Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 14, 2015

ရန်ကုန်ကို ဆက်လက်ချီတက်မယ် ။ ရဲရင့်ကျော် (ဗကသ)


By အေးနိုင်

အမျိုးသားပညာရေးဥပဒေပြင်ဆင်ဖို့ ကျောင်းသား တွေ ရဲ့တောင်းဆိုချက်တွေကို အစိုးရ ဘက်က ကတိက၀တ်ပြုလိုက်လျောပေမယ့် ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းကို တော့ ရန်ကုန်အထိ ဆက်လက်ချီတက်မယ်လို့ ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာပါ တယ်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့က အစိုးရ၊ လွတ်တော်၊ (နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှု ကွန်ရက်) နဲ့ သပိတ်မှောက်ကျောင်းသားကိုယ်စားလှယ်ဆွေးနွေးပွဲမှာ ကျောင်းသားတွေတောင်းဆိုချက် ၁၁ ချက်ထဲက ၇ ချက်ကို သဘောတူပြီး ကျန် ၄ ချက်ကို မူအားဖြင့်သဘောတူထားပါတယ်။

လာမယ့် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ လေးပွင့်ဆိုင်ကိုယ်စားလှယ်တွေ ရန်ကုန်မြို့မှာ ထပ်မံဆွေးနွေးကြဦးဖို့ သဘောတူကြပါတယ်။

သပိတ်စစ်ကြောင်း ဆက်လက်ချီတက်ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်း (ပင်မ) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော် (ဗကသ) ကို ဒီဗွီဘီသတင်းထောက် နော်နိုရင်းနဲ့ အေးနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

> ချီတက်နေတဲ့ကျောင်းသားစစ်ကြောင်းက ဘာကြောင့် သပိတ်ကို မရပ်တာပါလဲ။

> “အဓိကကတော့ ကျနော်တို့ အမျိုးသားပညာရေးဥပဒေမှာ ပြင်ဆင်ပြောင်းလဲပေးပါဆိုပြီးတော့ ၁၁ ချက်တောင်းဆိုတာက လက်ရှိ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲမှာ မူအရပဲ သဘောတူတာရှိသေးတာပေါ့နော်။ ကတိက၀တ် အဆင့်ပဲရှိသေးတာ။ အဲဒါကို နောက်ထပ်တဆင့်အနေနဲ့ ကျနော်တို့က အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေဆိုပြီးတော့ အဲဒီ ၁၁ ချက်ကို မူကြမ်းရေးရပါတယ်။ အဲဒီမူကြမ်းရေးပြီးရင် ကျနော်တို့က ဒုတိယအဆင့်အနေနဲ့ လွှတ်တော်ကို တင်ရပါမယ်။ လွှတ်တော်က အတည်ပြုချက်ရပြီးမှသာ သမ္မတလက်မှတ်ထိုးတဲ့နောက် ဒီ အမျိုးသားပညာရေးဥပဒေထဲမှာ ဒီ ၁၁ ချက်က အကျုံးဝင် အသက်ဝင်မှာလည်း ဖြစ်ပါတယ်။

“အဲဒီတော့ အခုက မူအားဖြင့် ကတိက၀တ်၊ အရပ်စကားနဲ့ ပြောမယ်ဆိုရင် ပါးစပ်ကနေ လုပ်ပေးမယ်သာ ပြောသေးတာ။ လက်တွေ့အဆင့်ကို မရောက်သေးပါဘူး။ အဲဒီအတွက် ကျနော်တို့က အဲဒီလောက်နဲ့ ကျေနပ်နေလို့လည်း မဖြစ်သေးပါဘူး။ လက်တွေ့အဆင့်ကို ရောက်မှသာ အမျိုးသားပညာရေးဥပဒေဟာ ကျောင်းသားနဲ့ပြည်သူ အခြေခံထားပြီးတော့ အသက်ဝင်လာတဲ့နေ့ကျမှသာ ဒါ အမျိုးသားပညာရေးဥပဒေရဲ့ အသီးအပွင့်ကို ခံစားရမှာဖြစ်တယ်။ အဲဒါကြောင့်မို့လို့ အမျိုးသားပညာရေးဥပဒေမှာ ဒီ ၁၁ ချက် လွှတ်တော်ကနေ အတည်ပြုပြီးတော့ ဥပဒေအဆင့်ရောက်တဲ့အထိ ကျနော်တို့က ဆက်လက်တိုက်ပွဲဝင်ရမှာဖြစ်လို့ပါ။”

