Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 14, 2015

ကျောင်းသားသပိတ်အဖွဲ့များ ရန်ကုန်မြို့တော်သို့ လုံးဝ ဝင်ခွင့်မပြုဟု သမ္မတရုံးဝန်ကြီးဆို


Sunday, February 15, 2015
အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် သပိတ်မှောက် ကျောင်းသားများ တောင်းဆိုသော အချက်များကို အစိုးရအဖွဲ့က လိုက်လျောပေးပြီး ဖြစ်၍ ကျောင်းသားသပိတ်အဖွဲ့များ ရန်ကုန်မြို့သို့ အောင်ပွဲခံချီတက်မှုကို လုံးဝခွင့်မပြုနိုင်ကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးလှထွန်းက ပြောကြားသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ခန်းမတွင် ကျင်းပသော လေးပွင့်ဆိုင် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲတွင် ၎င်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ရန်ကုန်ကို လာလို့ လုံးဝမရပါဘူး။ နိုင်ငံတော်ရဲ့ ညွှန်ကြားချက်လည်း ဖြစ်ပါတယ်” ဟု သမ္မတရုံးဝန်ကြီး ဦးလှထွန်းက ထပ်လောင်းပြောကြားသည်။
သပိတ်မှောက် ကျောင်းသားများ ရန်ကုန်မြို့သို့ ဝင်ရောက်ပါက ယာဉ်လမ်းကြော ပိတ်ဆို့ခြင်း ပြဿနာများ ရှိနိုင်သလို အခြားမလိုလားအပ်သော ပြဿနာများလည်း ရှိနိုင်သောကြောင့် ယခုကဲ့သို့ တားမြစ်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် တစ်ဦးက သပိတ်မှောက် ကျောင်းသားများ ရန်ကုန်မြို့သို့ ဆက်လက်ချီတက်ခွင့် တောင်းခံစဉ် ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက လုံခြုံရေး အခက်အခဲကြောင့် ခွင့်မပြုကြောင်း ပြန်လည် ဖြေရှင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“လုံခြုံရေး အကြောင်းပြချက် တစ်ခုတည်းနဲ့တော့ မလုံလောက်ဘူး” ဟု ကိုမင်းသွေးသစ်က တုံ့ပြန်ပြောဆိုသည်။
အစိုးရအဖွဲ့ တာဝန်ရှိသူများက သပိတ်ရပ်တန့်ရန် ဖိအားပေး ပြောဆိုခြင်းကြောင့် လက်ရှိ သပိတ်စစ်ကြောင်းနှင့် လိုက်ပါလာသူများထံမှ သဘောဆန္ဒများ ပြန်လည်ကောက်ခံကာ သပိတ်ဆက်လက် ချီတက်ရန် ရှိ၊ မရှိ ဆုံးဖြတ်မည် ဖြစ်ကြောင်း၊ အဆိုပါ အစီအစဉ်ကို သပိတ်စစ်ကြောင်း တစ်ကြောင်းချင်းစီအလိုက် ဆုံးဖြတ်ရန်ရှိကြောင်း ကျောင်းသားသပိတ် ဦးဆောင်ကော်မတီဝင် ကိုပိုင်ရဲသူက ရှင်းပြသည်။
ယခုအချိန်တွင် သပိတ်စစ်ကြောင်များသည် ပဲခူးမြို့၊ ဖျာပုံမြို့နှင့် ကြို့ပင်ကောက် မြို့များသို့ ရောက်ရှိနေသည်။
သို့သော် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ပင်မ သပိတ်စစ်ကြောင်းကမူ ရန်ကုန်မြို့သို့ ၁၀ ရက်အတွင်း အရောက်လာမည် ဖြစ်ကြောင်း ကိုမင်းသွေးသစ် ပြောကြားချက်အရ သိရသည်။
“ကျောင်းသားသပိတ်တွေ ရန်ကုန်ကို ချီတက်ရင် ဆွေးနွေးနေတဲ့ လုပ်ငန်းစဉ်ကို ထိခိုက်လိမ့်မယ်” ဟု ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ရှင်းက ထပ်မံ၍ သတိပေးပြောကြားသည်။
ကျောင်းသားသပိတ် အဖွဲ့များကလည်း ရန်ကုန်မြို့သို့ ရောက်အောင် ချီတက်လာမည် ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့ လေးပွင့်ဆိုင် တွေ့ဆုံပွဲတွင် အပြန်အလှန် ပြောဆိုခဲ့ကြသည်။
သပိတ်စစ်ကြောင်း ချီတက်ရေးအတွက် ဆွေးနွေးပွဲ အဖြေမထွက်သော်လည်း အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက်မူ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် အပြီးသတ်ရေးဆွဲပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် အမျိုးသားလွှတ်တော်သို့ တင်သွင်းရန် သဘောတူညီခဲ့ကြကြောင်း ကျောင်းသားကော်မတီဝင်များထံမှ သိရှိရသည်။
“လွှတ်တော်ကို ရောက်ပြီးမှ ကျောင်းသားဆန္ဒ မဖြစ်ရင် အဲဒီနောက်ပိုင်း မှောက်တဲ့ သပိတ်တွေက လွှတ်တော်ကို ဦးတည်ပြီးမှောက်တဲ့ သပိတ်တွေ ဖြစ်လိမ့်မယ်” ဟု သပိတ်မှောက်ကျောင်းသား ကိုမင်းသွေးသစ်က ပြောဆိုသည်။
သပိတ်မှောက်ကျောင်းသား ကိုယ်စားလှယ်များနှင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) တို့က ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် သုံးပုံနှစ်ပုံသာ ပြီးစီးခဲ့သော အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းအတွက် ယနေ့တွင် အဆင့်မြင့်ပညာရေးဦးစီးဌာန (အောက်မြန်မာပြည်) ရုံးတွင် အပြီးသတ်ရေးဆွဲမည် ဖြစ်ကြောင်း ၎င်းတို့က ရှင်းပြသည်။
ပြင်ဆင်ထားသော အမျိုးသားပညာရေး ဥပဒေကြမ်းတွင် အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မရှင်နှင့် အမျိုးသားပညာရေး ကော်မရှင်များ ဖွဲ့စည်းခြင်းကို ဖျက်သိမ်းထားသည်။
သပိတ်မှောက် ကျောင်းသားများကို ကူညီပံ့ပိုးပေးနေသော ရွှေညဝါဆရာတော်က “ဒါက ပညာရေး တောင်းဆိုမှုပါ။ နိုင်ငံရေး တောင်းဆိုမှု မဟုတ်ဘူး။ ဆရာစိတ်၊ သမားစိတ်၊ မိဘစိတ်နဲ့ ကလေးတွေကို အတတ်နိုင်ဆုံး ညှိနှိုင်းပေးပြီး တိုင်းပြည်အနာဂတ်ကို ကောင်းတဲ့ပုံစံမျိုးနဲ့ ပြေလည်စေချင်တယ်။ နိုင်ထက်စီးနင်းနဲ့ နှိပ်ကွပ်တာမျိုး မလုပ်စေချင်ဘူး” ဟု မိန့်ကြားသည်။
The Voice Weekly

No comments:

Post a Comment