ဗိုလ်ချုပ်မှူးကြီး
စောမောင်ဆီကနေ ဒုတိယ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အာဏာသိမ်းပြီးတဲ့နောက်
ကာလ ဖြစ်ပါတယ်။ တိုင်းပြည် အုပ်ချုပ် မင်းလုပ်နေသူတွေ
နှစ်ယောက်ပေါင်းလို့မှ ဆယ်တန်း မအောင်ဘူးလို့ အတိုက်အခံတွေက
ဟားတိုက်နေချိန်လဲ ဖြစ်ပါတယ်။ အဲဒီ အကျိုးဆက်ကတော့ ပညာရေး ၀န်ကြီးဌာနအောက်က
တက္ကသိုလ်တွေ ကောလိပ်တွေမှာ သက်သာချောင်ချိရေး အတွက်ဆိုပြီး လက်မှတ်ရ
သင်တန်းတွေ၊ ဒီပလိုမာ သင်တန်းတွေ ဒလဟောဖွင့်ပြီး ဘွဲ့တွေကို ဖောဖောသီသီ
ပေးတော့တာပါပဲ။ နောက်ပိုင်းမှာ မဟာဘွဲ့ သင်တန်းတွေ၊ ပါရဂူ သင်တန်းတွေပါ
မည်သူမဆိုနီးပါး တက်နိုင်အောင်လုပ်ပြီး အစိုးရ အရာရှိတွေကို
ဘာဘွဲ့ညာဘွဲ့တွေ ယူခိုင်းတော့တယ်။
အဲဒီကာလမှာ လူကြိုက်များတာကတော့
နိုင်ငံခြားဘာသာ သိပံ္ပကနေ နိုင်ငံခြားဘာသာ တက္ကသိုလ်ဖြစ်သွားတဲ့ UFLက
နိုင်ငံခြားဘာသာစကား သင်တန်းတွေ၊ စီးပွားရေး တက္ကသိုလ်က ဖွင့်တဲ့ စီးပွားရေး
လုပ်ငန်း စီမံခန့်ခွဲမှု မဟာဘွဲ့နဲ့ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု မဟာဘွဲ့
သင်တန်းတွေ၊ ဥပဒေဋ္ဌာနက ဖွင့်တဲ့ ဥပဒေဆိုင်ရာ ဒီပလိုမာ သင်တန်းတွေဖြစ်တယ်။
အရင်ခေတ်က ဘီအေ၊ ဘီအက်စ်စီလောက်နဲ့ ပညာရေး လမ်းဆုံးနေတဲ့ သူတွေအတွက်လည်း
အမြီးရှည်အောင် သင်တန်းတွေ တက်ခွင့်ရလာကြတယ်။ သင်တန်းတွေကလဲ ပုံမှန်
သင်တန်းဆိုရင် သင်တန်းကြေးက တစ်ခု၊ ကိုယ့်ဟာကိုယ် ပိုက်ဆံပေါလို့
လာတက်ချင်သူတွေ အတွက် ညနေပိုင်း သင်တန်းဆိုပြီး သင်တန်းကြေးက တစ်ခုနဲ့
ပညာရေး ၀န်ကြီးဋ္ဌာနလည်း စီးပွားတွေ ဖြစ်ခဲ့တဲ့ ကာလပေါ့ဗျာ။
ထုံးစံအတိုင်း သူများထက် သာချင်တဲ့ သမီးတော်တွေကလည်း သာမန်ဘွဲ့လောက်နဲ့
ဘယ်တင်းတိမ်မှာလဲ။ မဟာဘွဲ့သင်တန်း တက်တဲ့သူကတက်၊ နိုင်င်ငံခြားဘာသာ သင်တန်း
တက်တဲ့သူက တက်နဲ့ပေါ့။ ဖြစ်သင့်တာက သူတို့တွေ ပညာရေး လောကထဲ ၀င်မရှုပ်အောင်
ရန်ကုန် တက္ကသိုလ်ကနေ ဟုတ်တာ မဟုတ်တာ အပထား ဘာဂုဏ်ထူးဆောင်ဘွဲ့၊
ညာဂုဏ်ထူးဆောင်ဘွဲ့တွေဆိုပြီး ပေးပစ်ရမှာ။ အဲဒီခေတ်က ပညာရေး ၀န်ကြီးတွေက
ညံ့တော့ ဒီလိုစိတ်ကူးမျိုး မရှိခဲ့လေတော့ သမီးတော်တွေခမျာ တက္ကသိုလ်တွေမှာ
တက်ရတော့တာပေါ့။ ခပ်ဆိုးဆိုး သမီးတော် တစ်ယောက်ကတော့ နိုင်ငံခြားဘာသာ
