Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 15, 2016

ဘာဝနာတရား လွန်လေသော်


|| ဒလဘန်း (နိုင်ငံတော် သမ္မတ ဦးထင်ကျော်) ||

ရွှေတောင်ကုန်းဆရာတော်ဘုရားကြီးကို စတင် တွေ့မြင်ဖူးမြော်ခွင့်ရပြီး ဆရာတော်ကြီး၏ သြ၀ါဒတရား စကားများကို ကြားနာခဲ့ရသည်မှာ ဆယ်စုနှစ် နှစ်ခုပင် ပြည့်လုနီးပါးပြီ။ ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာသို့ ရောက်ခဲ့ရသည့် အကြောင်းရင်းခံမှာလည်း အမှတ်တရရှိလှပါသည်။

၁၉၉၅ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် မမ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်ပါသည်။ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး ရက်များမကြာခင်မှာ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့သည့် အာဇာနည်နေ့ နှစ်လည်ဖြစ်ပါသည်။ အန်ကယ်ဦးအုန်းမြင့် (သခင်အုန်းမြင့်)နှင့်အတူ ပဏ္ဍိတာရာမ ရွှေတောင်ကုန်းကျောင်းသို့ သွားရောက်ကာ ၁၉ ဇူလိုင် အာဇာနည်နေ့တွင် အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းရှိ မမ၏နေအိမ်သို့ ဆွမ်းစားကြွရောက်ပါရန် ကြိုတင်သွားရောက် လျှောက်ထားကြသည်။ အလားတူပင် ကမ္ဘာအေးဘုရားလမ်း ချမ်းမြေ့ရိပ်သာ ကျောင်းတိုက်ဆရာတော်ကြီးကိုလည်း သွားရောက် လျှောက်ထားကြပါသည်။

ဆွမ်းကပ်သည့်နေ့တွင် စာရေးသူက ရွှေတောင်ကုန်း ဆရာတော်ကြီးကိုပင့်ရန် တာဝန်ကျပါသည်။ ဆရာတော်ကြီး အပါအ၀င် ကျောင်းတိုက် သံဃာတော် စုစုပေါင်း ၅ ပါးကို ပင့်ရမည်မို့၊ မော်တော်ယာဉ်နှစ်စီးဖြင့် သွားကြပါသည်။ ဆရာတော်ကြီးက နံနက် ၁၀း၃၀ နာရီတွင် တရားဟော၊ ရေစက်ချပြီးမှ ဆွမ်းကပ်ရန်၊ ကြိုတင်မိန့်ကြားထား၍ ကျောင်းသို့ ၁၀း၀၀ နာရီ အရောက် သွားကြပါသည်။ ဆရာတော်ကြီးရော၊ ကျန် သံဃာတော်တွေပါ အသင့်ဖြစ်နေကြ၍ နံနက် ၁၀း၃၀ မတိုင်ခင် တက္ကသိုလ်ရိပ်သာလမ်းအိမ်သို့ ပြန်ရောက်ကြသည်။ ၀ါစဉ်အရမို့ အခြား သံဃာတော်များက ဆရာတော်ကြီးကို ဦးစားပေး နေရာယူကြပါသည်။

နံနက် ၁၀း၃၀ နာရီတိတိတွင် ဆရာတော်ကြီး တရားစဟောကာ တစ်နာရီလည်း ပြည့် ချိန်ကိုက်ထားသည့်အလား ဆရာတော်ကြီး တရားဟောလည်း အဆုံးသတ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်ခေါင်းဆောင်များကို ရည်စူး၍ လှူဖွယ်များ ဆက်ကပ်လှူဒါန်း အမျှဝေပြီး ဆွမ်းဘုဉ်းပေးကြပါသည်။

