Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 5, 2015

သေသည်၏အခြားမဲ့၌


တလောလေးက ဆွေမျိုးတယောက် အရွယ်ကောင်းမှာပဲ ဆုံးတယ် .. နောက်တော့ ဘကြီးတယောက် .. မိတ်ဆွေရဲ့ ခင်ပွန်း ..

အဲဒီလို နာရေးတွေမြင်ရကြားရ တဲ့ အခါ အတွေး ထဲ မှာ သေခြင်းရဲ့ နောက် ဆိုတာက စိုးမိုးနေတယ် ..

ငါသေပြီး ဘာဖြစ်မှာပါလိမ့် ..ဘယ်ကို သွားမှာ ပါလိမ့် .. ငါဘာတွေလုပ်ခဲ့ပါလိမ့် ..နဲ့ စဉ်းစားရင်း အရှင်ကုမာရ နဲ့ တရားဆွေးနွေးဖြစ်တော့ အရှင်ပြောတဲ့ Near Dearth Experience တွေကို စိတ်ဝင်တစားဖြစ်မိတယ် .. အရှင် က သူတရားပြနေတဲ့ ယောဂီတွေထဲမှာ သေရွာပြန်တွေကို အသေအချာ သုတေသနပြုပြီး ပြန်ပြောပြတာဆိုတော့ စိတ်ဝင်စားစရာသိပ်ကောင်းတယ် ..

တခါတုန်းက ယောဂီ အဖွားကြီးတယောက်ဟာ တရားစခန်းဝင်ရင်းနဲ့ ရိပ်သာမှာပဲ ဆုံးသွားတယ် ..

သူက တနယ်တကျေးကနေ ရိပ်သာဝင်ဖို့ လာခဲ့တာမို့ သူ့ဆွေမျိုးတွေ ကို စောင့်ရင်း သူ့အလောင်းကို သူအိပ်တဲ့ အခန်းမှာပဲ ယာယီခဏထားထားရတယ် .. သူဆုံးတာ ည ၈ နာရီလောက်ဆိုတော့ ဆွေမျိုးတွေက မနက်မှ ရောက်လာမှာမို့ တညတာ ထားရတဲ့ သဘောပေါ့ .. အသက်ကလည်းတော်တော်ကြီးရှာပါပြီ ..

ည ၈ နာရီလောက်မှာ သူ့အိပ်ခန်းထဲ သူဆုံးနေတာဆိုပေမဲ့ ည ၉ နာရီ တရားမှတ် တဲ့ အဆောင်မှာ သူ့ကို တွေ့ကြရပါတယ် .. သူလည်းပဲ တရားထိုင်နေသတဲ့..

ဒါနဲ့ အရှင်ကို မေးလျှောက်ကြည့်ပါတယ် ..တရားတွေမှတ်ရင်းသေတာတောင် နတ်ပြည်မရောက်ဘူးလား ..

မကျွတ်မလွတ်တဲ့ ဘဝရောက်ရသလား ဆိုတော့ အရှင်ကပြောပါတယ် မကျွတ်မလွတ်ဘဝရောက်တယ်ဆိုတာ လူတွေရဲ့ စွဲလန်းစိတ်ကြောင့် ပါတဲ့..
တချို့ကလည်း ကိုယ့်ဟာကိုယ် သေလို့ သေမှန်းမသိပဲ လုပ်နေမြဲအလုပ်တွေကို ဆက်လက် လုပ်နေတာပါပဲ တဲ့ .. တစုံတခုကြောင့် စိတ်မဖြောင့်တဲ့ အခါမှာလည်း မကျွတ်မလွတ်တဲ့ ဘဝကို ရောက်ရတတ်ပါတယ် ..