> လွှတ်တော်တင်ပြတဲ့အခါ ပြန်ဆွေးနွေးကြမယ်။ အချိန်ယူမယ်ပေါ့နော်။ ဒီအချိန်ကြာမြင့်ရင် ကြာမြင့်သလောက် ကျောင်းသားတွေက ဆက်လက်ချီတက်နေမှာလား။

> “အဲလိုမဟုတ်ပါဘူး။ မူလဆွေးနွေးထားတဲ့ အစိုးရကိုယ်စားလှယ်၊ လွှတ်တော်ကိုယ်စားလှယ်၊ အန်အန်အီးအာ (နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှု ကွန်ရက်) ကိုယ်စားလှယ်၊ ကျောင်းသားကိုယ်စားလှယ်တွေ လေးပွင့်ဆိုင်တွေ့ဆုံတဲ့အချိန်မှာ ကျနော်တို့ ပူးတွဲကြေညာချက်တရပ် ထွက်ထားပါတယ်။ ပူးတွဲကြေညာချက်ရဲ့ နောက်ဆုံးအပိုဒ်မှာလည်း ရက်ပေါင်း ၃၀ အတွင်း ဆောင်ရွက်ရန်ဆိုတာကို ပါပါတယ်။

“ခု ကျနော်တို့ကလည်း မနက်ဖြန် ၁၄ ရက်နေ့ ကျင်းပမယ့် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲမှာ ဒီဥပဒေမူကြမ်းကို အပြီးအစီးရေးဆွဲဖို့ တိုက်တွန်းထားပါတယ်။ ဆိုလိုတာကတော့ မနက်ဖြန်တွေ့ဆုံပွဲမှာ ဥပဒေမူကြမ်းအဆင့် ထွက်လာပါလိမ့်မယ်။ အဲဒါကို အစိုးရဘက်က သဘောထားကလည်း အခုလာမယ့်လွှတ်တော် ပြန်စလို့ရှိရင် ဒီဟာကို အရေးကြီးအဆိုအဖြစ်နဲ့ တင်ပေးမယ်လို့လည်း ကျနော်တို့က သူတို့ရဲ့စကားပါးထားတာကို ရရှိထားပါတယ်။ အဲဒီအတွက် ပထမ အစိုးရအနေနဲ့ ပူးတွဲကြေညာချက်ထဲမှာပါတဲ့ ရက် ၃၀ အတွင်း ဆောင်ရွက်နိုင်ဖို့ကိစ္စမှာ အစိုးရရော၊ လွှတ်တော်ရော၊ အန်အန်အီးအာရော၊ ကျောင်းသားတွေရော အပြန်အလှန် ချုပ်နှောင်ထားပြီးသားဖြစ်တဲ့အတွက် ဒီဟာ ဆောလျင်စွာ ပြီးစီးမယ်လို့ မျှော်လင့်ပါတယ်။”

> ဆိုလိုတာက ကျောင်းသားတွေတောင်းဆိုတဲ့ ၁၁ ချက်ကို ဥပဒေထဲမှာပါဝင်မှ သပိတ်လှန်မယ်ဆိုတဲ့သဘောလား။

“ဟုတ်ပါတယ်။ ဒီတောင်းဆိုချက် ၁၁ ချက်လုံးကို အစိုးရရော၊ လွှတ်တော်ရော လက်ခံတယ်။ ဒါတွေကို ထည့်သွင်းဖော်ပြပေးမယ်ဆိုတာကို သဘောတူပြီးသားဖြစ်တဲ့အတွက် ၁၁ ချက်လုံးကတော့ ဥပဒေမူကြမ်းထဲမှာ လုံးဝ ပါသွားပြီ။ အဲဒီမူကြမ်းထဲမှာ ပါသွားပြီးပြီဆိုမှ ဒါက လွှတ်တော်ကနေပြီးတော့ အတည်ပြုပေးရမယ့် အဆင့်ဖြစ်ပါတယ်။ ကျနော်တို့ လွှတ်တော်နဲ့ပတ်သက်လို့ကလည်း တဖက်က ပြန်ကြည့်မယ်ဆိုလို့ရှိရင် ခု လွှတ်တော်ရဲ့ဥပဒေပြုဆိုင်ရာ ကိုယ်စားလှယ်တွေက ဒီဆွေးနွေးပွဲမှာ ပါဝင်ပြီးသားဖြစ်တဲ့အတွက် လွှတ်တော်မှာလည်း အခက်အခဲသိပ်မရှိနိုင်ဘူးလို့ ကျနော်တို့ထင်ပါတယ်။