တက္ကသိုလ်မှာ တရုတ်ဘာသာ စကား သင်တန်းတက်ဖို့ ရွေးချယ်လိုက်ပါတယ်။ အဲဒီ
တက္ကသိုလ်က ပါမောက္ခချုပ်တို့ ပါမောက္ခတို့ နိမိတ်ကြီးလေးပါး အိပ်မက်တဲ့
ကာလပေါ့။
သမီးတော်တွေက သူတို့ အဖေ ဘုရင်ဖြစ်တဲ့အတွက် သူတို့လည်း
ဘွဲ့တွေ ရှည်ရမယ် ဆိုတာလောက်ပဲ စိတ်ကူးရှိတာ၊ အတတ်ပညာကို တကယ်သင်ချင်
တတ်ချင်တာမှ မဟုတ်တာ။ ကြားဖြတ် ပြောရရင် သမီးတော်တွေ စိတ်ကူးပေါက်ပြီး
ဘိလိယက်ထိုးတာ သင်ကြသေးတယ်။ အောင်ဆန်းကွင်းက ဘိလိယက် အဖွဲ့ချုပ်မှာ
စည်စည်ကားကားနဲ့ပေါ့။ နှစ်ရက်လောက်လဲ အထိုးသင်ပြီးရော ဘိလိယက်ထိုးတာ
အတော်ခက်တာပဲဆိုပြီး ဘယ်သူမှ ပေါ်မလာကြတော့ဘူး။ ပြောရရင်ဖြင့် ဘိလိယက်
ထိုးတာလဲ ဖခမည်းတော် ဘုရင်ဖြစ်လို့ အလိုလို တတ်စေသတည်း ဖြစ်ချင် နေပုံပါပဲ။
သမီးတော်ကြီးကတော့ ပထ၀ီဘာသာနဲ့ မဟာဘွဲ့ တက်ပါတယ်။ ဒုတိယ သမီးတော်ကတော့
အဲဒီအချိန်က အလွန်ခေတ်စားပြီး ဖက်ရှင် တစ်ခုလို ဖြစ်နေတဲ့
စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှု ပညာ မဟာဘွဲ့ (MBZ) တက်ပါတယ်။ ဒုတိယ
အငယ်ဆုံး သမီးတော်ကတော့ နိုင်ငံခြားဘာသာ တက္ကသိုလ်မှာ တရုတ်ဘာသာ
သင်တန်းတက်ပါတယ်။ ကျန်တဲ့သူတွေကတော့ ဘယ်သို့ဘယ်ပုံ ရှိတယ် မသိဘူး။
နိုင်ငံခြားဘာသာ တက္ကသိုလ်မှာ စာမေးပွဲတွေလဲ ဖြေပြီးရော အဲဒီ
မြို့နယ်ကိုကိုင်တဲ့ ထောက်လှမ်းရေး ဆွယ်မှူးက ခေါင်းကိုမြွေပေါက်တဲ့ကိန်း
ဆိုက်ပါတော့တယ်။ သမီးတော် ကြိုးစားပမ်းစား ဖြေထားတဲ့ စာမေးပွဲရဲ့ ရမှတ်က
၁၆မှတ်ပဲ ဖြစ်နေလို့ပါ။ ဒါကလည်း သမီးတော်တွေ အရည်အချင်းကို အဲဒီဆွယ်မှူးက
သိနေတော့ အဖြေလွှာတွေ စစ်ကတဲက ထောက်လှမ်းရေးတို့ အာဏာနဲ့ သိအောင်လုပ်ထားလို့
ဖြစ်ပါတယ်။ ညနေမှာတော့ ထုံးစံအတိုင်း ထောက်လှမ်းရေး အစီရင်ခံစာထဲမှာ
သမီးတော် ၁၆မှတ်သာရကြောင်း ပါသွားတာပေါ့။ အဲဒီအစီရင်ခံစာက အထက်ကိုလဲ
ရောက်ရော အဲဒီနယ်မြေက ထောက်လှမ်းရေး အရာရှိ တစ်ယောက်က ပါမောက္ခတွေနဲ့ရော
ပါချုပ်နဲ့ပါ တွေ့ဆုံပြီး ဆွေးနွေးပွဲတစ်ခု လုပ်ပါတယ်။ ထူးဆန်းစွာနဲ့
အောင်စာရင်း ထွက်လာချိန်မှာ သမီးတော်က အဲဒီဘာသာမှာ ရမှတ် ၆၁မှတ်
ဖြစ်သွားပါတော့တယ်။ မော်ဒရေးရှင်းတွေ ဘာတွေမလိုဘဲ လွတ်လွတ်ကျွတ်ကျွတ်ကို
အောင်သွားတာ ဖြစ်ပါတယ်။ ထောက်လှမ်းရေးက အဲဒီလောက် စွမ်းလို့လဲ