လူတယောက်ဟာ သူအသက်ရှင်စဉ်မှာ မကောင်းမှု့တွေမလုပ်ဘူး ကောင်းမှု့တွေပဲလုပ်မယ်ဆိုရင် သူဟာ ဘဝတပါးပြောင်းတဲ့ အချိန်မှာ ကောင်းရာမွန်ရာကိုလည်းရောက်နိုင်သလို ကောင်းမှု့တွေလုပ်ပေမဲ့ စိတ်အစွဲအလန်းကြီးမားသူဆိုရင်တော့ ငရဲ တိရိစ္ဆန် ပြိတ္တာ အသူရကယ် စတဲ့ အပါယ်လေးဘုံလည်းမဟုတ် နတ်ပြည် ဗြမ္မာ့ပြည် စတဲ့ အထက်ဘုံလည်းမဟုတ်ပဲ သူစိတ်စွဲလန်းရာကို ရောက်ရတတ်ပါတယ် လို့အရှင်က ပြောပြခဲ့တယ် ..

တချို့က လူပြန်ဖြစ်ဖို့ စိတ်စွဲတော့ လူ့ဘဝကို ပြန်ရောက်ဖို့ ကုသိုလ်လည်းရှိဆိုတော့ ဒီက ဝိဥာဉ်ချုပ်တာနဲ့ ဟိုဘက်က မိခင်ဝမ်းထဲ ပြန်ဝင်စားကြသတဲ့ ..

တချို့ကလည်း မိမိရဲ့ အိမ် အလုပ် စသည်တို့ကို စွဲလန်းလွန်းတော့ အဲဒီနေရာတွေမှာပဲ သူတို့ အသက်ရှင်စဉ်တုန်းက လုပ်နေတဲ့ အလုပ်တွေကို လုပ်ရင်း နဲ့ ဆက်လက်နေနေသတဲ့ ..

ဒါကြောင့် အိမ်အိုအိမ်ဟောင်းတွေမှာ သရဲခြောက်တယ်ဆိုပြီး ပြောကြတာ တကယ်တော့ မူလအိမ်ပိုင်ရှင်တွေက သူတို့ အိမ်ဆိုတဲ့ အစွဲနဲ့ နေနေမြဲ နေနေကြလို့ သာဖြစ်ပါတယ် ..

အဲဒါကြောင့် celebrity Ghost Stories ဆိုတဲ့ အစီအစဉ်ကို ကြည့်ရင် ဟောလိဝုဒ်က အကျော်အမော်တွေဟာ ပိုက်ဆံရှိရင်ရှိသလို တကယ့် အိမ်ကြီးရခိုင် Mansion တွေကို ဝယ်နေရင်းနဲ့ မကျွတ်မလွတ်တဲ့ မူလပိုင်ရှင်တွေက နှောက်ယှက်တာ လည်းရှိ ကူညီတာလည်းရှိတဲ့ ဖြစ်ရပ်မှန်အကြောင်းတွေကို စိတ်ဝင်စားဖွယ်ရိုက်ပြထားတာ အင်မတန် ကြည့်ကောင်းပါတယ် ..

ကြည့်ဖူးတဲ့ထဲက တခါတုန်း အိုလံပစ် စကိတ်ချန်ပီယံလည်းဖြစ်ပြီး ရုပ်ရှင်မင်းသမီးတယောက်လည်းဖြစ်တဲ့ Sonja Henie ဆိုသူရဲ့ အိမ်ကို ခင်ပွန်းနဲ့ ကွဲပြီးစ ရုပ်ရှင်မင်းသမီးတယောက်က ပြန်ဝယ်ပြီး သူမရဲ့ ကလေးတွေနဲ့ ပြောင်းနေခဲ့ပါတယ် ..အိမ်ကြီးက အကြီးကြီး မှ အကြီးကြီးပါပဲ .. Sonja ရဲ့ ပစ္စည်းအဟောင်းတွေလည်း ရှိပါသေးတယ် ..

