Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 14, 2016

အနှစ် ၂၀ အတွင်း စင်ကာပူကို ကျော်တက်ပါမည်


The Ladies News Facebook Page မှ ကူးယူဖေါ်ပြသည်။

အနှစ် ၂၀ အတွင်း စင်ကာပူကို ကျော်တက်ပါမည်

\\ ဒေါက်တာခင်မောင်ညို \\

စင်ကာပူရောက်ခဲ့တုန်းက ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ အနှစ် ၂၀ အတွင်း မြန်မာပြည်သည် စင်ကာပူကို ကျော်တက်သွားမည်ဟူ၍။ အချို့လည်း သံသယရှိသည်။ အချို့လည်း ၀မ်းသာအားရ ရှိသည်။ “မဖြစ်ပါဘူး။ စင်ကာပူက ဒီအတိုင်း နေတာမှ မဟုတ်တာ။ သူလည်း ရွေ့နေတာပဲ” ဟု အချို့က ဆိုသည်။ အချို့ကတော့ ကျော်ကိုကျော်မည်ဟု ဆိုသည်။ တကယ်တော့ ကျွန်တော့်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် စကားကို အလေးအနက် ယုံကြည်သည်။ ယုံကြည်မှုသည် ခွန်အားပင် ဖြစ် သည်။ မြန်မာတစ်ပြည်လုံးသည်လည်း ထိုသို့ ယုံကြည်ဖို့ လိုသည်။

“ကျွန်တော်ကတော့ တစ်မျိုးဗျ”

မိတ်ဆွေကိုဘသစ်က ဆိုသည်။

“ဘယ်လို တစ်မျိုးလဲ”

“ကျွန်တော်တို့ အားလုံး ညီရင် နှစ် ၂၀ တောင် မနေပါဘူး။ ငါးနှစ်နဲ့ ကျော် တက်သွားပေမယ်” ငါးနှစ်တည်းနှင့် ကျော်သွားနိုင်သည်ဟု ကိုဘသစ်က ဆိုသည်။

*** အာရှကျား

လွတ်လပ်ရေးရပြီးခါစက ကျွန်တော်တို့ နိုင်ငံကို အနောက်တိုင်းက အထူးစိတ်ဝင်စားသည်။ သယံဇာတများစွာ ရှိသော နိုင်ငံဖြစ်သည်။ ပစ္စည်း သယံဇာတ အင်မတန် ပေါကြွယ်ဝသည်။ ကျွန်းသစ်၊ ရေနံ၊ ကျောက်သံ ပတ္တမြားတွေ ထွက်သည်။ ကမ္ဘာတွင် အကောင်းဆုံး ပတ္တမြားကို မြန်မာပြည်မှ ရသည်။ ကမ္ဘာတွင် အကောင်းဆုံး ကျောက်စိမ်းကို မြန်မာပြည်ကသာ ရသည်။ ဆန်ရေစပါး ပေါကြွယ်ဝသည်။ အဲဒီအချိန်က ဆန်တင်ပို့မှု အများဆုံးနိုင်ငံ ဖြစ်သည်။ တစ်ဖက်က လူသား အရင်းအမြစ် ကောင်းတွေ ရှိသည်။ ဒါကို လူသယံဇာတဟု ခေါ်နိုင်ပါသည်။

မြန်မာတို့သည် နာမည်ကောင်းဖြင့် ကျော်ကြားပါသည်။ စာတတ်မြောက်သူ အများဆုံးနိုင်ငံ ဖြစ်သည်။ ထို့ကြောင့် ဂျာနယ်လစ်များ သတင်းမီဒီယာများက များစွာ မျှော်လင့်ခဲ့ကြသည်။ သည်အရှေ့တောင်အာရှ၏ ကျားကြီး တစ်ကောင် ဖြစ်လာမည်ဟု အနောက်တိုင်း သတင်းစာတွေထဲ ကနေ ရေးခဲ့ကြခြင်း ဖြစ်သည်။

သို့ရာတွင် နှစ်တွေသာ ကြာသွားသည်။ ငုံးအမြီးမပေါက်သလို သာ ဖြစ်သည်။ မြန်မာတို့သည် အာရှကျားမပြောနှင့် ကြောင်ပင် ဖြစ်မလာပါ။ ဆုံးရှုံးမှုတွေ ပေးဆပ်မှုတွေ များလှပါသည်။ အကောင်းဆုံး လယ်တွေ မစိုက်နိုင်တော့ပါ။ အကောင်းဆုံး ဆန်စပါးတွေကို ကျွန်တော်တို့ မထုတ်လုပ်နိုင်တော့ပါ။ အကောင်းဆုံး ဆရာဝန်များ၊ အကောင်းဆုံး အင်ဂျင်နီယာများ မရှိတော့ပါ။ နိုင်ငံရေးတွင် တစ်ချက်မှားလျှင် အများအကျိုး များစွာ ထိခိုက်နိုင်ပါသည်။ သတိထားဖို့ လိုပါသည်။ ညီညွတ်ဖို့ လိုသည်။

