Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 29, 2016

ကန့်လန့်ကာနောက်ကွယ် က တီထွင်ပညာရှင်များ - Google Logo ဒီဇိုင်းကို ဘယ်သူဖန်တီးခဲ့သလဲ ?

 တကယ်လို့သာ ဒီဇိုင်း လက်ရာတစ်ခု ကို
(၁) နေ့စဉ်နေ့တိုင်း
(၂) ပျမ်းမျှလူဦးရေ သန်း ၁၀၀၀ လောက်ကျော်လောက် က ..
(၃) တမက်တမော ကြည့်ရှုခံစားနေကြတယ် လို့ ကျွန်တော် ဆိုလိုက်ရင် ခင်ဗျား အနေနဲ့ ငြင်းချက် ထုတ်မိချင်လိမ့်မယ်။
အဲဒီ ဒီဇိုင်းဆရာကိုလည်း ဝေါ့ဒစ္စနေးလား၊ ရပ်ဆဲဘရောင်းလား ၊ နယူးယောက်မဂ္ဂဇင်း က ကာတွန်းဆရာတွေလား စသဖြင့် တိတ်တဆိတ် စဉ်းစားနေမိပါလိမ့်မယ်။ 
 အဲဒီချာတိတ်ကလေးဟာ အခုအချိန်မှာတော့ အသက် ၃၈ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ တောင်ကိုရီးယားသားလေး Dennis Hwaung ပါပဲ ..။ Google ရဲ့ အဖြူ၊ အပြာ၊ အနီ နဲ့ အစိမ်းတို့ ရောယှက်ထားတဲ့ လိုဂိုဒီဇိုင်း ကို ရေးဆွဲပြီး ခေတ်သစ်ကာတွန်းပန်းချီလောကကို ကွန်ပျူတာပညာနဲ့ စည်းချက်ကျကျ၊ ရစ်သမ်မိမိ ပုံဖော်ခဲ့သူပါ။
နှစ်လိုဖွယ်ရာ အပြုံးကလေး နဲ့ မိမိကိုယ်ကို နှိမ့်ချတတ်တဲ့ စိတ်ထားရှိသူ Dennis Hwaung ဟာ အိုင်တီလောကရဲ့ လူငယ်ပညာရှင်တွေကြားမှာတော့ ရှာမှရှား ပါပဲ ..။ ဂူးဂဲလ်တစ်ခုလုံး ရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းကလေးတစ်ခု လို့ သူ့ကိုယ်သူ ခံယူထားပါတယ်။ ကိုရီးယားနိုင်ငံရဲ့ မထင်မရှား မြို့ငယ်လေးတစ်ခုမှာ မွေးဖွားခဲ့ပြီး Standford ကောလိပ်မှာ ဂျူနီယာတန်း တက်စဉ်ကတည်း က Google ရဲ့ လိုဂို ဒီဇိုင်း ကို စတင် ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

-------------------------


တစ်ပတ်မှာ နာရီ လေးဆယ် လောက်ကို ဒီဇိုင်းအနုပညာထဲမှာ မြုပ်နှံထားခဲ့ပြီး တစ်ဖက်မှာ ဘွဲ့ကြိုတန်းစာတွေကို ကျက်မှတ်လေ့လာခဲ့ရတာမို့ ၁၉၉၉ ခုနှစ်ရဲ့ အစောပိုင်းကာလတွေမှာ အတော်ကလေး ကသီလင်တနိုင်ခဲ့သေးတယ်။ ကံကောင်းတယ် လို့ပဲ ပြောရမလား ..။ အတန်းကြီး ကျောင်းသားနှစ်ယောက် ဖြစ်တဲ့ Brin နဲ့ Page တို့ရဲ့ Google ဟာ အင်တာနက်လောကထဲကို Alogrithm နည်းပညာ နဲ့ တဟုန်ထိုး ထိုးဖောက်လာခဲ့တဲ့ အချိန်တွေပေါ့ ..။ ပြောမယ်ဆိုရင် Brin တို့ နှစ်ယောက် က Programming သမားတွေ၊ ပရိုဂရမ်ပိုင်းမှာ မိုးပျံနိုင်ပေမဲ့ ဒီဇိုင်းလက်ရာတွေမှာတော့ ချာတူးလံ ဆိုတဲ့ အထဲကပေါ့ ..။ အဓိက ကတော့ ရသမဆန်၊ အနုပညာ မမြောက်တာပါပဲ ..။ Hwaung က စဉ်းစားခဲ့တယ်..။ ပြီးတော့ ပြင်သစ်တော်လှန်ရေး နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အတွက် Bastille Day Logo ကလေး ကို ရေးဆွဲလိုက်တယ်။
“အင်း ..တကယ့်ကို ရိုးရိုးလေးပါပဲ ဗျာ ..။ အုပ်စုသေးသေးလေးအတွက် ကာတွန်းပုံကလေး သေးသေးလေးတစ်ခုကို ရေးဖြစ်ခဲ့တာပါ ..” လို့ Hwang က အမှတ်တရ ပြန်ပြောပါတယ်။ ကာယကံရှင် ကသာ အမှုန်အမွှားကလေးပါ လို့ နှိမ့်ချပြောခဲ့ပေမဲ့ Google နှစ်ယောက် ကတော့ အနုပညာ ရဲ့ ဖမ်းစားမှုကို ဥပေက္ခာ မပြုနိုင်ခဲ့ဘူး။ ချက်ချင်းဆိုသလို သုံးယောက်သား အရေးပေါ် အစည်းအဝေး တစ်ခု ကျင်းပဖြစ်ခဲ့တယ်။ တိကျတဲ့ စကားတစ်ခွန်းကိုလည်း ဂူးဂဲလ် ပိုင်ရှင်တွေ ချမှတ်ဖြစ်ခဲ့တယ်..။
“We are Geeky Company”
အစည်းအဝေး ပြီးသွားတော့ Hwang ရင်ထဲမှာ အခါမလပ် အဲဒီစကားလေးပဲ ကြားယောင်နေခဲ့တယ်။ “ ငါတို့ ဟာ ညဏ်ကြီးရှင် တွေ ဖြစ်တယ် “
အဲဒီစကားဟာ သူ့အတွက် ယုံကြည်မှု တစ်ခု ဖြစ်ခဲ့ပါတယ်။
Standard ကနေ တစ်ချိန်တည်းမှာ ကွန်ပျူတာသိပ္ပံဘွဲ့ကိုရော၊ အနုပညာကွန်ပျူတာ ဘွဲ့ကိုရော နှစ်ခုစလုံး ယူနိုင်ခဲ့တယ်။
သူရဲ့စိတ်ကို ရာနှုန်းပြည့်နီးပါး အလုပ်ထဲမှာ မြုပ်နှံထားခဲ့တယ်။ အခုဆိုရင် လူဦးရေ ၁၀၀ ခန့်ရှိတဲ့ ဒီဇိုင်းနာအဖွဲ့ကလေးတစ်ခုကို အုပ်ချုပ်ခွင့်ရရှိနေခဲ့ပြီး ဒီဇိုင်းဘက်ခြမ်းမှာ အရေးပါဆုံး ပုဂ္ဂိုလ် တစ်ယောက် ဖြစ်လာခဲ့ပါပြီ ..။ Hwang ကိုယ်တိုင်ကလည်း သူ့ကိုယ်ပိုင် တက်ဘလက်ကလေး နဲ့ တစ်နှစ်ကို ဒီဇိုင်းပေါင်း ၅၀ ကျော်လောက်ကို ရေးနေလေ့ရှိပါတယ်။ အဲဒီ ဒီဇိုင်းပုံတွေကို တစ်ကမ္ဘာလုံးမှာ ရှိတဲ့ မတူညီကွဲပြားတဲ့ ဘာသာစကားတွေ၊ နိုင်ငံ နဲ့ ယဉ်ကျေးမှုတွေ၊ တီထွင်မှုတွေ အမျိုးမျိုးမှာ သုံးစွဲကြပါတယ်။
Google ဟာ သူရဲ့ အမည်နာမတွေကို စွယ်စုံကျမ်းတွေ၊ ဝေါဟာရ အဘိဓါန်တွေထဲမှာ ပါဝင်လေ့မရှိတဲ့ ရှေးဟောင်းအခေါ်အဝေါ်တွေကို မှည့်ခေါ်လေ့ရှိပါတယ်။ Google ဆိုတဲ့ နာမည်ကိုက ဥပမာ..ပါပဲ ..။ Google ကနေ တီထွင်လာသမျှ Doodle တွေဟာ ပြောင်မြောက်လွန်းလို့ D ဆိုတဲ့ စကားလုံး ဟာ Designer Denis Hwang ကို ရည်ညွှန်းခဲ့လေသလား ရယ်လို့တောင် အများသူငါတွေက စကားနာထိုးကြတဲ့အထိ အောင်မြင်မှု ရရှိခဲ့ပါတယ်။
တခြားသူတွေ မနာလိုရလောက်အောင် ကို Hwang ကလည်း ထက်မြက်ပါတယ်။ ၂၀၀၄ ခုနှစ်တုန်း က Hwang ရဲ့ အရည်အချင်းကို စစ်တဲ့ စာမေးပွဲတစ်ခု ဖြစ်လာခဲ့တယ်။ နှစ်ပေါင်း ၁၂၂ နှစ်မှာ ရှားရှားပါးပါး ဗီးနပ်စဂြိုဟ် ဟာ ကမ္ဘာကို အရှေ့အရပ်ကနေ လှည့်ပတ်မယ့် ဖြစ်စဉ်ပေါ့ ..။ Hwang က ချက်ချင်းပဲ Google စာလုံးထဲမှာ ရှိတဲ့ ဒုတိယ O ကို နေမင်း (the sun) အဖြစ် ဖန်တီးပြီး google logo အသစ်တစ်ခု အဖြစ် ဖန်တီးစေခဲ့ပါတယ်။ ဒါကို ၁ နာရီတည်းနဲ့ ဖြေရှင်းခဲ့တာပါ။
Google ကို လူတွေ အဓိက သဘောကျစေတဲ့ အချက်တွေထဲမှာ ဒီဇိုင်းအဆင်အပြင် ရိုးရှင်း တဲ့ အချက်တစ်ခု လည်း ပါခဲ့တယ် လို့ ပညာရှင်တွေက ပြောဆိုခဲ့ပါတယ်။ မိုက်ကယ်အင်ဂျလိုမွေးနေ့၊ အိုင်စတိုင်းအထိမ်းအမှတ်၊ ရှားလော့ဟုမ်းတမ်းချင်း၊ စတဲ့ ကမ္ဘာ့ဝိဇ္ဇာ၊ သိပ္ပံပညာရပ် နယ်ပယ်တွေက ဆရာကြီးတွေရဲ့ အထိမ်းအမှတ်အမှတ်တရတွေ၊ မြေကမ္ဘာနေ့ ၊ ကြောင်နဲ့ကြွက်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းရေး၊ Pooh နဲ့ Snoopy လက်ရာလေးတွေပါ မကျန် ရေးဆွဲခဲ့ပြီး နှောင်းလူတွေအတွက် Google Logo Award ဆိုတဲ့ လမ်းတစ်လမ်းကို ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ သူ ရေးဆွဲခဲ့သမျှ ဒီဇိုင်းလက်ရာတွေထဲက အကြိုက်ဆုံးတစ်ခုကတော့ အိုင်စတိုင်းမွေးနေ့ အမှတ်တရ ဒီဇိုင်းပဲဖြစ်ပါတယ်။
အင်တာနက်ကို သုံးစွဲကြတဲ့ Google ကို သုံးစွဲကြတဲ့ လူဦးရေ သန်း ၂၀၀၀ လောက်မှာ ၉၅ ရာခိုင်နှုန်းလောက် က Google Logo တွေကို ဘယ်သူ ဆွဲသလဲ ဆိုတာကို မသိရှိကြပါဘူး ..။ အထူးသဖြင့် Dennis Hwang ဆိုတဲ့နာမည်ကို ကြားတောင် မကြားဖူးကြပါဘူး ..။
အင်း ..ဘယ်လိုပဲ ဥပေက္ခာတွေရနေပါစေ ..။
ကွန်ပျူတာသုံးစွဲသူတွေ အမှတ်မဲ့ လျစ်လျူရှုနေခဲ့ရင်တောင်မှ ပွဲတော်ရက်တွေနဲ့ တိုက်ဆိုင်တဲ့ အကြိမ်တိုင်းမှာ Google ဒီဇိုင်းဆရာလေး Hwang တစ်ယောက်ကတော့ သူရဲ့ ရင်တွင်းဖြစ် ဒီဇိုင်းကလေးတွေကို လူမသိ၊ သူမသိ ဖန်တီးရေးဆွဲနေဦးမယ် ဆိုတာကတော့ သေချာလှပါတယ်။ …
- Dennis Hwang : 1978 , Knoxville Tenn, South Korea
Ref : https://en.wikipedia.org/wiki/Dennis_Hwang
 

Ref : http://www.logoogle.com/dennishwang.html
 

(နည်းပညာလောကမှာအောင်မြင်တဲ့ ထုတ်ကုန်တွေ တော်တော်များများရှိပါတယ်။ ကျွန်တော်တို့ အမြဲလိုသုံးနေတဲ့ အဲဒီနည်းပညာထုတ်ကုန်တိုင်းရဲ့ နောက်ကွယ်မှာ အများမြင်ကွင်းရှေ့ကို တိုးထွက်မလာပဲ အေးချမ်းစွာရပ်တည်နေလေ့ရှိတဲ့ ပညာရှင်အတော်များများရှိပါတယ်။ သူတို့ရဲ့ အကြောင်းတွေကို ကျွန်တော် သိပ္ပံနှင့်နည်းပညာဂျာနယ်၊ ကွန်ပျူတာဂျာနယ်၊ ကွန်ပျူတာမဂ္ဂဇင်း၊ နက်ဂိုက် ဂျာနယ် တွေမှာ ၂၀၀၉ ခုနှစ်ကစပြီးရေးခဲ့ဖူးပါတယ်။ ဥပမာ .. Photoshop ကိုတီထွင်ခဲ့တဲ့ ညီအစ်ကို၊ Gmail ကိုရေးခဲ့တဲ့လူ၊ Google News ကိုရေးခဲ့တဲ့လူ၊ iPhone ဒီဇိုင်းထွင်တဲ့သူ ..စတဲ့ ပုဂ္ဂိုလ်တွေအကြောင်းပါ.။ အခုဆောင်းပါး က က ကျွန်တော်တို့တွေ အမှတ်မဲ့ မေ့လျော့နေတဲ့ တီထွင်ပညာရှင်တစ်ယောက် အကြောင်းပါ ..။)
*** ဒီဆောင်းပါး ကို ၂၀၀၈ မတ်လ မှာ ကွန်ပျူတာဂျာနယ်တိုက် က ထုတ်တဲ့ သိပ္ပံနှင့်နည်းပညာ ဂျာနယ် မှာ ရေးသားခဲ့တာဖြစ်ပါတယ်.။ အခုလို အကြောင်းတိုက်ဆိုင်လာတော့ မကြိုက်တော့တဲ့အချက်အလက်တွေထုတ်နုတ်၊ update လုပ်ပြီး ပြန်လည်ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ ***
Credit Original Uploader

No comments:

Post a Comment