Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 15, 2015

ဘုန်းကြီးကျောင်းဝင်းအတွင်း အရက်သောက်နေသည့် ရဟန်းနှစ်ပါးကို ဖမ်းဆီး


Sunday, February 15, 2015
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ရှိ လင်းမွေတောင် ဘုန်းကြီးကျောင်းဝင်းအတွင်း အရက်သောက်စား မူးယစ်နေကြသော ရဟန်းနှစ်ပါးကို ဘူးသီးတောင်မြို့မ ရဲစခန်းက ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း ယင်းမြို့နယ် သံဃနာယက ဆရာတော် ဘဒ္ဒန္ဒသောမက မိန့်ကြားသည်။
“လူမှန်းသူမှန်း မသိအောင် မူးယစ်နေတာကို တွေ့ရတဲ့အတွက် ရဲဝန်ထမ်းတွေကိုခေါ်ပြီး အပ်လိုက်တာ။ သူတို့က သံဃာအစစ်လည်း မဟုတ်ဘူး။ သင်္ကန်းစည်းလိုက် လူဝတ်လဲလိုက်နဲ့ ထင်ရာ လုပ်နေတဲ့သူတွေ” ဟု အဆိုပါ ဆရာတော်က မိန့်ဆိုသည်။
ဖမ်းဆီးခံရသော ရဟန်းနှစ်ပါးမှာ ပခုက္ကူမြို့မှ တင်မိုးနှင့် ဘူးသီးတောင်မြို့မှ မောင်ပြားတို့ ဖြစ်ကြောင်း၊ ၎င်းတို့သည် လင်းမွေတောင် ဘုန်းကြီးကျောင်းသို့ သင်္ကန်းဝတ်ဖြင့် လာရောက် တည်းခိုနေသူများ ဖြစ်ကြောင်း ဘူးသီးတောင်မြို့မ ရဲစခန်း မှုခင်းမှတ်တမ်းများအရ သိရသည်။
အဆိုပါ ပုဂ္ဂိုလ်နှစ်ဦး တည်းခိုခဲ့သော လင်းမွေတောင် ဘုန်းကြီးကျောင်းမှ ကျောင်းထိုင် ဆရာတော်သည်လည်း ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းက အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ကာ လူဝတ်လဲခဲ့ကြောင်း ယင်းမြို့ဒေသခံများထံမှ သိရသည်။
လက်ရှိအချိန်၌ တင်မိုးနှင့် မောင်ပြားတို့ကို ဘူးသီးတောင် မြို့မရဲစခန်းက ပုဒ်မ၂၉၅ (က) ဖြင့် အမှုဖွင့် ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။
(ခင်မောင်အေး)
The Voice Weekly

No comments:

Post a Comment