Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 6, 2017

မန္တလေးမြို့တွင် အများပြည်သူနှင့်ဆိုင်သော မြေများကို ပုဂ္ဂလိကတစ်ဦးတစ်ယောက် အမည်ပေါက်ဂရန် ပြောင်းလဲချထားပေးခဲ့မှုများအား ပြန်လည်သိမ်းယူမည်ဖြစ်ကြောင်း ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ပြောကြား

 
မန္တလေးမြို့တွင် အများပြည်သူနှင့်ဆိုင်သော မြေများကို ပုဂ္ဂလိကတစ်ဦးတစ်ယောက် အမည်ပေါက်ဂရန် ပြောင်းလဲချထားပေးခဲ့မှုများအား ပြန်လည်သိမ်းယူမည်ဖြစ်ကြောင်း ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ပြောကြား

မန္တလေးမြို့တွင် အစိုးအရ အကူးအပြောင်းကာလအတွင်း အများပြည်သူနှင့်ဆိုင်သောမြေများကို ပုဂ္ဂလိက တစ်ဦးတစ်ယောက် အမည်ပေါက်ဂရန် ပြောင်းလဲချထားပေးခဲ့မှုများကို မြေကွက်များ ပြန်လည်သိမ်းယူပြီး ငွေပြန်အမ်းမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က လွှတ်တော်တွင် အစီရင်ခံစာ တင်သွင်းချက်အရ သတင်းရရှိသည်။

တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ပဉ္စမနေ့ (ဧပြီ ၅ ရက်) တွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က လွှတ်တော်ကိုယ်စားလှယ်များ တင်သွင်းထားသည့် အဆိုများကို အကောင်ထည်ဖော် ဆောင်ရွက်ထားမှုများကို ရှင်းလင်းဆွေးနွေးရင်း ၂၀၁၆ ခုနှစ် ဇွန် ၃၀ ရက်က ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး တင်သွင်းသည့် ‘အစိုးရ အကူးအပြောင်း ကာလအတွင်း အများပြည်သူနှင့် သက်ဆိုင်သည့် ဧရိယာကျယ်ဝန်းသော မြေကွက်များ၊ ပလပ်မြေများအား လူပုဂ္ဂိုလ် အမည်များဖြင့် ချထားပေးမှုများကို ပြန်လည်စိစစ်၍ အများပြည်သူအကျိုးအတွက် စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်နိုင်ရေး တိုက်တွန်းကြောင်း’ အဆိုနှင့်ပတ်သက်၍ အစီရင်ခံစာ တင်သွင်းခဲ့သည်။

အဆိုပါ မြေယာချထားပေးမှုများကို စုံစမ်းစစ်ဆေးရေးအဖွဲ့ သုံးဖွဲ့ဖွဲ့ကာ စစ်ဆေးခဲ့ပြီး အတည်ပြု စစ်ဆေးချက်အရ (၁) လူတစ်ဦးတစ်ယောက်တည်းသို့ မြေဧကအလွန်များစွာ ခွင့်ပြုပေးထားခြင်းမှာ လူလေးဦးကို မြေကွက်ပေါင်း ၇၂ ကွက်၊ (မြေ ၁၆၆ ဒသမ ၈၁၄၂ ဧက) (၂) လူတစ်ဦးတစ်ယောက်သို့ မြေဧက အများအပြား ခွင့်ပြုပေးထားခြင်းမှာ လူခုန်ဦးသို့ မြေကွက် ၁၆ ကွက် (မြေ ၄၀ ဒသမ ၃၃၁၄ ဧက) (၃) လူတစ်ဦးချင်းသို့ မြေကွက်များ ခွင့်ပြုပေးထားခြင်းမှာ လူ ၇၆ ဦးသို့ မြေကွက် ၇၈ ကွက် (မြေ ၂၂ ဒသမ ၁၄၁၀) ဧက (၄) အသင်းအဖွဲ့နှင့် ပါတီတစ်ခုသို့ မြေခွင့်ပြုချထားပေးခြင်းမှာ အဖွဲ့အစည်း/ ပါတီ ၁၅ ခု သို့ မြေကွက် ၁၅ ကွက် (မြေ ၁၆ ဒသမ ၀၅၉၇ ဧက) ချထားပေးသည်ကို တွေ့ရကြောင်း သိရသည်။

