Structure အကြောင်း


စာရေးတဲ့အပိုင်းမှာ အင်္ဂလိပ်လိုပဲရေးရေး မြန်မာလိုပဲရေးရေး ကျနော်တို့တွေ အမြဲတမ်းစပြီးလေ့လာရတဲ့အပိုင်း က နံပါတ် (၁) အိုင်ဒီယာ နဲ့ နံပါတ် (၂) တည်ဆောက်ပုံ (Structure) အပိုင်းပါ။ မြန်မာပြည်ကျောင်းတွေက စစ်တဲ့ အင်္ဂလိပ်စာ စာမေးပွဲတွေမှာပဲဖြစ်ဖြစ်၊ နိုင်ငံခြားတက္ကသိုလ်ဝင်ခွင့် စာစာမေးပွဲတွေဖြစ်တဲ့ TOEFL, IELTS, GRE, SAT, GCE စသဖြင့် ဘယ်စာမေးပွဲပဲဖြစ်ဖြစ် အင်္ဂလိပ် စာစီစာကုံး (Essay) ရေးရင် အနည်းဆုံး ၃ ပိုဒ်ရေးရမယ်ဆိုတာ ဆရာတွေက ပြောထားပြီးသား။ ဒါကိုမှ စာပိုဒ်ထပ်ပြီးခွဲချင်ရင် စာကိုယ်ပိုင်းမှာ မိမိတင်ပြတဲ့အကြောင်းအရာ နဲ့ ပက်သက်ပြီး ဥပမာ၊ ဥပမေယျ၊ အကိုးအကားတွေ နဲ့ တင်ပြတဲ့ အခါမှာ ဥပမာတခုကို စာတပိုဒ်စီထပ်ခွဲပြီး ရေးရတယ်ဆိုပြီး Essay တပုဒ်ရဲ့ Structure ပိုင်းကို ကျနော်တို့တွေအားလုံး သင်ခဲ့ကြရတာပါ။

ကျနော်က သတင်းထောက်လည်းလုပ်ခဲ့သေးတော့ သတင်းထောက်သင်တန်းမှာလည်း ဒီလိုပါပဲ။ သတင်းရေး သားနည်း အခြေခံသင်တန်းမှာ ဆရာတွေက ဘကုန်း ၆ လုံးပါအောင်ရေးနည်း၊ တြိဂံဇောက်ထိုး တည်ဆောက်ပုံ အတိုင်း ရေးနည်း အဆင့်ဆင့်ကိုပဲ စပြီးသင်ပေးတာပါ။ သတင်းထောက်သင်တန်း အတိုလေး တွေပဲ တက်တက်၊ နိုင်ငံတကာက တက္ကသိုလ်တွေမှာ သတင်းစာပညာ (Journalism) ပဲ သွားသင်သင် သူ့ရဲ့ အခြေခံ သဘောတရား (basic concept) က ဒါပါပဲ။ ကျန်တဲ့အပိုင်းတွေဖြစ်တဲ့ Commentary တို့၊ Analysis တို့၊ Interview တို့၊ Satire ရေးနည်းတွေကတော့ အဆင့်မြင့်အပိုင်းမှာ ပါသွားတာပေါ့လေ။


ဝတ္ထုတွေ၊ ဇာတ်ညွှန်းတွေ ရေးသားနည်း သင်ရင်လည်း သူ့ရဲ့ တည်ဆောက်ပုံ Three Act Structure ပိုင်းကို လေ့လာရတာပဲ။ ပြီးတော့ Story Arc နဲ့ Character Arc အကြောင်းတွေလေ့လာရတယ်။ ဇာတ်လမ်းတပုဒ်ကို တည်ဆောက်တဲ့အခါမှာ Act ၃ ခုလုံးကို အချိတ်အဆက်မိမိ ကွင်းဆက် မပြတ်စေပဲ နဲ့ ရှေ့နောက် လျော်ညီစွာ ကောင်းကောင်း ချိတ်ဆက် တင်ပြထားနိုင်တယ်ဆိုရင် ဒီဇာတ်လမ်းဟာ Story Arc ကောင်းတယ်လို့ ပြောလို့ရတယ်။ ဇာတ်လမ်းထဲမှာ ဇာတ်ကောင် (များသောအားဖြင့် အဓိက ဇာတ်ကောင်) ဟာ အခြေအနေ တရပ်ရပ် (ဒါမှမဟုတ်) ပတ်ဝန်းကျင်ရဲ့ စေ့ဆော်မှုကြောင့် သူ့ရဲ့ စိတ်ဓာတ် ခံယူချက်တွေပြောင်း လဲသွားတာမျိုး (တနည်းအားဖြင့်) ဇာတ်ကောင်ရဲ့ အတွင်းစိတ်တွေ ပြောင်းလဲသွားတယ်ဆိုရင် ဒီဇာတ်လမ်းဟာ Character Arc ရှိတယ်လို့ပြောလို့ရတယ်။ ဥပမာ - ကျော်သူ နဲ့ စိုးသူတို့ တွဲဖက်သရုပ် ဆောင်ခဲ့တဲ့ “ဒိုး” ရုပ်ရှင်ဇာတ်ကားမျိုးပေါ့။

LA က ရုပ်ရှင် သရုပ်ဆောင်သင်တန်း (Acting Class) တွေ၊ ဇာတ်ညွှန်းရေးသင်တန်း (Screenwriting Class) တွေ၊ ရုပ်ရှင်ရိုက်ကူးရေးပညာ သင်တန်း (Cinematography Class) တွေ နဲ့ တခြားရုပ်ရှင် နဲ့ ပက်သက်တဲ့ သင်တန်းတွေမှာ တက်နေကြတဲ့ မြန်မာကျောင်းသားတွေ အများကြီးပါ။ သရုပ်ဆောင်သင်တန်း တက်တယ်ဆိုပေမယ့် တချို့လည်း ဇာတ်ညွှန်းရေးကြပါတယ်။ တချို့ ကျောင်းသား တယောက်စ နှစ်ယောက် စက ဆက်သွယ်လာတယ်။ သူတို့မှာ ဇာတ်လမ်းတိုလေးတွေရှိတယ်။ အဲဒီဇာတ်လမ်းတွေ မှာ သူတို့ သရုပ်ဆောင်မယ်။ ကျနော့်ကို ဒါရိုက်တာ အနေနဲ့ ရိုက်ပေးဖို့ပြောတယ်။ ရိုက်တာက ရိုက်ပေးလို့ရပါတယ်။ အလွန်ဆုံး ရိုက်ရ ၄ ရက် နဲ့ ၅ ရက်ပေါ့။ တပြားမှလည်း မယူပါဘူး။ ကျနော် ဇာတ်ညွှန်း တောင်းပြီး ဖတ်ကြည့်တယ်။ ဇာတ်ညွှန်းထဲမှာ ဇာတ်ကောင်ရဲ့ ရည်မှန်းချက် (goal) ပျောက်နေတယ်။ ဇာတ်ကောင်က ဘာလိုချင်မှန်း၊ ဘာဖြစ်ချင်မှန်း၊ ဘာလုပ်ချင်မှန်း သဲသဲကွဲကွဲမသိဘူး။ Climax ကိုဆွဲတင်ဖို့ ဇာတ်ကောင် အတွက် လုံလောက်တဲ့ ဖိအားပေးမှုတွေ၊ အကြပ်အတည်းတွေ၊ တွန်းအားတွေ၊ စိန်ခေါ်မှုတွေ မရှိဘူး။ အစ (Act 1) က မဆိုးလှပေမယ့်၊ အလယ် Act 2 ပိုင်းမှာ တင်ပြပုံအားနည်းတော့ ဇာတ်သိမ်းပိုင်း (Act 3) လည်းမကောင်းဘူးဖြစ်သွားတယ်။

တချို့က “ဟေ့ … ငါ့မှာ story အိုင်ဒီယာရှိတယ်” ဆိုပြီးပြောတယ်။ အိုင်ဒီယာက လူအယောက် ၁၀၀ ကို သွားမေးရင် အယောက် ၁၀၀ လုံးမှာ သူ့ အိုင်ဒီယာ နဲ့ သူချည်းပဲ။ ဒါပေမယ့် အဲဒီအိုင်ဒီယာကို structure ထဲကို ဘယ်ပုံ ဘယ်နည်း နဲ့ ထည့်မှာတုန်း ဆိုတဲ့အချက်က အဓိကအချက်လေ။ အိုင်ဒီယာကို ပြောပြတာတော့ နားထောင်လို့ အရမ်းကောင်းတယ်။ ဒါပေမယ့် ရုပ်ရှင်ဆိုတာက အပြလေ။ “ရုပ်ရှင်ပြတယ်” ဆိုတာပဲရှိတယ်။ “ရုပ်ရှင်ပြောတယ်” ဆိုတဲ့စကားမှ မရှိတာ။ အပြကောင်းဖို့အတွက် ဇာတ်ညွှန်းကောင်းဖို့လိုတယ်။ ဇာတ်ညွှန်းကောင်းဖို့အတွက် Structure ကောင်းဖို့လိုပါတယ်။


အက်ဆေးရေးရေး၊ သတင်းပဲရေးရေး၊ ဇာတ်ညွှန်းပဲရေးရေး အိုင်ဒီယာပဲရှိပြီး structure မရှိရင် ရေးထားတဲ့ဟာ တွေအကုန်လုံး အချည်းအနှီးပဲ ဖြစ်မှာပါ။
Kyaw Thein Kha 





Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)