မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီး ဦးနေမျိုးကျော်နှင့် တွေ့ဆုံခြင်း
Monday, April 3, 2017
မကွေးတိုင်းဒေသကြီးတွင် ဒေသဖွံ့ဖြိုးရေးအတွက် ရေနံလက်ယက်တွင်းများမှ ကောက်ယူထားသော ရန်ပုံငွေကျပ် ၇ ဒသမ ၄၅၉ ဘီလီယံ ပျောက်ဆုံးနေ မှုနှင့် ပတ်သက်၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ နှင့် အစိုးရအဖွဲ့ဝင်ဟောင်းများကို စုံစမ်းစစ်ဆေးနေမှုနှင့် ပတ်သက်၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝန်ကြီး ဦးနေမျိုးကျော်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များမှ ကောက်နုတ်ဖော်ပြပါသည်။
Voice : ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ဟောင်းနဲ့ အစိုးရအဖွဲ့ဝင်ဟောင်းတွေ စစ်ဆေးမှု အခြေအနေကို ပထမဆုံး သိပါရစေ။
UNMK : ပျောက်ဆုံးမှုကို စတင်စစ်ဆေးတော့ ၂ ဒသမ ၈ ဘီလီယံ ပျောက်ဆုံးမှုပါ၊ တကယ်စစ်လိုက်တော့ ၂ ဒသမ ၈ ဘီလီယံ မဟုတ်ပဲနဲ့ ၇ ဒသမ ၄၅၉ ဘီလီယံအထိ ပျောက်ဆုံးနေတာ တွေ့ရတယ်၊ အခုနောက်ဆုံး ဆောင်ရွက်ထားတာကတော့ စာရင်းဇယား၊ ကိန်းဂဏန်းတွေနဲ့အတူ ပြည်ထောင်စုရှေ့နေ့ချုပ်ရုံးကို တင်ပြထားပါတယ်။
Voice : ကျပ်သန်း ခုနစ်ထောင့်လေးရာကျော်က ရေနံလက်ယက်တွင်းကပဲ လား၊ တခြားစီးပွားရေး လုပ်ငန်းတွေ ပါသေးလား ခင်ဗျား။
UNMK : ရေနံလက်ယက်တွင်း တစ်ခုပဲ။ တခြားစီးပွားရေးလုပ်ငန်း မပါဘူး။ ရေနံလက်ယက်တွင်း လုပ်ငန်းရှင်တွေက ဒေသဖွံ့ဖြိုးရေး အခွန်အခအဖြစ် ပေးဆောင်ထားတာ။ ဒါတွေဟာ ပြီးခဲ့တဲ့အစိုးရက သူရဲ့ပိုင်ဆိုင်မှုလို့ ပြောလို့မရဘူး၊ လုပ်ငန်းရှင်တွေက နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် ပေးဆောင်ထားတာ၊ ဒါတွေကို ပြန်ရအောင် လုပ်ရမယ်။
Voice : သန်းထောင်ချီ ပျောက်ဆုံးမှုကို ဘယ်ကနေစပြီး သိရတာလဲ ခင်ဗျာ။
UNMK : ငွေတွေက စာရင်းရှိပေမယ့် တကယ်သုံးစွဲထားတာ မတွေ့ရဘူး၊ ဒီပျောက်ဆုံးငွေတွေနဲ့ ပတ်သက်လို့ ပြည်ထောင်စုအစိုးရကို တင်ပြတယ်၊ ပြည်ထောင်စုအစိုးရက ဒါတွေကို စစ်ဆေးဖို့ ညွှန်ကြားချက်အရ စစ်ဆေးခဲ့တာပါ၊ ကျွန်တော်တို့ ရရှိထားတဲ့ စာရင်းဇယားတွေကို စုံစမ်းစစ်ဆေးရေးအဖွဲ့မှာပါတဲ့ စသုံးလုံး၊ တိုင်းအခွန်၊ တိုင်းစာရင်းစစ်၊ ဘဏ်တို့မှာ ပေးပို့စစ်ဆေးခိုင်းခဲ့တာ။
Voice : အခုပျောက်ဆုံးငွေတွေနဲ့ ပတ်သက်လို့ ဘယ်နေရာတွေမှာ သုံးထားသလဲဆိုတာ စစ်ဆေးချက်အရ သိရလား ဆရာ။
UNMK : ဒီငွေတွေနဲ့ ပတ်သက်လို့ ဘယ်သူ့ကိုပေးတယ်၊ ဘယ်ကုမ္ပဏီကို ပေးတယ်ဆိုတာ စုံစမ်းစစ်ဆေးမှု နောက်ဆုံးအဆင့်ရောက်မှ ပြောပြနိုင် ပါလိမ့်မယ်။ ဘယ်သူတွေက အလွဲသုံးစားလုပ်ခဲ့သလဲ ဆိုတာကတော့ တာဝန်အရှိဆုံး ပုဂ္ဂိုလ်တွေပေါ့။
Voice : အရေးယူမှုအပိုင်းလေး ပြောပြပေးနိုင်လား။
UNMK : စုံစမ်းစစ်ဆေးမှုရလဒ် ထွက်လာမှပဲ သူတို့နဲ့ ကိုက်ညီတဲ့ ဥပဒေနဲ့ အရေးယူသွားမှာပါ။ ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားလုပ်တာကိုတော့ ကျွန်တော်တို့ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။
Voice : ဖြည့်စွက်ပြောချင်တာလေးရှိရင် ပြောပြပေးပါဦး။
UNMK : ၇ ဒသမ ၄၅၉ ဘီလီယံ ပျောက်ဆုံးသွားတဲ့အထိ လုပ်သွားတာ ကတော့ စည်းမဲ့ကမ်းမဲ့ လုပ်သွားတာလို့ ပြောချင်ပါတယ်။ ဒီနေ့ငွေတွေက နိုင်ငံတော်ကရရမယ့် ဘဏ္ဍာငွေတွေပါ၊ ပြီးခဲ့တဲ့အစိုးရက အမှန်တကယ် အလွဲသုံးစား လုပ်ခဲ့တာလား၊ စည်းမဲ့ကမ်းမဲ့ လုပ်ခဲ့တာ ဆိုတာကတော့ စုံစမ်းစစ်ဆေးမှုပြီးမှ သိရမယ်။ စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့အနေနဲ့ ပြောပိုင်ခွင့် မရှိဘူး။
Voice : အခုလို ဖြေပေးတာ ကျေးဇူးတင်ပါတယ်ဗျာ။
ဇော်မိုးလွင်
The Voice
No comments:
Post a Comment