ထိုချထားပေးမှုတွင် အစိုးရ၏ ခွင့်ပြုမိန့်မပါရှိဘဲ စည်ပင်သာယာရေးကော်မတီ အစည်းအဝေး အမှတ်စဉ်အရသာ ဦးတည်းအား ဂရန်မြေအမြောက်အမြား ထုတ်ပေးထားခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းပြုလုပ်မည့် မြေနေရာကို ဂရန်အကွက်ငယ်များခွဲ၍ ထုတ်ပေးခြင်းသည် လုပ်ထုံးလုပ်နည်း မမှန်ကန်ကြောင်း၊ မြေကွက်များကို မူလပိုင်ရှင်အမည်ဖြင့် ဂရန်ထုတ်ပေးထားသော်လည်း အခြားပုဂ္ဂိုလ်တစ်ဦးမှ ဂျီပီလွှဲယူပြီး ဂရန်ထုတ်ပေးထားကြောင်း၊ ဂရန်အမှုတွဲများကို ဂျီပီရယူပြီး လုပ်ငန်းဆောင်ရွက်ခဲ့သူ ကိုယ်တိုင်လည်း မြေကွက်များ ရယူထားပြီး၊ အခြားသူများအတွက်လည်း ဂရန်ထုတ်ယူပေးခဲ့သော်လည်း မည်သူ့အတွက် ဂရန်ထုတ်ပေးသည်ကိုမသိ၊ အခကြေးငွေယူဂရန် ထုတ်ပေးခြင်းဖြစ်ကြောင်း စသည်တို့ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အများပြည်သူနှင့် သက်ဆိုင်သည့်မြေများကို ပုဂ္ဂလိကတစ်ဦးတစ်ယောက် အမည်ပေါက်ဂရန် ပြောင်းလဲချထားပေးခဲ့မှုများကို မြေကွက်များ ပြန်လည်သိမ်းယူပြီး ငွေပြန်အမ်းမည်ဖြစ်ကြောင်း၊ အကွက်ရိုက် ကျန်မြေကွက်များအား တန်ဖိုးသည် ကာလပေါက်ဈေးနှင့် မကိုက်ညီပါက သင့်တင့်သော နှုန်းထားသတ်မှတ်ပြီး မြေကွက်တန်ဖိုး ပေးသွင်းပေးမည်ဖြစ်ကြောင်း၊ အခြားနည်းသုံးစွဲရယူပြီး လုပ်ငန်းဆောင်ရွက်ခြင်း မရှိသော စိုက်ပျိုးမြေများကို တိုင်းလယ်/စီ၏ ကြီးကြပ် လမ်းညွှန်မှုဖြင့် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမည်ဟု သိရသည်။

“ဒီမြေယာကိစ္စ ဒီနေ့တစ်ယောက်ကို ဂရန်ပယ်ဖျက်တယ်။ နောက်ထပ်လည်း ဖြည်းဖြည်းချင်း လာပါမယ်။ မြေယာချထားမှုမှာ ပါဝင်တဲ့ ၀န်ထမ်းတွေ အရေးယူမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ စတာဝန်ယူကတည်းက နောက်ကြောင်းပြန်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်” ဟု ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။

မန္တလေးခုနစ်မြို့နယ်အလိုက် မြေကွက်ချထားပေးမှု စာရင်းဇယားများကို ဦးပိုင်အမှတ်များနှင့်တကွ တင်ပြခဲ့ပြီး ချမ်းမြသာစည်မြို့နယ်တွင်  ၃၆ ဒသမ ၂၄၀၆ ဧက၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၃၇ ဒသမ ၀၂၅၄ ဧက၊ ၁၄၄ ဒသမ ၆၄ ဧက (ဧကကျယ်)၊ ပုသိမ်ကြီးမြို့နယ်တွင် ၃၀ (ခ) ဖြင့် ချထားပေးသော ၅၇၄ ဒသမ ၄၁ ဧက၊ ၃၀ (က) ဖြင့် ချထားပေးသော ၁၆ ဒသမ ၃၈ ဧကနှင့် အမရပူရမြို့နယ်တွင် ၃ ဒသမ ၁၉၁၄ ဧက တို့ကို ချထားပေးခဲ့ကြောင်း သိရသည်။ 

Writer: 
ယဉ်မျိုးသွယ်
Eleven Media Group

ဓါတ်ပုံ  -  ဒေါက်တာဇော်မြင့်မောင် (7Day News Journal)

No comments:

Post a Comment