နည်းပညာမြင့် ကားတွေ ပေါ်လာတဲ့ ခေတ်ကြီးမှာ ကားတွေက မောင်းရတာ ပိုလွယ်
လာသလို ယာဉ်မောင်းကို အာရုံ ထွေပြားစေမယ့် ပစ္စည်း ကိရိယာတွေ ကလည်း ကားထဲမှာ
ပေါများလှ ပါတယ်။
အော်တို ဂီယာခေတ် ထွန်းကား လာတဲ့နောက် စီယာတိုင်
ကိုင်တတ်၊ လီဘာ နင်းတတ်၊ ဘရိတ် နင်းတတ်ရုံ နဲ့ ကားတက်မောင်း နေသူတွေ
ရှိလာပါတယ်။ ဘယ်ဘက်လက် က ဖုန်းတကိုင်ကိုင် နဲ့ မျက်လုံးက GPS ကို
ကြည့်နေပြီး နားက သီချင်းကို အကျယ်ကြီး ဖွင့်နားထောင် နေကြတဲ့ သူတို့ ဟာ
အဲယားကွန်း ဖွင့်ထားလို့ ဆိုပြီး မှန်ကိုလည်း အလုံတင်ပြီး ပိတ်ထား
ပါသေးတယ်။ သူတို့ရဲ့ နား၊မျက်စိ၊ အာရုံတွေဟာ ကားထဲမှာလည်း မရှိ
လမ်းပေါ်မှာလည်း မရှိပါဘူး။ လမ်းတွေ ကလည်း ကောင်းသည်ထက် ကောင်းအောင်
ပြုပြင်ထားတော့ ဖြူးအိနေတဲ့ လမ်းပေါ်မှာ တင်းဖောင်းနေတဲ့ တာယာပြားကြီး တွေက
အားကောင်း လှတဲ့ အင်ဂျင် တွန်းအားကြောင့် ရွှီးခနဲ၊ ဝှစ်ခနဲ သွားနေ
ကြပုံများ သဘောကျ စရာ ကောင်းသလို စိုးရိမ် စရာလည်း ကောင်းနေ ပါတယ်။
အနောက်နိုင်ငံ
တွေမှာတော့ GPS ကိုအားကိုးလို့ တစ်ဖက်ပိတ် လမ်းထဲ ဝင်သွားကြ သူတွေ၊
တံတားမရှိတဲ့ မြစ်ကမ်းပါး ရောက်သွား သူတွေ တဖြည်းဖြည်း များလာ ပါတယ်။ Apple
ရဲ့ Maps Application ဟာ လုံးဝကြီး စိတ်မချ ရသလို စမတ်ဖုန်း တက်ဘလက် GPS
တွေကလည်း အလွဲလွဲ အချော်ချော် ပြခဲ့ကြတဲ့ အကြိမ်ရေတွေ မနည်းလှ ပါဘူး။
နည်းပညာ အားကိုး လာကြတဲ့ နောက်ပိုင်း ကားမောင်း စွမ်းရည် ကျဆင်း လာသလို
ယာဉ်၊ စက်၊ လမ်းအကြောင်း ဗဟုသုတ လည်း နည်းပါး လာကြပြီး လူသား သဘာဝ
လမ်းကြောင်း ရှာဖွေမှတ်သား နည်းကိုလည်း ပျိုးထောင် လေ့ကျင့် ကြတာမျိုး
မရှိသလောက် နည်းပါး လာပြီဖြစ်တဲ့ အတွက် နည်းပညာ မှမရှိရင် လူငယ်တွေဟာ
ကြောင်စီစီ နဲ့ ရပ်နေကြမယ့် အခြေအနေ ကို ရောက်ရှိနေ ပါတယ်။
ကားထုတ်လုပ်
သူတွေက ပါဝါ စီယာတိုင် တပ်ပေး ကြတယ်။ အလိုအလျောက် အရှိန်ချိန်ညှိ
မောင်းနှင် ပေးတဲ့ ခရူဇာ တပ်ပေး ကြတယ်။ မိုးစိုစို၊ နှင်းရွှဲရွှဲ၊
ဖုန်ကပ်ကပ်၊ ရွှံ့လူးလူး ကျွီခနဲ မိမယ့် ဘရိတ်မျိုး တပ်ပေး ကြတယ်၊ ဒါ့ပြင်
ဘရိတ် နင်းလိုက် တဲ့အခါ ကားဘယ်၊ ညာ လူးမသွားအောင်၊ တစ်ပတ်လည် မသွားအောင်
အီလက်ထရွန်းနစ် တည်ငြိမ်မှု ထိန်းစနစ်ပါ ထည့်ပေးလိုက် သေးတယ်။ ကားဒက်ရှ်ဘုတ်
ဆိုတာကလည်း လေယာဉ်ပျံ တစ်စင်းရဲ့ ထိန်းချုပ်ခန်း လောက်နီးနီး ခလုတ်နဲ့
ဒိုင်ခွက် မျိုးစုံပါတယ်။ အင်ဂျင် ဆိုတာကလည်း Aero dynamic စနစ်ကို
သုံးထားတာ ဖြစ်တဲ့အတွက် လီဗာကို တို့ထိ လိုက်ရုံနဲ့ ကားက ရွှီခနဲပဲ။
ထိုင်ခုံ ကလည်း ဇိမ်ခံထိုင်ခုံ ဆိုတော့ အခု နောက်ပိုင်း ထုတ်လိုက်တဲ့
ကားတွေဟာ တစ်ချိန်က အာကာသ ယာဉ်တွေ ထက်တောင် ပို အဆင့်မြင့်ပြီး ဇိမ်ခံလို့
ကောင်းနေတာ အမှန်ပါပဲ။
ဒါပေမဲ့ အာကာသယာဉ် တွေက တစ်စင်းတည်း လဟာပြင်
ထဲကို သွားတာပါ။ ကားတွေ ကတော့ အခြား မော်တော်ယာဉ် တွေ၊ လူတွေ ဥဒဟို
သွားလာနေတဲ့ လမ်းတွေပေါ်ကို သွားရတာပါ။ ဒီကားတွေက လမ်းပေါ်လည်း အန္တရာယ်
ကင်းအောင်တော့ လုပ်ပေး ပါတယ်။ ရှေ့ကား၊ နောက်ကား အကွာအဝေး၊ အရှိန်
ထိန်းချုပ်မှု၊ အလိုအလျောက် ဘရိတ်စနစ်၊ ယာဉ်မောင်း အိပ်ငိုက်ရင် အချက်ပေး
စနစ်တွေနဲ့ နည်းပညာ က လုပ်စရာ ရှိတာ အကုန်လုပ် ပေးထား ပါတယ်။ ဒါပေမဲ့
လူတွေက နည်းပညာ ပေါ် အားကိုးလွန်း လာတဲ့အတွက် ကားရဲ့ ရှေ့- နောက် ဘေး ဝဲ -
ယာတွေမှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာကို လေ့လာမှု အားနည်း လာပါတယ်။
ကောင်လေးတွေ
ကားပေါ်မှာ ကောင်မလေး ပါလာရင် ကုန်ရောပဲ။ မိန်းကလေးများ ကလည်း
နောက်ကြည့်မှန် ပေါ်မှာ ဘာတွေ ချိတ်ထားမှန်း မသိ၊ နောက်ကို ကောင်းကောင်း
မမြင်ရသလို ဒက်ရှ်ဘုတ် ပေါ်မှာ အမွှေးပွ တဘက်၊ အဲဒီ အပေါ်မှာ ရေမွှေးပုလင်း၊
အရုပ်တွေ၊ သူတို့ရဲ့ လက်ကိုင်အိတ်၊ ဖုန်းနဲ့ အိမ်ပြန် ရောက်ရင် စားဖို့
မုန့်တွေ တင်ထား လိုက်ရင်များ ရှေ့လည်း မမြင်ရ၊ နောက်လည်း မမြင်ရ၊
ကားမှန်တွေကို စတစ်ကာ မည်းနေအောင် ကပ်ထားတော့ ဘေးလည်း မမြင်ရ၊ ဒီလိုလူ၊
ဒီလို ကားတွေ လမ်းပေါ်မှာ တဖြည်းဖြည်း များလာတဲ့ အတွက် ယာဉ်၊ လမ်း အန္တရာယ်
ဟာ တစ်နေ့တခြား တိုးလာ နေပါတယ်။
လေ့လာ သင်ယူမှု အားနည်းလာခြင်း
ကားဒက်ရှ်ဘုတ်
က ခလုတ်တွေ၊ ဒိုင်ခွက်တွေ အားလုံးကို ကြည့်နေရင်း ကားကို အန္တရာယ် ကင်းစွာ
မောင်းနှင်ဖို့ မဖြစ်နိုင် သလို ခရူဇာ ဖွင့်ထားပြီး ပြန်ဖြုတ်ဖို့
မေ့ကြလို့ အသည်းအသန် ဘရိတ်အုပ် ရပ်တန့်ရတဲ့ ကားတွေလည်း မနည်းလှ ပါဘူး။ GPS
ကြောင့် ဒုက္ခရောက် ကြတာ ပိုများပါတယ်။ ၂ဝဝ၈ ခုနှစ်မှာ UK သတင်းစာ The
Mirror က စစ်တမ်း ကောက်ယူခဲ့ ရာမှာ GPS ပြတဲ့နောက် လိုက်မောင်းပြီး
နောက်ကား၊ရှေ့ ကားကို သတိမထား မိဘဲ ရုတ်တရက် ချိုးကွေ့မိလို့ ယာဉ် မတော်တဆ
ဖြစ်ရသူ ဦးရေ ၁ ဒသမ ၅သန်း ရှိခဲ့ပါတယ်။ GPS မောင်းခိုင်းတိုင်း
လိုက်မောင်း မိလို့ တစ်ဖက်ပိတ် လမ်းတွေ၊ လမ်းကျဉ်းတွေ၊ တံတားမရှိ
မြစ်တွေကို ရောက်
သွားပြီး ခက်ခက်ခဲခဲ ပြန်လှည့် ရသူ ဦးရေဟာလည်း
