Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 22, 2014

ဒွန်းစဏ္ဍား လုပ်ငန်း


“ညီမက မွေးခါစကတည်းက ဒီအလုပ် စလုပ်ခဲ့ရတာပါ” ဟု ပြောလာသူက ရန်ကုန်မြို့တော်၏ ဘတ်စ်ကားများပေါ်တွင် စာရွက်လေးများ လိုက်ဝေကာ ငွေကြေး တောင်းရမ်းနေသည့် အသက် ၁၄ နှစ်အရွယ် မနုနုအေး ဖြစ်သည်။ အရွယ်စုံ ပုံသဏ္ဌာန် အမျိုးမျိုးသော ဒွန်းစဏ္ဍားများက ရန်ကုန်မြို့တော်၏ လူစည်ကားရာလမ်းများ၊ ဘုရား၊ ဈေး၊ မော်တော်ကားနှင့် မီးရထားများပေါ်၌ပါ မကျန် ခြေချင်းထပ်လျက်။ ထိုအထဲတွင် မနုနုအေး တစ်ယောက် အပါအဝင်။


မနုနုအေး၏ မိခင်နှင့် ဖခင်သည် အနာကြီး ဝေဒနာသည်များ ထားရှိရာ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် မရမ်းချောင်ကျေးရွာမှ ဖြစ်သည်။ မိခင် ဖြစ်သူမှာ အရေပြား ရောဂါဝေဒနာသည် ဖြစ်ပြီး မနုနုအေးကို မွေးဖွားပြီးနောက် ကွယ်လွန်သွားခဲ့သည်။ ဖခင်ဖြစ်သူမှာလည်း ခြေထောက်တစ်ဖက် ပြတ်နေသည့် မသန်စွမ်းတစ်ဦး ဖြစ်ရာ ဇနီးသည် ဆုံးပြီးနောက် စားဝတ်နေရေး အခက်အခဲကြောင့် မနုနုအေး နှစ်လသမီးအရွယ်တွင် ရန်ကုန်မြို့တော်သို့ စွန့်စားထွက်ခွာ လာခဲ့သည်။ မနုနုအေး၏ ဖခင်သည် ရွှေပြည်သာမြို့နယ်တွင် နေထိုင်ပြီး တောင်းရမ်း စားသောက်ခြင်းဖြင့် အသက်မွေးခဲ့ရသည်။

ကမ္ဘာမီးလောင် သားကောင်ချ နင်းဆိုသည့်အလား စားဝတ်နေရေး ကျပ်တည်းလာမှုက မနုနုအေး နှစ်လသမီးအရွယ် လူမှန်းမသိခင်မှာပင် ဒွန်းစဏ္ဍားဘဝကို အလိုအလျောက် ကျရောက်စေခဲ့ပြီ။

မနုနုအေး၏ ဖခင်သည် နှစ်လသမီးအရွယ် မနုနုအေးကို ၎င်းနေထိုင်ရာ အနီးဝန်းကျင်ရှိ ဘဝတူ တောင်းရမ်း စားသောက်သူ အမျိုးသမီးများထံ တစ်ရက်လျှင် ငါးဆယ်ကျပ်ဖြင့် ငှားရမ်းခဲ့သည်။ မနုနုအေးဘဝတွင် ကံကောင်းမှုတစ်ခု ရှိခဲ့သည်။ ယင်းက မိခင်ကြီး၏ အနာကြီး ရောဂါသည် မနုနုအေးထံသို့ ကူးစက်ခဲ့ခြင်းမရှိဘဲ လူကောင်းပကတိ ရှိနေခြင်းပင်။

ရန်ကုန်မြို့တော်၏ တောင်းရမ်းစားသောက်သူ ဒွန်းစဏ္ဍားလောကတွင် အထိုင်သမားနှင့် လမ်းကြောင်းသမားဟူ၍ နှစ်ပိုင်းခွဲကာ လုပ်ကိုင်ကြသည်ဟု လူစည်ကားရာ ရန်ကုန်မြို့လယ် ဝန်းကျင်၌ ကျင်လည် ကျက်စားခွင့်ရသည့် ဒွန်းစဏ္ဍား အသိုင်းအဝိုင်းက ဆိုသည်။

ဘတ်စ်ကားများပေါ်တွင် လိုက်လံ တောင်းရမ်းသည့် လမ်းကြောင်းသမားများထဲတွင် မနုနုအေးတစ်ယောက် ပါဝင်သည်။ အသားညိုညို၊ သနပ်ခါးပါးကွက်ကျား အမြဲကွက်ထားပြီး လွယ်အိတ်တစ်လုံးကို အမြဲလွယ်ထားတတ်သည့် မနုနုအေးရုပ်သွင်က သာမန် အမျိုးသမီး ငယ်လေးအသွင်။ ရုတ်တရက် ကြည့်လျှင် တောင်းရမ်းသူ တစ်ယောက်ဟု မည်သူမျှ မသိနိုင်။

ဘတ်စ်ကားပေါ်၌ လုပ်ငန်း စတင်ချိန် လက်တွင်းမှ စာရွက်လေးများကို ကားစီးသူများထံ လိုက်လံဝေငှမှသာ မနုနုအေးကို တောင်းရမ်းသူမှန်း သိကြမည် ဖြစ်သည်။ ဘတ်စ်ကားများပေါ်တွင် မနုနုအေး လိုက်လံဝေငှသော စာရွက်လေးများထဲတွင် မနုနုအေး၏ နာမည်နှင့် သနားစရာ ဘဝဇာတ်လမ်းလေး ကွန်ပျူတာ စာစီထားသည်။ ယင်းစာရွက်လေးများကို မနုနုအေးတို့ ဒွန်းစဏ္ဍားအုပ်စု၏ ခေါင်းပေါင်း ဖြစ်သူက စီစဉ်ပေးထားခြင်း ဖြစ်သည်။

