Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 22, 2017

ဖျော်ဖြေရေး ကဏ္ဍဆိုင်ရာ ဥပဒေ (အမေရိကန် ရုပ်ရှင်လုပ်ငန်း) အပိုင်း (၄)

 ထုတ်လုပ်သူ နဲ့ ဇာတ်ညွှန်းရေး ဆရာတွေ အကြားမှာ ချုပ်ဆိုတဲ့ စာချုပ်တွေထဲမှာ (ထုတ်လုပ်သူ နဲ့ ဇာတ်ညွှန်းရေးဆရာတို့ အကြား) နှစ်ဘက် အခွင့်ရေး နဲ့ လိုက်နာ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို အသေးစိပ်ရေးသား ဖော်ပြထားပါတယ်။ နှစ်ဘက် ချုပ်ဆိုတဲ့ သဘောတူစာချုပ်တွေထဲမှာ အများဆုံး ပါဝင်တဲ့ အချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ Separation-of-rights
စာချုပ်ထဲမှာ ဖော်ပြထားတဲ့ အချိန်ကာလ အတိုင်းအတာ တခုအတွင်း ထုတ်လုပ်ရေးပိုင်းမှာ အခြေအနေတခုခု အပြောင်းအလဲ ဖြစ်ခဲ့တယ်ဆိုရင် အဲဒီအခြေအနေကြောင့် ဇာတ်ညွှန်းရေးဆရာဟာ သူ့ရဲ့ ဇာတ်လမ်း နဲ့ ပက်သက်ပြီး နောက်ထပ် သီးခြားအခွင့်အရေးတွေကို ထပ်ပြီး ခံစားခွင့် (Separation of rights) ရှိပါတယ်။
ဥပမာ - ရုပ်ရှင် ကုမ္ပဏီဘက်က ဇာတ်ညွှန်းကို ၀ယ်ယူလိုက်တဲ့အခါမှာ စာချုပ်စပြီး ချုပ်ဆိုတဲ့ ရက်စွဲကနေ နောက် ၃နှစ်အတွင်း ရုပ်ရှင်ကို အပြီးရိုက်မယ်ဆိုပြီး စာချုပ်မှာ ဖော်ပြထားတယ်။ ဒါပေမယ့် အခြေအနေ အကြောင်းကြောင်းကြောင့် အဲဒီ ၃ နှစ်အတွင်းမှာ အဲဒီရုပ်ရှင်ကို မရိုက်ဖြစ်ဘူးဆိုရင် စာချုပ်ထဲမှာ ဖော်ပြထားတဲ့ ရုပ်ရှင်ကုမ္ပဏီဘက်က ရရှိထားတဲ့ အခွင့်အရေးတွေ ဘာမှ မရတော့ပါဘူး။ အဲဒီအခါမှာ ဒီဇာတ်ညွှန်း နဲ့ ပက်သက်တဲ့ ဆုံးဖြတ်ချက်တွေအားလုံး၊ အခွင့်အရေးတွေ အားလုံးက မူရင်းဇာတ်ညွှန်းရေး ဆရာရဲ့ လက်ထဲကို ပြန်ရောက်သွားပါတယ်။ အရာအားလုံးဟာ သူ့ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်တာပါ။ စာချုပ်ထဲက သဘောတူညီချက်အရ ၃ နှစ်အတွင်း ရုပ်ရှင်ရိုက်မယ်လို့ သဘောတူထားပြီး မရိုက်ဖြစ်တဲ့ အတွက်၊ ဇာတ်ညွှန်းရေးဆရာဘက်က သူ့ဇာတ်ညွှန်းကို တခြားရုပ်ရှင် ကုမ္ပဏီတခုခုကို ဆက်ပြီး ရောင်းခွင့်ရှိ ပါတယ်။ ဒီအခွင့်အရေးကို ဇာတ်ညွှန်းရေး ဆရာဘက်က သီးခြားခံစားခွင့်ရှိတဲ့ အခွင့်အရေးဖြစ်တဲ့အတွက် Separation of rights လို့ခေါ်တာပါ။ Hollywood က ဇာတ်ညွှန်းအရောင်းအ၀ယ်ဆိုင်ရာ စာချုပ်အများစုမှာ Separation of rights ကို ထည့်သွင်းဖော်ပြထားပါတယ်။

၂။ Loan-out Provision
ထုတ်လုပ်သူက ဇာတ်ညွှန်းရေးဆရာ တစ်ယောက်ကို အလုပ်ခန့်ပြီးတော့ မူရင်း ဇာတ်ညွှန်း (Original Screenplay) တပုဒ်ကို သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း အပြီးရေးပေးဖို့ ဇာတ်ညွှန်းရေးဆရာ နဲ့ သဘောတူစာချုပ် ချုပ်ထားတယ်ဆိုပါစို့။ တချိန်တည်းမှာပဲ တခြား ထုတ်လုပ်သူတယောက်က ဒီဇာတ်ညွှန်း ရေးဆရာကိုပဲ နောက်ထပ် ဇာတ်လမ်းတပုဒ်ရေးပေးဖို့ လာအပ်တယ် ဆိုရင် ဇာတ်ညွှန်းရေးဆရာဘက်က ပထမ ထုတ်လုပ်သူကို ဇာတ်ညွှန်း အပြီးရေးပေးဖို့ကျန် ရှိနေပေမယ့်၊ တပြိုင်နက်တည်းမှာပဲ တခြား ဇာတ်ညွှန်း တပုဒ်ကို လက်ခံခွင့်ရှိပါတယ်။ ဒါကို Loan-out Provision လို့ ခေါ်ပါတယ်။

ဥပမာ - ကျော်သိင်္ခကို Warner Bros. Studios က NORA ဇာတ်ညွှန်းကို ၂၀၁၇၊ ဇူလိုင် ၃၁ ရက်နေ့မှာ အပြီးရေးပေးဖို့ သူနဲ့ သဘောတူ စာချုပ်ချုပ်ထားတယ်။ ဒါဆိုရင် ကျော်သိင်္ခဟာ Warner Bros. Studios က အလုပ်ခန့်ထားတဲ့သူ ဖြစ်တယ်။ တချိန်တည်းမှာပဲ Paramount ရုပ်ရှင်ထုတ်လုပ်ရေးက သူ့ကို အလုပ်ခန့်ပြီး The American Father ဇာတ်ညွှန်းကို ၂၀၁၇၊ ဇူလိုင် ၂၅ မှာ အပြီးရေးပေးဖို့ သူ နဲ့ သဘောတူစာချုပ်ချုပ်တယ်။ ဒီအခြေအနေမှာ Paramount နဲ့ စာချုပ်ချုပ်လိုက်တာဟာ Warner Bros. နဲ့ ချုပ်ဆိုတဲ့ စာချုပ်ကို သွားပြီး ရိုက်ခတ်မှုမရှိပါဘူး။ Warner Bros. ကို ရေးပေးဖို့ ဇာတ်ညွှန်းကြွေးကျန်ရှိနေပေမယ့်၊ တချိန်တည်းမှာ နောက်ထပ် ဇာတ်ညွှန်းတခုရေးဖို့ လက်ခံခွင့်ရှိတာကို Loan-out Provision နဲ့ အကာ အကွယ်ပေးထားပါတယ်။ တကယ်တော့ ဇာတ်ညွှန်းရေးဆရာ တယောက်အနေနဲ့ ဒါမျိုးတပြိုင်နက် အလုပ်နှစ်ခုအပ်ခံရ တာမျိုးက အရင်တုန်းက ခေတ်စားခဲ့တာပါ။ ဒီဘက်ခေတ်မှာ သိပ်မရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ ဒီဘက်ခေတ်ကို ရောက်လာတဲ့အခါမှာ ဟောလိဝုဒ်မှာ ဇာတ်ညွှန်းကောင်းကောင်းရေးနိုင်တဲ့ ဇာတ်ညွှန်းရေး ဆရာတွေ မှိုလိုပေါက်လာတဲ့အတွက်ရော၊ ရုပ်ရှင်ကုမ္ပဏီတွေအနေနဲ့ ဇာတ်ညွှန်း ရေးဆရာ တွေကို အလုပ်တခု ထဲမှာသာ အာရုံစိုက်ပြီး ဇာတ်ညွှန်း တပုဒ်ကို အကောင်းဆုံးဖြစ်အောင် ဖန်တီးစေချင် တဲ့အတွက်ရော ကြောင့် တပြိုင်နက်တည်း အလုပ်နှစ်ခု အပ်ခံရတဲ့ ဇာတ်ညွှန်းရေး ဆရာတွေ သိပ်အများကြီး မရှိတော့ပါဘူး။

၃။ Certificate of Authority
အကယ်၍ အထက်က အပိုဒ် (၁) နဲ့ (၂) မှာ ဖော်ပြခဲ့တဲ့ အခြေအနေမျိုး ဖြစ်မည်၊ မဖြစ်မည် သေချာမသိပေမဲ့ ကိုယ့်ကိုကိုယ် ဥပဒေအရ အကာအကွယ်ပြုထားနိုင်ဖို့ ဇာတ်ညွှန်းရေးဆရာဘက်က အထက်ဖော်ပြပါအတိုင်း သူ့ရဲ့ အရေးယူ ဆောင်ရွက်ပိုင်ခွင့်၊ အခွင့်အာဏာ ကျင့်သုံးခွင့် တွေကို တိတိကျကျဖော်ပြထားတဲ့ လက်မှတ် (သို့မဟုတ်) စာရွက်စာတမ်းတွေ (Certificate of Authority) ရှိထားဖို့ လိုပါတယ်။

၎။ Editorial Rights
အမေရိကန် ရုပ်ရှင်လုပ်ငန်းဆိုင်ရာ ဥပဒေထဲက Editorial Rights က စာပေပုံနှိပ်ဖြန့်ချိရေးဆိုင်ရာ Editorial Rights နဲ့ မတူပါဘူး။ တချို့ရုပ်ရှင်ထုတ်လုပ်ရေးတွေမှာ ရိုက်ကူးရတာ အတော်လေး အဆင်မပြေတဲ့ ဇာတ်ဝင်ခန်းတွေရှိနေရင် ဇာတ်ညွှန်းကို ပြင်ဆင်တာ၊ ဖြည့်စွက်တာ မျိုးတွေရှိပါတယ်။ အဲဒီ ပြင်ဆင်တာ၊ ဖြည့်စွက်တာကို ထုတ်လုပ်သူ (သို့မဟုတ်) ဒါရိုက်တာရဲ့ စေခိုင်းချက်အရ ဇာတ်ညွှန်းရေး ဆရာက လုပ်ရင် လုပ်မှာပါ။ ဒါမှမဟုတ် ဒါရိုက်တာ ကိုယ်တိုင် ဇာတ်ညွှန်းကို ပြင်ဆင်တာမျိုးလည်း ဖြစ်ရင်ဖြစ်မှာပါ။ ဇာတ်ညွှန်းကို ဘယ်သူက ပဲပြင်ပြင်၊ ဘယ်လို ပြင်ဆင်၊ အစားထိုးတာတွေပဲ လုပ်လုပ် ဒီဇာတ်ညွှန်းရဲ့ မူပိုင်ခွင့် နဲ့ ဇာတ်ညွှန်းအပေါ်မှာ အပြည့်အ၀ ထိန်းချုပ်ခွင့်က ဇာတ်ညွှန်းရေးဆရာ လက်ထဲမှာပဲ ရှိတာပါ။ အမေရိကန် ပြည်ထောင်စုမှာ ဒီဥပဒေကို Visual Artists Rights Act of 1990, 17 USC 106 A ထဲမှာ ဖော်ပြထားပါတယ်။

အခုတော့ ဒီလောက်ပါပဲ။ အပိုဒ် (၅) က နောက်ထပ် ပို့စ်တခုစာလောက်အထိ ရှည်တာမို့လို့၊ ဒီနေ့အတွက် အပိုဒ် (၄) နဲ့ပဲ ဆုံးသတ်လိုက်ပါမယ်။
Kyaw Thein Kha



No comments:

Post a Comment