သူမက သူလည်းရုပ်ရှင်မင်းသမီးပဲ ဆိုတော့ သေသွားတဲ့ ရုပ်ရှင်မင်းသမီးဟောင်း ကို သံယောဇဉ်ရှိလို့ သူမပစ္စည်းလေးတွေလည်း အသေအချာသိမ်းဆည်းပေးထားပါသတဲ့ ..

အဲဒီမှာ အဲဒီအိမ်မှာ မကျွတ်မလွတ်ပဲ နေမြဲတိုင်းနေနေတဲ့ မင်းသမီးက ညဘက်တွေမှာ ကိုယ်ယောင်လာလာပြပြီး မကြောက်တတ်တဲ့ အိမ်ရှင်သစ်နဲ့ မိတ်ဖွဲ့ကာ သူ့သမီးလေးများကို ပါ ကူထိန်းပေးပါသတဲ့ ..

တချို့က စွဲလန်းလို့ သာ နေမြဲနေတာ သူတပါးကို ဒုက္ခလည်းမပေးသလို ကြောက်စရာလည်းမကောင်းပါဘူးတဲ့ .. သူတို့ မှာ ကျွတ်လွတ်ချင်လို့တောင် လူတွေရဲ့ အကူအညီလိုက်တောင်းရင် လူတွေက သူတို့ ကို သရဲ ဆိုပြီး ကြောက်ကြသေးတာကိုး .. ဒါပေမဲ့ တချို့ကျတော့လည်း မသေချင်ပဲ သေခဲ့ ရတော့ မကျွတ်တာပါ ..သူတို့က စိတ်တွေတို မကျေမနပ်နဲ့ ဖြစ်နေတော့ လူတွေကို နှောက်ယှက်တတ်ပါတယ် …သူတို့ ကြုံတွေ့ရတာကိုပြောပြချင်တာလဲ ပါတယ် ..အဲဒါကြောင့် ဟိုတလော က Ghost ဆိုတဲ့ ရုပ်ရှင်ကြည့်တော့ ရုပ်ရှင်ဆိုပေမဲ့ ပရလောက က အဖြစ်အပျက်တွေဟာ တော်တော်လေး မှန်ကန်တဲ့ အချက်အလက်တွေနဲ့ ရိုက်ထားတာ ကို သတိပြုမိလိုက်ပါတယ် .. မင်းသား Sam က မသေချင်ပဲ အသတ်ခံလိုက်ရတာမို့ မကျွတ်ပဲ အားလုံးကို မြင်နေရပါတယ် .. အဲဒီမှာ သူငယ်ချင်းဖြစ်သူက သစ္စာဖောက်ပြီး သတ်ခိုင်းတယ်ဆိုတာ သိသွားခဲ့တယ် .. ဇာတ်လမ်းမှာ Sam ဟာ လူကောင်းတယောက်ပါ .. အသတ်သာခံလိုက်ရတယ် သေလို့ သေမှန်းတောင် တော်တော်ကြာမှ လက်ခံနိုင်တဲ့ အဖြစ်မျိုးနဲ့ လူသတ်သမားနောက်ပြေးလိုက်တာတွေ ဆေးရုံရောက်သွားပြီး တခြားသေပြီးတဲ့ လူတယောက် နဲ့ ပြောရတာတွေက တကယ့်အဖြစ်နဲ့ နီးစပ်ပါတယ်..Sam က မကျွတ်မလွတ်ဘဝသာရောက်သွားပေမဲ့ သူ့မှာ လူတွေကို ကိုယ်ထင်လဲ ပြလို့ မရ ထိတွေ့ကိုင်တွယ်လို့ လဲ မရနဲ့ အားမလိုအားမရတွေဖြစ်ပြီး ပရလောကနဲ့ ဆက်သွယ်လို့ ရတဲ့ပါရမီရှိတယ်ဆိုတဲ့ လူမည်းအမျီုးသမီးကို အကူအညီတောင်းခဲ့ရပါတယ် …

အဲဒီမှာ လူသတ်သမားနောက်ကို လိုက်ကြည့်ရင်း ရထားပေါ်မှာ သူ့လိုပဲ မကျွတ်မလွတ်ဖြစ်နေတဲ့ သူတယောက်ကတော့ ပစ္စည်းတွေကို ထိတွေ့ကိုင်တွယ်လို့ ရတာ ကို တွေ့ရတော့ သူ့ကိုလည်း သင်ပေးဖို့ ပြောလို့ သင်ပေးတဲ့ အခန်းက သိပ်စိတ်ဝင်စားဖို့ကောင်းပါတယ် .. သူတို့ မှာ ကိုယ် ဆိုတဲ့ အကောင်အထည်မရှိတော့ ပဲ စိတ်ပဲ ကျန်တာမို့ စိတ်နဲ့ ထိတွေ့ဖို့ သင်ပေးခဲ့တယ် .. တကယ်တော့ ရထားပေါ်က ပုဂ္ဂိုလ်က သူဟာ ရထားပေါ်က အတွန်းချခံခဲ့ရတာ လိမ့်ကျခဲ့တာ မဟုတ်ဘူး လို့ သိပ်ကို စိတ်တိုနေတဲ့ သူမို့ သူ့ရဲ့ ပြင်းထန်တဲ့ စိတ်ကြောင့် လူတွေကို ခြောက်လို့ ရတဲ့ အဆင့် ( ထိတွေ့ကိုင်တွယ်လို့ ရတဲ့ အဆင့်) ဖြစ်ခဲ့တာ ..ကိစ္စဝိစ္စတွေပြီးရင်တော့ ကောင်းရင် နတ်ပြည် မကောင်းရင် ငရဲပြည်ဆက်သွားကြရတယ် ဆိုတာကို ကြားကာလထဲ ရောက်နေတဲ့ Sam က မြင်ခဲ့ပါတယ် .. သိပ်အဓိပါယ်ရှိတဲ့ ဇာတ်ကားလေးတကားပါ..

အပြင်မှာလည်း အဲလိုမျိုးကို ကြုံဆုံဖူးပါတယ် .. တခါက အိမ်မှာ အလုပ်လုပ်တဲ့ ကရင်အမျိုးသမီးဟာ အစာအိမ်ကင်ဆာ ခံစားရပါတယ် .. သူမက ကိုယ့်အိမ်မှာ နေခဲ့တာ ၄ – ၅ နှစ်ဆိုတော့ သံယောဇဉ်ကရှိတာနဲ့ ဆရာဝန်ကြီးနဲ့ သွားတွေ့ပြီး ကုပေးဖို့ပြောတော့ ဆရာကြီးဦးအုန်းခိုင်က ခင်မင်ရင်းနှီးစွဲရှိတာမို့ သေချာရှင်းပြပါတယ် .. လာတဲ့ အချိန် သိပ်နောက်ကျနေလို့ လပိုင်းပဲ ရတော့မယ် သူလုပ်ချင်တာ ပြန်လုပ်ပါစေတော့ ဆိုလို့ သူ့ကို လည်း မပြောရက် ပဲ သူ့ကို ဆေးကုပေးမယ်လို့ ရည်ရွယ်ထားတဲ့ ပိုက်ဆံကို ပေးပြီး တောမှာ အလှူလုပ်ရင်းနဲ့ ပြန်နားပါ ဆိုပြီး ပြန်လွှတ်လိုက်တော့ သူမက ကျွန်မနေကောင်းတာနဲ့ ပြန်လာခဲ့မယ်နော် လို့ ပြောပြီး ပြန်သွားခဲ့တာ ..တရက်တော့ မနက်စောစော အိပ်နေရင်းနဲ့ ကုတင်းခြေရင်းမှာ လူတယောက်ရပ်ကြည့်နေတယ် ခံစားရလို့ မျက်လုံးဖွင့်ကြည့်တော့ သူမကို ဝတ်နေကျအဝတ်အစားလေးနဲ့ တွေ့ရတယ် .. ” ဟယ် မဟေရို နေကောင်းသွားပလား ပြန်လာသလား” ဆိုပြီး ဝမ်းသာအားရ ထထိုင်လိုက်တာ ဘယ်သူ့မှလည်း မရှိဘူး ..ဒါနဲ့ ကိုယ့်ဟာကိုယ် အိပ်မက်လား ဇဝေဇဝါနဲ့ ..အဲဒီနေ့က မနက်စာ စားနေတုန်း တံခါးခေါင်းလောင်းမြည်လို့ သွားဖွင့်တော့ သူ့ရွာက လူတွေဖြစ်နေတယ် .. ” ဆရာမရယ် ဟေရိုတော့ မနေ့ညက ခရစ်တော်မှာ အိပ်ပျော်သွားပြီ ..အဲဒါလာအကြောင်းကြားတာပါတဲ့ ” သူ မဆုံးခင်လေး မျောသွားသေးသတဲ့ မျောနေရာ က ခဏပြန်နိုးလာတော့ ဆရာမဆီသွားအုံးမယ် ” လို့ ပြောပြီး ဆုံးသွားတာဆိုလို့ ရင်ကို နင့်သွားတာ..တကယ်တွေ့လိုက်ရတာ ကိုယ်ပဲ သိတာကိုး ..

နောက်တယောက်က ဦးလေးလို ချစ်ခင်ရတဲ့ သူတယောက်ပါ ..လူပျိုကြီးလည်း လူပျိုကြီး ကိုယ့်အလုပ်ထဲ မှာလည်း မန်နေဂျာလုပ်ပေးဖူးလို့ သံယောဇဉ်အတော်ရှိတဲ့ ဦးလေးအသည်းအသန်ဖြစ်လို့ ဆေးရုံတင်ထားထား နေ့တိုင်းသွားကြည့်ဖြစ်ပေမဲ့ ဆုံးမဲ့မနက်မှာတော့ အလုပ်ကရှုပ်နေတာနဲ့ ဆေးရုံကို မလာဖြစ်တဲ့ အကြောင်းဖုန်းဆက်ဖို့ ဖုန်းကို ကိုင်လိုက်ရင်ပဲ လူက ကြက်သီးမွေးညှင်းတွေထပြီး ဆံပင်တွေထောင်ပြီး တုန်လာတာ .. အဲဒီအချိန်မှာ ပဲ ဖုန်းမြည်လို့ ကောက်ကိုင်တော့ ” ဦးကို ဆုံးပြီး ခုလေးတင် သမီးမလာသေးဘူးလား မေးနေသေးတာ”တဲ့ … သူ့စိတ်က ကိုယ့်ကို မျှော်နေတာ ဆိုတော့ ဆုံးဆုံးချင်း အနားရောက်လာလို့ လူက အေးကနဲဖြစ်ပြီး ကြက်သီးမွေးညှင်းထပြီး တုန်တာ လို့ ယူဆမိတယ် ..

နောက်တယောက်ကတော့ ဒီမလေးရှားကို ရောက်ပြီးမှ ကြုံရတဲ့ မောင်သူရ ဆိုတဲ့ ကောင်လေးတယောက်.. ဒီကို ရောက်တော့ ဘာသာရေးလူမှု့ရေးတွေလုပ်ဖြစ်ပြီး မိတ်ဆွေတယောက်ကို အကြောင်းပြုလို့ တရုတ်ဂရုဏာရှင်အဖွဲ့ တဖွဲ့ နဲ့ ဆေးရုံတွေမှာ လူနာတွေကို လိုက်အားပေးပြီး ဆုတောင်းမေတ္တာပို့သ တာကို လိုက်လုပ်ဖြစ်ပါတယ် ..တနေ့မှာ အဲဒီအဖွဲ့က အမျိုးသမီးတယောက်က အကူအညီတောင်းလို့ ဆေးရုံကို ရောက်ဖြစ်ပါတယ် ..လူနာက အသက် ၂၄ နှစ်အရွယ် မြန်မာကောင်လေးပါ ..သစ်ခုတ်ရင်း သစ်ပင်ပိတာ ခေါင်းထိသွားလို့ ICU မှာ သတိရလာရင် မေးမြန်းတာ ကို ဘာသာပြန်ပေးဖို့ ပြောတာနဲ့ သွားကြည့်ခဲ့တာ ကောင်လေးက သတိမလည်လာပါဘူး ..ခေါင်းလဲ ထိတယ် အဆုပ်ထဲလည်းသွေးတွေရောက်နေလို့ အခြေအနေသိပ်မကောင်းဘူးပြောတော့ သနားသွားပါတယ် .. ICU မှာ ညနေတိုင်းသွားကြည့်ပြီး သူ့နားနားကပ်ပြီး ခပ်တိုးတိုးဘုရားစာရွတ်ပေးရင်း ဘုရားတရားအာရုံပြုဖို့ ပြောဖြစ်ပါတယ် ..သူကလည်း မျက်လုံးသာဖွင့်မကြည့်နိုင်တာ ကိုယ်သွားလို့ ဘုရားစာဆိုတာနဲ့ စက်တွေက အသံတွေမြည်လာတာပဲ .. သူသိတယ် ဆိုတဲ့ သဘောထင်ပါရဲ့ .. သူ့နားသွားရင် အနံ့အသက် တမျိုးရတတ်တယ် .. အဲဒီအနံ့က ဆေးရုံက ပြန်လာရင် နှာခေါင်းထဲ စွဲနေတတ်တာ .. တရက်မှာတော့ သမီးကျောင်းဆုပေးပွဲသွားဖို့ ရေချိုးပြင်ဆင်အကျီ င်္လဲနေတုန်း သူ့နားက ရနေကျ အနံ့က တော်တော်ကြီး စူးစူးဝါးဝါးရပါတယ် ..တကယ့်ကို အနားနားကပ်ပြီး ရ ပြီး လူကလည်း အအေးလှိုင်းဖြတ်သွားသလို ကျောထဲက အေးစိမ့်သွားပါတယ် .. သမီးကတောင် ဘာနံ့ကြီးလဲ မသိဘူး တဲ့ ပြောလို့ သမီးလည်း အနံ့ရသလား မေးတုန်းရှိသေးတယ် ဖုန်းလာတော့ သူ့ကို စောင့်နေတဲ့ လူနာစောင့်လေးဆီက ”အမရေ ဆရာဝန်က မနက်က အသက်ရှုစက်တွေဖြုတ်ဖို့ ဆုံးဖြတ်လို့ ဖြုတ်လိုက်တာ အခုလေးပဲ သူ ဆုံးပါတယ် ..ရေခဲတိုက်ကို ပို့လိုက်ပြီမို့ ညနေ အစ်မ မလာဖို့ လှမ်းအကြောင်းကြားတာ ” တဲ့ .. ဒါဆို ခုနက သူ့ဆီက ရတဲ့ အနံ့ဆိုတာ ငါစိတ်ထင်တာ မဟုတ်ဘူး သူရောက်လာခဲ့တာပဲ လို့ ကြက်သီးမွေးညင်းထသွားတာပဲ…

ဆက်ရန်

( အဲဒီမောင်သူရ ကို စာရွက်စာတမ်းကိစ္စတွေကြောင့် ၁ လကျော် ရေခဲတိုက်ထဲ ထည့်သိမ်းပြီးမှ သဂြိုလ် ခဲ့ရတယ် )

Credit:
Sukhita Chaw

No comments:

Post a Comment