Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 6, 2017

ကိုဆွေဝင်းက ဦးဝီရသူအား ဝေဖန်မှုသည် အသရေဖျက်ရာ မရောက်၊ သာသနာတော်နှင့် ပတ်သက်၍ မည်သည့် ငြိစွန်းချက်မျှ မပါရှိသည်ကို တွေ့ရှိရကြောင်း သာသနာရေးဝန်ကြီးဌာန အကြောင်းပြန်

 
ကိုဆွေဝင်းက ဦးဝီရသူအား ဝေဖန်မှုသည် အသရေဖျက်ရာ မရောက်၊ သာသနာတော်နှင့် ပတ်သက်၍ မည်သည့် ငြိစွန်းချက်မျှ မပါရှိသည်ကို တွေ့ရှိရကြောင်း သာသနာရေးဝန်ကြီးဌာန အကြောင်းပြန်

Myanmar Now သတင်းအေဂျင်စီ၏ သတင်းထောက်ချုပ် ကိုဆွေဝင်းက ဦးဝီရသူအား ဝေဖန်မှုသည် အသရေဖျက်ရာ မရောက်ကြောင်း၊ သာသနာတော်နှင့် ပတ်သက်၍ မည်သည့် ငြိစွန်းချက်မျှ မပါရှိသည်ကို တွေ့ရကြောင်း ဧပြီ ၅ ရက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အကြောင်းပြန်သည်။

ကိုဆွေဝင်းကို မန္တလေးမြို့ မစိုးရိမ်တိုက် (၁) မှ ဦးဝီရသူ၏တပည့် ဦးကျော်မျိုးရွှေက ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) ဖြင့် မဟာအောင်မြေမြို့နယ် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားမှုအား သတင်းစာရှင်းလင်းပွဲ အပြီးတွင် RFA သတင်းသမားတစ်ဦးက ဦးဝီရသူနှင့် ပတ်သက်၍ မေးမြန်းသည်ကို ပြန်လည်ဖြေကြားရာတွင် ပါရာဇိကကျသည်ဟု ပြောဆိုခဲ့မှုအတွက် သာသနာညှိုးနွမ်းစေသည်ဟု စွပ်စွဲချက်နှင့် ကျောက်တံတားမြို့နယ် တရားရုံးတွင် ၎င်းအား အမှုဖွင့်တိုင်ကြားမှုများကို ဥပဒေနှင့်အညီ ကြားဝင်ဆောင်ရွက်ပေးပါရန် ဧပြီ ၃ ရက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ သဘောထားမှတ်ချက် တောင်းခံတင်ပြခဲ့မှုအပေါ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အကြောင်းပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အကြောင်းပြန်စာတွင် ၀န်ကြီးဌာနသည် တရားစွဲဌာန၊ တရားစီရင်ရေးဌာန မဟုတ်သည့်အပြင် ဥပဒေကြောင်းအရ ကြားဝင်ဖြေရှင်းပေးရန်နှင့် သဘောထားမှတ်ချက်ပေးရန် တာဝန်မရှိသော်လည်း စွပ်စွဲခံရသူ ဦးဆွေဝင်းအနေဖြင့် သက်ဆိုင်ရာဌာနများသို့ ဖြေရှင်းတင်ပြရာတွင် လိုအပ်ပါက အထောက်အထား ဖြစ်နိုင်ရန် အကြောင်း ပြန်ကြားခြင်းဖြစ်ကြောင်း ပါရှိသည်။

