Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 11, 2015

ညဏ်လှိုင်း၏ နှလုံးသားက ပျောက်ဆုံးသွားခဲ့ရလေပြီ

BrainWave ဉာဏ်လှိုင်း
ညဏ်လှိုင်း၏ နှလုံးသားက ပျောက်ဆုံးသွားခဲ့ရလေပြီ

ညဏ်လှိုင်းကို တည်ထောင်ခဲ့သူ ရန်ကုန် စက်မှုတက္ကသိုလ်မှ ၁၉၉၅ တွင် အီလက်ထရောနစ် အင်ဂျင်နီယာ ဘာသာရပ် ဖြင့် ကျောင်းဆင်းခဲ့သူ ညဏ်လင်းသိန်းက ဂျုလိုင် (၉) ရက် နေ့က ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။ ကွယ်လွန်ချိန်အထိ သြစတေးသျှ တွင် ကွန်ပြူတာ ပရိုဂရမ်မာ တဦးအဖြစ် လုပ်ကိုင်သွားခဲ့သူ၊

ကျွန်တော် ထက် ၃ နှစ် လောက် နောက်ကျ ကျောင်းပြီးခဲ့သော်လည်း ကျောင်းမှာကတည်းက ခင်မင် ရင်းစွဲ ရှိခဲ့သူ ဖြစ်သည်။ ၁၉၉၉ ခုနှစ် ကျွန်တော်တို့ စင်္ကာပူတွင် ရှိစဉ် Rebound88 အင်္ဂလိပ် သတင်း website ကို တည်ထောင်ဘို့ ဖြစ်လာသော်အခါ လိုအပ်သည့် နည်းပညာများဖြင့် website ကို ရုပ်လုံးကြွလာအောင် ဖန်တီးပေးခဲ့သူ၊ ထိုအရေးတွင် ကျွန်တော်တို့က သတင်း တည်းဖြတ်ရေးသည်က လွဲ၍ ကျန်တာ နကန်းတလုံးမှ မသိခဲ့၊ ကျွန်တော်တို့ နေစဉ် သတင်းများကို တည်းဖြတ်ထုတ်လွှင့်ခဲ့ရာ ပြည်တွင်းတွင်တော့ ပြင်းထန်သည့် အင်တာနက် ဆင်ဆာကြောင့် လူမသိခဲ့သော်လည်း ပြင်ပနိုင်ငံများရှိ မြန်မာလူမျိုးများ အထူးအားပေး ရေပန်းစားခဲ့သော website ဖြစ်လာခဲ့သည့် အချိန်တွင် ညဏ်လင်းသိန်း ပျော်မဆုံး၊ ကျွန်တော်တို့လည်း နေ့စဉ် အလုပ်ကတဖက် တခါ တခါ ည ၁၂ နာရီလောက်မှ အိပ်ဖြစ်ခဲ့သော်လည်း အပြုံးမပျက်ခဲ့၊ အစိုးရဘက်မှ ၂ ကြိမ် ၃ ကြိမ် မက မိမိတို့ Website ကို ချေမှုန်းခဲ့ကြသော်လည်း ညဏ်လင်းသိန်း၏ ကျေးဇူးဖြင့် ပြန်လည် ရှင်သန်ထမြောက်နိုင်ခဲ့ကြသည်။

သည်လိုနှင့် ၂၀၁၁ ရွေးကောက်ပွဲ အပြီး ကျွန်တော် rebound88 နှင့် ဝေးကွာခဲ့ပြီးနောက် သူနှင့် ကျွန်တော် အဆက်ပြတ်သလို ဖြစ်သွားခဲ့ရာမှ ညဏ်လင်းသိန်းက ကျွန်တော်ဆီ မက်ဆေ့တွေပို့ပြီး သူ ညဏ်လှိုင်း facebook page တည်ထောင်ထားကြောင်း နှင့် ၀င်ရေးပေးရန် နားပူနားဆာ လုပ်လာပါတော့သည်၊ ညဏ်လှိုင်းသည် ကိုယ့်စရိတ် ကိုယ်ထုတ်ပြီး သူ ထူထောင်ထားမှန်း ကျွန်တော်သိနေ၍ စမိလျင် အဆုံးသတ်သည့်အထိ လုပ်ရတော့မည် ဖြစ်ပေရာ လ အတန်ကြာ စဉ်းစားခဲ့သည်။ မြန်မာ့နိုင်ငံရေး အခြေအနေကလည်း ထင်ထားသည်ထက် ပိုရှုပ်ထွေးလာခဲ့ရာ လက်ရှိ သတင်း ဂျာနယ်ထက် facebook က ပိုထိရောက်ကြောင်း သိလာ၍ ချမယ်ကွာ ဟု စိတ်ဆုံးဖြတ်ပြီး ကျွန်တော် စရေးဖြစ်ခဲ့သည်။

နေ့စဉ် ကျွန်တော်ဆီ Chatbox မှ တဆင့် ဒီနေ 56K, နောက်နေ့ကျ 63K အစရှိသည်ဖြင့် ပိရိသာတ်များလာ ပြီး သူလည်း ပျော်လာကာ ကျွန်တော်ကို အားပေးခြင် စိတ်ဖြင့် နေ့စဉ် လှမ်းပြောရှာသည်။ အကိုရေ သင်္ကြန် မတိုင်မီတော့ အင်အား တသိန်းလောက် ဖြစ်လာမှာ ဟု ဆိုခဲ့သည်။ အခု အင်အား ငါးသိန်းလောက် ဖြစ်လာသည့် ကို သူသိမသွားရှာတော့၊

ထိုအချိန်က သူ့တွင် ၆ လ သာ ခံတော့မည့် ကင်ဆာ ရောဂါဆိုးကြီးက ကပ်ငြိနေပြီ ဖြစ်သည်ကို ကျွန်တော်ကို အသိမပေး၊ ကျွန်တော် ဖုန်းဆက်မည် ဆိုမှ သူ ကျွန်တော်ကို အသံက မထွက်တော့၍ လက်ခံစကားပြောလို့မရ ဆိုမှ သိလာခဲ့ရသည်။ အသံပြွန်များကို ကင်ဆာဆဲလ်များက စတင် တိုက်ခိုက် ဖျက်ဆီးနေပြီ ဖြစ်သည်။ သူက မျက်လုံးမြင်ရသေးတာပဲ အကိုရာ ကျွန်တော် ဆက်လုပ်သွားမယ်၊ တိုင်းပြည်အတွက် ရွေးကောက်ပွဲ မတိုင်မီ ဆက်လုပ်မှ ဖြစ်မယ်၊ ကျွန်တော်က တော့ သူ့ကို နားစေချင်သည်။ ကျွန်တော် တရားထိုင်တယ်၊ ကျွန်တော် ခံနိုင်ရည် ရှိပါတယ်၊ စိတ်ချပါ ဘာမှ မဖြစ်ပါဘူး ဆိုလာသည်။ ဂျာမဏီကို သွားလိုက် ပြန်လိုက် သူ့ရောဂါကို ကုရတဲ့ အချိန်တွေမှာလည်း ဆေးရုံ ကုတင်ပေါ်မှနေ၍ ညဏ်လှိုင်းအတွက် လုပ်ပေးနေခဲ့သူ၊

ကျွန်တော်က ရေးလိုက် သူက အဲ့သည်ဆောင်းပါးနဲ့ ဆိုင်တဲ့ ကွန်ပြူတာ ဂရပ်ဖစ်များ အဆင်သင့် ဖန်တီးပေးလိုက်ဖြင့် တက်ညီလက်ညီ လှော်ခဲ့ကြသည်။ ကျောင်းသားများ မြင်းခြံမှ စတင်ချီတက်လာနေချိန်အထိ သူကောင်းစွာ အလုပ်လုပ်ပေးနိုင်ခဲ့သည်။ စိုးရိမ်တကြီးဖြင့် စောင့်ကြည့်ရှာသည် ကို မှတ်မိနေပါသေးသည်။

တဖြေးဖြေး နှင့် သူ့ မျက်လုံး မမြင်ရတော့၊ ကင်ဆာဆဲလ်များက မျက်စိ ကို ထိခိုက်လာပြီဖြစ်သည်။ မဖြစ်ခင် ဧပြီလ ၂၄ ရက်နေ့ ကျွန်တော်နှင့် နောက်ဆုံး ဆက်သွယ်ခဲ့စဉ်တွင်တော့ ညဏ်လှိုင်းကို အတတ်နိုင်ဆုံး ထိမ်းသိမ်းပေးပါရန် ကတိတောင်းသွားရှာသည်။ သူကတော့ အိပ်ယာထဲ ဘုန်းဘုန်းလဲခဲ့သွားပြီ ဖြစ်သည်။

သူ ကွယ်လွန်သွားသည့် အချိန်က အသက် (၄၆) နှစ်၊ သူချစ်သော ဇနီး နှင့် သားလေး အပြင် သူ အမြတ်တနိုး ဖန်တီးခဲ့သော ညဏ်လှိုင်း ကိုပါ အပြီး စွန့်ခွာသွားခဲ့ပြီ၊

ကျွန်တော်အတွက်ကတော့ စိတ်သဘောထား ပြည့်ဝပြီး ကူညီတတ်သော သူငယ်ချင်း တယောက် ဆုံးရှုံးသွားခဲ့တာထက် အမိမြန်မာပြည်အတွက် ရပ်ဝေးတနေရာမှ နောက်ဆုံး အချိန် အထိ ကိုယ်တတ်နိုင်သည့်ဘက်မှ တိုက်ပွဲဝင်ပေးခဲ့သည့် အမည်မသိ သူရဲကောင်း တယောက် ခရီးတ၀က်တွင် ကျဆုံးခဲ့ရသည့် အဖြစ်ကို ရင်နာ၍ မဆုံးနိုင်တော့ပါ၊

ထို သူရဲကောင်း တယောက်၏ အကြောင်းကို ထုတ်မပြောက ကျွန်တော်ထက် ပို၍ မိုက်မဲသူ ရှိမည်မဟုတ်တော့၊

တရားရှာခြင်း သစ္စာလမ်းစဉ် အတွေ့အမြင် နာမည်နဲ့ page (https://www.facebook.com/thitsarway…) ကို ကျွန်တော်လေ့လာလို့ရအောင် ပြောသွားခဲ့တာ ပြန်လည်မျှဝေလိုက်ပါတယ်။

သူကတော့ နီးစပ်သော အသိုက်အ၀န်းမှ ပြန်သိရသည်က မကွယ်လွန်ခင် တရားအားထုတ်ရင်း အဆင့်တခုအထိ တက်လှမ်းသွားနိုင်ခဲ့သည်ဆို၍ ယခုလို အဖြစ်မျိုး ဘယ်တော့မှ ပြန်မဖြစ်တော့ဟုသိရသဖြင့် ၀မ်းသာ ဖြေသိမ့်မိပါသည်။

I never forget the heart of this man who lived his last moment for Nyanhline. 'His spirit is still with me and I hope it never leaves.' I believe that its still touched Nyanhline and will forever be a sacred ground for me.'

I am so proud of you for what you did, my friend. So rest in peace.

HSW

No comments:

Post a Comment