“ဘာဖြစ်လို့လဲဆို ဒီ ၁၁ ချက်က တတိုင်းပြည်လုံးရော၊ နိုင်ငံရေးအဖွဲ့အစည်းတွေရော၊ ပညာရှင်အဖွဲ့အစည်းတွေရော၊ အစိုးရပိုင်းဆိုင်ရာ ပုဂ္ဂိုလ်အချို့ရော၊ ၀န်ကြီးအချို့ရော ဒီဟာကို ဒီ ၁၁ ချက်ဟာ ရှိသင့်ရှိထိုက်၊ တောင်းဆိုသင့် တောင်းဆိုထိုက်၊ ရသင့်ရထိုက်တယ်လို့ သူတို့ကိုယ်နှိုက်ကလည်း နှုတ်ကနေသော်လည်းကောင်း၊ စာကနေသော်လည်းကောင်း ဒါကတော့ ဖော်ပြထားကြပြီးသားဖြစ်တဲ့အတွက် ဒီကိစ္စက လွှတ်တော်အမတ်တွေချည်းကျမှ ကွက်ပြီး ကန့်ကွက်လိမ့်မယ်လို့လည်း ကျနော်တို့ ထင်မထားပါဘူး။ လွှတ်တော်အမတ်တွေကလည်း သူတို့ကိုယ်စားပြုလွှတ်လိုက်တဲ့ ဥပဒေပြု ဥပဒေရေးရာ ကျွမ်းကျင်တဲ့ ကိုယ်စားလှယ်တွေကနေမှသာ ဆွေးနွေးသဘောတူထားပြီးသားဖြစ်တဲ့အတွက် ဒီအဆင့်ကိုတော့ ကောင်းမွန်စွာ ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ကျနော်တို့ ယူဆထားပါတယ်။”

> တခြားကော ဘာပြောချင်တာရှိသေးလဲ။

“ကျနော်တို့က လက်ရှိ ဒီကနေ့ သပိတ်နားပါတယ်။ နားတဲ့အကြောင်းရင်းက ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်။ တိုက်တိုက်ဆိုင်ဆိုင် ထူးကဲတဲ့နေ့တနေ့လည်းဖြစ်တယ်။ ကြုံတောင့်ကြုံခဲ နှစ် ၁၀၀ ပြည့်နှစ်လည်းဖြစ်တယ်။ အဲဒီအတွက် ကျနော်တို့ ပေါင်းတည်မြို့မှာ ဒီသပိတ်ကတော့ လက်ရှိ ၁ ရက်နားထားပါတယ်။ နက်ဖြန်ကိုတော့ ကျနော်တို့ ပေါင်းတည်ကနေပြီးတော့ ရန်ကုန်ဘက်ကို ဆက်လက်ထွက်ခွာပါမယ်။ ဇီးကုန်းတို့၊ နတ်တလင်းတို့၊ ကြို့ပင်ကောက်တို့ စတဲ့မြို့တွေကို အဆင့်ဆင့် ကျနော်တို့ ဆက်လက်ချီတက်ပါမယ်။ ဒီချီတက်မှုမှာ ကျနော်တို့ ပုံမှန်အားဖြင့်ပဲ ချီတက်သွားမှာဖြစ်ပြီးတော့ ခုနပြောသလို ဒီမှာ လေးပွင့်ဆိုင် သဘောတူညီထားတဲ့ ပူးတွဲကြေညာချက်တွေလိုပဲ နှစ်ဦးနှစ်ဘက် စိုးရိမ်စရာမရှိအောင် ကျနော်တို့ ထိန်းသိမ်းဆောင်ရွက် ချီတက်သွားမှာဖြစ်ပါတယ်။”

> မနေ့က နေပြည်တော်က နှင်းဆီခြံအိမ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တဲ့ပွဲမှာ ပင်မစစ်ကြောင်းက ကျောင်သားတွေပါတာ မတွေ့ရဘူး။ အဲဒါ ဘာဖြစ်လို့လဲ။

> “ဟုတ်ကဲ့။ အဲဒါ တကသနဲ့ မြေလတ်နဲ့ သူတို့ လေးပွင့်ဆိုင် ရန်ကန်ုမှာ အားလုံးရှိနေကြစဉ်မှာ သူတို့ချင်း ဆုံတွေ့နေရာကနေပြီးတော့ ကျနော်တို့သိသလောက်ကတော့ ကြားလူတယောက် စီစဉ်ပေးမှုအရ တွေ့ဆုံဖို့အတွက် သူတို့ကလည်း တွေ့ချင်တယ်ဆိုပြီး သွားတွေ့တဲ့အပိုင်းဖြစ်ပါတယ်။ တကယ်တမ်း လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲမှာ သပိတ်တွေနဲ့ ပတ်သက်တဲ့ သဘောထားပေးဖို့အတွက် သပိတ်မှောက်ကျောင်းသားတွေရဲ့သဘောဆန္ဒ ကို ပြန်လည်ယူပါဦးမယ်ဆိုပြီး သဘောတူထားတဲ့အတွက် ကျနော်တို့ ပင်မစစ်ကြောင်းက ဗကသ ကျောင်းသားကိုယ်စားလှယ် ၆ ဦးက ကျနော်တို့ သပိတ်စစ်ကြောင်းရှိရာကို ပြန်လာတာဖြစ်ပါတယ်။ သူတို့အစီအစဉ်နဲ့သူတို့ တွေ့ဆုံတာဖြစ်ပါတယ်။ ၁၅ ဦးကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ တွေ့ဆုံတာမဟုတ်ပါဘူး။ ဒါပေမယ့် ကိုမျိုးရန်နောင်သိန်း ရေးလိုက်တဲ့ အရေးအသားတွေက ဒီသပိတ်စစ်ကြောင်းက ခေါင်းဆောင်တွေဖြစ်တယ်ဆိုတာမျိုး ရေးတာမျိုးတွေ။ ဆုံးဖြတ်ချက်တခုလို သွားတွေ့တဲ့ပုံစံမျိုးတွေ ရေးထားတာကတော့ အဲဒီ စာရေးသားသူရဲ့တာဝန်ပဲဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ကတော့ အလွတ်သဘောတွေ့ဆုံတဲ့အပေါ်မှာ တခြားမှတ်ချက်ပေးစရာမရှိပါဘူး။”

> ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံမယ့်ကိစ္စကို ပင်မစစ်ကြောင်းကို ကိုယ်စားပြုပြီး လေးပွင့်ဆိုင်ဆွေးနွေးပွဲ တက်ရောက်လာသူတွေကသိတော့ သိတယ်ဆိုတဲ့သဘောလားဗျာ။

> “အဲဒါကလည်း လူမှုကွန်ရက်မှာ တက်လာတဲ့အချိန်ကျမှပဲ ကျနော်တို့ သိတာပါ။ သပိတ် ကနဦးမှာတုန်းကတော့ ဒေါ်စုနဲ့ တွေ့မလား၊ မတွေ့ဘူးလားဆိုတဲ့ ကျနော်တို့ ၁၅ ဦးကော်မတီအနေနဲ့ရော၊ ကျောင်းသားတွေအနေနဲ့ရော၊ စဉ်းစားခဲ့ပါသေးတယ်။ အဲဒီမှာ ကျနော်တို့က လက်ရှိ ဒီအပြောင်းအလဲတခု ဖြစ်ဖို့ရာအတွက်က အစိုးရနဲ့ လွှတ်တော်မှာသာ တိုက်ရိုက်သက်ဆိုင်နေတဲ့အတွက် ကျနော်တို့က ဒေါ်စုနဲ့ တွေ့ဆုံဖို့ကို လတ်တလောမှာ မလိုအပ်သေးဘူး။ ဘာကြောင့်လည်းဆိုတော့ အကယ်၍ ဒေါ်စုအနေနဲ့ကလည်း တစုံတရာ မှတ်ချက်ပေးလာရင် ကျနော်တို့ရဲ့ လုပ်ရကိုင်ရတဲ့ကိစ္စတွေကလည်း နည်းနည်းအခက်အခဲရှိသွားနိုင်တယ်လို့ ယူဆခဲ့လို့ အဲဒီအချိန်တုန်းက မတွေ့ခဲ့ပါဘူး။ အဲဒီလို တွေ့ဖို့အစီအစဉ်မျိုး အရင်က စီစဉ်ခဲ့ဖူးတာတော့ ရှိပါတယ်။ လက်ရှိ တွေ့ဆုံမှုကိုတော့ အစီအစဉ်မရှိဘဲ သူတို့ တွေ့ဆုံလိုက်တာဖြစ်ပါတယ်။”

> သပိတ်မှောက်စစ်ကြောင်းတွေထဲမှာ အထူးသဖြင့် ပင်မစစ်ကြောင်းက အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးကို ဆောင်ရွက်သလို တဆက်တည်းမှာ အရှိန်မြှင့်ပြီး အထွေထွေသပိတ်ဆီကို ဦးတည်ကောင်း ဦးတည်နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေ၊ တိုက်တွန်းချက်တွေအပေါ် ဘာပြောစရာရှိမလဲ။

> “အဲဒါက အယူအဆ ၂ မျိုးတွေ့ရတယ်ဗျ။ ပထမ တမျိုးကတော့ အဆိုးပေါ့နော်။ အစိုးရကိုယ်နှိုက်ကိုကနေပြီးတော့ ‘ဒါ ဆူပူအောင်လုပ်နေပါတယ်၊ ဒီဟာက နိုင်ငံရေးသမားတွေက အသုံးချသွားလိမ့်မယ်’ ဆိုပြီးတော့ နှပ်ကြောင်းပေးတာလိုလိုနဲ့ ကျနော်တို့ရဲ့ ပုံရိပ်ကို ကျဆင်းအောင် ဆောင်ရွက်နေတာလည်း တပိုင်းရှိပါတယ်။ မှန်ပါတယ်၊ တဖက်က နောက်တချက်က ကျတော့လည်း ဒီအမျိုးသားပညာရေးဥပဒေသပိတ်ဆင်နွှဲတဲ့အခါမှာ ပြည်သူလူထုပါဝင်နှုန်းမြင့်တက်လာတဲ့အခါမှာ ပြည်သူရဲ့ နိုင်ငံရေးနိုးကြားမှုအနေအထားကို ကြည့်ပြီးတော့ တခြားအကြောင်းအရာတွေကိုလည်း ဥပမာ- လယ်သမားကိစ္စတွေ တောင်သူလယ်သမားတွေ ကိစ္စတွေမှာလည်း ဒီလိုမျိုး တိုက်ပွဲဝင်နိုင်လို့ရှိရင် ထိရောက်မှု ပိုမိုရှိမယ်ဆိုတဲ့ ယူဆချက်မျိုးနဲ့လည်း ဒီလိုဖန်တီးချင်တဲ့၊ ဒီလိုတိုက်ပွဲမျိုးကို၊ အလားတူတိုက်ပွဲမျိုးကို ဆင်နွှဲနေလိုသူတွေလည်း ရှိပါတယ်။ ဒါပေမယ့် ခုနပြောသလို ကျနော်တို့က ဒီဟာက ခေါင်းစဉ်ကိုက သပိတ်စစ်ကြောင်းမှာကိုက ဒီမိုကရေစီပညာရေးလို့ ပြတ်ပြတ်သားသား ရေးထားပြီးသားဖြစ်ပါတယ်။ အဲဒီတော့ ဒီမိုကရေစီပညာရေးစစ်ကြောင်းအနေနဲ့ကတော့ ဒီမိုကရေစီပညာရေးရရှိရေးကို ဦးတည်ပြီးသွားနေတာပဲဖြစ်ပါတယ်။ ကျနော်တို့ စစ်ကြောင်းအနေနဲ့ ရည်မှန်းချက်၊ ရည်ရွယ်ချက်အနေနဲ့ကလည်း ဒါပါပဲ။

“အဲဒီအပေါ်မှာ တခြား နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ထင်မြင်ချက်၊ ယူဆချက်၊ သုံးသပ်ချက်တွေက သူတို့ အပိုင်းကဏ္ဍသာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ကတော့ မျက်မှောက်နိုင်ငံရေးအခြေအနေအရကတော့ ခုလက်ရှိ စစ်ကြောင်းအနေနဲ့က ဒါ ပညားရေးသက်သက်သာဖြစ်တယ်။ ဒါပေမယ့်လို့ ကျနော်တို့ ကျောင်းသားတွေဆိုတာကလည်း ပြည်သူတွေရဲ့အလိုဆန္ဒတွေကိုကြည့်ပြီး မျက်မှောက်နိုင်ငံရေးအခြေအနေပေါ်မှာ ဟုတ်လား၊ တကယ်လို့ ခုန သူတို့ပြောသလို အခြားဆင်နွှဲစရာ တိုက်ပွဲတွေ ဖြစ်လာရင်တောင်မှ အဲဒီ တခြား ဆင်နွှဲစရာတွေက ကျနော်တို့ သီးခြားပါဝင်ပတ်သက်မှုတွေပဲဖြစ်ပါလိမ့်မယ်။ ဒီအောက်မှာတော့ ကျနော်တို့ ၀န်းရံမှုတွေကိုပဲ လက်ခံထားပြီးတော့၊ ကျနော်တို့ အခု ဆိုလို့ရှိရင် ပူးပေါင်းဆောင်ရွက်သူတွေဟာ ဒီပညာရေးခေါင်းစဉ်အောက်မှာပဲ ၀င်ရောက် ပူးပေါင်းနေကြတာ ဖြစ်ပါတယ်။”

> သပိတ်စစ်ကြောင်းအနေနဲ့ လွန်ခဲ့တဲ့ရက်ပိုင်းက ၄ ပွင့်ဆိုင်ဆွေးနွေးပွဲကနေ ရရှိလာတဲ့ သဘောတူညီမှု မူအားဖြင့် သဘောတူညီမှုတွေနဲ့ ပတ်သက်လို့ အနှစ်ချုပ်သုံးသပ်ပြပါ။

> “ကျနော်တို့ စစ်ကြောင်းအနေနဲ့ မနေ့ညကလည်း ကျနော်တို့ ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင်တွေအားလုံး စုံညီစည်းဝေးပါတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ဒီမှာ ကျနော်တို့ ကိုယ်စားလှယ် ၆ ယောက်ကလည်း ဒီနေ့ပြန်ပြီးတော့ မနက်ဖြန် ၁၄ ရက်နေ့ တွေ့ဆုံပွဲမှာ ပြန်လည်တက်ရောက်ရမှာဖြစ်တဲ့အတွက် ကျနော်တို့သဘောထားတွေ သယ်ဆောင်ဖို့၊ ဒီကနေ့မနက်မှာပဲ ခရီးမထွက်ခင်မှာပဲ ကျောင်းသားတွေနဲ့ ကျနော်တို့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှု ရလဒ်တွေကို ပူးတွဲကြေညာချက်ပါ အချက်တွေကို တချက်ချင်း ကျောင်းသားတွေနဲ့ ရှင်းလင်းပြီးတော့ သဘောထားယူပါတယ်။ အဲဒီသဘောထားကို အခြေ ခံပြီးမှ ကျနော်တို့ ဒီကနေ့ ကြေညာချက်ထွက်လာတာပေါ့။ ကျနော်တို့အနေနဲ့က ဒါ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပြီးတော့ မူအရ သဘောတူတယ်ဆိုတာ ကျနော်တို့ လက်ရှိ မျက်မှာက်နိုင်ငံရေး အနေအထားအရကတော့ တိုးတက်နဲ့အခြေအနေတရပ်လို့ ယူဆပါတယ်။

“ဘာကြောင့်လဲဆို နိုင်ငံမှာ ပြဿ နာပေါင်းများစွာထဲမှာ ဒီလို တွေ့ဆုံဆွေးနွေးမှုတွေ၊ ရိုးသားမှု ရှိလို့ရှိရင် ရိုးသားသလောက် အောင်မြင်မှု ရနိုင်တယ်ဆိုတာကို တခြားသော နိုင်ငံရေးပြဿ နာအမျိုးမျိုးကိုလည်း ဒီလိုပုံစံမျိုး ဆက်လက်ဖြစ်စေချင်တဲ့ ဆန္ဒတွေ ရှိပါတယ်။ တဖက်ကနေ ပြင်ဆင်ပြောင်းလဲဖို့အတွက် မူကြမ်းတွေ ရေးဆွဲတဲ့နေရာမှာ ဒီ ၁၁ ချက်ကို စကတည်းကိုက ပြောထာတဲ့အတိုင်း ကျောင်းသားထု ကိုယ်စားလှယ်တွေပါတဲ့ လေးပွင့်ဆိုင်ကနေပဲ အပြီးအစီးရေးဆွဲရမယ်လို့ သဘောတူပြီးသားဖြစ်တဲ့အတွက် အဲဒီဟာကို ရေးဆွဲဖို့ ဆက်လက်တိုက်တွန်းထားပါတယ်။ ကျောင်းသားတွေရဲ့သဘော ထားပေါ့နော်။ မနက်ဖြန်မှာ ကျနော်တို့ ဒီသဘောထားတွေနဲ့ပဲ ပြောမှာဖြစ်တဲ့အတွက် ကျနော်တို့ ကြိုတင်ပြီးတော့ သဘောထားကြေညာချက်ထုတ်ပေးလိုက်တဲ့သဘောဖြစ်ပါတယ်။ ဒီမှာကတော့ သပိတ်နဲ့ပတ်သက်လို့ကတော့ လက်ရှိအစိုးရအနေနဲ့ ဖော်ဆောင်နေတဲ့ဟာတွေ နဲ့ပတ်သက်လို့ ကျနော်တို့ တိုးတက်တဲ့အခြေအနေတရပ်လို့မြင်တယ်။ လက်ရှိဟာကိုပဲ လွှတ်တော် အဆင့်ဆင့်ကနေပြီးတော့ ဆက်လက်အတည်ပြုပြဌာန်းနိုင်သွားအောင် ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ဒီလေးပွင့်ဆိုင်မှာရှိတဲ့ အစိုးရ၊ လွှတ်တော်၊ အန်အန်အီးအာ၊ ကျောင်းသားတွေဟာ အားလုံးပြီးဆုံးအောင်အထိ ဆောင်ရွက်ရမယ်လို့ သဘောတူထားတဲ့အ တွက် အစိုးရကိုလည်း ချုပ်ကိုင်ထားပြီးသားဖြစ်တယ်၊ လွှတ်တော်ကိုလည်း ချုပ်ကိုင်ထားပြီးသား ဖြစ်တယ်။ အန်အန်အီးအာကိုလည်း ချုပ်ကိုင်ထားပြီးသားဖြစ်တယ်။ ကျောင်းသားကိုလည်း ချုပ်ကိုင်ထားပြီးသားဖြစ်တယ်။ ဒီလေးပွင့်ဆိုင်လုံး အားလုံးတာဝန်ရှိစွာ ဖော်ဆောင်သွားကြမှာပါ။”

> တောင်းဆိုချက် ၁၁ ချက်ကို သဘောတူထားတယ်၊ ဥပဒေမူကြမ်းရေးဆွဲကြမယ်၊ အဲဒါ လွှတ်တော်တင်ပြ ဆွေးနွေးမယ်။ သမ္မတအတည်ပြုမယ် စတဲ့ အဲဒီဖြစ်စဉ်တွေ အလုံးစုံပြီးဆုံးတဲ့အထိ သပိတ်တွေ ရှိနေမလား။ အဲဒီဖြစ်စဉ်တရပ်လုံးကျော်ဖြတ်ပြီး ပြင်ဆင်ပြီးဖြစ်တဲ့ အမျိုးသားပညာရေးဥပဒေ သက်ရောက်တဲ့အထိ ကြာမြင့်မယ့်အတိုင်းအဆကို ဘယ်လိုတွက်ဆထားလဲ။

> “ဟုတ်ပါတယ်။ တော်တော်များမျာက အချိန်အကန့်အသတ်ကို တော်တော်များများက သိချင်၊ မေးချင်ကြပါတယ်။ ကျနော်တို့ ပထမ ပူးတွဲကြေညာချက်ထဲမှာ ပါပါတယ်။ ရက်ပေါင်း ၃၀ အတွင်း ဆောလျင်ပြီးစီးအောင် ဆောင်ရွက်ရမယ်လို့ အစိုးရရော၊ လွှတ်တော်ရော၊ အန်အန်အီးအာရ်ရော၊ ကျောင်းသားရော လေးပွင့်ဆိုင်သဘောတူညီကြေညာချက်ထဲမှာ ပါပြီးပါပြီခင်ဗျ။ အဲဒီတော့ ဆိုလိုတဲ့သဘောက မနက်ဖြန် ၁၄ ရက်နေ့မှာကျင်းပမယ် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲမှာ ဒီ ၁၁ ချက်ကို မူကြမ်းရေးဆွဲဖို့လည်း ကျနော်တို့ ကနဦး မူအားဖြင့် သဘောတူပြီးသားဖြစ်တဲ့အတွက် မနက်ဖြန်မှာ သူတို့ မူကြမ်းအပြီးအစီး ရေးဆွဲနိုင်အောင် ကျနော်တို့ ရေးဆွဲမယ်လို့လည်း ကတိရှိတဲ့အတွက် ရေးဆွဲနိုင်အောင်လည်း ကျနော်တို့ တိုက် တွန်းထားပါတယ်။ နောက်တခါ ကျနော်တို့ ဒီဘက်မှာ ဆွေးနွေးမှုတွေအရ ခုလာမယ့် ၁၆ – ၁၇ ပတ်ဝန်းကျင်မှာ ကျင်းပမယ့်လွှတ်တော်မှာလည်း အခြားအရေးကြီးအဆိုတွေနည်းတူ ဒီကိစ္စကို လည်း သူတို့ အရေးကြီးအဆိုတရပ်အဖြစ် တင်သွင်းသွားဖို့ အစီအစဉ်ရှိတယ်လို့ သူတို့က ဆိုပါတယ်။ အဲဒီအတွက် သူတို့ဘက်ကလည်း ရက်ပေါင်း ၃၀ အတွင်း ဒီကိစ္စကို မြန်မြန် ပြီးပြတ် စေလိုတဲ့ သဘောဆန္ဒရှိတယ်လို့ ကျနော်တို့ ယူဆတဲ့အတွက် ဒီအချိန်ကာလဟာ ပထမ ပူးတွဲ ကြေညာထားတဲ့အတိုင်း ရက် ၃၀ အတွင်းမှာ ဖြစ်မြောက်သွားဖို့ အလားအလာအများကြီးရှိပါတယ်။”

