Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 5, 2015

ပြည့်တန်ဆာခေါင်း မားမားစံ (ခေါ်) ဒေါ်စံစံနှင့် တွေ့ဆုံခြင်း


 မေး - ဒီလုပ်ငန်းကို ရွေးချယ်ဖြစ်တဲ့ အကြောင်းအရင်းလေး သိချင်ပါတယ်။

ဖြေ - အန်တီက အရင်ကတည်းက ကိုယ်တိုင်လည်း အခြေအနေအရ ဒီလောကကို ရောက်ခဲ့တာပေါ့။ အသက်ကြီးလာတော့ ကြားက Join ပေးတဲ့ အလုပ်ပဲ လုပ်နိုင်တော့တယ်။ သားသမီးတွေကလည်း ကြီးပြီ။ ဒါပေမဲ့ သူတို့က အိမ်ထောင်အသီးသီးနဲ့ပဲ ဆိုတော့ ကိုယ့်စားဝတ်နေရေး ကိုယ်ပဲ ရှာရတာပေါ့။ အန်တီ လုပ်တာက ပလက်ဖောင်းလိုင်းလို့ ခေါ်တယ်။ ပလက်ဖောင်းလိုင်းဆိုတာ လမ်းပေါ်က ကောင်မလေးတွေ များတာပေါ့။ ကိုယ့်အလုပ်ကတော့ ပိုင်ရာဆိုင်ရာတွေနဲ့ ညှိပြီး ကိုယ့်ကလေးတွေ ဆွဲစေ့မခံရအောင် (အဖမ်းမခံရအောင်) ကာဗာပေးရတယ်လေ။ အဲဒီအတွက် သူတို့လုပ်ခထဲက သုံးပုံတစ်ပုံ အချိုးကျ ကိုယ်ယူပေါ့။

မေး - ပြည့်တန်ဆာတွေအနေနဲ့ ဖိနှိပ်မှု၊ ခွဲခြား ဆက်ဆံခံရမှု ၊ ခေါင်းပုံဖြတ် ခံနေရမှုတွေကို ဘယ်လို ပုံစံမျိုးနဲ့ ကြုံတွေ့နေရပါသလဲ။

ဖြေ - သူများတွေတော့ မသိဘူး။ အန်တီလည်း အဲဒီဘဝကနေ ခေါင်းဖြစ်လာတာပဲ။ အန်တီကတော့ တစ်ချိန်က ဘဝတူတွေကို ကူညီပေးတယ်လို့ပဲ ယူဆတယ်။ သူ့ဘက် ကိုယ့်ဘက် အကျိုးရှိတယ်။ အန်တီ့ဆီမှာ လာနေကျဖောက်သည် ရှိတယ်။ သူတို့ဘာသာ သူတို့ဆို ဖောက်သည်ချိတ်ရဖို့ မလွယ်ဘူးလေ။ ဒီတော့ ထိုက်သင့်တဲ့ အကျိုးအမြတ်တော့ အန်တီက ယူတယ်။ တချို့ဆို တစ်ထောင်ရရ၊ နှစ်ထောင်ရရ ဒီနေ့တော့ တစ်ယောက်လောက် ရှာပေးပါဆိုတဲ့ ကလေးမတွေ ရှိတယ်။ အများစုက ကိုက်နေကြပြီ။ (HIV ပိုး ကူးစက် ခံထားရခြင်းကို ဆိုလိုသည်)။ ဒီတော့ သူတို့က ရုပ်ကလည်းမထွက်၊ ဆေးဖိုးကလည်းလို အရမ်းဒုက္ခရောက် ကြတာ။ အဲဒီအခါကျ အန်တီက တစ်ထောင်၊ နှစ်ထောင်တောင် အလကား ပေးလိုက်တာ။ အန်တီ့ဆီမှာက ဒုက္ခသည်တွေ လာတာများတယ်။ နောက်ပြီး ဖောက်သည်ဘက်က ကြည့်တော့လည်း ရန်ကုန်မြို့ထဲမှာ အန်တီ့ခွင်က ဈေးအသက်သာဆုံးပဲ။
အဲဒီအပြင် အန်တီ့မှာက လိုင်းကြေးပေးရတာ ရှိတယ်။ သူတို့ကို တတ်နိုင်သလောက် ကာကွယ်ပေးတယ်။ အလုပ်လာတောင်းရင် ဖောက်သည် ရှာပေးတယ်။ စီမံချက်တို့ဘာတို့ ဆိုရင်လည်း ကိုယ့်ပတ်သက်ရာတွေက ကြိုအသိပေးတော့ သူတို့ကို ရှောင်ဖို့ရှားဖို့ သတိပေးနိုင်တယ်။ အဲဒီတော့ အန်တီ့ဘက်ကလည်း သူတို့လုပ်စာထဲက အကျိုးဆောင်ခ ယူရတဲ့သဘောပဲ။
ပြည့်တန်ဆာဘဝ ကတော့ ခုနပြောတဲ့ ခွဲခြား ဖိနှိပ်မှုကတော့ အခုမှ ကြုံလာတာ မဟုတ်ဘူး။ ဟိုးခေတ် ကတည်းပဲ။ ကိုယ်တွေက ဥပဒေပြင်ပက အလုပ်ကို လုပ်နေတာ၊ မရှိလို့ လုပ်စားနေတာ၊ ဒီတော့ တစ်ခါတလေ ဆိုင်သူတွေကို လိုက်လျောပေးရတာ၊ လိုင်းဝင်ရတာ ရှိစမြဲပဲ။ ဒါအခုမှ မဟုတ်ဘူး။ ဟိုးအရင်ကတည်းက အစဉ်အလာ။ ဒါကို သွားပြောနေလို့လည်း ကိုယ်ပဲနစ်နာ တာလေ။ သူတို့ မကြည်ရင် မကြည်သလို ၇(၁) နဲ့ ဆွဲသွားလည်း အန်တီတို့ပါ ပါသွားနိုင်တယ် မဟုတ်လား။ (၇ (၁) = ပြည့်တန်ဆာ ကျော်ဇောပုဒ်မ)

မေး - လိင် အလုပ်သမတွေကို ပြည့်တန်ဆာ အက်နဲ့ အရေးယူ ထောင်ချလိုက်ခြင်းအားဖြင့် ဒီလုပ်ငန်းကြီးဟာ လျော့နည်းသွား၊ ပပျောက်သွားမယ်လို့ ယူဆပါသလား။

ဖြေ - ထောင်ကျသွားတဲ့လူတွေ အများကြီးပဲ။ တချို့လည်း လမ်းမပေါ်က စိတ်မနှံ့တဲ့ မိန်းမတွေ၊ သားသည်အမေတွေပါ ပုဒ်မ ၃ နဲ့ အဆွဲခံရ၊ ထောင်ကျကြတာ အများကြီးပဲ။ ထောင်ချလိုက်လည်း ပြန်လွတ်ရင် ပြန်လုပ်တာပဲ။ ပြီးခဲ့တဲ့ ဆယ်တန်းစာမေးပွဲ ကာလတုန်းက စီမံချက်ဆိုပြီး ဖမ်းတော့ ပါသွားကြတာပဲ။ နောက်တော့ အန်တီ့ဆီ အလုပ်လုပ်ချင်တဲ့ နောက်ထပ် ကလေးမတွေ ထပ်ရောက်လာတာပဲ။ နယ်က လာတာတွေလည်း ရှိတယ်။ ဒုက္ခရောက်လာတာတွေလည်း ရှိတယ်။ ကလေး တိုးလို့တွဲလောင်း တွေပါ ပါလာတာ။ အသက်အရွယ်က အစုံပဲ။ အဓိကက ပညာမတတ်တဲ့ မိန်းကလေးတွေအတွက် အလုပ်အကိုင် ရှားတယ်။ ရှိတဲ့ အလုပ်အကိုင်ကလည်း ဒီအလုပ်လောက် ဝင်ငွေမကောင်းဘူး။ ဒါပေမဲ့ အန်တီ့ဆီ ရောက်လာတာတွေက နောက်ဆုံးအဆင့်တွေ များပါတယ်။ ဘိကတောင် လက်မခံတာမျိုးတွေပေါ့။ သူတို့ ကံပဲလေ။ ကိုယ်ကတော့ နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် ကူညီသင့်တာ ကူညီပေးပါတယ်။
ဖမ်းလို့ ထောင်ချလို့တော့ ပပျောက်သွားတယ် ဆိုလည်း ခဏပဲနေမှာပါ။ ဘာလို့လဲဆိုတော့ အန်တီ တို့လည်း တခြားအလုပ်မှ မလုပ်တတ်တော့တာ။

မေး - ဒီလုပ်ငန်းရဲ့ ဈေးကွက်အနေအထားက အတက်အကျ ရှိပါသလား။

ဖြေ - ဈေးကွက်ကတော့ ကောင်မလေးတစ်ယောက်ကို တစ်ခါနေခ သုံးလေးထောင်တော့ အနည်းဆုံးပဲ။ တစ်ခါတလေ လူပုံကြည့်ပြီး ဈေးတင်တာမျိုးလည်း ရှိတယ်။ ဈေးက ရုပ်ပေါက်တာ မပေါက်တာပေါ် မူတည်သေးတယ်။ (ရုပ်ရည် ချောမောလှပခြင်းကို ဆိုလိုသည်) တချို့ကလည်း တစ်နေကုန် ငုတ်တုတ်ထိုင်နေပြီး အဆင်မပြေတဲ့ အခါကျ ရတဲ့ဈေးနဲ့ ထည့်ပေးပါဆိုလို့ ထည့်ပေးလိုက်ရတာရှိတယ်။ ဘိတွေလောက်တော့ ဘယ်ဈေးရမလဲ။ အန္တရာယ်လည်း များတယ်။
သူတို့ခေါ်တဲ့နေရာ လိုက်သွားရတာဆိုတော့ အန္တရာယ်လည်းများတယ်။ တချို့ဧည့်သည်ဆို ခေါ်သွားတုန်းက တစ်ယောက်တည်း။ နောက်မှ အုပ်စုလိုက်ဖြစ်နေတာတို့။ ကလေးမတွေကို ရိုက်နှက်တာတို့ လုပ်တာ၊ ဘာမှမတတ်နိုင်ဘူး။ ပိုက်ဆံလိုချင်တော့လည်း ကလေးမတွေက နေ့ခင်းဘက်ရော ညဘက်ပါ ဒီနားတစ်ဝိုက် ဟိုရပ် ဒီရပ်ပေါ့။ မလွယ်ပါဘူး။ အဖမ်းခံရရင်တော့ တစ်နှစ် အနည်းဆုံးပဲ။

မေး - အန်တီရော အဖမ်းခံရဖူးလား။

ဖြေ - ၂၀၀၅ တုန်းက အဖမ်းခံပြီး ထောင် ၂ နှစ် ကျတယ်။ အဲဒီတုန်းက ခေါင်းမဟုတ်သေးဘူး။ ခေါင်းဖြစ်ပြီးမှ ၇(၁)နဲ့ တစ်ကြိမ် အဖမ်းခံရသေးတယ်။ ပြည့်တန်ဆာကျော်ဇောပေါ့။ အဲဒီအမှုက အာမခံပေးနိုင်တဲ့ အမှုလေ။ ပြီးတော့ ကိုယ်က အသက်လည်း ကြီးနေပြီဆိုတော့ တရားရုံးက ငဲ့ပါတယ်။ အာမခံကတော့ ကြေးကြီးကြီး ပေးငှားရတာပေါ့။ တရားရုံးမှာ အာမခံ လိုက်ပေးတဲ့လူတွေ ရှိတာပဲ။ ကိုယ်တွေကိုကျ ဘယ်သူမှ အာမမခံချင်ကြဘူး။ ဒီတော့ ပိုက်ဆံ ပိုပေးရတာပေါ့။

မေး - လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းက ပြည့်တန်ဆာ အခွင့်အရေးနဲ့ပတ်သက်လို့ အဆိုတစ်ခု တင်သွင်းခဲ့ဖူးပါတယ်။ အဲဒီအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ - သေချာတော့မသိပါဘူး။ လိုင်စင်နဲ့ လုပ်ပေးမယ်ဆိုလား ကြားလိုက်သေးတယ်။ မဖြစ်တော့ဘူး ဆိုတော့လည်း ဘယ်တတ်နိုင်မလဲ။ လိုင်စင်နဲ့ဆိုလည်း ဘိနဲ့ဖွင့်တဲ့ လူတွေပဲ အဆင်ပြေမှာ။ (ဘိ = အခန်း) ကိုယ့်ဆီက ဟာတွေက လမ်းပေါ်မှာတောင် ဟိုနားပြေးကပ် ဒီနားပြေးကပ် သမားတွေ။ လိုင်စင်လုပ်ဖို့ မပြောနဲ့ တစ်နေ့ ထမင်းဖိုးတောင် အနိုင်နိုင်ကို။ အဲဒါတွေက အစိုးရလူကြီးတွေကိစ္စ ဆိုတော့ သိပ်နားမလည်ပါဘူး။ ဘာမှလဲမပြောတတ်ဘူး။

ခက်ဇော်
http://thevoicemyanmar.com/index.php/article/item/6709-pts


ပြည့်တန်ဆာခေါင်း မားမားစံ (ခေါ်) ဒေါ်စံစံနှင့် တွေ့ဆုံခြင်း http://www.themeltingpot4u.com/2015/05/join-hiv-httpthevoicemyanmar.html
Posted by The Melting Pot 4 U on Tuesday, 5 May 2015

No comments:

Post a Comment