Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, April 2, 2017

"ဘုရားသော်မှ ပေးဆပ်ရတဲ့ ဝဋ်ကြွေးကြမ္မာ


 
ဝဋ်ကြွေးတဲ့ . . . လည်ပတ်ပြီးတော့ ဖြစ်လာတာ , တစ်ချိန်တုန်းက ကိုယ်ကိုယ်တိုင် လုပ်ခဲ့တဲ့ လုပ်ရပ်တွေက ပြန်ပြီးတော့ တုန့်ပြန်လာတာ။ 

အဲဒီ တုန့်ပြန်မှုလေးတွေက ဘုရားပဲ ဖြစ်စေ , ရဟန္တာတွေပဲ ဖြစ်စေ
မည်သူ့သန္တာန်ပဲ ဖြစ်ဖြစ် ကံကြမ္မာဝဋ်ကြွေးတွေက အကြောင်း ညီညွှတ်ရင် တုံ့ပြန်လာတတ်သေးတယ် တဲ့ ။

အဲဒီဝဋ်ဟာ ကိုယ်လုပ်ခဲ့တာ ဖြစ်သည့်အတွက် ကိုယ်က ပြန်ပေးဆပ်ရလို့ ကြွေးနဲ့ အလားသဏ္ဌာန်တူလို့ ကံကြမ္မာဝဋ်ကြွေးလို့ ပြောတာ။
ကြွေးဆိုတာ မဆပ်ဘဲ နေလို့မရဘူး ။ ဆပ်ရတယ် နော် ။

ကိလေသာ ကုန်သွားရင် ဘဝအကျိုးပေးစရာ မရှိတော့တဲ့အတွက် ဘဝတစ်ခုကို အကျိုးမပေးနိုင်ဘူး ။ သို့သော် ကံကိလေသာရဲ့ အကျိုးဆက် ဖြစ်တဲ့ ခန္ဓာကြီး ရှိနေသေးရင်တော့ ပေးဆပ်ကြရသေးတယ် ။ ဒီလို ပြောတာနော် ။

-------------------------------

ဘုန်းကြီးတို့ဘဝလည်း ကိုယ့်ကိုယ်ကိုယ် ပြန်စစ်ပြီး ကြည့်ပေါ့ ။
အသက်( ၃၀ ) အရွယ်ရှိတဲ့ ပုဂ္ဂိုလ်က ဒီ ( ၃၀ ) အတွင်းမှာ ဘာတွေ ဖြစ်ခဲ့သလဲ ? အသက် ၄၀ , ၅၀ , ၆၀ , ၇၀ ရှိတဲ့ ပုဂ္ဂိုလ်ကလည်း ဒီဘဝတွေ အတွင်းမှာ ဘာတွေ ဖြစ်ခဲ့သလဲ ? ပြန်ပြီးတော့ ကြည့် ။

မဖြစ်ချင်တာတွေ ဖြစ်လာလို့ရှိရင် ကံကြမ္မာဝဋ်ကြွေးနဲ့ သက်ဆိုင်မှု ရှိ , မရှိ အတော်အသင့် ခန့်မှန်းလို့ ရမယ် ။

ဗုဒ္ဓမြတ်စွာဘုရားဟာ ဘုရားအဖြစ်ကို ရောက်လို့ ကိလေသာတွေ ကုန်ပေမယ့်လို့ အတိတ်ဘဝက ကံကြမ္မာဝဋ်ကြွေးတွေကို ပြန်လည် ပေးဆပ်နေရသေးတယ် တဲ့ ။

ဆိုလိုတာက အတိတ်ကံရဲ့ လှုံ့ဆော်မှုလေးတွေဟာ မြတ်စွာဘုရားမှာ ကံရဲ့အကျိုး ဖြစ်တဲ့ ခန္ဓာကြီး ရှိသေးလို့ ပြန်ပြီး ပေါ်လာသေးတယ် လို့ ပြောတာ ။ အဲဒါကို အပဒါန်ထဲမှာ မှတ်တမ်းတင်ထားတယ် ။

---------------------------

မြတ်စွာဘုရားရဲ့ဘဝကို ကြည့်လိုက် ။ 
မြတ်စွာဘုရားဟာ လူ့ဘဝ ရလာပြီးတဲ့အခါ သက်တော် ( ၈၀ ) 
လူ့လောကမှာ နေထိုင်ခဲ့တယ် ။