သုံးသိန်းထက် မနည်း ရှိခဲ့ပါတယ်။ တစ်ခါ GPS အိမ်မှာ ကျန်ခဲ့လို့ ဖြစ်စေ၊
ဘက်ထရီအား ကုန်သွားလို့ ဖြစ်စေ အသုံးပြု မရတော့တဲ့ အခါ ယာဉ်မောင်း တွေဟာ
နေ့တိုင်းသွား နေကျလမ်း ကိုတောင် ဖြောင့်အောင် မသွားနိုင်ကြ တော့ပါဘူး။
ဂါထာတစ်ပုဒ်
ကို နေ့တိုင်း ကြည့်ဖတ်တဲ့ လူဟာ ကာလ ရှည်ကြာ လာလည်း အဲဒီ ဂါထာကို အလွတ်
မရွတ်နိုင် သလိုပါပဲ။ စာအုပ်ကိုပဲ အားကိုးတော့ ဦးနှောက်က လိုက်မမှတ်
တော့တာပါ။ ဒီလိုပါပဲ။ GPS ပြတဲ့ အတိုင်းပဲ လိုက်မောင်း နေတော့
ကိုယ်ကိုယ်တိုင် မောင်းရ တော့မယ် ဆိုရင် ကြောင်စီစီ ဖြစ်လာကြ ပြန်ပါတယ်။
ဦးနှောက်က မြို့ပြရဲ့ ပထဝီ မြေမျက်နှာ သွင်ပြင်နဲ့ လမ်း၊ အဆောက်အအုံ
အမှတ်အသား တွေကို မှတ်မထား တော့ပါဘူး။
နည်းပညာကို လွန်ကဲစွာ မှီခိုလျှင် ဦးနှောက် စွမ်းရည်ကျဆင်း
အထူးသဖြင့်
ဂြိုဟ်တုလမ်းပြ စနစ်အပေါ် မှီခိုလွန်း အားကြီး လာတော့ ဦးနှောက်ရဲ့ သဘာဝ
လမ်းကြောင်းရှာ၊ နေရာမှတ် စွမ်းရည်ကို သိသာစွာ ကျဆင်းစေ ပါတယ်။ လူတွေဟာ
သူတို့ သွားခဲ့တဲ့ နေရာကို ဘယ်လို ပြန်သွားရမယ် ဆိုတာ လမ်းမညွှန်
နိုင်ကြတော့ သလို အရင်လို မြေပုံလေး ဖတ်လိုက်၊ လူတွေကို မေးလိုက်နဲ့လည်း
ခရီး ရောက်အောင် မသွားတတ် ကြတော့ပါဘူး။ လူ့ခန္ဓာကိုယ် က လိုတာကိုပဲ
လုပ်ပါတယ်။ မသုံးတာ ကြာရင် အဲဒီ အင်္ဂါ အစိတ်အပိုင်း ကို ဦးနှောက်က လှုံ့ဆော်
ပေးမှုလည်း နည်းသွား ပါတယ်။ အရင်က မြေပုံညွှန်းတွေ ဖတ်၊ လူတွေကို မေးပြီး
သွားရလာရ တော့ ဦးနှောက်က သတင်း အချက်အလက် တွေကို လိုက်လံ မှတ်သား ရပါတယ်။
ဒီတော့ လူတွေ မှတ်ဉာဏ် ကောင်းနေကြ တာပေါ့။ အခု GPS က ပြောတာကို လိုက်မောင်း
နေရုံပဲ ဆိုတော့ မှတ်လည်း အပိုပဲလေ။ ယင်းကြောင့် မှတ်ဉာဏ်ပိုင်း တွေလည်း
အားနည်း လာကြသည်ကို ဂျာမနီနိုင်ငံ ဖရေးဘတ် တက္ကသိုလ် က သင်ယူ မှတ်သားခြင်း
ဆိုင်ရာ သုတေသီ တစ်ဦးက ပြောပြတယ်။
နည်းပညာကို အသုံးချပါ
အားကိုးမှု
လွန်ကဲတာမျိုး မဖြစ်ပါစေနဲ့။ ကားကုမ္ပဏီ တွေကတော့ ကားတွေကို ဒီထက်
ကောင်းအောင်၊ လူပို သက်သာအောင် ထုတ်လုပ် နေကြမှာပါ။ လူတွေကသာ နည်းပညာကို
လုံးဝကြီး အားမကိုးဘဲ ကိုယ်စွမ်းကိုယ်စ တွေကိုလည်း ထုတ်ဖော် အသုံးချလို့
အများ ပြည်သူသုံး လမ်းမကြီး တွေမှာ ကိုယ်တွေရော သူများတွေပါ ဘေးအန္တရာယ်
ကင်းစေနိုင်ဖို့ ဂရုပြု ဆောင်ရွက် သင့်တယ်လို့ လေ့လာရေးသား တင်ပြ
လိုက်ရပါတယ်။
#PyiChitThar
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment