Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 1, 2015

တလင်တမယားဥပဒေနှင့် ရင်တစ်ခုလုံး မောရတဲ့status

တလင်တမယား ဥပဒေတွေ ဘာတွေပြောနေတော့၊ မိတ်ဆွေ ဆရာဝန်တယောက်ပြောပြတဲ့ အဖြစ်အပျက်တခုကို သွားသတိယမိတယ်။
ပိုက်ဆံချမ်းသာတဲ့ သူတွေက စနေ၊ တနင်္ဂနွေ ဆိုရင် ကျောင်းသူတွေ နဲ့ အတူနေကြတဲ့ အဖြစ်အပျက်တွေပါ။ တခါတော့ ဆရာဝန်လေးက နယ်ပြောင်းမှာမို့လို့ သူသုံးစွဲနေတဲ့ ကောင်မလေးကို နောက်တယောက်ထံ လွှဲပြောင်းဖို့ ကြိုးစားလိုက်တယ် လို့ ဆိုတယ်။
“ တလမှ သုံးသောင်းထဲပါ။ ကောင်မလေးက ကျောင်းစရိတ်အတွက် အဆင်မပြေ ဖြစ်နေလို့ ကူညီလိုက်ပါဗျာ။ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်မှာ လာနေပေးမယ်။ တယောက်နဲ့ တယောက် သံယောဇဉ်ဖြစ်မှာတွေ ဘာတွေလည်း ပူစရာ မလိုဘူး။ ကောင်မလေးမှာက ကျောင်းပြီးရင် လက်ထပ်မယ့် ချစ်သူက ရှိပြီးသား” တဲ့။
သူတို့ ကတော့ ပေါ့ပေါ့ပါးပါး ပြောနေတာဗျာ။ ကျနော့မှာတော့ ရင်တခုလုံးမောနေတယ် တဲ့။ လက်ဘက်ရည်ခွက်ကို စိတ်ပျက်လက်ပျက် မော့သောက်လိုက်တဲ့ သူငယ်ချင်း ဆရာဝန်လေးစကားကို နားထောင်ရင်း၊ ကျနော်လည်း တောင်တန်းတွေကို ငေးကြည့်ခဲ့ဘူးတယ်။
တကယ်တော့ အဲ့သလို ဖြစ်ပျက်နေတဲ့ အရာတွေက နေရာအနှံ့ ပါ။
တချို့ သူငယ်ချင်း အင်ဂျင်နီယာတွေ ဆို စီးပွားရေးက အဆင်ပြေတော့၊ keeping ထားတာကို ဂုဏ်ယူဝံ့ကြွားစွာပြောနေတာ။ ရှက်ရကောင်းမှန်းကို မသိတာ။ မင်း တို့ မရှက်ဘူးလား လို့ သွားမမေးလိုက်လေနဲ့။
“ ဟ ငါတို့ ကိုတောင် ကျေးဇူးတင်ရအုံးမှာ။ ငါတို့ သာ အခုလို တလက်ကိုင် ကူညီမပေးရင်၊ သူတို့တတွေ မကောင်းတာ လုပ်စားရမှာ။ လူပေါင်းစုံ နဲ့ အိပ်ရမှာ။
တလကို (၁၀) သိန်းပေးထားတော့ သူတို့အတွက်လည်း အဆင်ပြေ၊
ငါတို့အတွက်လည်း လန်းတာပေါ့ကွာ” တဲ့
ခေတ်က အပေါ်စီးရထားသူတွေအတွက် ဆင်ခြေတွေ အများသားလေ။
ဝရုန်းသုန်းကား ပြုပြင်ပြောင်းလဲရေးအောက်မှာ မက်မောဘွယ်တွေက ကစင့်ကလျားဝင်တိုက်ကြသလို၊ ကြုံရာရထားကို ဖြစ်သလိုလိုက်ချင်သူတွေကလည်း ရှိနေသေးတယ်။
အာဏာရှင်စံနစ်အောက်မှာ အကြီးမားဆုံး ဆုံးရှုံးမှုကတော့ စိတ်ဓါတ်တွေ ပျက်ကုန်ကြခြင်းပါပဲ။ ဒါကလည်း အကြောင်းမဲ့တော့ မဟုတ်ဘူး။
ဘဝတွေက ရှင်သန်ရတာ အရမ်းခါးတာကိုး။
ဝမ်းရေးအတွက် တိတ်တိတ်ပုန်း အိပ်ရတဲ့အဖြစ်မျိုး ဘယ်သူမှ မလိုချင်ပါဘူး။
အစိုးရ နဲ့ နီးစပ်ပြီး စီးပွားရေးလုပ်ပိုင်ခွင့်ရသူတွေ က ဥရောပနိုင်ငံတွေဆီ အပျင်းပြေ၊ ဈေးဝယ်ထွက်နေချိန်မှာ၊ သာမန်လက်လုပ်လက်စားတွေ ရဲ့ ဘဝတွေက ထမင်းနပ်မှန်ဖို့ မသေချာ။
ဒီလိုနဲ့ လုပ်မိလုပ်ရာ အဆင်ပြေမယ် ထင်တဲ့အရာတွေကို လုပ်ကြရတော့တယ်။
အများကြီးတော့ ပြောမနေတော့ပါဘူး။
ဒီခေတ်ကြီးက
ဘယ်သူမှ မိန်းမ (၂) ယောက် ယူစရာ မလိုတော့လောက်အောင်၊
အလွယ်တကူ ပျော်ပါးလို့ ရတဲ့ ခေတ်။
နေ့ စဉ်လူမှု စီးပွားရေး ဘဝတွေကို တည်ငြိမ်အောင် လုပ်ပေးခြင်းဟာ ဥပဒေထုတ်တားမြစ်တာထက် ပိုပြီး ထိရောက်ပါတယ်။
အောင်မိုးဝင်း

No comments:

Post a Comment