ရက်သတ္တတစ်ပတ်ခန့်အကြာ ၁၉၉၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ကွယ်လွန်ခဲ့သည့် အမေကြီးကို ရည်စူးကာ ဇူလိုင် ၂၇ ရက်နေ့တွင် ကမ္ဘာအေး ချမ်းမြေ့ရိပ်သာကျောင်းတိုက်သို့ ဆွမ်းချိုင့်ပို့ပါသည်။ ဒီဇင်ဘာ ၂၇ ရက်နေ့ ရောက်သည့် အခါ၌ကား ပဏ္ဍိတာရာမ ရွှေတောင်ကုန်းကျောင်းတိုက်နှင့် ကမ္ဘာအေး ချမ်းမြေ့ရိပ်သာ ကျောင်းတိုက်တို့မှ ဆရာတော်ကြီးများ အပါအ၀င် သံဃာတော် ၅ ပါး ကျစီ အခြားကျောင်းတချို့မှ သံဃာ ၅ ပါး၊ ပေါင်း သံဃာ ၁၅ ပါးကို ဆွမ်းပင့်ပါသည်။ မွန်းလွဲပိုင်း၌ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလာမ်၊ ဗဟာအီ၊ ဂျူး စသည့် ဘာသာစုံမှ ပုဂ္ဂိုလ်များဖြင့် ဆုတောင်းပွဲတစ်ခု ပြုလုပ်လေ့ရှိပါသည်။ အချိန်မရသည့်အခါများ၌ကား ကျောင်းကြီး နှစ်ကျောင်းသို့ ဆွမ်းပို့ပါသည်။

ဇွန်လ ၁၉ ရက် မမ၏ မွေးနေ့ ကျရောက်သည့်အခါများ၌ ကျောင်းတိုက်နှစ်တိုက်စလုံးသို့ ဆွမ်းပို့ပါသည်။ ဤသို့ လစဉ် ၁၉ ရက်နှင့် ၂၇ ရက်နေ့ ကျရောက်တိုင်း ဆွမ်းပင့်၊ ဆွမ်းပို့အလုပ်များ လုပ်နေချိန်၊ ၁၉၉၉ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် မမ၏ခင်ပွန်း ဒေါက်တာ မိုက်ကယ်အဲရစ်၊ လန်ဒန်မြို့၌ ကွယ်လွန်အနိစ္စရောက်ပါသည်။ ထို့ကြောင့် ဒီဇင်ဘာ ၂၇ ရက်နေ့သာမက မတ်လ ၂၇ ရက်နေ့တွင်လည်း ဒေါက်တာအဲရစ်ကို ရည်စူးလျက်၊ ကျောင်းနှစ်ကျောင်းစလုံးသို့ ဆွမ်းပို့ပါသည်။

သက္ကရာဇ် ၂၀၀ ပြည့်နှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် မမ၏ မန္တလေးခရီးစဉ်အတွက် ရန်ကုန်ဘူတာကြီးသို့ လိုက်လံပို့ဆောင်ပါသည်။ ရထားမထွက်ဖြစ်အောင် အာဏာပိုင်တို့က ဟန့်တားထား၍ ဘူတာတွင် ဆက်လက် စောင့်ဆိုင်းနေကြစဉ်၊ ည ၁၀ နာရီခန့်တွင် ထိုစဉ်က ရန်ကုန်တိုင်း ဒုတိယတိုင်းမှူး၏ နှုတ်မိန့်ဖြင့် ဘူတာစင်္ကြံ သံပန်းတံခါးအနီး စောင့်ဆိုင်းနေသော မိမိတစ်ဦးတည်းကို လုံထိန်းရဲများက ချုပ်နှောင်ဖမ်းဆီးကာ အင်းစိန်တွဲဖက်ထောင်သို့ ပို့လိုက်ပါသည်။ လေးလကျော်ကြာ ဆွမ်းပို့ရက်များ ရောက်တိုင်း မိမိကုသိုလ်ယူရသည့် တာဝန်ကို သတိရရုံကလွဲ၍ ဘာမှ မတတ်နိုင်ခဲ့ပါ။ ထောင်ကထွက်ပြီး အိမ်ပြန်ရောက်မှ ဇနီး စုစုလွင်က မိမိတာဝန်ကို သူ၏ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေနှင့်အတူ ၀တ်မပျက် အလံမလှဲ ဆက်လက် လုပ်ကိုင်ခဲ့ကြကြောင်း သိရ၍ အတိုင်းမသိ ၀မ်းသာရပါသည်။ မမ ကိုယ်တိုင်လည်း မိမိနှင့် တစ်ညတည်း နေအိမ်အကျယ်ချုပ် ထပ်မံချထားကြောင်းကို အိမ်ရောက်မှ သိရပါသည်။ ဆွမ်းမပင့်နိုင်သော်လည်း ဆရာတော်များထံ ဆွမ်းပို့သည့်အလုပ်ကို မပျက်မကွက် ဆက်လက် လုပ်ဆောင်ပါသည်။

၂၀၀၂ ခုနှစ် မေလ ၆ ရက်နေ့တွင် ဒုတိယအကြိမ် အကျယ်ချုပ်က မမလွတ်သည့်အခါ ဆွမ်းပင့်သောအလုပ်များ ပြန်လည်လုပ်ပါသည်။ အကျယ်ချုပ်က လွတ်သည်ဟု ဆိုသော်ငြားလည်း၊ ခြံဝ၊ ခြံရှေ့၊ ဘေးခြံတို့မှ မြင်မြင်ထင်ထင် တစ်မျိုး၊ ပုန်းလျှိုးကွယ်လျှိုး တစ်ဖုံဖြင့် စောင့်ကြည့်နေသော ရဲထောက်လှမ်းရေးများက မနည်းပါ။ သို့တိုင်အောင်လည်း ဆရာတော်ကြီးမှာ အဆိုပါ ပုဂ္ဂိုလ်တို့ကို ရှိသည်ဟုပင် အသိအမှတ် မပြုသလို အလွန်ပင် တည်ငြိမ်အေးချမ်းစွာ ရှိသည်ကို ဂရုပြုမိပါသည်။ ပုထုဇဉ်တို့သဘာဝအရ အနည်းငယ် စိုးရွံ့ဟန်ရှိသော သံဃာတော်အချို့ကို တွေ့ရသော်လည်း ဆရာတော်ကြီးကား မတုန်မလှုပ် ပင်တိုင်ကြွမြဲတိုင်း ကြွသည်။ ဆွမ်းပင့်လေ့ရှိသည့် နေ့ရက်များ၌ ခရီးထွက်စရာရှိလျှင် ဆွမ်းစားပြီးမှ လေဆိပ်တန်းဆင်းသည် ရှိသလို ခရီးထွက်နေလျှင်လည်း ထိုနေ့များအမီ အရောက်ပြန်ကြွတတ်သည်။

ဆွမ်းစားကြွတိုင်း ၀ိပသ၁နာအကြောင်း စိတ်အင်အားဖြစ်စရာအကြောင်းတို့ကိုသာ ဟောပြောလေ့ရှိသည်။ ဒါနထက် ဘာဝနာကိစ္စများကိုသာ ဦးစားပေး အလေးထား ဟောကြားတော်မူသည်။

ဓမ္မနှင့် အဓ္မ နှစ်မျိုးအဆုံးတွင် ဓမ္မသည်သာ အနိုင်ရ အောင်မြင်ရာ အောင်မြင်ကြောင်း ဖြစ်ကြောင်း တရား၊ အတွင်းရန်နှင့် အပြန်ရန်တွင် အတွင်းရန်ကို ဦးစွာ နိုင်နင်းအောင် ပြုလုပ်ရေး တရားတို့ကို အမှတ်တရ ဖြစ်မိပါသည်။ အစ ပထမတွင် အတွင်းရန်ဟုဆို၍ လူ့လောကအတွင်း မိမိဝန်းကျင် မိမိအနားရှိသော ရန်သူကို နိုင်အောင်လုပ်ရေးကို ပြောသည်ဟု ထင်ခဲ့မိပြီး နောက်ပိုင်းတွင်မှ မိမိ၏ အတွင်းစိတ်ကို မိမိနိုင်အောင် ကျင့်ကြံရေးကို ဟောပြောဆုံးမခြင်းဖြစ်ပြီး အတွင်းစိတ်ကို တင်စားကာ အတွင်းရန်ဟူ၍ သုံးနှုန်းထားသည်ကို သဘောပေါက်ရပါသည်။

ဗုဒ္ဓဘာသာတရား တဖြည်းဖြည်းခြင်း တိမ်ကောပပျောက်သွားမှာ ဆရာတော်ကြီး အလွန်စိုးရိမ်ကြောင့်ကြ ဖြစ်ရှာသည်။ ဘာသာခြား မိမိဗုဒ္ဓဘာသာကို လွှမ်းမိုးသွားမည့် အရေးကို မျှော်တွေးကာ ယင်း အန္တရာယ်ကို ကာကွယ်နိုင်ရန် မျက်မှောက်ခေတ် လူငယ်များ ငယ်ရွယ်စဉ်ကပင် ဗုဒ္ဓတရားတော်၏ အနှစ်သာရကို သဘောပေါက်ပြီး ယဉ်ကျေးလိမ္မာကြအောင် အစဉ်အားထုတ်တော်မူသည်။ နှစ်စဉ် ကလေးလူငယ်များအတွက် ငွေကုန်ကြေးကျ သိန်းပေါင်းများစွာ အကုန်အကျခံလျက် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းများကို မြို့ရောနယ်ပါ ပြုလုပ်သည်။ သင်တန်းတိုင်း လူငယ်ရာပေါင်းများစွာ တက်ရောက်ကြပြီး သင်တန်းများ ပြီးဆုံးသည့်အခါ ဗုဒ္ဓ၏ အမွေအနှစ် အခြေခံတို့ကို သိရှိနားလည်ကာ ယဉ်ကျေးလိမ္မာသော လူငယ် ရာပေါင်းများစွာကို မွေးထုတ်ပေးနိုင်လျက် ရှိပေသည်။ ၀ိပသ၁နာတရားကိုလည်း နားလည်သဘောပေါက် ကျင့်ကြံနေထိုင်တတ်သော လူငယ်များအဖြစ် ရောက်စေခဲ့သည်။

ထူးခြားသော အလှူတစ်ခုကိုသာ ဆရာတော်ကြီး အလေးထား တောင်းခံတတ်သည်ကို သတိပြုမိပါသည်။ ထိုအရာကား ကျောင်းသို့ ရောက်လာကြသော တပည့်သားမြေးများထံက ၀ိပသ၁နာတရား ကျင့်ကြံအားထုတ်ဖို့ ဘာဝနာတရား ပွားများဖို့ အချိန်ပေးရန် အလှူခံခြင်း ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်ထံကလည်း အဆိုပါအလှူကိုပင် တောင်းခံခဲ့သည်။ စကားတစ်ခွန်းကို အလွယ်မပြော ကတိတစ်လုံးကို လွယ်လွယ်မပေးတတ်သော မမက “အချိန်ရသည့်အခါ လုပ်ပါမည်ဟု ဘုရား” မုသားမပါ ဟန်ဆောင်မှုကင်းစွာဖြင့် ရိုသေစွာ အဖြေပေးသည်။ သရဏဂုံသုံးပါးကို ဦးထိပ်ထားပြီး ၀ိပသ၁နာ ဆရာတစ်ဦးအနေဖြင့် အထူးကြည်ညို လေးစားအပ်သော ဆရာတော်ကြီး၏ အလှူခံစကားကို ပေါ့ပေါ့မထား အစဉ်အလေးထားပြီး တစ်နေ့တွင် ဆရာတော်ကြီးထံ လျှောက်ထား၍ တရားစခန်းဝင်သည်။ မမအတွက် အဖော်လည်းရစေ၊ ပင်ကိုယ်ကလည်း ဆန္ဒရှိသည့်အလျောက် ဇနီးသည်လည်း မမနှင့်အတူ ပဏ္ဍိတာရာမ တောင်ကုန်းသာသနာ့ရိပ်သာတွင် ၂၀၁၁ ခုနှစ် နှစ်ပတ်လည်တွင် ရက်တို တရားစခန်း ၀င်ဖြစ်ကြသည်။

မိမိကိုယ်နှိုက်လည်း တစ်ချိန်တွင် ၀ိပသ၁နာ တရားအားထုတ်လိုစိတ် ဖြစ်ပေါ်လာသောကြောင့် အရိုးအဆစ် မကောင်း၊ အထိုင်အထ မလွယ်သော ကိုယ့်အကြောင်းနှင့်ကိုယ်မို့ တစ်ရက်နှစ်ရက် ရသလောက်သော တရားစမ်းထိုင်ရန် ကျောင်းသို့ ရောက်ခဲ့သည်။ တစ်ရက်က နှစ်ရက် ၊ နှစ်ရက်က သုံးရက် တိုင်လာတော့ အားတက်လာသည်။ အများလို တရားက မရသော်လည်း ဆက်လက်ကြိုးစားလိုစိတ်ဖြင့် ရက်သတ္တနှစ်ပတ် ၁၄ ရက်ကြာ တရားထိုင်ပြီး တရားစခန်းထွက်ကာနီး ဆရာတော်ကြီးကို သွားလျှောက်သည်။ “ဘုန်းကြီးအတွက် သုံးရက်လောက် ဆက်ထိုင်ပေးပါလား” မမျှော်လင့်သော ဆရာတော်ကြီးထံမှ စကားကြောင့် အလိုအလျောက် “မှန်ပါ့ဘုရား” ဟုသာ လျှောက်ခဲ့ပြီး သုံးရက် ဆက်ထိုင်ဖြစ်သည်။

သုံးရက်အပြီး ဆရာတော်ကြီးထံ သွားရောက်ကန်တော့ရင်း မည်သည့် တရားမျှမရကြောင်း၊ စိတ်ကိုငြိမ်အောင် လုပ်ရသည်မှာ မလွယ်လှကြောင်း လျှောက်တင်ပါသည်။ မိမိစိတ်ကို မိမိမနိုင်၊ စိတ်မည်မျှ ထိန်းရခက်ကြောင်း သိလာခြင်းသည် တရားတစ်မျိုးရခြင်း ဖြစ်သည်ဟု ဆရာတော်ကြီးက မိန့်ကြားအားပေးရှာသည်။ ပြီးတော့မှ “ဒကာကြီး” ဘုရားမုခ်ဦးကို ကျောပေးထိုင်တဲ့ ခြင်္သေ့တော့ မဟုတ်တော့ဘူးပေါ့ဟု ပြုံးရင်းမိန့်တော်မူသည်။

၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရွေးကောက်ပွဲကိစ္စများ ပေါ်လာသည်။ ဇနီးဖြစ်သူက သူ့ဖခင် ရွေးကောက်ပွဲဝင်ခဲ့သော သုံးခွမြို့နယ်ကို ၀င်ရောက်အရွေးခံရန် အကြောင်းဖန်လာသည်။ ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးရေး ခရီးများ စတင်ရသည့် အချိန်ကစ၍ ဆရာတော်ကြီးထံ ဆွမ်းပို့သည့်တာဝန်များကို မိတ်ဆွေတစ်ဦးထံ မလွှဲမရှောင်သာ လွှဲပြောင်းပေးရပါသည်။ ရွေးကောက်ပွဲတွင် ဇနီးသည် အရွေးချယ်ခံရပြီး လပိုင်းအကြာ ကျန်းမာရေး မကောင်း၍ ဆေးကုသရန် ခရီးထွက်ရသည်။