“တချို့ကျတော့ နာမည်အရင်း မဟုတ်သလို ဇာတ်လမ်းကလည်း တကယ့်အမှန်ချည်းတော့ ဘယ်ဟုတ်မလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ညီမတို့က တကယ်ဒုက္ခရောက်လို့ တောင်းရမ်းနေတာပါ။ ညီမဆို အဖေကလည်း အရင်လို လိုက်မတောင်းနိုင်တော့ဘူး။ အဖေ့ကို လုပ်ကျွေးနေရတာတော့ အမှန်ပါ” ဟု မနုနုအေးက ဖွင့်ဟသည်။

မနုနုအေးတို့လို လောကသားများတွင်လည်း သူ့နေရာ သူ့နယ်ပယ်အပိုင် စားရပ်ဝန်း သတ်မှတ်ချက်များ ရှိသည်။ တစ်နေရာနှင့် တစ်နေရာ လူမထပ်စေရန် နေရာခွဲချပေးသည့် စနစ်လည်း ရှိသည်။ ကြုံသလို ဝင်တောင်းရမ်း၍ မရ။

“တစ်ခါတစ်ခါ လမ်းကြောင်းတစ်ခုကို တစ်လလောက် သတ်မှတ်ပေးပါတယ်။ ညီမက ဒီတစ်လတော့ ဒီစော်ဘွားကြီးကုန်းကနေ ရှစ်မိုင်အတွင်း လမ်းကြောင်းပေါ့” ဟု မနုနုအေးက သူအပိုင်စားရာ ရပ်ဝန်းကို လှမ်းမျှော်ကြည့်လျက် ဆိုသည်။

ယင်းသို့ တောင်းရမ်းခွင့်ရ အပိုင်စား နယ်ပယ်များကို ဒွန်းစဏ္ဍားတို့ ခေါင်းပေါင်းဟုခေါ်သော ၎င်းတို့၏ ခေါင်းဆောင်က သတ်မှတ်ချထားပေးခြင်း ဖြစ်သည်။ တစ်နေ့တာ လုပ်ငန်းသိမ်းချိန် ညနေစောင်းပါက တောင်းရမ်းကြသူများသည် ၎င်းတို့၏ စုရပ်ဖြစ်သော ရန်ကုန်မြို့တော်အတွင်းရှိ ခုံးကျော် တံတားတစ်နေရာတွင် ခေါင်းပေါင်းထံသို့ လာရောက်ကာ တစ်နေ့တာ တောင်းရမ်း ရငွေများထဲမှ ဝေစုတစ်စု ပြန်အပ်ရလေ့ ရှိသည်။ ယင်းသို့ ခေါင်းပေါင်း၏ ဝေစုခွဲတမ်းပေးချေရာ၌ အချို့သည် တောင်းရမ်းခွင့်ရသည့် နေရာအလိုက် ရာခိုင်နှုန်းဖြင့် ပေးသူများ ရှိသကဲ့သို့ တစ်နေ့တာအတွက် ပုတ်ပြတ်နှုန်း ပေးသူများလည်း ရှိသည်ဟု ရန်ကုန်မြို့တော် အတွင်းရှိ ဒွန်းစဏ္ဍား အသိုင်းအဝိုင်းက ဆိုသည်။

မနုနုအေးကတော့ ၎င်း၏ ခေါင်းပေါင်းအတွက် ဝေစုကို ပုတ်ပြတ်နှုန်းဖြင့် တစ်နေ့ကျပ်နှစ်ထောင် ပေးရသည်။

“ခေါင်းပေါင်းကို ပေးတယ်ဆိုတာက သူကညီမတို့ မတတ်နိုင်တဲ့ တချို့ကိစ္စတွေကျ ကူရှင်းပေးမယ်။ တစ်ခါတစ်ခါ အဖမ်းခံရတာမျိုး ကျရင်လည်း သူလာရှင်းပေးတာ ရှိတယ်။ ပြီးတော့ သူတို့က လူမိုက်တွေဆိုတော့ ကြောက်ရတယ်” ဟု ခေါင်းပေါင်းကို ခွဲတမ်းပေးရခြင်းနှင့် ပတ်သက်၍ မနုနုအေးက ရှင်းပြသည်။

ခေါင်းပေါင်းများ၏ တောင်းရမ်းရမည့် လမ်းကြောင်းနှင့် နေရာများ သတ်မှတ်ပေးမှုကြောင့် တောင်းရမ်းရာ၌ နေရာနှင့် လမ်းကြောင်း လုယက်မှုမရှိဘဲ အဆင်ပြေနေခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့တော် အတွင်းရှိ တောင်းရမ်းသူများက ဆိုသည်။

ယင်းသို့ ရန်ကုန်မြို့တော် တောင်းရမ်းသူ နယ်ပယ်သည် ခေါင်းပေါင်းများ၏ သြဇာအောက်၌ တည်နေခြင်းက တောင်းရမ်းသူ တစ်ဦးတစ်ယောက် နယ်ပယ်သစ် တစ်ခုသို့ ထိုးဖောက် ပြောင်းလဲသွားရန် မလွယ်သည့် အချက်တစ်ချက်လည်း ဖြစ်သည်။

“ပြီးခဲ့တဲ့ တစ်လလောက်က ပုဇွန်တောင် ခုံးကျော်တံတားအောက်မှာ ကလေးလေး တစ်ယောက်ကို လူတစ်ယောက်က ပါးတွေ ရိုက်နေတာ တွေ့ဖူးတယ်။ အမြင်မတော်လို့ ကျွန်တော်တို့တွေ သွားပြောတော့ အဲ့ဒီလူက ထွက်ပြေးသွားတယ်” ဟု ခေါင်းပေါင်းနှင့် တောင်းရမ်းသူ ကလေးငယ်အကြား ဆက်ဆံမှုကို ကြုံခဲ့ဖူးသည့် ရန်ကုန်မြို့တော် ရေကျော် ရပ်ကွက်တွင် နေထိုင်သူ ကိုဖိုးကျားက ဆိုသည်။

ပုဇွန်တောင် ခုံးကျော်တံတား အောက်တွင် လူကြီးတစ်ဦးက ရိုက်နှက် ခံခဲ့ရသည်ဟု ဆိုသော ကလေးငယ်မှာ အဆိုပါ တံတား အနီးဝန်းကျင်တွင် တောင်းရမ်း စားသောက်နေသူ တစ်ဦးဖြစ်ကြောင်း အဆိုပါ ပုဇွန်တောင် မြို့နယ်အတွင်း နေထိုင်သူအချို့က ဆိုသည်။

“ကလေးက ဒီနားတစ်ဝိုက်မှာ လိုက်တောင်းစားနေတဲ့ ကလေး။ ဟိုလူက သူတို့ဆရာတဲ့၊ အဲ့ဒီလူကို နေ့ကြေး လာမပေးတာကြာလို့ အခုလို လာလုပ်တယ်လို့ ကလေးက ပြောတယ်” ဟု ကိုဖိုးကျားက ဖြည့်စွက်ဆိုသည်။

ခေါင်းပေါင်းများသည် တောင်းရမ်းသူများအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ် နေသူများ မဟုတ်ဘဲ ကာကွယ် ပေးနေသူများသာ ဖြစ်သည်ဟု ကျောက်တံတားနှင့် ဗိုလ်တထောင် မြို့နယ်အတွင်းရှိ တောင်းရမ်းသူများ၏ ခေါင်းပေါင်းအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ကိုဇော်လေးက ပြန်ရှင်းသည်။

ခေါင်းပေါင်းများသည် တောင်းရမ်းသူများအကြား ဖြစ်ပွားလေ့ရှိသည့် နေရာပြဿနာများနှင့် ၎င်းတို့၏ ကိစ္စအဝဝကို တာဝန်ယူ ဖြေရှင်းပေးနေရသူများ ဖြစ်ပြီး အချို့ နယ်ကျော် တောင်းရမ်းသူများကြောင့် ပြဿနာ များကိုလည်း အကြမ်းနည်းသုံး၍ ဖြေရှင်းပေးရမှုများ ရှိသည်ဟု ကိုဇော်လေးက ဆိုသည်။ ရန်ကုန်မြို့တော်အတွင်း၌ တောင်းရမ်းသူ အဖွဲ့ပေါင်း အနည်းဆုံး ငါးဖွဲ့ခန့် ရှိပြီး မြို့နယ်များအလိုက် ခေါင်းပေါင်းများရှိရာ ၎င်းတို့ အချင်းချင်းကြား၌ ညှိနှိုင်းမှု၊ နားလည်မှုများ ရှိသည်ဟု ၎င်းက ထုတ်ဖော်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ မြေပြင်စာရင်း ကောက်ယူမှုအရ ရန်ကုန်မြို့တော် တောင်းရမ်း စားသောက်သူ ဦးရေ ၂၄၀၀ ကျော်ရှိပြီး ထိုအထဲတွင် သက်ကြီးရွယ်အို ပါဝင်မှုနှုန်းမှာ ၈ ရာခိုင်နှုန်းခန့် ပါဝင်နေသည်ဟု ထုတ်ပြန်ထားသည်။

ကိုဇော်လေး တစ်ယောက်ကတော့ တောင်းရမ်းမှုဖြင့် အသက်မွေးသူ ၂၄၀၀ ကျော်ရှိသော ဒွန်းစဏ္ဍားလုပ်ငန်းမှ အောင်နိုင်သော စွန့်ခွာခြင်းဖြင့် ကျောခိုင်းနိုင်ခဲ့ပြီ ဖြစ်သည်။ ကိုဇော်လေးသည် ယခုအခါ တောင်းရမ်းစားသည့် အလုပ်ကို စွန့်လွှတ်၍ ဘုရင့်နောင် မြို့နယ်တွင် ကိုယ်ပိုင်ဂါလီ နှစ်စင်းခန့် ပိုင်ဆိုင်ကာ ကိုယ်တိုင်လည်း ဂါလီနင်းလျက် ဘဝကို ပြောင်းလဲ ရပ်တည်နေပြီ ဖြစ်သည်။

ဒွန်းစဏ္ဍား ခေါင်းပေါင်း ဆိုသူများသည် တောင်းရမ်းသူများအကြား နေရာခွဲဝေပေးခြင်းသာမက တောင်းရမ်းမှု အထောက်အကူ ပြုပစ္စည်းနှင့် ကိစ္စရပ် များတွင်လည်း လိုက်ပါ စီစဉ်ပေးရသူများ ဖြစ်သည်။ ခေါင်းပေါင်းများ၏ လုပ်ငန်း ဆောင်တာများတွင် မွေးကင်းစကလေး ငှားရမ်းပေးရခြင်း သည်လည်းတစ်ခု အပါအဝင် ဖြစ်သည်။

