငါ့ သားသမီးလို ချစ်ပါတယ်ကွာ

ငါလည်း နားဝင်အောင် သေချာ ပြောပ့ါမယ်

ကဲ - ခုတော့ ငါ ပြန်ဦးမယ်ကွာ

မင်းလည်း ကျန်းမာရေး ဂရုစိုက်ဦး ”

တိုးဝေ က စကားဆုံးတာနဲ့ ကိုဘဦး ထံမှ ပြန်လည် ထွက်ခွာသွားသည်။ တိုးဝေ ပြန်ထွက်ပြီးနောက် အိမ်ထဲမှ လဲ့လဲ့ တစ်ယောက် ဖခင်ဖြစ်သူ ကိုဘဦး အနားသို့ ရောက် လာသည်။ ကိုဘဦး ထိုင်နေရာမှ လဲ့လဲ့ ကို လှမ်းကြည့်လိုက်မိသည်။ လဲ့လဲ့ ရဲ့ မျက်ဝန်းတွေက မျက်ရည် တွေက ပါးပြင်ပေါ်သို့ စီးကျနေတာကို ကိုဘဦး တစ်ယောက် မြင်လိုက်ရသည်။

( ၄ )

ရန်ကုန်မြို့ရဲ့ လူထူထပ်တဲ့ မှတ်တိုင်တစ်ခုသို့ ခရီးသည်တင် ဘတ်စ် ကားကြီးတစ်စီး ထိုးစိုက်ရပ်တန့်လိုက်သည်။ ကား စပါယ်ယာ ရဲ့ မှတ်တိုင်ရွတ်သံနဲ့အတူ ခရီးသည် များ အဆင်းအတတ် ပြုလုပ်ကြလေသည်။ ထို ခရီးသည်များထဲတွင် ခပ်နွမ်းနွမ်း အ၀တ်ထည်တို့ကို သပ်ရပ်စွာ ၀တ်ဆင်ထားပြီး ကချင်လွယ်အိတ် အဟောင်းလေး တစ်လုံး ကို ကျနစွာလွယ်ထားသော အသက် ဆယ့်ငါးနှစ်အရွယ် မိန်းခလေး တစ်ဦးလည်း ပါလေသည်။ ထို မိန်းခလေးက ကားပေါ်ရောက်တာနဲ့ ကား နောက်ပိုင်းသို့ တိုးဝင် သွားလိုက်ပြီး ဘတ်စ် ကားကြီး ပြန်အထွက်ကို စောင့်နေလိုက်သည်။

မိန်းခလေးက ကား စ ထွက်တာနဲ့ လွယ်ထားတဲ့ ကချင်လွယ်အိတ်ထဲမှ တစ်စုံတစ်ခုကို နှိုက်လိုက်လေသည်။ လွယ်အိတ်ထဲမှ လက်ပြန်ထုတ်လိုက်ချိန်မှာတော့ စာရွက်ဖြူ အပိုင်းလေးများ အထပ်လိုက် လက်ထဲမှာ ပါလာလေသည်။ ထို စာရွက်အပိုင်းလေးများ က အဖြူ ချည်း သက်သက်တော့ ဟုတ်မနေပေ။ ထို စာရွက်ပိုင်းများပေါ်တွင် ကွန်ပြူ တာဖြင့် စာစီထားတဲ့ စာသားတချို့ ပါဝင်လေ သည်။

မိန်းခလေးက စာရွက်ပိုင်းလေးတွေကို ကားပေါ်ရှိ ထိုင်နေသော ခရီးသည်များအားလုံးကို တစ်ယောက်တစ်ရွက်စီ လိုက် လံ ဝေငှ လိုက်သည်။ ကားနောက်ပိုင်းမှ ကားဦး ပိုင်းထိ သို့ တစ်ယောက်မကျန် ဝေပြီးသော် ဒူးထောက်ထိုင်ချလိုက်ပြီး သနားစ ဖွယ် အသံပြုလုပ်ကာ ....