သက်တော် ( ၈၀ ) , ဘုရားဘဝနဲ့ ( ၄၅ ) နှစ် နေထိုင်ခဲ့တယ်။
တရားကျင့်တဲ့အချိန်က နှစ်ပေါင်း ( ၆ ) နှစ် ။
လောကီစည်းစိမ် ခံစားပြီး မင်းသားဘဝနဲ့ နေတာက ( ၂၉ ) နှစ်။
စည်းစိမ်ခံစားနေတဲ့အချိန် ( ၂၉ ) နှစ်အတွင်းမှာ အခက်အခဲ တစ်စုံတစ်ရာ ရှိခဲ့တယ် ဆိုတာ မှတ်တမ်းထဲမှာ မရှိဘူး ။

တောထွက်ပြီး တရားကျင့်တဲ့ ( ၆ ) နှစ်မှာ ခက်ခက်ခဲခဲ တရား ကျင့်ခဲ့ရတာ ဘာကြောင့်လဲ ?

ဘုရားအလောင်းတော်ဟာ တကယ့်ထူးမြတ်တဲ့ အငြိမ်းဓါတ်ကို ရှာတယ်။ ဒီလို ရှာတာဟာ မှန်ကန်တဲ့ လမ်းကြောင်းနဲ့ မရှာမိဘဲ မှားယွင်းတဲ့ လမ်းကြောင်းလိုက်ပြီး ရှာနေတာဟာ အချိန်ဖြုန်းပြီးတော့ ( ၆ ) နှစိနီးနီး ဖြစ်သွားတယ် ။

ဒီလို လမ်းမှားလို့ ခန္ဓာကိုယ် ပင်ပမ်းပြီး ဒုက္ခ ရောက်ရတာဟာ ကံကြမ္မာဝဋ်ကြွေးကို ပေးဆပ်ရတာ လို့ အဲဒီထဲမ မှတ်တမ်း တင်ထားတယ်။

အဲဒီအချိန်က စပြီးတော့ မြတ်စွာဘုရားအတွက် ကံကြမ္မာဝဋ်ကြွေးဟာ ပေါ်လာတာ ။

မှန်မှန်ကန်ကန်နဲ့ တကယ့်လမ်းကြောင်း ကြည့်လိုက်ရင် ( ၆ ) နှစ်အထိ ကျင့်စရာ မလိုဘူး ။ ဒီလောက် အပင်ပမ်း ခံဖို့လည်း မလိုဘူး။ မလိုအပ်ပဲ မှားယွင်းတဲ့ အကျင့်တွေနဲ့ အချိန်ကုန်ပြီး ခန္ဓာကိုယ် ပင်ပမ်းတာ ဒုက္ခတွေ အကြီးအကျယ် ရောက်ခဲ့ရတာဟာ လွန်ခဲ့တဲ့ ဘဝ တစ်ခုမှာ ကံကြမ္မာဝဋ်ကြွေးကို ပေးဆပ်ရခြင်း ဖြစ်တယ် ။

----------------------------

ဘယ်တုန်းက ဝဋ်ကြွေးလဲ ?

ဟောဒီဘဒ္ဒကမ္ဘာထဲမှာ တတိယမြောက် ပွင့်တဲ့ဘုရားဟာ -
ကဿ ပ မြတ်စွာဘုရား ။

လူတွေရဲ့ အသက်နှစ်သောင်းတမ်းမှာ ကဿ ပ မြတ်စွာဘုရား ပွင့်တော်မူခဲ့တယ်။ အဲဒီအချိန်မှာ ဂေါတမ ဘုရားလောင်းဟာ " ဇောတိပါလ " ဆိုတဲ့ ဗေဒင်ကျမ်းတတ် ပုဏ္ဏား ဖြစ်ခဲ့တယ် ။

ဗေဒင်ကြမ်းတတ်ပုဏ္ဏား တွေဆိုတာ အလွန် မာန်မာန ကြီးတယ် ။
ပညာမာန်တတ်တယ် ။ ပညာမာန်တင်မကဘူး ။ဗြဟ္မဏ ဆိုတာ အဲဒီခေတ်မှာ အမြင့်ဆုံးပဲ ။

အိန္ဒိယနိုင်ငံမှာ -
ခတ္တယ ,ဗြဟ္မဏ , ဝေဿ ,သုဒ္ဒ ဇတ် ဆိုပြီး 
လူတွေရဲ့ အဆင့်အတန်း ခွဲခြားထားတဲ့ ဇတ် ( ၄ ) မျိုး ရှိတယ် ။