ကိုဆွေဝင်း ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံရမှုနှင့် ပတ်သက်၍ အကြောင်းပြန်စာတွင် ဦးဆွေဝင်း၏ ပြောကြားချက်များသည် ကိုယ်ကျင့်သိက္ခာနှင့် အမှန်တကယ် ပြည့်စုံသူတို့သာ ဂုဏ်သိက္ခာညှိုးနွမ်းစေလိုသော သဘောဆန္ဒဖြင့် ပြောကြားလိုပါက အသရေဖျက်ခြင်းဟူသော စကားရပ်နှင့် အကျုံးဝင်နိုင်ကြောင်း၊ ဦးဝီရသူသည် သာမန်ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် လူပုဂ္ဂိုလ်တစ်ဦးပင် စောင့်စည်းအပ်သော ၀စီဒုစရိုက်လေးပါးကို ရဟန်းတော်တစ်ပါး အနေဖြင့် ကျူးလွန်နေသောကြောင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က တရားမဟောရန် တစ်နှစ်တိတိ ပိတ်ပင်ခံထားရသူဖြစ်သည့်အပြင် ရဟန်းတစ်ပါးမှ ဦးဝီရသူအပေါ် မှတ်ချက်ပြု မိန့်ကြားချက်ကို အခြေခံ၍ သတင်းသမားတစ်ဦး အနေဖြင့် တစ်ဆင့်ဝေဖန် ဖော်ပြခြင်းသာဖြစ်ကြောင်းနှင့် ပုဒ်မ ၆၆ (ဃ) တွင် “ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း” ဟု ဖော်ပြပါရှိသည့်အတွက် ဦးဆွေဝင်းသည် ဖြစ်ပေါ်နေသော သတင်းအချက်အလက်များအပေါ် ဝေဖန်ခြင်းဖြစ်၍ အသရေဖျက်ရာ မရောက်ကြောင်း သုံးသပ်သည်ဟု ပါရှိသည်။

အလားတူ ဦးဆွေဝင်းအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၅-က ဖြင့် စွပ်စွဲခံရမှုတွင် ဦးဆွေဝင်းက ဦးဝီရသူနှင့် ပတ်သက်၍ ပြောကြားမှုများသည် သတင်းထောက်တစ်ဦး အနေဖြင့် ဖြစ်ပေါ်နေသော သတင်းအချက်အလက်များအပေါ် အခြေခံ၍ သဘောရိုးဖြင့် ဝေဖန်ထောက်ပြခြင်းဖြစ်ကြောင်း၊ သာသနာတော်နှင့် ပတ်သက်၍ ထည့်သွင်းဖော်ပြခြင်း၊ သုံးနှုန်းခြင်း၊ အလျဉ်း မပါရှိခဲ့ကြောင်း၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၅-က တွင် “လူတစား ကိုးကွယ်သည့် ဘာသာသာသနာကို ဖြစ်စေ၊ ဘာသာသာသနာရေး ယုံကြည်မှုကို ဖြစ်စေ၊ စော်ကားခြင်းဖြင့် ထိုလူတစား၏ ကိုးကွယ်ရာ ဘာသာရေး စိတ်ဓာတ်ကို နာကြည်းစေရန် ကြံရွယ်၍ မသမာစိတ်ဖြင့် တမင်ကျူးလွန်သော ပြုလုပ်မှုများ၊ ပြည်ထောင်စုနိုင်ငံတော်တွင် နေထိုင်သော ဘာသာရေးစိတ်ကို နာကြည်းစေရန် တမင်မသမာသော အကြံဖြင့် မည်သူမဆို စကားဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဌာန်ဖြင့်ဖြစ်စေ၊ ထိုလူတစား ကိုးကွယ်သည့် ဘာသာသာသနာကိုသော် လည်းကောင်း၊ ဘာသာသာသနာရေး ယုံကြည်မှုကိုသော် လည်းကောင်း၊ စော်ကားလျှင် သို့တည်းမဟုတ် စော်ကားရန် အားထုတ်လျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဟု ဖော်ပြသည့်အတွက် ဦးဆွေဝင်း အနေဖြင့် ဦးဝီရသူနှင့် ပတ်သက်၍ ဝေဖန်ချက်များသည် သာသနာတော်နှင့်ပတ်သက်၍ မည်သည့်ငြိစွန်းချက်မျှ မပါရှိကြောင်း တွေ့ရှိ၍ ထိုအချက်များအရ ပုဒ်မ ၂၉၅-က ကို ကျူးလွန်ရာ မရောက်ကြောင်း တွေ့ရှိရသည်ဟု ပါရှိသည်။

Writer: 
ပြည့်ဖြိုးအောင်
Eleven Media Group

No comments:

Post a Comment