ဇနီးသည် ဆေးကုခရီးသို့ လိုက်ပါစောင့်ရှောက်ပြီး နေရပ် ပြန်ရောက်သည့်တိုင် ဆေးကုသခံယူမှုက မပြီးသေး၊ လွှတ်တော်ကလည်း မပြီးသေးမို့ ဆေးကုရင်း လွှတ်တော်တက်ရာသို့ ဆက်လက် လိုက်ပါ စောင့်ရှောက်ရာ ဆရာတော်ကြီးနှင့် တစ်နှစ်ကျော် အဆက်ပြတ်ခဲ့ရပါသည်။ နောက်ပိုင်းတွင်မှ လွှတ်တော် ရက်ရှည် နားသည့်ကာလအတွင်း ဆရာတော်ကြီးကို ကန်တော့ရန် မမ သွားသည့်အခါ ကြိုတင် လျှောက်ထားခြင်း၊ ကန်တော့ချိန် လိုက်သွားခြင်း၊ ရံဖန်ရံခါ ပြန်လည်လုပ်ဖြစ်ပါသည်။ ထို့အပြင် ပြည်ပခရီးစဉ်သွားရာမှ ပြန်အလာ ဆရာတော်ကြီးကို လှူဖွယ်သီးနှံများ ဆက်ကပ်ပူဇော်ရန်ရှိသည့် အခါများ၌ မမနှင့်အတူ လိုက်ပါရင်း ရောက်ရသလို တစ်ခါတစ်ရံ ကိုယ်စားသွားရောက် ဆက်ကပ်ပေးရင်းလည်း ရောက်ရပါသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း လွှတ်တော် ခေတ္တရပ်နားရက် ဇနီးဖြစ်သူ နေပြည်တော်က အပြန် ဆရာတော်ကြီးထံ မမ၏ လူကြုံပါးစာ ပါလာပါသည်။ စာမှာ ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာ ၂၅ နှစ်မြောက် ငွေရတုစာစောင်အတွက် စာမူဖြစ်ပါသည်။ မိမိထံကလည်း ကျောင်းတိုက်က စာမူတောင်းထားပြီး စာရေးမပြီးသေး၍ ဆရာတော်ကြီးထံ စာသွားပေးရန် စိတ်မ၀ံ့မရဲ ဖြစ်မိပါသည်။ မသွားမဖြစ်၍ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဆရာတော်ကြီးထံ မရဲတရဲ ရောက်သွားပါသည်။

ဆရာတော်ကြီး စံကျောင်းရောက်သည့်အခါ သမားတော်ကြီးတစ်ဦးက ဆရာတော်ကို ကျန်းမာရေး စစ်ဆေးပေးနေ၍ ခေတ္တစောင့်ရသည်။ သမားတော် ပြန်ပြီးနောက် အခန်းတွင်းက သင်္ကန်းရုံရင်း ထွက်လာသည့် ဆရာတော်ကြီးက “ဒကာကြီး ဦးထင်ကျော်လား” ဟု မိမိကို မြင်မြင်ချင်း လှမ်းမေးပါသည်။ သက်တော် ၉၀ ကျော်ပြီဖြစ်သော်လည်း ၀ိပသ၁နာတန်ခိုးကြောင့် ဆရာတော်ကြီးမှာ ကျန်းမာသတိကောင်းတုန်း ဖြစ်သည်။ အစားကိုလည်း ဆေးအဖြစ်သာ သတိနှင့်မှီဝဲသုံးဆောင်သည်။ အနားရှိသည့် ဆရာလေးတစ်ပါးကို ဓာတ်စာအညွှန်းစာရွက် သွားယူခိုင်းပြီး မိမိကိုတစ်စောင်၊ မမအတွက် တစ်စောင်ပေးသည်။

“သမီးရော နေကောင်းရဲ့လား”

“နေကောင်းပါတယ် ဘုရား”

“အင်း သမီးလေး နေကောင်းဖို့ အဖွဲ့က လူတွေ နေကောင်း ဘေးအန္တရာယ်ကင်းဖို့ ဆုတောင်းနေရတယ်” ဟု ဆရာတော်ကြီးက မေးမေးပြောပြော ပြောပါသည်။

“သမီး” ဟု ယခင်သုံးနှုန်းလေ့ရှိရာက“ သမီးလေး” ဟု သုံးလိုက်ပုံက ကရုဏာသံသက်လှသည်ဟု ခံယူမိပြီး ရင်ထဲမှ ပီတိဖြစ်ပြီး ၀မ်းသာဝမ်းနည်း ဖြစ်ရပါသည်။

အကျယ်ချုပ်ကျသည့်ကာလများ ဆွမ်းပို့ရောက်တိုင်း
“သမီး နေကောင်းရဲ့လား သတင်းရရဲ့လား” ဟု အစဉ်ပင် စိုးရိမ်စိတ်ကြီးစွာဖြင့် မမ အကြောင်းကို ဆရာတော်ကြီး မေးလေ့ရှိပါသည်။ “တရားကော အားထုတ်ဖြစ်ရဲ့လား မသိဘူး” “ပုံမှန်အထိုင်တော့ ထိုင်ဖြစ်မယ် ထင်ပါတယ်ဘုရား” ဟုသာ မုသားဖြင့် မယုတ်မလွန် ဖြေလိုက်ရသည်။ ၀ိပသ၁နာတရား အစဉ်တွေးနေသည့် ဆရာတော်ကြီးပါပေ။ “ဦးထင်ကျော်အတွက် လက်ပတ်နာရီတစ်လုံး သွားယူခဲ့ပါ” ဟု အနီးရှိ ဆရာလေးတစ်ပါးကို လှမ်းပြောသည်။

“ဦးထင်ကျော် နာရီမပတ်ဘူးလား”

“တပည့်တော် မပတ်တာကြာပါပြီဘုရား၊ ပြီးတော့ ဆရာတော် တစ်ခါက တပည့်တော်ကို ဆွဲတဲ့ နာရီတစ်လုံး ချီးမြှင့်ဖူးပါတယ်ဘုရား” ဟု မုသားစကားမပါ နာရီလည်း မ၀တ်သည်မို့ မပေးပါတော့နှင့်ဟု မလျှောက်ရဲ၍ နာရီရဖူးကြောင်းသာ ပြန်လျှောက်လိုက်သည်။

“နာရီက ကျောင်းနာမည်ပါလို့လား။ ပြီးတော့ ဒကာကြီး ဦးထင်ကျော်အနေနဲ့ ပေးတာ မဟုတ်ဘူး။ ဒကာကြီးက ဘုန်းကြီးရဲ့ ဝေယျာဝစ္စ ဆောင်ရွက်နေတဲ့သူ ကပ္ပိယတစ်ယောက်အနေနဲ့ ပေးတာ” ဟု မိန့်ပြီး ဆရာလေးယူလာသည့် နာရီကို လှမ်းယူကာ ကိုယ်ကိုယ်တိုင် ချီးမြှင့်တော်မူသည်။ ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာကျောင်းတိုက်က ၀ိပသ၁နာ ဆရတော်ကြီး သာသနာ့အကျိုး ဆက်ထမ်းပိုး ကြိုးပမ်းနိုင်ပါစေဟုသာ ဆုတောင်းမေတ္တာ ပို့သမိပါတော့သည်။

ဒလဘန်း

The Ladies News
https://www.facebook.com/News.TheLadies

No comments:

Post a Comment