> မြန်မာပြည်ရဲ့သမိုင်းဖြတ်သန်းမှုမှာ ကျောင်းသားနဲ့ အစိုးရဟာ တောင်းဆိုမှုတွေ၊ ဆန္ဒပြမှုတွေဖြစ်ရင် အစိုးရအဆက်ဆက် တောက်လျှောက်ပစ်ခတ်နှိမ်နင်းလာရာက ဒီဖြစ်စဉ်မှာတော့ စကားဝိုင်းဖိတ်ခေါ်ပြီး ညင်ညင်သာသာနဲ့ ကိုင်တွယ်တဲ့အပေါ်မှာ ဘယ်လိုမှတ်ချက်ပြောချင်လဲ။

> “အဲဒါကတော့ ခေတ်ရဲ့ကွာဟချက်ပေါ့။ အစိုးရအုပ်ချုပ်ပုံအဆင့်တွေ။ ၆၂ ခု တက်လာခဲ့တဲ့အစိုးရကလည်း သူ့အာဏာတည်ဆောက်ရေးအတွက် တက်လာတာဖြစ်သလို ဒီဘက် အာဏာသိမ်းသွားတဲ့ န၀တ နအဖ လက်ထက်မှာလည်း စစ်အုပ်ချုပ်ရေးစနစ်အရ သွားနေတဲ့အခါမှာ သူတို့ရဲ့အာဏာကို ပီပီပြင်ပြင် အသုံးချနေတဲ့အပိုင်းတွေ ရှိတယ်ပေါ့နော်။ ဒီဘက်မှာ အခု ရွေးကောက်ပွဲတွေ ပြီးသွားပြီးတဲ့အခါမှာ ပြည်သူက တင်မြှောက်သောအစိုးရလို့ သူတို့ ကြေညာသုံးသပ်ထားတဲ့အတိုင်း အစိုးရအသစ်တွေ ပေါ်ထွန်းလာတဲ့အချိန်မှာ ဒီမိုကရေစီ နိုင်ငံတော်လို့လည်း သူက ကမ္ဘာကို အတိအလင်းကြေညာထားတာဖြစ်တယ်။ နောက်ပြီးတော့ ဒီနေရာမှာ ပြောင်းလဲမှုတခုက သူတို့ရဲ့အနေအထားမှာ ကျနော်တို့ မျက်မှောက်နိုင်ငံရေးအခြေ အနေက ၁၅ (၂၀၁၅) ရွေးကောက်ပွဲ နီးစပ်လာတာလည်း ပါတယ်လို့ ယူဆသလို တဖက်က လည်း ကျနော်တို့ တောင်းဆိုထားတဲ့ ၁၁ ချက်ဟာ သူတို့ရဲ့အာဏာကို ထိပါးနေတာမဟုတ်တာ က တကြောင်း။ သူတို့ရဲ့ ဒီမှာ စစ်တပ်နဲ့ သက်ဆိုင်တဲ့ စီးပွားရေးတွေကိုလည်း ကျနော်တို့က ထို နှက်နေတာ မဟုတ်တာကလည်း တကြောင်း၊ အဲဒီအခြေအနေတွေ အားလုံးစုပြီးတော့မှ ဒီအပေါ်မှာ ၈၈ (၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုကြီး) ပြီးတဲ့ နောက်ပိုင်းတလျှောက်လုံး ပြည်သူပါဝင်မှုနှုန်းအားများတဲ့ သပိတ်တခုလည်း ဖြစ်နေတာကလည်း ဒါကလည်း ပြည်သူတွေရဲ့ တွန်းအားကြောင့်လည်းဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ အစိုးရနဲ့ ကျောင်းသားအ ကြားမှာ မရခဲ့ဖူးတဲ့ တွေ့ဆုံညှိနှိုင်းမှုမျိုး စတင်ပြီးတော့ ပြန်လည်ရရှိလာတယ်လို့ ကျနော်တို့ ယူဆပါတယ်။”

No comments:

Post a Comment