Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 21, 2015

ဒုတိယဗိုလ်ချုပ်ကြီးထွန်းကြည် (ငြိမ်း) နှင့် တွေ့ဆုံခြင်း (၃)


ဒုတိယအချက်အနေနဲ့ “တိုင်းပြည် အခုလို အစစအရာရာ ခေတ်နောက်ကျခဲ့တာ စစ်တပ်က လူတွေ နေရာတကာ ဝင်နေရာယူပြီး လုပ်ချင်တာတွေ လုပ်သွားကြလို့ တိုင်းပြည် နစ်နာခဲ့ရတာလို့ ပြောတဲ့သူတွေက ပြောကြတယ်” လို့ဆိုတဲ့ကိစ္စ ဆက်ပြောပါ့မယ်။

နံပါတ်တစ် ခေတ်နောက်ကျ ကျန်ခဲ့တာ စစ်တပ်က လူတွေကြောင့်လို့ သားတို့ရဲ့ အမေးထဲမှာ ပါတယ်။ ဘဘ ပြောချင်တာကတော့ မှန်တော့မှန်တယ် ဒါပေမဲ့ ရာနှုန်းပြည့်တော့ မမှန်ဘူးလို့ ဖြေရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံမှာ တိုင်းပြည် တိုးတက်အောင်၊ ဆုတ်ယုတ်အောင်၊ ပျက်စီးအောင် လုပ်နိုင်တဲ့လူတွေက ဘယ်သူတွေလဲ။ တိုင်းပြည်ရဲ့ကောင်းကျိုး၊ ဆိုးကျိုးကို ဖန်တီးနိုင်သူတွေက ဘယ်သူတွေလဲ။ စစ်တပ် တစ်ခုတည်းလား။ သာမန်ပြည်သူတွေ၊ ဝန်ထမ်းတွေ၊ နှစ်ပေါင်းများစွာ သောင်းကျန်းခဲ့တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ အစိုးရ အဖွဲ့အစည်းတွေကော မပါဘူးလား။ ပြည်သူတွေ စည်းမဲ့ကမ်းမဲ့ လုပ်ချင်ရာလုပ်တာတွေ ဥပမာ-ယာဉ်မောင်းတွေ မီးပွိုင့်မှာ ရပ်နေတုန်း တံခါးဖွင့်ပြီး ကွမ်းသွေးထွေးတာမျိုး၊ တို့ပြည်သူတွေ ရေမြောင်းထဲ အမှိုက်ပစ်တာမျိုး၊ ဝန်ထမ်းတွေ ပြောင်ပြောင်တင်းတင်း လာဘ်ငွေတောင်းတာ၊ အလုပ်တာဝန် မကျေပွန်တာ၊ လက်နက်ကိုင် သောင်းကျန်းသူတွေ အဖျက်အမှောင့် လုပ်ငန်းကြောင့် နိုင်ငံတော်ပိုင် ပစ္စည်းတွေ ဆုံးရှုံးခဲ့ရတာကော မပါဘူးလား။ ပြည်သူ့ရဲတွေ လာဘ်စားတာ၊ အကောက်အခွန်အဖွဲ့ မမှန်မကန် လုပ်တာ၊ တရားသူကြီးများ ဇက်ရဲလက်ရဲ ငွေယူတာတွေကော မပါဘူးလား။ တကယ်တော့ အားလုံးမှာ တာဝန်ရှိတာပါ။ အဓိက တာဝန်ရှိသူကတော့ သားတို့ပြောတဲ့ ဘဘတို့ရဲ့ စစ်အစိုးရပေါ့။ ဒါကြောင့် ဘဘက မှန်တော့မှန်တယ် ဒါပေမဲ့ ရာနှုန်းပြည့်တော့ မမှန်ဘူးလို့ ပြောလိုက်တာပါ။

နံပါတ်နှစ်အနေနဲ့ ဒီနေရာမှာ ကြုံတုန်း သားတို့ကို တစ်ခုပြောချင်တယ်။ စိတ်တော့ မဆိုးနဲ့နော်။ သားတို့က လူတိုင်းသိတဲ့ ‘မျက်မမြင် ပုဏ္ဏားခြောက်ယောက် ပုံပြင်’ ထဲက ပုဏ္ဏားတွေလို ဖြစ်နေတယ်။ ကိုယ်စမ်းမိတာ ကိုယ်ပြောကြတာပဲ။ မျက်စိက မမြင်ရတော့ ဆင်ဆိုတာ ယပ်တောင်ကြီးလိုပဲလို့ မှတ်ချက်ပြုသွားတယ်။ အခု သားတို့ကတော့ မျက်စိလည်း မြင်တယ်၊ ဘာချို့ယွင်းချက်မှ မရှိဘူး၊ ဒါပေမဲ့ ပြည့်စုံအောင် မကြည့်ဘူး။ နှစ်ဖက် မကြည့်ဘူး။ မျက်မှန်စိမ်းနဲ့ကြည့်တော့ ရာနှုန်းပြည့် မမှန်တော့ဘူးပေါ့။
ဘဘကတော့ စစ်တပ်ကို ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ အမှန်အတိုင်း မြင်စေချင်၊ ပြောစေချင်တယ်။ အရှိကို အရှိအတိုင်းပြောမှ အမှန်ဘက် ရောက်မယ်။ ဘဘတို့ မြန်မာလူမျိုးတွေက လိုတစ်မျိုး၊ မလိုတစ်မျိုး အတော်ပြောတတ်တယ်။ ထိန်းထိန်းသိမ်းသိမ်း မရှိဘူး။ သားတို့က ပညာတတ် ခေတ်လူငယ်တွေ၊ ပြည်သူပြည်သားတွေကို အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်၊ ဉာဏ်ပညာ တိုးတက် မှန်ကန်အောင် ဆောင်ရွက်နေကြတဲ့ ဂျာနယ်လစ်တွေ။ စာပေလွတ်လပ်ခွင့် ရတယ်ဆိုပြီး ရေးချင်ရာရေး၊ ထုတ်ချင်တာထုတ်လို့ မဖြစ်ဘူး။ တိုင်းပြည် လုံခြုံရေး ထိခိုက်စေမယ့် ကိစ္စမျိုး၊ လူတစ်ဦးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် အရေးအသားမျိုးကို လုံးဝရှောင်ရမှာ ဖြစ်တယ်။

နံပါတ်သုံးက စစ်တပ်ကလူတွေ နေရာတကာ ဝင်နေရာယူပြီး လုပ်ချင်တာ လုပ်သွားကြတာလို့ ဆိုတဲ့အတွက်လည်း နည်းနည်း ပြောချင်ပါတယ်။ ဗမာပြည်မှာသာ မဟုတ်ဘူး။ တစ်ကမ္ဘာလုံးမှာပါ စည်းကမ်းအရှိဆုံး၊ အမိန့်အနာခံဆုံး၊ ခိုင်းရင်ခိုင်းတဲ့အတိုင်း အလုပ်ဆုံး အဖွဲ့အစည်းဟာ စစ်တပ်ပဲ ဖြစ်တယ်။ ဘယ်အဖွဲ့အစည်းမှ စစ်တပ်လို စည်းကမ်း လိုက်နာကြတာ မတွေ့ရဘူး။ လွတ်ရင်လွတ်သလို ကိုယ်ထင်ရာ ကိုယ်လုပ်ကြတာပဲ။ စည်းကမ်းနဲ့အမိန့် နာခံတတ်မှုအပေါ် အခြေခံပြီး စစ်တပ်ကို တည်ဆောက်ထားတာ။ စစ်သည်တော်တွေဟာ အရပ်ဘက်ဥပဒေ စည်းကမ်းကို လိုက်နာ စောင့်ထိန်းရသလို စစ်ဥပဒေနဲ့ စစ်စည်းကမ်းကိုလည်း လိုက်နာကြရတယ်။ ဘဘတို့ တပ်မတော်မှာ စစ်ရေးပြ (Drill) လုပ်ရတယ်။ စစ်ရေးပြလုပ်တာ အလှပြဖို့ မဟုတ်ဘူး။ အမိန့်နာခံတတ်မှုနဲ့ စည်းကမ်း စောင့်ထိန်းတတ်အောင် သင်ပေးတာ။ ဥပမာ- “သတိ” လို့ အမိန့်ပေးထားရင် လုံးဝမလှုပ်ရဘူး။ ယားလို့လည်း မကုတ်ရဘူး။ မူးလဲသွားရင် အရေးယူခံရတယ်။ ဘဘတို့ရဲ့ စစ်ရေးပြဆရာတွေက “မြွေပဲကိုက်ကိုက်၊ ကျွတ်ပဲတွယ်တွယ် မလှုပ်ရဘူး” လို့ အမြဲပြောတယ်။ နောက်ချီတက်နေတုန်း “ရပ်” လို့ အမိန့်ပေးလိုက်ရင် ကိုယ်ရပ်ချင် မရပ်ချင် ရပ်လိုက်ရတယ်။ မရပ်ချင်ဘူး ဆက်လျှောက်မယ်လို့ စိတ်ကူးတောင်ထည့်လို့ မရဘူး။ အမိန့်မနာခံတာမျိုး မဟုတ်ဘဲ မှားပြီး မရပ်မိရင်တောင် အပြစ်ပေးခံရတယ်။ အနည်းဆုံး ဘောလုံးကွင်း တစ်ပတ်တော့ ပြေးပေဦးတော့။

ဒီတော့ ဘဘပြောချင်တာက တပ်မတော်ဟာ စည်းကမ်း အလွန်တင်းကျပ်တဲ့ အဖွဲ့အစည်းပါ။ ထင်ရာလုပ်လို့ မရပါဘူး။ စစ်သည်တွေအားလုံး စည်းကမ်း ကောင်းကြရပါတယ်။ ဖောက်တဲ့လူတော့ ရှိမှာပေါ့လေ။ နောက်ပြီး အထက်ကပေးတဲ့ အမိန့်အတိုင်း လုပ်ကြရသူတွေပါ။ ဒါလောက်ဆိုရင် သားတို့ မေးခွန်းအတွက် ပြည့်စုံပြီလို့ ထင်ပါတယ်။ သားတို့လည်း ကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Voice : ကျွန်တော်တို့ တိုင်းပြည်မှာ စစ်အစိုးရ အုပ်ချုပ်တဲ့ ကာလတစ်လျှောက်လုံး လာဘ်စားမှုက တော်တော်လေး ဆိုးရွားခဲ့တယ်။ ကွယ်လွန်သူ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းက လာဘ်စားမှု တိုက်ဖျက်ရေးကို လုပ်ဆောင်ခဲ့တယ်။ မအောင်မြင်ခဲ့ဘူး။ ဝန်ကြီးဌာန တော်တော်များများမှာ ဒီနေ့အထိ လာဘ်စားမှုနဲ့ ပတ်သက်ပြီး စာကပ်ထားတယ်။ ဒါပေမဲ့ အဲဒီစာတွေကို ဘယ်ဝန်ထမ်းကမှ အလေးမထားကြဘူး။ အဘကိုယ်တိုင် ဝန်ကြီးဌာန အကြီးအကဲ လုပ်ခဲ့တော့ ဝန်ထမ်းတွေ အကျင့်ပျက် ခြစားမှုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းလို့ ရမလဲ။

UTK : သားတို့က ဘဘကို အထင်တကြီးနဲ့ ဝန်ထမ်းတွေ အကျင့်ပျက် ခြစားမှုများကို ဘယ်လိုကိုင်တွယ် ဖြေရှင်းလို့ရမလဲလို့ မေးတယ်။ ဘဘကတော့ ကျွန်တော်မျိုးလည်း မလျှောက်တတ်တော့ဘူးလို့ပဲ ဖြေရမယ် ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငွေတို့၊ မိန်းမတို့၊ အရက်တို့ဆိုတာ သည်းခြေကြိုက်တဲ့ အစာတွေ။ လူတိုင်းလိုချင် တပ်မက်ကြတယ်။ ထိန်းသိမ်းနိုင်တဲ့လူ သူတော်ကောင်းတွေကသာ ထွေးထုတ်လိုက်တဲ့ တံတွေးလို ရွံရှာတယ်။ တပ်မက်မှု လုံးဝမရှိကြတော့ဘူး။ မကောင်းမှုလို့ သဘောထားပြီး ရှောင်ရှားကြတယ်။ ဒါပေမဲ့ လူအများစုကတော့ ပုထုဇဉ် လူသားတွေပီပီ မရှောင်နိုင်ရုံတင် မဟုတ်ဘူး မရရအောင် လိုက်ရှာကြတယ်။ လူရှေ့သူရှေ့မှာ ဣနြေ္ဒဆောင်နေပေမယ့် ဆိတ်ကွယ်ရာ နေရာမှာတော့ ငမ်းငမ်းတက် မြိန်ရည်ရှက်ရည် ဟန်တောင် မဆောင်နိုင်ကြဘူး။

"တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တောင်းဆိုချက်များ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အကယ်၍ ဆန့်ကျင်နေလျှင်လည်း ပြင်ဆင်ပြီး လိုက်လျောရမယ်။ ဒါပေမဲ့ အခြေခံဥပဒေပုဒ်မ ၅၉(စ) လို ဟာမျိုးကတော့ ကမ္ဘာတည်သရွေ့ ရှိနေရမယ့် ပုဒ်မဖြစ်တယ်"

ဒီတော့ အကျင့်ပျက် ခြစားမှုကို ဖြေရှင်းဖို့နည်းလမ်းက ရှာဖို့သိပ်လွယ်မယ် မထင်ဘူး။ ဘဘအထင် ပြောရရင်တော့ ဘဘတို့ မြန်မာလူမျိုးတွေရဲ့စရိုက်၊ မြန်မာတွေရဲ့ ယဉ်ကျေးမှုကိုက လက်ဆောင် ပေးကမ်းတဲ့ အလေ့အထ သိပ်များတယ်။ ဘယ်သွားသွား၊ ဘာလုပ်လုပ် လက်ဆောင် ပစ္စည်းလေးတော့ ပါရတယ်။ လက်ချည်းဗလာ သွားလေ့ မရှိဘူး။ ရှေးတုန်းကတော့ လူတွေကလည်း ဆင်းရဲတော့ ချစ်ခင်ရိုသေ လေးစားတဲ့အနေနဲ့ ခြံထွက် ငှက်ပျောခိုင်တို့၊ စားဆီတို့၊ ကြက်သွန်တို့၊ မြေပဲဆန်တို့ကို လက်ဆောင် ယူသွားကြတယ်။ အဖိုးက သိပ်မတန်တော့ လာဘ်ပေးတဲ့သဘော သိပ်မသက်ရောက်ဘူးပေါ့။ အခုနောက်ပိုင်းကျတော့ လူတွေကလည်း ချမ်းသာလာတယ်။ လက်ဆောင် ယူသွားတဲ့ ပစ္စည်းတွေကလည်း တန်ဖိုးကြီးကြီးတွေ။ ခင်မင်မှုထက် အခွင့်အရေးကို မျှော်ကိုးပြီး ပေးကြတော့ လာဘ်ပေးလာဘ်ယူ ဖြစ်သွားတယ်။ ပေးတဲ့ လူကလည်း ‘ထောင်မြင်ရာစွန့်’ ဆိုသလို ရမယ့် အခွင့်အရေး များရင်များသလို တန်ဖိုးအလွန်ကြီးမားတဲ့ စိန်တို့၊ မော်တော်ကားတို့ ပေးတယ်။ ရတဲ့လူကလည်း တန်ဖိုးကြီးလေ သဘောကျလေဆိုတော့ ဘဘတို့ရဲ့ မြန်မာနိုင်ငံမှာ လာဘ်ပေးလာဘ်ယူ ကိစ္စ အကျင့်ပျက် ခြစားမှုကိစ္စတွေ ပျောက်ဖို့ ဆိုတာကတော့ သိပ်မလွယ်ဘူး ထင်တယ်။ အခုအချိန်မှာတော့ သိကြားမင်း ဆင်းရှင်းရင်တောင် ရမှာမဟုတ်ဘူးလို့ ဘဘ ယူဆတယ်။ အဲ ဇက်ရဲလက်ရဲ ဘီလူးစီးသလို ပြောင်ပြောင်တင်းတင်း လုပ်ကြတဲ့ လာဘ်ပေးလာဘ်ယူ ကိစ္စမျိုးကိုတော့ ပျောက်သွားအောင် လုပ်နိုင်မှာပါ။ နောက် အခုထက် လျော့နည်း သွားအောင်လည်း လုပ်နိုင်မယ် ထင်ပါတယ်။ ပေးသူ၊ ယူသူ နှစ်ဦးသဘောတူ တိတ်တဆိတ် အပေးအယူ မျိုးကိုတော့ လုံးဝပြတ်သွားအောင် အချိန်အများကြီး ယူရဦးမှာပါ။ ၁၀ နှစ်ကြာမလား၊ ၁၅ နှစ်များ ကြာမလားတောင် မသိပါဘူး။ လူတွေအားလုံး အကြောက်တရားရော၊ အသိတရားပါ သိရှိနားလည်လာတဲ့ အချိန်ကျမှ ပျောက်သလောက် ဖြစ်သွားမှာ ဖြစ်တယ်။

မှားသလား၊ မှန်သလားတော့ မသိဘူး။ ဘဘ ကုန်သွယ်ရေးဝန်ကြီး ဘဝတုန်းက အရာရှိ အားလုံးကို ခန်းမကြီး တစ်ခုထဲမှာ ခေါ်ပြောတယ်။ လာဘ်ပေး လာဘ်ယူကိစ္စ ပပျောက်ရေး မဟုတ်ဘူး။ လျော့နည်းရေး ကိစ္စပါ။ အလွန်နာမည်ကြီးနေတဲ့ ကုန်သွယ်ရေး ဝန်ထမ်းတွေကို လာဘ်မယူဖို့ ဘယ်လိုမှ ပြောလို့ရမှာ မဟုတ်ဘူး။ ဒါကြောင့် ကိုယ်လုပ်ရမယ့် လုပ်ငန်းတွေကို ချက်ချင်း လုပ်ကြလို့။ တစ်နာရီနဲ့ ပြီးမယ့်အလုပ်ကို တစ်နာရီအတွင်း ပြီးအောင် လုပ်ပေးဖို့၊ လာဘ်လာဘ မရမချင်း အချိန်ဆွဲထားတာမျိုး၊ စီးပွားရေး လုပ်ငန်းရှင်တွေကို တစ်ခေါက်နဲ့ ပြီးမယ့်ကိစ္စ၊ နှစ်ခေါက်၊ သုံးခေါက် လာကြရတာမျိုး မဖြစ်ရအောင် စေတနာထား လုပ်ပေးကြဖို့၊ ကုန်သည်တွေဆီက လာဘ်လာဘ မျှော်ကိုးပြီး လုပ်ငန်း နှေးအောင် မလုပ်ကြဖို့။ အဲဒီလို ညစ်ပတ်တဲ့ လုပ်ဆောင်မှုမျိုး တွေ့လာရင် ထိထိရောက်ရောက် အရေးယူမည် ဖြစ်ကြောင်း၊ မိမိတို့က စေတနာအပြည့်နဲ့ ချက်ချင်း မြန်မြန် ဆောင်ရွက်ပေးလိုက်လို့ စေတနာ တုံ့ပြန်တဲ့ သဘောမျိုး ပေးလာရင် ဘာဖြစ်ဖြစ် ယူနိုင်ကြောင်း၊ နောက်ဆုံး မော်တော်ကား ပေးရင်တောင် ယူခွင့်ပြုကြောင်း ပွင့်ပွင့်လင်းလင်း ရှင်းပြခဲ့တယ်။

ဒါက ဆုပေးဒဏ်ပေး စနစ်ပါ။ နောက်ဝန်ထမ်းတွေ အသိတရား တိုးပွားလာအောင် ပညာပေးဟော ပြောမှုတွေ၊ စိတ်ပျော်ရွှင်အောင် ပျော်ပွဲရွှင်ပွဲတွေ၊ သက်သာချောင်ချိရေးကိစ္စ (ကျိုက်ထီးရိုး၊ ပုဂံ၊ မန္တလေးမြို့တွေသို့ ဘုရားဖူးပို့တာ၊ နေ့လယ်စာကို ဈေးချိုချိုနဲ့ စီစဉ်ပေးတာ၊ သွားလာမှု အဆင်ပြေစေဖို့နဲ့ ငွေကုန်ကြေးကျ နည်းပါးစေဖို့ ပို့/ကြိုယာဉ်များ စီစဉ်ပေးတာ) တွေ ဆောင်ရွက်ပေးတာတွေ အထူးကိစ္စရပ် တစ်ခုအဖြစ် သတ်မှတ် လုပ်ဆောင်ပေးခဲ့တယ်။

ဘဘရဲ့လုပ်ဆောင်ချက်က ဘယ်လောက် အောင်မြင်တယ်၊ လာဘ်ပေးလာဘ်ယူမှု ဘယ်လောက် ကျဆင်းသွားသလဲတော့ မသိဘူး။ စီးပွားရေး လုပ်ငန်းရှင်တွေတော့ အတော်ပျော်သွား ကြတယ်လို့ သိခဲ့ရတယ်။

သားတို့က စစ်အစိုးရ အုပ်ချုပ်တဲ့ကာလ တစ်လျှောက်လုံး လာဘ်စားမှုက တော်တော်လေး ဆိုးရွားခဲ့တယ်လို့ ပြောတယ်။ မှန်ပါတယ်။ ကိုယ်တွေ့ပါ။ ဘဘပြုတ်လို့ ဝင်ဒါမီယာအိမ်က ဆင်းလာခဲ့ရတယ်။ ဘဘနေမယ့် အိမ်လေးမှာ မီတာက ပျက်နေတယ်။ မီးကို လမ်းမီးလိုင်းက တိုက်ရိုက် ချိတ်ထားတယ်။ ဖုန်းဆက်ဖို့ မလိုဘူး၊ မျက်စ ပစ်လိုက်ရင်တောင် မီတာ လာတပ်ပေးမယ့်ခေတ် ဖြစ်ခဲ့ပေမယ့် တပည့်တွေက ဘာမှလုပ်မထားဘူး။ ရာသီဥတုကလည်း ပူတဲ့အချိန် မီးမရှိရင် ဘယ်လိုမှနေနိုင်မှာ မဟုတ်တော့ မီတာအသစ် တပ်ဆင်ပေးဖို့ အောက်ခြေမှာ ညှိရတယ်။ တရားဝင် မတင်ရဲဘူး။ တင်လိုက်လို့ ဆွဲထားပြီး လိုင်းလေး လာဖြုတ်သွားရင် ဒုက္ခ။ ဒါကြောင့် အောက်ခြေနဲ့ ညှိရတာ။ အောက်ခြေက မီတာအတွက် ငွေခြောက်သိန်းခွဲ တောင်းတယ်။ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့် ပေးဖို့တဲ့။ ဒါ ဘဘပြုတ်တာ လပိုင်းပဲ ရှိသေးတယ်။ ဘယ်လောက် ဇက်ရဲလက်ရဲ နိုင်သလဲကြည့်။ နောက်တော့ ကြံရာမသိတော့လို့ ဗိုလ်ချုပ်ခင်ညွှန့်ဆီ စာရေးလိုက်တယ်။ အဲဒီတုန်းက ကိုခင်ညွှန့်က မပြုတ်သေးဘူး။ ကိုခင်ညွှန့်ကလည်း ချက်ချင်းအလကား လာတပ် ပေးသွားတယ်။ ဒါက ရန်ကုန်ကိစ္စ။ နောက်မန္တလေးက ဖြစ်စဉ်လေးတစ်ခု ထပ်ပြောပါဦးမယ်။ မန္တလေးက ဘဘသမီးရဲ့ မြေကွက်တစ်ကွက်၊ ဂရန် ရှိပြီးသား။
ဒါပေမဲ့ ဘဘတို့ပြုတ်တော့ ထောက်လှမ်းရေးက ဂရန်ရော စာရွက်စာတမ်းတွေပါ အကုန်သိမ်းသွားတယ်။ အမှုကိစ္စ ပြီးပြတ်သွားပေမယ့် ဒီစာရွက်စာတမ်းတွေ တစ်ခုမှ ပြန်မလာတော့ဘူး။ ဒီတော့ ဂရန် ပြန်လျှောက်ရတယ်။ ဂရန် ပြန်ထုတ်ပေးဖို့ လာဘ်ငွေ သိန်းရာကျော် တောင်းတယ်။ မြေက သိန်းလေးရာလောက်ပဲ တန်မှာပါ။ အဲဒီ လာဘ်တောင်းတဲ့ ဝန်ထမ်းက ဘဘ မန္တလေးတိုင်းမှူး ဘဝက မြေကွက် ရထားခဲ့တဲ့ လူလားတော့ မသိဘူး။ ဘဘကိုတော့ ကောင်းကောင်း သိမှာပါ။ ဘဘနဲ့ ပတ်သက်တဲ့ ကိစ္စကိုတောင် အလွတ်မပေးဘူး။ လာဘ်ကတော့ တောင်းတာပါပဲ။
အခု ဘဘကတော့ ဘာမှမလုပ်တော့ဘူး။ ဒါကြောင့် လာဘ်ပေးစရာလည်း မလိုဘူး။ ဒါပေမဲ့ သမီးတွေကတော့ လုပ်ငန်း အဆင်ပြေအောင် ပေးနေရတုန်း၊ ကမ်းနေရတုန်းဆိုတာ ဘဘ သိပါတယ်။ ဘဘကိုတော့ ဒေါသဖြစ်မှာစိုးလို့ အသိမပေးကြဘူး။

ကဲ သားတို့ရဲ့ ဒုတိယမေးခွန်းကို ဖြေပြီးပြီ။ သားတို့ တစ်ခုသိစေချင်တာက သားတို့က စစ်အစိုးရ လက်ထက်မှာ လာဘ်စားမှုတွေ အလွန်များတယ်လို့ ပြောတယ်။ တကယ်တော့ စစ်အစိုးရ မတိုင်မီ အစိုးရများဖြစ်တဲ့ တော်လှန်ရေးကောင်စီ အစိုးရတို့၊ လမ်းစဉ်ပါတီ အစိုးရတို့၊ ဖဆပလ အစိုးရတို့ ခေတ်မှာလည်း ဒီလာဘ်စားမှုတွေက အများကြီးပါ။ ဖဆပလ ခေတ်ကဆိုရင် သွင်းကုန်လိုင်စင် (Import Licence) ရဖို့ ဖဆပလ အမတ်တွေဆီ ကပ်ရတယ်။ လာဘ်ထိုးရတယ်။ ကိုယ်တိုင် မဟုတ်ပေမယ့် ကိုယ်တွေ့ပါ။ ဘယ်ခေတ်မှာဖြစ်ဖြစ် လာဘ်စားမှုဆိုတာ ရှိနေမှာပါပဲ။ ပျောက်အောင် ဘယ်သူမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။ လျော့နည်းရုံလောက်သာ လုပ်နိုင်မှာပါ။ လျော့နည်း သွားတယ်ဆိုရင်ပဲ ဝမ်းသာကြရမှာပါ။ လျော့နည်း သွားပါစေလို့လည်း ဆုတောင်း ပေးနေပါတယ်။

Voice : အဘ ပထမစာအုပ်ထွက်တော့ ပရိသတ် တော်တော်လေး စိတ်ဝင်စားခဲ့တယ်။ ဒုတိယစာအုပ်က ပထမစာအုပ်နဲ့ တော်တော်လေးကြာမှ ထွက်လာတယ်။ ကြာသွားတဲ့ အကြောင်းရင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယူဖတ်လို့ ကြာသွားတာလို့ အပြင်မှာ ပြောဆိုကြတယ်။ ဒီနေ့ခေတ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပေါ် အဘ အမြင်လေးကို သိချင်ပါတယ်။

UTK : သားတို့ ဘယ်လို ကြားကြသလဲတော့ မသိဘူး။ ဘဘတော့ လုံးဝမကြားမိပါဘူး။ နားကြားမှားတာ ဖြစ်ပါလိမ့်မယ်။ ဗိုလ်ချုပ်သန်းရွှေက အလွန် တန်ခိုးအာဏာ အရှိန်အဝါ ကြီးမားနေတဲ့ ပုဂ္ဂိုလ်ကြီးပါ။ ဘဘရဲ့ စာအုပ်လောက်တော့ သိပ်ဂရုစိုက်မယ် မထင်ပါဘူး။ ဒါလောက် သေးသိမ်တဲ့ အလုပ်ကို လုပ်မှာ မဟုတ်ပါဘူး။ တစ်ခုတော့ ရှိတာပေါ့လေ။ ယူဖတ်ကြည့်တယ်၊ မပြီးသေးလို့ ဆုံးအောင် မဖတ်နိုင်လို့ ပြန်မချတာကို အောက်ကလူတွေက မမေးဝံ့တော့ ထုတ်ဝေခွင့် မပေးရဲတာ ဖြစ်မယ်ထင်ပါတယ်။ လူတွေက ကိုယ့်မထိရင်ပြီးရော ဘယ်သူဘာဖြစ်ဖြစ် ကိုယ်လုပ်ရမယ့် အလုပ်ကို မလုပ်ရဲကြဘူး။ ထစ်ခနဲရှိ အထက်ကိုပဲ တင်တယ်။ နေရာတကာ အထက်တင်နေရင် ကိုယ့်ရဲ့လုပ်ပိုင်ခွင့်လည်း ပျောက်သွားမယ်။ ကိုယ်ကိုယ်တိုင် စာရေးကြီးအဆင့် ဖြစ်သွားတော့တာပဲ။ တိုင်းပြည်လည်း ဘယ်တော့မှ တိုးတက်တော့မှာ မဟုတ်တော့ဘူး။ ဘဘကတော့ လုပ်ရဲကိုင်ရဲတဲ့လူ ပြတ်ပြတ်သားသား လုပ်တတ်တဲ့သူပဲ ကြိုက်တယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပေါ် အမြင်ကတော့ ဘဘတော့ ပြောစရာ မရှိပါဘူး။ ဒီနေ့ ရေးနေကြတဲ့ စာရေးဆရာတွေ၊ ထွက်လိုက်တဲ့ စာအုပ်တွေ အများကြီးပါ။ ဖတ်လို့တောင် မကုန်နိုင်ဘူး။ ရှာဖတ်ကြည့်ပေါ့။ အဲနည်းနည်းလောက် အမြည်းသဘောနဲ့ ပြောရရင်တော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ရိုးသားတဲ့ တောင်သူလယ်သမား ဆင်းရဲသား မိသားစုက ဆင်းသက်လာတယ်။ ငယ်ငယ်က ဆင်းဆင်းရဲရဲနဲ့ နေထိုင်ခဲ့ရတယ်။ နောက် တပ်မတော်ထဲ ရောက်တော့လည်း လူအထင်ကြီး မခံရဘူး။ သူကလည်း လူအထင်ကြီးအောင် မနေတတ်ဘူး။ ရိုးရိုးအေးအေးပဲ နေထိုင်တယ်။ အပျော်အပါးဆိုတာ ဘာမှမရှိဘူး။
အချိန်ပြည့် အလုပ်ထဲ မြှုပ်ထားတယ်။ နေ့ရယ်၊ ညရယ် သိပ်မရှိဘူး။ အလုပ်ရှိရင် မအိပ်မနေ လုပ်တယ်။ အရေးကြီးရင် တစ်ညလုံးမအိပ်ဘဲ ထိုင်နေတတ်တယ်။ ဆေးလိပ် မသောက်ဘူး။ အရက် မသောက်ဘူး။ ကွမ်းနည်းနည်း စားတယ်။ စကားကို စဉ်းစဉ်းစားစား အေးအေးဆေးဆေး ပြောတတ်တယ်။ အားရင်တော့ ကြက်တောင် ရိုက်တယ်။ စစ်တုရင် ထိုးတယ်။ တရုတ် သိုင်းကား ကြည့်တယ်။ ဘာလုပ်လုပ် မိုးအလင်းပဲ။ ထူးလည်း ထူးချွန်တယ်။
အဲဒီလို အလွန်အကျွံ ကြက်တောင်ရိုက်၊ စစ်တုရင်ထိုး၊ တရုတ်သိုင်းကား ကြည့်လို့လားတော့ မသိဘူး။ သူ့ရဲ့ ရိုးရိုးအေးအေး၊ မာန်မာနကင်းကင်းနဲ့ နေတတ်တဲ့ ငယ်ငယ်က အကျင့်တွေ တဖြည်းဖြည်း လျော့လာတယ် ထင်ရတယ်။ နည်းနည်းတော့ အမူအကျင့်တွေ ပြောင်းသွားတယ် ထင်တယ်။ ရာထူး အရှိန်အဝါ သြဇာအာဏာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ ဘဘနဲ့ နေခဲ့စဉ်က သူ့အပေါ် ဘဘရဲ့ အမြင်ကတော့ ဒါလောက်ပါပဲ။ ကျန်တာတွေတော့ သူ့အကြောင်း သားတို့ကိုယ်တိုင် ရှာကြည့်ကြပေါ့။

Voice : ဦးသိန်းစိန်အစိုးရ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးရဖို့ ကြိုးစားနေတာလည်း အဘအမြင်ပဲ။ တိုင်းပြည်ငြိမ်းချမ်းသာယာဖို့ ဘယ်သူ့မှာ တာဝန်ရှိသလဲလို့ အဘထင်မြင်လဲ။

UTK : ဒီကိစ္စက အတော်ကျယ်ပြန့်တယ်။ ပဋိပက္ခ ဖြစ်နေတဲ့ အဖွဲ့နှစ်ဖွဲ့ကြား (အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ) ဘယ်သူမှန်တယ်။ ဘယ်သူ မှားတယ်ဆိုတာ ပြောဖို့မလွယ်ပါဘူး။ ကိုယ့်ဘက်ကသာ မှန်တယ်၊ တခြားဘက်က မှားတယ်လို့ အမြဲဆုပ်ကိုင်ထားတော့ ညှိရတာ မလွယ်တော့ဘူးပေါ့။ တကယ်တော့ အမှားအမှန်ဆိုတာ နှစ်ဖက်လုံးမှာ ရှိကြမှာပါပဲ။ အနည်းနဲ့ အများသာ ကွာမယ်။ ဒီတော့ ငြိမ်းချမ်းရေး လိုချင်ရင် နှစ်ဖက်လုံး အနည်းငယ်စီလျှော့ပြီး တွေ့ဆုံဆွေးနွေးမှု လုပ်ရမယ်။ များများတွေ့လေ ကောင်းလေပါပဲ။ လူချင်းလည်း တွေ့ဖန်များတော့ ပိုမိုရင်းနှီးလာမယ်။ သဘောထားချင်း မတိုက်ဆိုင်တာတွေကို ရင်းနှီးမှု အခြေခံနဲ့ ပြေလည်အောင် ညှိကြရမယ်။ ကြိမ်ဖန်များစွာ ညှိရင်းညှိရင်းနဲ့ နောက်ဆုံး ပြေလည်မှု ရသွားမယ်လို့ ထင်ပါတယ်။

ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ နှစ်ဖက်လုံး သဘောထား ရိုးရမယ်။ ကလိမ်ကညစ်၊ မရိုးမသားမှုတွေ မလုပ်ရဘူး။ ဆွေးနွေးပွဲ စားပွဲဝိုင်းကို နိုင်ငံရေး အမြတ်ထုတ်ဖို့ ရည်ရွယ်ချက်နဲ့ တက်လာတာမျိုး မဖြစ်ရဘူး။ စစ်ရေး၊ နိုင်ငံရေးမလှလို့၊ အခြေအနေ မကောင်းလို့ အသက်ရှူချောင်အောင် လာဆွေးနွေးတာမျိုး မဖြစ်ရဘူး။ ဆွေးနွေးပွဲ ကာလအတွင်း လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခြင်း၊ နယ်မြေ တိုးချဲ့ခြင်းများ မလုပ်ရဘူး။ ဆွေးနွေးပွဲ စည်းကမ်း သတ်မှတ်ချက်တွေကို တိတိကျကျ လိုက်နာရမယ်။ ဒါမှ ဆွေးနွေးပွဲ အောင်မြင်မှာ ဖြစ်တယ်။

အခုတက်ရောက်လာကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ အတွင်းသဘောထားတော့ မသိဘူး။ ၁၉၆၃ ခုနှစ်က ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ သဘောထားနှင့် ဆုံးဖြတ်ချက်တွေဟာ အတော့်ကို ကောက်ကျစ်တာ တွေ့ခဲ့ရတယ်။ သဘောထား မရိုးဖြောင့်တာတွေ ထင်ထင်ရှားရှား တွေ့မြင်ရတယ်။ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ သဘောထားကို သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ စာမျက်နှာ ၇ နဲ့ ၈ မှာ အောက်ပါအတိုင်း ဖော်ပြထားတာ တွေ့ရတယ်။

‘တကယ့်ငြိမ်းချမ်းရေးတော့ ဖြစ်မှာမဟုတ်ဘူး။ စစ်အစိုးရရဲ့ နိုင်ငံရေး လှည့်စားချက်ပဲ ဖြစ်တယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အမြတ်ရအောင် အစိုးရနဲ့ ဆွေးနွေးသင့်တယ်’
‘အခု ဗမာပြည် စစ်အစိုးရရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက် အကြောင်းပြုပြီးတော့ ရဲဘော်အောင်ကြီးနဲ့ ရဲဘော်တင်ရှိန်တို့ကို ဗမာပြည်မှာရှိတဲ့ ဗဟိုဌာနချုပ်ကို ပြန်လွှတ်မယ်။ ဒီလို ဗမာပြည်ကို ပြန်လွှတ်တာဟာ ဗမာပြည်ငြိမ်းချမ်းရေး ကိစ္စအတွက် ပြန်လွှတ်တာ မဟုတ်ဘူး။ ဗမာပြည်မှာရှိတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ ဌာနချုပ်ကို အဆက်အသွယ် ပြန်ရအောင်လွှတ်တာ ဖြစ်တယ်။ ဒါပေမဲ့ အပြင်ဆက်သွယ်ရေးတွေ မှာတော့ ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ပြန်လာတယ် ဆိုတာမျိုး ဖြစ်စေရမယ်။ ဒီမှာ အထူးလေးနက်ဖို့လိုတဲ့ ရပ်တည်မှုကတော့ အခုစစ်အစိုးရက ငြိမ်းချမ်းရေး ခေါ်တယ်ဆိုတာဟာ တကယ်ကတော့ ဆိတ်ခေါင်းကို ချိတ်ပြီး ခွေးသားရောင်းတယ် ဆိုတာကို နားလည်ဖို့ပဲ ဓနရှင်အစိုးရတွေနဲ့ ပတ်သက်ရင် အမြဲတမ်း လက်ဦးမှု ရှိအောင် လုပ်ထားရမယ်။ အသင့်ပြင်ထားရမယ်။ သတိကို လုံးဝမပေါ့ရဘူး။ ဓားဓားချင်း၊ လှံလှံချင်း ရင်ဆိုင်တတ်ဖို့ လိုတယ်။ အရေးကြီးဆုံးကတော့ အခု ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိစ္စမှာ စစ်အစိုးရရဲ့ မျက်ခုံးမွေးပေါ် စင်္ကြံလျှောက်နိုင်ဖို့ လိုတယ်’

အဲဒီလို မရိုးသားတဲ့စိတ်၊ မိမိပါတီ အမြတ်ရရေးအတွက် ဆောင်ရွက်မယ်ဆိုတဲ့ သဘောထားနဲ့ ဆွေးနွေးပွဲ တက်လာတာ ဆိုရင်တော့ ဘယ်လိုမှ ဆွေးနွေးပွဲ အောင်မြင်မှာ မဟုတ်ဘူး။ ၁၉၆၃ ခုနှစ် ဆွေးနွေးပွဲ ပျက်သွားရတယ်လေ။ ဒါအလွန်မြင်သာတဲ့ အဖြစ်အပျက်ကြီး၊ အလွန်နှမြောစရာကောင်းတဲ့ ဖြစ်ရပ်ကြီးပေါ့။ ဒါကို သင်ခန်းစာယူကြဖို့ လိုပါတယ်။
ဒီတော့ တိုင်းပြည်ငြိမ်းချမ်းသာယာဖို့ ဘယ်သူ့မှာ တာဝန်ရှိလဲလို့ သားရဲ့အမေးကို ဖြေရရင် အစိုးရရော၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရော အဓိက တာဝန်ရှိတယ်။ မြန်မာပြည်သူပြည်သား အားလုံးမှာလည်း အထိုက်အလျောက်တော့ တာဝန်ရှိတယ်။

ကြုံတုန်း ဘဘပြောချင်တာကတော့ -
နိုင်ငံတော်အစိုးရက အစ်ကိုကြီး ဖြစ်တယ်။ ဒါကြောင့် သဘောထားကြီးရမယ်။ စိတ်ရှည်ရမယ်။ ပြည်ထောင်စု ပြိုကွဲနိုင်တာမျိုး မဟုတ်ရင် အားလုံးလိုက်လျောရမယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ လူလုပ်တာ ဖြစ်တယ်။ လူတွေ ရေးဆွဲတာ ဖြစ်တယ်။ အခြေအနေ အချိန်အခါနဲ့ မကိုက်ညီတော့ဘူးဆိုရင် ပြင်ကိုပြင်ရမယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တောင်းဆိုချက်များ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အကယ်၍ ဆန့်ကျင်နေလျှင်လည်း ပြင်ဆင်ပြီး လိုက်လျောရမယ်။ ဒါပေမဲ့ အခြေခံဥပဒေပုဒ်မ ၅၉(စ) လို ဟာမျိုးကတော့ ကမ္ဘာတည်သရွေ့ ရှိနေရမယ့် ပုဒ်မဖြစ်တယ်၊ ဘယ်လိုမှ ပြင်လို့မရပါဘူး။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကလည်း တိုင်းပြည်ကွဲလို့ မဖြစ်ဘူး၊ အချို့ လူဦးရေ အလွန်နည်းပြီး ဘယ်လိုမှ လူမျိုးစု တစ်ခုတည်း မနေနိုင်ဘူး၊ ရပ်တည်နိုင်မှာ မဟုတ်ဘူး။

လူဦးရေ အတော်အတန် များပြားသော လူမျိုးစုများကလည်း အစ်ကိုကြီး မဟုတ်သော်လည်း အစ်ကို လတ်တွေဖြစ်လို့ ဒီပြည်ထောင်စုကြီး မပြိုကွဲရအောင် ထိန်းသိမ်းဖို့ တာဝန်ရှိတယ်။ ကိုယ့်ပြည်နယ်မှာလည်း တခြားလူမျိုးစုငယ်တွေက အများအပြား၊ သူတို့ကလည်း ခွဲထွက်ချင်တယ်ပြောရင် ဘယ်လိုလုပ်မလဲ။
ဒီနေ့ ဆွေးနွေးပွဲမှာ ဦးဆောင်နေကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်တချို့ကို လေးစားတယ်။ ယုံကြည်တယ်။ ပြည်ထောင်စုစိတ်ဓာတ် ရှိတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး ရနိုင်တယ်လို့ ဘဘထင်ပါတယ်။
အားလုံးကို ဘဘ တိုက်တွန်းချင်တာကတော့ အဖွဲ့အားလုံး ညှိမရရင် ညှိရတဲ့အဖွဲ့တွေပဲ ဆွေးနွေးပွဲ အောင်မြင်အောင် လုပ်ကြဖို့ပါ။ ကျန်တဲ့ အဖွဲ့တွေကိုတော့ နောက်မှ ငြိမ်းချမ်းရေး ရပြီးဖြစ်တဲ့ တိုင်းရင်းသား ခေါင်းဆောင်များနဲ့ အစိုးရအဖွဲ့တို့ ညှိနှိုင်း ဆောင်ရွက်သွားသင့်ပါတယ်။ စောစောငြိမ်းချမ်းရေးရရင် တိုင်းပြည်စောစော တိုးတက်မှာ ဖြစ်တယ်။ ပြည်သူလူထုတွေ စိတ်ချမ်းသာမှု စောစောရရှိခံစားရမှာ ဖြစ်တယ်။ အားလုံး ကြိုးစားကြဖို့ ထပ်လောင်း မေတ္တာရပ်ခံပါတယ်။

Voice : KIA နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲက အောင်မြင်ပါ့မလား။ ဘဘကိုယ်တိုင် ကချင်ပြည်နယ်မှာ နေထိုင်ခဲ့တော့ ကချင်အကြောင်းလည်း သိခဲ့မှာပေါ့။ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ငြိမ်းချမ်းရေးက ရှေ့ဘယ်လို ဆက်ဖြစ်နိုင်မလဲ။

UTK : KIA နဲ့ ငြိမ်းချမ်းရေးကိစ္စ သိပ်လွယ်မယ် မထင်ဘူး။ အကယ်၍ ငြိမ်းချမ်းရေး ရသွားခဲ့ရင်တောင် ကချင်ပြည်နယ် အတွင်းမှာ ပြဿနာတွေ ပေါ်ဦးမှာပဲ။ အတော်ရင်လေးစရာ ကောင်းတယ်။ ဘဘ ကချင်ပြည်နယ်မှာ ခြောက်နှစ်လောက် နေဖူးတယ်။ ကချင်ပြည်နယ်အကြောင်း ကောင်းကောင်း သိတယ်။ KIA ရဲ့ သမိုင်းကြောင်းလည်း အတော် လေ့လာဖူးတယ်။

KIA ဟာ ၁၉၆၀ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ လားရှိုးငွေတိုက် ဖောက်ရာကစပြီး ပေါ်ပေါက်လာခဲ့တယ်။ ၁၉၆၁ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့မှာ လွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံတော်ဘာသာ ကိစ္စနဲ့ တရုတ်-မြန်မာ နယ်နိမိတ် သတ်မှတ်ရာမှာ ဖီမော်၊ ဂေါ်လန်၊ ကန်ဖန်ဒေသကို တရုတ်ပြည်ကို ပေးလိုက်ရတဲ့ အကြောင်းတွေကြောင့် ချက်ချင်း ကြီးထွားလာခဲ့တယ်။ ၁၉၆၅ ခုနှစ်လောက်မှာ အင်အား ငါးထောင်လောက်အထိ ဖြစ်ပေါ်လာခဲ့တယ်။ ၁၉၆၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်အတွင်း ကျောက်စိမ်းဒေသကို ဝင်ရောက်စိုးမိုး ချုပ်ကိုင်နိုင်ခဲ့လို့ စီးပွားရေးပါ တောင့်တင်းလာခဲ့တယ်။ ဒါပေမဲ့ အစိုးရက ဖိဖိစီးစီး KIA ချေမှုန်းရေး စစ်ဆင်ရေးကြီးများ လုပ်ခဲ့လို့ KIA အင်အားလေးထောင်ခန့် ပြုန်းတီးသွားတယ်။ KIA ဌာနချုပ်လည်း တစ်ဖက်နိုင်ငံကို ထွက်ပြေး ပြောင်းရွှေ့သွားခဲ့ရတယ်။ ၁၉၇၂ ခုနှစ်မှာတော့ ဗကပနဲ့ စစ်ရေးပဋိပက္ခ ဖြစ်ပြီး အကျပ်အတည်းတွေ့လို့ ယာယီ အတိုက်အခိုက်ရပ်စဲဖို့ အစိုးရကို ချဉ်းကပ်လာခဲ့တယ်။ အဲဒီကိစ္စ ညှိနှိုင်းနေဆဲမှာပဲ မိမိအတွင်းပိုင်း ထိုးဖောက်မှုတွေ၊ စစ်ရေး လှုပ်ရှားမှုတွေ လုပ်တဲ့အတွက် ညှိနှိုင်းမှု ရပ်ခဲ့ရတယ်။

၁၉၈၀ ပြည့်နှစ် သြဂုတ်လ ၂၅ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်ကာလ ကုန်ဆုံးပေမယ့် နိုင်ငံတော်အစိုးရက သဘောထားကြီးကြီးနဲ့ ၁၉၈၁ ခုနှစ် မေလ ၂၅ ရက်နေ့အထိ ကချင်သောင်းကျန်းသူ ခေါင်းဆောင် မရန်ဘရန်ဆိုင်း ဦးဆောင်တဲ့အဖွဲ့နဲ့ ငါးကြိမ်တိုင်တိုင် တွေ့ဆုံ ဆွေးနွေးခဲ့တယ်။ ဒါပေမဲ့ ကချင်သောင်းကျန်းသူတွေရဲ့ မရိုးဖြောင့်တဲ့ ရည်ရွယ်ချက်၊ ဆွေးနွေးပွဲ ကာလအတွင်း လုပ်ဆောင်ချက်တွေကြောင့် ဆွေးနွေးပွဲ ရပ်ဆိုင်းခဲ့ရတယ်။ သူတို့ရဲ့ လုပ်ရပ်တွေက ဘဘရဲ့ နှစ် ၅၀ ကျော် ကိုယ်တွေ့များ စာမျက်နှာ ၁၄၄ မှာ ဖော်ပြထားပါတယ်။ ရှည်နေမှာစိုးလို့ ထပ်မပြောတော့ပါဘူး။

ဒီတော့ ဘဘတို့ ကေအိုင်အေနဲ့ သုံးကြိမ် ဆွေးနွေးပြီးပြီ။ ဆွေးနွေးပွဲ တက်ရောက်လာတဲ့ သူတို့ရဲ့ ရည်ရွယ်ချက်ကလည်း မကောင်းဘူး။ ဒီကြားထဲ ဆွေးနွေးပွဲ ကာလအတွင်း လုပ်ဆောင်ချက်များကလည်း လုံးဝမရိုးသားဘူး။ ဒါအရင်က သူတို့အင်အား မတောင့်တင်းသေးတဲ့ အချိန်က လုပ်ရပ်တွေ။ ယခု KIA က ဘဘတို့နေတဲ့ အချိန်ကနဲ့ လုံးဝမတူ၊ ငွေအင်အား၊ လူအင်အား၊ လက်နက်ခဲယမ်း အခြေအနေတွေက အတော်တောင့်တယ်။ ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းတွေက တစ်နှစ်တစ်နှစ် ရတဲ့ငွေက ပြောရင်တောင် ယုံမှာမဟုတ်ဘူး။ သစ်တောတွေလည်း ကုန်ပြီ။ ကုန်သလောက် ပိုက်ဆံတွေလည်း ရလိုက်ပြီ။ ဘဘတို့ အစိုးရက ခုတ်ယူ ရောင်းချတယ်လို့တော့ ပြောတာပဲ။ တကယ်တော့ ကေအိုင်အေတွေ စိုးမိုးထားတဲ့ မိမိတပ်တွေ လုံးဝမရောက်တဲ့ တရုတ်နယ်စပ်က သစ်တွေပါ။ ဓာတ်ပုံတွေထဲမှာ တွေ့မြင်ရတဲ့ ကေအိုင်အေကိုင်တဲ့ လက်နက်၊ ဝတ်တဲ့အဝတ်အစား၊ လုပ်တဲ့ဆွေးနွေးပွဲ၊ ဖွင့်တဲ့ သင်တန်းကျောင်းတွေကြည့်ရင် ကောင်းကောင်း သိနိုင်ပါတယ်။ ဟိုတုန်းက အကျပ်အတည်းတွေ့လို့ အသက်ရှူပေါက် ချောင်အောင် ငြိမ်းချမ်းရေး ဆွေးနွေးတယ်။ အခုတော့ အင်အားကလည်းတောင့်၊ ဘဘတို့ရဲ့ သမ္မတကြီးကလည်း အလွန်သဘောကောင်း၊ အလွန်စိတ်ရင်း စေတနာ ကောင်းလွန်းတော့ အတော်မြင့်နေတာ တွေ့ရတယ်။ ဒီအထဲ အခြေအနေလည်း မသိ၊ ကေအိုင်အေရဲ့ သမိုင်းကြောင်းကိုလည်း နားမလည်တဲ့သူတွေက ချီးကျူးထောမနာ ပြုလိုက်ကြတာ။ တိုင်းပြည်အတွက် ဘာတစ်ခုမှ လုပ်မပေးခဲ့ဖူးတဲ့ ကေအိုင်အေ သင်တန်းသားတွေအတွက် ပန်းခွေချရ၊ အလေးပြုရ၊ ဝမ်းနည်းကြောင်း သဝဏ်လွှာတွေပို့ရ၊ ဘဘတို့ရဲ့ ခေါင်းဖြတ်အသတ်ခံရတဲ့ ဗိုလ်ဇော်မျိုးထက်လေး အတွက်တော့ တုတ်တုတ်မှတောင် မလှုပ်ကြဘူး။ ပြောရရင် ဆုံးမှာလည်း မဟုတ်ဘူး။ အတော်ဝမ်းနည်းစရာ ကောင်းပါတယ်။

ဒီလိုပြောလို့ KIA က တပ်မတော်ထက် အင်အား သာလွန်တောင့်တင်းတယ်လို့ ပြောတာ မဟုတ်ဘူးနော်။ KIA ကို သိပ်အထင်ကြီးသွားဦးမယ်။ တပ်မတော်နဲ့ ယှဉ်ရင် ဆင်နဲ့ဆိတ်လေး သာသာပါ။ ကိုယ့်သွေးရင်းသားရင်း ညီအစ်ကို အရင်းတွေမို့ စိတ်ရှည်ရှည်နဲ့ ဘဘတို့ရဲ့ လူကြီးတွေက ငြိမ်းချမ်းရေး မရရအောင် လုပ်နေကြတာပါ။ ဘဘ သိသလောက် လူငယ်တွေရဲ့ သဘောသာဆိုရင် ပြတ်လောက်ပါပြီ။ နှစ်ဖက်လုံး သေကျေပျက်စီးမှုလည်း နည်းမှာတော့ မဟုတ်ဘူး။

ဒါကြောင့် ဘဘကတော့ ငြိမ်းချမ်းရေး ရစေချင်တယ်။ KIA ခေါင်းဆောင်တွေ နားလည်စေချင်တယ်။ ဗမာ့တပ်မတော် အနေနဲ့ အားလုံးပြတ်သွားအောင် လုပ်နိုင်မှာတော့ မဟုတ်ပါဘူး။ KIA တော့ ကချင်ပြည်နယ်က ပျောက်ကွယ်သွားမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဓားပြ အဖွဲ့လောက်သာ အင်အားရှိတဲ့ အဖွဲ့ငယ်လေးလောက်သာ ကျန်မှာပါ။ စောစော ငြိမ်းချမ်းရေးရရင် ကချင်ပြည်နယ်လူထု စောစောသာယာမှု ရကြမှာပါ။

အွန်လိုင်းဝဏ
- See more at: http://thevoicemyanmar.com/index.php/article/item/5801-dty3#sthash.Ws99ejvv.dpuf

No comments:

Post a Comment