ဂေါတမဘုရား လက်ထက်မှာ ခတ္တယဇတ်က ဦးဆောင်နေတယ် ။
ကဿ ပ ဘုရား လက်ထက်မှာ ခတ္တယဇတ်ထက် ဗြဟ္မဏက ထိပ်တန်း ကျတယ် ။ ဘာဖြစ်လို့တုန်း ဆိုတော့ ကဿ ပ မြတ်စွာဘုရားရှင် ကိုယ်တိုင်ကိုက ဗြဟ္မဏဇတ်ဝင်ပဲ ။

အဲဒီတော့ ဇတ်ကို အမှီပြုပြီး မာန်မာန တက်တယ် ။
ဗဟုသုတပညာကို အကြောင်းပြုပြီးတော့လည်း " ဇောတိပါလ" ဟာ
မာနတက်တယ် ။ ဘုရားအလောင်း နော် ။

--------------------------------

ဘယ်လောက်ပဲ ပါရမီတွေ ပြည့်ပြည့် ပတ်ဝန်းကျင်ရဲ့ လှည့်စားမှုကြောင့် မာန်တက်တယ် ။ မာန်တက်ပြီး ကဿ ပ မြတ်စွာဘုရားကို လူမထင် သူမထင် သဘောမျိုးနဲ့ သူက ပြောခဲ့တယ် ။

ဘယ်လို ပြောသလဲ ဆိုတော့ -
ဘုရားတစ်ဆူဖြစ်ဖို့ ဗောဓိဆိုတဲ့ အသိဉာဏ်ဟာ အင်မတန်မှ ရဖို့ ခဲယဉ်းတယ် ။ ဒီလို ခဲယဉ်းတဲ့ အသိဉာဏ်ကို ဒီလို ကတုံး တုံးထားတဲ့ ကိုယ်တော်က ရနိုင်ပါ့မလား လို့ ဒီလို ပြောခဲ့တယ် ။

ဘုရားအလောင်းပေမယ့်လို့ ဘုရားကို မကြည်ညိုဘူးဆိုတာ သတိထားဖို့ လိုအပ်တယ် ။

ကဿ ပ ဘုရားပြီးရင် ပွင့်မယ့် ဘုရားအလောင်းက ဘုရားကို မကြည်ည်ုဘူး ။ ဒါကြောင့် ကိုယ့်ကိုယ်ကို သိပ်ပြီး အထင်မကြီးကြနဲ့ ။
ဒီဘဝမှာ ဗုဒ္ဓဘာသာ ဖြစ်နေပေမယ့်လို့ နောင်ဘဝမှာ ဗုဒ္ဓဘာသာကြားထဲ မဖြစ်ဘဲ တခြားဘာသာဝင်တွေကြား ဖြစ်မယ်ဆိုရင် တခြား ဘာသာဘက် ရောက်သွားမှာပဲ ။

ဒါကြောင့် ကိုယ့်ကိုယ်ကို အသိဉာဏ် ခိုင်မာအောင် လုပ်ဖို့ အင်မတန် အရေးကြီးတယ် ။

----------------------------------

အဲဒီမှာ ဇောတိပါလမှာ အင်မတန်အရမ်းခင်တဲ့ " ဃဋိကာရ " ဆိုတဲ့ အိုးထိန်းသည်ကြီး ရှိတယ် ။ သူတို့နှစ်ယောက်က အရမ်းခင်တယ် ။

အဲဒီတော့ "ဃဋိကာရ" က "ဇောတိပါလ" ကို ဘုရားကျောင်း ခေါ်တယ် ။ မလိုက်ဖူး , မလိုက်ရုံနင်မကဘူး ။ 
" ဒီ ဦးပြည်းကတုံးတွေဆီသွားလို့ ဘာအကျိုး ရှိမှာတုန်း " ဆိုတဲ့ စကား ပြောတယ်နော် ။

နောက်ဆုံးကျတော့ အတင်းအကြပ် လိုက်မှာလား , မလိုက်ဘူးလား ဆိုပြီး ဆံပင်ဆွဲကိုင်လိုက်တဲ့ အခါကျတော့မှ သူလက်လျော့တယ်။

ဇတ်နိမ့်တစ်ယောက်က ဆံပင်ကိုင်ရင် သေဒဏ်ပဲ ။ 
ဘုရားအလောင်းက စဉ်းစားတယ် ။ အသက်တောင် အသေခံဝံ့ပြီး ငါ့ကို ခေါ်နေတာ အကြောင်းတော့ ရှိရမယ်" ဆိုပြီး လိုက်သွားတယ်။

ဘုရားဆီလည်း ရောက်ရော ဘုရားတရားလည်း နာလိုက်ရော
"ဒါမှ တရားစစ် တရားမှန်ပဲ ဆိုတာ ချက်ချင်းသိသွားတယ် ။ 
တရားပွဲက ထတာနဲ့ တပြိုင်နင် ဘုရားဆီမှာ ခွင့်တောင်းပြီး သင်္ကန်း ဝတ်လိုက်တာ အိမ်မပြန်တော့ဘူး ။

-----------------------------

ဘုရားလောင်းတွေဟာ ဆုံးဖြတ်ချက် အင်မတန် ပြင်းထန်တယ်။
သာမန်ပုဂ္ဂိုလ်တွေက ဒီလို ဆုံးဖြတ်ချက် သိပ်မရှိဘူး ။ ပြတ်သားမှု အားနည်းတဲ့ အတွက် သံသရာမှာ အချိန်ဆွဲနေကြတာ ဟုတ်ရဲ့လား ?

ဘုန်းကြီးတို့တစ်တွေ ပြတ်သားမှု ရဲရင့်မှု မရှိတဲ့အတွက် သံသရာထဲမှာ အချိန်ဆွဲပြီး ကြာနေတာ ။

ဇောတိပါလ လုလင် ဘဝတုန်းက -
"ဗောဓိ ဆိုတာ အင်မတန် ခဲယဉ်းတာ , ဒီလို ဦးပြည်းကတုံးတွေ အနေနဲ့ ဘယ်လိုလုပ်ပြီး ဗောဓိဉာဏ်ကို ရနိုင်မှာတုန်း ? ဆိုတဲ့ ဒီအပြောနဲ့ ကဲ့ရဲ့စကား ပြောခဲ့တဲ့အတွက် လမ်းလွှဲပြီး သူ့ခင်မျာ ကျင့်နေတာ လွယ်လွယ်နဲ့ မရဘူး ။

ဒီစကား ပြောခဲ့တဲ့အတွက် ၆ - နှစ်ပတ်လုံး လမ်းလွှဲပြီးတော့ ပင်ပမ်းဆင်းရဲစွာ ကျင့်ကြံကြိုးကုတ် အားထုတ်ခဲ့ရတယ်။

ဒါဟာ ဝဋ်ကြွေးကို ပေးဆပ်လိုက်ရတာပဲ ။

ဒါကြောင့် အင်မတန်မှ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ပြီးတော့ ဝစီကံ ပြစ်မှားတဲ့စကားမျိုး မပြောမိအောင် ဆင်ခြင်ဖို့ လိုအပ်တယ်။

ဒီကြမ္မာဝဋ်ကြွေးဟာ ကိုယ်တိုင်လုပ်ခဲ့တာ ဖြစ်လို့ ကိုယ့်သန္တာန်မှာ 
ကြွေးအနေနဲ့ တည်ရှိနေတယ် ။ ဒါကြောင့် ပေးဆပ်ရတယ် ။

( ၆ ) နှစ်ပတ်လုံး ဒုက္ကရစရိယာ ကျင့်ပြီးတော့ ပေးဆပ်လိုက်ရတယ်။ ( ၆ ) နှစ်ကျင့်တဲ့ အကျင့်ဟာ ဘာမှ အထောက်အကူ မဖြစ်ဘူး။ 
ပင်ပမ်းရုံသက်သက်ပဲ ။ ဒီလို ဆိုလိုတယ် ။

အဲဒီအကျင့်ကို ကျင့်လို့ ဘုရား ဖြစ်တာ မဟုတ်ဘူး ။
လမ်းလွှဲလိုက်နေတာ ။ ဘာကြောင့် လိုက်ရသလဲ ဆိုရင် -
ကဿ ပ ဘုရား လက်ထက်တုန်းက မာန်မာန ကြီးပြီးတော့ ပြောမှား ဆိုမှား လုပ်ခဲ့သည့် အတွက်ကြောင့် အဲဒီကံကြမ္မာ ဝဋ်ကြွေးကို ပေးဆပ်ရတာ ။

ဒါ ပထမဝဋ်ကြွေး ။

"ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ"
( ဘုရားသော်မှ ပေးဆပ်ရသည့် ဝဋ်ကြွေးကြမ္မာ ၊ စာ- ၁၃- ၂၇ ) မှ 
အကျဉ်းအား ကောက်နုတ်ပူဇော်ပါ၏

ဓမ္မ နှစ်သက်သူ

No comments:

Post a Comment