ကျွန်တော်တို့ နိုင်ငံသားများသည် အခြားသော ဒီမိုကရက်တစ် နိုင်ငံသား များနည်းတူ ကြိုးစားကြသည်။ တစ်ချိန်က သခင်ဗသောင်းတို့ သိန်းဖေမြင့်တို့ ဦးနုတို့က ကမ္ဘာက မြန်မာကို မသိတာကို သဘောပေါက်သည်။ ဒီတော့ ပထမအဆင့်အနေဖြင့် ကမ္ဘာကို မြန်မာက သိအောင် လုပ်ရမည်ဆိုကာ နဂါးနီစာအုပ်တိုက်ကို တည်ထောင်သည်။ ကမ္ဘာ့အရေးများကို မြန်မာ သိအောင် စာအုပ်စာပေများကို ရေးသားသည်။ ဘာသာပြန်ခဲ့သည်။ ဒီစာအုပ်စာပေများက ပြည်သူများ၏ အရည်အသွေးကို မြှင့်တင်ပေးသည်။

သို့သော် လွတ်လပ်ရေးရပြီး တောက်လျှောက်ကာလ တစ်ခုလုံး မှန်မှန်ကန်ကန် မလုပ်နိုင်ခဲ့ကြပါ။ ဆင်းရဲတွင်း နစ်သွားသည်။ ငြိမ်းချမ်းရေးနှင့် ဝေးခဲ့သည်။ ကျွန်ပြန် ဖြစ်သည်။ ပြည်တွင်းမှာတော့ မဟုတ်ပါ။ ပြည်ပက ကျွန်လာမလုပ်သည့်တိုင် ကိုယ်တိုင် ကျွန်ထွက်ခံကြတော့သည်။ ခု NLD က တိုင်းပြည်ကို စောင့်ရှောက်ခွင့် ရလာပါပြီ။ မှန်ကန်သည့် ဥပဒေများကို ချမှတ်သလို မမှန်ကန်သည့် ဥပဒေများကိုလည်း ရုပ်သိမ်းဖို့ လိုပါသည်။ ညီညွတ်ကြပါ။ ကြိုးစားကြပါ။ ဒီတစ်ခါမှားရင် နောက်ထပ်နှစ်တစ်ရာ နာလန်မထူနိုင်မှာကို စိုးမိပါသည်။

*** ၂၀၁၅ ရွေးကောက်ပွဲ

NLD ပါတီ သောင်ပြိုကမ်းပြိုနိုင်၍ ကျွန်တော်တို့အားလုံး ပျော်ရပါသည်။ အများစု အမြင်ကတော့ NLD အစိုးရ ဖြစ်လာလျှင် ရွှေမိုးငွေမိုး ရွာမည်ဟူ၍ဖြစ်သည်။ လူအချို့ကတော့ အလုပ်လုပ်လို့ ပိုကောင်းလာ မည်ဟူ၍ ဖြစ်သည်။ သို့သော် ပထမရက်တစ်ရာ၊ ဘာမှ ထူးထူးခြားခြား မတိုးတက်လာပါ။ ခြောကလပြည့်လာသည်။ မထူးခြားသေးပါ။

သို့သော် ဒေါ်အောင်ဆန်းစုကြည်က “မခိုးဘူး၊ ပြည်သူကို မနှိပ်စက်ဘူး” ဆိုသည့် အစိုးရကို မှတ်ကျောက်တင် ခံနိုင်အောင် လုပ်နိုင်ခဲ့ပါသည်။ ကျွန်တော်တို့ကတော့ မေတ္တာနှင့်သစ္စာကို ကိုင်စွဲကာ အုပ်ချုပ်မည်ဟူသော စကားကို ပို၍ သဘောကျပါသည်။ ငြိမ်းချမ်းရေးကိုလည်း ပြည်သူတွေ မျှော် လင့်နေသည်။ စည်းကမ်းပြည့်ဝသော နိုင်ငံတော်သစ်ကြီးကို တည်ဆောက်နိုင်မည်ဟု ယုံကြည်နေပါသည်။ တစ်ခါတစ်ခါတွင် မိမိတွင် ရလာသော အခွင့်အရေးကို အခွင့်အရေးဟု မသိကြပါ။ ယနေ့ မြန်မာ ပြည် တွင် အင်မတန်ကောင်းသော အခွင့်အလမ်းများ ရှိနေပါသည်။

*** ကမ္ဘာကသိဖို့

ယနေ့ အိန္ဒိယကို ကမ္ဘာကသိသည်။ တရုတ်ကို ကမ္ဘာက သိသည်။ ဂျပန်ကို ကမ္ဘာက သိသည်။ ထိုင်းတို့၊ ဗီယက်နမ်တို့ ကမ္ဘောဒီးယားတို့ကို ကမ္ဘာ့နေရာ တော်တော်များများက သိသည်။ မြန်မာကိုကော။

မညှာမတာပြောရရင် မြန်မာကို ကမ္ဘာက မသိကြပါဘူး။ နိုင်ငံတကာ ကို မြန်မာဟူ၍ မသိသည့်အခါ ဦးသန့် (ယူသန့်) နိုင်ငံဆိုပြီးပြော၍ ရသင့်သလောက် ရသည်။ သို့သော် ယနေ့ ဒေါ်အောင်ဆန်းစုကြည် ဟု ပြောလိုက်လျှင် လူတွေ ပိုသိကြသည်။ ဒေါ်စုသည် ကမ္ဘာ့အသိအမှတ်ပြု သက်သေခံလက်မှတ် (Icon) တစ်ခု ဖြစ်နေသည်။ ဒေါ်စုကို မြန်မာပြည် သားတို့က သူမတူအောင် ထောက်ခံကြသည်။ ချစ်ခင်ကြသည်။ ဒေါ်စု သည် မြန်မာနိုင်ငံသား တစ်ဦးအနေဖြင့် ဘယ်တုန်းကမှ မရဖူးသော ကမ္ဘာ့ထောက်ခံချက်ကို ရရှိထားသည်။ တိုင်းရင်းသား အများက လည်း ထောက်ခံကြသည်။

သူ့ကို တိုင်းပြည်၏ အကြီးအကဲ (သမ္မတ) မဖြစ်လာဖို့ အခြေခံဥပဒေက ဟန့်တားထားသည်။ သို့သော် ဒေါ်စုသည် နိုင်ငံတွင် သြဇာအရှိဆုံး ပုဂ္ဂိုလ် (State Counselor) ဖြစ်လာလေသည်။

*** ကြိုးစားရပါမည်

တစ်နေ့တွင် ကိုဘသစ်သည် ကျွန်တော်တို့ စကားဝိုင်းတွင် အကြီး အကျယ် ပေါက်ကွဲနေသည်။

“ကျွန်တော်တို့ နိုင်ငံဟာ အရှေ့တောင်အာရှမှာ ဒုတိယ အကြီးဆုံး နိုင်ငံပေါ့ ဗျာ။ သယံဇာတလည်း ပေါတယ်။ ပထ၀ီ နိုင်ငံရေးအနေနဲ့လည်း အရေးကြီးပါတယ်။ ဒါပေမဲ့ ကံကြမ္မာမှေး မှိန်ခဲ့တယ်”

“ဘယ်လိုမျိုးလဲ”

“ကျွန်တော်တို့ နိုင်ငံဟာ တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံကြားမှာ ရှိတယ်။ သူတို့နဲ့ ယှဉ်လို့မရဘူး”

“လူဦးရေကို ပြောတာလား”

“လူဦးရေတင် မကဘူး။ ယဉ်ကျေးမှုလို နေရာတွေမှာလည်း သူတို့ဟာ အတော်လေးကို တိတိကျကျ သတ်မှတ်ထားနိုင်တယ်။ အသိအမှတ်ပြု ခံထားရတာတွေ ရှိတယ်”

“ဒါပေမဲ့ ကျွန်တော်တို့ မြန်မာက လူတွေရဲ့ အစလို့တောင် လေ့လာတွေ့ ထားတယ် မဟုတ်လား”

“ဒါတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဆီဆိုရင် အိန္ဒိယလိုမျိုး မဟုတ်ဘူးလေ။ ဗုဒ္ဓဘာသာတောင်မှ အဲဒီက ထွန်းကားတာလေ။ တရုတ်ဆိုလည်း သူ့ဆီကစတဲ့ ကွန်ဖြူဆီယပ်စ်ဝါဒကို တစ်ကမ္ဘာလုံး သိတယ်။ ပြီးတော့ အဲဒီ နိုင်ငံနှစ်ခုလုံးမှာ အဏုမြူဗုံးတွေ ရှိတယ်။ တရုတ်ဆို စီးပွားရေးမှာ ထိပ်နားက ရောက်နေတယ်။ အိန္ဒိယ ဆိုရင် ထိပ်တန်းပညာရှင်တွေ ထွက်တယ်။ စီးပွားရေးမှာလည်း မကြာမီ တရုတ်ကို မီတော့မယ်”

“ကိုဘသစ် ဘာကို ဆိုလိုတာလဲ”

“ကျွန်တော်ပြောချင်တာက အဲဒီ နှစ် နိုင်ငံရဲ့ ကျော်ကြားမှုတွေဟာ ကျွန်တော်တို့ကို ရှေ့တန်းမရောက်စေဘူး။ ကမ္ဘာကလည်း စိတ်ဝင်စားမှုမရှိဘူး။ ကျွန်တော်တို့ဟာ ကမ္ဘာက အသုံးဝင်တာမျိုး မရှိမဖြစ် အရာမျိုးကို တီထွင်တာ မရှိဘူး”

*** နိဂုံး

နိုင်ငံတစ်နိုင်ငံတွင် ခေါင်းဆောင်ကောင်းကို ရခဲပါသည်။ တစ်ဖက်ပြန်ကြည့် ရင် စင်ကာပူဆိုရင် လီကွမ်ယူလို ခေါင်းဆောင်ကောင်း ရသောကြောင့် ချမ်းသာသည့် နိုင်ငံဖြစ်လာသည်။ လီကွမ်ယူကလည်း ဒီကိစ္စကို သဘောပေါက်သည်။ သူ့ရဲ့ Cabinet မှာ ပြောသည်။ “မြန်မာနိုင်ငံကို ကြည့်ရမယ်တဲ့။ မြန်မာနိုင်ငံမှာ ခေါင်းဆောင်ကောင်းတွေ အလုပ်အကြံ ခံရတယ်” ဟု မြန်မာပြည် ကံကြမ္မာ မှေးမှိန်သွားသည်ကို သူ၏ ၀န်ကြီးများကို ရှင်းပြခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနနှင့်တကွ အာဇာနည် ခေါင်းဆောင်တွေ အလုပ်ကြံ ခံရသည်။

လီကွမ်ယူက “ဒီလို အလုပ်ကြံခံရတဲ့အတွက် တိုင်းပြည်ဟာ အများကြီး နစ်နာရတယ်” ဟု ဆိုသည်။

“နောက်တစ်ကြိမ် ဒီလိုခေါင်းဆောင်မျိုး ရဖို့မလွယ်ဘူး။ ဒါကြောင့် တို့စင်ကာပူမှာ ခေါင်းဆောင်တွေ အလုပ်ကြံ မခံရအောင် စောင့်ရှောက် ရမယ်” လို့ ပြောခဲ့တယ်ဟု ပြောပါသည်။

“ကျွန်တော်တို့ဟာ အဲဒီဆုံးရှုံးမှုတွေ ကြောင့် မြောင်းထဲကို ရောက်သွားရတာပဲ။ ခေါင်းဆောင်ကောင်း တစ်ယောက် ရဖို့ဆိုတာ မလွယ်ဘူး”

အားလုံး ကူကြရမည်။

ကျွန်တော်တို့ ခေါင်းဆောင်ကတော့ နှစ် နှစ်ဆယ်အတွင်း စင်ကာပူကို ကျော် သွားမည်ဟု ယုံကြည်သည်။ ကျွန်တော်တို့ ပြည်သူတွေလည်း လှိုက်လှဲစွာ ယုံကြည်ကြဖို့ လိုပါသည်။ ကြိုးစားရပါမည်။

ဒေါက်တာခင်မောင်ညို
The Ladies News
http://www.theladiesnewsjournal.com/…/fri-2016-12-09-1…/4416 [http://www.theladiesnewsjournal.com/articles/fri-2016-12-09-1357/4416&h=oaqeipwrsaqgmypoofufx9iop3cqtvghbijfglnicnyyprg&enc=azogbpdjxxldactnsdft96wp22tmjjxuxvpgpwv-14wgtzxwxsfgp5sok_h5o0hybaf-fjw2ie3wtahmsxzz0_rdz9py88elgli3cljzwt5kimi9yhp2fd_qouajzhca9h7rebmut_7itce32l-febahr4x89iokjmkjigaly92v0iwebuaprrf07mlnhntchzlezoiq-4eskt-q0shtu4be&s=1_green]


မူရင်းလင့် - https://www.facebook.com/News.TheLadies/photos/a.179109772264000.1073741828.178829095625401/669748149866824/?type=3

VOA ဆွေးနွေးခန်း - http://burmese.voanews.com/a/3634433.html [http://burmese.voanews.com/a/3634433.html/&h=8aqgq2sr_aqfuqnizsmatmihly3qmcsbpfsdd_dtrzlm0qw&enc=azmcppvkuf6ysdsthz5quy2oklk60xi0wwnytj-aybi3oo0xgp3hcahr9jrdpbgj_xlt0qeqc1oaf7ugxv1wq9gb20szsdq1s0fcopqxmvl9_dt39xzlmh9-q6dso-kfcra5azffa6newn6k5fvdzbubyzbqwjli-umq3qp9qibpi0safyjnyschbgdnbzotyupjcky2byf-tqmtybxqperq&s=1_green]

No automatic alt text available.

No comments:

Post a Comment