နောက်ပိုင်းမှာ အာဏာရှင်ကြီး ကိုယ်တိုင်က ကြောက်ပြီး အမြစ်ကစ လှန်ပစ်ခဲ့တာ
ဖြစ်တယ်။
ဒါနဲ့တင် ဇာတ်လမ်းက ပြီးမသွားပါဘူး။ နိုင်ငံခြားဘာသာ
တက္ကသိုလ်က တရုတ်ဘာသာနဲ့ ဒီပလိုမာ ရသွားရော သမီးတော်က ရှန်ဟဲက
နိုင်ငံခြားဘာသာ တက္ကသိုလ်မှာ တရုတ်ဘာသာနဲ့ ဘွဲ့ယူချင်တယ် ဖြစ်ပါလေရော။
ဒီသမီးတော်က နိုင်ငံခြားရေး ၀န်ကြီးဌာနကဆိုတော့ တရုတ်နိုင်ငံက
မြန်မာသံရုံးကို ပြောင်းရွှေ့မိန့်ထုတ်။ ပြီးမှရှန်ဟဲ တက္ကသိုလ်မှာ
ကျောင်းတက်စေပေါ့။ ရှန်ဟဲမှာ နေရေးထိုင်ရေး အဆင်ပြေစေဖို့ ဘိန်းဘုရင်ရဲ့
မိသားစုဝင် အရင်းအချာ တစ်ယောက်က သမီးတော်ကို ရှန်ဟဲမှာ တိုက်တစ်လုံး
ဝယ်ပြီး လက်ဆောင် ပေးလိုက်ပါတယ်။ ဒီလူမျိုးခြား စီးပွားရေးသမားတွေက
တိုင်းရင်းသား စစ်စစ်တွေထက် ဘာကြောင့် အခွင့်ထူးတွေ ရနေသလဲဆိုတာ ဒါက
အဖြေပါပဲ။ နေစရာရှိပေမဲ့ သမီးတော်အတွက် သုံးဖို့စွဲဖို့ လိုသေးတော့
တရုတ်သံရုံးမှာရှိတဲ့ နိုင်ငံခြား ငွေတွေကို အကုန်သုံးပစ်ပါတော့တယ်။
သံအမတ်ကြီးကလည်း ဘာလုပ်ရမှန်မသိ ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး ဆီကို
အကြောင်းကြားရတော့တာပေါ့။ နိုင်ငံခြားရေး ၀န်ကြီးက အဲဒီလိုသုံးလို့
မရကြောင်း သမီးတော်ကို ရှင်းပြလိုက်တဲ့အတွက် သမီးတော်ရဲ့
အမျက်တော်ရှခြင်းကို ခံရပြီး ဘာမှ မဟုတ်တဲ့ အကြောင်းနဲ့ ဒီနိုင်ငံခြားရေး
ဝန်ကြီးဟာ ထောင်ထဲမှာ အသက်ပါ ဆုံးခဲ့ရပါတယ်။ သမီးတော်လဲ ရှန်ဟဲမှာ
ကဲချင်တိုင်းကဲပြီး ဘာဘွဲ့၊ ဘာဒီပလိုမာမှ မရဘဲ ကျောင်းက ထွက်လိုက်ရပါတယ်။
တရုတ်ဆရာတွေက မြန်မာဆရာတွေလို အလိုက်မှ မသိတာကိုးဗျ။ ဒါပေမဲ့
ရန်ကုန်နိုင်ငံခြား ဘာသာ တက္ကသိုလ်မှာတော့ သမီးတော်ရဲ့ အဖြေလွှာက ၁၆မှတ်ကနေ
၆၁မှတ်ဖြစ်သွားတာကို အတွင်းသိတွေက အခုထိပြောပြီး ရယ်နေကြလေရဲ့။
လက်စောင်းထက်
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, December 17, 2014
၁၆မှတ်ကနေ ၆၁မှတ်နဲ့ စာမေးပွဲအောင်တဲ့ သမီးတော် (သမီးတော် ရာဇ၀င် - ၂၁) -
၁၆မှတ်ကနေ ၆၁မှတ်နဲ့ စာမေးပွဲအောင်တဲ့ သမီးတော် (သမီးတော် ရာဇ၀င် - ၂၁) -
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 17, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 17, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment