CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, May 18, 2015
ရွှေတိဂုံ စေတီတော်အား မြင်နိုင်သည့် လမ်းကြောင်း (၉) ခုတွင် အထပ်မြင့် အဆောက်အဦများ တည်ဆောက်၍မရ
ရွှေတိဂုံ စေတီတော်အား မြင်နိုင်သည့် မြင်ကွင်း လမ်းကြောင်း ကိုးခုရှိရာ ယင်းမြင်ကွင်း လမ်းကြောင်းများအား ပိတ်ဆို့နိုင်သည့် အထပ်မြင့် အဆောက်အဦးများ တည်ဆောက်၍ မရကြောင်း ဗိသုကာ ပညာရှင်များက ဆိုသည်။
“ဥပမာ ပြည်လမ်းကနေ မြို့ထဲဘက်ကို သွားရင် ဘယ်ဘက်မှာ ရွှေတိဂုံ၊ ညာဘက်မှာ လွှတ်တော် အဆောက်အအုံကို တွေ့ရတဲ့ အနေအထား ရှိပါတယ်။ ဒီလိုနေရာမျိုးမှာ ဒီမြင်ကွင်းကို ပိတ်နိုင်မယ့် အထပ်မြင့်တွေ တည်ဆောက်လို့ မရပါဘူး။ ဒီလိုမြင်ကွင်း၊ ဒီလိုလမ်းကြောင်းဟာ သားစဉ်မြေးဆက် ထိန်းသိမ်းရမယ့် နေရာ၊ အပန်းဖြေရမယ့် နေရာ၊ အများပြည်သူ ပိုင်ဆိုင်တဲ့ မြင်ကွင်း ဖြစ်တယ်။
အကယ်၍သာ အထပ်မြင့်တွေ အများကြီး တည်ဆောက်လာရင် အလင်းရောင်က အစ ရွှေတိဂုံကို ဘက်ပြိုင်လာမယ် ဆိုရင် စေတီရဲ့ခမ်းနားတဲ့ ၀ိသေသ လက္ခဏာတွေ ပျောက်သွားနိုင်တဲ့ အခြေအနေ ရှိပါတယ်” ဟု ဗိသုကာ ကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒေါ်လှိုင်မော်ဦးက ပြောသည်။
ရွှေတိဂုံ စေတီအား လှမ်းမြင်ရသည့် မြင်ကွင်း လမ်းကြောင်း ကိုးခုမှာ ပြည်လမ်း၊ ရွှေတိဂုံ ဘုရားလမ်း၊ အရှေ့ကြား တောရလမ်း၊ ရွှေဂုံတိုင် လမ်းဆုံ၊ အင်းလျားလမ်း၊ ဦးဝိစာရလမ်း၊ ကန်တော် မင်္ဂလာပန်းခြံ၊ ဦးထောင်ဘိုလမ်းနှင့် ရန်ကုန် မြို့ထဲဘက်မှ ၀င်သည့် လမ်းကြောင်းတို့ ဖြစ်ပြီး လက်ရှိတွင် ထိုလမ်းကြောင်း ကိုးခုအား စည်ပင်သာယာက သတ်မှတ် ထိန်းသိမ်းပေးလျက် ရှိကြောင်း သိရသည်။
“အခုလက်ရှိ ကတော့ ရွှေတိဂုံ စေတီတော်ကြီးနဲ့ သိင်္ဂုတ္တရကုန်းမြေကို ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမှုဇုန် အဖြစ် သတ်မှတ်ဖို့ လိုတယ်။ အဲဒီအနီးအနားမှာရှိတဲ့ နေအိမ်တွေ၊ သာသနိက အဆောက်အဦတွေက အစ ပြန်လည် ဆန်းစစ်ဖို့ လိုတယ်” ဟု မြန်မာနိုင်ငံ ဗိသုကာ အသင်းမှ အထွေထွေ အတွင်းရေးမှူး ဒေါ်မိုးမိုးလွင်က ပြောသည်။
လက်ရှိတွင် ရွှေတိဂုံ စေတီတော် တည်ရှိရာ သိင်္ဂုတ္တရ ကုန်းတော်နှင့် အလံပြဘုရား အနီးတွင် အကောင်အထည် ဖော်မည့် စီမံကိန်း ငါးခုရှိသည်။ အဆိုပါ စီမံကိန်းများမှာ ဟိုတယ်၊ လူနေအိမ် တိုက်ခန်းများ၊ ရုံးခန်းများနှင့် ဈေးဝယ် စင်တာများ ပါဝင်သည့် အထပ်မြင့် အဆောက်အဦများကို အကောင်အထည် ဖော်ကြမည် ဖြစ်သည်။ ထိုစီမံကိန်းများ ရပ်တန့်ပေးရန် အတွက် ပြည်သူများနှင့် ပညာရှင်များက ကန့်ကွက်လျက် ရှိသည်။
http://www.messengernewsjournal.com
ရွှေတိဂုံ စေတီတော်အား မြင်နိုင်သည့် လမ်းကြောင်း (၉) ခုတွင် အထပ်မြင့် အဆောက်အဦများ တည်ဆောက်၍မရ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 18, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 18, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment