Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 6, 2017

မင်္ဂလာဒုံမြို့နယ် ပြည်လမ်းမပေါ်၌ ယာဉ်သုံးစီးဆင့်တိုက်မှု ဖြစ်ပွားပြီး ယာဉ်မောင်းတစ်ဦး သေဆုံး၍ ခြောက်ဦး ဒဏ်ရာရ

 
မင်္ဂလာဒုံမြို့နယ် ပြည်လမ်းမပေါ်၌ ယာဉ်သုံးစီးဆင့်တိုက်မှု ဖြစ်ပွားပြီး ယာဉ်မောင်းတစ်ဦး သေဆုံး၍ ခြောက်ဦး ဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းမပေါ်တွင် ယာဉ်သုံးစီးဆင့်တိုက်မှု ဧပြီ ၅ ရက် နံနက် ၆ နာရီခန့်က ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းတစ်ဦး သေဆုံး၍ ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့မှ စုံစမ်းသိရသည်။

ဧပြီ ၅ ရက် နံနက် ၆ နာရီခွဲခန့်က မင်္ဂလာဒုံမြို့နယ် ပြည်လမ်းအတိုင်း ရန်ကုန်မြို့တွင်းဘက်မှ မှော်ဘီဘက်သို့ မောင်းနှင်လာသည့် ကယ်ဒီနားအမျိုးအစား အငှားယာဉ်တစ်စီးသည် ပန်းခြံကုန်းကားမှတ်တိုင်အနီး အရောက်တွင် တစ်ဖက်ယာဉ်ကြောသို့ ကွေ့စဉ် မျက်နှာချင်းဆိုင် မောင်းနှင်လာသည့် ခရီးသည်များ တင်ဆောင်လာသော ဒိုင်နာယာဉ်မှ ၀င်တိုက်မိခဲ့ခြင်းဖြစ်သည်။

ထိုသို့ တိုက်မိခဲ့ပြီးနောက် ဒိုင်နာယာဉ်မှာ တိမ်းမှောက်သွားခဲ့ပြီး ကယ်ဒီနား အငှားယာဉ်မှာ အခြားအငှားယာဉ်တစ်စီးအား ထပ်မံတိုက်မိခဲ့ကြောင်း သိရသည်။

ထိုသို့ ယာဉ်သုံးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့သဖြင့် ကယ်ဒီနားအငှားယာဉ်မောင်း အမျိုးသားတစ်ဦးမှာ ဦးခေါင်း၊ လက်နှင့် ခြေထောက်တို့တွင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ဒိုင်နာယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသမီးလေးဦးနှင့် ကလေးတစ်ဦး၊ အခြားအငှားယာဉ် တစ်စီးပေါ်မှ ယာဉ်မောင်းတို့မှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး အင်းစိန်ဆေးရုံသို့ တင်ပို့ ကုသထားရကြောင်း သိရသည်။

“ဒိုင်နာယာဉ်က အရှိန်နဲ့ မောင်းနှင်လာတာပါ။ ပန်းခြံကုန်းမှတ်တိုင်နားရောက်တော့ တစ်ဖက်ယာဉ်ကြောက ကယ်ဒီးနား အငှားယာဉ်က ဂငယ်ကွေ့ ကွေ့လိုက်တယ်။ အဲဒီမှာ အရှိန်နဲ့မောင်းလာတဲ့ ဒိုင်နာက ကယ်ဒီနားကို ၀င်တိုက်မိတာပါ။ တိုက်မိခြင်းပဲ ဒိုင်နာယာဉ်က တိမ်းမှောက်သွားပါတယ်။ ပြီးတော့ ကယ်ဒီနားယာဉ်က အခြားအငှားယာဉ်တစ်စီးကို ထပ်တိုက်မိတာပါ။ ကယ်ဒီနားယာဉ်မောင်းကတော့ နေရာမှာပဲ သေဆုံးသွားပါတယ်။ ဒိုင်နာယာဉ်က ပန်းစည်းတွေလည်း တင်ဆောင်လာတာပါ။ ဒိုင်နာယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသမီးလေးဦးနဲ့ ကလေးတစ်ဦးတို့လည်း ဒဏ်ရာတွေရတယ်။ အခြား ထပ်တိုက်မိတဲ့ အငှားယာဉ်ပေါ်က ယာဉ်မောင်းလည်း ဒဏ်ရာရတယ်။ သေဆုံးတဲ့လူရယ် ဒဏ်ရာရတဲ့လူတွေကို ကျွန်တော်တို့ လူနာတင်ယာဉ် သုံးစီးနဲ့ ချက်ချင်းပဲ အင်းစိန်ဆေးရုံကို ပို့ဆောင်လိုက်ပါတယ်” ဟု ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်အား မင်္ဂလာဒုံမြို့မရဲ စခန်းက (ပ)၂၉/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Writer: 
သန့်ဇင်ကျော်
Eleven Media Group

No comments:

Post a Comment