“ အကိုကြီး အမကြီး ဦးဦး ဒေါ်ဒေါ် တို့ရယ်

သမီးက ခြေမသန်တဲ့ အဖေ အိုကြီးကို လုပ်ကျွေးနေရတာပါ။

ထို အဖေကြီး ဆေးကုသဖို့အတွက် အကူညီတောင်းခံခြင်း ဖြစ်ပါတယ်။

သမီးရဲ့ ဒုက္ခကို သနားငဲ့ညှာစွာနဲ့ အကူညီပေးကြပါလို့ အနူးအညွတ် တောင်းပန်ပါတယ်

သွားလမ်းသာလို့ လာလမ်းများလည်း ဖြောင့်ကြပါစေရှင် ။ ”

မိန်းခလေးက သူ့စကားဆုံးတာနဲ့ တပြိုင်နက် ကားကြမ်းပြင်ပေါ်သို့ ဦးသုံးကြိမ်ချကာ ကန်တော့လိုက်သည်။ ထို့နောက် သူ ဝေထားသော စာရွက်ပိုင်းလေးများကို တစ်ယောက်မကျန် ပြန်လည် သိမ်းဆည်းလေသည်။ ထို စာရွက်ပိုင်းလေးတွေနဲ့အတူ ငါးဆယ်တန် ၊ တစ်ရာတန် ၊ နှစ်ရာတန် အစသဖြင့် ငွေ အကြွေ လေးများလည်း ပါလာသည်။ ဒါပေမယ့် လူတိုင်းတော့ မဟုတ်ပေ။ စာရွက်ပိုင်းလေးတွေကို တချို့က ကောင်းကောင်းမွန်မွန် ပြန်ပေးကြသော်လည်း တစ်ချို့က ငြူ စူကြသည်။ တချို့က မယုံသင်္ကာ မျက်လုံး များဖြင့် ကြည့်ကြသည်။ တချို့က တီးတိုး ပြောဆိုကြသည်။ မည်သို့ပင် ဖြစ်စေကာမူ မိန်းခလေးကတော့ ထို အရာတွေကို နည်းနည်းလေးမျှ ဂရုစိုက်ဟန် မပြပေ။ စာရွက်ပိုင်းလေးတွေကိုသာ ပြီးစီးအောင် လိုက်သိမ်းပြီး လွယ်ထား သော ကချင်လွယ် အိတ် ထဲသို့ ပြန်ထည့်လိုက်သည်။ ထို့နောက် ကားရပ်သော မှတ်တိုင်တစ်ခု တွင် ခရီးသည်တွေနဲ့အတူ ကားပေါ်မှ ပြန်ဆင်း သွားလေသည်။

မိန်းခလေး က ကားပေါ်မှ ဆင်းပြီးနောက် မှတ်တိုင် နှင့် မလှမ်းမကမ်း နေရာတစ်ခုသို့ ဆက်လျှောက်သွားလိုက်သည်။ ထို့နောက် လွယ်အိတ်ထဲမှ ပိုက်ဆံ နှင့် စာရွက်ပိုင်း များ ရောနေသည်ကို ပြန်ခွဲပြီး ပိုက်ဆံသပ်သပ် ၊ စာရွက်သပ်သပ် ကျနစွာ ပြန်စီလိုက်သည်။ စီပြီးသော စာရွက် ပိုင်းလေးတွေကို လွယ်အိတ်ထဲကို ပြန်ထည့်ပြီး ပိုက်ဆံ အကြွေ များကို တစ်ရွက်ချင်း စီ ရေ တွက်လိုက်သည်။ အားလုံးပေါင်း တစ်ထောင်တိတိ ဖြစ်လေသည်။ မိန်းခလေးက ပိုက်ဆံများကို ကြည့်ကာ သွားဖြူ ဖြူ လေးတွေပေါ်အောင် ပြုံး လိုက်သည်။ ထို အပြုံးထဲတွင် သူ့ရဲ့ မျှော်လင့်ချက်တချို့ နဲ့ သူ့ဘ၀ရဲ့ နောက်ကွယ်က မျက်ရည်တွေ ပါဝင်နေတယ်ဆိုတာကို သူသာလျှင် အသိဆုံး ဖြစ်နေလို့နေပါတော့သည်။

Credit: ရော့ခ်ကာ ( လင်းရောင်ခြည် )