ရန်ကုန်မြို့လယ် ဆူးလေဘုရား အနီးနှင့် လူစည်ကားရာ နေရာများ၌ မွေးကင်းစနှင့် အရွယ်မရောက်သေးသည့် ကလေးငယ်များကို ပေါင်ပေါ်တင်သူကတင်၊ ချီပိုးသူချီပိုးဖြင့် သားသည်မိခင် သရုပ်ဖြင့် တောင်းရမ်းသူများကို မြင်ရလေ့ ရှိသည်။ ယင်းတို့ထဲတွင် အချို့သည် သားသမီးအရင်းများ ဖြစ်သော်လည်း အချို့မှာ ငှားရမ်းထားသည့် ကလေးငယ်များဖြင့် တောင်းရမ်းသူများ ဖြစ်သည်ဟု ကိုဇော်လေးက ဆိုသည်။

သားသည်မိခင် သရုပ်ဖြင့် တောင်းရမ်းမှု ပြုမည့်သူများသည် ကလေးငှားရမ်းသူများ ထံမှ ကလေးတစ်ဦးလျှင် တစ်ရက်တာအတွက် ငှားရမ်းခမှာ ကျပ် ၁၀၀၀ မှ ကျပ် ၁၅၀၀ ခန့်ပေး၍ ငှားရမ်း အသုံးပြုရလေ့ရှိပြီး အဆိုပါ ကလေးငယ်၏ တစ်နေ့တာ နို့ဘူးစရိတ်နှင့် အိပ်ဆေးဖိုးများကိုပါ ကလေးငှား၍ တောင်းရမ်းသူများက ကျခံရကြောင်း ရန်ကုန်မြို့တော်၏ ခေါင်းပေါင်းအချို့က ဆိုသည်။

ကလေးငှားရမ်း တောင်းစားသူများသည် ငှားရမ်းထားသည့် ကလေးငယ်များ အမြဲအိပ်နေစေရန် အိပ်ဆေးများကို ကြိတ်၍ နို့နှင့် ရောဖျော်ကာ တိုက်ထားလေ့ ရှိသည်ဟု ကလေး ငှားရမ်းသူ အချို့ထံမှ သိရသည်။
ရန်ကုန်မြို့တော် အပါအဝင် မြန်မာပြည်၏ မြို့တော်များတွင် အိပ်ဆေး တန်ခိုးဖြင့် အမြဲအိပ်စက် နေခဲ့ရသော ကလေးငယ်များက မည်မျှအထိ ရှိနေပြီနည်း။ အနာဂတ်၏ ပန်းလေးများ အမြဲအိပ်စက်နေကြပြီ။ မည်သူ လှုပ်နှိုးပေးမည်နည်း။

ကလေးငယ်များကို အိပ်ဆေး ကဲ့သို့သော ထိုင်းမှိုင်းစေသည့်ဆေး တိုက်ကျွေးသဖြင့် ကလေးသဘာဝအရ လှုပ်ရှားမှု မပြုတော့ဘဲ မှတ်ဉာဏ်ချို့တဲ့ခြင်း၊ စားချိန် မမှန်သည့်အတွက် အာဟာရချို့တဲ့ခြင်းတို့ ဖြစ်လာကြောင်း ဆရာဝန်တစ်ဦး က ရှင်းပြသည်။

“နောက်ဆုံး အရွယ်ရောက်လာတဲ့အခါ ကလေးရဲ့ ဦးနှောက်က ဒီလို ထိုင်းမှိုင်းတဲ့ အရသာမျိုးကို စွဲလမ်းနေရာက မူးယစ်ဆေးစွဲတဲ့အထိ ဖြစ်သွားနိုင်ပါတယ်” ဟု ကလေးငယ်များအား အိပ်ဆေးများ တိုက်ကျွေးခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ ပရဟိတ ဆေးခန်းတစ်ခုမှ ဒေါက်တာကျော်စွာဦးက အိပ်ဆေးတန်ခိုးဖြင့် အိပ်စက်နေရသည့် လူမမည် ကလေးများအရေး ထောက်ပြလာသည်။

အိပ်ဆေးဖြင့် အမြဲအိပ်စက်ခဲ့ရသော ကလေးငယ်များထဲတွင် မနုနုအေး တစ်ယောက် အပါအဝင်ဖြစ်ရာ နှစ်လသမီး အရွယ်ကပင် တောင်းစားသည့် ကလေးအဖြစ် ငှားရမ်းခံခဲ့ရသူ ဖြစ်သည်။

အများတကာ၏ ကရုဏာတရားကို ချူနိုင်ရေးက မလွယ်။ ၂၀၀၃ ခုနှစ် ဝန်းကျင်က ရန်ကုန်မြို့တော် တောင်းရမ်းသူ နယ်ပယ်တွင် အနာကြီးရောဂါသည် အတု၊ ယင်ကောင် တလောင်းလောင်းဖြင့် အနာများ ပေါက်ရောက်နေသည့် ဝေဒနာသည်အတု စသည့် အတုလုပ် တောင်းရမ်းသူများ ခေတ်စားခဲ့သည်။ ယင်းသို့ တောင်းရမ်းမှု အထောက်အကူပြု အတုကိစ္စရပ် များကိုလည်း ခေါင်းပေါင်းများက တာဝန်ယူ ပေးရပြန်သည်။

ပုံမှန်ထက် ကရုဏာကြေး ပိုမျှော်လင့် ကြသူများသည် ကမ္ဘာကျော် ငွေလှိုင်ကို ကျော်၍မရ။ ကမ္ဘာကျော် ငွေလှိုင်ကို ချဉ်းကပ်ကြရသည်။ အနာတု၊ ဖန်တီးမှု အတုလုပ်ရာတွင် ကမ္ဘာကျော် ငွေလှိုင်က နာမည်ကြီးသည်။

ကမ္ဘာကျော် ငွေလှိုင်သည် ထန်းလျက်ရည်၊ ပတ်တီးစသည့် အထောက်အကူပြု ပစ္စည်းများဖြင့် အနာကြီး ရောဂါသည်အတု၊ အနာတုများကို အခကြေးငွေယူ၍ ပြုလုပ်ပေးသည်ဟု ခေါင်းပေါင်း လုပ်ကိုင်ခဲ့ဖူးသူ ကိုဇော်လေးက ဆိုသည်။

အတုအယောင်များဖြင့် ကရုဏာကြေးကို ချူယူသောခေတ်က ကုန်ခဲ့ပြီ ဖြစ်သည်။ မနုနုအေးတို့ ခေတ်တွင်တော့ တောင်းရမ်းသည့်ပုံစံက ပြောင်းလဲလာသည်။ မနုနုအေး တစ်ယောက် မိုးလင်းသည်နှင့် ဈေးပေါသည့် အင်္ကျီအဟောင်း၊ အရောင်နွမ်း ထဘီလေးကို သပ်သပ်ရပ်ရပ်ဝတ်ကာ သနပ်ခါး အဖွေးသားဖြင့် လုပ်ငန်းခွင် ဝင်ရလေ့ရှိသည်။ မနုနုအေး၏ လုပ်ငန်းခွင် ဝင်ရောက်သည့် ပုံစံက လတ်တလောတွင် ခေတ်စားလာသည့် တောင်းရမ်းမှု နည်းသစ်ပင်။

ဘတ်စ်ကားလေးပေါ်တက်၊ စာရွက်လေးတွေ လိုက်ဝေရုံဖြင့် ငွေကြေး တစ်စုံတစ်ရာ အလွယ်တကူ ရနေသည့် ခေတ်အခါကြီးတွင် ယင်းလောကမှ ရုန်းထွက်လိုသူများ ရှိသလို ရုန်းထွက်ရန် မကြိုးစားတော့ဘဲ ရေစုန်မျှော လိုက်နေသူများလည်း တောင်းရမ်းသူ လောကတွင် ဒုနှင့်ဒေး။

သို့သော် အရလွယ် အစားချောင် ဘဝတွင် ရေစုန်မျှော၍ လမ်းဆုံးလျှောက်မည့် သူများထဲတွင် မနုနုအေးမပါ။ သူတကာပေးမှကမ်းမှ စားရ သောက်ရသည့် ဘဝအခြေအနေကို မနုနုအေး တစ်ယောက် စိတ်ကုန် စိတ်ပျက်စ ပြုနေသည်။
“သမီး ဒီဘဝကနေ တစ်နေ့တော့ ရုန်းထွက်မှာပါ။ ငယ်ငယ်ကတည်းက ကျင်လည်ခဲ့ပြီး ဒီခေါင်းပေါင်းတွေ လက်ထဲမှာပဲ အခြေအနေ အမျိုးမျိုး တောင်းရမ်းခဲ့ရတာပါ” ဟု မနုနုအေးက ဖွင့်ဟလာသည်။

ဆယ်ကျော်သက်အရွယ် အပျိုဖော်ဝင်စ မနုနုအေး တစ်ယောက် ဘဝရှေ့ရေးတွေးကာ ရတက်မအေး ဖြစ်လျက်ရှိသည်။ အိမ်ထောင်ရက်သားကျ၍ မိသားစု အသိုက်အမြုံတစ်ခုကို အခိုင်အမာ တည်ဆောက်လိုဟန် ရှိသည်။

“ဒီတိုင်းဆို အိမ်ထောင်ရက်သား ကျလည်း လင်ကောင်းသားကောင်း ရဖို့မလွယ်ဘူး။ ဖြစ်နိုင်ရင်တော့ စက်ချုပ်ချင်တယ်။ ကိုယ်က စာလည်း မတတ်တော့ တခြားအလုပ်က မလွယ်ဘူး။ ဒီအလုပ်ကြီးကို မလုပ်ချင်ပေမယ့်လည်း တခြားနည်းနဲ့ ငွေမရှာတတ်တော့ ဒီထဲပဲ လည်နေတာ” ဟု မနုနုအေးက ညည်းတွားလျက် ဆိုသည်။

ရန်ကုန်မြို့တော်ရှိ တောင်းရမ်းသူ တစ်ဦး၏ တစ်နေ့တာ ဝင်ငွေသည် ပျမ်းမျှ ကျပ် ၅၀၀၀ မှ ကျပ် ၇၀၀၀ ကြားတွင် ရှိသည်။ ဤသည်ကလည်း အလုပ်အကိုင် အခွင့်အလမ်း ရှားပါးနေသေးသည့် မြန်မာနိုင်ငံ၌ တောင်းရမ်း စားသောက်သူ ပို၍ များလာစေမည့် မက်လုံးတစ်ခု သဖွယ်။

ရန်ကုန်မြို့တော်၏ တောင်းရမ်း စားသောက်သူများတွင် အရွယ်မရောက်သေးသည့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများသာမက မသန်စွမ်းများလည်း ပါဝင်လျက် ရှိသည်။ အရွယ်စုံ ပုံသဏ္ဌာန်စုံဖြင့် တောင်းရမ်းနေကြသည်။ သမ္မာ အာဇီဝ ဘဝပေး အခြေအနေအရ လုပ်ကိုင်နေရသူများ ရှိသလို အစားချောင် အကျင့်ပျက်များလည်း ရောထွေးလျက် ရှိသည်။

“ကျွန်တော့်ဆိုင်ရှေ့မှာ ခြေတစ်ဖက် ပြတ်နေတဲ့ လူတစ်ယောက်တော့ နေ့တိုင်းလာထိုင်တယ်။ မနက်ဆို သူ့မိန်းမလို့ ထင်ရတဲ့တစ်ယောက် တက္ကစီနဲ့ လာပို့သွားတာဗျ။ တစ်နေကုန် ဒီနားမှာပဲ။ သူ့လွယ်အိတ်ထဲမှာ ထမင်းဘူးလည်း ပါတယ်။ ည ၇ နာရီလောက်ဆို သူ့မိန်းမက တက္ကစီနဲ့ပဲ လာပြန်ခေါ်တယ်။ ကျွန်တော်တို့တောင် တက္ကစီ နေ့တိုင်း မစီးနိုင်ဘူးဗျ” ဟု ရန်ကင်းမြို့နယ်မှ စားသောက်ဆိုင်ပိုင်ရှင် ကိုကျော်ကျော်ထွန်းက ဆိုသည်။

ယင်းသို့ ငွေရလမ်းသာ၍ အများအမြင် နိမ့်ကျသည်ဟု သတ်မှတ်ထားသော ဤ ဒွန်းစဏ္ဍား အလုပ်ကို ရွေးချယ် လျှောက်လှမ်းနေသူ များမှာလည်း ရန်ကုန်မြို့၏ လမ်းမများပေါ် ဟိုမှာသည်မှာ တွေ့နေရမြဲ။

လူစည်ကားရာ ရန်ကုန်မြို့လယ်တွင် တောင်းရမ်း စားသောက်သည့် အဘိုးအိုတစ်ဦး၏ သမီးဖြစ်သူသည် ရပ်ကွက်အတွင်း၌ ငွေတိုးချေးစား နိုင်သည်အထိ ချောင်လည်သူတစ်ဦး ဖြစ်နေသည်ကိုလည်း တွေ့ဖူးကြုံဖူးကြောင်း ထုတ်ဖော် ပြောလာသူက ရွှေပြည်သာမြို့နယ် ထန်းခြောက်ပင် ရပ်ကွက်တွင် နေထိုင်သူ ကိုအောင်လင်းစိုး ဖြစ်သည်။

ပုံသဏ္ဌာန်အမျိုးမျိုး ဇာတ်လမ်း ဇာတ်ကွက် အဖုံဖုံဖြင့် တောင်းရမ်းသူ လောကတွင် ကမ္ဘာလှည့် ခရီးသွားများကို ပစ်မှတ်ထား တောင်းရမ်းသူများလည်း ရှိလာသည်ဟု ရန်ကုန်မြို့တော်ရှိ ဧည့်လမ်းညွှန် အသိုင်းအဝိုင်းက ဆိုသည်။
“သူတို့က မရှိလို့တောင်းတာ ဆိုပေမယ့် တိုင်းပြည်ရဲ့ ပုံရိပ်ကို အများကြီး ထိခိုက်ပါတယ်။ နိုင်ငံခြားသား ဆိုတာက အမျိုးမျိုး ရှိပါတယ်။ တချို့ကလည်း သူတို့ကို သနားကြပြီး ကူညီလိုက်ကြတာ ရှိသလို တချို့ကလည်း စိတ်အနှောင့်အယှက် ဖြစ်ပြီး နင်တို့ တိုင်းပြည်က ဒီလိုပဲလားဆိုပြီး ပြောတဲ့သူတွေ ကြုံဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်လူမျိုးကို အထင်သေးသွားတာတော့ အမှန်ပဲ” ဟု ပြင်သစ် ဧည့်လမ်းညွှန် တစ်ဦးဖြစ်သူ မလတ်လတ်စိုးက ဖွင့်ဟသည်။

ဟာနေသော ဝမ်းကို ပွေ့ပိုက်ထား သူများအတွက် နိုင်ငံဂုဏ်သိက္ခာ ထိခိုက်နိုင်ခြေရှိ၊ မရှိ ဆိုသည့်အဆင့်ထိ တွေးတောနေချိန် မရှိသကဲ့သို့ တွေးတော ချိန်ဆနိုင်စွမ်းလည်း နည်းနေမည်မှာ အမှန်။ သမုဒ္ဒရာ ဝမ်းတစ်ထွာ အရေးသာ သူတို့အတွက် အဓိက။ လွမ်းရေးထက် ဝမ်းရေး ခက်သလို ဝမ်းရေးထက် အလိုလောဘ မပြည့်သည့်အရေးက သာ၍ ခက်သည်ဟု ဆိုရမည်။

တောင်းရမ်း စားသောက်သူများ လောကတွင် အမှန်တကယ် နေရေး၊ စား ရေး ဘဝရပ်တည်ရေး ခက်ခဲ၍ ယင်းဘဝတွင် ကျင်လည် စားသောက် နေရသူများရှိ သကဲ့သို့ အချို့သည်လည်း ငွေရပေါက် ရလမ်းလွယ်၍ အယောင်ဆောင် ဝင်ရောက် လုပ်ကိုင်နေသူများလည်း ရှိနေပြန်သည်။
အယောင်ဆောင် လှုပ်ရှားနေသူ များတွင် သာသနာ့ အရေခြုံ လုပ်စားနေသူ များကလည်း ရန်ကုန်မြို့တော် လမ်းကြို လမ်းကြားမကျန် ဘတ်စ်ကားပေါ်အဆုံး မြို့နယ်စုံ နေရာစုံ၌ ခပ်စိပ်စိပ် တွေ့လာရသည်က ရန်ကုန်မြို့၏ နိစ္စဓူဝ မြင်ကွင်းတစ်ခုနှယ်။

“ကော်ဖီဆိုင်ထဲမှာ သီလရှင်လေးနှစ်ပါး အလှူခံရင်းနဲ့ ရန်ဖြစ်ကြတာ တွေ့ဘူးတယ်။ နောက်ပိုင်း ငါ့ခွင်လာမလုနဲ့ ဒါနင့်ခွင် မဟုတ်ဘူး ဆိုပြီး အော်ဟစ်ပြော နေတော့မှ အတုတွေမှန်း ရိပ်မိတာ။ ဘာပဲပြောပြော ကိုယ်က ဗုဒ္ဓဘာသာဝင် ဆိုတော့ တခြားဘာသာဝင်တွေကို ရှက်မိတယ်။ မလုပ်သင့်ဘူးလို့ ထင်တယ်” ဟု သာသနာ့ အရေခြုံ တောင်းရမ်းသူများနှင့် ပတ်သက်ပြီး ကိုယ်တွေ့ကြုံခဲ့ရသူ ကိုမြတ်သူအောင်က အလိုမကျဟန် စွက်လျက်ဆိုသည်။

အစားချောင်၍၊ ဘဝအနေအခြေ မပေး၍ စသည့်မျိုးစုံသော ဖြောင့်ချက်ပေးနေသူ ဒွန်းစဏ္ဍားများကို နိုင်ငံ့ဂုဏ် သိက္ခာအရဟုဆိုကာ ရှင်းလင်းသည့် စီမံချက် များသည်လည်း မကြာခဏ ဆိုသလို ထွက်ပေါ်လာလေ့ရှိသည်။
သို့သော် အလုပ်တို့က မဖြစ်။

၂၀၁၀ ပြည့်နှစ် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း လက်ထက်တွင် ရန်ကုန်မြို့တော်ရှိ တောင်းရမ်းစားသောက်သူ ၇၀ ခန့်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လက်အောက်ရှိ ဌာနများ၌ အလုပ်ခန့်ထား ပေးသော်လည်း အများစုက မလုပ်လိုကြ။

အလုပ်မှထွက်၍ ပြန်လည် တောင်းစားမှုများ ရှိခဲ့သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ဦးစီးအရာရှိတစ်ဦးက အတည်ပြုသည်။ ရန်ကုန်မြို့တော် သန့်ရှင်းသာယာ လှပရေးနှင့် အဆင့်မြှင့်တင်ရေး ဦးစီးကော်မတီ၏ ထုတ်ပြန်ချက် တစ်ရပ်တွင် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်အတွင်းက တောင်းရမ်း စားသောက်သူ အယောက် ၃၀၀၀ ကျော်ကို ဖမ်းဆီး အရေးယူမှုများ ပြုခဲ့သည်ဟု ဖော်ပြထားသည်။

တောင်းရမ်းမှု ပပျောက်ရေး အစီအစဉ်အရ အဆိုပါ ဖမ်းမိသည့် တောင်းရမ်းသူများကို အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးလျက် ရှိသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာနတွင် အလုပ် လုပ်လိုပါကလည်း နေစရာပေးကာ အလုပ် လုပ်ကိုင်ခွင့်ပြုလျက် ရှိသည်ဟု အဆိုပါ ကော်မတီ၏ ထုတ်ပြန်ချက်များအရ သိရသည်။ သို့တိုင်အောင် တောင်းရမ်းသူက လျော့မသွား။
အဘယ့်ကြောင့်နည်း။

ရန်ကုန်မြို့တော် တစ်ခွင်တွင် တောင်းရမ်း စားသောက်သူများ သာမက ကျူးကျော် ဖျက်သိမ်းမှုကြောင့် အိမ်ရာမဲ့များကလည်း တစတစ တိုးပွားလာနေသည်။ နေရာမဲ့၊ အလုပ်အကိုင်မဲ့ မိသားစု ဘဝအခြေအနေ မဲ့ရာကတစ်ဆင့် တောင်းရမ်းစားသောက်သူများ ပို၍ များလာခြင်း ဖြစ်သည်ဟု ဗိုလ်ချုပ်ဈေးအနီးတွင် ကလေးငယ် တစ်ဦးနှင့်အတူ တောင်းရမ်း စားသောက်နေသူ မဘီဘီက ဆိုသည်။ ဘ၀ အခြေအနေမပေး၍ တောင်းရမ်းသူဘဈ ရောက်နေသည့်တိုင် ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရသည့်ဘဝက မလွတ် ကြသေးချေ။

ရန်ကုန်မြို့တော်ရှိ တောင်းရမ်းသူ အများစုမှာ အရွယ်မရောက်သေးသည့် ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ ဖြစ်လျက်ရှိသည်။ အဆိုပါ တောင်းရမ်းသူများအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်နေသူများက အခြားတော့မဟုတ် အခြေအနေမဲ့ လူမိုက်ဆန်ဆန် ယောက်ျားရင့်မာကြီးများက အုပ်စုဖွဲ့ မိုက်ကြေးခွဲနေသည့် ခေါင်းပေါင်း ဆိုသူများ ဖြစ်သည်။

“တောင်းရမ်းသူ အချင်းချင်း ဂိုဏ်းဖွဲ့ပြီး အမြတ်ထုတ်တဲ့ကိစ္စ အတွက်တော့ အာဏာရှိတဲ့သူက အာဏာမရှိတဲ့ သူကို အမြတ်ထုတ်၊ ငွေကြေးရှိသူက မရှိသူကို အမြတ်ထုတ်ရာကနေ နောက် ဆုံးတော့ မရှိတဲ့သူက မရှိတဲ့သူ အချင်းချင်း ရသလောက် ပြန်အမြတ်ထုတ်တဲ့ စနစ်ကြီး ထွန်းကားလာတာ။ ကြားထဲက အမျိုးသမီးနဲ့ ကလေးတွေအများစု ပါဝင်တဲ့ ပြည်သူလူထုကို ဓားစာခံတွေအဖြစ်၊ သားကောင်တွေအဖြစ် တွန်းပို့ပေးထားပါတယ်” ဟု ချင်းမိုင်အခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ အကြံပေး အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဆရာမ မိဆူးပွင့်က တောင်းရမ်းသူများအကြား လုပ်အားခေါင်းပုံဖြတ်နေမှုကို ထောက်ပြ ဝေဖန်လာသည်။

မည်သို့ပင်ဆိုစေ အရောင်စုံ တောင်းရမ်းစားသူများအကြား ရန်ကုန် မြို့တော်ကြီးက ခေါင်းငုံ့ မျက်နှာငယ် နေရရှာသည်။ တစ်ဖက်တွင်လည်း အိမ်ရာမဲ့ ကျူးကျော် ပြဿနာနှင့် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှု ပြဿနာများ အရေးက ပြေငြိမ်းသွားခြင်း မရှိ။ အလုပ်လက်မဲ့ အိမ်ခြေမဲ့များက ဒီရေအလား တိုးလာနေချေပြီ။ ဆင်းရဲမွဲတေမှု လျှော့ချရေး ခေါင်းစဉ်အောက်တွင် ပြည်သူတစ်ဦးချင်းစီ၏ ဝင်ငွေက ပြားပြားဝပ်လျက်။

ဤသို့ဆိုလျှင် မနုနုအေး တစ်ယောက် စာရွက်လေးတွေ လိုက်၍ ဝေနေရပါဦးမည်။

ဘတ်စ်ကားပေါ် ၌ ဝေငှလိုက်သော စာရွက်လေးများကို ပြန်လိုက် သိမ်းချိန်မှာတော့ စာရွက်လေးများနှင့်အတူ ငွေအကြွေ တစ်ရာတန်နှင့် နှစ်ရာတန်အချို့ ပါလာတတ်မြဲ။ စာရွက်လေးများနှင့် ညှပ်၍ ပါလာသော ငွေအကြွေအချို့ကို လွယ်အိတ်ထဲ လုံးထည့်လိုက်ပြီး မှတ်တိုင်သို့ ထိုးဆိုက်လိုက်သော ဘတ်စ်ကားပေါ်မှ ဆင်းလိုက်သည်။
ညနေစောင်းလျှင် ခေါင်းပေါင်းကို နှစ်ထောင်ကျပ် ပေးပြီးပါက မနုနုအေး၏ အိမ်အပြန်တွင် ငွေသုံးထောင်ခန့် ကျန်မည် ဖြစ်သည်။ ဤသို့ဖြင့် လုံးခြာလိုက်နေသော တောင်းရမ်းမှု သံသရာထဲမှ မနုနုအေးတစ်ယောက် ရုန်းမထွက်နိုင်သေး။ နစ်မြဲနစ်လျက်။

“တစ်နေ့ကို ငါးရာတော့ စုမဲထည့်တယ်။ စုမဲထုတ်ပြီးရင်တော့ EVD ဆိုတဲ့ တီဗီသေးသေးလေး တစ်လုံးဝယ်မယ်လို့ စိတ်ကူးထားတယ်။ ခွေလည်း ထိုးကြည့်လို့ ရတယ်လေ” ဟု ရန်ကုန်မြို့တော်ကြီးရှိ ဒွန်းစဏ္ဍားလုပ်ငန်း၏ ယူနစ်တစ်ခုဖြစ်သော မနုနုအေး တစ်ယောက် သူ၏ အနာဂတ် ရည်မှန်းချက်ကို ပြောပြနေသည်။

ကားပေါ်မှ ပြန်သိမ်းလာသော စာရွက်အပိုင်းလေးများကို သပ်သပ်ရပ်ရပ်စီကာ ကားမှတ်တိုင်သို့ နောက်ထပ် ထိုးဆိုက်လာမည့် ဘတ်စ်ကားတစ်စင်းကို မနုနုအေး ဆက်မျှော်ငေးနေလျက်။

ခက်ဇော်

The Voice

No comments:

Post a Comment