လေနာရောဂါ သတိပြုစရာ


လေထိုးလေအောင့် လေနာရောဂါသည် အလွန် ကြောက်စရာကောင်းသည်။ စာရေးသူငယ်စဉ်က အိမ်နီးချင်းဖြစ်သည့် ဦးလေးအရွယ် အသက် ၅ဝ ခန့် လူကြီးတစ်ဦး လေထိုးလေအောင့်ဖြစ်သည်။ ညအချိန် မတော်ဖြစ်သဖြင့် ရပ်ကွက်အတွင်းရှိ ဆေးခန်းနှစ်ခန်းမှာ ပိတ်သွားပြီဖြစ်သည်။ အချို့ဆေးခန်းတွင် ဆရာဝန်က အချိန်ပိုင်းနှင့်လာထိုင်ပြီး ညအချိန်တွင် ပိတ်သွားပြီ ဖြစ်သည်။

ထိုလေနာသူကို ဆေးရုံသို့ပို့သည်။ ဆေးရုံတွင်လည်း ဆရာဝန်ကြီးများမရှိပေ။ လက်ထောက်ဆရာဝန်နှင့် သူနာပြုများက လူနာအခြေအနေကို စောင့်ကြည့် ရမည် ဟုဆိုကာ စင်္ကြံလမ်းပေါ်ရှိ တန်းလျားတစ်ခုပေါ်တွင် ခေတ္တလှဲခိုင်း ထားသည်။ လူနာသည် ချွေးစေးများပြန် လာပြီး နောက်တစ်နာရီခန့် အကြာတွင် အနာသက်သာ သွားသည်။ ဘာဆေးမျှမသောက်ရဘဲ ဆေးရုံ မှပြန်လာ ခဲ့ရသည်။

လေနာရောဂါအချို့သည် ဤသို့ပင် အလူးအလဲခံရ အောင်ဖြစ်ပြီး ထူးဆန်းစွာ သက်သာပျောက်ကင်းသွား တတ်သည်။ ဆရာများကလည်း လေနာရောဂါနှင့် အူအတက်ပေါက်ရောဂါ မမှားယွင်းရအောင် သတိပြု ကြရသည်။ အူအတက်ရောင်လျှင် ဝမ်းဗိုက်တစ်ပြင်လုံး မနာဘဲ ညာဘက်ခြမ်း ပေါင် ထိပ်နှင့်ချက်တိုင်အနီးတွင် အထိမခံအောင် နာကျင်လေ့ရှိသည်။

လေနာရောဂါဖြစ်သူ၏ ဝမ်းဗိုက်ကို နားမလည်ဘဲ အရမ်းမဲ့ မနှိပ်သင့်ပေ ။ လေနာဟုဆိုကာ မှောက်ပြီး တက်နင်းသဖြင့် အူပေါက်ပြီး အသက် ဆုံးရှုံးရသည့် တောရွာမှလူနာတစ်ဦးကို တွေ့ဖူးသည်။ ကျန်းမာရေး ဗဟုသုတ နည်းသည့် ကျေးလက်တောရွာများတွင် ဤသို့ အဖြစ်ဆိုးများစွာ ရှိသည်။

လေနာ၏ မူလအကြောင်းအရင်းခံမှာ အစား အသောက်မဆင်ခြင်ခြင်း၊ အလွန်အကျွံစားခြင်းကြောင့် အစာမကြေဖြစ်ကြရာမှ ဖြစ်သည်က များသည်။ လေ ချုပ်စာ အစားများခြင်း၊ အစာစားပြီးနောက် လှုပ်ရှားမှု မရှိဘဲ ဝမ်းဗိုက်ကို ခေါက်ထိုင်ခြင်းကြောင့်လည်း ဖြစ် နိုင်သည်။

လေနာလေအောင့်ဖြစ်စေနိုင်သော အခြားအကြောင်း တစ်ခုမှာ ဝမ်းချုပ်ပြီး စမြင်းခံခြင်းဖြစ်သည်။ အချို့က စမြင်းထိုးသည်ဟုခေါ်သည်။ စာရေးသူ လေနာရောဂါ နှင့်ပတ်သက်၍ ရှေးက မြန်မာဆေးဆရာကြီးများ မည်ကဲ့သို့ ကုသခဲ့ကြသည်ကို လေ့လာကြည့်သောအခါ စစ်ပြီးခေတ်က ထုတ်ဝေခဲ့သော မြန်မာဆေးဆရာကြီး ဦးဘသင်၏ 'ရှုတော်မူဆေး အဘိဓာန် ကျမ်း'တွင် တွေ့ ရသည်မှာ-

လူတို့စားသောက်သော အာဟာရတို့သည် ကျင်ကြီး ဖြစ်ပြီး အချိန်မှန် မစွန့်ရလျှင် အူအတွင်း၌ ရက်ကြာကိန်း အောင်းနေရသော အခါ တေဇော ဓာတ် အခိုးအရှိန် ကြောင့် ထိုကျင်ကြီးသည် မီးဖြင့်ကင်သောအသားတစ်ကဲ့ သို့ အရည်ပျစ်ပြီး တဖြည်းဖြည်းတင်းမာ၍ စမြင်းဖြစ်၏။ ထိုစမြင်းသည် အူအတွင်း ဒွါရပေါက်၌ ဆို့ပိတ်နေသော အခါ အူအတွင်း၌ သွားလာ စုန်ဆန်နေသော (အန္တာ နုသယ)ခေါ်သော လေလည်း သွားလာနှင်ထုတ်ခြင်း မပြုရဘဲ အူအတွင်း၌သာ တောငှက်တိရစ္ဆာန်များကို ဖမ်းဆီး၍ လှောင်အိမ် အတွင်း၌ လှောင်ထားသောအခါ ထွက်ပေါက်ရှာသောအားဖြင့် တိုးဝှေ့ သကဲ့သို့ ထို အချုပ်အနှောင်ခံရသော လေသည်လည်း ထွက်ပေါက် မရသဖြင့် တိုးဝှေ့သောအခါ နာခြင်း၊ အောင့်ခြင်း ဖြစ်ရသည်။ ထိုသို့နာသည် ကို လေနာ ၊ အောင့်နာဟု ဆိုသည်။ ရင်ဘတ်ဆီသို့ တိုးဝှေ့သောအခါ ရင်ဘတ် နာဟု ဆို၏။ ဘေးသို့တိုးဝင်သောအခါ အဆုတ်သည် ဖောင်းပွလာသဖြင့် အသက်ရှူကျပ်၏။ ထိုသို့ဖြစ် သောရောဂါကို 'ဘေးထိုးရင်ကျပ်'ဟု ဆိုသည်။

လေနာ၊ အောင့်နာ၊ ရင်ဘတ်နာ၊ ဘေးထိုးရင်ကျပ် ဟူသော ရောဂါမျိုး တို့သည် လေ၏အစွမ်းချည်း ဖြစ် သည်။ ထိုလေချုပ်သောသူတို့၌ များသောအားဖြင့် ဝမ်းကြောတင်းခြင်း၊ ဝမ်းချုပ်ခြင်းတို့ ဖြစ်တတ်၏။ လေဆေး တစ်နည်း-

၁။ ကျောက်ချဉ် - ၁ ကျပ်သား
၂။ ဆားခါး - ၂ ကျပ်သား
၃။ ဇဝက်သာ - ၂ ကျပ်သား

ဤသုံးပါးကိုအမှုန့်ပြု၍ ရှောက်ရည်နှစ်ကျပ်သားနှင့် ရော၊ ဆေးငါးခွက်စာဖြစ်၏။ (လေနာဖြစ်ပုံ အကြောင်း နှင့် ကုထုံးကိုပြခြင်းမှ)

လေနာရောဂါဖြစ်သူတို့သည် အစားမှား၍ဖြစ်သည်ဟု အစဉ်အမြဲမှတ်ယူ၍ မရပေ။ အစားအသောက်မမှားဘဲ ရုတ်တရက်ထဖြစ်သော လေနာရှိသည်။ ကံကြောင့် ဖြစ်သော လေနာဟု ခေါ်ဆိုနိုင်သည်။ အစာအိမ်လေနာ ဖြစ်သူ အတော်များများသည် စိတ်ပူပန်သောကများ သူများဖြစ်သည်ကို တွေ့ရသည်။ စိတ်တိုင်းမကျ စိတ်မောရသောသူများတွင်ဖြစ်သည့် လေနာရောဂါသည် စိတ်ကြောင့်ဖြစ်သည်။

ဥတုကြောင့်ဖြစ်သော လေနာရောဂါမှာ မိုးတွင်းအခါ ရေစိုတစ်ပိုင်းဖြင့်သွား လာရင်း ခြေအေးဝမ်းရောင် ဖြစ် ရာမှ စသည်။ ခြေထောက်ရေ စိုခြင်းကြောင့် လေနာ ရောဂါ ရုတ်တရက်ဖြစ်နိုင်သည်။ ခြေထောက်ရေစိုနှင့် အပြင်မှပြန်လာလျှင် ဒူးအထက်မှအောက်သို့ ရေ လောင်း၍ ခြေဆေး၊ အပူများ အောက်သို့ဆင်းသွား အောင်ပြုလုပ်ပြီးမှ အဝတ်ခြောက်ဖြင့် သုတ်ရမည်။ နွေးထွေးအောင်ပြုလုပ်ရမည်ဟု ရှေးလူကြီးများပြောကြ သည်။

ကံ၊ စိတ်၊ ဥတု၊ အာဟာရ လေးပါးတွင် နောက်ဆုံး ဖြစ်သော 'အာဟာရ 'ကြောင့်ဖြစ်သော လေနာမှာ မသင့် သောအစာကိုစားခြင်း၊ ပူလွန်း စပ်လွန်းသော အစာကို စားခြင်း၊ အေးစက်သောအစာကိုစားခြင်း၊ မာကြော သောအစာကို စားခြင်းတို့ကြောင့် ဖြစ်သည်။

ကောက်ညှင်းပေါင်းစားပြီး လေနာသူတစ်ဦးကို တွေ့ဖူးသည်။ ထိုသူကို မြန်မာဆေးဆရာကြီးတစ်ဦးက နှမ်းဆီကိုမီးဖြင့်နွှေးပြီး ဝမ်းဗိုက်တွင် လိမ်းသည်။ ထိုနှမ်းဆီကိုပင် ဟင်းစားဇွန်းဖြင့် သုံးဇွန်းသောက်ခိုင်း သည်။ ခဏကြာသောအခါ လေနာဝေဒနာ သက်သာ သွားသည်ကို တွေ့ရဖူး သည်။ ကောက်ညှင်းပေါင်းစား လျှင် အေးစက်နေပါကမစားရ။ ပူပူနွေးနွေးကို ဆီဆမ်း ပြီးစားလျှင် လေနာခြင်းဘေးမှ ကင်းဝေးနိုင်သည်။ ဓာတ်စာ အဖြစ် လေကို အောက်သို့သက်အောင်စားလို လျှင် ကောင်ညှင်းဆန် အနက် (ငချိပ်)ပေါင်းကို နှမ်းဆီ ဆမ်း၊ နှမ်းထောင်းဖြူးစားလျှင် လူကြီးများ လေချုပ် အညောင်းများခြင်းကို သက်သာစေနိုင်သည်။ အစာ ဟောင်းအိမ်မှ လေကို လည်း အောက်သို့သက်စေနိုင် သည်ဟု ဆိုသည်။ ဤသည်မှာ ရှေးလူကြီးများ ၏ ဘေးမဖြစ်အောင် ကောက်ညှင်းပေါင်းစားနည်းဖြစ် သည်။ ကောက်ညှင်း စားပြီး အစာမကြေမဖြစ်စေသော နည်းဖြစ်သည်။

ဝမ်းနုတ်ဆေးကို စွဲစားလေ့ရှိသူများတွင် လေနာဖြစ် လေ့ရှိသည်ကို တွေ့ ရသည်။ ထိုသို့ဖြစ်ရခြင်းမှာ အူ အတွင်းရှိ အချွဲအမြှေးများပါး သွားခြင်းကြောင့်ဖြစ် သည်။ အထူးသဖြင့် ပွေးကိုင်းပါသော ဝမ်းမှန်ဆေးများ ကို စွဲစားသူများ၏အူအတွင်း သက်စောင့်အချွဲအမြှေးများ တဖြည်းဖြည်း ပါးသွားပြီး အူမကြီးအတွင်းတွင် လေပွကာ လေနာရောဂါဖြစ်နိုင်သည်။

နေ့စဉ် ဆေးသောက်မှ ဝမ်းသွားရခြင်းသည် နည်းမှန်၊ လမ်းမှန် ဝမ်းသွားရခြင်းမျိုးမဟုတ်ပေ။ ချို၊ ချဉ်၊ ငန်၊ စပ်၊ ဖန်၊ ခါး ရသာခြောက်ပါးကို မျှတစွာစားသုံးသူသည် ဝမ်းမှန်သည်။ လေသည် အောက်သို့သက်သည်။ ယနေ့ ခေတ် လူအတော်များများသည် ချို၊ ဖန် အရသာနှစ်မျိုးကို ပို၍စားသုံးနေကြသည်။ တစ်နေ့လျှင် နှစ်ကြိမ်၊ သုံးကြိမ်၊ လက်ဖက်ရည် ဆိုင်ထိုင်ပြီး ရေနွေးကြမ်း၊ အဖန်ရည် အသောက်များသူများ ဝမ်းချုပ်ကြသည်။ ဝမ်းချုပ်၍ ဝမ်းနုတ်ဆေးစားသည်။ ရောင်းတမ်းဝမ်းနုတ်ဆေးများ တွင် ပွေးကိုင်းနှင့် ကနခိုများ ပါဝင်သဖြင့် ကြာသောအခါ အစာအိမ်နှင့် အူလမ်းကြောင်း အားနည်းမှု၊ ချို့ယွင်း မှုများ ဖြစ်လာရသည်။ အနောက်တိုင်း ဝမ်းနုတ်ဆေးများ လည်း ရှိသည်။ ဓာတုပစ္စည်းများပါဝင်သဖြင့် ရေရှည် စွဲ သောက်လျှင် အသည်းကို ထိခိုက်ပျက်စီးစေနိုင်သည်ဟုဆိုသည်။

သတိပြုရန်မှာ-
၁။ လေဆေး၊ အစာကြေဆေးများသည် အမြဲ စွဲသောက်ရန်မသင့်ပါ။ လိုအပ်သောအခါမှသာ သောက် ရပါမည်။

၂။ ဝမ်းနုတ်ဆေးကို နေ့စဉ်စွဲသောက်ခြင်းသည် မသင့်ပါ။ အစာအိမ်နှင့် အူလမ်းကြောင်းကို ကြီးစွား ဒုက္ခပေးနိုင်ပါသည်။

၃။ လက်ဖက်ရည်အချို၊ အဖန်ရည်အသောက် များခြင်းကြောင့် ဝမ်းချုပ် ပြီး လေနာရောဂါ ဖြစ်စေနိုင် ပါသည်။

၎။ အေးစက်မာကြောသောအစာ၊ အချိန်အခါ မဟုတ် စားသော အစာကြောင့် လေနာရောဂါ ဖြစ်စေနိုင် ပါသည်။

ကြည်လွင်မြင့်(မုဒြာ)

Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)